ကျန်းမြောင်မြောင်က ကိစ္စတစ်ခုကို အလွန် သိချင်နေခဲ့သည်။
"နင် ဘယ်က လာခဲ့တာလဲ။ ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။ လမ်းမှာ နင့်နောက်ကနေ ဇွန်ဘီတွေ လိုက်မလာဘူးလား။"
လုချီမင်က ပြန်ဖြေလိုက်သည်။ " မြို့တော် C ကနေ ဒီကို တလျှောက်လုံး လမ်းလျှောက်လာခဲ့တာ။"
မြို့တော် C နှင့် ဤနေရာက ဆယ်ကီလိုမီတာ အကွာအဝေးခန့် ရှိသော်လည်း ဝေးသည်ဟု သတ်မှတ်၍ မရနိုင်ပေ။ သို့သော် လမ်းလျှောက်လာလျှင် နေ့ပေါင်းညပေါင်းအတော်ကြာအောင် လျှောက်ယူရလိမ့်မည် ဖြစ်သည်။
လမ်းပေါ်တွင် ဇွန်ဘီများကလည်း ရှိနေသေးသည်။ သူက ထိခိုက်ဒဏ်ရာမရှိဘဲ ဤနေရာသို့ မည်သို့ ရောက်လာနိုင်ပါသနည်း။
ကျန်းမြောင်မြောင်က ၎င်းကို မယုံကြည်ပေ။ "ဒီနေရာကို စစ်တပ်နဲ့အတူ လာတာ မဟုတ်ဘူးလား။ ဒီလောက်အဝေးကြီး နင် တစ်ယောက်တည်း လာနိုင်တယ်ဆိုတာ မယုံဘူး။"
သူ့တွင် ကောင်းမွန်သော အသွင်အပြင်ရှိပြီး ခွန်အားကြီးသော်လည်း သူ့တွင် မည်သည့်လက်နက်မှ ရှိမနေပေ။ သူ့ထံ၌ သစ်သီးဓားတစ်လက်ပင် ရှိမနေခဲ့ချေ။
ဤစာအုပ်အတွင်း၌ မည်သည့် ထူးခြားသောစွမ်းအားမှ မပါဝင်ဘဲ ဇွန်ဘီများကလည်း အလွန် အားကောင်းလှသည်။ လူသားများက စစ်တပ်နှင့် လိုက်ပါသွားခြင်းမှမဟုတ်လျှင် သေအောင် ကိုက်သတ်ခံကြရလိမ့်မည် ဖြစ်သည်။
လုချီမင်က ပခုံးတွန့်လိုက်ပြီး ကျန်းမြောင်မြောင်၏ ဝက်သားခြောက်တို့ကို ဆက်လက် ကိုက်ဝါးနေခဲ့သည်။ သူက သူမ ယုံယုံမယုံယုံ ဂရုမစိုက်ပေ။
ကျန်းမြောင်မြောင်က ဝက်သားခြောက်ကို ဆွဲယူလိုက်၏။
"စားနေတာ တော်လိုက်တော့။ ဒီနေ့အတွက် နင့် ဝေစုက ကုန်သွားပြီ။"
"မင်း..."
