အပိုင်း၇၄
Viewers 14k

Chapter 74

Chapter 74


အနက်ရောင် ကိုယ်ပိုင်ကားသည် လမ်းမီးတိုင်ကို တိုက်မိသွားပြီး ကား၏ ဦးခေါင်းပိုင်းက လုံးဝပြားချပ်နေလေသည်။ ၎င်း၏ ဘေးတွင် အစိတ်စိတ်အမွှာမွှာ ကွဲကျေလုမတတ်ဆိုင်ကယ် ရှိနေပြီး ဆိုင်ကယ်အနားတစ်ဝိုက်တွင် သွေးများစွန်းထင်းနေလေသည်။


မော်တော်ပီကယ်များသည် ၎င်းကို စည်းတားလိုက်ကာ ဖြတ်သွားဖြတ်လာများကို ရှောင်ရှားစေလိုက်သည်။ သို့သော် ယင်းက ထိုဝမ်းနည်းဖွယ်မြင်ကွင်းကို ပိုသိသာလာစေသကဲ့သို့ပင် ဖြစ်နေ၏။


ကျင်းစစ်၏ မျက်စံအိမ်များမှာ ရုတ်တရက် ကြုံ့သွားပြီး သူဘာမျှ မတွေးနိုင်သေးချိန်တွင်ပင် လက်ဆန့်လိုက်ကာ ယင်းကျောင်း၏ မျက်လုံးများကို ကွယ်ထားပေးလိုက်သည်။


 သူ့လက်များ ယင်းကျောင်း၏ မျက်လုံးများကို ဖုံးအုပ်လိုက်သည်နှင့် စိုစွတ်နေသော လက်ဖဝါး တစ်စုံသည်လည်း သူ့ မျက်လုံးများပေါ်သို့ အုပ်မိုးလာလေသည်။


" မကြည်နဲ့" သူနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။


သူ့ရဲ့အသံများသည် အားနည်းနေကာ အသက်ရှူသံများကလည်း မတည်မငြိမ် ဖြစ်နေသည်။


ယင်းကျောင်းသည် သူ့ကို မှီထားကာ မောဟိုက်နေပြီး သူ့ ခန္ဓာကိုယ် အလေးချိန် တစ်ခုလုံးသည် ကျင်းစစ်၏ ကိုယ်ပေါ်တွင် ရောက်နေကာ မျက်လုံးကို အုပ်ထားသောလက်သည် အနည်းငယ် တုန်ယင်နေသော်လည်း ကျင်းစစ်၏ အရှေ့မှ ကြောက်စရာမြင်ကွင်းကြီးကိုတော့ ဖုံးထားပေးပြီး တစ်မိနစ်မျှပင် လွှတ်မပေးပေ။ 


သွေးကိုကြောက်တဲ့သူ...


ရုပ်ရှင်ကားထဲမှာ လူရဲ့သွေးကိုတွေ့ပြီး သတိလစ်သွားသောသူ...


ထိုသို့သောလူမျိုးက ကားမတော်တဆမှုကိုတွေ့သောအခါ ပထမဆုံး တုံ့ပြန်ချက်သည် ပြိုလဲမသွားစေရန် အံကြိတ်ကာ ကျင်းစစ်၏ မျက်လုံးများကို ဖုံးအုပ် ပေးခဲ့ခြင်းပင်။


___


ယင်းကျောင်း၏ သွေးကြောက်ခြင်းက သာမန် မဟုတ်ပေ။


အသက် 12 နှစ်အရွယ်တွင် သူ့အမေ၏ ကိုယ့်ကိုယ်ကို သတ်သေမှုကို မြက်မြင်ကြုံတွေ့ခဲ့ရသည်။


ဘောလုံးကစားပွဲတွင် အနိုင်ရခဲ့သော ကောင်ငယ်လေးသည် ချွေးများဖြင့် စိုရွှဲနေ၍ ရေချိုးခန်းတံခါးကို ဖွင့်ကြည့်လိုက်သောအခါ သူ့အမြင်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားတော့၏။


အလွန်လှပစွာ အလှဆင်ထားပြီး နွေးထွေးသော ရေချိုးခန်းရှိ ရေချိုးကန်ထဲတွင် သူ့အမေသည် လက်ကောက်ဝတ်တွင် လှီးဖြတ်ထားသော ဒဏ်ရာနှင့်အတူ မျက်လုံးများမှိတ်ထားပြီး ဖြူဖျော့ကာ လဲလျောင်းနေလေသည်။


