အပိုင်း၆၇
Viewers 14k

Chapter 67

Chapter 67


ကျင်းစစ်သည် ဘယ်တုန်းကမှ ယင်းကျောင်းနှင့် မအိပ်ခဲ့ဖူးချေ။


နောက်ဆုံးတစ်ခေါက် ယင်းကျောင်း၏ အိမ်တွင် သူတို့နှစ်ယောက်သည် တူညီသော ခြုံစေင်တစ်ခုတည်းကို မျှဝေခဲ့ကြခြင်းသာဖြစ်၏။


သို့သော် ဤတစ်ကြိမ်တွင်မူ ကွဲပြားလေသည်။ ယင်းကျောင်းက သူ့ကို သဘောကျတယ်လို့ ပြောပြီးတဲ့နောက် ယခုအခါ အတူအိပ်ချင်နေသည်။ ကျင်းစစ်မှာ မရှင်းပြနိုင်လောက်အောင် ရှက်ရွံ့နေမိသည်။ 


ပါးပြင်များပူလောင်နေပြီး မျက်လုံးများ အောက်ငုံ့ထားလျက် စိတ်ငြိမ်သွားစေရန် သူကိုယ်သူ တွန်းအားပေးနေရသည်။


 “ကျောင်းစည်းကမ်းတွေကို လိုက်နာရမယ်... မင်းအတူအိပ်လို့မရဘူး...”


“ဘာလို့ဒီလောက်ခက်ခဲနေတာလဲ...”


ယင်းကျောင်းက တခစ်ခစ်ရယ်လိုက်ပြီး ကျင်းစစ်၏ လက်ချောင်းများကိုကိုင်ထားကာ ဂရုတစိုက် ဆော့ကစားနေသည်။


“လူအိုကြီးလျိုကို ပြောပြီး မင်းကို ကိုယ့်အခန်းထဲပြောင်းခိုင်းလိုက်ရုံပဲလေ....”


သူ့နှလုံးသားထဲမှ အချစ်များမှာ လျှံကျလုနီးပါးဖြစ်နေသည်။ ကျင်းစစ်ကိုကြည့်လိုက်ရုံဖြင့် ကောင်းကင်ကြီးက ကြည်လင်သွားပြီး စိတ်ညစ်စရာများအားလုံး လွင့်ပြယ်သွားသလို ခံစားရလေ၏။


“ကိုယ့်ရဲ့ချိုမြိန်တဲ့ချစ်ဇနီးလေးနဲ့ အတူတူအိပ်စက်နိုင်ဖို့ကို မပြောနဲ့ဦး... ဒါကအရေးကြီးတဲ့ကိစ္စပဲမလား...”


“မရဘူး...”


ကျင်းစစ်က သူ့လက်ကို ဆွဲထုတ်လိုက်သော်လည်း အဝေးကြီးသို့ ဆွဲထုတ်မသွားဘဲ ဘေးနားသို့ ကပ်ရွှေ့လိုက်သည်။ သူ့စိတ်တစ်ခုလုံးထွေပြားနေပြီး  ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလာသည်။


“အိပ်...အိပ်ရာက အရမ်းသေးလွန်းတယ်...”


ယင်းကျောင်းမှာ မထိန်းနိုင်တော့ဘဲ ရယ်လိုက်တော့သည်။


ကျင်းစစ်မှာ သူပြောလိုက်သည့်စကားကို သတိထားမိသွားကာ ခဏတာ ငြိမ်သက်သွားမိသည်။ ထို့နောက် တွင်းတစ်တွင်းထဲသို့ ဝင်ပုန်းရန် မစောင့်နိုင်တော့ပေ။


“ဆိုတော့ မင်းက ကြီးမားတဲ့အိပ်ရာတွေကို ကြိုက်တာပေါ့....”


ယင်းကျောင်းက တည်ကြည်စွာခေါင်းညိတ်လိုက်ပြီး ခန့်ညားစွာပြောလာသည်။


“ဒါပေမယ့် ကိုယ်က အိပ်ရာသေးသေးလေးတွေကို ကြိုက်တယ်ဆိုရင်ရော... မင်းရွှေ့စရာနေရာမရှိတော့ ကိုယ့်ကိုပဲ တစ်ညလုံး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြီး အိပ်နိုင်တယ်လေ...”


