Chapter 73
-----------------------
ကျင်းစစ်သည် ယင်းကျောင်း ဘာကိုဆိုလိုသည်အား နားမလည်ပေ။ ကျန့်ချွယ် မေးခိုင်းသော မေးခွန်းနှင့် အနည်းငယ် ကွဲလွဲနေသည်ကိုသာ နားလည်နိုင်သည်။ သူအတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ကျန့်ချွယ်ဆီသို့ ချက်ချင်း စာမပြန်တော့ပေ။
"အစ်ကိုစစ် ကျွန်တော့် အတန်းက ဒီမှာ"
ဒုတိယ အတန်းသည် လှေကားပေါက်ဝနားတွင်ပင် ဖြစ်၏။ ထို့ကြောင့် ကျိုးချောင်သည် ရပ်ကာ သူ့ကို နှုတ်ဆက်လိုက်သည်။
ကျင်းစစ်က ခေါင်းငြိမ့်ပြလိုက်ကာ အတော်ကြာ တွေးနေပြီးနောက် ပြောလိုက်သည်။
" မင်း အထုတ်တွေ သိမ်းပြီးရင် အရင်သွားလို့ရတယ် ငါ့ကို စောင့်မနေနဲ့"
ယင်းကျောင်းတွင် နားမလည်သည့်မေးခွန်း မည်မျှရှိသည်ကို မသိသလို အချိန်မည်မျှ ခန့်မှန်းချေ ကြာမည်ကိုလည်း မသိပေ။
"အိုကေ"
ကျိုးချောင်သည် ကျင်းစစ် သူ့ဖုန်းအား တစ်လမ်းလုံး ကြည့်လာသည်ကို တွေ့သောကြောင့် သူ့တွင် လုပ်စရာ ရှိသည်ဟု ထင်လိုက်ကာ သူ့ချက်ချင်း တုံ့ပြန်လိုက်ပြီး တံခါးဖွင့်ကာ အတန်းထဲသို့ ဝင်သွားလိုက်သည်။
ကျင်းစစ်သည် ခေါင်းငုံ့ကာ ဖုန်းမျက်နှာပြင်ကို ဖိထားရင်း ယင်းကျောင်းကို မေးခွန်းတစ်ခု မက်ဆေ့ချ် ပို့ကာ မေးတော့မည့် အချိန်တွင် သူ၏ ပခုံးများကို ရုတ်တရက် ဆုတ်ကိုင်ခံလိုက်ရသည်။
ခေါင်းကို မော့ကာ ကြည့်လိုက်ချိန်တွင် သူ့မျက်နှာသည် ချက်ချင်း နီရဲသွားတော့သည်။
" မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
ယင်းကျောင်း၏မျက်လုံးထဲတွင် အပြုံးများဖြင့် ပြည့်နေကာ" ရုံးခန်းထဲက ထွက်လာတော့ အနောက်ဘက်ကနေ မင်းနာမည်ကို တစ်ယောက်ယောက် ခေါ်နေသံကြားလို့ မင်းဖြစ်မယ်လို့ ကိုယ်မထင်ထားဘူး ကိုယ်တို့ရဲ့ ကံကြမ္မာက ..."
ကျင်းစစ်၏ နှလုံးသားသည် ရုတ်တရက် ချိုမြိန်သွားပြီး ဖုန်းကို အောက်ချလိုက်ကာ ကျန့်ချွယ်ကို မည်သို့ စာပြန်ရမည်ကို မေးတော့မည့် အချိန်တွင် ယင်းကျောင်းသည် ရုတ်တရက် သူ့လက်ထဲမှ စာရွက်ကို ခါပြကာ ပြောလာသည်။
" မင်းအတွက် အဆောင်အခန်း ပြောင်းရင် ဖြည့်ဖို့ ဖောင်စာရွက်လေ"
ကျင်းစစ်က နားမလည်ပေ။
" ငါ့အတွက်လား"
ယင်းကျောင်းသည် ခေါင်းငြိမ့်ပြပြီးနောက် မျက်နှာပေါ်မှ အပြုံးမှာ ပို၍ နက်ရှိုင်းလာကာ သူကပြောလိုက်သည်။
" မင်း ပစ္စည်းတွေကို လာစစ်မှာမလား"
ကျင်းစစ်သည် ရှုပ်ထွေးနေသေးသည်ကို တွေ့သောအခါ သူ့နားသို့ ကပ်လိုက်ကာ စကားအချို့ကို တိုးတိုးလေး ပြောလိုက်သည်။
ကျင်းစစ် : "..."