သူ့ကို ကျောင်းမသွားခင်က နွေးနွေးထွေးထွေး ဂရုစိုက်ခဲ့သောအမျိုးသမီးသည် နေ့တစ်ဝက်လောက်ကြာသောအခါ သူဘယ်လောက်အော်ခေါ်ကာ ငိုနေပါစေ သူ့ကို လျစ်လျူရှုထားသည်။


နှစ်ပေါင်းများစွာ စိတ်ကျရောဂါကို ခံစားပြီးရတဲ့နောက် ယင်းရှန့်ကျွင်း၏အမေ ယဲ့လီ၏ ရောက်ရှိလာခြင်းသည် သူမ၏ နောက်ဆုံးကောက်ရိုးမျှင်လေးကို ပြတ်ထွက်သွားစေခဲ့သည်။


( Eng T/n : ယဲ့လီ (မယားငယ်) - ယင်းရှန့်ကျွင်း ( တရားမဝင်သား))


သူမ သေတမ်းစာရေးပြီးနောက် သူမ၏ပိုင်ဆိုင်မှုများကို ခွဲဝေကာ သူမသား၏ ကျန်ရှိနေသည့် တဘဝလုံးအတွက်လုံလောက်အောင် ပြုလုပ်ပေးခဲ့ပြီးနောက် လှည့်မကြည့်တော့ဘဲ လွတ်မြောက်ဖို့ကို ရွေးချယ်ခဲ့လေသည်။


ထိုရေချိုးခန်းသည် ယင်းကျောင်း ငယ်စဥ်အခါက သူအကြိုက်ဆုံးနေရာ ဖြစ်ခဲ့၏။


ထိုအချိန်က သူ၏ golden retriever ခွေးလေးနှင့် ရေကန်ထဲတွင် ပျော်ပျော်ရွှင်ရွှင် ဆော့ခဲ့ဖူးသည်။


အချိန်တိုင်းတွင် သူ့အမေ၏ နူးညံညင်သာသော သတိပေးတိုက်တွန်းမှုတို့ ဖြင့် သူ့ကို အဖော်ပြုပေးတတ်လေသည်။


ယင်းကျောင်း သူ့ကိုယ်သူရေချိုးနေချိန်တွင် သူမသည် ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး သူနှင့်ခွေးလေးကို ပွတ်သပ်ပေးကာ သူ့ကိုလည်းတော်သည်ဟု ချီးကျူးပေးတတ်၏။


သို့သော် ထိုနေ့က အဖြစ်အပျက် ပြီးသွားပြီးနောက် ရေချိုးခန်းသည် သူ့အတွက် အိမ်မက်ဆိုးဖြစ်လာခဲ့သည်။


မနက်ဖြစ်စေ ညဖြစ်စေ သူ့စိတ်ထဲတွင် အနီရောင် ဖြင့်သာလွှမ်းမိုးထားပြီး စွဲကျန်ရစ်နေတော့သည်။


ထို့နောက်တွင် ယင်းကျောင်းသည် သွေးများကို မကြည့်နိုင်ကြောင်း သိရှိသွားတော့သည်။


သူ မည်သူ့ကိုမျှ မပြောပြခဲ့ပေ။ သူနှင့်ငယ်စဥ်ကတည်းက ကစားဖော် ဟယ့်ကျိုးပင် မသိခဲ့ပေ။


ယနေ့ကဲ့သို့ မတော်တဆ အဖြစ်အပျက်မျိုးကို ထပ်မံကြုံတွေ့ရပါက ဘယ်နှစ်ကြိမ်ဖြစ်ပါစေ သူသွားများကို ကြိတ်ကာ ထိန်းထားခဲ့တိုင်း ခဏအကြာသာ မူးဝေပြီး သတိမလစ်ခဲ့ပေ။


သွေးများသည်လည်းအတူတူပင်ဖြစ်နေကာ မူးဝေမှုသည်လည်းတူညီနေပေမဲ့ ဤတစ်ကြိမ်ကမူ မတူညီပေ။


ဤလူက တလောကလုံးတွင် သူအကာကွယ်ချင်ဆုံးသူ...


