အပိုင်း (၉)
Viewers 5k

ကျန်းမြောင်မြောင်က ရုတ်တရက် ပြောလိုက်သည်။ "အသစ်တွေ ရောက်လာနေတယ်။"


သူ မော့ကြည့်လိုက်သည့်အခါ ဝတုတ်နေသည့် ဇွန်ဘီတစ်ကောင်က ဗီလာပတ်ဝန်းကျင်သို့ ဒယိမ်းဒယိုင် လျှောက်လာနေသည်ကို မြင်လိုက်ရသည်။ သူ၏ ပုပ်ပွနေသော ပါးစပ်မှ စူးရှသော အသံများ ပြုလုပ်နေခဲ့သည်။



"ရွှေချိန်းကြိုးအကြီးကြီးနဲ့ နာရီကြီးဝတ်ထားတာ။ သူက ငွေကြယ်ပွင့်မဟုတ်ရင် ရက်(ပ်)ပါတစ်ယောက်ဖြစ်မယ်။ သူ့ရှပ်အင်္ကျီက GUCCI တံဆိပ်ပဲ။ ဟေး... ဇွန်ဘီတွေက ဘယ်လိုများ သူ့တင်ပါးကို ကိုက်နိုင်ကြတာလဲ။ အရမ်းရက်စက်တာပဲ။...." 



သူမက ခေါက်ဆွဲပန်းကန်ကို ကိုင်ထားရင်း တတွတ်တွတ်ပြောနေခဲ့သည်။ သူမက အသစ်ရောက်လာသည့် ဇွန်ဘီများကို ကြည့်ကာ အဘွားကြီးတစ်ယောက်ကဲ့သို့ စကားများပြောနေ၏။



သုံးမိနစ်အတွင်း ဇွန်ဘီဝတုတ်မှာ 'ရွှေတင်ပါးတစ်ခြမ်း' ဟူသည့် အမည်သစ်ရသွားခဲ့လေသည်။



လုချီမင်က မေးလိုက်သည်။ "ဇွန်ဘီတွေ ဝင်လာမှာမကြောက်ဘူးလား။" 



"ကြောက်တာပေါ့။" 



"အဲဒါဆို မင်း ဘာတွေပြင်ဆင်ထားလဲ။" 



ကျန်းမြောင်မြောင်က ထိုမေးခွန်းအမေးခံလိုက်ရသည့်အခါ ပြန်ဖြေရမည်က မပြင်ဆင်ထားဟူ၍ပင်။



"ဘယ်ဟာက ပိုနာမယ်ထင်လဲ။ သေအောင်ကိုက်သတ်ခံရတာလား။ မဟုတ်ရင် ဂက်စ်ဖွင့်လိုက်ပြီး သတ်သေတာလား။" 


သူမသည် ယခင်က အင်တာနက်၌ ဂက်စ်ငွေ့ကို ရှူသွင်းပြီးနောက် မေ့မြောသွားကာ အဆိပ်သင့်လိမ့်မည်ဟု ဖတ်ဖူးခဲ့ပြီး သတိလစ်သွားပြီးနောက် ဂက်စ်ငွေ့ကို ဆက်လက်ရှူရှိုက်နေပါလျှင် သူမ သေရပေလိမ့်မည်။



သူမ၏ သေဆုံးခြင်းက အမြင်လှပလိမ့်မည်မဟုတ်သော်လည်း အရှင်လတ်လတ် ကိုက်သတ်ခံရခြင်းနှင့် ယှဥ်လျှင် သတ်သေခြင်းက ပို၍ အလွယ်တကူ လက်ခံနိုင်ဖွယ်ရှိသည်။ 


