Chapter 71
ထိုအကြောင်းအရင်းကြောင့် ကျောက်ဖုန်သည် တခါတရံ သူတို့ကို ဆရာများကန်တင်းသို့ ခေါ်သွားရုံသာမက သူတို့အတွက် မီးဖိုချောင်အသေးလေးကိုလည်း အမြဲတမ်းဖွင့်ပေးထားလေသည်။ သူတို့ကို ကန်တင်းတွင် အချိန်အကြာကြီး တန်းစီစောင့်စရာမလိုရန် အလေးထားပြီး ဆရာများ၏ ထမင်းစားကတ်ပြားကို လာယူနိုင်စေရန် ခွင့်ပေးထားလေသည်။
ကျိုးချောင်းနှင့် ကျန်းချုံးတို့သည် ဆရာများဆီမှ ငှားပြီးပြီ ဖြစ်သော်ငြားလည်း ကျင်းစစ်သည် မွေးကတည်းက အခြားသူများကို အကြွေးတင်နေမည့်အကျင့်အား မကြိုက်သောကြောင့် ယခင်က မတောင်းဆိုခဲ့ဖူးပေ။
ယနေ့က ပထမဆုံး အကြိမ် ဖြစ်၏။
ကျင်းစစ် ဘတ်စကတ်ဘောကွင်းထဲသို့ ရောက်သောအခါ တန်းခွဲ 7 မှ ကျောင်းသားအများစုက ကစားနေကြပြီဖြစ်သည်။ အားကစားသမားကျောင်းသားများသည်လည်း ထပ်မနှောက်ယှက်တော့သည်သာမက သူတို့တွင် ဗိုင်းရပ် ရှိနေသကဲ့သို့ပင် သူတို့နှင့် ဝေးဝေးရှောင်လေသည်။
ကျင်းစစ် ရောက်လာသည်ကို တွေ့သောအခါ လီကျိုးသည် သူ့နားသို့လျှောက်သွားလိုက်ကာ ရေသောက်ရင်း မေးလိုက်သည်။
" အစ်ကို့ ကိစ္စ ပြီးသွားပြီလား"
"မပြီးသေးဘူး"
ကျင်းစစ်၏ လက်ချောင်းထိပ်လေးသည် သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ထမင်းစားကက်ပြားမာမာလေးကို ထိလိုက်ပြီး လီကျိုးကို ပြောလိုက်သည်။
" ငါ ဒီနေ့နေ့လည် မင်းနဲ့ အတူ မစားဖြစ်ဘူး မင်း ဝူဝေ့ချန်းနဲ့ တခြားသူတွေကို ခေါ်သွားပြီး စားလိုက်"
" မဟုတ်သေးပါဘူး"
လီကျိုးသည် ရေဘူးအဖုံးကို လှည့်ပိတ်ကာ မျက်မှောင်ကြုံ့ပြီး ပြောလိုက်သည်။
" အစ်ကို့ရဲ ပြိုင်ပွဲအတွက် အတန်းက အချိန်ပိုပါ ရှိသေးတာလား အစ်ကို့အတွက် အစားအသောက်မှာပေးရဦးမလား"
"မလိုပါဘူး"
ကျင်းစစ်က သူ၏ ကြင်နာမှုအတွက် ကျေးဇူးတင်စကားဆိုလိုက်ပြီး " ငါဒီတစ်ခေါက် ဆရာတွေရဲ့ ကန်တင်းကို သွားစားမှာ"
"အိုကေ"
လီကျိုးက ရိုးရှင်းစွာ တုန့်ပြန်လိုက်ပြီးနောက် ဓါတ်ဆားရေဘူးကို ဘေးသို့ ပစ်လိုက်ပြီး ပြောလာသည်။
" သွားရအောင် သွားကစားကြရအောင်"
အတန်းချိန် ပြီးဆုံးရန် မိနစ်နှစ်ဆယ် အလိုတွင် ကျင်းစစ်က ဘတ်စကတ်ဘောကွင်းမှ မောဟိုက်စွာ ထွက်သွားရင်း ဆရာများ၏ ကန်တင်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ယင်းကျောင်းက ငါးအသားချောင်း နှစ်ခု ဝယ်လာပြီး ပြန်လာသည်။ သူသည် ကျင်းစစ်ကို ထိုအသားများ ပူနေတုန်း ပေးချင်သော်လည်း မစ္စကျောင်းသည် မျက်တောင် တစ်ခတ်အတွင်းတွင် ပျောက်ကွယ်သွားမည်ကိုတော့ မသိခဲ့ပေ။
သူက လီကျိုးကို မေးလိုက်သည်။
" ကျင်းစစ် ဘယ်သွားလဲ"
"ကျွန်တော်လည်း မသိဘူးလေ"
လီကျိုးကသူ၏ နှဖူးမှ ချွေးများကို သဘာဝကျကျပင် သုတ်လိုက်ပြီး ပြောလိုက်သည်။
" သူ့မှာလုပ်စရာရှိတယ်ဆိုပြီး အရင်ထွက်သွားတယ်လေ"
ယင်းကျောင်းက မျက်မှောင်ကြုံ့ကာ ခပ်မြန်မြန် လမ်းလျှောက်နေမိသည်။
ဘာတွေဖြစ်နေတာလဲ...
