အပိုင်း၇၅
Viewers 13k

Chapter 75

Chapter 75


ကျင်းစစ်နှင့် ကျိုးချောင်တို့သည် အိပ်ယာနှစ်ခုပါသော အခန်းတွင် နေရမည်ဖြစ်သည်။ သိပ်မကြာခင်တွင် တံခါးဖွင့်ကာ ကျိုးချောင် ဝင်လာပြီး အံ့အားသင့်စွာ ပြောလိုက်သည်။


"ဒီအခန်းက အရမ်းကောင်းတာပဲ"


စည်းရုံးရေးမှုးက ကောင်းသောအခန်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဤဟိုတယ်သည် ဟောင်းနွမ်းနေသော စီးပွားဖြစ် ဟိုတယ် ဖြစ်သော်လည်း သိပ်မကြာသေးခင်ကမှ ပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ထိုအခန်း၏ အလှဆင်ထားမှုက လှပပြီး လေကောင်းလေသန့်ရစေသည်။


ကျိုးချောင်က သူ့ အိတ်ကို ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး အိပ်ယာကို ရွေးကာ ထိုပေါ်တွင် ထိုင်လိုက်ပြီးနောက် သက်ပြင်းချလိုက်မိသည်။


"ဒီခရီးက အလကားတော့ မဖြစ်ပါဘူး တကယ်လို့ ကျွန်တော်တို့ စာမေးပွဲမှာ ရလဒ်ကောင်းမရနိုင်ခဲ့ရင်တောင် ဒီဟိုတယ်မှာ ငါးရက်တောင် နေရမှာဆိုတော့ တန်ပါတယ် "


ကျင်းစစ်က အင်း လို့ပြောလိုက်ပြီး သူ့ကျောင်းလွယ်အိတ်ကို ကုတင်ခေါင်းရင်းမှာ ထောင်ကာ သူလိုအပ်သည့်အရာများကို ထုတ်ရန် ပြင်လိုက်ချိန်တွင် သူ့အိတ်ကပ်ထဲမှ ဖုန်းက တုန်လာလေသည်။


သူထုတ်လိုက်သောအခါ ယင်းကျောင်းဆီမှ မက်ဆေ့ချ် ဖြစ်ကြောင်းတွေ့လိုက်ရ၏။


[ကျောင်း] : မင်းရောက်ပြီလား


ကျင်းစစ်ကအချိန်ကို ကြည့်လိုက်ပြီးနောက် စတုထ္တ အချိန်သည် ယခုလေးတင် ပြီးချိန်ဖြစ်သောကြောင့် ယင်းကျောင်း ဖုန်းသုံးသည်မှာ အံ့ဩစရာ မဟုတ်ပေ။


[ကျင်း] : အင်း ငါတို့ ဟိုတယ်ရောက်ပြီ


ယင်းကျောင်း စိတ်ပူနေမှာစိုးသောကြောင့် ကျင်းစစ်သည် တစ်ချက် တွေးလိုက်ပြီးနောက် ဖုန်းကိုမြှောက်ကာ အခန်းကို ဓါတ်ပုံနှစ်ပုံ ရိုက်လိုက်ပြီး သူ့ဆီသို့ပို့ပေးလိုက်သည်။


[ကျင်း] : အခန်းကို အလှဆင်ထားတာ အရမ်းလှတယ် ပတ်ဝန်းကျင်ကလည်း ကောင်းတယ်


ယင်းကျောင်းက ချက်ချင်း စာပြန်သည်__


[ကျောင်း] : ကြည့်ရတာတော့ ကောင်းပါတယ်


ကျင်းစစ်က ပြုံးလိုက်ပြီး နေ့လည်စာဘာစားခဲ့လဲလို့ မေးတော့မည့်အချိန်တွင် မက်ဆေ့ချ် အသစ်တစ်ခု ရောက်လာလေသည်__


[ကျောင်း] : အလှဆုံးတစ်ယောက်က ကိုယ့်ကို စကားပြောနေတယ်လေ


ကျင်းစစ် နှလုံးသားမှာ အနည်းငယ်ချိုမြိန်သွားပြီး သူမတတ်နိုင်ဘဲ ယင်းကျောင်း၏ နောက်ဆုံးပို့သော စာကို ထပ်ကာထပ်ကာ ဖတ်မိနေတော့သည်။ သူ စာပြန်ခါနီးတွင် ယင်းကျောင်းက ဖုန်းခေါ်လာ၏။


