အပိုင်း (၁၀)
Viewers 5k

ကျန်းမြောင်မြောင်က တွိုင်းလက်ပေါ်တွင် တစ်နာရီခန့် ထိုင်နေခဲ့သည်။ သူမက မလှုပ်ရှားရဲခဲ့ဘဲ ခြေထောက်တွေ ထုံကျဥ်လာကာမှ ဘောင်းဘီဝတ်ကာ ထရပ်လိုက်သည်။


မူလပိုင်ရှင်က သူမ၏ ခန္ဓာကိုယ်ကို ဂရုမစိုက်ခဲ့ပေ။ တစ်ခါတစ်ရံ၌ အလုပ်သွားရန် အလျင်လိုနေပြီး သူမ အဆောင်တွင် ရေပူမရသည့်အခါမျိုးတွင် ရေအေးဖြင့်သာ ခေါင်းလျှော်သွားတတ်သည်။ ဆောင်းတွင်းတွင် အေးစက်နေသည့် ရေများကိုလည်း တိုက်ရိုက် သောက်သုံးတတ်သောကြောင့် သူမ၏ ဓမ္မတာကာလသည် အလွန် ပုံမှန်မဖြစ်ဘဲ လာသည့်အခါ အပြင်းအထန်ဆင်းလာလိမ့်မည် ဖြစ်သည်။


သူမတွင် လစဥ်သုံးပစ္စည်းများမရှိသော်လည်း ကံကောင်းစွာဖြင့် တွိုင်းလက်စက္ကူများစွာ ရှိပေသည်။ ကျန်းမြောင်မြောင်က အမြှောင်းရှည်များဖြစ်အောင် စုတ်ဖြဲလိုက်ပြီး အပိုင်းသေးသေးလေးတစ်ခုအဖြစ် ခေါက်ချိုးလိုက်ကာ အတွင်းခံအတွင်း ထည့်ထားလိုက်သည်။



တွိုင်းလက်စက္ကူက ကပ်ခွာမဟုတ်သောကြောင့် သူမ လမ်းလျှောက်တိုင်း ရွေ့နေလိမ့်မည်ဖြစ်ပြီး ၎င်းက ရေစိုခံလည်းမဟုတ်သောကြောင့် တစ်ကြိမ်စုပ်ယူပြီးသွားသည်နှင့် သူမ၏ ဘောင်းဘီများကို စွန်းပေသွားပေလိမ့်မည်။


သူမက လမ်းပတ်လျှောက်မနေရဲပေ။ တစ်နေ့လုံး အိပ်ရာထဲတွင်သာ နေနေခဲ့ပြီး သူမ၏ အိပ်ခန်းထဲမှ အပြင်လုံးဝမထွက်ခဲ့ပေ။ သူမသည် ရင်းနှီးနေသော ခံစားချက်ကို တစ်ကြိမ်ထပ်ခံစားလိုက်ရသည်နှင့် တွိုင်းလက်စက္ကူအသစ်ကို အလျင်အမြန် အစားထိုးလိမ့်မည် ဖြစ်သည်။



လုချီမင်က ၎င်းကို လျစ်လျူရှုထားရန် စဥ်းစားခဲ့သော်လည်း သူမက မနက်စာစားသည့် တစ်ချိန်မှလွဲလျှင် အောက်ထပ်ကို လုံးဝ ဆင်းမလာခဲ့ဘဲ မည်သည်ကိုမှလည်း မစားသောက်ခဲ့ပေ။ ထို့ကြောင့် သူက စိုးရိမ်လာပြီး သူမ၏ အိပ်ခန်းတံခါးကို သွားခေါက်ခဲ့သည်။  



ဒေါက်... ဒေါက်... ဒေါက်



"မင်း ဗိုက်ဆာနေပြီလား။ ငါ ခေါက်ဆွဲကြော်ထားတယ်။"