သူမက သူတို့၏ သဘောတူညီချက်စာရွက်ကို ထုတ်ကာ ပထမအချက်ကို ထောက်ပြရင်း ပြောလိုက်သည်။
"ဒီမှာ မြင်လား။ တစ်နေ့ကို ငါးရာဂရမ်ထက် ပိုမစားရဘူး။ ဒီနေ့ နင်စားနေတာ အနည်းဆုံး ငါးကီလိုဂရမ်လောက် ရှိနေပြီ။"
လုချီမင်၏ အနက်ရောင် မျက်လုံးများထဲတွင် မှောင်မိုက်သည့် အလင်းတို့ ဖျတ်ခနဲ လင်းလက်လာပြီး သူ့အသံကလည်း အနည်းငယ် အန္တရာယ်ရှိဟန် ဖြစ်သွားခဲ့သည်။
"ငါ မင်းကို ကြက်ကလေးတစ်ကောင်လို ရိုက်ပစ်နိုင်တယ်ဆိုတာ မင်း သိသင့်တယ် ဟုတ်တယ်မလား။"
ကျန်းမြောင်မြောင်က ထိုကိစ္စနှင့် ပတ်သတ်၍ အလွန် ယုံကြည်မှုရှိပေသည်။
သူက အသက်ရှင်ရန် လက်လွတ်စပယ် သတ်ဖြတ်နိုင်သော တောတွင်းဥပဒေသကို ကျင့်သုံးသည့်လူမျိုး အမှန်တကယ် ဖြစ်ပါလျှင် သူ အိမ်ထဲ ဝင်လာကတည်းက သူမကို သတ်ပစ်လိုက်သင့်ပေသည်။ မည်သည့်အတွက်ကြောင့် ယခုထိတိုင် အသက်ရှင်ခွင့် ပေးထားလိမ့်ပါမည်နည်း။
မဟုတ်လျှင် သူက ဆန္ဒဖြေဖျောက်ရန် ကိရိယာအဖြစ် သူမအား ဖမ်းချုပ်ထားချင်နေသည်လား။
သူမက ထိုသို့တွေးမိလိုက်သည့်အခါ ရုတ်တရက် တုန်ယင်သွားပြီး သူမ မျက်နှာကို စာရွက်ဖြင့် ကာလိုက်သည်။
"နင် ယုတ်မာကောက်ကျစ်တာတွေ မလုပ်ဖို့ သတိပေးလိုက်မယ်နော်။"
လုချီမင် : "...အရူးမ"
သူက ထပ်စား၍ မရနိုင်တော့သည့်အတွက် သွားအိပ်ရုံသာ တတ်နိုင်ပေသည်။
လုချီမင်က အပေါ်ထပ်သို့ လျှောက်သွားသည့်အခါ ကျန်းမြောင်မြောင်က တစ်ခုခုတွေးမိသွားကာ လှမ်းပြောလိုက်သည်။
"နင့်ကို ငါ့ အိပ်ရာပေါ်မှာ အိပ်ခွင့်မပြုထားသလို ငါ့အခန်းထဲကိုလည်း စိတ်ကြိုက်ဝင်ထွက်ခွင့် မရှိဘူးနော်။ အိပ်ချင်ရင် ဧည့်သည်ခန်းထဲမှာ သွားအိပ်။"
"အဲဒီမှာ စောင်မှ မရှိတာ။"
"စောင့်နေ။"
သူမက အိပ်ခန်းထဲသို့ ဝင်သွားကာ ခေါင်းအုံးတစ်လုံးနှင့် နွေရာသီစောင်အပါးလေးတစ်ထည် ယူလာပြီး သူ့ထံ ပစ်ပေးလိုက်သည်။
"ဒီမှာ၊ ငါ ဘယ်လောက် သဘောထားပြည့်ဝလဲ မြင်လား။"
လုချီမင်က စောင်ကို ကိုင်ထားရင်း မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "အခုမှ မတ်လပဲ ရှိသေးတာလေ။"
သူက နွေရာသီစောင်အပါးလေးကိုသာ ခြုံပြီး အိပ်ခဲ့ပါလျှင် ညဘက်၌ အေးခဲပြီး သေသွားနိုင်ပေသည်။