"အားလုံး အဆင်ပြေပြီလား"


"အင်း"


ကျင်းစစ်က ဘေးနားတွင် ထိုင်နေသော ကျိုးချောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းကိုကိုင်ကာ အပြင်သို့ ထွက်သွားပြီး ကော်ရစ်ဒါအစွန်းသို့သွားကာ မတ်တပ်ရပ်လျက်မေးလိုက်သည်။


"ဆရာကျောက်က ငါတို့ကို ပြီးရင် အပြင်ခေါ်သွားမှာ မင်းရော စားပြီးပြီလား"


ယင်းကျောင်းက သူ့ခုံတွင် ပျင်းရိစွာ မှီထိုင်လိုက်ကာ သူ့ဘောပင်ကို အတော်ကြာလှည့်နေလိုက်ပြီး ပြောလိုက်သည်။


" ကိုယ် အပြင်ကနေမှာလိုက်တယ် ကျန့်ချွယ်နဲ့ တခြားသူတွေ သွားယူနေတယ် ကိုယ့်ကို စိတ်မပူနဲ့ မင်းသာ စာမေးပွဲကို ကောင်းကောင်းမွန်မွန်ဖြေ ကိုယ်ကဒီမှာ အဆင်ပြေတယ်"


သူက စကားပြောတာကိုခတ္တ ရပ်လိုက်ပြီးနောက် တခစ်ခစ်ရယ်လိုက်ပြီး " ကိုယ်က မင်းကိုပဲ လွမ်းတာ"


ကျင်းစစ်ရဲ့ မျက်နှာမှာအနည်းငယ် ပူနွေးလာပြီး သူ့နှုတ်ခမ်းများကို စုဝိုင်းထားလိုက်ပြီးနောက် မေးလိုက်သည်။


" မင်း... ဘောပင်အိတ်ထဲက မှတ်စုစာရွက်ကို တွေ့လား"


"ကိုယ်တွေ့တယ်"


လေးထောင့်ညီညီခေါက်ထားသော မှတ်စုစာရွက် အခေါက်လေးများကို သတိရသွားသောအခါ ယင်းကျောင်း နှလုံးသားမှာ နွေးထွေးသွားပြီး နူးနူးညံ့ညံ့လေး ဖြေလိုက်၏။


" ဒီနေ့ နေ့ခင်းမှာလုပ်ရမယ် နှစ်ဆက်စာကို ကိုယ်လုပ်ပြီးပြီ ကိုယ်မင်းပြန်လာပြီး စစ်ဆေးမှာကို စောင့်နေမယ်"


ယင်းကျောင်းက သူ ကျင်းစစ်၏ အချိန်များကို မဖြုန်းချင်သောကြောင့် သူ့အကြောင်းအများကြီး မပြောပေ။ သူ အခုရက်ပိုင်းစိတ်ပူနေရသောအကြောင်းကိုသာ မေးလိုက်သည်။


" မင်း ခေါင်းကိုက်သေးလား"


သူက ချောင်အန်းယန် အားစောင့်ကြည့်ရန် လူများလွှတ်ထားသော်လည်း သူစိတ်ပူနေတုန်းပင်ဖြစ်သည်။


" ဟင့်အင်း အဲ့ဒါက ကောင်းနေလောက်ပါပြီ "


ကျင်းစစ်သည် ယင်းကျောင်းကို စိတ်မပူစေရန်ပေ့ါပေါ့ပါးပါးဖြစ်ဟန်ဖြင့်ဖြေလိုက်သည်။ သို့ရာတွင် ထူးဆန်း၏။ သူတို့နှစ်ယောက် ခွဲခွာရတာ နာရီပိုင်းသာ ရှိသေးပေမဲ့ ဘာကြောင့်များ ထိုလူအကြောင်းကို အမြဲတမ်းတွေးနေမိရတာလဲ။


သူနှလုံးသားမှာ ပျော့ပျောင်းသွားပြီး သူ့အလိုအလျောက် ပြောလိုက်မိ၏။


" ငါ နောက်ဆုံးစာမေးပွဲတုန်းကတော့ ဘာနာကျင်တာမှ မခံစားလိုက်ရဘူး"


