အပိုင်း(၆၉)
အသံကိုကြားရတော့ ဘယ်သူလဲဆိုတာ လင်ရှန်း မပြောနိုင်ခဲ့ပေ. သူမ နောက်ပြန်လှည့်လိုက်သည့်အခါမှာတော့ အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားရှိပြီး သူ့ဆံပင်တွေကို ဖျန့်စင်းချထားလျက်ရှိနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်. ထိုအမျိုးသားက ရုပ်ရည်ချောမောသည့်စာသင်သားတစ်ယောက်လိုမျိုး ပုံစံပေါက်နေခဲ့ကာ ထိုအမျိုးသားက သူ့ကိုမြင်လိုက်ရချိန်တွင် သူမရဲ့အံ့ဩတုန်လှုပ်နေသည့် အမူအရာကိုကြည့်ပြီးတော့ သူ့မျက်လုံးတွေကို မှေးစဉ်းသွားသည့်တိုင် ခဏကြာပြီးသည့်အထိပင် သူက ဘယ်သူဘယ်ဝါဆိုတာကို သူမ စဉ်းစားလို့မရနိုင်ခဲ့ချေ။
ရုတ်တရက် လင်ရှန်းက ပြန်မှတ်မိသွားပြီးတော့ သူမမျက်နှာက အစိမ်းရောင်သို့ ပြောင်းသွားတော့လေသည်။
'ရှင်..ကျွန်မကို လာနောက်နေတာလား? အဲဒါ တုရီ မဟုတ်လား! စစ်ချပ်ဝတ်တန်ဆာမဝတ်ထားတာနဲ့ သူက ဘာဖြစ်လို့ ဒီလောက်ကြီး ခြားနားသွားတာလဲ။ ပြီးတော့ သူက ဘာဖြစ်လို့ ငါ့ကို လာပြီးတော့ စကားလာေဖာရောနေရတာလဲ။ သူက ငါ့ကို သူ့ရဲ့ အင်္ကျီလက်ပြတ်လာလုပ်ဖို့ အစီစဉ်တစ်ခု လုပ်နေတာများလား။
လင်ရှန်းက မနေ့ကလေးကမှ
တုရီကို တွေ့ခဲ့ရကာ အခုတော့ ဒီလူနဲ့ပတ်သတ်ပြီးတော့ အလွန်ပင် ရှုတ်ထွေးပွေလီနေသည့်အမြင်တွေက သူမတွင် ဖြစ်တည်နေတော့သည်. သူမရဲ့စိတ်အခြေအနေကလဲ အကန့်အသတ်ကို ရောက်နေတော့ သူမက သိပ်မကြည်မသာပုံပေါက်နေသည့်မျက်နှာ အမူအရာနဲ့သာ ပြောလိုက်ခဲ့သည်.- "ဒီအမှုထမ်းက အရှင့်သား ဒီကိုရောက်လာတာ မသိလိုက်ဘူးပဲ၊ ကျွန်တော့် အပြုအမူတွေက မယဉ်ကျေးသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီးတော့ သင့်သလိုသာ အပြစ်ပေးလိုက်ပါခင်ဗျာ"
"ကြင်ယာတော်မင်းသား..၊ မင်းက အရမ်းပြင်းထန်လွန်းနေပါပြီ၊ ငါကဖြတ်သွားဖြတ်လာအနေနဲ့ပဲ ရောက်လာတာ၊ မယဉ်ကျေးတဲ့ အမူအရာမျိုးတွေလဲ ဖြစ်မသွားရပါဘူး" တုရီက သူမအပေါ်တွင် အလွန်ပင်ရည်ရည်မွန်မွန် ဖြစ်နေပေမယ့်လည်း လင်ရှန်းကတော့ သူ့ဆီကနေပြီးတော့ စိုးရိမ်မှုတွေကို ခံစားနေဆဲပင်။
တုရီက ဆက်ပြောလိုက်ခဲ့တယ်.- " ငါတို့တွေ ကံတရားကြောင့် လာဆုံကတည်းက မင်းကို ငါ့ဧည့်သည်အနေနဲ့ ဘာဖြစ်လို့ မဖိတ်ခေါ်နိုင်ရအုံးမှာလဲ"