လီကျိုးကိုကျတော့ ပြောသွားပြီး ကိုယ့်ကိုကျတော့ နှုတ်တောင်မဆက်သွားဘူးပေါ့လေ...ဟုတ်စ...
ယင်းကျောင်းက နှလုံးသားထဲတွင် စိုးရိမ်မှုနှင့် ချဥ်တူးမှုကို တပြိုင်နက်တည်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ငါးအသားချောင်းအား ဟယ့်ကျိုးကို ပေးလိုက်ပြီး ဖုန်းကို ထုတ်ကာ wechatမှ ကျင်းစစ်ဆီသို့ မက်ဆေ့ချ် ပို့လိုက်သည်။
ကျင်းစစ်က စာမပြန်ပေ။
ယင်းကျောင်း၏ နှုတ်ခမ်းပါးများသည် အနည်းငယ်ဆူထော်သွားပြီး wechat မှ ထွက်လိုက်ကာ ကျင်းစစ်ကို ဖုန်းခေါ်ရန် ပြင်လိုက်ချိန်တွင် ကျင်းစစ်ဆီမှ ဖုန်းကို လက်ခံရရှိလိုက်သည်။
"ဆရာတွေရဲ့ ကန်တင်းကိုလာခဲ့"
ဘာဖြစ်လို့လဲ ဟုပင်မမေးရသေးဘဲ ကျင်းစစ်သည် ဖုန်းချသွားသောကြောင့် သူ စိတ်ပူသွားကာ စကားတစ်ခွန်းမျှ မပြောတော့ဘဲ ပြေးသွားလိုက်သည်။
ထိုအချိန်တွင် ဆရာတစ်ယောက်မျှပင် ကန်တင်းသို့လာမစားကြသေးပေ။ ရှင်းလင်းနေသော ထမင်စားခန်းကြီး၌ ယင်းကျောင်းသည် ကျင်းစစ်တစ်ယောက် အရှေ့ဘက်တွင် ထိုင်နေသည်ကို အကြည့်တစ်ချက်ဖြင်ပင် တွေ့လိုက်ရ၏။
ယင်းကျောင်းက လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်ကာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။
" အတန်းဖော်လေး မင်းဘာလုပ်နေတာလဲ ..."
