အပိုင်း (၁၁)
Viewers 5k

လုချီမင်က 84 ပိုးသတ်ဆေးရည်ကို ဖြန်းဆေးအဖြစ် ပြုလုပ်ကာ ပြတင်းပေါက်တိုင်းကို လိုက်ဖြန်း၍ တင်းတင်းကြပ်ကြပ် ပိတ်ပစ်လိုက်သည်။ ထို့နောက် သူက ပုံးနှင့်အတူ သူ့အခန်းထဲရှိ လေဝင်လေထွက်ပိုက်မှ တွယ်ထွက်သွားခဲ့သည်။


လစဥ်သုံးပစ္စည်း ပြတ်လပ်မှုကြောင့် ကျန်းမြောင်မြောင်က တစ်ညလုံး အိပ်၍မပျော်ခဲ့ပေ။ သူမက လဲနေရင်း နည်းနည်းလေးမှပင် မလှုပ်ရှားရဲခဲ့ချေ။ သူမက ဘေးကို အနည်းငယ်စောင်းကာ လဲနေရင်းမှ အိပ်ပျော်သွားခဲ့သည်။ သူမ နိုးလာသည့်အခါ လည်ပင်းက တောင့်နေပြီး ဆိုးဆိုးဝါးဝါးနာကျင်နေသည့်အတွက် အံကြိတ်လိုက်မိ၏။



သူမ မနေ့က မည်သည့်အရာမှမစားခဲ့ရသည့်အတွက် ဗိုက်ဆာနေခဲ့သည်။ သူမက ပြားချပ်နေသည့် ဗိုက်လေးကို ပွတ်ရင်း ရှက်ရွံ့မှုကို ဘေးဖယ်ထားကာ အောက်ဆင်းရန် ဆုံးဖြတ်လိုက်သည်။


ဓမ္မတာလာတာလေးပဲမလား။ ယခုအချိန်က လတ်ဆတ်သော သွေးများ ပြန့်ကျဲနေသော ကမ္ဘာကြီး၏ အဆုံးသတ်ဖြစ်သည်။



ထို့ကြောင့် သူမ၏ အဝတ်များက ညစ်ပတ်နေလျှင်ပင် သူမက သာမန်အတိုင်း နေထိုင်ချင်ပေသည်။



ကျန်းမြောင်မြောင်က စောင်ကို မ ကာ အိပ်ရာပေါ်မစွန်းအောင် တင်ပါးအောက်တွင် ပလတ်စတစ်အိတ်တစ်ခုကို ခံထားခဲ့သည်။ သူမက စိုးရိမ်နေသည်ကို ရပ်လိုက်ပြီး အပြင်ထွက်ရန် ထရပ်လိုက်၏။ ရုတ်တရက် သူမ၏ အာရုံကို ကုတင်ဘေးစားပွဲပေါ်ရှိ တစ်စုံတစ်ရာက ဖမ်းစားသွားလေသည်။ သူမက ၎င်းကို ဇဝေဇဝါနှင့် စိုက်ကြည့်နေခဲ့၏။



ထိုအရာက သိပ်မကြီးလှပေ။ ၎င်းက သေးငယ်သည့် အံစာတုံးသဏ္ဌာန်ရှိပြီး အနက်ရောင်အိတ်ဖြင့် ထုတ်ပိုးထား၏။ ထိုအထုပ်၏ မျက်နှာစာတွင် အရောင်စုံစာလုံးများဖြင့် ရေးသားထားသည့် စာတန်းက ထင်ထင်ရှားရှား ရှိနေပေသည်။


'Sophie Super Sleep 420'


ဒါ.... ဒါကြီးက ဘယ်နေရာကနေ ရောက်လာတာလဲ။ 



လစဥ်သုံးပစ္စည်းက ကောင်းကင်ကနေ ကျလာတာလား။



"လုချီမင်!" 