တုရီ ဒီလိုပြောလိုက်သည့်အခိုက်တွင်တော့ လင်ရှန်းတစ်ယောက် " လက်ဆောင်တွေပေးနေတဲ့ မသင်္ကာစရာမြေခွေးတွေကို သတိထားပါ" လို့ပြောကြတာကို ပြန်အမှတ်ရသွားတော့လေတယ်. သူ သူမကို ဖိတ်ကြားလိုက်တာက တုရီမှာ အကြောင်းအရင်းတစ်ခုတော့ ရှိကိုရှိရမယ်. ထိုအချိန်တွင် လင်ရှန်းတစ်ယောက် အနည်းငယ်လေးပင် စိတ်ပျက်သွားတော့လေသည်. 'ငါ့ဆီမှာ ရွှေဓားစလွယ်လဲ မရှိပါဘူး.. ငါ့မှာ အသားတွေအများကြီးလဲ မရှိဘူး. ငါ့ဝတ်ရုံတွေကလဲ သန့်ရှင်းပြီးတော့ အုတ်နံရံလေးဘက်ပဲရှိတဲ့ အခန်းတစ်ခန်းမှာလဲ ငါနေ နေရတာပါ. ရှင်တို့တွေအားလုံးက ကျွန်မကို ဒီလောက်တောင်မှ တကူးတကလာပြီးတော့ စောင့်ကြည့်နေကြရတာလဲ။ ရှင်တို့ စိတ်မကုန်နိုင်ပေမယ့် ကျွန်မတော့ တော်တော်စိတ်ကုန်လာပြီ!'
သူမရဲ့ သွင်ပြင်အမူအရာတွေက အရမ်းကောင်းနေသည့်ပုံမပေါက်ဘဲ သူမက ယဉ်ယဉ်ကျေးကျေးပင် ပြန်ငြင်းလိုက်ခဲ့သည်.- "အရှင့်သား၊ ခင်ဗျားရဲ့ ကြင်နာစွာဖိတ်ခေါ်မှုအတွက် ကျွန်တော် တကယ်ကိုဝမ်းမြောက်မိပါတယ်၊ ဒါပေမယ့် နေကလဲ မပွင့်သေးဘူးလေ မိုးကလဲ ရွာနေတုန်းပဲမဟုတ်လား၊ တကယ်လို့ ကျွန်တော် အလည်လိုက်လာခဲ့ရင်တော့ တစ်ခြားသူတွေကို စိတ်အနှောက်အယှက်ဖြစ်မှာကို ကျွန်တော်စိုးရိမ်မိတယ်ဗျ၊ ကျွန်တော်တို့ ဘာဖြစ်လို့ တစ်ခြားရက်ကျမှ မတွေ့နိုင်ရမှာလဲ?။ အရှင့်သားရော ဘယ်လိုထင်သလဲခင်ဗျ"
'သူမက တော်တော်ဉာဏ်ပြေးတာပဲ. တုဟောင် သူမကို နှစ်ခြိုက်နေတာ မဆန်းပါဘူး။'
တုရီက စကားတစ်ခွန်းမှ ပြန်မပြောလိုက်ပေမယ့် လင်ရှန်းကိုတော့ နက်နက်နဲနဲပင် အကြည့်စူးစိုက်နေခဲ့သည်. ခတ္တခဏကြာပြီးသည့်နောက်တွင်မှ သူက ပြန်လည်တုံ့ပြန်လိုက်ခဲ့သည်.- "ကြင်ယာတော်မင်းသား စိတ်ထဲမှာဒီလိုဆုံးဖြတ်ပြီးသားဖြစ်နေတော့လည်း ငါလည်း အတင်းအကျပ် မဖိတ်တော့ပါဘူးလေ၊ ကံကောင်းတာက ငါ ကလဲ ဒီမှာ အကြာကြီးနေရဦးမှာပဲ၊ ငါတို့တွေ မှာ နောက်ထပ်အခွင့်အရေး ရှိလာမှာပဲလေ မင်းရော အဲလိုပဲပြောမှာပါ ဟုတ်တယ်မို့လား။" တုရီက ပြန်မငြင်းနိုင်အောင် တစ်ခါတည်းအပိုင်ချီတုတ်ပြီးတော့ ပြန်ပြောလိုက်လေတယ်။
လင်ရှန်းတစ်ယောက် ချွေးအေးတွေက သူမတစ်ကိုယ်လုံးဆီမှ တောက်တောက်စီးကျလာသလို ခံစားလိုက်ရသည်. 'အမေရေ! ဒီလူရဲ့ရာထူးက တုဟောင်ထက်တောင်မှ မြင့်တာ! ဒါပေမယ့် မတူတာက တုဟောင်ကမှ သူလိုချင်တာကို ပွင့်ပွင့်လင်းလင်းရှိသေးတယ်. တုရီက သူ့ရည်ရွယ်ချက်တွေကို လျိုထားတာ.. တုရီကတောင် ပိုပြီးတော့ အန္တရာယ်ရှိနေပါရောလား!'
