Chapter 118
တစ်ခဏကြာပြီးနောက် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က အလွန်စီးပွားအချက်အချာကျသည့် လမ်းသွယ်လေးထဲ ရောက်သွားကြသည်။မြို့တော်ရှိမိသားစုကြီးများက ဤနေရာသို့ ပစ္စည်းဝယ်ရန်လာလေ့မရှိကြ။သို့သော် ကုန်သည်များနှင့်ပိုက်ဆံအနည်းငယ်ရှိသည့် အရာရှိကြီးများသည်ဖြင့် ဤနေရာသို့ တစ်ခုခုဝယ်ရန်လာပေ၏။
ရထားလုံးဆရာအား ငွေချေပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောအား ရထားလုံးအပြင်သို့ ခေါ်ထုတ်သွားသည်။
လမ်း၏နှစ်ဖက်နှစ်ချက်စလုံးတွင် စျေးဆိုင်များရှိကာ လမ်းပေါ်တွင်လည်း လူအပြည့်ဖြစ်နေ၏။လမ်းလေးက အလွန်စည်ကားလှသည်။ ရှေးခတ်ကိုရောက်လာချိန်မှစ ကျန်းကျန့်မြင်ဖူးသမျှထဲတွင် ဤလမ်းအရှုပ်ဆုံးဖြစ်ကာ ချွင်းချက်မရှိ ကျောက်ကျင်းကောအား ငြိမ်ကျသွားစေ၏။
ကျန်းကျန့်က သူနှင့်အတူလမ်းလျှောက်နေရင်းစကားပြောပေးလာ၏။
ကျောက်ကျင်းကောက အသစ်အဆန်းတိုင်းအား ကြည့်နေကာ ကျန်းကျန့်မှာ သူ့နောက်ကဖြေးဖြေးချင်းလိုက်လာ၏။အချိန်တစ်ခုစာ လျှောက်သွားပြီးနောက် သူတို့က အသိတစ်ယောက်ထံပြေးသွားကြသည်။ထိုမိတ်ဆွေက စောစောက ကျန်းကျန့်ကုန်များဝယ်ခဲ့သည့် ရှန်းအန်ရှင်းဖြစ်၏။
ရှန်းအန်ရှင်းက သူ့အစေခံကောင်လေးနှင့် လမ်းပေါ်တွင် လျှောက်ကြည့်နေသည်။ကျောက်ကျင်းကောက သူ့အားမြင်သွား၍ အံ့သြကာအပြေးနှုတ်ဆက်ချင်မိသည်။သို့သော်ငြား ချမ်းချမ်းသာသာဝတ်စားထားသည့် လူငယ်လေးတစ်ယောက်က သူ့ဘေးမှထွက်လာပြီး ရှန်းအန်ရှင်း၏လက်ကို ဆွဲကိုင်လာသည်အား တွေ့လိုက်ရ၏။
"အန်ရှင်း...နှလုံးသားမမဲ့စမ်းပါနဲ့..ပြေလည်ကြရအောင်ပါ"
ထိုလူက ရုတ်တရက်ပေါ်လာ၍ ရှန်းအန်ရှင်းအား ရပ်သွားပြီးရုန်းကန်စေ၏
"မင်းဘယ်သူလဲ..ငါမင်းကို မသိဘူး"
“ငါ့သခင်လေးကို လွှတ်လိုက်စမ်း"ရှန်းအန်ရှင်းဘေးမှကောင်လေးက အော်လိုက်၏။
သို့သော်လည်း ထိုလူက ရှန်းအန်ရှင်းလက်ကို တင်းတင်းကိုင်ထားပေ၏။
"အန်ရှင်း...ငါတို့က အကြာကြီးအတူရှိလာခဲ့တာ...မင်းဘယ်လိုလုပ်ပြီး ငါ့ကိုမသိသလို ဟန်ဆောင်နိုင်ရတာလဲ"
“ငါတစ်ကယ် မင်းကိုမသိဘူး..ငါ့ကိုလွှတ်"
ရှန်းအန်ရှင်းက ကြောက်ရွံ့မိ၏။သူ့ခွန်အားက ဤလူနှင့်ယှဥ်၍မရနိုင်ချေ။
“မင်းငါ့ကို မသိသလိုဆက်ဟန်ဆောင်နေမှာလား
...ပိုကောင်းတဲ့လူကို ရှာတွေ့သွားတော့ ငါ့ကို ပစ်ထားခဲ့ချင်ပြီပေါ့လေ..."