သူ့ကိုတောင် ဝန်ခံစေလောက်အောင် ကြိုက်ရတဲ့သူ...


သို့ပေမဲ့ ထိုသူက ပထမဆုံးအကြိမ်အဖြစ် သူမျက်လုံးများကို ကာထားပေးခဲ့သည်။


ယင်းကျောင်း မျက်လုံးများကိုမှိတ်ကာ ကျင်းစစ်ကို မှီလိုက်ပြီး လမ်းတစ်ဖက်ရှိ နို့လက်ဖက်ရည်ဆိုင်သို့တွဲသွားလိုက်သည်။


"နို့လက်ဖက်ရည် တစ်ခွက် အုတ်ဂျုံ နဲ့ ဘာဖြစ်ဖြစ်ရတယ် ရေတစ်ခွက်လောက်ကော ရနိုင်မလား"


"အင်း အရမ်းမပူတာ"


"ကျေးဇူးပါ"


နို့လက်ဖက်ရည်ခွက်က သူ့နှုတ်ခမ်းကိုလာထိပြီး ကျင်းစစ်၏ အနည်းငယ် စိုးရိမ်နေသော အသံသည် သူ့နားထဲသို့ ဝင်လာ၏။ 


" ယင်းကျောင်း...ယင်းကျောင်း နည်းနည်းသောက်လိုက်ပါဦး"


ထိုအချိန်တွင် သူ့ကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့သော သွေးတွေသည် ပျောက်ကွယ်သွားချေပြီ။ သူ့ စိတ်ထဲ၊ နှလုံးသားထဲတွင် ထိုလူသားမှအပ အခြားအရာများမရှိတော့ပေ။


" ကိုယ်...ကိုယ်အဆင်ပြေပါတယ်" 


ယင်းကျောင်းက ပင့်သက်ရှိုက်လိုက်ပြီး သူ့မျက်လုံးများကို မှေးမှေးလေးဖွင့်ထားကာ ပြုံးလိုက်သည်။


" စိတ်မပူပါနဲ့"


"နည်းနည်းသောက်လိုက်" 


ကျင်းစစ်ကသူ့ကို မှီထားစေလိုက်ပြီး နို့လက်ဖက်ရည်ခွက်ကို မကာ စိုးရိမ်မှု အပြည့်ဖြင့်ပြောလိုက်သည်။


ယင်းကျောင်းက သူ့သဘောအတိုင်း ပါးစပ်ဟပေးလိုက်လေသည်။


မပူမအေး ရေနွေးနွေးလေးသည် သူ့ပါးစပ်ထဲသို့ နည်းနည်းချင်းစီ ကျလာကာ သူ့ခန္တာကိုယ်ရဲ့ အေးစိမ့်မှုတွေကို သက်သာစေပြီး သူ့ခြေတွေလက်တွေ ပြန်လည်လှုပ်ရှားနိုင်လာ၏။


ယင်းကျောင်းက ကျင်းစစ်ကို မှီနေပြီး သူ့နှုတ်ခမ်းထောင့်များကမူမထိန်းချုပ်နိုင်စွာ မြင့်တက်နေသည်။ ပထမဆုံးအကြိမ်အဖြစ် အင်အားမဲ့ခြင်းက အရမ်းမဆိုးဟု ထင်မိသွားလေသည်။


ယင်းကျောင်း အပြည့်အဝ ပြန်လည်သက်သာလာသောအခါ သူတို့နှစ်ယောက် ကျောင်းသို့ ပြန်ကြလေသည်။


အပြန်လမ်းတွင် ကျင်းစစ်သည် အားအင်ပြည့်ဝနေကာ ပထမဆုံးအကြိမ် အစာရှာထွက်သော သားရဲကောင်လေးကဲ့သို့ ယင်းကျောင်းအနားတွင် ဖြစ်ပေါ်လာနိုင်သော အန္တာရယ်များကို သတိဖြင့်ကြည့်ကာ သွားနေသည်။


သူ့ကို ထိုကဲ့သို့ မြင်လိုက်ရသောအခါ ယင်းကျောင်းရဲ့နှလုံးသားတစ်ခုလုံး ပျော့ပျောင်းသွားတော့သည်။


ဆန်တာကလော့ခ်စ် ကတကယ်ရှိတာလား...ဘာလို့ဆို သူ့ဆီ ကျင်းစစ်လို အကောင်းမွန်ဆုံးဆုလာဘ်ကိုပို့ပေးတယ်လေ...


