အပိုင်း၆၉
Viewers 14k

Chapter 69

Chapter 69


-----------------------


တတိယထပ်ရှိ ရေချိုးခန်းငယ်လေးထဲတွင် ယင်းကျောင်းသည် လက်ဆေးဆပ်ပြာကို သူ့လက်ထဲသို့ အနည်းငယ်ညှစ်ချလိုက်၍ အကြိမ်အနည်းငယ်ခန့် ပွတ်လိုက်ကာ ရေခလုတ်ဖွင့်ပြီး ဆေးချနေသည်။


ဤနေရာက ဆရာသီးသန့် သန့်စင်ခန်းဖြစ်ပြီး ပုံမှန်အားဖြင့် ကျောင်းသားများကို အသုံးပြုခွင့်မပြုပေ။ သို့သော်လည်း တစ်ခါတစ်လေ တစ်ခုခု ဒါမှမဟုတ် ခြေလက်ဆေးကြောဖို့တော့ အဆင့်ပြေ၏။


ဟယ့်ကျိုးနှင့် လူအနည်းငယ်သည်လည်း အတူလျှောက်လာကြသည်။ သူတို့က အခုလေးတင် အခန်းထဲမှာ ကိတ်ခွဲရန်ကူပေးခဲ့ကြသည်။ ဆိုင်ကပေးလိုက်တဲ့ကိတ်လှီးဓားက အရမ်းကို ပျော့နေပြီး ခရင်တော်တော်များများ လက်မှာပေကုန်၍ စေးကပ်ပေရေနေတော့သည်။


ကျန့်ချွယ်က လက်ပေါ်သို့ ရေများလောင်းချလိုက်ပြီး တံခါးအပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ချိန်တွင် ကော်ရစ်ဒါမှာ ဘယ်သူမှမရှိတာကို တွေ့လိုက်ရသည်။ အိတ်ကပ်ထဲကနေ ဆေးလိပ်ဘူးကို ခိုးကြောင်ခိုးဝှက်ထုတ်၍ တစ်လိပ်ကို ပါးစပ်မှာကိုက်ထားပြီး ဘူးကို ယင်းကျောင်းဆီသို့ ကမ်းပေးလိုက်သည်။


“တစ်လိပ်လောက်လိုချင်လား...”


ယင်းကျောင်းက ခေါင်းခါသည်။


“ဟင့်အင်း...”


သူက လှည့်ထွက်၍ စက္ကူပုံးထဲက တစ်ရှူးနှစ်ရွက်လောက်ကို ယူပြီး လက်သုတ်လိုက်သည်။


ကျန့်ချွယ်က ဟယ့်ကျိုးနှင့် ဖန်ချန်းချန်းတို့ကို ဆေးလိပ်မျှရင်း သက်ပြင်းချမိသည်။


“ငါ့ရဲ့အစ်ကိုကြီးကျောင်းက အခုဆိုကျောင်းသားကောင်းတစ်ယောက်နဲ့ တူသထက်တူလာပြီ...”


ယင်းကျောင်းက နှာရှုပ်လိုက်ပြီး ဘာမှမပြောပေ။


သူက သုံးပြီးသားတစ်ရှူးတွေကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ပြီး နေ့လည်ဘက်တုန်းက ကစားကွင်းမှာ ထိုင်နေတဲ့အချိန် အလံတိုင်နားရှိ ကျင်းစစ်ကို ကြည့်နေသည့်အချိန်ကို ပြန်တွေးကြည့်ရင်း ရင်တွေတဆတ်ဆတ်တုန်နေသလို ခံစားနေရဆဲဖြစ်သည်။


တစ်ကျောင်းလုံးက ကျောင်းသားများနှင့် ဆရာများ၏ သဘောကျနှစ်သက်ခြင်းခံရပြီး လင်းလက်တောက်ပနေသော ထိုသူသည် သူသဘောကျရသော လူသားလေးဖြစ်၏။


ယင်းကျောင်း၏နှလုံးသားမှာ ဂုဏ်ယူခြင်းများဖြင့် ပြည့်နေပြီး လောနေမှုယောင်ယောင်လေးလည်းပါနေသည်။


အံ့ဖွ,ယ်သရဲကျင်းစစ်သည် ကုန်ပစ္စည်းတစ်ခုကစလို့ ချစ်သူရည်းစားအပါအဝင် ကမ္ဘာပေါ်ရှိအကောင်းဆုံးအရာများနှင့် ထိုက်တန်ပေသည်။