ကျန်းမြောင်မြောင်က ရေချိုးခန်းထဲတွင် တစ်ရှူးစက္ကူများ လဲလှယ်နေရင်း ပြန်ဖြေလိုက်သည်။ "ဗိုက်ဆာတဲ့အချိန် လာစားလိုက်မယ်။"


လုချီမင်က မငြင်းဆန်ခဲ့ပေ။ "အိုခေ... ခေါက်ဆွဲကို ကော်ဖီစားပွဲပေါ် တင်ထားလိုက်မယ်။" 



သူက ပြောပြီးသည့်နောက် သူ့အခန်းသို့ ပြန်သွားခဲ့သည်။ ကျန်းမြောင်မြောင်က ဘောင်းဘီကို ပြန်ဝတ်ပြီးနောက် အမှိုက်ပုံးထဲမှ အိမ်သာသုံးစက္ကူများကို ကြည့်လိုက်သည်။



စက္ကူစတိုင်းက သွေးတို့ဖြင့် ရွှဲနစ်နေခဲ့၏။ ဘယ်လိုလုပ်ရမလဲ။



ယခင်က သူမသည် အမှိုက်အိတ်ကို ပြတင်းပေါက်မှ တိုက်ရိုက်ပစ်ထုတ်ခဲ့သော်လည်း ဤအရာများက လတ်ဆတ်သောလူ့သွေးများ ဖြစ်သည်။ အကယ်၍ ၎င်းကို အပြင် ပစ်ထုတ်ခဲ့ပါလျှင် ဇွန်ဘီများကို 'လာပါ... လာပါ.. ဒီနေရာမှာ အသက်ရှင်နေသေးတဲ့ လူရှိလို့ လာစားလှည့်ပါ' ဟု အော်ခေါ်နေသည်နှင့် တူနေလိမ့်မည် မဟုတ်ပါလား။ 


  

ထိုအကြောင်းကို တွေးပြီးသည့်နောက် သူမက ထိုအရာအားလုံးကို လောင်ကျွမ်းပစ်ရန် ဆုံးဖြတ်လိုက်သည်။



ထို့ကြောင့် သူမက အမှိုက်ပုံးနှင့် အောက်ထပ်သို့ ဆင်းသွားခဲ့ပြီး သံပုံးအသေးလေးတစ်ပုံးကို ရှာဖွေကာ အထဲသို့ ဒီဇယ်အနည်းငယ် လောင်းထည့်ကာ စက္ကူများအား မီးရှို့ပစ်ရန် မီးညှိလိုက်သည်။



ဒီဇယ်ဆီက မီးလောင်လွယ်သဖြင့် မီးတောက်များက အထက်သို့ မြင့်တက်လာသည်။



ကျန်းမြောင်မြောင်သည် အိမ်ကိုပါ မီးလောင်သွားမည်စိုးသောကြောင့် ဘေးတွင် ဆောင့်ကြောင့်ထိုင်ချကာ မီးငြိမ်းသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။



လုချီမင်က အောက်ထပ်မှ လှုပ်ရှားမှုများကို ကြားလိုက်သည်။ သူက လက်နက်အဖြစ် ခွေးခြေခုံတစ်ခုကို ယူကာ စစ်ဆေးရန် အောက်ထပ်သို့ ဆင်းလာခဲ့၏။ 



တောက်လောင်နေသည့် မီးအလင်းရောင်အတွင်း အဖြူရောင်ညအိပ်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်က သံပုံးတစ်ခု၏ ဘေးတွင် ငုတ်တုတ်ထိုင်နေခဲ့သည်။ ဖြူဖျော့နေသော သူမ မျက်နှာက မီးတောက်၏ ရောင်ပြန်ဟပ်မှုကြောင့် မတူညီသော အလင်းအမှောင်အောက် ကျရောက်နေသည်။ 


"ဒီမှာ ဘာလုပ်နေတာလဲ။" သူက ခွေးခြေခုံကို ချလိုက်၏။



"ဘာမှမဟုတ်ပါဘူး။ ပြန်သွားတော့လေ။" 