ကျန်းမြောင်မြောင်က အော်ခေါ်လိုက်ပြီး လုချီမင်က လက်ထဲတွင် ပန်းကန်လုံးကြီးတစ်လုံး ကိုင်ထားရင်း ရောက်လာပေသည်။ 



"ဘာ​ဖြစ်လို့လဲ။"



"ဒီပစ္စည်းကို ဒီမှာထားထားတာ နင်လား။"



သူက တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။



"နင် အဲဒါကို ဘယ်ကနေ ရလာတာလဲ။ မနေ့ညက အပြင်ထွက်သွားတာလား။ အပြင်မှာ ဇွန်ဘီတွေ ဒီလောက်အများကြီးကို နင် ဘယ်လိုထွက်သွားတာလဲ။"


လုချီမင်က ပြန်ဖြေလိုက်သည်။ "ငါက ဘယ်လို အပြင်ထွက်နိုင်မှာလဲ။ အသေသွားခံဖို့လား။ မြေအောက်ခန်းကနေ ရှာတွေ့ခဲ့တာ။"



"မြေအောက်ခန်းမှာ ဘယ်လိုလုပ်ရှိမှာလဲ။ ငါ မဝယ်ခဲ့ဖူးဘူး။"



"မင်း ဝယ်ခဲ့တာကို မေ့သွားတာမဟုတ်ရင် တစ်ယောက်ယောက်ရဲ့ အမှာစာကို မှားပို့လိုက်မိတာ နေမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သုံးလိုက်လို့ရနေတာပဲ။ အခု ပြန်ပေးလိုက်ဖို့မှ မဖြစ်နိုင်တော့တာ။"



ကျန်းမြောင်မြောင်က ထိုအကြောင်းကို တွေးကြည့်လိုက်ပြီးနောက် လက်ကို ယမ်းကာ ပြောလိုက်သည်။


"ထားလိုက်ပါတော့။ နင် အရင်ထွက်သွားနှင့်.... ဟမ်... နင့်လက်ထဲ ကိုင်ထားတဲ့ ပန်းကန်ထဲမှာ ဘာကြီးလဲ။" 



"ချက်ဖို့ ကြက်သား။" 



"..... ကြက်ကို ဘယ်နေရာကနေ ရလာတာလဲ။ ငါ့ရဲ့ သေရည်စိမ်ကြက်ခြေထောက်တွေကို ထိရဲရင် ငါ နင်နဲ့ သူသေကိုယ်သေတိုက်ခိုက်ရလိမ့်မယ်နော်။"


လုချီမင်က သရော်ပြုံးပြုံးလိုက်သည်။ "ဘယ်သူက သေရည်စိမ်ကြက်ခြေထောက်တွေကို ချက်မှာတဲ့လဲ။ မြေအောက်ထပ်မှာ တစ်ခုခုရှာဖို့သွားတော့ ကြက်တစ်ကောင်ရှာတွေ့ခဲ့တာ။"



ကျန်းမြောင်မြောင်က မယုံကြည်ပေ။ သူမက လုချီမင်ထံ သွား၍ စစ်ဆေးကြည့်လိုက်သည့်အခါ ပန်းကန်ထဲ၌ အမှန်တကယ် လတ်ဆတ်သော ကြက်သားတို့ ရှိနေပေသည်။



သူမက လတ်ဆတ်သော အစားအစာကို မစားခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ​ဖြစ်သည်။ သူမက အသားနံ့ကို ရလိုက်ပြီးနောက် အောက်နှုတ်ခမ်းကို သပ်လိုက်မိသည်။



"ကြက်က ဘယ်လိုဖြစ်ပြီး မြေအောက်ခန်းထဲ ရောက်နေတာလဲ။"



"အပေါက်တစ်ခုခုကနေ ဝင်လာတာနေမှာပေါ့။"



"နောက်တစ်ခါ ကြက်တစ်ကောင်ဝင်လာရင် မသတ်ပစ်နဲ့။"



"ဘာလို့လဲ။"



"ဥ ဥဖို့ မွေးထားလိုက်လေ။"



ဘယ်လောက်လှပလိုက်တဲ့ နေ့လေးလဲ။



လုချီမင်က ကြက်သားစွပ်ပြုတ်ချက်ရန် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။ ကျန်းမြောင်မြောင်က သန့်ရှင်းသော အဝတ်အစားများ လဲလှယ်လိုက်ပြီး လစဥ်သုံးပစ္စည်းအား သုံးလိုက်သည်။ သူမက အခန်းနှင့် ရေချိုးခန်းကို ရှင်းလင်းလိုက်ပြီးနောက် အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။