ကျန်းမြောင်မြောင်က အနည်းငယ် ရှက်ရွံ့သွားသည်။ "ငါ သိတယ်။ ဒါပေမယ့် စောင်ကို နည်းနည်းပဲ ပြင်ထားမိတာ။ ငါ့စောင်ကိုတော့ နင့်ဆီ မပေးလိုက်နိုင်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် နင်က ငါ့ထက် သန်မာတာပဲကို။ နင် အဆင်ပြေမယ်ဆိုတာ ငါ ယုံကြည်တယ်။"
လုချီမင်က ဆွံ့အသွားပြီး ထပ်မပြောတော့ဘဲ ဧည့်ခန်းထဲသို့သာ လျှောက်သွားခဲ့ပေသည်။
ကျန်းမြောင်မြောင်က နောက်ဆုံး၌ အရာအားလုံးကို စီမံပြီးသွားခဲ့ပြီး သူမကိုယ်သူမ ဆုချရန်အတွက် အိပ်ရာပေါ်တွင် လဲလျောင်းကာ နာရီဝက်ခန့် Kindle ထဲမှ စာအုပ်ကို ဖတ်လိုက်သည်။
ယနေ့တွင် သူမက စောစီးစွာ နိုးလာခဲ့ပြီး အလုပ်ရှုပ်သည့် တနေ့တာဖြစ်ခဲ့သည့်အတွက်ကြောင့် စာအုပ်ဖတ်ပြီးနောက် အိပ်ပျော်သွားခဲ့ကာ ညနေစောင်းမှသာ နိုးလာခဲ့ပေသည်။
ဧည့်ခန်း၏ ခပ်မှိန်မှိန်အလင်းအောက်တွင် သူမသည် မြေအောက်ခန်းသို့ ခိုးကြောင်ခိုးဝှက်ကြည့်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုအချိန်တွင် ကျန်းမြောင်မြောင်သည် အိမ်ထဲသို့ ဖောက်ဝင်လာသော ဇွန်ဘီတစ်ကောင်ဖြစ်သည်ဟု ထင်မိခဲ့ပြီး လှည့်ကာ ထွက်ပြေးတော့မည့်အချိန်တွင် ထိုပုံရိပ်မှာ သူမ လောလောလတ်လတ်မှ မွေးစားလိုက်သည့် 'ခွေးကြီး' ဖြစ်နေသည်ကို သိလိုက်ရပေသည်။
သူမက ဓာတ်မီးကို ဖွင့်လိုက်ကာ တစ်ဖက်လူအား မေးလိုက်သည်။
"နင် ဘာလုပ်နေတာလဲ။"
အလင်းက အလွန် စူးရှသောကြောင့် လုချီမင်က လက်ကို မြှောက်ကာ မျက်လုံးများအား ကာလိုက်ရသည်။
"ချက်ပြုတ်ဖို့တစ်ခုခုယူမလို့။"
"ဒီနေ့အတွက် နင့် ဝေစုက ကုန်သွားပြီ။"
သူက ချက်ချင်းပင် ယဥ်ကျေးသောအမူအရာနှင့် အဖြေကို ပြောင်းပြောလိုက်သည်။ "ငါ မင်းအတွက် ချက်ပေးမလို့ပါ။"
"ကျေးဇူးပဲ။ ဒါပေမယ့် ငါ့ဟာငါ လုပ်နိုင်တယ်။"
ကျန်းမြောင်မြောင်က အကြင်နာမဲ့စွာ ငြင်းဆန်လိုက်ပြီး ခေါက်ဆွဲချက်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို ယူရန် မြေအောက်ခန်းသို့ ဆင်းသွားခဲ့သည်။
လုချီမင်က ဘေးမှ ရပ်ကာ စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့သည်။ တခဏကြာပြီးနောက် သူက လက်လျှော့လိုက်ကာ ဆေးလိပ်သောက်ရန် ပြတင်းပေါက်နားသို့ လျှောက်သွားခဲ့သည်။