ယခုချက်ချင်း သေဆုံးရခြင်းကို လက်ခံရန် အနည်းငယ် ခက်ခဲနေခြင်းသာ ဖြစ်သည်။ သူမ သတ်သေလိုက်ပြီးပါက ဇွန်ဘီများ တဟုန်ထိုးပြေးဝင်လာကြလျှင်ပင် သူတို့အတွက် အလွန် နောက်ကျသွာလိမ့်မည် ဖြစ်သည်။ သူမ ဝယ်ယူထားသည့် အစားအသောက်များကို အကုန်မစားပစ်လိုက်ရသေးသည်ကသာ အနည်းငယ် နှမြောစရာကောင်းနေခြင်း ဖြစ်သည်။



လုချီမင်က သူမကို လေးစားမှုအပြည့်နှင့် ကြည့်လိုက်၏။ "ဒီအချိန်ထိ အသက်ရှင်ဖို့ဆိုတာ မင်းအတွက် မလွယ်လှဘူး။ တကယ်ပါ။ ကောင်းကောင်းတန်ဖိုးထား။" 



သူက စီးကရက် နောက်ဆုံး တစ်ဖွာ သောက်လိုက်ပြီး ဆေးလိပ်ဖင်စီခံအား ပြတင်းပေါက်မှတဆင့် ပစ်ထုတ်ကာ အိပ်စက်ရန် ဧည့်သည်အခန်းထဲ ပြန်ဝင်သွားခဲ့သည်။



ကျန်းမြောင်မြောင်က တနေ့လယ်ခင်းလုံး အိပ်စက်ထားသည့်အတွက် အိပ်ချင်စိတ်ကို မခံစားရပေ။ စားသောက်ပြီးနောက် သူမက ပုံမှန်အတိုင်း မီးကိုဖွင့်ကာ ပန်းချီဆွဲ လေ့ကျင့်လိုက်သည်။ 



နွေဦးအစောပိုင်း ညနေဘက်တွင် ရာသီဥတုက အလွန် အေးစိမ့်နေပေသည်။



သူမက ထူထဲသည့် သန္တာရောင်ကတ္တီပါညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး နာရီဝက်ခန့် ပန်းချီရေးဆွဲပြီးနောက် သူမလက်များက အေးစက်နေခဲ့၏။ 



လုချီမင်က ဘောင်းဘီတိုလေးသာ ဝတ်ဆင်ထားပြီး နွေရာသီစောင်အပါးလေးသာ ခြုံထားရသည်။ သူ အအေးမိလိမ့်မည်လား။



သူမ အိပ်ရာပေါ်တွင် စောင်အထူနှစ်ထည် ရှိနေသည်ကို ကြည့်လိုက်ပြီး သူ့ကို တစ်ထည်ပေးလိုက်ရန် ချီတုံချတုံဖြစ်နေခဲ့သည်။ သူမက ထိုအကြောင်းကို တွေးလိုက်သည်။ ထားလိုက်ပါတော့။ သူက ချမ်းနေတာကိုတောင် မပြောနိုင်လောက်အောင် တုံးအနေတာတော့ မဟုတ်လောက်ပါဘူး။



ညအချိန်က ကုန်ဆုံးသွားပြီ ဖြစ်သည်။ 



နောက်တစ်နေ့က ကောင်းမွန်သော နေ့တစ်နေ့ဖြစ်သည်။ ရွှေရောင်သမ်းသော နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ကာ ဝင်ရောက်လာပြီး ဝန်းထဲရှိ လက်ဖက်ပင်များက ပန်းများပွင့်လန်းနေသည်။



အပြင်ဘက်၌ ဇွန်ဘီများ လျှောက်သွားနေခြင်းသာမရှိလျှင် သူမက အပြင်ဘက်တွင် အမှန်တကယ် လမ်းလျှောက်ထွက်ချင်ပေသည်။



ကျန်းမြောင်မြောင်က မျက်နှာသစ်ဆေးကြောသန့်စင်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့ပြီး လုချီမင်က နိုးနှင့်နေပြီဖြစ်ကာ ဧည့်ခန်းကြမ်းပြင်၌ ဒိုက်ထိုးနေကြောင်း တွေ့လိုက်ရသည်။



