အပိုင်း (၇)
Viewers 5k

"မင်း အခု ငါ့ကိုပါ ကျွေးလို့ရပြီလား။" ထိုလူက မေးလိုက်သည်။


"အထဲကို ဝင်မလာနဲ့။ အဲဒီမှာရပ်ပြီး ထွက်သွားလိုက်။"



ကျန်းမြောင်မြောင်က သူ့ကို မီးဖိုချောင်မှ ကန်ထုတ်ပြီး တံခါးအား ပိတ်လိုက်သည်။ သို့သော် သူမက သူမက အိုးထဲသို့ ထမင်းအဖြူနှစ်ဇွန်း ပိုထည့်ခဲ့သည်။



ဇွန်ဘီပျက်ကပ်ဖြစ်ပွားနေသည့် လောကအတွင်း ထမင်းအဖြူ၏ ရနံ့က ရွှေထက်ပင် ပို၍ အဖိုးတန်လေသည်။



ဧည့်ခန်းထဲသို့ လျှောက်သွားခဲ့သည့်သူက ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ပြီး သူမ ရေးထားသည့် ဝက်မွေးမြူရေးလက်စွဲကို ဖတ်ကြည့်နေခဲ့သည်။ ဆယ်မိနစ်ကြာပြီးနောက် ထမင်းကြော်ရနံ့က အိုးထဲမှ ထွက်ပေါ်လာသည်။



ကျန်းမြောင်မြောက်က ထမင်းကြော်ပန်းကန် နှစ်ချပ်နှင့် ထွက်လာခဲ့၏။ သူမက သူ့အား ထိုင်ခုံမှ ထခိုင်းရန် ပြောချင်သည့်အခါမှ ထိုလူ၏ အမည်ကို မသိသေးကြောင်း သတိပြုမိလိုက်သည်။ သို့သော် သူမက သူ့ကို အစားအသောက်များ ကျွေးနေရဆဲ ဖြစ်လေသည်။


"အဲဒါ ငါ့ ထိုင်ခုံ။" 



ထိုလူက မဆန့်ကျင်ခဲ့ပေ။ သူက ထိုင်ခုံကို သူမထံ ပေးလိုက်ပြီးနောက် ကြမ်းပြင်၌ ထိုင်ချလိုက်သည်။



"ငါ့နာမည်က လုချီမင်။" 



လုချီမင်..... ထိုအမည်ကို စာအုပ်ထဲ၌ မြင်ဖူးသည့်ပုံမပေါ်ပေ။ သူသည်လည်း အမြှောက်စာဇာတ်ကောင်လေး တစ်ယောက်ပေလား။



ကျန်းမြောင်မြောင်က အချိန်အနည်းငယ်ခန့် သူ့ကို စူးစမ်းဟန်ကြည့်လိုက်ပြီး သူမ မျက်လုံးများက အမှတ်တမဲ့နှင့် သူ့ခါးဆီသို့ ရောက်သွားသည့်အခါ အကြည့်တို့ကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်။



"ငါ မတော်တဆ လမ်းပျောက်မသွားခင် ငါ့သူငယ်ချင်းတွေနဲ့ အတူရှိခဲ့တာ။ ဇွန်ဘီတွေ ထွက်သွားတဲ့အခါ ငါ သူတို့ကို သွားရှာမှာ။"



"အိုး.." 



"အစားအသောက်အတွက် ကျေးဇူးတင်ပါတယ်။"



လုချီမင် ပြောပြီးသည့်နောက် သူမသည် လေတိုးသံတစ်ချက်ကြားလိုက်ရကာ နှစ်လုတ်သုံးလုတ်နှင့် အပြောင်ရှင်းခံလိုက်ရသော ထမင်းပန်းကန်ပြားကို သူမ ရှေ့သို့ တွန်းပို့လာသည်အား မြင်လိုက်ရပေသည်။



"ထပ်လိုချင်တယ်။" 



ကျန်းမြောင်မြောင်၏ မျက်နှာထက်တွင် အနက်ရောင်လိုင်းများ ပြည့်လာခဲ့သည်။ "မဖြစ်နိုင်ဘူး။ ကိုယ့်ဘာသာ သွားချက်စား။"