ထိုအချိန်အခိုက်တွင်တော့ လင်ရှန်းတစ်ယောက် အန္တရာယ်တွေက ထောင့်တိုင်းထောင့်တိုင်းကနေပြီးတော့ ပုန်းအောင်းပြီးတော့ တိုက်ခိုက်ဖို့ချောင်းမြောင်းခံနေသလိုမျိုး ခံစားလိုက်ရသည်. သူမ မှာ အခွင့်ရေးတစ်ခုသာလျှင် ရှိပါတယ်..သူမ ပြေးရမှာဘဲ!
........
မိုးက ဆက်တိုက်ဆိုသလို ရွာသွန်းနေပြီးတော့ ဆောင်းဦးလေတွေက တသုန်သုန်တိုက်ခတ်လျက်ရှိနေသည်။
နန်းမြို့တော်ကနေ ညမကူးခင် လိန်ဖန်ထွက်ခွာသွားခဲ့ကာ နောက်ဆုံးတွင် ဒုတိယညမှာတင် အမည်းရောင်သစ်တောအုပ်၏ အစွန်အဖျားနားသို့ ရောက်ရှိသွားခဲ့သည်. လေထုက စိုထိုင်းထိုင်းဖြစ်လို့နေပြီးတော့ မြူခိုးမြူငွေ့တွေက သစ်တောကို အုပ်ဆိုင်းသွားအောင် ဖုံးအုပ်လျက်ရှိနေသည်. မြူငွေ့တွေက သိပ်သည်းလျက်ရှိနေခဲ့ကာ အောက်ခြေကိုတောင် မမြင်ရတော့ချေ။
တုဟောင်က သူ့ရဲ့လက်ရုံးဖြစ်သည့် ကုဇောင်အား လိန်ဖန်အတွက်ထောက်ပံ့ပေးဖို့ ပေးပို့လိုက်ခဲ့ပါတယ်. ကုဇောင်က တောအုပ်အပြင်ဘက်စွန်းကို တစ်ပတ်ပတ် ကြည့်ပြီးတော့ လိန်ဖန်ကို ပြန်သတင်းပို့လိုက်ခဲ့သည်. "နေကထွက်နေတာတောင်မှ တောထဲမှာ မြူတွေဆိုင်းနေတာ တော်တော် ထူးဆန်းနေတယ်..အရာရှိလိန်..၊ တောအုပ်က လုံခြုံမှုမရနိုင်မှာတော့ ကျွန်တော် စိုးမိတယ်ခင်ဗျ၊ ကျွန်တော်တို့တတွေ ရှေ့ဆက်မသွားခင် မနက်ခင်းလင်းတဲ့အထိ စောင့်ကြည့်ရင်ရော ဘယ်လိုနေမလဲ။"
"အချိန်က အရမ်းကျပ်လွန်းနေတယ်၊ အရှင်မင်းမြတ်က ကြာကြာစောင့်နိုင်မှာ မဟုတ်ဘူး၊ ငါက အရင်တုန်းက ဒီတောထဲကို ရောက်ဖူးတော့ ဒီမြေပြင်အနေအထားကို ငါ အကျွမ်းတဝင်ရှိတယ်၊ အုပ်စုနှစ်စု ခွဲချလိုက်တော့၊ ငါက ချီဖိန်နဲ့ လမ်းကြောင်းရှင်းရင်း သွားလိုက်မယ်၊ မင်းနဲ့ ချောင်ယုက ငါတို့နောက်ကနေပြီးတော့ ထောက်ပံ့ပေးလိုက်၊ ငါတို့တွေ နေမထွက်ခင် ဖြေဆေးကို ရအောင်ရှာမှရမယ်!" လိန်ဖန်က အမိန့်ပေးလိုက်ကာ သူက 'ဝူရင်'ကို သူ့ဖိနပ်မှ သံစူးဖြင့် တို့လိုက်ခဲ့သည်. 'ဝူရင်'က ဟီသံပေးလိုက်ပြီးတော့ မုန်တိုင်းတစ်လုံးလိုမျိုး အဖြူရောင်မြူငွေ့တွေ မှုန်ဝါးအုပ်ဆိုင်းနေသည့် တောအုပ်ထဲသို့ ဝင်ရောက်သွားတော့သည်။