သူက အလွန် လှပသော မြင်ကွင်းတစ်ခု​ဖြစ်ကြောင်း သူမ ပြောရပေလိမ့်မည်။



လုချီမင်သည်လည်း သူမကို မြင်သွားခဲ့သည်။ သူက ချက်ချင်း ရပ်တန့်လိုက်ပြီး မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်သည်။ "ငါတို့ မနက်စာ ဘာစားကြမလဲ။" 



သူမက နှုတ်ခမ်းကိုက်ရင်း စဥ်းစားလိုက်သည်။



"ငါ နေ့တိုင်း ခေါက်ဆွဲချည်းပဲ စားနေရတာ ငြီးငွေ့လာပြီ။ ဆန်ပြုတ်ချက်စားကြရအောင်။"



သူမတွင် ဆားစိမ်ဘဲဥ အမြောက်အမြား ရှိပေသည်။



"အိုခေ.. ပိုချက်လိုက်ပါ။"



လုချီမင်က ထိုသို့ ပြောပြီးနောက် လေ့ကျင့်ခန်း ဆက်လုပ်ရန် ပြင်လိုက်သော်လည်း သူမက သူ့ကို ပခုံးမှနေ၍ ပြန်ဆွဲထားလိုက်သည်။



"နင် ဘယ်သွားမလို့လဲ။ ဆန်ဆေးပြီး သွားချက်လေ။" 



"ငါလား။"



"အင်း.. ငါတို့ရဲ့ နေထိုင်မှုသဘောတူညီချက်မှာ နင်က အိမ်အလုပ်လုပ်ဖို့ တာဝန်ရှိပြီး ချက်ပြုတ်တာကလည်း အိမ်အလုပ်ပဲလေ။ ယောက်ျားနဲ့ မိန်းမ အပေးအယူလုပ်တဲ့အခါ မကတ်သတ်သင့်ဘူး။ ငါ နင့်ကို အဝတ်တွေ မလျှော်ခိုင်းပါဘူး။ ဒီအတိုင်း အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်ပေးရုံပဲ။" 



လုချီမင်က ခါးသီးစွာ ပြုံးလိုက်၏။ "ငါ့ကို မင်းရဲ့ နာနီအဖြစ် သုံးချင်နေတာ အရမ်း မယဥ်ကျေးတာပဲလို့ မတွေးမိဘူးလား။ "


"နင် အတွေးလွန်နေပြီ။ နာနီတွေက ပိုက်ဆံပေးရတယ်။" 


သူမသည် ယနေ့ခေတ်အခါတွင် လူသားဆန်နေဆဲဟု ဆုံးဖြတ်နိုင်ပြီး သူမက လုချီမင်အတွက် နေရာထိုင်ခင်းနှင့် အစားအသောက်အတွက်သာ တာဝန်ယူနိုင်ပေသည်။


လုချီမင်က စတင်၍ ဆန်ဆေးကာ ဆန်ပြုတ်ချက်ရန် လုပ်ဆောင်လိုက်သည်။ ကျန်း​​​မြောင်မြောင်က အဝတ်လျှော်ရန် ရေချိုးခန်းသို့ သွားခဲ့၏။


အဝတ်လျှော်စက်က အသုံးမဝင်တော့လေရာ သူမက လက်များကိုသာလျှင် အသုံးပြုနိုင်သည်။ သူမက ပျင်းရိသောကြောင့် အဝတ်လျှော်ဆပ်ပြာရည်တချို့ လောင်းထည့်ကာ သာမန်ကာလျှံကာ ပွတ်တိုက်လိုက်ပြီးနောက် ၎င်းတို့ကို ခြောက်သွေ့သွားအောင် ပြတင်းပေါက်၌ လှမ်းလိုက်သည်။

  