ယင်းကျောင်းက ကျင်းစစ်ကို အမြဲဂရုတစိုက် ကြည့်နေတတ်ပြီး ကျင်းစစ် စကားလုံးထဲမှ စကားအနည်းငယ်၏ အဓိပ္ပါယ်ကို ကြားလိုက်ရုံဖြင့်ချက်ချင်းနားလည်သွားသည်။ သူ့နှလုံးသားမှာ ချက်ချင်းပင် အေးခဲသွားပြီး မေးလိုက်သည်။


" စာသင်နှစ် နောက်ဆုံးကာလ တွေမှာရော နာတာကိုခံစားမိတာလား... ဘယ်စာမေးပွဲမှာ နာတာကို ခံစားခဲ့ရလဲ..."


ထိုအရာမှာ ခေါင်းကိုက်ခြင်းသာ ဖြစ်သည့်အတွက် ကျင်းစစ်က သူ့ကို ဖုန်းကွယ်မထားဘဲ အမှန်အတိုင်းသာဖြေလိုက်သည်။


" ပြည်နယ်စုရဲ့ ပဏာမစာမေးပွဲတွေမှာတော့ နာတယ်"


ပြည်နယ်စု ပဏာမစာမေးပွဲ...


ယင်းကျောင်းသည် ထိုနေ့ကို စိတ်ထဲတွင် စွဲစွဲမြဲမြဲ မှတ်ထားလိုက်ပြီး ထိုနေ့ပြီးတဲ့နောက် ချောင်းအန်ယန်း ဘာလုပ်ခဲ့သေးလဲ ဆိုတာကို စစ်ဆေးဖို့ပါ စီစဥ်ထားလိုက်သည် ။


" ကလေးလေး"


ကျင်းစစ်က ခေါင်းကိုက်နေရင်းမှ စာမေးပွဲကို ဆက်ဖြေတဲ့အကြောင်းကို တွေးမိသောအခါ ယင်းကျောင်း ဝမ်းနည်းသွားကာ သက်ပြင်းချပြီးပြောလိုက်သည်။


" ကိုယ်တို့ သဘောတူညီမှု တစ်ခုလောက် လုပ်ကြမလား"


ကလေးလေးလို့ ခေါ်တာကို ကြားလိုက်သောအခါ ကျင်းစစ် နှလုံးသားမှာ မထိန်းနိုင်ဘဲ အခုန်မြန်လာလေသည်။


သူက သူတို့နှစ်ယောက် နမ်းနေချိန်မျိုးတွင်သာ ထိုသို့ခေါ်တတ်ပေမဲ့...ဒီနေ့ကျမှ ဘာလို့လဲ...


သူ့ပါးများမှာ ပူနွေးလာပြီး သဘာဝမကျစွာ​မေးလိုက်သည်။


" ဘာ...ဘာကိုလဲ"


"ကိုယ် မင်းနဲ့အတူရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ မင်း အနာဂါတ်မှာ ခေါင်းကိုက်ရင် ကိုယ့်ကိုအမြဲပြောရမယ် "


ကျင်းစစ်က ခေါင်းငြိမ့်လိုက်ပြီး" အိုကေ"


"အကိုစစ်"


ကျိုးချောင်၏ ကျယ်လောင်သော အသံကိုကြားလိုက်ရပြီး ကျင်းစစ် လှည့်ကြည့်လိုက်သည့်အခါ သူကပြောလာသည်။


" ဆရာကျောက်က ကျွန်တော်တို့ကို အခုချက်ချင်း ဟောခန်းထဲမှာ လာပြီးစုဖို့ပြောတယ်"


ကျင်းစစ်က လက်ဖြင့် အိုကေလို့ လုပ်ပြလိုက်သည်။


ယင်းကျောင်းလည်း ကျိုးချောင်၏အသံကို ကြားလိုက်ရသဖြင့် သူ ပြောလိုက်၏။


" မင်းအလုပ်ရှုပ်နေလား အဲ့ဒါဆို ကိုယ်မင်းကို မနှောက်ယှက်တော့ဘူးနော်..."