စားပွဲပေါ်မှ နဂါးမုတ်ဆိတ်ခေါက်ဆွဲပန်းကန်လုံးကို ဗလာဖြစ်စွာ ကြည့်လိုက်ပြီးနောက် သူ၏ အသံများက တမူဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။
ကျင်းစစ်က ခေါက်ဆွဲခွက်ကို သူ့အရှေ့သို့ တွန်းပေးလိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။
" သက်ရှည်ခေါက်ဆွဲ"
"ပျော်ရွှင်ဖွယ် မွေးနေ့ပါ"
သူက လက်ဆောင်ပြင်ဆင်ရန် အချိန်မရှိတော့သောကြောင့် သူ၏ နှလုံးသားမှ စိတ်ရင်းအမှန်ကို ဤနည်းဖြင့်သာ ဖော်ပြနိုင်လေ၏။
သူ၏ မွေးရပ်မြေတွင် သက်ရှည်ခေါက်ဆွဲကို မွေးနေ့တွင် စားကြသည်။
သူ့အတွက် မည်သူမျှမပြင်ပေးခဲ့သော်လည်း ကျင်းစစ်၏ နှလုံးသားထဲတွင် မွေးနေ့ပွဲ ပြီးပြည့်စုံရန်အတွက် သက်ရှည်ခေါက်ဆွဲကပါကိုပါရမည်ပင်။
သူမရနိုင်ခဲ့သော အရာများကို ယင်းကျောင်းအားပေးချင်လေသည်။
ထို့အပြင် ကျင်းစစ်သည် ယခင်က မည်သူ့ကိုမျှ အကူအညီမတောင်းခဲ့ဖူးပေ။ ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် အခြားသူကို အကူအညီတောင်းဖူးခြင်းပင်။
ရုံးခန်းထဲရှိ အထက်တန်း ဒုတိယနှစ်မှ ဆရာများ အားလုံးရှေ့တွင် သူ၏ ရှက်ရွံ့မှုများနှင့် သဘာဝမကျမှုများကို အကောင်းဆုံး ကြိုးစားကာ သည်းခံရင်း ကျောက်ဖုန်အား ပြောလိုက်သည်။
" ဆရာ ကျွန်တော့်ကို ဆရာ့ရဲ့ ကတ် ငှားလို့ ရမလား"
မီးဖိုချောင်ထဲမှ လေအေးပေးစက်၏ စက်လည်သံ နှင့် မီးဖိုချောင် ဝန်ထမ်းများ၏ တစ်ခါတစ်ရံ စကားဝိုင်းမှ ရယ်သံများမှအပ ထမင်းစားခန်းက ပကတိ တိတ်ဆိတ်နေလေသည်။
လေထုထဲတွက် မနှစ်မြို့ဖွယ် ဆီကြော်နံ့များ ရှိနေ၏။
ကျင်းစစ်က အပြာရောင် ထမင်းစားခုံတွင် ခပ်မတ်မတ် ထိုင်နေသည်။
သူ၏ ဆံပင်များသည် ယခင်ကထက် ပိုရှည်လာပြီး သူ၏ ပါးပြင်လေးများကို နူးနူးညံ့ညံ့လေး ထိနေကာ ယင်းက သူ၏ မျက်နှာလေးကို ပိုသေးသယောင်ပင် ပံ့ပိုးနေသကဲ့သို့။ ကျင်းစစ်၏ ထူကာရှည်လျားသော မျက်တောင်လေးများသည် တဖျပ်ဖျပ် လှုပ်နေသည်မှာ လိပ်ပြာငယ်လေးနှစ်ကောင်ကဲ့သို့ပင်။ ယင်းကျောင်း၏ နှလုံးသားလေးသည် ယားယံသွားပြီး လှိုင်းများသကဲ့သို့ ဂယက်ထသွား၏။
ယင်းကျောင်းက လှုပ်ရှားမှုမဲ့စွာ မတ်တတ်ရပ်နေပြီး သူ၏ လည်စေ့သည် စိတ်မရှည်သလို အပေါ်အောက်ရွေ့လျားနေလေသည်။
သူ့အမေ သေသွားကတည်းက သူ၏ မွေးနေ့အတွက် တစ်စုံတစ်ယောက်က သတိတရဖြင့် သက်ရှည်ခေါက်ဆွဲပြင်ဆင်ပေးသည်မှာ ယခုသည် ပထမဆုံးကြိမ်ပင်။
"ယင်းကျောင်း"
ကျင်းစစ်က သူ့ကို သတိအနေအထားဖြင့် ခေါ်လိုက်သည်။
"မင်း..."