သူက ကျင်းစစ်ရဲ့ဘေးကို ကိုင်းညွတ်လိုက်ပြီး ခပ်တိုးတိုးပြောလာသည်။


“ဒါမှမဟုတ် မင်းဆန္ဒရှိမယ်ဆိုရင် ကိုယ့်အပေါ်မှာ အိပ်လို့ရတယ်နော်... ဒါမှ...”


ကျင်းစစ်မှာ တကယ်ကို ဆက်ပြီးနားမထောင်နိုင်တော့သဖြင့် လက်လှမ်းလိုက်ကာ သူ့နှုတ်ခမ်းတွေကို လှမ်းအုပ်လိုက်ရတော့သည်။


“တော်ပြီ... အဲဒီလိုမပြောနဲ့...”


ယင်းကျောင်းက မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူ့ကို ကြည့်နေသည်။ ချထားသောလက်ကို ဆွဲယူလိုက်ပြီး လက်ဖမိုးလေးကို နမ်းလိုက်သည်။


“ကိုယ်အခုလေးတင်ပဲ အမှားလုပ်မိသွားတယ်...”


ကျင်းစစ်က သူ့ကိုမော့ကြည့်သည်။


ယင်းကျောင်းက ပြုံးပြီး“ညီအစ်ကို,စစ် မှာ OCDရှိနေတာကို မေ့သွားတယ်... ကိုယ်မင်းရဲ့ဘယ်လက်ကလေးကိုပဲ နမ်းလိုက်နိုင်တယ်”


သူက ခေါင်းကိုနှိမ့်ချလာပြီး ကျင်းစစ်၏ လက်ဖမိုးလေးကို ထပ်နမ်းပြန်သည်။


“အခု ကိုယ်လုပ်လိုက်ပြီ...”


သူ့ရဲ့လက်ဖမိုးတွင် နူးညံ့သော ထိတွေ့မှုတစ်ခုဖြစ်သွားပြီး ထုံကျင်နေသောခံစားချက်မှာ သူ့လက်မောင်းများမှ တစ်ဆင့် တစ်ကိုယ်လုံးသို့ စီးဆင်းသွားတော့၏။


ကျင်းစစ်၏နှလုံးသားမှာ ခုန်ပေါက်နေပြီး အသက်ရှူနှုန်းကအနည်းငယ်တိုတောင်းနေသည်။ သူက ယင်းကျောင်းကို တွန်းလွှတ်လိုက်ပြီး ဖြတ်ခနဲမတ်တတ်ရပ်လိုက်သည်။


“ကောင်းပါပြီ... ကိုယ်မင်းကို မစတာ့ပါဘူး....”


ကျင်းစစ်ရှက်ရွံ့နေတာကိုမြင်ပြီး အဝေးထွက်ပြေးချင်နေတာကို မြင်တော့ ယင်းကျောင်းက လည်ချောင်းရှင်းလိုက်ကာ သူ့ကို အိပ်ရာပေါ်သို့ ပြန်ဖိချလိုက်သည်။


“ ကိုယ်တို့အကြောင်းပြောရအောင်..”


ကျင်းစစ်က အသက်ရှူနှုန်းကို ထိန်းညှိလိုက်ပြီး စိတ်ငြိမ်စေရန်ကြိုးစားကာ မျက်လုံများမှေးကျဥ်းလိုက်သည်။


“ဘာကိစ္စလဲ...” 


ယင်းကျောင်းက မေးစေ့ကိုမသိမသာဆန့်ထုတ်လိုက်ပြီး သူ့မျက်လုံးများထဲသို့ကြည့်ကာ လေးနက်စွာပြောသည်။


“ဒီတော့ မင်း ကိုယ့်ရဲ့ကောင်လေး ဖြစ်ချင်လားဆိုတာကို ဆုံးဖြတ်ပြီးပြီလား...”