သူ့စကားမဆုံးခင် ကျင်းစစ်က ဖြတ်ပြောလိုက်သည်။ သူကအနည်းငယ်စိတ်လှုပ်ရှားနေသဖြင့် အရင်ထက်မြန်စွာပြောလိုက်သည်။


"ဒီရက်ပိုင်းတော့ အပြင်ထွက်မစားနဲ့ ကျောင်းကန်တင်းမှာပဲစား"


ယင်းကျောင်းက သူဆိုလိုတာကို အတန်ကြာ နားမလည်သဖြင့် ထပ်မေးလိုက်မိသည်။


"ဟမ်...ဘာဖြစ်လို့လဲ"


" မင်း မမြင်သင့်တာကို မြင်လိမ့်မယ်"


ကျိုးချောင်က ရပ်စောင့်နေသေးတာကို တွေ့ပေမဲ့ ကျင်းစစ်မှာ အသံ တိုတိုးမပြောနိုင်တော့ပေ။


" စိတ်ရှည်ရှည်နဲ့ ငါမင်းကို ပြန်လာပြီး အဖော်ပြုပေးမှာကို စောင့်နေ"


ယင်းကျောင်းက အံ့အားသင့်သွားပြီး သူ့နှလုံးသားလေးမှာ စိမ့်စမ်းရေအိုင်လေးထဲသို့ နစ်မြုပ်သွားပြီး နူးညံ့ပျော့ပျောင်းသွားတော့၏။


" အိုကေ ကိုယ် မင်းစကားနားထောင်မယ်"


ကျင်းစစ် ဖုန်းချပြီးတဲ့နောက် အခန်းထဲသို့ပြန်မဝင်ဘဲ ကျိုးချောင်နှင့်အတူ အောက်သို့ဆင်းသွားလိုက်သည်။


ကျောက်ဖုန်က သူတို့ကို အမဲသားဟော့ပေါ့ဆိုင်သို့ ခေါ်သွားတာပင်။


"ရှောင်းရှောင်း ငါ့ကို wechat မှာပြောတာတော့ သူရောက်နေပြီတဲ့ ဒီည မင်းတို့ အချင်းချင်းရင်းနှီးအောင် လုပ်ကြ အနာဂါတ်မှာ သူငယ်ချင်းတွေ ဖြစ်လာနိုင်တာပဲ ဘာပဲပြောပြော ဆက်ဆံရေးကောင်းတာက အန္တရာယ် မရှိဘူးလေ"


လူအများမှာ မဆိုင်းမတွ သဘောတူ တုန့်ပြန်လိုက်ပြီး စားပွဲထိုးက သူ့တို့ ကြိုတင်မှာထားသော နေရာသို့ ​ခေါ်သွားပေးသည်။


ရှောင်လေ့ယွဲ့က နေရောင်ကဲ့သို့တောက်ပကာ ခန့်ညားလေသည်။ သူတို့ကို တွေ့သောအခါ သူကပြုံးပြလာ၏။


ကျောက်ဖုန်က သူနှင့် စကားအနည်းငယ်ပြောပြီး​နောက် ကျင်းစစ်နှင့် အခြားသူများက သူနှင့်တစ်ယောက်ချင်းနူတ်ဆက်ဖြစ်ကြသည်။


ရှောင်လေ့ယွဲ့က သူတို့ တစ်ယောက်ချင်းဆီကို နှုတ်ဆက်ပြီးနောက် ထိုအဖွဲ့သည် ထိုင်ကာ အစားအသောက်များမှာတော့၏။


ဤဟော့ပေါ့ဆိုင်သည် ယောင်ချန်းတွင် နာမည်ကြီးပြီး နေ့တိုင်းလူများပြည့်နေပြီး စားပွဲထိုးများမှာလည်း လေ့ကျင့်ထားသူများဖြစ်ပြီး မြန်ဆန်ကြလေသည်။ သူတို့စကား ပြောလို့မပြီးသေးခင်တွင် ဟော့ပေါ့အိုးနှင့်အမဲသားဟင်းပွဲများ သယ်လာကြ​သည်။


အိုးထဲမှ စွပ်ပြုတ် ဆူပွက်လာသောအခါ ရှောင်လေ့ယွဲ့က ဇွန်းကို ကောက်ကိုင်ကာ ပြုံးပြီးပြောလိုက်သည်။


" ဘယ်တစ်ခုကို မင်းတို့ အရင်စားချင်လဲ ကိုယ်ထည့်ပေးမယ်"