ကြက်သားစွပ်ပြုတ်ကို မီးမျှင်းမျှင်းနှင့် ချက်ပြုတ်ပြီးနောက် သူမက တစ်ထိုင်တည်း နှစ်ပန်းကန် သောက်ပစ်လိုက်ကာ ကြက်သားနှင့် ထမင်းတစ်ပန်းကန် စားပစ်လိုက်သေးသည်။



လုချီမင်က မျက်မှောင်ကြုတ်လိုက်၏။ "အဲဒီဇွန်ဘီတွေသာ အခု မင်း စားသောက်နေတဲ့ ပုံစံကိုမြင်ရင် သူတို့ သေချာပေါက် ကြောက်လန့်သွားကြလိမ့်မယ်။"



ကျန်းမြောင်မြောင်က စားသောက်ပြီးနောက် အားရကျေနပ်စွာဖြင့် သူမ၏ ဗိုက်ကလေးကို ပွတ်ရင်း ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ သူမက ပျင်းရိစွာပြောလိုက်၏။ 



"နင့်ရဲ့ ကောင်းမွန်လှတဲ့ အချက်အပြုတ်ကြောင့် ဒီကျယ်ကျဲက နင်နဲ့ ပြိုင်မငြင်းတော့ဘူး။"

[


ကျယ်ကျဲ=အစ်မ]



သူက ရယ်မောလိုက်သည်။ "ဘယ်သူ့အစ်မလဲ... မင်းက.....?"



"သေချာပေါက် နင့်အစ်မပေါ့။ မယုံဘူးလား။ နင့်အသက်ဘယ်နနှစ်လဲ။"


"၂၆"


"ဟေး... ငါက ၂၇ နှစ်။"



"မဖြစ်နိုင်ဘူး။"



"မတတ်နိုင်ဘူး။ ငါက သဘာဝအလှလေးကိုး။ ၂၇ နှစ်ရှိနေပြီဆိုပေမယ့် ၁၇ နှစ်လောက်ပဲ ထင်ရတယ်လေ။"



သူမ ဗိုက်ပြည့်သွားသည့်အခါ အိပ်ချင်လာပေသည်။ သူမက သမ်းဝေလိုက်ရင်း အိပ်ရာသို့ ပြန်သွားခဲ့သည်။



ထိုနေ့မှစ၍ အချို့ကောင်းမွန်သောအရာများက မြေအောက်ခန်းအတွင်း ခဏခဏပေါ်ပေါက်လာပေသည်။



အာလူးသုံးလေးလုံး။



ထောင့်ဘက်တွင် လျှို့ဝှက်စွာ ကြီးထွားနေသည့် မုန်လာဥများ။



နွမ်းနေသည့် ပန်းသီးများ။



ကြက်များ၊ ဘဲများနှင့် ယုန်များပင် ရှိနေတတ်သေးသည်။ အနီးဝန်းကျင်၌ မြစ်တစ်စင်းသာရှိခဲ့လျှင် ငါးများပင် ရနိုင်ပေလိမ့်မည်။



ကျန်းမြောင်မြောင်သည် သူမ ငှားရမ်းထားသည့် အိမ်က ဖုန်းရွှေရတနာမြေများ ဖြစ်နေသလား သံသယဝင်မိပေသည်။ သို့မဟုတ်လျှင် သူမ၏ ကံတရားက မည်သည့်အတွက် ထိုမျှကောင်းမွန်နေရပါသနည်း။



သို့သော် သူမ၏ အန်တီထွက်သွားပြီးနောက် ခွန်အားများ ပြန်ရလာသည့်အခါ သူမက မြေအောက်ခန်းသို့ လူကိုယ်တိုင် ဆင်းကာသွားကြည့်ခဲ့သည်။ သူမသည် ထိုကဲ့သို့သော ကောင်းမွန်သည့် အရာများကို မတွေ့ခဲ့ရသော်လည်း နောက်ထပ်တစ်ခုကို တွေ့ခဲ့ရသည်။



သူမ၏ မြေအောက်ခန်း.... မည်သည့်အတွက်ကြောင့် ဗလာကျင်းနေရပါသနည်း။