မကြာခင်၌ သူမသည် ထိုစကားကို ပြောမိသည့်အတွက် နောင်တရသွားခဲ့ပေသည်။ ချက်ပြုတ်ရန် လိုအပ်သော ပစ္စည်းအများစုက မြေအောက်ခန်း၌ ရှိနေခြင်းဖြစ်သည်။ လုချီမင်က ဓာတ်မီးတစ်လက်နှင့် ဖြေးညင်းစွာ ရှာဖွေနေခဲ့ပြီး သူမ၏ ရတနာများကို ရှာတွေ့သွားခဲ့သည်။



မြစ်ခရုဆန်ခေါက်ဆွဲများ၊ ကြက်သားခေါက်ဆွဲများ၊ ဟော့ပေါ့အနှစ်ထုပ်၊ ကြက်ဥနှစ်အငံမုန့်၊ ဝက်သားစင်းကော..... ကျန်းမြောင်မြောင်က အစောကြီး သေရမည်ကို မကြောက်ရွံ့သော်လည်း မသေခင် မည်သည့်အရာမှ စားစရာမရှိမည်ကို ကြောက်ရွံ့သောကြောင့် သူမ ကြိုက်နှစ်သက်သည့် အစားအစာကို အများကြီး ဝယ်ယူထားခဲ့ခြင်းဖြစ်သည်။ သူမက ထိုအရာများကို တဖြေးဖြေးချင်း စားရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ထိုသူက တစ်နေ့လယ်ခင်းထဲနှင့် သူမ ဝယ်ယူထားသမျှ၏ သုံးပုံတစ်ပုံခန့် စားပစ်လိုက်​လေသည်။



ဧည့်ခန်းထဲမှ ကော်ဖီစားပွဲပေါ်ရှိ အိတ်အခွံများကို ကြည့်ရင်း သူမ၏ နှလုံးသားက သွေးတို့ ယိုစီးလာသလို ခံစားလိုက်ရသည်။ သူမက ပြန်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး သူ့အရှေ့၌ပင် သဘောတူညီချက်တစ်စောင် ရေးလိုက်၏။



"လက်မှတ်ထိုး!" 



လုချီမင်က ဝက်သားခြောက်တစ်ပိုင်းကို ပါးစပ်ထဲတွင် ကိုက်ထားရင်း ခေါင်းမော့ကြည့်လိုက်သည်။ "အဲဒါက ဘာလဲ။"



"ဒါက အခန်းဖော်သဘောတူညီချက်ပဲ။ နင် ဒီမှာ ဆက်နေချင်တယ်ဆိုရင် ဒီထဲက အချက်တွေအကုန် လိုက်နာရမယ်။"



သူက တစ်လုံးချင်းဖတ်လိုက်သည်။



ပထမအချက်၊ ။ အထောက်အပံ့ပစ္စည်းတွေက ပြန်လည်ဖြည့်တင်းမရနိုင်တဲ့ အကန့်အသတ်ရှိပစ္စည်းတွေ ဖြစ်တာကြောင့် Party B က ကိုယ့်အစားစားချင်စိတ်ကိုယ် ထိန်းချုပ်ရမယ်။ တစ်နေ့တာအတွက် အစားအစာ ငါးရာဂရမ်နဲ့ ရေကို ပုံးတစ်ဝက်ထက် ပိုသောက်ခွင့်မရှိဘူး။



ဒုတိယအချက်၊ ။ နေရာအကန့်အသတ်ရှိတာကြောင့် Party B က Party A ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားရမယ်။ ရေချိုးခန်းနဲ့ အိပ်ခန်းထဲကို စိတ်ရှိသလို ဝင်ထွက်ခွင့်မပြုဘူး။ ဧည့်ခန်းက မျှဝေသုံးစွဲမှာဆိုပေမယ့် ကော်ဖီစားပွဲ၊ TV၊ အံဆွဲဘီရို၊ ထိုင်ခုံနဲ့ စာအုပ်စင် စတဲ့ ပရိဘောဂတွေ အားလုံးက Party A ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေသာ ဖြစ်တယ်။ သူမ အဲဒီ ပစ္စည်းတွေကို အသုံးမပြုနေမှသာ Party B က ငှားရမ်းအသုံးပြုခွင့်ရှိတယ်။


