အပိုင်း (၁၂)
Viewers 5k

သူမ၏ မြေအောက်ခန်း.... မည်သည့်အတွက်ကြောင့် ဗလာကျင်းနေရပါသနည်း။


ထိုနေရာရှိ စင်ပေါ်တွင် အသင့်စားခေါက်ဆွဲခြောက်ထုပ် အနည်းငယ်သာလျှင် ကျန်ရှိပေသည်။


သူမရဲ့ အမဲသားခြောက်တွေ ဘယ်နေရာကို ရောက်သွားလဲ။ သူမရဲ့ မြစ်ခရုဆန်ခေါက်ဆွဲတွေရော ဘယ်မှာလဲ။ ကြက်ခြေထောက်အစပ်တွေကရော ဘယ်ပျောက်သွားရသလဲ။



"လုချီမင်!!!" 



ကျန်းမြောင်မြောင်၏ နှလုံးသားက တုန်ယင်နေခဲ့သည်။ 



ပန်းပွင့်သေးသေးလေးများ ရိုက်နှိပ်ထားသည့် ဘောင်းဘီကို ဝတ်ဆင်ထားသော အမျိုးသားက အောက်ထပ်သို့ ပြေးဆင်းလာပေသည်။ 


"ဘာဖြစ်လို့လဲ။"


"ငါ့ပစ္စည်းတွေ ဘယ်မှာလဲ။"



သူက အလေးအနက်ကြည့်ရင်း ပြောလိုက်သည်။ "ကြွက်တစ်ကောင်ကောင် စားသွားတာများလား။"



ကျန်းမြောင်မြောင်သည် သူ့ကို သရဲဖြစ်သွားအောင် ရိုက်သတ်နိုင်ရန် ဆုတောင်းမိပေသည်။


"ဝူး.. ဝူး.. ဝူး...(ငိုသံ).. နင် မျက်လုံးဖြူဝံပုလွေ။ ငါက ကြင်ကြင်နာနာနဲ့ နင့်ကို အိမ်ထဲ ဝင်ခိုင်းခဲ့ပေမယ့် နင်ကတော့ ငါ့ရဲ့ အစားအသောက်တွေကို အကုန် စားပစ်တယ်။ အခု ဘယ်လိုလုပ်မလဲ။ ဗိုက်ဆာပြီး သေအောင် ထိုင်စောင့်နေရတော့မှာလား။"



သူမသည် လွန်ခဲ့သော နှစ်ရက်က သွေးအများအပြားဆုံးရှုံးထားမှုကြောင့် ခေါင်းက မူးဝေနေပြီး သူမကို ဂရုစိုက်ပေးမည့် တစ်ယောက်ယောက် ရှိနေသည့်အတွက် ဝမ်းသာမိပေသည်။ သို့သော် သူမက အိမ်ထဲသို့ ဝံပုလွေတစ်ကောင်ခေါ်သွင်းမိခြင်းဖြစ်ကြောင်း ထင်မှတ်မထားမိခဲ့ပေ။



လုချီမင်၏ ကြွက်သားများ လေ့ကျင့်ထားခြင်းမှာ အလဟဿမဟုတ်ချေ။ သူမက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့သော်လည်း သူ့ကို အနည်းငယ်မျှ မနာကျင်စေခဲ့သည့်အပြင် သူမ၏ လက်သာ နာသွားခဲ့ရပေသည်။



ကျန်းမြောင်မြောင်က လုံးဝကို စိတ်လွတ်သွားခဲ့ပြီး မည်သည့်အမူအရာမှ မရှိဘဲ ဧည့်ခန်းထဲသို့ ပြန်လျှောက်သွားခဲ့သည်။ သူမက ထိုင်ခုံပေါ်တွင် ထိုင်နေပြီး မည်သည့်စကားမှမဆိုတော့ပေ။



လုချီမင်က သူမကို ရေတစ်ခွက်လှမ်းပေးလိုက်သော်လည်း သူမက အော်ငေါက်လာသည်။



"ဝေးဝေးသွား။ ငါ့ကို တစ်ယောက်တည်းသာ ထားခဲ့။"



"မင်း တကယ် ဒေါသထွက်နေတာလား။"



သူမက မည်သို့ ဒေါသမထွက်ဘဲနေနိုင်ပါမည်နည်း။ သူမကို ဇွန်ဘီများက မသတ်ဖြတ်သော်လည်း ဗိုက်ဆာ၍ သေရတော့မည်။ တွေးမိလိုက်ရုံနှင့်ပင် သူမအား ဝမ်းနည်းလာစေသည်။



လုချီမင်က ပြောလိုက်၏။ "ငါတို့ ဘာလို့ အပြင်ထွက်ပြီး စားစရာတချို့ သွားမရှာဘဲနေရမှာလဲ။"



သူမက သရော်လိုက်သည်။ "နင် သွားလေ။ ငါ နင့်အတွက် ဘုရားစာရွတ်ပေးမယ်။"