ရာသီဥတုက အလွန်ကောင်းမွန်သောကြောင့် အဝတ်များကို အပြင်ဘက်သို့ ထုတ်လှမ်းသင့်သည်။ ညဘက်၌ နွေးနေစေရန် အိပ်ရာခင်းနှင့် စောင်များကို နေပြထားလျှင် အကောင်းဆုံးဖြစ်သည်။


သို့သော် ဇွန်ဘီများက အမြင်အာရုံမကောင်းသောကြောင့် သူတို့သည် လူတစ်ယောက်က ထိုနေရာ၌ ထိုင်နေသည်ဟု တွေးမိသွားပြီး အစားအစာရှာရန် ပြတင်းပေါက်အား ချိုးဖျက်၍ တက်လာခဲ့လျှင် ရလာသည့် ရလဒ်နှင့် မတန်အောင် ဖြစ်သွားရပေလိမ့်မည်။


အဝတ်များကို လျှော်ဖွပ်ပြီးနောက် သူမက အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ဆန်ပြုတ် ကျက်နှင့်နေပြီဖြစ်ကာ ဆားစိမ်ဘဲဥတချို့နှင့် ဝက်ပေါင်ခြောက်တချို့ ပေါင်းထည့်ထားပြီး အရသာ ကောင်းမွန်လှသည်။


ပို၍ အရေးကြီးသည့်အရာတစ်ခုသာလျှင် ပျောက်ဆုံးနေခဲ့သည်။


ကျန်းမြောင်မြောင်က နောင်တရစွာ ပြောလိုက်သည်။ "ကြက်သွန်စိမ်း နှစ်အိုးလောက် စိုက်ထားသင့်တာ။"


ဆလတ်ရွက်၊ မုန်လာဥ၊ အာလူးများ၊ ခရမ်းချဥ်သီးများ၊ သခွားသီးများနှင့် နေ့တိုင်း ကြက်ဥဥပေးနိုင်သည့် ကြက်နှစ်ကောင် သို့မဟုတ် နို့စားနွားမတစ်ကောင် မွေးမြူနိုင်ခဲ့လျှင် အကောင်းဆုံး ဖြစ်သည်။


ဝမ်းနည်းစရာပဲ။ လျှပ်စီးမီးပျက်သွားသဖြင့် ရေခဲသေတ္တာ သုံးမရကတည်းက သူမ လတ်ဆတ်သော အစားအစာကို မစားခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။


လုချီမင်က အသက်တစ်ရှိုက်အတွင်း ပန်းကန်လုံးနှစ်လုံးစာ စားသောက်ပစ်လိုက်ပြီး ပါးစပ်ကို သုတ်လိုက်သည်။


"မင်းက အတော်လေး ထူးခြားတာပဲ။"


"ငါက တစ်နေ့သေရမှာပဲ။ ဒါကြောင့် ကိုယ့်ပါးစပ်ကိုယ်တော့ ဆိုးဆိုးရွားရွား မဆက်ဆံနိုင်ဘူး။ 


သူမက ဆန်ပြုတ်ကိုသောက်ကာ အရသာကို ဂရုတစိုက်မြည်းကြည့်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။


"နင့်ရဲ့ အချက်အပြုတ်က တကယ်ကောင်းတာပဲ။ ချက်ပြုတ်နေကျလား။"


လုချီမင်၏ အပြုံးက ပျောက်ဆုံးသွားပြီး ခေါင်းငုံ့လိုက်သည်။ "အင်း ချက်နေကျပဲ။"


ကျန်းမြောင်မြောင်က သူ့ ပခုံးကို အသာအယာ ပုတ်လိုက်သည်။


"အချက်အပြုတ်တာဝန်က နင့်အတွက် ဖြစ်သွားပြီ။ ငါ့ကို စိတ်ပျက်ရအောင် မလုပ်နဲ့ လူငယ်လေး။"