ယင်းကျောင်းက ညင်ညင်သာသာဖြင့် တခစ်ခစ်ရယ်လိုက်ပြီး ကျောင်းဝတ်စုံလက်ရှည်ကို အခွင့်ကောင်းယူကာ ကျင်းစစ်၏ လက်ချောင်းလေးကို တွယ်ချိတ်လိုက်သည်။


ကျင်းစစ်က အံ့အားသင့်သွားပြီး အနီးအနားပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ယင်းကျောင်း၏ ပြုံးနေသော ဘေးတိုက်မျက်နှာကို တွေ့သောအခါ သူ့နှုတ်ခမ်းကို ဖိထားလိုက်ပြီး မဖယ်တော့ဘဲ ကိုင်ခွင့်ပေးထားလိုက်ကာ ကျောင်းသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်တော့၏။


နောက်ဆုံးစာမေးပွဲဖြေဆိုပြီးနောက် တစ်ကျောင်းလုံးသည် သက်ဝင်လှုပ်ရှားနေကာ ဖိုရမ်ထဲတွင်ပင် ပြန်လည်စီကားနေလေသည်။


[ လွတ်မြောက်သွားပြီ ရလဒ်တွေကို စောင့်ပြီး အိမ်ပြန်ဖို့ပဲရှိတော့တယ် ကောင်းသောနှစ်ဖြစ်ပါစေ]


[ပြောရမယ်ဆိုရင် နိုင်ငံအဆင့် သင်္ချာအဖွဲ့ချုပ် ရဲ့ နောက်ဆုံးပြိုင်ပွဲက သိပ်မကြာတော့ဘူးလေ အကိုကျင်းစစ်ရဲ့ ရလဒ်တွေက ဘာဖြစ်မယ်မသိဘူး]


[စောင့်ကြည့်လိုက် ဖိုင်နယ်ပွဲက စုစုပေါင်း 5 ရက် ကျင်းပမှာ ရလဒ်တွေကတော့ 7 ရက်မြောက်နေ့မှာ ထွက်မှာ]


[အကိုကျင်းနဲ့ တခြားသူတွေက ဖိုင်နယ်ပွဲအတွက်ပြင်ဆင်နေတာ အတော်ကြာပြီ သူတို့ ကျောင်းစာတွေတော့ အရမ်းလေ့လာတဲ့ပုံ မပေါ်ဘူး...ငါတောင်ရုတ်တရက် ရဲရဲတင်းတင်း တွေးလိုက်မိသေးတယ် ...ငါဒီတစ်ခေါက်တော့ ပထမရနိုင်မလားလို့လေ]


[ငါအပေါ်ထပ်က တစ်ယောက်လို ကိုယ့်ကိုယ်ကို မသိတဲ့သူတွေကို သနားတယ် သူက တစ်လလောက် မလေ့လာရင်တောင် သူကအကိုစစ် ဖြစ်နေတုန်းပဲလေ အိုကေ...]


[သေချာပေါက်တော့ မဟုတ်ဘူးပေါ့ တကယ်လို့သာဆိုရင်ရော...]


[ငါက နောက်ဆုံးစာမေးပွဲအတွက် အရမ်းတော့ မျှော်လင့် မထားပါဘူး ဒါပေမဲ့ မင်းပြောနေပုံဆိုရင်တော့ မင်းကရလဒ် အဆင့်တွေကို မြန်မြန် သိချင်နေပုံပဲ ဟားဟားဟား]


[ ခန့်မှန်းရတာတော့ အကိုစစ်က သူ့ကျောင်းအဆင့်တွေကို ဂရုမစိုက်လောက်တော့ဘူး သူသာ အမျိုးသားလေ့ကျင့်ရေးအသင်းကို ဝင်နိုင်မယ်ဆိုရင် အဲ့ဒါက ချင်းဟွာ တက္ကသိုလ်နဲ့ ပီကင်းတက္ကသိုလ်ကို တိုက်ရိုက် အကြံပြုခံရတာနဲ့ အတူတူပဲလေ]