သူတို့စကားပြောရမည်ကို ရှက်မှာစိုးသောကြောင့် သူကထပ်ပြောလိုက်သည်။


"ကိုယ့်ကို ဒေသခံလို့ သက်သေပြခွင့် ပေးပါ "


ကျောက်ဖုန်က အမဲသားပုံလေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့လက်ကို ယမ်းပြီး ပြောလိုက်သည်။


" အဲ့ဒါကအကုန် အသားပဲလေ ကြိုက်တာသာထည့်"


ရှောင်လေ့ယွဲ့က ပြုံးလိုက်ပြီး ပါးကန်နှစ်ချပ်ထဲက အသားများကို ကျောက်ဖုန်စကားအတိုင်း အိုးထဲသို့ ထည့်လိုက်သည်။


ကန်တုံစတိုင် အမဲသား ဟော့ပေါ့သည် ပါးလွှာစွာ လှီးထားပြီး ထိုအရာက ချက်ပြုတ်ရန် အခြေခံအားဖြင့် 10 စက္ကန့် သာကြာပြီး စားရတာပြသနာမရှိပေ။


ရှောင်လေ့ယွဲ့သည် ပြင်ဆင်ထားသော အသားကို လက်ဖက်ဆောစ့်ထဲသို့ နှစ်ပြီး ပြောလိုက်သည်။


"ကိုယိ ဒီနေ့ ဆောင်းတွင် စခန်းအကြောင်း အဓိက ပြောချင်တာပါ"


ကျင်းစစ်နှင့် အခြားသူများက သူတို့ခေါင်းများကို ချက်ချင်းမော့ကြည့်ကာ သေချာဂရုတစိုက်နားထောင်လိုက်သည်။


"မနက်ဖြန်ကျရင် အဓိက ကောလိပ်တွေနဲ့ တက္ကသိုလ်တွေက လူတွေကို ပို့လိုက်လိမ့်မယ် သူတို့က ရလဒ်တွေ ထွက်လာတဲ့အထိ ကွင်းထဲမှာစောင့်နေလိမ့်မယ် နောက်ပြီး ရလဒ်အရ ကစားသမားတွေနဲ့ စာချုပ်ချုပ်ဆိုလိမ့်မယ်"


"နိုင်ငံရဲ့လေ့ကျင့်ရေးအသင်းထဲမှာ နှစ်တိုင်း လူ 60 လောက်တော့ရှိတယ် ရွှေတံဆိပ်ဆု အပါအဝင်ဆိုရင် လူ 100 လောက်တော့ အသင်းထဲမှာရှိတယ် နိုင်ငံရဲ့လေ့ကျင့်ရေးအသင်းထဲက လူတွေကတော့ တိုက်ရိုက်အကြံပြုခြင်းခံရတာ ရွှေတံဆိပ်ဆု ကစားသမားတွေကတော့ အင်တာဗျူးတွေဖြေရတယ်"


သူက အမဲသားကို သူ့ပါးစပ်ထဲထည့်လိုက်ပြီးနောက် ဆက်ပြောသည်။


"မင်းတို့အတွက်တော့... မင်းတို့ရဲ့ ရည်မှန်းချက်က ချင်းဟွာ တက္ကသိုလ်နဲ့ ပီကင်း တက္ကသိုလ် ဆိုတော့ တခြားကျောင်းတွေရဲ့ စည်းမျဥ်းစည်းကမ်းတွေအကြောင်း မပြောတော့ဘူးနော်"


ကျင်းစစ်နှင့် အခြားသူများခေါင်းငြိမ့်လိုက်သည်။


"မင်းတို့က အခုမှ အထက်တန်းဒုတိယနှစ်ပဲရှိသေးတာဆိုတော့ မင်းတို့ ငွေတံဆိပ်ဆုရပြီး မင်းတို့အဆင့်က နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ မင်းတို့မှာ ချင်းဟွာ တက္ကသိုလ်နဲ့ ပီကင်း တက္ကသိုလ် ပထမတန်းကို ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိသေးတယ်"


" အဲ့တော့ အားလုံးပဲ ဒီတစ်ကြိမ်တော့ ရအောင်ကြိုးစားကြရအောင်"


ရှောင်လေ့ယွဲ့က ပြုံးလိုက်ပြီး နောက်ထပ် အမဲသားတစ်ပန်းကန်ကို အိုးထဲသို့ထည့်လိုက်သည် ။