ထိုလူက ဒေါသတကြီးဆိုလိုက်ရင်း မမျှော်လင့်ထားစွာ ရှန်းအန်ရှင်းဝတ်ရုံအား ဆွဲလာ၏။
ကျန်းကျန့်၏မျက်လုံးများက ချက်ချင်း ကျဥ်းမြောင်းသွားသည်။
ကျဥ်းထဲကျပ်ထဲရောက်နေသည့် ရှန်းအန်ရှင်းပုံစံက လူများအား ရပ်ပြီးကြည့်စေရန်ပင် ဆွဲဆောင်နေသည်...သို့သော် မည်သူမှ သူ့အားထွက်ပြီးကူညီမလာချေ။ဘေးမှကြည့်နေသူများက ရုတ်ရုတ်ဖြစ်နေသည်အား စောင့်ကြည့်နေကြရုံသာ။
တစ်ဖက်တွင် အဖြစ်အပျက်က မြန်မြန်ဆန်ဆန်ကြီးထွားလာသော်လည်း ထိုလူကဦးဆောင်ပြီး ရှန်းအန်ရှင်းက သူ့ချစ်သူဟုကြေငြာလိုက်သည်။
ရှန်းအန်ရှင်း၏မျက်ခုံးကြားက အမာရွတ်က ရေးရေးလေးဖြစ်သော်လည်း ကျောက်ကျင်းကောနှင့်အတူတူရပ်နေပါက လူတိုင်းက သူ့အားကောတစ်ယောက်အဖြစ် သိသွားနိုင်၏။
ကောတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်တို့လမ်းသွယ်လေးတွင် ဆွဲလားရမ်းလားငြင်းခုန်နေခြင်း...။
လူငယ်စုံတွဲကိစ္စဖြစ်၍ လူများက သေချာပေါက် နှောင့်ယှက်လိမ့်မည်မဟုတ်ကာ ဘေးမှအပျော်သဘောကြည့်နေကြခြင်းပင်။
ရှန်းအန်ရှင်း၏နေရာက စားသောက်ဆိုင်ဘေးတွင်ဖြစ်ပြီး စားသောက်ဆိုင်၏ဒုတိယထပ်ပြတင်းပေါက်မှ လူငယ်လေးတစ်ယောက်က အောက်ကရုတ်ရုတ်သဲသဲဖြစ်နေသည်အား ကြည့်နေ၏။ဤမြင်ကွင်းအားမြင်ပြီးရှန်းအန်ရှင်း၏ငိုသံအားကြားသော် သူ့မျက်လုံးများက ပျော်ရွှင်မှုအလင်းတန်းလေးဖြတ်သွားသည်။
ထိုအမျိုးသားဘေးတွင် ဝဝနှင့်သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ရပ်နေကာ ကျန်းကျန့်၏ကုန်စည်များအား ဝယ်ချင်ပြီး ကျန်းကျန့်က ငြင်းလိုက်၍ ရှန်းအန်ရှင်း၏ဂုဏ်သိက္ခာအား ကျဆင်းစေချင်သူလည်းဖြစ်သည်။ ထိုသူက ဝမ်လုံကုန်သည်အသင်း၏ဆိုင်ရှင်ဖြစ်သည်။
“သခင်လေး...မသင့်တော်ဘူး မို့လား"
ဆိုင်ရှင်ကျူးက မေးလာ၏..သူက .မိသားစုသခင်ကြီးမှာ သခင်လေးအား ရှန်းအန်ရှင်းနဲ့လက်ထပ်စေချင်ပြီး ရှန်းမိသားစု၏ကြွယ်ဝမှုအား ထိန်းချုပ်စေချင်မှန်းသိလေ၏။
ထို့နောက် ယခုတွင် သူ့သခင်လေးက ဤအရာအား လုပ်ဆောင်နေ၏။