ကျင်းစစ်၏ လက်များသည် တုန်ခါသွားသည်မှာ ဖုန်းကိုပင် မကိုင်နိုင်တော့သယောင်။ သူ့မှာ ရှက်ရွံ့သွားကာ တိုးတိုးလေး ပြောလိုက်သည်။
" မင်း ... မင်း အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့"
"မင်းပဲ ကိုယ့်ကို အရင် မေးတာမလား"
ယင်းကျောင်းသည် အရှေ့သို့ ပိုတိုးလိုက်ကာ အရှက်မဲ့စွာ ပြောလိုက်သည်။
" ကိုယ့်ကို ဘာလို့ ပြောခွင့်မပေးတာလဲ အတန်းဖော်လေးက အရမ်းဗိုလ်ကျတာပဲ မင်းက စည်းကမ်းတင်းကျပ်တဲ့ ဇနီးလေး ဖြစ်ချင်တယ်ပေါ့လေ"
ကျန့်ချွယ်သည် ၎င်းကို ဆိုလိုခြင်း မဟုတ်ဘဲ ယင်းကျောင်းသည် သူ့အားစနောက်နေခြင်းသာဖြစ်ကြောင်း ကျင်းစစ် သိလေသည်။ သူ့ နှုတ်ခမ်းကို ဆူထားလိုက်ကာ စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်၏။
" မင်းမှာ ဒီနေ့အတွက် နားမလည်တဲ့ မေးခွန်းတွေ ရှိသေးလား"
ယင်းကျောင်းက ရယ်မောလိုက်မိသည်။
" အတော်ကြာမှ ကိုယ့်ရဲ့ အချစ်ပြိုင်ဘက်က စာ ဖြစ်နေတာသိလိုက်ရတယ်တဲ့ကွာ.."
သူ့လက်ကို ဆန့်လိုက်ကာ တန်းခွဲ 7 ၏ အခန်းတံခါးကို ဖွင့်လိုက်ပြီး ကျင်းစစ်ကို အရင်ဝင်ခွင့် ပေးလိုက်ပြီးနောက် ပြောလိုက်သည်။
" အင်း ရှိတယ်"
ကျင်းစစ်သည် ထိုင်ခုံတွင် ထိုင်လိုက်ကာ သူ့အိတ်ထဲမှ ဘောပင်ကို ထုတ်လိုက်ပြီး ပြောလိုက်၏။
" ငါ့ကို ပြ"
ကျန့်ချွယ်သည် သူတို့နှစ်ယောက် အတူပြန်လာသည် ကိုတွေ့သောအခါ ဖုန်းကို ကိုင်ထားရင်း ထိုအနားသို့ အပြေးလေးသွားလိုက်သည်။ သို့သော် ယင်းကျောင်းဆီမှ သတိပေးသလို အကြည့်ခံလိုက်ရသောအခါ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့ရသည်။
ယင်းကျောင်းသည် ခေါင်းကို ပြန်လှည့်လိုက်ပြီး လေ့ကျင့်ခန်းစာအုပ်နှစ်အုပ်ကို လှန်လိုက်ကာ ကွင်းဖြင့် ဝိုင်းထားသော မှားသည့် ပုဒ်စာများ၏ မေးခွန်းကို တွေ့သောအခါ ကျင်းစစ် ဘက်သို့ တွန်း၍ပေးလိုက်သည်။
ကျင်းစစ်အတွက် ၎င်းမေးခွန်းများသည် အလွန် လွယ်ကူသည့်အတွက် မေးခွန်းများကို ဖတ်ပြီးသည်နှင့် ချက်ချင်း အဖြေကို တွေးနိုင်လေသည်။ စာရွက်ပေါ်တွင် တွက်ချက်ပြီးနောက် အဖြေများကို ချရေးလိုက်ကာ ယင်းကျောင်း ဘက်သို့ လှည့်ကာ ပြောလိုက်၏။
" မင်း ဒီမှာကြည့်..."