[အမျိုးသားလေ့ကျင့်ရေး အသင်းထဲ ဝင်မယ်ဆိုရင် နှစ်ဆင့်အရွေးချယ်ခံရတယ်လေ ကျင်းစစ်က နိုင်ငံအဆင့်သင်္ချာ သီးသန့် အသင်းထဲကို ဝင်ပြီး နိုင်ငံတကာ သင်္ချာ အိုလံပစ်မှာ နိုင်ငံကို ကိုယ်စားပြုနိုင်ပါ့မလား]


[အပေါ်ထပ်ကလူရေ... မေ့လိုက်တော့ မင်းကနောက်ဆုံးတော့ ပင်ပန်းသွားတာဖြစ်မယ် ကောင်းကောင်းအိပ်ပြီး ဆက်အိမ်မက် မက်နေလိုက်]


တစ်ကျောင်းလုံးရှိ ကျောင်းသားများနှင့် ဆရာများ၏ အာရုံစိုက်မှုအောက်တွင် ကျင်းစစ်နှင့် ကျောင်းသားအများအပြားသည် ထွက်ခွာရမည့်နေ့သို့ ရောက်လာချေပြီ။


နိုင်ငံ့ အလယ်တန်းကျောင်းသားများ၏ ဆောင်းတွင်း အခြေစိုက်စခန်းအဖြစ်လည်းသိကြသော နိုင်ငံအဆင့် သင်္ချာပြိုင်ပွဲ သည် ငါးရက်ကြာကျင်းပပြီး ယခုနှစ်အတွက် ယောင်ချန်း နံပါတ် 1 ကျောင်းတွင် ကျင်းပမည်ဖြစ်သည်။


ပထမဆုံးနေ့တွင် ပြည်နယ်စုများ၏ အကြီးအကဲများသည် အစည်းအဝေးထိုင်ကာ ပြိုင်ပွဲတွင် ပါဝင်မည့် စည်းကမ်းချက်များအကြောင်း ဆွေးနွေးခဲ့ကြ၏။


နောက်တစ်နေ့တွင် ယောင်းချန်း၏ နံပါတ် 1 ကျောင်းသို့ စာမေးပွဲခန်းနှင့် ရင်းနှီးစေရန် သွားလည်ရမည်ဖြစ်သည်။


တတိယနှင့် စတုတ္ထ နေ့များသည် စာမေးပွဲနေ့ဖြစ်သည်။ 


ပဉ္စမ နေ့တွင် တကယ်တော့ ဘာမျှ လုပ်စရာသိပ်မရှိပေ။ ပြည်နယ်စုတိုင်း၏ အသင်းများသည် နံနက်တွင် စာရင်းသွင်းပြီး တိုက်ရိုက် ထွက်ခွာနိုင်ပြီ ဖြစ်သည်။


ဖိုင်နယ်ပွဲပြီး နှစ်ရက်အကြာတွင် ရလဒ်များကို တစ်ခုပြီးတစ်ခု ကြေငြာမည် ဖြစ်သည်။ တချို့သော ပြည်နယ်စုများမှ အသင်းများသည် ဟိုတယ်များတွင် ရလဒ်မထွက်ခင် အထိ ဆက်နေသွားမည်ဖြစ်၏။


တိကျသေချာသော စီစဥ်မှုများ အကြောင်းအား ပြည်နယ်စုကျောင်းသားများကို အသိမပေးသေးသောကြောင့် ကျင်းစစ်က သေချာမသိရပေ။


"အာလုံးပါလာပြီလား တစ်ခုခုကျန်ခဲ့သေးလား" 


ကျောက်ဖုန်က အခြားသူများထက်ပင် ပို၍စိတ်လှုပ်ရှားနေပြီး ထပ်ကာထပ်ကာ မေးနေမိသည်။


"မင်းတို့တွေ လမ်းတစ်ဝက်လောက် ရောက်မှ ယူဖို့ ကျန်ခဲ့တာမျိုး မလိုချင်ဘူးနော်"


"မှတ်ထားလိုက်" 


ကျိုးချောင်၏လက်ဖဝါးများသည် ချွေးပြန် နေကာ ကျောက်ဖုန်၏ စည်းကမ်းတင်းကျပ်မှုများကို ကြားသောအခါ သူ့နှလုံးသားရှိ တင်းကျပ်နေမှုက ချက်ချင်းပျောက်ကွယ်သွားတော့သည်။