ကျင်းစစ်၏မျက်နှာပေါ်မှ ကျဆင်းသွားသော အပူချိန်မှာ ချက်ခြင်းပြန်တက်လာပြီး လက်သီးများကို တင်းတင်းဆုပ်ကာ နောက်ဆုံးတွင် ကြည်လင်ပြတ်သားသည့် အရိပ်အယောင်ကို တွေ့လိုက်ရသည်။


“ငါ...”


သူ့နှုတ်ခမ်းများ လှုပ်သွားသော်လည်း ဘာမှမပြောလိုက်ပေ။


ကျင်းစစ်သည် စစ်ဆေးမှုတိုင်းတွင် အမှတ်ပြည့် ရရန် စွမ်းဆောင်နိုင်ပေမယ့် ယခု အခိုက်အတန့်တွင်တော့ ပထမဆုံးအကြိမ် ပြောစရာစကားပျောက်ဆုံးသွားရ၏။


သူသည် ယင်းကျောင်းအား ကြိုးရှည်ရှည်နှင့် လှန်ထားရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ သူက... ဘာလုပ်လို့လုပ်ရမှန်း မသိရုံပင်။


တစ်ဖက်တွင်လည်း ဆယ်နှစ်ကျော်ကြာအောင် ဇွဲမလျှော့တမ်း ထိန်းသိမ်းထားသည့် ယုံကြည်မှုရှိနေပြီး တစ်ဖက်တွင်လည်း သူ (ယင်းကျောင်း)သည် သူ့ဘဝတွင် အဆုံးရှုံမခံချင်ဆုံးသော သူဖြစ်လေသည်။ အချိန်တစ်ခုအထိ မျှချေကို ရှာမတွေ့နိုင်ချေ။


ယင်းကျောင်းက သူ့ကို မလောဘဲ တိတ်ဆိတ်စွာဖြင့် ကြည့်ရုံသာကြည့်နေခဲ့သည်။


“ငါ...”


ကျင်းစစ်၏မျက်တောင်များမှာ တုန်ရီနေပြီး အကြည့်လွှဲချင်စိတ်အား တင်းခံကာ ညင်သာစွာပြောလိုက်သည်။


“ငါစိတ်မကောင်းပါဘူး... မင်းငါ့ကို စောင့်ပေးနိုင်မလား....”


အရာအားလုံးကို ရှင်းရှင်းလင်းလင်းပြောပြနိုင်ဖို့ သူတို့နှစ်ယောက်စလုံးရဲ့ အနာဂတ်အတွက် ရင်ဆိုင်နိုင်ဖို့ ယုံကြည်ချက်ရှိတဲ့အထိ စောင့်ပေးရမည်။


သူ့ရဲ့ အလေးအနက်ဖြစ်နေသော မျက်လုံးများနှင့် ဆုံလိုက်ပြီး ယင်းကျောင်းမှာ ရုတ်တရတ် နားလည်သွားခဲ့သည်။


ယင်းကျောင်းမှာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကို နမ်းလိုက်ချင်စိတ်အား  အောင့်အီးထားရန် အကောင်းဆုံးကြိုးစားလိုက်ရသည်။ 


ကျင်းစစ်က တကယ်ကို ကောင်းသည်။ သူ့ရဲ့ မင်သေသေမျက်နှာဖုံးကို ခွာချလိုက်ပြီး သူနှင့်သိခွင့်လိုက်ရသည့်နောက် သူ့ကို မကြိုက်တဲ့သူမရှိနိုင်ပေ။


“မင်းစိတ်မကောင်းဖြစ်ဖို့ မလိုပါဘူး...”


သူက ကျင်းစစ်အား သူ့ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်ပြီး သူ့ရဲ့ဆံပင်လေးများကို မထိန်းနိုင်ဘဲ ထိလိုက်ကာ လည်တိုင်လေးနောက်ကို ထပ်ကာထပ်ကာ ပွတ်ပေးနေပြီး အသားအရေ၏ အပူချိန်ကို ခံစားမိနေ၏။


“ကိုယ်သဘောကျရတဲ့ ပုဂ္ဂိုလ်လေးက အရမ်းကို ကောင်းတာပဲကွာ... ကိုယ်အရမ်းပျော်တာပဲ...”