" မင်းတို့မှာ မေးစရာရှိရင် အချိန်မရွေး ကိုယ့်ကို မေးပါ မင်းတို့ရဲ့ ဆရာကျောက်ပြောသလိုပဲ ကိုယ်က ဒီမှာ မင်းတို့ရဲ့ ကိစ္စကို လုပ်ပေးဖို့ အဓိက ရောက်နေတာလေ"


ကျင်းစစ်နှင့် အခြားသူများက သူ့ကို ပြန်လည် ကျေးဇူးတင်စကားဆိုလိုက်၏။


အရင်ရက်များတွင် ကျင်းစစ်နှင့် ကျိုးချောင်မှာ ရှောင်လေ့ယွဲ့နှင့် wechat ပေါ်တွင် မကြာခဏ စကားပြောဖြစ်ကြသည်။ အစပိုင်းတွင် စိမ်းကားနေသော ခံစားချက်များက ပျောက်ကွယ်သွားပြီး စကားဝိုင်းမှာ ပိုမို တိုးတက်လာသည်။


အဓိက ကတော့ ကျိုးချောင်နှင့် ရှောင်လေ့ယွဲ့ကသာ ပင်တိုင် စကားပြောနေခြင်းဖြစ်ပြီး ကျင်းစစ်က ရံဖန်ရံခါမျှသာ ဝင်ပြောတတ်သည်။


"ကျွန်တော် လမ်းလေးဘာလေး လျှောက်မလားစဥ်းစားနေတာ "


ကျိုးချောင်သည် ဇီးချဥ်ဟင်းရည်ကို တစ်ငုံသောက်ပြီး ပြောလိုက်သည်။


" ဒါပေမဲ့ ဖိုင်နယ်စာမေးပွဲ အကြောင်းတွေးမိလေ ပိုစိတ်လှုပ်ရှားလေပဲ မေ့လိုက်ပါတော့ ဟိုတယ်ခန်းကို ပြန်ပြီး စာပဲဖတ်တော့မယ်"


ကျောက်ဖုန်က သူ့ကို ကြည့်ပြီး ပြောလာသည်။


" ဘာအတွက် လမ်းလျှောက် မှာလဲ ငါ မင်းတို့ကို ပြောခဲ့တာကို ပြန်သတိပေးမယ် ယောင်ချန်းမှာ ရှိနေတဲ့ ရက်အနည်းငယ် အတွင်း မင်းတို့တွေ အပြင်ကို တစ်ယောက်ထဲထွက်ခွင့် မရှိဘူး"


ကျင်းစစ်က ထိုစကားများကို ကြားသောအခါ သူ့ခေါင်းကို ချက်ချင်းမော့လိုက်မိ၏။


ယောင်ချန်းပြည်နယ်စုသည် တုန်းဟိုင် ပြည်နယ်စု နှင့်ဘေးချင်းကပ်ရပ် ဖြစ်သော်လည်း ယဥ်ကျေးမှုဆိုင်ရာ ပြည်နယ်စု ဖြစ်လေသည်။ ဤနေရာတွင် စာအုပ်အမျိုးအစားအစုံ ရှိသည်။ သူက ထိုအခွင့်ကောင်းယူပြီး ယင်းကျောင်းအတွက် သင့်တော်မည့်စာအုပ်များကို စာအုပ်ဆိုင်တွင် သွားဝယ်ချင်နေသည်။


ကျောက်ဖုန်က သူ့အကြည့်များကို သတိထားမိသွားပြီး ကျင်းစစ်ဖက်သို့ လှည့်လိုက်သည်။ သူ့ကအနူးညံ့ဆုံးသော အသံတုံးကာလာကိုထားပြီး မေးလိုက်သည်။


" ကျင်းစစ် ဘာဖြစ်လို့လဲ တစ်ခုခု ဖြစ်လို့လား"


" ကျွန်တော် စာအုပ်ဆိုင် သွားချင်လို့"


သူက ဟော့ပေါ့ဆိုင်သို့လာသော လမ်းတစ်လျှောက်တွင် အာရုံစိုက်လာသောကြောင့် ဤအနီးအနားတွင် စာအုပ်ဆိုင်ကြီး တစ်ဆိုင်ရှိသည်ကို တွေ့ခဲ့ရသည်။ xxx စာအုပ်များ ရရှိနိုင်သည် ဟုသော ဆိုင်းပုဒ် ထောင်ထားပြီး ရည်ညွှန်းထားသော စာအုပ်များက အတော်လေးကောင်စမည့် ပုံပေါ်သည်။