"နောက်က လိုက်ကြ!" ကုဇောင်က အော်ဟစ်လိုက်သည်. မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းလေးကောင်က တောအုပ်ထဲသို့ တဟုန်ထိုးဝင်ရောက်သွားတော့သည်. တချွတ်ချွတ်မြည်နေသည့် တောအုပ်က မကောင်းဆိုးဝါးတစ်ကောင်၏ပါးစပ်ပေါက်တစ်ခုလိုပင်. ထိုအရာက လူတွေနဲ့မြင်းတွေကို မြိုချလိုက်ကာ ပဲ့တင်ထပ်သံတွေတောင်မှ လျှပ်တစ်ပျက်ခြင်းပျောက်ခြင်းမလှ ပျောက်ကွယ်သွားတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက်တွင် အရိပ်ဆယ်ရိပ်ထက် ပိုမိုသော အရိပ်တွေက အသံတစ်သံမှ မထွက်ပေါ်ဘဲနဲ့ ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့သည်. သူတို့က အမည်းရောင် သစ်တောအုပ် အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိနေကြသည်။
"အရာရှိ၊ သူတို့တွေ အခုတောထဲကို ဝင်သွားကြပြီ။" အမဲရောင်အရိပ်တစ်ခုက ဒူးထောက်ချလိုက်ကာ တင်ပြလိုက်သည်။
လူအုပ်စု၏ခေါင်းဆောင်ဖြစ်သူက တောအုပ်ထဲကို လှမ်းမျှော်ကြည့်လိုက်ပြီးတော့ လေသံတိုးတိုးဖြင့် ပြောလိုက်လေတယ်..- "အစီအစဉ်အတိုင်း ဆက်အကောင်ထည်ဖော်ကြတော့"
သူ့အသံက လေထဲတွင် ရစ်ဝဲနေတုန်းတွင် အရိပ်များက ဦးတည်ရာပေါင်းစုံသို့ ဝင်ရောက်ကာ အစဖျောက်သွားကြတော့သည်. သူတို့ရဲ့ကွန်ဖူးစွမ်းရည်က သူတို့တည်ရှိမှုကို တစ်စွန်းတစ်စမျှပင် ပြသခြင်းမရှိခဲ့ပေ. သူတို့က ဒီနေရာကို ဘယ်တုန်းကမှ လာရောက်ခဲ့ဖူးခြင်း မရှိခဲ့သလိုပင်။
ထိုအချိန်မှာတော့ လိန်ဖန်နှင့် သူ့အဖွဲ့သားတွေက တောနက်ပိုင်းထဲသို့ ဝင်ရောက်သွားခဲ့သည်. ရာသီဥတုအခြေအနေကြောင့် မြူတွေက ပိုပိုထူထပ်လာခဲ့သည်. သူတို့အထဲကို ပိုဝင်ရောက်သွားလေလေ သူတို့ရဲ့တွေ့မြင်နိုင်စွမ်းက နည်းပါးလေလေဖြစ်နေသည်. မြင်းတွေကလဲ ရှေ သို့ ဒုန်းစိုင်းပြေးမသွားနိုင်တော့ပေ ဘာလို့ဆိုတော့ သူတို့လဲ ဘာမှမမြင်နိုင်လို့ပါပဲ. သူတို့က သူတို့သွားမည့် ရှေ့လမ်းကြောင်းကို စမ်းတဝါးဝါးဖြင့်သာ မှန်းဆ၍သွားနေကြရတော့သည်။
နောက်မှရှိနေသည့် ကုဇောင်နှင့်ချောင်ယုက နောက်ကနေလိုက်ပါပြီးတော့ သူတို့ ဘေးပတ်ဝန်းကျင် အား ဂရုတစိုက်ဖြင့် လေ့လာစူးစမ်းလို့နေ နေသည်။
ပတ်ဝန်းကျင်တွင် ငှက်တစ်ကောင်တစ်မြီးအသံမျှတောင် ကြားရခြင်းမရှိခဲ့ချေ. အလွန်ထူးထူးဆန်းဆန်းပင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
"အကို ကု၊ ဒီနေရာမှာ တစ်ခုခုမှားနေသလိုမျိုး ကျွန်တော် ဘာဖြစ်လို့ခံစားနေရတာလဲ မသိဘူး။" ချောင်ယုက သစ်တော်တစ်ခုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သူဖြစ်သည်. သူ့မှာ သဘာဝအလျောက်ပင် သူ့အလိုလိုပါးပါးနပ်နပ် ရှိသူပင်ဖြစ်သည်. "ဒီမြူခိုးဖြူဖြူတွေက လေထဲမှာ အဆိပ်လဲ မရှိဘဲနဲ့ ဒီနေရာမှာ ငှက်တစ်ကောင်တစ်လေတောင်မှ မတွေ့ရဘူး၊ ဒီနေရာက ပြဿနာရှိနေမှာ ကျွန်တော် စိုးရိမ်မိတယ်!"