ယင်းကျောင်းသည် လက်သီးကို ကျစ်ကျစ်ဆုတ်ကာ သူ့နှလုံးသားထဲမှ တရိပ်ရိပ် တက်လာသော ခံစားချက်များကို ထိန်းချုပ်နေရသောကြောင့် သူ့ပါးစပ်ဟလိုက်သည်နှင့် သူ့အသံက အက်ကွဲစွာ ထွက်ပေါ်လာသည်။
မျက်လုံးမှိတ်ပြီး သူ၏ အသံကို ပုံမှန် ဖြစ်အောင် ကြိုးစားပြီးနောက် စကားဆိုလိုက်သည်။
" ဘာလို့ ဆရာတွေရဲ့ ကန်တင်းကိုလာပြီး ခေါက်ဆွဲ ဝယ်ခဲ့ရတာလဲ"
ကျင်းစစ်သည် သူ့အား တူကို လှမ်းပေးနေရင်းမှ ရှက်ပြုံးလေး ပြုံးလိုက်မိသည်။
" ကန်တင်းထဲမှာက ခေါက်ဆွဲအထူနဲ့ ခေါက်ဆွဲအပြားပဲ ရှိတယ် သက်ရှည်ခေါက်ဆွဲက နဂါးမုတ်ဆိတ်ခေါက်ဆွဲနဲ့ လုပ်မှဖြစ်မှာလေ"
၎င်းတို့အားလုံးက ခေါက်ဆွဲများ ဖြစ်သော်လည်း ခေါင်းစဥ်များတပ်ထားကြသည်။ သို့သော် သူလုပ်နိုင်သော လုပ်နိုင်စွမ်းဖြင့် ယင်းကျောင်းအား အကောင်းဆုံးများကိုသာ ပေးချင်၏။
ယင်းကျောင်းသည် အသက်ပြင်းပြင်းရှူလိုက်ကာ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး တူဖြင့် ခေါက်ဆွဲများကို ယူကာ မေးလိုက်သည်။
" ဘယ်ကနေ ဆရာတွေရဲ ထမင်းစားကတ်ကို ရတာလဲ"
"ဆရာကျောက်ဆီက ငှားထားတာ"
ယင်းကျောင်း၏ လည်ချောင်းသည် ဆိုနင့်သွားကာ သူ့မျက်လုံးများသည် တမူဟုတ်ချင်း နီရဲသွား၏။
သူ သက်ရှည်ခေါက်ဆွဲ စားရဖို့အတွက်နဲ့...
ဘယ်သူကိုမှ ဒုက္ခပေးရတာ မကြိုက်ဘဲ တုံဏှိဘာဝေနေတတ်တဲ့ ကျင်းစစ်က ဒါရဖို့အတွက် တခြားသူကို အကူအညီ တောင်းဖို့ ဘယ်လောက်တောင် အားတင်းပြီး လုပ်ခဲ့ရမလဲ...
ယင်းကျောင်းသည် သူ၏ တည်ငြိမ်မှုကို ကျင်းစစ် အရှေ့တွင် မဆုံးရှုံးချင်သောကြောင့် သူ၏ နီရဲနေသော မျက်လုံးများကို ဖုံးကွယ်ရန် ပန်းကန်လုံးထဲမှ ခေါက်ဆွဲကို ငုံ့ကာ စားလိုက်လေသည်။
သူ လက်ဆောင်များစွာကို ရခဲ့ဖူးလေသည်။ စျေးကြီးသော ပစ္စည်းလက်ဆောင်များအပြင် ရှားပါးသော ပစ္စည်းလက်ဆောင်များကိုလည်း ရခဲ့ဖူးသည်။ သို့သော် ယခု 18 နှစ်ပြည့်တွင် ရရှိသော သက်ရှည်ခေါက်ဆွဲပန်းကန်လုံးလေးသည် သူ၏ နှလုံးသားထဲတွင် ထာဝရ သိမ်းထားချင်သော အရာလေးပင်။
ယင်းကျောင်းက မျက်လုံးကို ပင့်ကြည့်လိုက်ကာ ပါးစပ်ဖြင့်အပြည့်ခေါက်ဆွဲကိုမြိုချလိုက်သည်။
သူ၏ ဆန့်ကျက်ဘက်တွင် ကျင်းစစ်သည် ကိုရီးယား ထမင်းသုပ် တစ်ဇွန်းကို ပါးစပ်အပြည့် ထည့်လိုက်သောအခါ သူ၏ ပါးများက အနည်းငယ်ဖောင်းသွားလေသည်။ သူသည် အစားစားနေချိန်တွင် လေးနက်တည်ကြည်ကာ ကြည့်ကောင်းနေ၏။
တော်လိုက်တဲ့ ကျင်းစစ်လေး ... ကောင်းလိုက်တဲ့ ကျင်းစစ်လေး ...
ယင်းကျောင်းသည် ခေါင်းငုံ့လိုက်ကာ သူ့အတွက် မူပိုင် သီးသန့် ခေါက်ဆွဲကို ဂရုတစိုက်စားနေလိုက်သည်။
သူဘယ်လိုလုပ် မကြိုက်ဘဲ နေပါ့မလဲ...