ကျင်းစစ်၏ အသံသည် ရုတ်တရက် ရပ်တန့်ကာ ပြတ်တောက်သွားလေသည်။
သူ့ဘေးတွင် ယင်းကျောင်းသည် လက်တစ်ဖက်ဖြင့် မေးထောက်ကာ သူ့ကို မျက်တောင်မခတ်တမ်း ကြည့်နေပြီး မျက်လုံးများက နူးညံ့နေကာ သူ့မျက်နှာပေါ်တွင် ထိန်းမရနိုင်သော အပြုံးလေးတစ်ခုပါရှိနေသည်။
ကျင်းစစ်က အဝေးသို့ အကြည့်လွှဲလိုက်မိသည်။ သူ့ နှလုံးခုန်သံများသည် စတင်၍ အခုန်မြန်လာချေပြီ။
သူ တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး မျက်လုံးများကို တစ်ဖန်မော့ကြည့်လိုက်သောအခါ ယင်းကျောင်းသည် သူ့အား ကြည့်နေသေးဆဲဆိုတာကို တွေ့လိုက်ရ၏။
မျက်ဝန်းနှစ်စုံသည် အကြည့်ချင်း ဆုံနေပြီး ကျင်းစစ်၏ နှုတ်ခမ်းထောင့်စွန်းများက သူ့အလို့အလျောက် အနည်းငယ် မြင့်တက်သွားလေသည်။
"မေး...မေးခွန်းကို ကြည့်လေ"
ကျင်းစစ်သည် ခေါင်းငုံ့လိုက်ကာ ယင်းကျောင်း၏ လောင်ကျွမ်းတော့မတတ် မျက်လုံးများမှ ရှောင်လိုက်ပြီး သူ၏ အခုန်မြန်နေသော နှလုံးသားကို တည်ငြိမ်စေရန် ကြိုးစားနေလိုက်သည်။
" စာမေးပွဲ နီးနေပြီ"
ထိုအခိုက်အတန့်လေးတွင် ယင်းကျောင်းသည် ကျင်းစစ်ကို ဖက်ကာ နမ်းပစ်လိုက်ချင်သည်။ ကျင်းစစ်ကဲ့သို့ ချစ်ဖို့ကောင်းသောသူသည် ဤကမ္ဘာကြီးတွင် အဘယ်ကြောင့် ရှိနေရတာလဲဆိုတာကိုပင် နားမလည်နိုင်တော့ပေ။ သူ့ ဆံပင် အကွေးအကောက်လေးများသည်ပင် အခြားသူများထက် ပို၍ ချစ်ဖို့ကောင်းနေ၏။
သို့သော် ကျင်းစစ်သည် အလုပ်များနေချိန်တွင်ပင် သူ့ သင်ခန်းစာများ နားမလည်သည်မည်ကို စိုးရိမ်ပေးနေသည်။ ထို့ကြောင့် ယင်းကျောင်းက သူ့ကို စိတ်ပျက်အောင် မလုပ်ချင်ပေ။
ယင်းကျောင်းသည် သူ၏ လက်ကို ကျစ်ကျစ် ဆုတ်လိုက်ကာ သူ့ နှလုံးသားထဲမှ တလိပ်လိပ် တက်လာသော ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" အိုကေ"
သုံးလထက်မနည်း စာပြင်းပြင်းထန်ထန် ကြိုးစားပြီးနောက် ယင်းကျောင်းသည် လျင်မြန်စွာ တိုးတက်လာသည်။ ထို့ကြောင့် အခြေခံမေးခွန်းများက သူအတွက် မခက်ခဲတော့ပေ။
ကျင်းစစ်သည် အနည်းငယ် စိတ်ကျေနပ်ပြီး ဂုဏ်ယူနေမိသည်။ သူ မေးခွန်းများအားလုံးကို ရှင်းပြလိုက်ပြီး သူနားလည်သည်ကို သေချာအောင်လုပ်ပြီးနောက် သူက ယင်းကျောင်းအား အနည်းငယ် ပိုခက်သော ပုဒ်စာများကို အိမ်စာပေးသင့်သည်ဟု တွေးလိုက်သည်။
"အားလုံး ပြီးပြီ"
ယင်းကျောင်းသည် နောက်ဆုံးပုဒ်စာကို တွက်ပြီးနောက် စာအုပ်ကို ပိတ်လိုက်ကာ အချိန်ကို ကြည့်ပြီး ပြောလိုက်သည်။
" သွားရအောင် ကိုယ် မင်းကို မင်းရဲ့ ပြိုင်ပွဲ အတန်းဆီခေါ်သွားပေးမယ်"
" မလိုက်နဲ့တော့"
ကျင်းစစ်သည် ထိုင်ခုံကို နောက်သို့ တွန်းလိုက်ကာ မတ်တတ် ရပ်လိုက်ပြီး ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
" မင်းဘာသာ မင်း စာလုပ် အချိန် မဖြုန်းနဲ့"
ယင်းကျောင်းသည် သူ့ကို အနိုင်မယူနိုင်သောကြောင့် အင်တင်တင်ဖြင့် ပြန်ပြောလိုက်ရ၏။
" မင်းက ကိုယ်တို့ မိသားစုထဲမှာ ဆုံးဖြတ်ချက်ချတဲ့ လူဆိုတော့ ကိုယ် မင်းစကားကို နားထောင်ပါ့မယ်"