"အရမ်း အဆိုးမမြင်ပါနဲ့။ ငါတို့ လမ်းမှန်ကိုရှာတွေ့သရွေ့ အန္တရာယ်ကင်းကင်း ပြန်ရောက်မှာပါ။"



ကျန်းမြောင်မြောင်က နားမထောင်ပေ။ "လမ်းဆိုတာက ရှိမှာတဲ့လား။ ငါတို့က ဇွန်ဘီတွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး မိတ်ဆွေ ဖြစ်လို့ရလား။"



လုချီမင်က အလွန် စိတ်ရှည်ပေသည်။



"ဒီရက်တွေမှာ ငါ သူတို့ကို လေ့လာကြည့်နေတာ။ သူတို့ရဲ့ လှုပ်ရှားပုံကို ရှာတွေ့ခဲ့တယ်။ အပူချိန်အရမ်းမြင့်တဲ့ နေ့လယ်ခင်းရောက်ရင် ဇွန်ဘီအများစုက အရိပ်သွားခိုကြတာမို့ အပြင်ဘက်မှာ သုံးပုံတစ်ပုံပဲကျန်လိမ့်မယ်။"



ဤမြို့တွင် ဇွန်ဘီဆယ်သန်းကျော်ရှိပေသည်။ သူတို့ထဲမှ သုံးပုံတစ်ပုံဆိုလျှင်ပင် သန်းချီနေသေးသည်။ ဘာများကွာခြားသွားလို့လဲ။"



သူက ဆက်ပြောလိုက်သည်။ "ပြီးတော့ ဒီရပ်ကွက်ထဲမှာ လူနှစ်ရာကျော်လေးပဲရှိတယ်။ ဇွန်ဘီတွေကို အာရုံလွှဲဖို့ တခြားတစ်ခုခုကို အသုံးပြုပြီး ငါတို့ မြန်မြန်ဆန်ဆန်သွားကြမယ်ဆိုရင် အဲဒီအိမ်နီးချင်းတွေကို ချန်ထားခဲ့နိုင်လိမ့်မယ်။ ဒီနေရာနဲ့ အနီးဆုံး ကုန်စုံဆိုင် မဟုတ်ရင် စူပါမားကတ်က ဘယ်နေရာမှာရှိလဲ မင်းသိလား။"



"ရပ်ကွက်ထိပ်မှာ နှစ်ဆယ့်လေးနာရီစတိုးတစ်ခုရှိတယ်။"



"အိုခေ.. ငါတို့ အဲဒီကို သွားကြမယ်။"



"နေဦး။" ကျန်း​မြောင်မြောင်က အမြန်မေးလိုက်သည်။ "နင်ပြောတော့ ငါတို့က မြန်မြန်လှုပ်ရှားသင့်တယ်ဆို။ ခြေထောက်နှစ်ချောင်းထဲနဲ့ ဘယ်လို​မြန်မြန် သွားနိုင်မှာလဲ။"



လုချီမင်က သူမကို ပြတင်းပေါက်ဆီ တွန်းလွှတ်လိုက်ပြီး အပြင်ကို ညွှန်ပြလိုက်သည်။



"ကြည့်။"



အပြင်ဘက်တွင် အဖြူရောင် Sports ကား တစ်စီးက ပြီးပြည့်စုံသော အခြေအနေနှင့် ရှိနေခဲ့သည်။



ကျန်းမြောင်မြောင် : "... ငါ ဒီမှာ တစ်လနှစ်လလောက်နေလာတာ။ အဲဒီနားမှာ ဘယ်ကားမှ ရှိနေတာ မမြင်ပါဘူး။" 


လုချီမင်က ပြောလိုက်သည်။ "လူတွေက အမြဲတမ်း သူတို့ သတိပြုမိချင်တဲ့အရာကိုပဲ သတိပြုမိကြတာ။ ကားက အမြဲ အဲဒီမှာရှိနေခဲ့တာ။ မင်း သတိမထားမိလို့ပါ။"


"မ​ဖြစ်နိုင်ဘူး။"



"ငါ့ မျက်နှာပေါ်မှာ မှဲ့ဘယ်နခုရှိလဲ။"


"..." ကျန်းမြောင်မြောင်က ကြည့်ရန် ခြေဖျားထောက်လိုက်သည်။


"ငါ့မှာ မှဲ့မရှိဘူး။" လုချီမင်က ပြောလိုက်၏။ "အပြင်မှာ ရပ်ထားတဲ့ ကားကို အသာထားဦး။ မင်း နေ့တိုင်း မြင်နေရတဲ့အရာတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတောင် အပြည့်အဝ သတိပြုမိဖို့ဆိုတာ မဖြစ်နိုင်ဘူး။"



ကျန်းမြောင်မြောင်က သူ၏ အယုံသွင်းမှုကို ခံလိုက်ရပြီး နောက်ထပ် ပြဿနာတစ်ခုကို တွေးလိုက်သည်။



"သူတို့ရဲ့ အာရုံကို ဆွဲဆောင်ဖို့ ဘယ်ဟာကို သုံးမှာလဲ။" 