ချောင်ယုမှ အခြေအနေကို တင်ပြလိုက်သည့်အခိုက်တွင်တော့ ကုဇောင်ရဲ့ သတိထားမှုတွေက ပိုအရှိန်မြင့်လာပြီးတော့ မသက်မသာဖြစ်သွားရကာ.- "မင်း ပြောတာမှန်တယ်၊ ဒီတောအုပ်က အတော်လေး တိတ်ဆိတ်နေတယ်၊ ဒီနေရာက သေချာပေါက် တစ်ခုခုမှားယွင်းနေတာပဲ၊ အရာရှိလိန်ကို သွားပြီး သတိပေးကြရအောင်ဟေ့၊ မြန်မြန်လုပ်!" ဒီစကားလုံးတွေကို ထုတ်ပြောလိုက်သည့် ချက်ချင်းတွင် 'ဝူရင်'ရဲ့ တညည်းတညူမြည်ဟီးသံကို ကြားလိုက်ရတော့သည်။
'အိုး... မဟုတ်ဘူး!" ကုဇောင်က ကျယ်လောင်စွာအော်ဟစ်လိုက်တော့သည်. သူက ကတိုက်ကရိုက်ဖြင့် သူ့မြင်းကို ကျာပွတ်နဲ့ရိုက်လိုက်ပြီးတော့ အမှီလိုက်ဖို့ ကြိုးစားလိုက်ပေမယ့်လဲ နောက်ကျသွားခဲ့ပါတယ်. လက်နက်ပုန်းတွေ၏ တဝစ်ဝစ်လေတိုးလိုက်သည့်အသံတွေက တိတ်ဆိတ်ငြိမ်သက်နေသည့် တောအုပ်ထဲတွင် ထွက်ပေါ်လာခဲ့သည်. လေထုထဲတွင်လည်း သေခြင်းတရား၏အရိပ်အငွေ့တွေက ပြည့်နှက်လို့သွားတော့သည်။
အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားကြသည့် ဒီယောက်ျားတွေက ကောင်းကောင်းကြီး လေ့ကျင့်ပေးထားခြင်း ခံရသည်မှာ သိသာနေခဲ့တယ်. ထပ်ပြီးတော့လဲ သူတို့က မြေနေရာအနေအထားနဲ့ အလွန်ပင် တရင်းတနှီးရှိလို့နေကြပါတယ်. သူတို့တွေက ကြီးမားလှသော အပင်ကြီးအပင်ငယ်တွေရဲ့အကျိုးကျေးဇူးကို ရယူကာ လိန်ဖန်အား ချုံခိုတိုက်ခိုက်ခဲ့သည်. သည့်အပြင်တွင် သူတို့ရဲ့အသက်ရှူသံတွေကလဲ ပုံမှန်အတိုင်းမဟုတ်လုနီးပါးပင်ဖြစ်နေသည်. လိန်ဖန်က ဒီလိုအရာမျိုးက ဘယ်တုန်းကမှ မြင်ဖူးခြင်းမရှိခဲ့ပေ. သူက သူတို့ကို လုံးဝကို သတိပြုမိခြင်းမရှိခဲ့ပါဘူး။
အခုတော့ ကုဇောင်နဲ့ ချောင်ယုတို့ ရောက်ရှိလာကြကာ သူတို့နှစ်ယောက်လုံးကလဲ သူတို့ရဲ့ဓားတွေကို ရွှမ်းခနဲ ဆွဲထုတ်လိုက်ကြကာ တိုက်ပွဲတွင် ပူးပေါင်းပါဝင်လိုက်ကြတော့သည်. သို့သော်လည်း သည်အရာတွေက သူတို့ထင်ထားသလောက် ကြည့်ကောင်းသည့်အရာတွေ မဟုတ်ခဲ့ပါဘူး. သူတို့သုံးယောက်တည်းနဲ့ ဒီလူစုကို ခုခံတိုက်ခိုက်နေရပါတယ်. ရန်သူတွေက ဒီဒေသနဲ့လည်း အကျွမ်းတဝင်ရှိနေခဲ့တယ်. ဒီအပြင် မြူခိုးတွေကလဲ သူတို့မြင်နိုင်ရုံလေးလောက်ဖြစ်အောင်ကို ထူပိတ်နေခဲ့ပါတယ်။