" ဆရာကျောက် အဲ့ဒီစကားကို ပြောနေတာ လေးကြိမ် ရှိပြီ ငါရေတွက်ထားတာ"


ကျင်းစစ်က မထိန်းနိုင်ဘဲရယ်မောလိုက်မိသည်။


ကျောက်ဖုန်သည်လည်း သူအရမ်းအလေးအနက်ထားလွန်းနေသည်ကို သဘောပေါက်ကာ ကျောင်းသားတွေအပေါ်မှာ ထပ်ပြီး ဖိအားပေးမိမည်ကို စိုးသောကြောင့် ချောင်းဆိုးကာ အကြောင်းအရာကို ပြောင်းလိုက်၏။ 


" အမြန်ရထားနဲ့ သွားမယ်ဆို ယောင်ချန်းက ဒီနဲ့ 2 နာရီလောက်ဝေးတယ်ဆိုတော့ ငါတို့ ဟိုတယ်ကို ညနေခင်းလောက်မှာရောက်မယ် ငါ ရှောင်ရှောင်းကို တည်းခိုခန်းခ ပေးပြီးပြီ မင်းတိုရောက်ရင် ရှောင်ရှောင်းကို အရင်သွားတွေ့လို့ရတယ် ငါမင်းတို့ကို စခန်းရောက်ရင် ဘာကိုအာရုံစိုက်ရမယ်ဆိုတာပြောပြမယ် "


ပြိုင်ပွဲဝင်သူဖြစ်ဖြစ် အသင်းဆရာဖြစ်ဖြစ် သူတို့အားလုံးသည် စည်းရုံးရေးမှုးအား အခကြေးငွေ ပေးဆောင်ရမည် ဖြစ်သည်။


တစ်ယောက်ချင်းစီ၏ ကုန်ကျငွေက ကွာခြား၏။ ပျမ်းမျှအားဖြင့်ယွမ် နှစ်ထောင်ခန့်ရှိလေသည်။


ယခုနှစ် အိုလံပစ်တွင် တုန်းဟိုင်ပြည်နယ်စုကျောင်းသည် မထင်မှတ်ပဲ ကောင်းမွန်နေသောကြောင့် ကျောင်းသည်လည်း စေတနာ သဒါတရားထက်သန်ကာ ပြိုင်ပွဲအတွက် လိုအပ်သောတည်းခိုခန်းခ ခရီးစရိတ်ခတို့အားလုံးကို ပေးချေပေးသောကြောင့် ကျင်းစစ်ကို စိတ်သက်သာရာရစေသည်။


" ပြီးတော့လည်း..." 


ကျောက်ဖုန်က ခဏလောက်တွေးပြီးနောက်ပြောလိုက်သည်။


" မင်းတို့ နေလို့မကောင်းဘူးဆိုလည်းမရှက်နဲ့ ဆေးတွေကို လက်လွတ်စပယ်မသောက်ဘဲ ငါကိုအရင်ပြော နားလည်ပြီလား"


"နားလည်ပါပြီ"


"ဒါပဲ" 


ကျောက်ဖုန်က လက်ယမ်းပြပြီး ပြောလိုက်သည်။


"သွားမယ်"


ယောင်းချန်းသို့ သွားသောလမ်းတွင် ဖိုင်နယ် စာမေးပွဲမှာ မျက်စိအရှေ့တွင် ဖြစ်နေသောကြောင့် ကျိုးချောင်၏ စကားပြောဆိုနိုင်မှုက မကြုံစဖူးဖြစ်နေတော့သည်။


အမြန်ရထားပေါ်တက်ပြီးနောက် လူအချို့သည် နေရာများတွင်ဝင်ထိုင်ကာ သူတို့လွယ်အိတ်များကို ဖွင့်လိုက်ပြီး စာထပ်ကြည့်ရန် ပြင်လိုက်ကြသည်။ သူတို့ဖတ်သည်ဖြစ်စေ မဖတ်သည် ဖြစ်စေ ထိုအရာက သူတို့၏ စိတ်ကို နှစ်သိမ့်ရန် အတွက်သာ ဖြစ်သည်။


ကျင်းစစ် သူ၏ခရီးဆောင်အိတ်ကို အပေါ်ထပ် ခရီးဆောင်အိတ်တင်သော နေရာတွင် တင်လိုက်ချိန်တွင် သူ့လွယ်အိတ်ထဲတွင် တစ်ခုခုကို စမ်းလိုက်မိပြီး အံ့အားသင့်သွားလေသည်။