လုချီမင်က သူမကို ခဏစောင့်ရန် ပြောလိုက်သည်။ သူက ရေချိုးခန်းထဲသို့ ဝင်သွားပြီး ပြန်ထွက်လာသောအခါ အမည်းရောင်အမှိုက်အိတ်တစ်အိတ်ကို ကိုင်လာခဲ့သည်။



ထိုအမှိုက်အိတ်က အတော်လေး ပါးလျကာ ကျန်းမြောင်မြောင်က အကြည့်တစ်ချက်နှင့်ပင် အထဲတွင် မည်သည့်အရာရှိနေကြောင်း သိလိုက်ရပြီး လုချီမင်ကို ရိုက်နှက်မိလုမတတ် ဖြစ်သွားရသည်။



"နင်... နှာဘူးပဲ။" 



သူမက သူမ၏ လစဥ်သုံးပစ္စည်းများ မည်မျှများများ ပျောက်ဆုံးသွားကြောင်း သိချင်နေသည်။



လုချီမင်က ဂရုမစိုက်ပေ။


"ဇွန်ဘီတွေက အနံ့ခံအာရုံကောင်းပြီး လူ့သွေးရဲ့ အနံ့နဲ့ ရင်းနှီးတယ်။ သူတို့အနံ့ရလိုက်တာနဲ့ အဲဒီမှာ စုဝေးသွားကြလိမ့်မယ်။ ငါတို့က သူတို့ အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူပြီး ပစ္စည်းတွေ ရှာပြီး အမြန်ပြန်လာကြမယ်။"



ကျန်းမြောင်​​​မြောင်က စိတ်ပျက်လက်ပျက်ခံစားနေရသော်လည်း ရှုံးနိမ့်မှုကို လက်ခံခဲ့ရသည်။



ဓမ္မတာသွေးများနှင့် ဇွန်ဘီတို့်အား ဆွဲဆောင်ခြင်းမှာ အဝတ်ဗလာဖြင့် ပတ်ပြေးနေရသလို ရှက်ဖွယ်လိလိပင် ဖြစ်လေသည်။



လုချီမင်က သာမန်အတိုင်း ပြောလိုက်သည်။ "အဲဒီစတိုးမှာ အာလူးကြော်၊ အမဲသားခြောက်အစပ်၊ ချောကလက်နဲ့ အပူပေးထမင်းဘူးတွေအပါအဝင် တခြားအရသာရှိတာတွေ အများကြီးရှိတာကို မှတ်မိတယ်။ ဒါနဲ့ အပူပေးထမင်းဘူးမှာ အသားနှပ်အရသာလည်းရှိတယ်။ မင်း ဝက်သားနှပ်မစားချင်ဘူးလား။"



ကျန်းမြောင်မြောင်က တံတွေးမြိုချလိုက်ပြီး လုချီမင်၏ စည်းရုံးသိမ်းသွင်းမှုအောက် အညံ့ခံလိုက်ပေသည်။



"စားချင်တယ်။"





နေ့လယ်ခင်းတစ်နာရီတွင် နေမင်းက ပူပြင်းစွာ တောက်လောင်နေပြီး တောက်ပသည့် နေအလင်းက လူတိုင်း၏ မျက်လုံးများထဲ ထိုးဖောက်ဝင်ရောက်လာသည်။



လုချီမင်က ပုံးထဲသို့ အမှိုက်အိတ်ကို ထည့်ကာ ဗီလာခေါင်မိုးသို့ တွယ်တက်သွားပြီး ဆန့်ကျင်ဘက်အရပ်သို့ ပုံးကို ပစ်လိုက်သည်။



သွေးနံ့ထွက်ပေါ်လာသည်နှင့် ကြယ်ကလေးနှင့် ရွှေတင်ပါးတစ်ခြမ်းအပါအဝင် အခြားဇွန်ဘီများအားလုံးက ထိုနေရာသို့ ဝိုင်းရံသွားလေသည်။ 



ကားဘေးနား၌ မည်သည့်ဇွန်ဘီမှ မရှိတော့သည်ကို အတည်ပြုပြီးနောက် သူက ဧည့်ခန်းထဲပြန်လှည့်လာကာ ကျန်း​မြောင်မြောင်ကို ပြောလိုက်သည်။



"သွားလို့ရပြီ။"



သေအောင်ကိုက်သတ်ခံရမည်အား ကြောက်ရွံ့သည့် သူမ၏ နှလုံးခုန်နှုန်းက အလွန်မြန်ဆန်လာပေသည်။



"ဘာလို့ နင်ပဲ မသွားတာလဲ။ ငါ မသွားတော့ဘူး။ ငါက အရမ်း အားနည်းတာမို့ နင့်ကို ဆွဲချသလိုပဲဖြစ်လိမ့်မယ်။"


လုချီမင်က ဆိုဖာကို အဝေးသို့ ဖယ်လိုက်ပြီး တံခါးကို ဖွင့်၍ စကားတစ်ခွန်းမှမပြောဘဲ ရုန်းကန်နေသည့်သူမကို ဆွဲထုတ်သွားလေသည်။