ဤသည်က ရှန်းအန်ရှန်း၏ဂုဏ်သတင်းအား ကျဆင်းစေလိမ့်မည်ဖြစ်ကာ သခင်လေးအတွက်လည်း ကောင်းလိမ့်မည်မဟုတ်ပေ။
“အဲ့တာဘာဖြစ်လဲ..ငါမှသူ့ကိုလက်မထပ်ချင်တာ"
ဖုန်ချန့်လင်ဆိုသည့် ဝမ်လုံကုန်သည်အသင်း၏ပိုင်ရှင်ငယ်လေးက ဆိုလိုက်သည်။
သူက ရှန်းအန်ရှင်းအား လုံးဝသဘောမကျချေ။သူက ရှန်းအန်ရှင်းနှင့်လက်ထပ်ရန်သဘောတူလိုက်သည်က ရှန်းမိသားစုက ချမ်းသာပြီးကလေးတစ်ယောက်သာရှိ၍ဖြစ်သည်။သူသာ ရှန်းအန်ရှင်းနှင့်လက်ထပ်လိုက်ပါက ရှန်းမိသားစု၏ပိုက်ဆံများက သူ့အပိုင်ဖြစ်လာမည်။သို့သော်လည်း ရှန်းအန်ရှင်းက စိတ်မဝင်စားပဲ သူ့အား အကြိမ်ကြိမ်ငြင်းပယ်ခဲ့၍ သူ့အားအလွန်ဒေါသထွက်စေမိသည်။သူသည်လည်း ရှန်းအန်ရှင်းနှင့် လက်မထပ်ချင်တော့ပေ။
လက်မထပ်ချင်မှတော့ ရှန်းအန်ရှင်းကို ဖျက်ဆီးလိုက်ရုံပေါ့။
ရှန်းအန်ရှင်းက ကောတစ်ယောက်ဖြစ်၍ သူတို့သမီးများနှင့် လက်ထပ်ခိုင်းလျှင်တောင်မှ သင့်တော်မည်မဟုတ်။ယခုတွင် သူက လမ်းပေါ်ကလူတစ်ယောက်နှင့် တစ်ခုခုပတ်သက်သွား၍ မိသားစုကောင်းကောင်းမှသမီးတစ်ယောက်နှင့် လက်ထပ်ရန်က သူ့အတွက် ပိုမဖြစ်နိုင်တော့။သူ့အကြောင်းလူသိသွားပြီဖြစ်၍ သူနှင့်လုပ်ငန်းလုပ်ချင်သည့်သူမှာလည်း နည်းသည့်ထက်နည်းလာပေမည်။
ရှန်းမိသားစုလုပ်ငန်း ပြိုလဲသွားလျှင် သူတို့က ရှန်းမိသားစုအား နည်းနည်းချင်း ဝါးမြိုနိုင်မည်ဖြစ်သည်။
ဖုန်ချန့်လင်က ဤဟာသပြဇာတ်မှ ထပ်လာမည့်အရာအား စောင့်မျှော်နေစဥ် ဤဖြစ်ရပ်၏ဦးတည်ချက်က ရုတ်တရက် ပြောင်းသွားပေ၏။ .
ခေတ်သစ်မှာ ကျန်းကျန့်မမြင်ဖူးတာ ဘာရှိလဲ။ထိုလူက ရုတ်တရက် ရှန်းအန်ရှင်းအားဆွဲလားရမ်းလားလုပ်လာ၍ တစ်ချက်ကြည့်လိုက်ရုံနှင့် ရှန်းအန်ရှင်းနှင့်လုံးဝမပတ်သတ်မှန်းသိလေ၏။ပြောရလျှင် သူ့ရည်ရွယ်ချက်က ရှင်းရှင်းလင်းလင်းပင်...ရှန်းအန်ရှင်း၏ဂုဏ်သတင်းအား ဖျက်ဆီးရန်ဖြစ်၏။
ဤရှန်းအန်ရှင်းက...သူ့ကိုယ်သူ အမျိုးသားတစ်ယောက်အဖြစ်တွေးထားသော်လည်း စင်စစ် သူကကောတစ်ယောက်ဖြစ်၏။သူ့တွင် ဤအဖြစ်အပျက်အား တွန်းလှန်နိုင်စွမ်းမရှိကာ အဝတ်များအဖြဲခံလိုက်ရသည်နှင့် အော်ငိုတော့သည်။
“မင်း ခွေးမ...."