သူတို့တွေ လမ်းပျောက်နေခဲ့ချိန်တွင်တော့ ဒီနေရာဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရသည့် ချီဖိန်က ရုတ်တရက် အော်ဟစ်လိုက်ခဲ့တယ်.- "အရာရှိ၊ ရှေ့ကို တိုးသွားကြဗျို့! မြေပြင်က ပိုမြင့်လာရင် မြူတွေနည်းသွားလိမ့်မယ်!"
သူတို့လေးယောက်သား တိုက်ခိုက်ရင်းဖြင့် ရှေ့ကို တိုးပြီးတော့ တိုက်သွားကြလိုက်တော့သည်. မျှော်လင့်ထားသလိုပင် ကုန်းမြေပြင်က ပိုမြင့်မားလာခဲ့ကာ မြူခိုးတွေက တဖြည်းဖြည်းအောက်ခြေတွင် တိမ်ဝင်လို့လာတော့သည်. သူတို့တောနက်နက်ထဲကို ပိုတိုးဝင်သွားလေလေ မြူခိုးတွေက လျော့ပါးလာတော့သည်. မကြာခင်တွင် သူတို့တွေ မြေကြီးကိုတစ်ဖန် ပြန်မြင်လာရတော့သည်. သူတို့ရန်သူတွေအနေနဲ့ကတော့ သူတို့တွေတောအုပ်ထဲမှာ နောက်ထပ်ကိုယ်ယောင်ဖျောက်လို့ မရနိုင်တော့တာက သူတို့ကို ရှုံးနိမ့်စေဖို့ အကြောင်းဖန်လာတော့သည်. ထိုသည်ကို ကြည့်ရသည်မှာ စားပွဲခုံက မှောက်ခုံလှန်ချလိုက်ခြင်းခံလိုက်ရသလိုပင် ဖြစ်နေလေသည်။
ထိုအချိန်တွင်တော့ သူတို့တွေက ချောက်ကမ်းပါးနဲ့ ပိုတိုးကပ်လို့လာခဲ့သည်. တောင်ကြားထဲတွင် မြစ်တစ်စင်းက တည်ရှိနေပြီးတော့ ရေစီးနှုန်းကလဲ ညအခါတွင် အော်မြည်နေသည့် သားရဲကောင်တစ်ကောင်လို တဝေါဝေါဖြင့် ကြမ်းတမ်းလွန်းစွာစီးဆင်းနေခဲ့သည်. အနက်ရောင်ဝတ်ဆင်ထားကြသည့် အမျိုးသားတွေကလဲ နီးကပ်လာခဲ့ကာ သူတို့ငါးယောက်က လိန်ဖန်ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်လျက်ရှိနေကြသည်. တိုက်ကွက်တစ်ကွက်စီတိုင်းက သေကွင်းသေကွက်ကို ကြံရွယ်နေကြသည်. တစ်လှမ်းချင်း တစ်လှမ်းချင်းဖြင့် သူတို့က လိန်ဖန်အား ချောက်ကမ်းပါးအစွန်းသို့ တွန်းပို့ကာ တိုက်ခိုက်နေကြသည်. သူတို့တွေက သူ့ကိုတမင်ဖိအားချင်နေတာက သိသာလွန်းနေခဲ့သည်။
"ချီဖိန်..၊ ကလိမ်ကကျစ်ကောင်! မင်း ငါတို့ကို ဘယ်နေရာကို ခေါ်လာခဲ့တာလဲ။ လိန်ဖန်ကို သွားကူလိုက်စမ်း!" ကုဇောင်က ချီဖိန်အား ကျိမ်းဝါးအော်ဟစ်လိုက်ခဲ့သည်။