သူက ကျင်းစစ်ရဲ့ဘေးမှာ မားမားမတ်မတ်ရပ်နိုင်မည့် အရည်အချင်းရှိတဲ့အထိ ကြိုးစားသထက် ကြိုးစားရပေမည်။


သူက ကျင်းစစ်ရဲ့ ဂုဏ်ယူစရာဖြစ်လာပြီး သူ့ကိုသူ ဘယ်တော့မှ ကျင်းစစ်ကို ဆွဲချမယ့် အမည်းစက်တစ်ခု ဖြစ်ခွင့်မပြုနိုင်ပေ။


“အစ်ကိုကျောင်း အစ်ကို့ရဲ့မွေးနေ့ရောက်တော့မယ်မလား...”


ကျန့်ချွယ်က ဆေးလိပ်တစ်လိပ်သောက်ပြီးတဲ့နောက် အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။


အင်္ကျီလက်များကို မာန်ပါပါလှုပ်ယမ်းလိုက်ပြီး ဆရာလျိုအနံ့မရစေရန် သူ့ကိုယ်က အနံ့များကို ပျောက်အောင်လုပ်နေရင်း ပြောလာသည်။


“ဒီနှစ်ကို ဘယ်လိုဖြတ်သန်းမှာလဲ... တနင်္ဂနွေနေ့မနက်ကျ အတန်းဘယ်နှချိန်လစ်ကြမလဲ...” 


ဤအတောအတွင်း ယင်းကျောင်းသည် စာလေ့လာခြင်းတွင် အလုံးစုံနှစ်မြှုပ်ထားခဲ့ပြီး သူတို့နှင့်လည်ပတ်ဖို့ အချိန်မရှိခဲ့ပေ။ ကျန့်ချွယ်က ယင်းကို ဆက်ပြီး သည်းမခံနိုင်တော့။ ကောင်းနိုးရာရာလေးများကို ပြောရင်း အပြတ်အသတ်ကို မြူဆွယ်နေတော့၏။


“တစ်နေ့လုံး ပွဲလုပ်ပြီး ဂိမ်းတွေကစားကြမယ်... ပြီးတော့ ညကျရင် ကခုန်ဖို့ အပြင်ထွက်ကြမယ်လေ...”


ယင်းကျောင်းက သူ့ကို ဗလာအကြည့်ဖြင့်ကြည့်လိုက်သည်။


“ကိုးနှစ်တာစည်းကမ်းတွေက မင်းကို အတန်းလစ်ဖို့ သင်ပေးခဲ့တာလား...”


(Eng T/n: ဒီမှာ သူဘာပြောချင်တာလဲဆိုတာ သိပ်မသိဘူး...)


(Mm T/n: nine-year obligation ဆိုတာ တရုတ်နိုင်ငံမှာ နိုင်ငံသားတိုင်း မူလတန်း ၆နှစ်နဲ့ အလယ်တန်း ၃နှစ် မသင်မနေရ ပညာသင်နှစ်တွေကို ပြောတာပါ... အဲ့ဒီကိုးနှစ်လုံးစာအတွက် နိုင်ငံတော်က အလုံးစုံထောက်ပံ့ပေးပါတယ်...)


[ Editor/N : ကြာလေကြာလေ...etranသမားကိုလေးစားလေလေပဲ...ဘာဆိုဘာမှကိုမသိဘူး🤭😁 ]


ကျန့်ချွယ်: “...”


ကျန့်ချွယ်သည်လည်း တကယ်တော့ ဘာမှမျှော်လင့်ချက်မထားထားပေ။ သူစမ်းပြောကြည့်လိုက်တာပင်။ အောင်မြင်သွားရင်တော့ ပိုကောင်းတာပေ့ါ...ကျရှုံးသွားလည်း အဆင်ပြေပါတယ်...။


သူကဖြည့်ပြောလိုက်သည်။


“အစ်ကို အတန်းမလစ်ရင်လည်း ရပါတယ်... နေ့လည်ပိုင်းကျမှ အပန်းဖြေလည်း အတူတူပါပဲ... ”


“ဟင့်အင်း... ကျေးဇူးပဲ...”


ယင်းကျောင်းက လုံးလုံးကို ငြင်းပယ်လိုက်သည်။


“ငါ့မှာ အဲဒီလောက်အချိန်မရှိဘူး...”