ထိုလူက ရှန်းအန်ရှင်းအဝတ်ကိုကိုင်ထားရင်း သူ့အားပိုက်ဆံပေးခိုင်းထားသည့်အတိုင်းလုပ်နေစဥ် သူ့အင်္ကျီလည်တိုင်က ရုတ်တရက် အဆွဲခံလိုက်ရသည်။
“သခင်ကြီးကျန်း...နောက်ဆုံးတော့တွေ့ပြီ..ဘယ်အချိန်မှ အကြွေးဆပ်မှာတုန်း"
ကျန်းကျန့်က ထိုလူအား ဆွဲယူလိုက်ရင်း မေးလိုက်သည်။
သူစကားပြောနေစဥ် တမင်သက်သက် မြို့တော်လေသံသုံးထား၏။မည်သည့်နေရာတွင်ဖြစ်စေ လူများက မြို့ခံပြောသည်ကို ပိုယုံကြသည်။
“မင်းဘယ်သူလဲ"
ကျန်းကျန့်မှ"သခင်ကြီးကျန်း"ဟု ခေါ်လိုက်သည့် စုပ်ခွက်ကောင်က ကျန်းကျန့်အားတွန်းရန်လက်ဆန့်လာ၏။
“ခွေးမသား....မင်း အဲ့တာလုပ်ချင်နေတုန်းလား"ကျန်းကျန့်က ဆိုလိုက်၏။သူ စကားမဆုံးမီပင် ဤလူ့မျက်နှာအား ဖြန်းခနဲရိုက်ချပစ်လိုက်သည်။
"မင်းက ပိုက်ဆံအကြွေးတင်တာ ကောင်းတယ်ထင်နေတာလား"
ကျန်းကျန့်၏ရိုက်ချက်က ပြင်းလွန်း၍ ထိုလူ့ပါးစပ်မှသွေးထွက်လာ၏။နားလည်သွားသည့်ထိုလူက ရှန်းအန်ရှင်းကို ပြဿနာရှာမည့်ကိစ္စအား ဂရုမစိုက်နိုင်တော့ပေ။ ရှန်းအန်ရှင်းကို လွှတ်လိုက်ပြီး ကျန်းကျန့်အားထိုးရန်ပြင်သည်။
"မင်း ငါဘယ်သူလဲသိလို့လား"
“သေချာပေါက် မင်းဘယ်သူလဲသိတာပေါ့ သခင်ကြီးကျန်း ငါ့အပေါ်ပိုက်ဆံအကြွေးတင်နေတယ်လေ"
ထိုသူက ရှန်းအန်ရှင်းအား ရန်ပွဲထဲဆွဲမထည့်နိုင်တော့ကာ အဝတ်များလည်းဖြဲမပစ်နိုင်တော့၍ လွှတ်ပေးလိုက်ရသည်အား ကျန်းကျန့်တွေ့လိုက်သည်။သူ့အား ဆွဲထူမည့်အစား ကျန်းကျန့်က တွန်းပြီးကန်လိုက်သည်။
"မင်း ငါ့ပိုက်ဆံကိုအကြွေးထားရဲတယ်ပေါ့....အသက်မရှင်ချင်တော့ဘူးထင်တယ်"
ရုတ်တရက် "သခင်ကြီးကျန်း"မှာ ကျန်းကျန့်ထံအကန်ခံလိုက်ရပြီး ပြန်ချရန်အားမရှိတော့ပေ။သူက ဒေါသထွက်လွန်း၍ သွေးအန်ချင်အောင်ဖြစ်နေသော်လည်းလူတိုင်းက ရှန်းအန်ရှင်းကို သွားနှောင့်ယှက်ကတည်းက ကြည့်နေကြ၏။ယခုအခါတွင်လည်း သူ့ပတ်လည်ရှိလူတိုင်းက ကြည့်သာကြည့်နေကြသည်။