"ကိုယ်တို့ မိသားစု" ဟူသော စကားနှစ်လုံးက ကျင်းစစ်၏ နှလုံးသားကို တိုက်ရိုက် ရိုက်ခတ်သွားလေသည်။
သူသည် ဘဝနှစ်ဘဝလုံးတွင် မိသားစု ဟူသော သဘောထားကို ဘယ်တော့မှ နားလည်နိုင်မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း ယင်းကျောင်းက ကိုယ်တို့ မိသားစု ဟူသော စကားလုံးကို ပြောလာသည်။
ကျင်းစစ်၏ နှလုံးသားသည် နူးညံ့သွားပြီး သူ့ လွယ်အိတ်ကို ကောက်ယူလိုက်ကာ နူးညံ့စွာ ပြောလိုက်သည်။
" ငါ သွားပြီနော်"
"ခဏနေဦး" ယင်းကျောင်းက ဘော့ပင်ကို ချကာ ပြောလိုက်သည်။
ကျင်းစစ်က သူ့ကို သံသယဖြင့် ကြည့်လိုက်မိသည်။
စားပွဲခုံ၏ အကူအညီဖြင့် ယင်းကျောင်းသည် ပြုံးကာ သူ့ဆီသို့ လက်ဆန့်လာသည်။ အဓိပ္ပါယ်မှာ ထင်ရှားလေသည်။
ကျင်းစစ်သည် နှုတ်ခမ်းဆူလိုက်ကာ တုံ့ဆိုင်းနေပြီးနောက် နီရဲနေသော မျက်နှာဖြင့် ဘယ်ညာ ကြည့်လိုက်ပြီး မည်သူမျှ အာရုံစိုက်မနေသည်ကို တွေ့သောအခါ သူသည် ယင်းကျောင်း၏ လက်ကိုလျင်မြန်စွာ ထိလိုက်ပြီး လှည့်ကာ အတန်းထဲမှ ထွက်သွားတော့သည်။
ထိတွေ့မှုလေးသည် အချိန်တိုတောင်းကာ တစ်စက္ကန့်မျှသာ ဖြစ်သော်လည်း ငှက်မွေးလေးလို့ပင် သူ့ နှလုံးသားလေးကို နူးညံ့စွာ ထိခတ်သွားလေသည်။ သူ့ နှလုံးသားသည် ထုံကျင်သွားပြီး သူ့ လက်ဖဝါးကို အတော်ကြာသည်အထိ စိုက်ကြည့်နေမိပြီးနောက် သူ၏ ပျံ့လွင့်နေသော အတွေးများကို ဖယ်ရှားလိုက်ကာ မေးခွန်းများကို စတင်၍ စိတ်နှစ်ကာ ဖြေတော့သည်။
ကျောင်းသားများ၏ ကြောက်ရွံ့မှုများနှင့် မျှော်လင့်ချက်များအကြားတွင် နောက်ဆုံးစာမေးပွဲသည် ရောက်ရှိလာချေပြီ။
တန်းခွဲ 7 မှ ကျောင်းသားများသည် သူတို့၏ အားလပ်ချိန်များတွင် ပြောင်းလဲသွားကြသည်။ အချို့သည် သူတို့ရဲ့စာများကို အရူးအမူး ကျက်မှတ်နေကြပြီး အချို့က ကျင်းစစ်အား မည်ကဲ့သို့ စာတွင် အာရုံစိုက်ရမည်ကို လာမေးကြလေသည်။ အချို့သည် နှိုင်းယှဥ်ချက်အားဖြင့် အဆင့်ကောင်းသော ကျောင်းသားများကို စာမေးပွဲခန်းထဲတွင် မှတ်စုသေးသေးလေးများ သို့မဟုတ် တစ်ခုခု လုပ်ပေးရန် သွားမေးမြန်းကြ၏။
နောက်ဆုံးစာမေးပွဲသည် ကောင်းကောင်းအချိန်ဖြုန်းရန် ဆောင်းတွင်း အားလပ်ရက် နှင့် သက်ဆိုင်ရုံသာမက သူတို့ရဲ့ နှစ်သစ်ကူး စာအိတ်နီများ၏ အထူအပါးနှင့်လည်း သက်ဆိုင်လေသည်။
ဟယ့်ကျိုးနှင့် အခြားလူများသည် တစ်ညလုံး ဂိမ်းကစားနေသောကြောင့် သူတို့မှာ တစ်နေ့လုံး တဝါးဝါး သန်းနေကြပြီး စာမေးပွဲခန်းထဲမှ ထွက်လာချိန်တွင် မထိန်းနိုင်တော့ဘဲ ဆရာများ၏ သန့်စင်ခန်းသို့ ပြေးသွားကြကာ သူတို့၏ မျက်နှာများကို ဆေးကြောကြတော့သည်။
ယင်းကျောင်းက သူတို့နှင့် အတူ လိုက်မသွားခဲ့ပေ။ ကျင်းစစ်အား ပထမစာမေးပွဲ ဖြေခန်းသို့ ပို့ပြီးသောအခါ သူက တန်းခွဲ 21 သို့ ဆက်သွားလိုက်သည်။
အရင်လစာမေးပွဲတွင် သူ့ အမှတ်များသည် အတော်လေး တိုးတက်လာသော်လည်း အဆင့်များကမူ အခြေခံအားဖြင့် အတူတူသာ ဖြစ်ပြီး သူ၏ မူလ စာမေးပွဲခန်းတွင်သာ ဆက်လက် ဖြေဆိုရလေသည်။