“မရဘူး...ဟုတ်လား...”


ကျန့်ချွယ်နားမလည်နိုင်တော့။


“အဲဒီနေ့က ပိတ်ရက်ပဲလေ... အစ်ကို့မှာ လုပ်စရာတစ်ခုခုရှိလို့လား...”


“အင်း...”


ယင်းကျောင်းက တံခါးကို ဖွင့်လိုက်ပြီး ဟန်မဆောင်ဘဲ ပြောလိုက်၏။


“နေ့လည်ပိုင်းက စာရွက်နည်းနည်းလောက်လေ့ကျင့်နေလို့ရတယ်လေ... ”


ဟယ့်ကျိုး၊ ကျန့်ချွယ်၊ ဖန်ချန်းချန်း : “...”


ကျန့်ချွယ်က သူ့ကို ကြက်သေသေလျက်ကြည့်နေပြီး မယုံကြည်နိုင်ပေ။


“အစ်ကိုကျောင်း... မင်းပြုစားခံလိုက်ရတာလား...”


အရင်ကဆို ဒါက ပုံမှန်ပဲလေ။ သူက အတန်းထဲမှာ အမြဲတမ်းကြိုးကြိုးစားစားလုပ်တတ်တယ်။ အခုမှ သူကဘာလို့ ပိတ်ရက်တွေမှာပါ အတန်းမလစ်ရတော့တာလဲ...။


“ဘယ်လိုကူ*မျိုးဖြစ်မလဲ...”


ယင်းကျောင်းက ဘာတွေတွေးနေမှန်းမသိ...သူက စိတ်ကြီးဝင်လျက် ပြန်မေးလာသည်။


“အချစ်ကူများလား...”


[ T/N : ကူပိုးကောင်၊ ကူအဆိပ် ]


ယနေ့ အချိုပွဲဆိုင်မှာ ကိတ်ဝယ်တုန်းက သူ့အရှေ့မှာ ကောင်မလေးတချို့ရှိနေခဲ့သည်။


သူတို့ထဲက တစ်ယောက်က ပန်းရောင်ပန်းစည်းတစ်စည်းကို ကိုင်ထားပြီး သူမရဲ့ခံစားချက်များကို အပေါင်းအဖော်များအား ရှက်သွေးဖြာနေသောမျက်နှာဖြင့် ပြောပြနေတော့သည်။


ယင်းကျောင်းက မတော်တဆနားထောင်မိလိုက်ပြီး ထိုမိန်းကလေးကိုင်ထားသော ပန်းရောင်နှင်းဆီတစ်ပွင့်က အချစ်ဦးကိုကိုယ်စားပြုတယ်ဆိုတာ နားလည်သွားရသည်။


ယင်းကျောင်းက သူ့ဘဝမှာ ခံစားချက်တွေကို ဖော်ပြဖို့ ပန်းပေးတာလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူလို့ တွေးခဲ့ဖူးသည်။ သို့သော် အခုချိန်မတိုင်ခင်အထိ နားမလည်နိုင်ခဲ့ပေ။ 


မဟုတ်ဘူး...။


အရင်က သူ့ကိုဒီလိုမျိုးပေးချင်အောင်လုပ်နိုင်တဲ့သူမျိုးဖြင့် မတွေခဲ့ရုံသာဖြစ်၏။


ဖြစ်နိုင်တာက သူ အလှည့်စားခံလိုက်ရတာဖြစ်နိုင်သည်။ ယင်းကျောင်းက ခပ်ဖျော့ဖျော့ပြုံးနေသော မျက်ဝန်းများနှင့်အတူ အုန်းသီးသကြားလုံးကို ဖောက်၍ ပါးစပ်ထဲထည့်လိုက်သည်။


ဟယ့်ကျိုးက ချဥ်တူးနေပြီး သွားကိုက်သလိုခံစားလိုက်ရကာ မွန်းကျပ်သွားနေရသည်။


“အစ်ကိုကျောင်း ဆွေးနွေးကြရအောင်လေ... မင်း အချစ်မှာကျဆုံးသွားရင်လည်း အဲ့ဒီအကြောင်းကိုပုံမှန်အတိုင်းပဲပြောပါ...အရမ်းကြီး စိတ်ကြီးမဝင်ပြလို့ မရဘူးလား....”