“မင်းဘယ်သူလဲ...ဘာဖြစ်ချင်နေတာလဲ..."သခင်ကြီးကျန်းဆိုသူက မေးလာ၏။
သူစကားမဆုံးမီမှာပင် ကျန်းကျန့်က သူ့ပါးစပ်ကိုလက်သီးနှင့်ထိုးလာ၍ စကားတစ်ဝက်အား ပြန်မျိုချလိုက်ရသည်။တစ်ချိန်တည်းမှာပင် ကျန်းကျန့်က ထိုသူ့ခါးပတ်အားကိုင်ကာ အဝတ်များခွာချလာ၏။
ဤလူက တမင်သက်သက် ရှန်းအန်ရှင်း၏ဖုံးဖိဝတ်ထားရသည့် အဝတ်များကိုဆွဲချွတ်ရန် သွားခြင်းဖြစ်သည်။သို့သော်လည်း ကျန်းကျန့်က မတူ။ကျန်းကျန့်က ထိုလူ၏အဝတ်များအား လုံးဝအကာအကွယ်မဲ့သွားသည်ထိ တစ်ဆက်တည်း ချွတ်ချလိုက်လေ၏။
“မင်း ဘာ လိုချင်တာ လဲ"
ထိုလူက အော်လိုက်ရင်း အဝတ်များအား တင်းတင်းဆုပ်ထားကာ အနိုင်ကျင့်အစခံနေရသည့်မိန်းမငယ်လေးသဖွယ် ကြောက်ရွံ့တုန်လှုပ်နေသည့်ပုံ ပြလာ၏။
အခြားသူများက ကျန်းကျန့်၏လုပ်ဆောင်မှုအား တားမြစ်နေစဥ် သူ့ပတ်လည်ရှိလူများက သူ့အားစာနာနေကြသည်။သို့သော်လည်း ယခုအချိန်တွင် ကျန်းကျန့်က သူ့အဝတ်အစားများအား ဖယ်ရှားပြီးသွားလေ၏။
“သခင်ကြီးကျန်း မင်းက ထူးထူးခြားခြားတွေဝတ်ထားလို့ မမှတ်မိဘူးထင်နေတာလား...အခု ချွတ်လိုက်ပြီလေ"
ကျန်းကျန့်က သူချွတ်ချလိုက်သည့်အဝတ်အစားများအား မြေပေါ်သို့လွင့်ပစ်လိုက်ရင်း အေးစက်စွာဆိုလေ၏။
အနားရှိလူများက ကျန်းကျန့် ဤလူ့အဝတ်များလမ်းပေါ်ချွတ်ချလိုက်သည်က ဆိုးဝါးသည်ဟု တွေးမိ၍ သူ့အား တားချင်ကြသည်။ယနေ့က ပူပြင်းသည့်နေ့ဖြစ်၍ လူတိုင်းက အဝတ်ပါးပါးဝတ်ထားကြကာ ထိုလူသည်ဖြင့် အဝတ်ဗလာနှင့်ဖြစ်နေသည်...။မျက်စိစပါးမွေးစူးစရာ ဖြစ်နေ၏။
သို့သော်ငြား ကျန်းကျန့်က ထိုလူ့အဝတ်များချွတ်ချလိုက်ပြီးဖြစ်ရာ လူစုက ချက်ချင်းပင် ပြောစရာမရှိဖြစ်သွားရသည်။.