လုချီမင်က မျက်ဆံများကို လှိမ့်လိုက်ချင်သော်လည်း ရုတ်တရက် ဤအခြေအနေက မေးမြန်းရန် အခွင့်အရေးကောင်းဖြစ်ကြောင်း တွေးလိုက်မိသည်။


"ငါ ပိုစားလို့ရလား။ ငါ မင်းအတွက် ကြိုးကြိုးစားစား ချက်ပြုတ်ပေးရမှာလေ။ ငါ့ကို ဗိုက်ဆာပြီး သေသွားအောင် ပစ်ထားလို့မရဘူးမလား။"


ကျန်းမြောင်မြောင်က ဆုံးဖြတ်ရခက်သွားသည်။


ကောင်းကောင်းစားရရုံသာမက ဗိုက်ပြည့်အောင် စားလိုခြင်းမှာလည်း အရေးကြီးသော ပြဿနာတစ်ခု ဖြစ်သည


အချိန်အကြာကြီး တွေးကြည့်ပြီးနောက် သူမက နာကျင်မှုကို သည်းခံကာ ပြောလိုက်သည်။ "ကောင်းပြီ... နင် တစ်နေ့ကို တစ်ရာဂရမ် ပိုပြီး သားနိုင်တယ်။" 


လုချီမင်က ဝက်ပေါင်ခြောက်တစ်ပိုင်းကို ကောက်ယူလိုက်ကာ သူ၏ ရှေ့သွားနှင့် တတိတိ ကိုက်ဝါးနေခဲ့သည်။ သိသာစွာပင် ထိုပမာဏက သူ၏ သွားကြားပင်မညပ်ကြောင်း သူမအား ပျက်ရယ်ပြု​နေခြင်း ဖြစ်သည်။



ကျန်း​မြောင်မြောင်က မေးလိုက်သည်။ "နင်က ဘယ်လောက်များများ လိုချင်လို့လဲ။" 



"စားစရာနဲ့ သောက်စရာကို ငါ ဗိုက်ပြည့်တဲအထိ လိုချင်တယ်။ ဒါပေမယ့် တစ်နေ့ ငါတို့အတွက် စားစရာကုန်သွားခဲ့ရင် ငါ အပြင်ထွက်ပြီး မင်းအတွက် စားစရာရှာပေးမယ်။"


"မဟုတ်ဘူး။ အဲဒီအချိန်ရောက်ရင် နင် ငါ့အတွက် ဂက်စ်ဘူးလေးပဲ ဖွင့်ထားပေးခဲ့။" 



သူမသည် အပြင်ထွက်၍ ဒုက္ခခံရမည်ထက် သေခြင်းကို ပိုလိုလားပေသည်။



မနက်စာစားပြီး​နောက် လုချီမင်က ရေပုံးများကို အလေးတုံးအဖြစ် သဘောထားကာ ဧည့်ခန်းထဲ၌ ကြွက်သားလေ့ကျင့်ခန်း လုပ်ဆောင်နေခဲ့သည်။


ကျန်းမြောင်မြောင်က ကော်ဖီစားပွဲတွင် ထိုင်ကာ သူမ၏ စာရွက်နှင့် ဘောပင်န်ကို ယူရင်း ဝက်ပျိုးထောင်ရေးလက်စွဲကို ဆက်လက်ကူးရေးနေခဲ့သည်။