ယင်းကျောင်းက ချိုချဥ်ကို လျှာဖျားဖြင့်စုပ်လိုက်ပြီး ပျင်းရိစွာပြောလာသည်။


“အထက်စီးမဆန်တဲ့ယောကျာ်းတွေအားလုံးက...ဖွတ်ကျားတွေပဲ..”


ဖွတ်ကျား ဟယ့်ကျိုး ကျန့်ချွယ် ဖန်ချန်းချန်း : “...”


ကျန့်ချွယ်က ဒေါသတကြီး ပြောတော့သည်။


“စောင့်နေလိုက်... ငါရည်းစားရရင်လည်း အသေကြွားပြမယ်ကွ...”


“မင်းက...”


ယင်းကျောင်းက ကျန်နေတဲ့ ဆေးလိပ်ဘူးတစ်ဝက်ကို ထုတ်လိုက်သည်။


“မင်း အငြင်းခံလိုက်ရတာမဟုတ်ဘူးလား...”


ကျန့်ချွယ်က တည်ငြိမ်စေရန် သူ့ကိုသူ တွန်းအားပေးနေရသည်။


“အငြင်းခံလိုက်ရတာက ဘာများမှားနေလို့လဲ... ချုပ်ထိန်းထားတာကွ... တည်ငြိမ်တယ်ဆိုတာ မင်းနားလည်လား... လူတိုင်းက မင်းလို အရှက်မရှိဘူးများ ထင်နေလား... မနေ့ကဆို သူမက ကျွန်တော့်ရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းကိုလည်း ကြိုက်တယ်... သူမမှာ ငါ့အတွက် ခံစားချက်တွေရှိနေတာ သေချာတယ်... ”


ယင်းကျောင်းက သူ့ကို သနားသလို တစ်ချက်ကြည့်လိုက်သည်။


“ဟုတ်ပြီ... ဒါဆို မင်းမှာ မင်းရဲ့ကလေးအတွက် နာမည်ရော စဥ်းစားပြီးပြီးလား...”


ကျန့်ချွယ်က သူ့ကိုယ်သူ ပျက်ရယ်ပြုမိလိုက်မှန်း သဘောမပေါက်ခင်အထိ စက္ကန့်အနည်းငယ်ကြာ မှင်တက်အံ့ဩနေသည်။ သူ မတရားဒေါသထွက်သွားသဖြင့် ယင်းကျောင်းကို သေတဲ့အထိ တိုက်ခိုက်ဖို့ ပြေးသွားတော့မယ့်အချိန်မှာ ဟယ့်ကျိုး၏ တားဆီးခြင်းကို ခံလိုက်ရသည်။ 


“လာစမ်းပါကွာ... လောင်ကျန့် မင်းပဲ ငါ သူ့ကိုမရိုက်နိုင်ဘူးဆို... မင်းရော ဘာလုပ်နိုင်လို့လဲ...”


ဟယ့်ကျိုးက သူ့ကို စိတ်လျှော့ရန် နောက်ကျောကို ပုတ်ပေးလိုက်ပြီး ခဏကြာတဲ့အထိ ဦးနှောက်ခြောက်အောင်စဥ်းစားနေကာ နောက်ဆုံးတော့ တစ်ခုခုကို တွေးမိသွားသည်။


“အစ်ကိုကျောင်းက မင်းကို စနေတာပါကွာ... မင်းမြင်လား... သူက မင်းကို ဆေးလိပ်တစ်လိပ်ပေးတယ်လေကွာ...”


ကျန့်ချွယ်က သူ့လက်ထဲက ဆေးလိပ်ကို ငုံ့ကြည့်လိုက်သည်။


သူ့နှလုံးသားထဲက ဒေါသများ ပျောက်ကွယ်သွားရုံရှိသေး ယင်းကျောင်းပြောတာကို ကြားလိုက်ရ၏။


“သူဆေးလိပ်သောက်ဖို့လိုတယ်လို့ ငါထင်တယ်... သူ့ကို ထပ်ပြီးသောက်ခွင့်ပေးလိုက်ပါကွာ..”


(Eng T/n: lmao သူက ဒေါသတွေကို ဆေးလိပ်ငွေ့နဲ့အတူ မှုတ်ထုတ်ခိုင်းတာလား ဒါမှမဟုတ် စာပေအသုံးအနှုန်းပဲလားဆိုတာ မသေချာဘူး...)