ကန်တင်းထဲတွင် ဆရာများသည် အတူတူစားရန် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ သူတို့က ကျင်းစစ်တို့ကို ဖြတ်သွားသောအခါ စပ်စုစွာဖြင့် ကြည့်သွားတတ်လေသည်။
ယင်းကျောင်းသည် စွပ်ပြုည်ရည်ကိုပင် တစ်စက်တောင် မကျန်စေရဘဲ ပြောင်နေအောင် စားလိုက်ပြီးနောက် ပန်းကန်လုံးကို ချလိုက်ကာ ကျင်းစစ်နှင့်အတူ ကန်တင်းမှ ထွက်လာလိုက်သည်။
အပြန်လမ်းတွင် ယင်းကျောင်းသည် သူ၏ ပုံမှန် ရမ်းကားမှုများနှင့် မတူညီစွာ ပြောင်းလဲနေကာ ထူးထူးခြားခြား တိတ်ဆိတ်နေလေသည်။
ကျင်းစစ်က အမြဲစကားနည်းသောကြောင့် သူတို့နှစ်ယောက်သည် တစ်လမ်းလုံး တိတ်ဆိတ်စွာ ပြန်သွားကြသည်။
အခြောက်လှမ်းသော ခြံဝင်းထဲသို့ ရောက်သွားသည်အထိသာ-
ယင်းကျောင်းက ကျင်းစစ်၏လက်ကောက်ဝတ်ကို ဆွဲကာ ခြံဝင်းအတွင်းထဲသို့ အကြောင်းအရင်းမရှိစွာ ခေါ်သွားလိုက်လေသည်။
ကျင်းစစ်က နားမလည်နိုင် ဖြစ်သွားရသည်။
" မင်း..."
သူ့စကားမဆုံးခင် ယင်းကျောင်းသည် ရုတ်တရက် သူ့ဂုတ်ကို ဆွဲလိုက်ကာ နံရံတွင် ဖိထားလိုက်ပြီး စကားတစ်လုံးမျှပင် မပြောဘဲ နမ်းလိုက်တော့သည်။
အခြောက်လှမ်းထားသော ကြီးမားသည့် အဝတ်စ ဖျင်စ များသည် လေထဲတွင် လွင့်ပျံနေကာ လူနှစ်ဦး၏ ပုံသဏ္ဍာန်ကို ကာကွယ်ပေးထားသကဲ့သို့ပင်။
မြန်ဆန်ကာ လောင်မြိုက်နေကြသော အသက်ရှူသံများနှင့် နှလုံးခုန်သံနှစ်ခုသည် ရောယှက်သွား၏။
ယင်းကျောင်း၏ သွားသည် ကျင်းနှုတ်ခမ်းများကို ထိသွားပြီး နှာခေါင်းထိပ်များက မတော်တဆ တိုက်မိသွားကြသည်။
မည်သူမျှ ဂရုမစိုက်ပေ။
ယင်းကျောင်းသည် ကျင်းစစ်ကို လက်မောင်းထဲတွင် ထည့်ကာ ပွတ်သပ်နေပြီး အရူးအမူးနမ်းနေ၏။
ဒီလူသားက သူ့အပိုင်ပဲ... ယင်းကျောင်း တွေးလိုက်သည်။
တစ်ဘဝစာ နှစ်ဘဝစာ...သံသရာလည်နေသ၍ သူ့အပိုင်ပဲ...
ဘယ်ကပဲ ရောက်လာပြီး ဘယ်ကိုပဲ သွားပါစေ သူဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး...