ယင်းကျောင်းသည် သူ့အိတ်ကပ်ထဲမှ အုန်းသီးချိုချဥ်ကို ယူလိုက်ပြီး အခွံခွာကာ ပါးစပ်ထဲ ထည့်တော့မည့် အချိန်တွင် မော့ကြည့်လိုက်သောအခါ ချောင်အန်းယန်က သူ့ဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"အစ်ကိုကျောင်း"
ချောင်အန်းယန်သည် သူ့ရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး ရှက်နေသော မျက်နှာလေးဖြင့် ခေါ်လာသည်။
အတိတ်ဘဝတွင် သူသည် ယင်းကျောင်းကို ကြိုက်ခဲ့သော်လည်း ဝန်ခံရန် သတ္တိမရှိခဲ့ပေ။ ယခုတွင် သူ့ဘဝက ပြန်လည်စတင်ပြီ ဖြစ်ပြီး နောင်တမရချင်ပေ။
ထို့အပြင် ခရစ်စမတ်တွင် သူက ရည်းစားစာကို ပန်းသီးအိတ်ထဲတွင် ထည့်ပြီး ယင်းကျောင်းကို ပေးခဲ့လေသည်။ သို့သော် ၎င်းရည်းစားစာက သူ့အတန်းပိုင်၏ လက်ထဲတွင် အဆုံးသတ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ၎င်းအား သူ့ မိဘများကိုလည်း အသိပေးခံခဲ့ရလေ၏။
ထိုအချိန်က အကြောင်းကို ပြန်မတွေးချင်ပေ။ သူက ယင်းကျောင်းအား ထို့အတွက် မကျေမနပ် ဖြစ်ဖူးလေသည်။ သို့သော် ယင်းကျောင်းသည် ၎င်းအား တမင်ရည်ရွက်ချက်ရှိရှိ လုပ်ခြင်းမဟုတ်ကြောင်း သိခဲ့ရသောကြောင့် စိတ်သက်သာရာ ရသွားသည်။
ယင်းကျောင်းသည် ထိုလူအားတွေ့သောအခါ နှလုံးသားထဲတွင် ရွံ့ရှာမှုများကို ခံစားလိုက်ရပြီး မျက်မှောင်ကြုံ့ပြီးကြည့်လိုက်သည်။
သူက ကျင်းစစ်ကို ခေါင်းကိုက်စေသော တရားခံ ဖြစ်သောကြောင့် မဟုတ်ဘဲ မနက်စောစောတွင် ထိုကဲ့သို့ ပြုမူနေသောကြောင့်သာ ရွံရှာမိခြင်း ဖြစ်၏။
သူသည် ချောင်အန်းယန်ကို ကန်ထုတ်ပစ်လိုက်ချင်သော်လည်း လီကျိုး ပြောခဲ့သည်ကို တွေးမိသွားသောအခါ သူ၏ စိတ်မရှည်မှုများကို ထိန်းချုပ်ကာ မေးလိုက်သည်။
"အရင်တစ်ခေါက်က ငါ့ကို ရည်းစားစာ ပေးတဲ့တစ်ယောက်က မင်းလား"
ချောင်အန်းယန်၏ မျက်လူံးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး သူ့ နှလုံးသားသည် ရုတ်တရက် အခုန်မြန်လာသည်။
ယင်းကျောင်းက သူ့ကို မှတ်မိတယ်...
သူ့ ဦးနှောက်သည် ချက်ချင်း ငါးချဥ်သိပ်ခံလိုက်ရသလို ပြည့်ကျပ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်တယ် ဟုတ်တယ် "
ယင်းကျောင်းသည် ကော်ရစ်ဒါမှ တံခါးဘောင်ကို မှီလိုက်ကာ သာမန်ပင် မေးလိုက်သည်။
" ငါ့ကို ကြိုက်တာလား"
ချောင်အန်းယန်၏ အသက်ရှူသံများသည် ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီးကြက်အစာကောက်သလို ခေါင်းငြိမ့်ပြလိုက်သည်။
ယင်းကျောင်းဘာလို့ သူ့ကို အဲ့လိုမေးတာလဲ...ဖြစ်နိုင်တာက ...
လုံးဝိုင်းသော ချိုချဥ်လေးကို ကိုင်ထားရင်း ယင်းကျောင်းက ချောင်းအန်ယန်းကို စက္ကန့်အတော်ကြာစိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးကာ မေးလိုက်၏။
" ယောင်ချန်း အိုလံပစ်က ဘယ်တော့တဲ့လဲ"
ချောင်အန်းယန်သည် သူ့ပြုံးနေတာကို တွေ့သောအခါ တွေးပင်မတွေးနိုင်တော့ဘဲ မသိစိတ်က ဝေဝါးစွာ ဖြေလိုက်သည်။
" ဩဂုတ်လ..."
