ထိုသူက ရေချိုးပုဝါကို ပြန်ခေါက်လိုက်ပြီး သူမထံ ပစ်ပေးရင်း ပြောလိုက်သည်။ "ရာသီဥတုက ပူနွေးလာတာကြောင့် နောက်လလောက်ကျရင် တောင်ဘက်အရပ်ကို သွားမယ့် ဇွန်ဘီလှိုင်းလုံးတစ်ခု ဖြစ်လာလိမ့်မယ်။ အနည်းဆုံး ငါ ထွက်သွားဖို့ဆို ဇွန်ဘီတွေ မြို့က ထွက်မသွားခင်အချိန်ထိ စောင့်ရမှာပဲ။"
ကျန်းမြောင်မြောင်က ထိတ်လန့်သွားလေသည်။ "အဲဒီတော့ နင်က ဒီမှာ အနည်းဆုံး တစ်လလောက်တောင် နေမယ်လို့ ဆိုလိုတာလား။"
"အင်း။"
"မဖြစ်နိုင်ဘူး။"
သူမ၏ အထောက်အပံ့များအားလုံးက သူမအပိုင်သာဖြစ်ပြီး အခြားလူနှင့် မျှဝေရလိမ့်မည်ဟု မည်သည့်အခါကမှ တွေးထားဖူးခြင်းမရှိခဲ့ပေ။
ထိုသူက မျက်ခုံးများကို ပင့်လိုက်၏။ "ငါ မရှိဘဲနဲ့ အဲဒီဇွန်ဘီလှိုင်းလုံး တိုက်ခိုက်မှုကနေ မင်း အသက်ရှင်နိုင်မယ်လို့ ထင်နေလား။"
"ငါ မလုပ်နိုင်ရင်တောင် နင်လည်း မလုပ်နိုင်တာ အတူတူပဲ ဖြစ်မှာ။" ကျန်းမြောင်မြောင်က အံကြိတ်လိုက်သည်။ "ငါ တကယ် အကိုက်ခံရပြီး ဇွန်ဘီဖြစ်သွားရင် နင့်ကို အရင်ဆုံး ကိုက်စားပစ်မယ်။"
တစ်ဖက်လူက ဟွန့်ခနဲ နှာမှုတ်ရင်း လှောင်လိုက်သည်။
သူမ၏ ခန္ဓာကိုယ်သေးသေးလေးနှင့် ဇွန်ဘီဖြစ်လာရန်မဆိုထားနှင့် အမှန်တကယ် ဇွန်ဘီဖြစ်လာပြီး အဆင့်မြင့်ဗားရှင်းဖြစ်သွားလျှင်ပင် သူမက သူ့ပြိုင်ဘက်မဖြစ်နိုင်ပေ။
ကျန်းမြောင်မြောင်က မျက်လုံးများကို လှိမ့်လိုက်သည်။ သူမက သူ့ကို လျစ်လျူရှုကာ သူမဘာသာသူမ နေရန် ဆုံးဖြတ်လိုက်၏။
သူမက ထရပ်ကာ မြေအောက်ခန်းသို့ လျှောက်သွားနေရင်း ပြောလိုက်သည်။
"နင် နေလို့ရတယ်။ ဒါပေမယ့် ငါ့ပစ္စည်းတွေကို လက်လွတ်စပယ် မထိရဘူး။"
သူက အတင်းအကျပ် ဖိအားပေးလာလျှင် သူမ လုပ်နိုင်သည့်အရာ ဘာမှ မရှိပေ။
သူမက ထိုသို့မဖြစ်စေချင်ခဲ့ပေ။ ထိုကဲ့သို့ဖြစ်လာပါက သူမက သေခြင်းဖြင့်သာ အဆုံးသတ်သွားရမည် ဖြစ်သောကြောင့်ပင်။
ကျန်းမြောင်မြောင်က ဂေါ်ဖီချဥ်အမဲသားခေါက်ဆွဲတစ်ဘူးနှင့် ပြန်ထွက်လာခဲ့ပြီး ရေနွေးကြိုကာ မနက်စာစားရန် ပြင်လိုက်သည်။
သူမ ခေါက်ဆွဲစားနေစဥ် ထိုလူက သူမအား စေ့စေ့စပ်စပ် ကြည့်နေသော်လည်း သူမက မမြင်ခဲ့ပေ။
"ဒီအိမ်က မင်းရဲ့အိမ် မဟုတ်ဘူး။ မင်း အခုတလောမှ ပြောင်းလာတာ ဖြစ်ရမယ်။"
"မင်း အခန်းထဲမှာ အလှပြင်ပစ္စည်း ဘာတစ်ခုမှ မရှိသလို ရေချိုးခန်းထဲမှာ ရေချိုးဆပ်ပြာတောင် မရှိပေမယ့် အစားအသောက်တွေနဲ့ ရေကတော့ အများကြီးရှိနေတယ်။ အဲဒါတွေကို ဇွန်ဘီပျက်ကပ်မဖြစ်ပွားခင်လေးကမှ ထည့်ထားခဲ့ပုံရတယ်။"