ကျန်းကျန့်က ထိုလူ့အပြင်ဝတ်အား ချွတ်လိုက်ရာအတွင်းတွင် သပ်သပ်ရပ်ရပ်ချုပ်ထားသည့်အဝတ်စလေးတစ်စုံသာ ဝတ်ထားကြောင်းတွေ့လိုက်ရသည်။
ကျန်းကျန့်ခွာချလိုက်သည့် အပေါ်အင်္ကျီက အသားကောင်းသော်ငြား အတွင်းဝတ်များက အကြမ်းထည်ဖြစ်ကာ ကျန်းကျန့်ဝတ်ထားသည့် အသားလောက်ပင်ကောင်းချေ။
မူလက ဤလူမှာ ချမ်းသာသည့်လူကြီးမင်းနှင့်တူသော်လည်း ယခုသူ့အားကြည့်လိုက်ပါက လူလိမ်တစ်ယောက်ဖြစ်မှန်း သိသွားကြမည်။
“မင်း ဒီအဝတ်တွေ ဘယ်က ခိုးလာခဲ့တာလဲ...လူတွေကို လှည့်စားဖို့ ထပ်ပြီး ချမ်းသာချင်ယောင်ဆောင်တာလား"
ကျန်းကျန့်က ထပ်ပြီး ထိုလူအား ဖြန်းခနဲရိုက်ချလိုက်သည်။
ဤလူ့အင်္ကျီလည်တိုင်အားကိုင်လိုက်ချိန် အဝတ်ကအနည်းငယ်ထူနေ၍ အတွင်းတစ်စုံဝတ်ထားကာ အပေါ်တစ်စုံက ရှန်းအန်ရှင်းကိုနှောင့်ယှက်ရန် ဝတ်ထားမှန်း သိသွား၏။ထို့နောက် အဝတ်များခွာလိုက်ရာ ထင်ထားသည့်အတိုင်းပင်......။
“ဒီလူ့အဝတ်အစားတွေကြည့်ရတာ ခိုးထားတဲ့ပုံပဲ"
“သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ ငွေညစ်ဖို့လား"
“ချေးထားတဲ့ပိုက်ဆံပြန်မဆပ်ရင် တကယ်မုန်းစရာကောင်းတာ"
သူ့ပတ်လည်ရှိလူများက ဤလူမှာလူလိမ်တစ်ယောက်ဖြစ်မှန်း သိသွားကြ၍ ကျန်းကျန့်အား စာနာသွားကြသည်။
ရှန်းအန်ရှင်းအတွက်သည်ကား....ရှန်းအန်ရှင်း၏လူချမ်းသာသခင်လေးသွင်ပြင်ကိုကြည့်ရင်း...မြေတွင်လှဲနေသည့် သွေးအလူးလူးမျက်နှာနှင့်အမျိုးသားအားကြည့်ရင်း ....ရှန်းအန်ရှင်းအား စာနာသွားကြသည်။အဲ့ဒီကောင်လေး ဘယ်လောက် ကံဆိုးလိုက်ရှာလဲ။
သက်လတ်ပိုင်း အမျိုးသမီးက ပြောပင်ပြောလာ၏:"လူငယ်လေး အဆင်ပြေရဲ့လား"
“ဟုတ်တယ် လူငယ်လေး မင်းအဆင်ပြေရဲ့လား.."သူ့ဘေးမှနောက်ထပ်လူတစ်ယောက်ကပင် မေးလာ၏။
“ဒီလူက တကယ်ကို စက်ဆုပ်စရာပဲ...သူဘယ်ကနေ ဒီအဝတ်အစားတွေရခဲ့မှန်း ငါမသိဘူး...လူတွေကိုငွေညစ်ဖို့ ထွက်လာသေးတယ်ပေါ့လေ"
“ဟုတ်တယ်...တစ်ယောက်ယောက်ရှာတွေ့သွားတာ ကောင်းတဲ့အရာပဲ"
ဤလူများပြောဆိုနေကြစဥ် ထိန်လန့်နေဆဲဖြစ်သည့် ရှန်းအန်ရှင်းက နောက်ဆုံးခါးသက်သက်ရယ်ရင်း စိတ်တည်ငြိမ်သွား၏။
ဒီလူက ဘယ်ကလာ လူတွေကိုငွေညစ်ဖို့ထွက်လာရမလဲ...။ဤလူက သူ့အား ထိခိုက်စေရန်အတွက်သာ လာခဲ့ခြင်းဖြစ်မည်။
