Chapter 119
မင်းငါ့ပိုက်ဆံအကြွေးတင်ထားတယ်လေ
ယခုအချိန်၌ သူ့ပတ်လည်ရှိလူများက ကျန်းကျန့်အား ကူပြောပေးနေကြသည်။
မြို့တော်တွင် ကင်းစောင့်အရာရှိများစွာရှိ၍ ဤနေရာရှိလူများက အစိုးရအရာရှိများအား အခြားဒေသမှလူများလောက် မကြောက်ကြပေ။သူတို့က ရာဇဝတ်ရုံးတရားသူကြီးကိုပင် နည်းနည်းမျှကြောက်ကြ၍ သေချာပေါက် ကင်းစောင့်အရာရှိများကိုဖြင့်သဘောထားကြီးကြီးပုံစံနှင့် ပြောရဲဆိုရဲကြသည်။
ထိုကင်းစောင့်အရာရှိများက ဘေးလူများဝိုင်းပြောသည်အား နားထောင်ပြီးမှ အပူကျသွားကာ ကျန်းကျန့်အား ပြောလာ၏:"သူက မင်းပိုက်ဆံအကြွေးတင်ထားရင်တောင် လမ်းမှာလူတွေကို ရိုက်လို့မရဘူးလေ...သိရဲ့လား"
“ဟုတ်ကဲ့ပါဗျာ..အရာရှိကြီးတို့...အနာဂတ်မှာ ရှောင်ကြဥ်ပါ့မယ်"ကျန်းကျန့်က ဆိုသည်။
သို့သော်ငြား မြေကြီးပေါ်အရိုက်ခံလိုက်ရသည့် "သခင်ကြီးကျန်း"က ဆိုလာ၏:"ဆရာကြီးတို့...ကျွန်တော့်မှာ သူ့ပိုက်ဆံကြွေးမရှိပါဘူးဗျာ...."
သူက ဤလူ့အမည်ပင် မသိချေ။
သို့သော်လည်း ကျန်းကျန့်က ယခုမကြိမ် ထိုသူ့အသံအားလွှမ်း၍ အကျယ်ကြီးပြောလာ၏:"တကယ်တော့ ကျွန်တော်လည်း စိုးရိမ်မိတယ်..ဒီလူက လူရိုက်ရုံတင်မကဘူး တခြားလူတွေရဲ့ပိုက်ဆံတွေလည်းခိုးသေးတယ်..အရာရှိကြီးတို့ ..သူ့လက်ထဲက ပိုက်ဆံအိတ်က သူ့ပစ္စည်းမဟုတ်လောက်ဘူး"
"သခင်ကြီးကျန်း“က သူပိုက်ဆံမခိုးကြောင်း အော်ပြောချင်ပါသော်လည်း ကျန်းကျန့်က သူ့ဆီသွားပြီး လက်ထဲမှပိုက်ဆံအိတ်အား ယူလိုက်သည်။
“အဲ့တာ ငါ့ဟာ"အနှီ "သခင်ကြီးကျန်း"က အလျင်စလိုပြောလိုက်ရသည်။
“မင်းဟာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ဒီလိုပိုက်ဆံအိတ်ကောင်းကောင်းက မင်းအနိုင်ကျင့်ဖို့ကြိုးစားခဲ့တဲ့ ဒီကသခင်လေးပိုင်တာလေ..."ကျန်းကျန့်က ရှန်းအန်ရှင်းအား ထိုးပြလိုက်သည်။
"သခင်ကြီးကျန်း"လက်ထဲမှ ယူလာခဲ့သည့်ပိုက်ဆံအိတ်ကလေးက ပန်းပွင့်ပုံထိုးထားပြီး အလွန်ကောင်းမွန်လေ၏။ဤပိုက်ဆံအိတ်က မူလ"သခင်ကြီးကျန်း"ပိုင်ဆိုင်နိုင်သည့် အရာတစ်ခုမဟုတ်ပေ။သို့သော်..ကျန်းကျန့်က ဤပိုက်ဆံအိတ်က သူ့ဟာဖြစ်နိုင်မှန်းလည်း သိ၏။ထိုအိတ်က သူ့အားငှားထားသည့်လူမှ ဆုချထားခြင်းဖြစ်မည်။