"အစ်ကိုကျောင်း"
ကျန့်ချွယ်၏ အသံသည် ရုတ်တရက် အနောက်ဘက်မှ ထွက်ပေါ်လာကာ ချောင်အန်းယန်၏ အသံကို ဖြတ်ပြောလိုက်သည်။
ကျန့်ချွယ်သည် အနားသို့ ရောက်လာကာ ယင်းကျောင်းနှင့် ချောင်အန်းယန်ကို ကြည့်လိုက်ပြီး ထူးဆန်းနေဟန်ဖြင့် မေးလိုက်သည်။
" အစ်ကို ဒီမှာ ဘာလုပ်နေတာလဲ"
"မင်း..."
ယင်းကျောင်းသည် သူ့မျက်လုံးကို မှိတ်လိုက်ကာ မထိန်းနိုင်တော့ဘဲ သူ့ကို ကန်လိုက်ပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
"ထိန်းထားရတာ ခက်လို့လား မင်းက သုံးဘီးမောင်းတဲ့သူ ဝင်စားတာလား"
ထိုအခါမှသာ ကျန့်ချွယ်သည် သူအမှားလုပ်မိတာကို နားလည်သွားပြီး ရှက်ရွံ့စွာ ပြုံးကာ ဟယ့်ကျိုးနှင့် ဖန်ချန်းချန်းကို အပြစ်ရှိစိတ်ဖြင့် ဆွဲခေါ်သွားတော့သည်။
ချောင်းအန်ယန်းသည် အဖြေ တစ်ဝက်တစ်ပြတ်ကိုသာ ပြောခဲ့သော်လည်း ယင်းကျောင်းသည် သူ လိုအပ်သော အချက်အလက်ကို ရရှိလိုက်လေသည်။
သူခန့်မှန်းသည်မှာ မှန်၏။ ချောင်းအန်ယန်းသည် ပါးစပ်ထဲရှိသည်ကို ပြောခဲ့ခြင်းမျိုး မဟုတ်ဘဲ ယောင်ချန်းတွင် အိုလံပစ်ပွဲ ကျင်းပမည်ကို သူသိနေခဲ့သောကြောင့်ပင်။ ထို့အပြင် အိုလံပစ်ပြိုင်ပွဲ၏ ရက်စွဲနှင့် လ ကိုလည်း သေချာသိနေခဲ့သည်။
သူက အရူးလား ဒါမှမဟုတ်...
၎င်း၏ ဖြစ်နိုင်ချေကို တွေးမိသောအခါ ယင်းကျောင်းက ခေါင်းငုံ့ကာ နှာမှုတ်လိုက်သည်။
ကျင်းစစ်ကို မကောင်းတဲ့ အရာတွေနဲ့ အကျိုးသက်ရောက်အောင် လုပ်ချင်တယ်ပေါ့... ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး အဲ့ဒီ မိစ္ဆာကောင်ရဲ့ လာရာလမ်းကို ပြန်ပို့ပေးလိုက်မယ်...
ယင်းကျောင်းသည် သူက သာမန်ထက်စံဖြစ်နေတာကိုပင် သတိမထားမိပေ။
ချောင်အန်းယန်၏ ခန္ဓာကိုယ်ထဲတွင် သာမာန်မဟုတ်သော အရာမျိုး ရှိနေသည်။ ကျင်းစစ်က သူ့ရဲ့ ဇနီးလေး အဖြစ်ရောက်ရှိလာချိန်တွင် အခြားသူများက သရဲတစ္ဆေ မိစ္ဆာများ အဖြစ်ရောက်ရှိလာကြသည်။
သူက ဖြူဖျော့နေသော ချောင်အန်းယန်ကို ကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်ကာ တန်းခွဲ 21 သို့လျှောက်သွားလိုက်သည်။
မင်းလိုကောင်ကိုများ...ကြောက်နေဦးမယ် ချီးပဲ...!