ရှန်းအန်ရှင်းက အဖြစ်အပျက်အား စဥ်းစားမိရင်း တုန်လှုပ်သွားကာ ကျန်းကျန့်အား ကျေးဇူးတင်သည့်အကြည့်နှင့်ကြည့်လိုက်သည်။ကျန်းကျန့်ကြောင့်သာမဟုတ်ရင် အခုလေးတင် သူအရူးလုပ်ခံရတော့မလို့....။
ကြုံတွေ့ရသည့် ဒုက္ခများအကြောင်းစဥ်းစားရင်း ဤလူက သူ့ဘက်တွင်ရှိနေပေး၍ ရှန်းအန်ရှင်းက ကျန်းကျန့်အား ပိုပိုကျေးဇူးတင်လာရသည်။သူက ကျန်းကျန့်မှာ နေရာတိုင်းကောင်းမွန်သည်ဟု ခံစားမိကာနှလုံးနှုန်းလည်းမြန်လာ၏။
သူ့မျက်နှာထက် အပူလှိုင်းတို့တက်လာသော်ငြား အကြည့်ရွေ့လိုက်ရာ စိတ်ပူနေသည့်မျက်နှာနှင့် ကျောက်ကျင်းကောအား တွေ့လိုက်ရသည်။ရုတ်တရက် သူ့နှလုံးသားအောက်ခြေမှ ခါးသက်သက်ခံစားလိုက်ရ၏။
သို့သော်ငြား ယခုအချိန် သူ့အစေခံကောင်လေးက စကားတတွတ်တွတ်ပြောနေဆဲပင်:"သခင်လေး...သခင်လေး..အဲ့ဒီကျန်းကျန့်က အရမ်းသန်မာတာပဲ"
ထိုကောင်လေးမှာ ယခင်က ကျောက်ကျင်းကောအားအလွန်ဂရုစိုက်သည့် ကျန်းကျန့်ပုံစံကိုမြင်ဖူး၍ ကျန်းကျန့်အပေါ်အမြင်ကြည်ကာ ယခုတွင်လည်း ကျန်းကျန့်အား မျက်လုံးတောက်တောက်လေးများနှင့် ကြည့်နေ၏။
“ရူမော့..."ရှန်းအန်ရှင်းက သူ့အားအော်လိုက်သည်။
ရူမော့ဟုခေါ်သည့် ကောင်လေးက စကားပြောရပ်သွားပေ၏။သူက ကျန်းကျန့်အား အမှန်ပင်ကြိုက်သော်ငြား သူတို့နှစ်ဦးက မဖြစ်နိုင်မှန်းသိလေ၏။သူက ကောင်လေးတစ်ယောက်ဖြစ်၍ အနာဂတ်တွင်လည်း ရှန်းမိသားစု၏အိမ်တော်ထိန်းတစ်ယောက်နှင့် လက်ထပ်ရုံသာတတ်နိုင်၏။ကျန်းကျန့်ကဲ့သို့ သခင်ကြီးမျိုးက စိတ်ထဲတွင်သာထားနိုင်မည်ဖြစ်သည်။
သို့သော်ငြား မနီးမဝေးမှကျောက်ကျင်းကောအား ကြည့်ရင်း အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ကျောက်ကျင်းကောက ဘာလို့ယောကျာ်းရကံကောင်းတာလဲ။
“ဘာတွေဖြစ်နေကြတာလဲ"ထိုအချိန် လမ်းကင်းလှည့်စောင့်များက အမြန်ပြေးလာကာ လူတစ်ယောက်အား ထိန်းချုပ်ထားသည့် ကျန်းကျန့်ကို မြင်သွားကြသည်။သူတို့က ချက်ချင်းမျက်မှောင်ကြုပ်လိုက်ကာ ကျန်းကျန့်အား ဝိုင်းလိုက်ကြသည်။
ကျန်းကျန့်က ချက်ချင်း လွှတ်ပေးလိုက်ရသည်။
“ဆရာကြီးတို့...အရိုက်ခံရတဲ့သူက သူ့အကြွေးကြောင့်ပါ"
“ဟုတ်တယ်...သူအရင်စခဲ့တာ"
“စောစောတုန်းက သူ လူတွေကို ငွေညစ်ဖို့ကြိုးစားခဲ့တာလေ"
. . .