သူမသည် ယခုအချိန်၌ ရက်အနည်းငယ်မျှသာလျှင် သိရသေးသည့် ယောက်ျားတစ်ယောက်နှင့် စကားပြောချင်စိတ် ရှိမနေပေ။



"အခု ညအချိန်ရောက်နေပြီ။ ဇွန်ဘီတွေရဲ့ အကြားအာရုံနဲ့ အမြင်အာရုံက အခုချိန်မှာ အထွတ်အထိပ် ရောက်နေမှာ။ သူတို့က ဒီနေရာမှာ မီးအလင်းရောင်မြင်ရင် သေချာပေါက် စုဝေးလာကြလိမ့်မယ်။"


သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "ဒါဆို ငါ ဘာလုပ်သင့်လဲ။"



"မီးအရင်ငြှိမ်းလိုက်။"



လုချီမင်က အဖုံးအဖြစ် လက်ဆေးဇလုံတစ်ခုကို ရှာတွေ့သွားပြီး ပုံးပေါ်သို့ အုပ်လိုက်သည်။ မီး​တောက်က မကြာခင် ငြိမ်းသွားခဲ့လေသည်။



ကျန်းမြောင်မြောင်က ရွေးချယ်စရာ မရှိဘဲ ထရပ်လိုက်ရသည်။



အချိန်အကြာကြီး ဆောင့်ကြောင့်ထိုင်ခဲ့ရပြီး သွေးအများအပြားလည်း ဆုံးရှုံးထားရသည့်အတွက် ရုတ်တရက် ထရပ်လိုက်ပြီးနောက် သူမ၏ အမြင်အာရုံက အမှောင်ကျသွားခဲ့ပြီး လဲကျသွားခဲ့သည်။



လုချီမင်၏ အမြင်က လျင်မြန်ကောင်းမွန်တာကြောင့် လက်များကို ဆန့်ထုတ်ကာ သူမအား ကူညီပေးလိုက်ရ၏။



စက္ကန့်အနည်းငယ် ကြာပြီးနောက်မှ သူမ မျက်လုံးများ ပြန်ဖွင့်လာခဲ့သည်။ သူမ၏ လက်များနှင့် ခြေထောက်များက အေးစက်နေပြီး 


သူမ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းနေခဲ့သည်။


"ကျေးဇူး... ငါ... ငါ အခန်းထဲပြန်ပြီး လှဲနေလိုက်မယ်။"



ကျန်းမြောင်မြောင်က သူ့လက်ကို တွန်းဖယ်လိုက်ပြီး နံရံကို အားပြုရင်း အပေါ်ထပ်သို့ လျှောက်သွားခဲ့သည်။ 



ုချီမင်က ပြောလိုက်သည်။ "မင်း အဝတ်တွေလဲလိုက်တာ ပိုကောင်းမယ်။"



"ဟမ်?"



"မင်း ဘောင်းဘီ...."



သူက ဆက်မပြောဘဲ ရပ်သွားခဲ့သည်။ ကျန်းမြောင်မြောင်က သူမ နောက်ဘက်သို့ ထိကြည့်လိုက်သည့်အခါ သွေးတို့ကို ခံစားမိလိုက်သည်။ သူမက သူ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားခဲ့လေသည်။ သူမ၏ မျက်နှာက အနီရောင်ပြောင်းသွားပြီး ချက်ချင်း အရှိန်မြှင့်လိုက်သည်။ သူမက အခန်းတံခါးကိုပိတ်ကာ နောက်ထပ် ထွက်မလာတော့ပေ။ 



သွေးကို မီးရှို့လိုက်သည့်အခါ ထူးဆန်းလှသည့် အနံ့တို့ကို ထွက်ပေါ်လာစေသည်။ ထိုအနံ့က ပြတင်းပေါက်အဟကြားမှ ထွက်သွားခဲ့ပြီး ဇွန်ဘီတို့ကို မငြိမ်မသက်ဖြစ်လာအောင် ပြုလုပ်နေပေသည်။