အိပ်ချိန်ခေါင်းလောင်းက ရုတ်တရတ်မြည်လာပြီး လင်းနေသောအခန်းမှာ အမှောင်ထုထဲသို့ ရုတ်တရတ် ကျရောက်သွားတော့သည်။


ကျောင်းသားများ၏ အလျင်လိုနေသော ခြေသံများကို ကော်ရစ်ဒါတစ်လျှောက် ကြားနေရပြီး တစ်ခါတစ်လေ စိတ်ပျက်လက်ပျက်ငြီးတွားသံများပါ ရောပါနေသည်။


ယင်းကျောင်းသည် ကျင်းစစ်၏အိပ်ချိန်ကိုသိ၍ သူက ဘာမှထပ်မပြောတော့ဘဲ ခေါင်းငုံ့ကာ သူ့ရဲ့စိုနေဆဲဆံပင်များကို နမ်းလိုက်ပြီးနောက် သူ့ကိုလွှတ်ပေးလိုက်သည်။


“သွားရအောင်... ကိုယ်မင်းကို အခန်းထဲပြန်ပို့ပေးမယ်...”


ကျင်းစစ်က ရုတ်တရတ်လန့်ဖြတ်သွားသည်။


“ပို့ပေးမှာ...”


အိပ်ဆောင်နှစ်ခုမှာ တစ်ခုနှင့်တစ်ခုကပ်နေပြီး လိုက်ပို့ပေးရန်မလိုအပ်ချေ။


“ကိုယ်မင်းနဲ့ နည်းနည်းဖြစ်ဖြစ်ပိုရှိချင်တယ်...”


ယင်းကျောင်းက မတ်တပ်ထရပ်ပြီး ကျင်းစစ်ရဲ့လက်ကောက်ဝတ်ကို တစ်ဖက်နဲ့ကိုင်ရင်း အိပ်ဆောင်အခန်းတံခါးကို နောက်တစ်ဖက်ဖြင့် ဖွင့်လိုက်သည်။


ကျင်းစစ်၏နှလုံးသားမှာ အနည်းငယ်ချိုမြိန်သွားပြီး အခန်း၀တံခါးအထိ ဆွဲခေါ်ခွင့်ပြုလိုက်သည်။


“ဝင်တော့...”


ယင်းကျောင်းက အခန်းတံခါးကို ညင်သာစွာတွန်းဖွင့်လိုက်ပြီး ကျင်းစစ်အား ပြောသည်။


ကျင်းစစ်က အောက်နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်လိုက်၏။


“ခဏ...”


သူလှည့်လိုက်ရုံမျှရှိသေး ယင်းကျောင်းက ရုတ်တရတ်ခေါ်လာသည်။


“တစ်ခုခုရှိသေးလို့လား...”


ကော်ရစ်ဒါတွင် ရေဇလုံများကိုကိုင်ထားရင်း အိပ်ခန်းဆီသို့ ပြေးလွှားနေသော လူများကို မြင်နိုင်ပေသည်။ ယင်းကျောင်းက ကျင်းစစ်အနားသို့ တိုးကပ်သွားကာ နားထဲသို့ တီးတိုးပြောလိုက်သည်။


“လီကျိုးရှေ့မှာ အဝတ်မလဲနဲ့... ပြီးတော့ သူနဲ့ရေအတူချိုးဖို့ တိတ်တိတ်ကလေးလိုက်မသွားရဘူးနော်...”


ယင်းကျောင်းက ကျင်းစစ်ကိုပြုံးပြပြီး သူ့ရဲ့နားရွက်ဖျားလေးကို ဆွဲဖိလိုက်သည်။


“မဟုတ်ရင်... ကိုယ်မင်းကို အပြစ်ပေးမယ်...”