အဖြူရောင်အငွေ့များက ဝေ့ဝဲနေပြီး ဆည်းဆာနေ၏ အလင်းက သူ့အသားအရေပေါ် ကျရောက်နေကာ ဝင်းနှစ်နေစေသည်။ သူ့တွင် နှာတံမြင့်မြင့် နက်ရှိုင်းသောမျက်လုံးများ ရှိသောကြောင့် အတော်လေး ကြည့်ကောင်းလှပေသည်။
ခေါက်ဆွဲများကို ကျက်သွားသည့်အခါ ကျန်းမြောင်မြောင်က သူမ ပန်းကန်လုံးကို ကိုင်ရင်း သူ့ဘေးသို့ လျှောက်သွားခဲ့သည်။
ပြတင်းပေါက်အပြင်ဘက်တွင် ဇွန်ဘီများက လျှောက်သွားနေခဲ့၏။ သူမက ဇွန်ဘီများထဲမှတစ်ကောင်ကို သူမလက်ထဲရှိ တူနှင့် ညွှန်ပြရင်း ပြောလိုက်သည်။
"အဲဒီတစ်ကောင်က ချောတယ်လို့ နင် မထင်ဘူးလား။"
"ဘယ်တစ်ကောင်လဲ။"
"အသားဖြူဖြူ ဦးထုပ်နဲ့ ဖက်ရှင်ကျကျ ဝတ်စားထားတဲ့ တစ်ယောက်လေ။ ငါ ထင်တာတော့ သူ မသေခင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေး မဟုတ်ရင် ကြယ်ပွင့်ပေါက်စလေး ဖြစ်ရမယ်။ သူ့မျက်နှာတစ်ဝက်က အကိုက်ခံထားရတာဆိုတော့ ဆိုးရွားတဲ့ ဇွန်ဘီတစ်ကောင်ကောင်ရဲ့ အကိုက်ခံရပြီး သေသွားတာဖြစ်မယ်။"
လုချီမင်က သူမကို တအံ့တသြ ကြည့်လိုက်သည်။
သူမက ကိုယ့်မျက်နှာကိုယ် ထိလိုက်ရင်း မေးလိုက်၏။ နင် ငါ့ကို ဒီလိုစိုက်ကြည့်နေလည်း ငါ့မျက်နှာတစ်ခြမ်းကို နင် ကိုက်စားလို့မရဘူးနော်။"
သူက ခေါင်းယမ်းလိုက်သည်။ "မဟုတ်ဘူး။ ငါ ဒီအတိုင်းတွေးမိတာ...."
ယခုချိန်က ကမ္ဘာကြီး၏ အဆုံးသတ်ဖြစ်ပြီး လွတ်မြောက်ရန် စိတ်အားမထက်သန်သည့်သူ မည်သူရှိမည်နည်း။
သူက လမ်းတလျှောက်တွင် မင်း ငါ့ကို တိုက်ခိုက်ပြီး ငါ မင်းကို တိုက်ခိုက်မယ်ဟူသည့် အခြေအနေအတွင်း မရေတွက်နိုင်သော သေခြင်းရှင်ခြင်းတိုက်ပွဲတို့ကို ရင်ဆိုင်ခဲ့ရသည်။ လက်ရှိအချိန်တွင် လူသားများ၏ စရိုက်သဘာဝက ရည်ညွှန်းပြောဆိုရန်ပင် မထိုက်တန်တော့ပေ။
အချို့လူများ၏ မျက်လုံးထဲတွင် အစားအစာ၊ ရေ၊ လက်နက်များနှင့် ဆေးဝါးတို့က လူ့အသက်ထက် ပို၍ အဖိုးတန်ကြပေသည်။
သူက သူမထံရောက်လာမှသာလျှင် လောကကြီးက ရုတ်တရက် အမှောင်ထုနှင့် သွေးလွှမ်းသော တိုက်ပွဲများမှနေ၍ လွတ်လပ်ပေါ့ပါးကာ ငြိမ်းချမ်းသာယာသည့် သဘာဝဝန်းကျင် မှတ်တမ်းရုပ်ရှင်တစ်ပုဒ်သဖွယ် ပြောင်းလဲသွားခဲ့ရပေသည်။