____
ကျင်းစစ်၏ ကျောပြင်သည် အုတ်နံရံကြီးအား ထိကပ်နေပြီး သူ၏ ဖြူဖွေးသွယ်လျသော လည်ပင်းလေးမှာ အားဖြင့် မြင့်မြင့် မြှောက်ထားခံရသောကြောင့် ဆန့်တန်းကာ ဖြောင့်ဆင်းနေပြီး သူ၏ လည်စေ့သည် အပေါ်မှအောက်သို့ ရွေ့လျားသွားသည့်အတွက် သူ့ပုံစုံလေးက နူးညံကာ ဆွဲဆောင်မှုရှိနေသည်။
ယင်းကျောင်း၏ အသက်ရှူသံများက ပူနွေးပြင်းထန်လာပြီး ကျင်းစစ်ကို ဖိလိုက်ကာ ကြမ်းတမ်းပြင်းထန်စွာ နမ်းလိုက်တော့၏။
စိတ်ထဲတွင် မွန်းကျပ်သွားပြီးနောက် ကျင်းစစ်သည် အသိပြန်ရလာကာ သူ့ကို ပြင်းထန်စွာ ခုခံလေသည်။
သို့သော် ယင်းကျောင်းသည် နာကျင်မှု မရှိသကဲ့သို့ပင် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသော ရိုက်ချက်များကို လုံးဝ ဂရုမစိုက်ပေ။ သူက ကျင်းစစ်၏ လည်ဂုတ်ကို လက်နှစ်ဖက်လုံးဖြင့် တင်းတင်းကျပ်ကျပ် ဆွဲလိုက်ကာ မျက်မှာကို မော့စေလိုက်ပြီး အတင်းဖိနမ်းလိုက်လေသည်။
ကျင်းစစ်၏ ခြေထောက်များသည် အားလျော့လာသောကြောင့် သူ၏လက်သီးကို ကျစ်ကျစ် ဆုပ်ထားကာ သူ့ကိုယ်သူ နိုးကြားစေလိုက်ပြီး နောက်ဆုံးတွင် အားအင်များကို စုဆောင်းလိုက်ကာ ယင်းကျောင်းကို တွန်းထုတ်လိုက်သည်။
သူ၏ ပါးများက နီရဲနေကာ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေပြီး သူ၏ အသံကမူ မောဟိုက်မှုတို့ခြုံလွှမ်းနေသည်။
" မင်း...မင်း ရူးသွားပြီလား"
ယင်းကျောင်းက သူ့ကို ငုံ့ကြည့်လိုက်သည်။
ကျင်းစစ်၏ နှုတ်ခမ်းအရောင်သည် မူလက ပန်းရောင်ဖြစ်သော်လည်း အနမ်းခံထားရသောကြောင့် နီရဲနေကာ စိုစွတ်တောက်ပနေ၏။
ယင်းကျောင်းက ရယ်လိုက်ပြီး ခေါင်းငုံ့ကာ ထပ်နမ်းလိုက်သည်။
ဤအကြိမ်တွင် ကျင်းစစ် မည်မျှတွန်းကာ ခုခံနေပါစေ လွှတ်မပေးတော့ချေ။
ကျင်းစစ်၏ သူ့ကို ခုခံနေသော အင်းအားများသည် လျော့သထက် လျော့လာကာ နောက်ဆုံးတွင် သူသည် နံရံကိုသာ မှီထားပြီး ယင်းကျောင်း လုပ်သမျှကို ခွင့်ပြုပေးထားရတော့သည်။
"တော်တယ် ပါးစပ်ဟလိုက် "
ယင်းကျောင်းက သူ့ကို အက်ရှရှ အသံဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် ကျင်းစစ်၏ လည်ပင်းသည် နီရဲနေပြီး သူ့မျက်တောင်များကမူ တုန်ယင်နေကာ မျက်လုံးများကို အောက်ချလိုက်ပြီး စကားမပြောသလို လှုပ်လည်း မလှုပ်ပေ။
ယင်းကျောင်းက သူ၏ ခါးလေးကို ပွေ့ဖက်ထားကာ ပွတ်သပ်နေပြီးနောက် သူ့ လက်ကို ဆွဲယူပြီး သူတို့၏ လက်ချောင်းများကို အချင်းချင်း သွယ်ယှက်လိုက်၏။
" လိမ္မာပါကွာ"
အခြောက်လှမ်းသော ခြံကျယ်ကြီးထဲတွင် တိတ်ဆိတ်နေကာ လှမ်းထားသော အဝတ်များအား လေတိုက်သံကိုသာ ကြားနေရသည်။