"မင်းမှာ မိသားစုမရှိဘူး။ မဟုတ်ရင် မင်းက မိသားစုနဲ့ အဆင်မပြေဘူးဆိုရင်တောင်မှ ဒီလိုအချိန်အခါမျိုးမှာ သူတို့ဆီသွားဖို့ လုပ်သင့်တာပေါ့။ ဒီမှာတစ်ယောက်တည်း ပုန်းနေမယ့်အစား အနည်းဆုံး ကြိုးစားကြည့်မှာပဲ။ မင်းမှာ သူငယ်ချင်းလည်းမရှိသလို ချစ်သူလည်းမရှိဘူး။ သီးသန့်ဆန်ပြီး လူတွေနဲ့ ထိတွေ့ရမှာကြောက်တဲ့ အကျင့်စရိုက်မျိုးက မင်း ကြီးပြင်းလာရတဲ့ပတ်ဝန်းကျင်က မကောင်းမွန်ဘူးဆိုတာ ပြသနေတယ်။ ဖြစ်နိုင်တာက မင်းရဲ့ စိတ်ခံစားချက် အတွေ့အကြုံတွေကြောင့် မဟုတ်ရင် ကိစ္စတချို့ကို တွေ့ကြုံခဲ့ရတာကြောင့်များလား။"
သူက သူမ လက်ကို ဆွဲယူကာ ဖျစ်ညှစ်လိုက်သည်။
"မင်းရဲ့ လက်မောင်းတွေက ပိန်ပါးပေမယ့် ကြွက်သားတချို့ရှိတယ်။ ပုံသဏ္ဌာန်ကို အခြေခံပြီးကြည့်ရရင် Gym သွားတာကြောင့်တော့မဖြစ်နိုင်ဘူး။ မကြာခဏ အလေးအပင်တွေ မ ရတာကြောင့်ပဲ ဖြစ်ရမယ်။ မင်းက ဝိတ်တာတစ်ယောက်လား။"
"မင်းရဲ့ ညာဘက် လက်ခလယ် ပထမအဆစ်နားမှာ အသားမာတစ်ခုရှိတယ်။ ကြည့်ရတာ ဒီနှစ်တွေတလျှောက် မင်း စာတွေအများကြီး ရေးရတာမျိုး ဖြစ်လိမ့်မယ်။ ဆိုတော့ မင်းက ကျောင်းတက်ရင်း အလုပ်လုပ်နေတာလား။"
သူက သူ့မေးစေ့သူ ထိရင်း အနက်ရောင်မျက်လုံးများက တောက်ပလာသည်။
"မိသားစုမရှိတဲ့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်၊ သီးသန့်ဆန်တဲ့ အကျင့်စရိုက်မျိုးနဲ့ ငွေကြေးအခြေအနေက ဆင်းရဲသေးတယ်။ ဒါပေမယ့် ဇွန်ဘီပျက်ကပ်မဖြစ်ပွားခင်လေးမှ အထောက်အပံ့ပစ္စည်းတွေ အများကြီး ဝယ်ယူစုဆောင်းခဲ့တယ်လား။ ဆိုတော့..."
ကျန်းမြောင်မြောင်၏ ဦးရေပြားက ထုံကျဥ်လာသလို ခံစားလိုက်ရသည်။ သူမက ပြန်လှည့်ကာ အော်ဟစ်လိုက်၏။ "နင် ဘာလိုချင်နေတာလဲ။"
သူက လေးနက်သော အကြည့်တို့ကို ပြန်ရုတ်သိမ်းလိုက်ရင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ "ဗိုက်ဆာတယ်။"
သူမ ပါးစပ်ထောင့်က ရွဲ့သွားခဲ့ကာ မြေအောက်ခန်းသို့ ညွှန်ပြလိုက်သည်။
"တတိယမြောက်လိုင်းက စတုတ္ထသေတ္တာ၊ ကိုယ့်ဘာသာကိုယ် သွားယူလိုက်။"
ထိုလူက ခေါက်ဆွဲခြောက်တစ်ဘူးယူလာကာ သူမ ကြိုထားသည့် ရေနွေးကို လောင်းထည့်လိုက်သည်။ သူက ခေါက်ဆွဲခြောက်ဘူး၏ အဖုံးကို မ လိုက်ပြီး အနံ့ကိုရှူရှိုက်လိုက်ကာ ခေါက်ဆွဲများကို ပါးစပ်အပြည့် သုံးလုတ်ထဲနှင့် ကုန်အောင် စားပြီးနောက် အသက်တစ်ရှိုက်အတွင်း အရည်များပါ ကုန်အောင် သောက်ပစ်လိုက်သည်။
ကျန်းမြောင်မြောင် : ... အိမ်ထဲကို ဝက်တစ်ကောင် ဖောက်ဝင်လာတာပဲ!