သူထိလိုက်မိသောအရာသည် အိုလံပစ်စာအုပ်ကဲ့သို့ စာအုပ်သားမဟုတ်ဘဲ ပလတ်စတစ် အမာသားမျိုးဖြစ်နေသည်။


သူ ထိလိုက်မိသောအရာကို ဖြည်းဖြည်းချင်းထုတ်လိုက်သောအခါ ထိုအရာသည် ခြစ်ထားသောအုန်းသီးမျှင်များဖြင့်ဖုံးလွှမ်းနေသောလေးထောင့်အုန်းနို့ကိတ်လေးဖြစ်နေသည်ကို တွေ့လိုက်ရ၏။


"အကိုစစ်က အရမ်းတော်တာပဲ" 


ကျိုးချောင်က သူ့လက်ထဲမှ လေးထောင့် ကိတ်မုန့်လေးကို ကြည့်လိုက်ပြီး သူသည် ကမ္ဘာအသစ်ကို ရှာတွေ့သွားသလိုပြုံးပြီး ​စကားဆိုလိုက်သည်။


" အကိုက သွားနေတုန်းစားဖို့ ကိတ်မုန့်ကိုတောင် သယ်လာသေးတယ် ဒါက တကယ်ပဲစာမေးပွဲရဲ့ သက်ရောက်မှုဖိအားတွေက ပျောက်သွားနိုင်တယ်"


ကျင်းစစ်က သူ့ကို မဖြေဘဲ သူ့လက်ထဲမှ ကိတ်မုန့်လေးကို အကြာကြီး ကြည့်နေမိပြီးမှ ပြုံးလိုက်မိသည်။


ဤသည်က ယင်းကျောင်းရဲ့ သူများနှင့်မတူသော အားပေးခြင်းဖြစ်သည်။ ထို့အပြင် သူဘာပြောချင်လဲဆိုတာကို ကျင်းစစ်နားလည်သည်။ သူ့ရလဒ်က မည်သို့ပင် ဖြစ်နေပါစေ သူနောင်တမရဘဲ အကောင်းဆုံးကြိုးစားမည်ဖြစ်၏။


ထိုအချိန်တွင် အတန်းထဲ၌ နောက်ဆုံးစာမေးပွဲကို အောင်မြင်သွားသည့် တန်းခွဲ 7 မှ ကျောင်းသားများသည် စိတ်အေးလက်အေး ဖြစ်ကုန်ကျသည်။ တချို့က စကားပြောဖို့ စုနေကြပြီး အချို့ကဝတ္ထုများဖတ်နေကြသည်။ တချို့သည်လည်း ပါပီအချစ်တွင် နစ်မြောကာ တိတ်တဆိတ် ချစ်နေကြသောသူများမှာ ထိုင်ခုံများလဲကာ သူတို့၏ လက်များကို ခုံအောက်တွင် အချင်းချင်း ဆုတ်ကိုင်ထားကြသည်။


ဟယ့်ကျိုး၏ ကတ်ကစားရန် ဖိတ်ခေါ်ခြင်းကို ငြင်းပယ်လိုက်ပြီးနောက် ယင်းကျောင်းသည် ခုံတွင် တိတ်တဆိတ် ထိုင်လိုက်ကာ ဘောပင်အိတ်ကို ဖွင့်ပြီး ဘောပင်ကိုထုတ်၍ သင်္ချာ ပုဒ်စာများကို တွက်ရန် ပြင်လိုက်သည်။


ဘောပင်အိတ်ကို ဖွင့်လိုက်သောအခါ သူခဏမျှ အေးခဲသွားရ၏။ 


မှတ်စုသေးသေးလေးတစ်ခုသည် သူ့ဘောပင်များသာရှိရမည့် အိတ်ထဲတွင် ရှိနေလေသည်။


စာရွက်ထောင့်များသည် အချိုးညီစွာ ခေါက်ထားပြီး မညီညာသည့်ပုံစံ အနည်းငယ်မျှပင် ရှိမနေချေ။ ဘယ်သူလဲလို့ မေးစရာမလိုအောင် ထိုသူက ကျင်းစစ် ဖြစ်နေမှန်း ယင်းကျောင်းသိ၏။


သူစိတ်မကောင်းဘူးလို့ ခံစားရလို့ သူတစ်ခုခုပြောချင်တာနဲ့ ဒီလိုနည်းလမ်းနဲ့ပဲ ဖော်ပြလိုက်တာများလား...