တတိယအချက်၊ ။ Party A က Party B ကို နေထိုင်ခွင့်ပြုရုံသာဖြစ်ပြီး ပြုစုစောင့်ရှောက်ပေးဖို့အတွက် တာဝန်မရှိဘူး။ Party A က Party B အတွက် စားစရာသောက်စရာကို နေ့တိုင်း အချိုးကျခွဲဝေပေးမယ်။ အပြန်အလှန်အနေနဲ့ Party B က အိမ်အလုပ်အားလုံး လုပ်ပေးရမယ့်အပြင် ဗီလာထဲမှာ လေးလံတဲ့ အရာတွေ သယ်မ ရတာမျိုး၊ ကြမ်းပြင် တံမြက်စည်းလှည်းတာ၊ စားပွဲသုတ်တာ၊ အမှိုက်ပစ်တာ၊ ပရိဘောဂပစ္စည်းတွေ နေရာရွှေ့တာ အစရှိတဲ့ ကာယလုပ်အားဆိုင်ရာ တာဝန်တွေကို ယူရမယ်။ Party A ဘက်က သတိပေးစရာမလိုအောင် Party B က အလုပ်တွေကို တက်တက်ကြွကြွလုပ်ရမယ်။


စတုတ္ထအချက်၊ ။ ကမ္ဘာပျက်ကပ်မှာ ထူးခြားတဲ့ အခြေအနေရှိပြီး Party A ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက အကန့်အသတ်ရှိတယ်။ အိမ်ထဲကို ဇွန်ဘီတွေ ဖောက်ဝင်လာရင် Party B က တိုက်ခိုက်ရမယ်။ Party B က Party A ကို ကာကွယ်ဖို့ တာဝန်ယူပေးပြီး ဇွန်ဘီတွေကို ဗီလာအပြင်မောင်းထုတ်ပေးရမယ်။



ပဥ္စမအချက်၊ ။ အစားအစာနဲ့ ရေ လျော့နည်းသွားတဲ့အချိန်မှာ Party B က ကျန်တဲ့ အစားအသောက်တွေကို လက်လျှော့ပြီး အလိုက်တသိနဲ့ ဗီလာကနေ ထွက်သွားပေးရမယ်။



ဆဋ္ဌမအချက်... သတ္တမအချက်... 



စည်းမျဥ်းစည်းကမ်းများကို အကျယ်ဖြန့်ကာ ရေးထားသော်လည်း အကျဥ်းချုပ်လိုက်သည့်အခါ တစ်ကြောင်းတည်းသာ ရှိပေသည်။ 'နည်းနည်းပဲ စား၊ အလုပ်များများ လုပ်၊ အန္တရာယ်တွေကို ပခုံးထမ်းထား' ဟူ၍ပင်။



လုချီမင်က သဘောတူညီချက် စာရွက်ကို ကိုင်ထားရင်း မျက်ခုံးပင့်လိုက်သည်။



"မင်း ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာလို့များ မတွေးမိဘူးလား။"



ကျန်းမြောင်မြောင်က အရေးမထားစွာ ပခုံးတွန့်လိုက်သည်။ "နင် ချက်ချင်းထွက်သွားရင် ငါ နင့်ကို ဘာဖိအားမှ ပေးနိုင်မှာ မဟုတ်ဘူးလေ။"



သူက ပြုံးလိုက်ပြီး ခေါင်းကိုယမ်းရင်း Party B ဟူသော စာလုံးနှစ်လုံးအောက်မှ နေရာလွတ်တွင် သူ့အမည်ကိုရေးကာ လက်မှတ်ထိုးလိုက်သည်။



ကျန်းမြောင်မြောင်၏ စိတ်အခြေအနေက ချက်ချင်းတိုးတက်သွား၏။



မည်သို့ပင်ဖြစ်စေ သူမထံ၌ အထောက်အပံ့ပစ္စည်း အများကြီး ရှိနေရာ တချို့တလေ ခွဲဝေပေးလိုက်လည်း အဆင်ပြေပေသည်။ တစ်ဖက်လူက သူတို့၏ သဘောတူညီချက်ကို လိုက်နာနေသရွေ့ သူမက နာခံတတ်သော ခွေးလေးတစ်ကောင်မွေးလိုက်ရသကဲ့သို့ ဖြစ်ကာ ပျင်းသည့်အချိန်များ၌လည်း စကားပြောဖော်ရနိုင်ပေသည်။