ကျင်းစစ်၏ စရိုက်က တည်ငြိမ်အေးချမ်းပြီး သိုသိုဝှက်ဝှက်နေကာ သာမာန်ထက်ပိုသော အရာများကို မလုပ်တတ်ပေ။ သူက ကျောက်ဖုန်၏ အနှစ်သက်ဆုံး တပည့်မျိုးဖြစ်လေ၏။


ထိုသို့ဆိုလျှင်တောင် သူကကျင်းစစ်ကို စာအုပ်ဆိုင်သို့ တစ်ယောက်တည်းမလွှတ်ရဲပေ။ တစ်ခုခုဖြစ်သွားလျှင် ကိစ္စက  သေးသေးလေးမဟုတ်တော့ပေ။


သူ တုံ့ဆိုင်းနေတုန်း ရှောင်လေ့ယွဲ့က ရုတ်တရက် ပြောလာသည်။


" ကျွန်တော် ရှောင်ကျင်းကို ခေါ်သွားလိုက်မယ် ဦးလေးကျောက် မစိုးရိမ်ပါနဲ့ ကျွန်တော်ပြန်ပို့ပေးမယ်လို့ ကတိပေးတယ် "


ရှောင်လေ့ယွဲ့က ကျင်းစစ် အကြောင်းကို ကျောက်ဖုန်ဆီမှ အရင်က ကြားသိခဲ့ရပြီး သူ၏ ပြိုင်ပွဲ ရမှတ်များကို သိထားလေသည်။ ထိုသုံးယောက်ထဲတွင် သူက ကျင်းစစ်ကို ပို၍စိတ်ဝင်စား​လေသည်။


ကျင်းစစ်က ကြည့်ကောင်းသော်လည်း သူ့ စရိုက်သည် ဖော်ဖော်ရွေရွေ မရှိပေ။ စားနေတုန်းတွင် သူက ပြိုင်ပွဲအကြောင်းမှလွဲ၍ စကားအနည်းငယ်သာ ဝင်ပြောတတ်သည်။ သူတို့ ကိုယ်ပိုင် အကြောင်းအရာများကို ပြောနေချိန်တွင် သူက ပါးစပ်ပိတ်ပြီးသာ စားနေလေသည်။


ရှောင်လေ့ယွဲ့က သူနှင့်စကားပြောရန် အခွင့်အရေးမရှိမည်ကို စိုးရိမ်နေချိန်တွင် အခွင့်အရေးက ကောင်းကင်ပေါ်မှရုတ်ချည်းဆိုသလိုရောက်ချလာ၏။


ကျောက်ဖုန်က ရှောင်လေ့ယွဲ့နှင့် အဆင်ပြေသောကြောင့် သူတစ်ချက်တွေးတောပြီးနောက် ခွင့်ပြုပေးလိုက်သည်။


" အိုကေ ဒါပေမဲ့ ငါတို့ သဘောတူထားသလိုပဲ စာအုပ်ဆိုင်ကို သွားပြီးတာနဲ့ ချက်ချင်းဟိုတယ်ကို ပြန်လာခဲ့နော်"


ကျင်းစစ်က ခေါင်းငြိမ့်လိုက်သည်။


" ကျွန်တော်သိပါပြီ ကျေးဇူးပါဆရာ"


စားသောက်ပြီးတဲ့နောက် ထိုအဖွဲ့က အုပ်စု နှစ်စု ကွဲသွားသည်။


ရှောင်လေ့ယွဲ့က စကားများသူဖြစ်သဖြင့် သူတို့အပြင်ထွက်ထွက်ချင်း စ​၍စကားဆိုလိုက်သည်။


"ရှောင်ကျင်း မင်း ဘယ်လို စာအုပ်အမျိုးအစားကို ဝယ်ချင်တာလဲ"


ကျင်းစစ်က သင်္ချာ သို့မဟုတ် အိုလံပစ်သင်္ချာ ဆိုတာမျိုး၀ယ်လိမ့်မည်ဟုထားထင်ပေမဲ့ ကျင်းစစ်က သူ မမျှော်လင့်ထားတာကို ပြောလာသည်။