ကျင်းစစ်သည် ယခုတစ်ကြိမ်တွင် ခေါင်းထပ်ကိုက်ဦးမည်ဟု ထင်ခဲ့သော်လည်း မယုံနိုင်စရာသကဲ့သို့ပင် နှစ်ရက်ကြာသည်အထိ သူ့တွင် နာကျင်မှု တစ်စိုးတစ်စိမျှပင် မရှိခဲ့ချေ။ ထို့ကြောင့် စာမေးပွဲကို ချောမွေ့စွာ ဖြတ်ကျော်နိုင်သွားသည်။
အင်္ဂလိပ်စာမေးပွဲအချိန်ပြီးဆုံးရန် မိနစ် နှစ်ဆယ်အလိုတွင် ကျင်းစစ်က သူ့ပစ္စည်းများကို ထုတ်ပိုးလိုက်ပြီး အဖြေလွှာအပ်လိုက်လေသည်။ သူအခန်းအပြင် ထွက်လိုက်သောအခါ ကော်ရစ်ဒါတွင် ယင်းကျောင်း စောင့်နေသည်အား တွေ့လိုက်ရသည်။
"အချိန်ကိုက်ပဲ"
ယင်းကျောင်းက လက်ဆန့်လိုက်ကာ ကျင်းစစ်၏ လွယ်အိတ်ကို ယူလိုက်ပြီး ခပ်တိုးတိုးရယ်ကာ ပြောလိုက်သည်။
" မင်းရဲ့ အချိန်လေး နည်းနည်းလောက် ကိုယ်ယူလို့ ရမလား"
ကျင်းစစ်က ခေါင်းငြိမ့်ကာ မေးလိုက်၏ " ဘာကိစ္စရှိလို့လဲ"
စာမေးပွဲ မဖြေခင်တွင် ယင်းကျောင်းက ကျင်းစစ်နှင့် သဘောတူညီမှု လုပ်ခဲ့လေသည်။ သူသည် စာမေးပွဲခန်းထဲမှ ကြိုထွက်လာပါက သဘောတူရမည်ဖြစ်ပြီး ယင်းကျောင်း၏ အင်္ဂလိပ်စာသည် ကျင်းစစ်နှင့် တန်းတူတွင် ရှိသောကြောင့် ကျင်းစစ် မငြင်းခဲ့ပေ။ သို့သော် ယင်းကျောင်းဘာလုပ်ချင်လဲဆိုတာကို သူမသိပေ။
"မင်းနဲ့ အတူ ညစာထွက်စားမလို့"
ယင်းကျောင်းက သူ့ဘော့ပင်အိတ်အကြည်ကို ကျင်းစစ်၏ လွယ်အိတ်ထဲသို့ထည့်ကာ ဇစ်ပိတ်လိုက်ပြီး ပခုံးပေါ်တွင် သယ်ထားရင်း ပြောလိုက်သည်။
"ကိုယ်တို့ပထမဆုံး အတူတူစားခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကို မှတ်မိသေးလား"
"အဲ့ဒီမှာ စားချင်လို့လား"
"အင်း" ယင်းကျောင်းက ခေါင်းငြိမ့်ပြလိုက်၏။
" အရင်တစ်ခေါက်က ကိုယ် အဲ့ဒီက ယောင်ကျစ်ကန်လူ ကို စားကြည့်ချင်တယ်လို့ ပြောဖူးတယ်လေ ကိုယ်နဲ့သွားစားရအောင်"
"အိုကေ"
ထိုအချိန်တွင် စားသောက်ဆိုင်ထဲတွင် လူတစ်ယောက်မျှ မရှိသောကြောင့် ရှင်းလင်းနေပြီး ယင်းကျောင်းသည် အခန်းတစ်ခန်းကို တောင်းလိုက်ပြီးနောက် ထိုင်ကာ ကျင်းစစ်နှင့် မီနူးအကြောင်းကို ဆွေးနွေးလေးတော့သည်။
အစားအသောက်များ လာချပေးပြီးသောအခါ စားပွဲထိုးသည် အခန်းတံခါးကို ထပ်၍ ခေါက်လာပြီးနောက် သူတို့အားယောင်ကျစ်ကန်လူ ပန်းကန်ကို လာချပေးလေသည်။
ကျင်းစစ်က စားပွဲထိုးအား တစ်ပွဲလိုသေးသည်ဟု ပြောတော့မည့် အချိန်တွင် ယင်းကျောင်းသည် သူ့လက်အား စားပွဲခုံအောက်တွင် ဆုတ်ကိုင်လိုက်၏။
"ကိုယ် တစ်ပွဲပဲမှာတာ"
ကျင်းစစ်၏ မျက်တောင်များသည် တုန်ယင်သွားပြီး သူ့ကိုယ်သူ မတုန်လှုပ်သွားစေရန် ထိန်းချုပ်ကာ ယင်းကျောင်းကို အသံခပ်အုပ်အုပ်ဖြင့် မေးလိုက်မိသည်။
" မင်းမစားချင်လို့လား"
ယင်းကျောင်းက ပြန်မဖြေဘဲ လက်ဆန့်ကာ ယောင်ကျစ်ကန်လူ တစ်ဇွန်းကို ခပ်လိုက်ပြီး ကျင်းစစ် ပါးစပ်နားသို့ ဇွန်းကို ကပ်ပေးကာ နူးညံစွာ ပြောလိုက်သည်။
" မင်း ကိုယ့်အတွက် မြည်းပေးလေ"
ကျင်းစစ်၏ မျက်နှာသည် ပူနွေးလာပြီး ဇွန်းကို သူ့လက်ဖြင့် ကိုင်ရန် လက်ဆန့်လိုက်သော်လည်း ယင်းကျောင်းက ရှောင်လိုက်သည်။
ယင်းကျောင်းသည် ဘာမျှ မပြောဘဲ အပြုံးဖြင့်သာ ကြည့်နေလေသည်။
ကျင်းစစ်၏ လည်စေ့မှာ လှုပ်ရှားသွားသော်လည်း အဆုံးတွင်သူ့ပါးစပ်ကို ဟပေးလိုက်လေသည်။
ယင်းကျောင်းသည် အချိုပွဲကြောင့် စိုစွတ်သွားသော ကျင်းစစ်၏ နှုတ်ခမ်းများကို ကြည့်နေရင် အသံခပ်အုပ်အုပ်ဖြင့် မေးလိုက်၏။
" အရသာရှိလား"
ကျင်းစစ်က သူ့ပါးစပ်ထဲမှ ယောင်ကျစ်ကန်လူကို မျိုချကာ ပြောလိုက်သည်။
" အရသာရှိတယ်"
"ဒါဆို ကိုယ် မြည်းကြည့်မယ်နော် အိုကေ..."