ကျန့်ချွယ်: “…”


ကျန့်ချွယ်က ချက်ချင်းဆိုသလို မိုးကြိုးပစ်သလို ဆွေ့ဆွေ့ခုန်သွားတော့သည်။


“ယင်းကျောင်း... ငါမင်းကို ဦးလေးလို့ခေါ်အောင် လုပ်ပစ်မယ်ကွ...”


ဖန်ချန်းချန်းက ထပ်ပြီး နားမထောင်နိုင်တော့သဖြင့် ကျန့်ချွယ်ကို ဆွဲလိုက်ပြီး လက်ဦးမှုယူပြီးပြောသည်။


“အဲဒီ ချောင်အန်းယန်... ငါ ငါ့သူငယ်ချင်းကို မေးခဲ့တယ်...”


ယင်းကျောင်းက ရုတ်ခြည်းပင် သူ့မျက်နှာပေါ်က ထူးမခြားနားမှုကို ဖယ်ထုတ်လိုက်သည်။


“သူ ဘာပြောလဲ...”


“သူက...”


ဖန်ချန်းချန်းက စိတ်ထဲကနေ စာစီလိုက်ပြီးနောက် ပြောလိုက်သည်။


“ငါ့သူငယ်ချင်းပြောတာက သူက နည်းနည်းတော့ ထူးဆန်းတယ်တဲ့... သူက အတန်းထဲမှာ ကောင်းကောင်းစာလုပ်ပြီး အမှတ်တွေကလည်း အတော်လေးကောင်းတယ်ဆိုပဲ...”


ယင်းကျောင်းက ခပ်ဖျော့ဖျော့ မျက်မှောင်ကြုတ်လိုက်သည်။


“ပြီးတော့လည်း...”


ဖန်ချန်းချန်းက ဆက်ပြောသည်။


“သူက မကြာသေးခင်းက အတော်လေးကံကောင်းလာတယ်... ဂိမ်းဆော့လိုက်တိုင်းမှာ ဆုတွေပေါက်လာတယ်...”


ယင်းကျောင်းမယုံမှာကို ကြောက်ပြီး သူက ထပ်ဖြည့်ပြောလိုက်၏။


“အဲအချိန်တုန်းက သူတို့အတန်းထဲက လူတော်တော်များက သူတို့အတွက်လည်း ပေါက်အောင်လုပ်ပေးဖို့တောင်းဆိုခဲ့တယ်တဲ့... ကောင်းတာတွေချည်းတော်တော်များများ ပေါက်ခဲ့ပေမယ့် မကြာသေးခင်ကဘဲ သူ့ရဲ့ကံကောင်းမှုတွေ ပျောက်သွားတယ်တဲ့...


“Fuck...”


ဟယ့်ကျိုးက မဆဲဆိုဘဲ မနေနိုင်တော့ပေ။


“အဲဒါက တော်တော်လေးဆန်းကြယ်တာပဲ...”


“ဟုတ်တယ်...”


ဖန်ချန်းချန်းက ဗြောင်ကျကျပြောလာသည်။


“သူတို့အတန်းထဲက လူတိုင်း အဲဒါကို သိကြတယ်...”


အဆင့်တွေတက်လိုက်ကျလိုက်ဖြစ်တာ၊ မရှင်းပြနိုင်တဲ့ ကံကောင်းမှု၊ ကျင်းစစ်ရဲ့ ခေါင်းကိုက်မှု...


ယင်းကျောင်းက စိတ်ထဲကနေ အဓိကအချက်များကိုခွဲခြမ်းစိတ်ဖြာနေသော်လည်း သူ့တို့ကြားက ဆက်နွယ်ပတ်သတ်မှုဘာကိုမှ မစဥ်းစားနိုင်ပေ။


___


ရုတ်တရတ် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းက တုန်ခါလာသဖြင့် ထုတ်ကြည့်လိုက်သောအခါ လီကျိုးဆီမှ စာဖြစ်ကြောင်းတွေ့လိုက်ရသည်။


[စကြဝဠာမှာပထမဆုံးချိတ်ဆွဲခြင်း]: အစ်ကိုကျောင်း ကျွန်တော်ရုတ်တရတ်တစ်ခုခုကို သတိရသွားလို့ ပြောပြမယ်...


[ကျောင်း]: ပြော...