"အထက်တန်းကျောင်း ဒုတိယနှစ်အတွက် လေ့ကျင့်ခန်းစာအုပ်တွေပါ"


ရှောင်လေ့ယွဲ့က အံ့အားသင့်စွာ မေးလိုက်မိသည်။


" ဝါး မင်းကအဲ့ဒီလို စာအုပ်မျိုးလိုသေးတယ်လား"


သူက ခတ္တ ရပ်တန့်သွားပြီးမှ စိတ်ကူးပေါက် နားလည်သွားလေသည်။


" မင်းအဲ့ဒါကို မင်းကောင်မလေးအတွက် ဝယ်မလို့လား"


ကောင်မလေးလား...


ကျင်းစစ်မှာ ခဏတာ အံ့အားသင့်သွားပြီးနောက် ယင်းကျောင်း၏ သစ်အယ်သီးပုံ မျက်နှာကို တွေးမိသွားသောအခါ မရယ်ဘဲမနေနိုင်တော့ပေ။


"ကိုယ်မှန်သားပဲ"


ရှောင်လေ့ယွဲ့က အသာရယ်မောလိုက်ကာ မသိမသာ မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။


" မစိုးရိမ်ပါနဲ့ ကိုယ် ဆရာကျောက်ကို ပြန်မပြောပါဘူး"


ကျင်းစစ်လို လူမျိုးက ကြိုက်ရတဲ့ ကောင်မလေးမျိုးကို သူသိချင်လွန်းတာကြောင့် သူမထိန်းနိုင်ဘဲ မေးလိုက်မိသည်။


" သူမက လှလား"


မလှပေမဲ့ ခန့်ညားပြီးချောမောတဲ့ပုံစံမျိုး...


ယင်းကျောင်း အကြောင်း တွေးမိသောအခါ ကျင်းစစ် မျက်နှာမှာ အလွန်ပျော့ပျောင်း သွားသည်။ သူတို့နှစ်ယောက် ဘယ်လို အဆင်ပြေခဲ့လဲဆိုတာကို ပြန်တွေးရင်း သူ့ကိုယ်သူ တိတ်တဆိတ် ချိုချဥ်ပေးလိုက်မိသည်။ ရှောင်လေ့ယွဲ့၏ မေးခွန်းကို ရှောင်ရှားတော့မည့် အချိန်တွင် သူ့အိတ်ကပ်ထဲမှ ဖုန်းက တုန်ခါလာ၏။


သူ ထုတ်ကြည့်လိုက်သောအခါ ယင်းကျောင်း ဖြစ်ကြောင်းတွေ့လိုက်ရသည်။


"နတ်ဆိုးအကြောင်းပြောရင် သူရောက်လာလိမ့်မယ်* "


ရှောင်လေ့ယွဲ့က ရှေ့သို ခြေနှစ်လှမ်း ကြိုလှမ်းလိုက်ပြီးနောက် သူ ဖုန်းပြောတာကို နားထောင်မည် မဟုတ်ကြောင်း လက်ဟန်ခြေဟန်ဖြင့် စနောက်ပြောဆိုလိုက်လေသည်။


" သွားလေ"


( * T/n : ရှောင်လေ့ယွဲ့ ပြောချင်တာက ကောင်မလေးအကြောင်းပြောနေတုန်း ကောင်မလေးဆီက ဖုန်းဝင်လာတာလို့)


ကျင်းစစ်က သူ့ကို ရှက်ရွံ့စွာ ပြုံးပြလိုက်ပြီးနောက် ဖုန်းဖြေသည့် ခလုတ်ကို နှိပ်လိုက်သည်။


"ယင်းကျောင်း"


ယခု အချိန်သည် ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်သောကြောင့် အနည်းငယ် ထူးဆန်းနေလေသည်။ ထို့အပြင် သူတို့စကားပြောပြီးသည်မှာ သိပ်မကြာသေးသောကြောင့် အကြောင်းမရှိလျှင် ယင်းကျောင်းက သူ့ကို ဖုန်းခေါ်မည် မဟုတ်ပေ။


သူက ယင်းကျောင်း၏ ရယ်နေသံ ခပ်ဩဩကို ကြားလိုက်ရသည်။