ကျင်းစစ် သူ့ကို မော့ကြည့်လိုက်မိသည်။
သူ့ နှုတ်ခမ်းများကို မျက်တောင် မခတ်ဘဲ စိုက်ကြည့်နေသည်အား တွေ့လိုက်ရသောအခါ ယင်းကျောင်း ဘာကို ဆိုလိုသည်အား ချက်ချင်း နားလည်သွား၏။
ယင်းကျောင်းသည် သူ့အနားတိုးလာကာ အနည်းငယ်အက်ရှရှ အသံဖြင့် နူးညံ့စွာ ပြောလိုက်သည်။
"ရမလား"
ကျင်းစစ်သည် မယုံနိုင်လောက်အောင် နီရဲတွတ်သွားပြီး သူ့အသက်ရှူသံများမှာ သိသိသာသာ မြန်ဆန်လာတော့သည်။
ယင်းကျောင်းက သူ၏ မေးစေ့ကို အနည်းငယ် ပင့်မော့လိုက်ပြီး ထပ်မေးလာသည်။
" ဖြေလေ ကလေးလေး ကိုယ်လုပ်လို့ ရနိုင်မလားလို့"
ကျင်းစစ်သည် ခေါင်းငုံ့လိုက်ကာ အတော်ကြာမှ ခပ်ဖွဖွလေး ခေါင်းငြိမ့်ပြလိုက်၏။
ယင်းကျောင်းက ခေါင်းငုံ့ကာ သူ့ကို နမ်းလိုက်တော့သည်။
ကြာရှည်သောအနမ်းကြီးပြီးသွားသည့်နောက် ယင်းကျောင်းက သူ့ အောက်နှုတ်ခမ်းကိုလျှာဖြင့် သပ်လိုက်ကာ ခပ်တိုးတိုးရယ်ရင်းပြောလာသည်။
" တကယ်ချိုတာပဲ"
ကျင်းစစ်က အသက်ပြင်းပြင်းရှူနေရကာ သူ့ခန္ဓာကိုယ်မှာမူလောင်ကျွမ်းတော့မတတ် ဖြစ်နေရသည်။
သူတို့ စားသောက်ဆိုင်မှ စားသောက်ပြီးစီး၍ ထွက်လာသောအခါ လေအေးတိုက်ခံလိုက်ရသည့်အချိန်မှသာ သူ့မျက်နှာပေါ်မှ အပူချိန်က တဖြည်းဖြည်း လျော့ပါးလာပြီး သူ့ စိတ်မှာလည်းပြန်လည် ကြည်လင်လာသည်။ သူသည် ယခင်က ယင်းကျောင်းမှာ ယောင်ကျစ်ကန်လူကို မြည်းကြည့်ချင်သည်ဟု ပြောပြီး သူ့နှုတ်ခမ်းကို ထိခဲ့သည်အား နောက်ဆုံးမှ သတိရသွားတော့သည်။
ထိုအချိန်တုန်းက သူသည် မည်သည်ကိုမျှ မခံစားခဲ့ရပေ။ သို့သော် ထိုအချိန်ကတည်းက ယင်းကျောင်းသည် ၎င်းအတွေးများ ရှိနေခဲ့ပုံ ပေါ်လေ၏။
မထိန်းချုပ်နိုင်စွာ တွေးမိနေတုန်းတွင် သူက ယင်းကျောင်းနှင့် ဘေးချင်းယှဥ်လျက် ကျောင်းသို့ ဦးတည်သွားနေမိသည်။ လမ်းမီးတိုင်များကို ဖြတ်ကျော်လာရင်း ထောင့်နားသို့ ရောက်သောအခါ ကားမတော်တဆမှု တစ်ခုကို မြင်တွေ့လိုက်ရသည်။