[စကြဝဠာမှာပထမဆုံးချိတ်ဆွဲခြင်း]: ချောင်အန်းယန်အကြောင်းပါ... ကျွန်တော်နဲ့ ညီအစ်ကိုစစ်နဲ့ ကစားကွင်းမှာရှိနေတုန်း သူက ရုတ်တရက်ကြီး ပြေးလာပြီးလာပြောတာက... ယန်းချန်အိုလံပစ်တဲ့...


[စကြဝဠာမှာ ပထမဆုံးချိတ်ဆွဲခြင်း]: သူက ပြောပြီးထွက်သွားတာ... ကျွန်တော်တို့နှစ်ယောက်ကတော့ သူဘာတွေပြောသွားမှန်း နားမလည်လိုက်ဘူး...


[စကြဝဠာမှာပထမဆုံးချိတ်ဆွဲခြင်း]: အစ်ကိုသိချင်လောက်မှန်းသိလို့ ကျွန်တော်ပြောပြတာ...


‘ယန်းချန်အိုလံပစ်လား...’


ယင်းကျောင်းက ဖုန်းစခရင်ကို သေချာစိုက်ကြည့်နေသည်။ ယန်းချန်ကို အိုလံပစ်အတွက် လျာထားခြင်းဖြစ်နိုင်သည်ဆိုတာ သတိထားမိလိုက်သည်။ အရင်နှစ်မတိုင်မီက သတင်းတော်တော်များများထွက်ခဲ့သော်လည်း ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဘာသတင်းမှ မရှိခဲ့ပေ။


ယင်းကျောင်းက လီကျိုးဆီသို့ လျင်မြန်သော လက်ချောင်းများဖြင့် ခပ်သွက်သွက် စာရိုက်လိုက်သည်—


[ကျောင်း]: သူက အိုလံပစ်အတွက် ယန်ချန်းကို အဆိုတင်သွင်းတာကို ပြောတာလား ဒါမှမဟုတ် ယန်ချန်းအိုလံပစ်ကို ပြောတာလား...


[စကြဝဠာမှာပထမဆုံးချိတ်ဆွဲသူ]: ကျွန်တော်နဲ့ ကျင်းစစ်က ယန်ချန်းအိုလံပစ်ကစားပွဲတွေလို့ ရှင်းရှင်းလင်းလင်းကြားလိုက်တယ်...


[ကျောင်း]: အိုကေ... ငါနားလည်ပြီ... ကျေးဇူးပဲ...


ယင်းကျောင်းက ဖုန်းကို ခပ်ဝေးဝေးသို့ တွန်းပို့လိုက်ပြီး တဖြေးဖြေးနဲ့ သဲလွန်စတစ်ခုကို တွေ့လာရ၏။


အိုလံပစ်အတွက် တင်သွင်းခြင်းနှင့် အိုလံပစ်ကစားပွဲတွေကြားထဲမှာ ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေသေးသည်။ မဟုတ်သုတ်ခပြောနိုင်ချေကတော့ အတော်လေးနည်းပေသည်။ 


ထိုနည်းပါးသော ဖြစ်နိုင်ချေမှအပ ပြောပုံအရဆို ချောင်အန်းယန်က ယန်ချန်းမှာ အိုလံပစ်ဂိမ်းတွေကို ကျင်းပမယ်ဆိုတာကို သိနေတယ်ဆိုတဲ့သဘောပဲ။


‘တစ်နိုင်ငံလုံးက အဲဒီမကြေငြာရသေးတဲ့ တစ်ခုခုကို စောင့်နေကြတုန်းပဲ... သူက ဘယ်လိုလုပ်သိနိုင်တာလဲ...’


ယင်းကျောင်းက ခဏကြာအောင် ထိုအတိုင်းရပ်နေပြီး ဖန်ချန်းချန်းဘက်သို့ လှည့်လိုက်သည်။


“မင်းရဲ့ သူငယ်ချင်းကို သူ့ကိုပိုအာရုံစိုက်ပေးဖို့ ပြောပေးထား...”


ဖန်ချန်းချန်းက ခေါင်းညိတ်သည်။


“ကောင်းပြီ...”