ယင်းကျောင်းက အပြုံးလေးဖြင့် စာရွက်လေးကို ဖွင့်ကြည့်လိုက်သည်။


ယင်းကျောင်း၏ ရင်ဘတ်တစ်ခုလုံးမှာ အနွေးဓါတ်လေးကြောင့် နွေးထွေးနေလေသည်။


ထိုစာရွက်လေးတွင် နောက်ရက်အနည်းငယ်အတွင်း သူလုပ်ရမည့်စာများဖြင့် ပြည့်နေလေသည်။


ဘယ်ဘာသာရပ်၏ ဘယ်လေ့ကျင့်ခန်းကို ဘယ်နေ့တွင် လုပ်ရမည်များကို သေချာမှတ်သားထားလေသည်။ အချိန်လှည်းမှန်ရမည်။ ထိုအရာက သူ့ကို အရမ်း စိတ်မအေး​စေသလို အရမ်းလည်း ဖိအားမများစေပေ။


သူ့ကောင်လေးက အရေးကြီးသော ပြိုင်ပွဲမတိုင်ခင်ပင် သူ့ကို နှလုံးသားထဲမှ ဂရုစိုက်နေသေး၏။


ယင်းကျောင်းကသူ့မျက်လုံးများကို အောက်ငုံ့လိုက်ပြီး မှတ်စုလေးကို သူ့လက်မဖြင့် ပွတ်သတ်ကာ ဘောပင်အိတ်ထဲထည့်လိုက်ပြီးနောက် ကျင်းစစ်ပြောထားသော လေ့ကျင့်ခန်း လုပ်ရမည့်စာအုပ်ကို ပြောင်းထုတ်လိုက်သည်။


.......


ကျင်းစစ်နှင့် တခြားသူများက ယောင်းချန်းသို့ ရောက်သောအခါ စည်းရုံးရေးမှုစီစဥ်ပေးထားသော ဟိုတယ်သို့ Taxi စီးကာသွားကြသည်။


ကျောက်ဖုန်က ကျောင်းသားအချို့၏ ID ကတ်ကိုယူကာ အခန်းစီစဥ်ပေးလိုက်ပြီး တိုက်တွန်းပြောဆိုလိုက်သည်။


" ပြီးရင် မင်းတို့ အခန်းထဲကို ခရီးဆောင်အိတ်တွေ သယ်သွားလိုက် လျှောက်သွားမနေနဲ့ ဆောင်းတွင် စခန်းက မနက်ဖြန်စမှာ ကြားကြလား"


"နားလည်ပါပြီ" 


လူ အများအပြားသည် တုံ့ပြန်လိုက်ပြီး သူတို့၏ ID ကတ်များကို ပြန်ယူကာ သူတို့နှင့်သက်ဆိုင်ရာ အခန်းများဆီသို့ ပြန်သွားကြ၏။


_


စာရေးသူမှာပြောစရာရှိပါတယ် : စာအုပ်ဖတ်ပြီးသောအခါ__


ကျင်းစစ် : အမှောင်ထဲမှာ ရှုံ့တွနေတဲ့ နွားပေါက်လေးရှိတယ်


ယင်းကျောင်း : အမှောင်ထဲမှာ ဆန်တာကလော့ခ်စ် ရှိတယ်


(Eng T/n : သူတို့နှစ်ယောက်ဘာတွေ ပြောနေလဲငါမသိဘူး...)


[ Mm T/N : 


ကျင်းစစ် Mean - အမှောင်ထဲမှာသနားစရာကောင်းအောင်ကိုယ်ကိုကျုံ့ပြီး၀မ်းနည်းအထီးကျန်ဆန်နေတဲ့ ယင်းကျောင်းရှိတယ်...


ယင်းကျောင်း Mean - အမှောင်ထဲမှာသူ့ကိုအလင်းဆောင်ပေးမယ့် လက်ဆောင်မွန်လေး ကျင်းစစ်ရှိတယ်... ]


__


Translated By IQ-Team.