သူက “အပြစ်ပေးမယ်” ဆိုတဲ့နေရာကို သေချာဖိပြောလိုက်သည်။


ယင်းကျောင်းရဲ့  စကားလုံးများဖြင့်စနောက်ခြင်းကို ခံရပြီး ကျင်းစစ်မှာ ခဏတာ ကြက်သေသေသွားပြီးနောက် ရုတ်တရတ် သူ့ရဲ့ နက်ရှိုင်းတဲ့အဓိပ္ပာယ်ကိုနားလည်သွားတော့သည်။


ကျင်းစစ်မှာ ရှက်စိတ်ကြောင့်မျက်နှာနီမြန်းသွားပြီး ဆက်ခနဲ ခေါင်းညိတ်မိသွားသည်။ ပြီးနောက်အိပ်ဆောင်ထဲသို့ လျင်မြန်စွာ ဝင်ပြေးသွားတော့၏။


ယင်းကျောင်းသည် အပြင်ဘက်တွင် နံရံကို မှီရပ်ထားပြီး အကြောင်းတစ်ချို့ကြောင့် ရယ်ချင်နေသည်။ သူက နှုတ်ခမ်းများမြင့်တက်သွားပြီး လေချွန်လျက် ကျင်းစစ်၏ အိပ်ခန်းကို စူးစိုက်ကြည့်နေသည်။ ထို့နောက်တွင်တော့ ထရပ်ကာ ပြန်လျှောက်သွားတော့သည်။


လမ်းတစ်ဝက်အရောက်တွင် သူ့ရင်ထဲက ပျော်ရွှင်မှုများမှာ လုံးဝကို လျှံကျလာကာ ရုတ်တရတ် ကော်ရစ်ဒါရှိ မျက်နှာကျက်ပေါ်မှ မီးသီးအထိရောက်အောင် ခုန်ပေါက်လိုက်တော့သည်။ 


အနောက်ဘက်ကနေ အဆောင်မှူးဆရာမ၏ အော်ဟောက်သံထွက်လာတော့သည်။


“ဟိုကျောင်းသား မင်းဘာလုပ်နေတာလဲ... ခေါင်းလောင်းတီးပြီးသွားတာတောင် အခုထိ အခန်းထဲမပြန်သေးဘူးလား... ”


ယင်းကျောင်းက လှည့်ကြည့်ပြီး သူမကို ပြုံးပြလိုက်သည်။


“အချိန်ရှိပါသေးတယ် ...”


အိပ်ခန်းထဲတွင် ကျင်းစစ်သည် ကုတင်ပေါ်တွင် လှဲနေပြီး အပြင်ဘက်မှ ယင်းကျောင်း၏ အသံကို နားထောင်မိတော့ မနေနိုင်ဘဲ နှုတ်ခမ်းထောင့်များ ကော့တက်မိသွားတော့သည်။


နောက်တစ်နေ့တွင် ကျင်းစစ်သည် ထုံးစံအတိုင်း ကိုယ့်ဘာသာစာလုပ်ရန် အတန်းကိုသွား၏။


ဘာတွေဖြစ်နေလဲဆိုတာကို သူမသိပေ။ လူတွေက သူ့ကို အအေးမိနေတာလားဆိုပြီး မေးဖို့ရောက်ရောက်လာကြသည်။


ယင်းကျောင်းက ယင်းကို အမှန်လို့ထင်နေပြီး ဆေးရုံသွားပြဖို့ ခွင့်ယူရန်ပြောနေသည်။


ကျင်းစစ်မှာ ဒုက္ခရောက်နေတော့သည်။ နောက်ဆုံး ဟယ့်ကျိုးက မေးဖို့ရောက်လာတဲ့အချိန်မှာတော့ သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး သူ့အမေးကို ပြန်ပြောလိုက်သည်။


“ငါ့မှာ အဖျားမရှိပါဘူး... မင်းဘာလို့ဒီလိုထင်တာလဲ...”


“အာ...”


ဟယ့်ကျိုးသည်လည်း အံ့ဩသွားသည်။


 “ဖိုရမ်ပေါ်မှာ ပြောနေကြလို့လေ...”


သူ့ဖုန်းကိုထုတ်ပြီး ကျင်းစစ်ကို ပြလိုက်သည်။


“ကြည့်လေ ဒီမနက်တင်ထားတဲ့ ပို့စ်က homepage မှာ ပေါ်နေတယ်... ငါက တကယ်ထင်နေတာကို...  ဘယ်သူက အဲဒါကို ကောလာဟာလလို့ သိမှာလဲ...”