ကူးရေးနေရင်း သူမက စားစရာ၏ ရနံ့ကို ပြန်မတွေးမိဘဲ မနေနိုင်ခဲ့ပေ။



ဝက်သားက အလွန် မွှေးပျံ့ပေသည်။



ဝက်သားကို ဝက်သားနှပ်၊ စီချွမ်းဝက်သားချက်၊ ဆန်မှုန့်ဝက်သားပေါင်း၊ ဝက်ချိုချဥ်ကြော်၊ ဝက်ဗိုက်သားကင်၊ ငါးအရသာဝက်သားလွှာဟင်း၊ ငရုတ်သီးစိမ်းဝက်သားကြော်နှင့် ဆီးသီးဝက်သားဖက်ထုပ်စသဖြင့် ဟင်းအမယ်များစွာ လုပ်စားနိုင်ပေသည်။ ထို့ပြင် ဝက်နံရိုးနှပ်၊ ကြက်သွန်ဖြူဝက်နံရိုးကြော်၊ ဝက်အသည်းစွပ်ပြုတ်၊ ဝက်ပေါင်ရင်းသားကြော် စသည့် ဟင်းအမယ်တို့လည်း ရှိပေသည်။... ဟူး..... 



လုချီမင်က သူမကို ကြည့်ရင်း စိတ်ရှုပ်ထွေးသွားသည်။



"မင်း လက်ရေးလှ လေ့ကျင့်​နေတာ မဟုတ်ဘူးလား။ ဘာကိစ္စ သွားရည်ကျနေရတာလဲ။"



သူမက သွားရည်များကို သုတ်လိုက်ပြီး သူ့အား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ သူမက စားသောက်ချင်နေသည့် စိတ်ဆန္ဒကို သက်သာစေရန် အမဲသားခြောက်အချို့ သွားယူချင်နေသည်။



သို့သော် သူမ ထရပ်လိုက်သည်နှင့် ပူနွေးသည့် စီးကြောင်း တစ်ခုက သူမထံမှ ထွက်ပေါ်လာကာ ရင်းနှီးနေသည့် ခံစားချက်က သူမခေါင်းကို ရှုပ်ထွေးသွားစေခဲ့သည်။ သူမက ထရပ်​နေရင်း တန်လန်းနှင့် ဆက်မလှုပ်ရှားရဲတော့ပေ။



လုချီမင်က ပိုပြီး ဇဝေဇဝါဖြစ်လာသည်။ သူက ရေပုံးများကို ချလိုက်ကာ သူမ အနီးသို့ လျှောက်လာခဲ့သည်။



"ဘာဖြစ်တာလဲ။ မင်း သေတော့မှာလား။" 



"စက္ကူ... စက္ကူတချို့ ယူပေးပါဦး။"



သူက ကော်ဖီစားပွဲပေါ်ရှိ ပုံဆွဲစက္ကူတချို့ကို ယူပေးလိုက်ပြီးနောက် သူမက စက္ကူတို့ကို ပိုက်ကာ နောက်သို့ ပြန်လှည့်မကြည့်တော့ဘဲ အပေါ်ထပ်ကို တက်ပြေးသွားတော့သည်။



လုချီမင်က မျက်မှောင်ကြုတ်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ ထိုင်ခုံပေါ်၌ နီနီရဲရဲ အရည်နှစ်စက်ကို တွေ့လိုက်ရလေသည်။



ရေချိုးခန်းထဲတွင် ကျန်းမြောင်မြောင်က စက္ကူများကို ကိုင်ထားရင်း တွိုင်းလက်ခုံပေါ်တွင် ထိုင်နေခဲ့သည်။ သူမသည် အလွန် နောင်တရပြီး အလွန့်အလွန် နောင်တရသလို ခံစားနေရသည်။



သူမက အိမ်သာသန့်ရှင်းရေးဆေးနှစ်ဘူးတောင် ဝယ်ခဲ့သေးသည်။ အဘယ့်ကြောင့် အန်တီလာရင်သုံးသည့် လစဥ်သုံးပစ္စည်းကို ဝယ်ဖို့ မေ့သွားခဲ့ရပါသနည်း။



မူလစာအုပ်ထဲတွင် အမျိုးသမီးကာရိုက်တာများက ပုံမှန် ဓမ္မတာလာလိမ့်မည်ဟု ပြောထားခဲ့ခြင်း မရှိပေ။


Note: သောက်ကျိုးနည်း MC ပါလားဟဲ့.. 🤣🤣