လူတရုန်းရုန်းဖြင့် အတန်းထဲသို့ အတူတူပြန်ဝင်လာကြသည်။


ယင်းကျောင်းက ကျင်းစစ်၏ ထိုင်ခုံဆီသို့ အမှတ်မထင် ကြည့်မိဟန်ဆောင်လိုက်သော်လည်း နှင်းဆီပန်းကို မတွေ့တော့ပေ။


ယင်းကျောင်းက ရယ်လိုက်သည်။ လွှင့်ပစ်လိုက်တာဖြစ်နိုင်သည်။ တကယ်တမ်းမှာလည်း ကျင်းစစ်က ပန်းကြိုက်တဲ့သူတစ်ယောက်မဟုတ်ပေ။


ထိုညက စွန့်ပစ်ခံလိုက်ရသည်ဟု သူထင်ခဲ့သည့် ပန်းပွင့်သည် ကျင်းစစ်၏ မေးခွန်းစာရွက်များထည့်ထားသည့် သံသေတ္တာထဲတွင် ပေါ်လာခဲ့သည်ကို သူမသိခဲ့ပေ။


ထိုအချိန်မှစ၍ သည်ပန်းခြောက်ကလေးသည် စာမေးပွဲမေးခွန်းများအပြင် ကျင်းစစ်၏ စုဆောင်းမှုများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်လာတော့၏။


ဆုပေးပွဲအပြီးတွင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။


စီရင်စုမှကျောင်းသားများသည် နောက်ဆုံစာမေးပွဲအတွက် ပြင်ဆင်နေရင်း အလွန်ပင် အလုပ်ရှုပ်နေလေရာ ဖိုရမ်ပေါ်ကိုပင်  မတတ်နိုင်တော့ပေ။ ကျင်းစစ်သည်လည်း လာမယ့်နောက်ဆုံးပွဲအတွက် ရလဒ်ကောင်းများရရှိစေရန် မေးခွန်းဟောင်းများကို လေ့လာနေရင်း အလုပ်များနေသည်။


တစ်ခုတည်းသော မတူညီတော့သည်မှာ ယင်းကျောင်းပင်ဖြစ်သည်။ သူက ပို၍ပင်ကြိုးစားပန်းစားလေ့ကျင့်နေသည်။


အတိတ်မှာတုန်းက သူက အတန်းထဲမှာပဲ သေချာလိုက်နားထောင်ရုံလုပ်ခဲ့ပြီး Self-study အတန်းများကို မတက်ခဲ့ပေ။


ယခုမူ သူက အတန်းပြီးတာတောင် မေးခွန်းဟောင်းတွေ တစ်စုံပြီးတစ်စုံလုပ်နေပြီး အပြင်သွားခဲလှသည်။ ကျင်းစစ်၏ အချိန်များက အလွန်အဖိုးတန်လှသည့်အတွက် ယင်းကျောင်းက သူ့အဖြေများကို ထပ်ပြီး အမှတ်ခြစ်ခွင့်မပြုတော့ချေ။


သူက ကိုယ့်ဘာသာ မေးခွန်းထုတ်ပြီး ကိုယ့်ဘာသာ အဖြေပြန်တိုက်သည်။ အမှားများကိုလည်း ချရေးထားလိုက်ပြီး ထပ်ခါထပ်ခါ ပြန်လေ့လာရင်း ပုံစံတူမေးခွန်းများတွေ့ပါကလည်း အဖန်ဖန်အတေတေလေ့ကျင့်ခဲ့သည်။


ကျင်းစစ်သည်လည်းပဲ ယင်ကျောင်း၏ အခြေအနေကို သတိထားမိလေသည်။ အချိန်အများစုတွင် သူက ဒုတိယစာသင်ဆောင်ထဲရှိ စာသင်ခန်းငယ်လေးထဲတွင် နေနေခဲ့သည်။ အရင်ကနှင့်မတူဘဲ ယင်းကျောင်းသည် မေးခွန်းများကို ချက်ချင်းဖြေနိုင်လာပြီဖြစ်၏။


သို့သော်လည်း သူဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သူက ယင်းကျောင်း၏ စာလေ့လာခြင်းလုပ်ငန်းစဥ်ကို အာရုံစိုက်ထားရန် မမေ့ပေ။


ထို့ကြောင့်မနက်ခင်းတိုင်းတွင် ယင်းကျောင်း၏ စာရေးခုံပေါ်၌ အသေးစိတ်အချက်အလက်များနှင့် သက်ဆိုင်ရာ မေးခွန်းအမျိုုးအစားများပါရှိသည့် စာရွက်တစ်ရွက် ရှိနေလိမ့်မည်။