ချီဖိန်က ပြန်တုံ့ပြန်လိုက်ခဲ့ကာ လိန်ဖန်ရှေ့သို့ အလောသုံးဆယ်ပြေးလွှားသွားလိုက်ခဲ့ကာ အနက်ရောင်ဝတ်လူနှစ်ယောက်ကို တားဆီးလိုက်ခဲ့သည်. သူက နောက်ပြန်လှည့်လိုက်ခဲ့ကာ ကျယ်လောင်စွာအော်ဟစ်လိုက်ခဲ့သည်. - "အရာရှိ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် ခင်ဗျားတို့ကို လမ်းမှားကြီးကို ခေါ်လာခဲ့မိသွားပြီ!"
လိန်ဖန်ကသူ့စကားကို ပြန်မဖြေလိုက်ခဲ့ဘဲ ပြောလိုက်တယ်. - "မင်းနောက်ကို သတိထားစမ်း!" သူက သူ့ဓားရှည်ကို မြှောက်လိုက်ကာ ချီဖိန်ရဲ့နောက်ကို ဓားဖြင့်တားဆီးပေးလိုက်တယ်. တစ်ချိန်တည်းမှာပဲ သူက ရုတ်တရက် ပြင်းထန်သောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်. လင်းလက်ချွန်မြနေသည့် ဓားတစ်ချောင်းက သူ့ရင်ဘတ်သို့ ဖောက်ဝင်လာခဲ့ပါတယ်. လိန်ဖန်ရဲ့မျက်ခုံးရိုးတွေက ရွံ့တွလို့သွားခဲ့ကာ သူမော့ကြည့်လိုက်ခဲ့သည်. သူရှေ့တွင် ရှိနေတာက ချီဖိန်ပင် ဖြစ်သည်. သူ့ရဲ့ရိုးဖြောင့်သည့် မျက်နှာထားမှသည် စဉ်းလဲပြီး ရက်စက်ကြမ်းကြုတ်သည့်အသွင်သို့ ကူးပြောင်းလို့သွားတော့သည်။
"အရာရှိ၊ ခင်ဗျားက အမြဲတမ်းပဲ ခင်ဗျားရဲ့နောက်ကျောကိုပဲ စိုးရိမ်နေသင့်တာ မဟုတ်ဘူး၊ ရှေ့ကလည်း အတူတူ အန္တရာယ်ရှိတယ်" ချီဖိန်က စဉ်းလဲစွာအဆိုပြုလိုက်ကာ သူ့ရဲ့ဓားရှည်ကို ပြန်ဆွဲထုတ်လိုက်ခဲ့သည်. လတ်ဆတ်သည့် သွေးတွေက လျှံထွက်လာခဲ့ကာ ချီဖိန်က သူ့လက်ဖဝါးဖြင့် လိန်ဖန်ရဲ့ရင်ဘတ်ကို ကြမ်းကြမ်းတမ်းတမ်းဆောင့်၍ တွန်းထုတ်လိုက်ခဲ့သည်။
လိန်ဖန်က ဟန်ချက်ပျက်သွားပြီးတော့ နောက်သို့ ခြေလှမ်းတော်တော်ဆုတ်လိုက်ရသည်. ဒါပေမယ့် ခြေလှမ်းချစရာ မြေကြီးမရှိတော့ဘဲ ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားခဲ့တော့သည်။
အမှောင်ထုက လျင်မြန်စွာဖြင့်ပင် လိန်ဖန်အား ဝါးမြိုစားသောက်လိုက်တော့သည်. ကျန်နေသည့်အရာအားလုံးက ကျောက်တုံးပေါ်က သွေးကွက်တွေပင် ဖြစ်တော့သည်။
To be continued❤❤❤
...........
End....