ထိုလူက နောက်တစ်ဘူး ထပ်ယူလိုက်ပြီးနောက် တတိယဘူး၊ စတုတ္ထဘူးနှင့် နောက်ဆုံးငါးဘူးမြောက် စားပြီးနောက်မှသာ ရပ်တန့်သွားလေသည်။
"ငါ သုံးရက်လောက် ဘာမှမစားခဲ့ရဘူး။"
သူက ရှက်ရွံ့သလို ခံစားလိုက်ရသည့်အတွက် ရှင်းပြချင်ခဲ့ပုံရသည်။
ကျန်းမြောင်မြောင်က ရွဲ့ကာ ပြောလိုက်၏။ "ဟုတ်လား။ ငါက နင့် တစ်ဘဝလုံး မစားမသောက်ခဲ့ရဘူး ထင်နေတာ။ နင့်ကို ကြည့်ရတာ ငတ်ပြတ်ပြီး သေသွားရတဲ့ သရဲတစ်ကောင်လိုပဲ။"
"ငိုက်နေပြီ။"
ထိုလူက ခေါက်ဆွဲပြုတ်ရည် နောက်ဆုံးတစ်လုတ်ကို သောက်ပြီးနောက် ပါးစပ်ကို တစ်ရှူးနှင့်သုတ်လိုက်ကာ အိပ်ခန်းထဲဝင်၍ အိပ်သွားလေသည်။
ကျန်းမြောင်မြောင်က အမှိုက်ပစ်သည့်အခါ သူ့ကို ဖြတ်သွားခဲ့သည်။
ကျန်းမြောင်မြောင် ကြမ်းပြင် တံမြက်စည်းလှည်းသည့်အခါ သူ့ကို ဖြတ်သွားခဲ့သည်။
ကျန်းမြောင်မြောင်က ကြိုးခုန်ရင်း သူ့အနားမှ ဖြတ်သွားခဲ့သည်။
သူက ပုံစံအနေအထားကိုပင် မပြောင်းဘဲ တိတ်ဆိတ်စွာ အိပ်ပျော်နေလေသည်။
သူက တကယ့်ကို ဝက်တစ်ကောင်ပဲ။
ထိုကဲ့သို့သော ထူးဆန်းသည့် လူကြောင့် သူမ၏ အေးချမ်းကိုဘဝကို ထိခိုက်မခံသင့်ပေ။
သူမက ထိုသို့တွေးလိုက်ပြီးနောက် ဘောပင်န်နှင့် စာရွက်ကို ထုတ်ကာ ဧည့်ခန်းထဲတွင် ဆက်လက်၍ လက်ရေးလှလေ့ကျင့်နေခဲ့သည်။
နေ့လယ်ခင်းတွင် သူမက ဝက်တစ်ကောင် ပျိုးထောင်ရေးလက်စွဲမှ နှစ်မျက်နှာ ကူးရေးပြီးသွားပြီ ဖြစ်သည်။ ထို့နောက် ကျန်းမြောင်မြောင်က ဆန်ဆေးရင်း ချက်ပြုတ်နေလိုက်၏။ သူမက ဝက်သားနှပ်သံဘူးကို ဖွင့်လိုက်ပြီး အသားတုံးသေးသေးလေးများ လှီးဖြတ်လိုက်ကာ အသီးအရွက်ခြောက်များနှင့် နူးအိနေအောင် တည်ထားလိုက်ပြီး သူမအတွက် 'စားသောက်ပွဲ' တစ်ခု ပြုလုပ်လိုက်သည်။
သူမက အိုးထဲမှ အသားကို ခပ်ယူလိုက်သည့်အခါ ဟင်းအနံ့ရသည့် ထိုလူက ထွက်လာလေသည်။
"ငါ့ကိုလည်း မင်းလို အတူတူပဲ ကျွေး။"
"အဖေလို့ခေါ်။" သူမက သာမန်ကာလျှံကာ ပြောလိုက်သည်။
တစ်ဖက်လူက ချက်ချင်း ခေါ်လိုက်၏။ "အဖေ။"
ကျန်းမြောင်မြောင် : ...အရှက်မရှိချက်!