ကျောက်ဖုန်သည် ကျင်းစစ်၏ နီရဲနေသောမျက်နှာနှင့် မနေ့ညက အတန်းပြီးရန် အပြင်းအထန်တောင်းဆိုမှုကို တွဲကြည့်လိုက်ပြီးနောက် ကျောက်ဖုန်မှာ ခံစားသွားရတော့သည်။


နောက်တစ်နေ့တွင် သူက ဆရာများရုံးခန်းထဲတွင် သူ့ကို ချီးကျူးခဲ့ပြီး တခြားဆရာ ဆရာမများက ကျင်းစစ်အား ဇွဲလုံ့လကြီးသူတို့၏ စံနမူနာအဖြစ် သူတို့အတန်းထဲက ကျောင်းသားမျာကို ပြောပြခဲ့ကြ၏။


မကြာသေးမီက ကျင်းစစ်သည် ကျောင်းတွင် ကြီးမားသောရိုက်ခတ်မှု တစ်ခုဖြစ်လာပြီး လူတိုင်းက ဖိုရမ်ပေါ်တွင် သူ့နှင့်ပတ်သတ်သမျှ အတင်းအဖျင်းမျာကို တင်ရန်ဆန္ဒပြင်းပြနေခဲ့ကြသည်။ ထို့ကြောင့်ပင် တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ အယောက်တစ်ရာ ပျံ့နှံ့သွားတော့သည်။


တစ်နေ့မကုန်ခင်မှာပဲ စီရင်စုကျောင်းက လူအများစုမှာ ထိုအကြောင်းကို သိသွားကြတော့သည်——


အထက်တန်းဒုတိယနှစ်အထွေထွေစာမေးပွဲမှာ ပထမရထားတဲ့ကျင်းစစ်က အဖျားကြီးနေတာတောင် အတော်လေးစိတ်အားထက်သန်နေပြီး အထူးသဖြင့် ကြက်စွပ်ပြုတ်သောက်ပြီး အတန်းကိုဆက်သွားနေသေးတယ်... 


(Eng T/n : အဲမှာဘာလို့ ကြက်သားစွပ်ပြုတ်ကို ထည့်ပြောထားလဲမသိဘူး... slang တစ်ခုခုလို့ထင်တာပဲ... မသိတော့ဘူး...)


[ဝူး ဝူး ဝူး ငါ့ရဲ့ နတ်ဘုရားနဲ့ ယှဥ်လိုက်ရင် ငါက တကယ်ကို ဆန်ကုန်မြေလေးပဲ... ငါမျက်ရည်တွေနဲ့ လေ့ကျင့်ခန်းစာအုပ်ကို ကောက်ကိုင်လိုက်ပြီ...]


[မင်းအဆင့်တွေကောင်းဖို့အတွက် ကြိုးကြိုးစားစားလုပ်ရမှာ သဘာဝကျပါတယ်လေ...]


[ငါတော့ ညီအစ်ကိုကျင်းရဲ့ ကိုယ့်ကိုယ်ကို ထိန်ချုပ်နိုင်စွမ်းကိုတော့ လေးစားတယ်... ရုတ်တရတ်ကြီး ငါက ခွင့်တိုင်ဖို့တောင် အရည်အချင်းမရှိတော့သလိုဘဲ... ]


[မင်းထက် ပိုထက်မြက်တဲ့သူတွေ မင်းထက်အဆင့်ပိုကောင်းတဲ့သူတွေက အအေးမိနေတာတောင် စာလုပ်နေတုန်းပဲ... မင်းက စာမကြိုးစားဖို့ ဘယ်လိုဆင်ခြေတွေနဲ့ပြည့်နေတာလဲ... ဖိုရမ်ကြည့်နေတာရပ်လိုက်တော့ ငါမင်းအတွက် နောက်ထပ်စာရွက်တစ်ထပ် လုပ်ပေးမယ်...]


___


Translated By IQ-Team.