ယင်းကျောင်း၏ ချုပ်တည်းထားသော ပင့်သက်ရှိုက်သံများကို သူ့ နားတစ်ဖက်ပြီး တစ်ဖက်မှ ကြားနေရ၏။
သူ့နှုတ်ခမ်းများက ပူနွေးနေပြီး ကျင်းစစ်၏ နှုတ်ခမ်းထောင့်စွန်းလေးကို နမ်းရင်းကိုက်လိုက်သည်။
ကျင်းစစ်သည် သူ့ နှလုံးခုန်သံကိုပင် ကြားနေရပြီး လက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်ပေမဲ့ လေထဲတွင်ပင် အားလျော့စွာ ပြန်ကျသွားလေသည်။
သူသည် အချိန်အတော်ကြာသည်အထိ မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ့နှုတ်ခမ်းများကို ခပ်ဟဟလေး ဖွင့်ပေးလိုက်သည်။
ယင်းကျောင်းက ချက်ချင်းပင် သူ့လျှာကို အထဲသို့ တန်းတန်းမတ်မတ် သွင်းလိုက်သည်။
သူတို့ရဲ့ လျှာများသည် ယှက်နွယ်နေကြပြီး မသဲမကွဲ ရေသံလေးများကို လေထဲတွင် ကြားနေရ၏။
အချိန်ဘယ်လောက် ကြာသွားသည်ကိုပင် မသိချေ။ အချိန်ကို အမြဲတမ်း ခံစားသိရှိနိုင်သည့် ကျင်းစစ်သည် ပထမဆုံးအကြိမ်အဖြစ် အချိန်မည်မျှ ကြာသွားသည်ကို မသိနိုင်ပေ။ နောက်ဆုံးတွင် ယင်းကျောင်းက သူ့အားလွှတ်ပေးလိုက်ချေပြီ။
"ကလေးလေး ကိုယ် တကယ်..."
ယင်းကျောင်းသည် ကျင်းစစ်၏ နှဖူးကို သူ့နှဖူးဖြင့် ဖိထားလိုက်ပြီး သက်ပြင်းချကာ စကားဆိုလိုက်သည်။
"ကိုယ်မင်းကို အရမ်း သဘောကျတယ်"
သူ့နှလုံးသားထဲမှ အချစ်များသည် တရှိန်ထိုးတက်လာသောကြောင့် သူ့ကိုပင် နစ်မြှပ်စေမတတ်။ သူ ယခင်က တစ်စုံတစ်ယောက်ကို ထိုမျှလောက်အထိ သဘောမကျဖူးပေ။
ကျင်းစစ်သည် သူ့အား နမ်းခွင့်ပေးသောကြောင့် သူပျော်ပေမဲ့ ကျင်းစစ်ကို သူ့တစ်ဘဝလုံးအား ပေးချင်၏။
ကျင်းစစ်သည် စကားမပြောနိုင်ဘဲ သူ့အသက်ရှူသံများကပြတ်တောင်းပြတ်တောင်း ဖြစ်နေကာ သူ့ နားများကမူ နီရဲတွတ်နေသည်။ ယင်းကျောင်းကိုင်ထားသော သူ့လက်များသည်လည်း ချွေးများဖြင့် စိုစွတ်နေသည်။
သူက ထွက်ပြေးကာ မည်သူမျှ မရှိသောနေရာတွင် တစ်ယောက်တည်း နေချင်သော်လည်း သူ၏ လက်များနှင့် ခြေထောက်များက သူ့ကို နာခံမည် မဟုတ်ပေ။
ယင်းကျောင်းသည် လက်ဆန့်ထုတ်လိုက်ကာ ကျင်းစစ်၏ နောက်ကျောကို ကျင်းစစ် နှလုံးခုန်သံများနှင့် သူ့ခန္ဓာကိုယ် တည်ငြိမ်သွားသည်အထိ ပွတ်ပေးနေလိုက်သည်။
ကောင်းကင်ပြာရောင် အဝတ်စများသည် လေတိုက်ခံရသောကြောင့် သူတို့၏ ခေါင်းများပေါ်တွင် ဖုံးကွယ်သွားကာ အနီးဝန်းကျင်မှ အလင်းရောင်ကမူ မှေးမှိန်သွားလေ၏။
ခပ်မှိန်မှိန်အရောင်တစ်ဝက် အလင်းတစ်ဝက်ဖြင့် ယင်းကျောင်းက ကျင်းစစ်ကို မေးလိုက်သည်။
" မင်း ကိုယ့်ကို သဘောကျလား"
ကျင်းစစ်က အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ့ပါးပြင်များသည် လောင်ကျွမ်းတော့မတတ် ပူလောင်နေသည်။
သူ့နှုတ်ခမ်းကို အနည်းငယ် ဆူထားလိုက်ကာ ဘာမျှ မပြောပေ။