ထို့နောက်..ယခုတွင် ဤပိုက်ဆံအား ရှန်းအန်ရှင်းကို အလျော်ပေးရန်သုံးရလိမ့်မည်။
ရှန်းအန်ရှင်းကလည်း မတုံးလှ။ကျန်းကျန့်စကားများကြားပြီးနောက် သူက အမြန်ဖြေလာ၏:
"ဟုတ်ပါတယ်..ဒါ ကျွန်တော့်ပိုက်ဆံအိတ်ပါ...သူကျွန်တော့်နားရောက်လာပြီး ဆွဲလားရမ်းလားလုပ်တော့ သိချင်နေခဲ့တာ..လက်စသပ်တော့ ကျွန်တော့်ပိုက်ဆံအိတ်ကိုခိုးချင်နေတာပဲ"
ကျန်းကျန့်က ဤသည်အားပြောကာ သူ့အားအပြစ်ကင်းရန်လုပ်ပေးခဲ့သည်။သူက ကျန်းကျန့်မှာအနည်းငယ်တည့်တိုးဆန်မှန်းသိသော်လည်း သူ့တွင် ထိုစိတ်ထားမျိုးရှိမှန်း မသိခဲ့ပါချေ။ကျန်းကျန့်က သူ့အတွက် ထောက်ထားငဲ့ညှာပေးခဲ့သည်။ရှန်းအန်ရှင်း ကျန်းကျန့်အား ပြုံးပြလိုက်၏။
ထိုကင်းလှည့်အရာရှိများက ရှန်းအန်ရှင်းအား မေးမြန်းကြရာမှ ရှန်းမိသားစုသခင်လေးဖြစ်ကြောင်းသိသွားကြကာ သူတို့ကြိုးစားမှုအတွက် သူကပိုက်ဆံနည်းနည်းပင်ပေးလိုက်သည်။သူတို့က ငွေသူခိုး"သခင်ကြီးကျန်း"အား ဖမ်းသွားကြလေ၏။
သူ့အား ဖမ်းခေါ်သွားချိန်၌လည်း အော်ဟစ်နေဆဲဖြစ်သည်:"ငါက သခင်ကြီးကျန်းမဟုတ်ဘူး...ငါပိုက်ဆံလည်း မခိုးခဲ့ဘူး....."
သို့သော်လည်း ကျန်းကျန့်က သူ့မျက်နှာအား တဖျတ်ဖျတ်ရိုက်ထား၍ အသံက ဝိုးတိုးဝါးတားဖြစ်နေပြီး ရဲအရာရှိတို့ကလည်း သူ့စကားနားမထောင်ကာမည်သူမှလည်း သူ့စကားအတည်မယူကြချေ။
ဘေးရှိစားသောက်ဆိုင်ထဲတွင် ထိုမြင်ကွင်းအားကြည့်နေသည့် ဖုန်ချန့်လင်မျက်နှာက မည်းမှောင်သွားသည်။ထို့နောက် သူက ဆိုင်ရှင်ကျူးအား အရုပ်ဆိုးလှသည့်မျက်နှာနှင့် ကြည့်လိုက်ပြီး အော်ငေါက်လိုက်သည်:
"ခင်ဗျား အလုပ်ဘယ်လိုလုပ်နေတာလဲ...ဘာလို့ စိတ်မချရတဲ့လူကို ရှာထားရတာလဲ"
“ဒါ....."ဆိုင်ရှင်ကျူးက ကျန်းကျန့်အား မှတ်မိနေ၍ သူ့မျက်နှာအမူအရာက ရှုံ့တွသွားသည်။
“ဒီသခင်ကြီးကျန်းက ဘယ်လိုဟာတွေလုပ်နေတာလဲ"ဖုန်ချန့်လင်က လက်ထဲရှိ လက်ဖက်ရည်ခွက်အား ပေါက်ခွဲလိုက်လေ၏။
“သခင်လေး..အဲ့ဒီလူက သခင်ကြီးကျန်းဆိုတဲ့နာမည်မဟုတ်ပါဘူး"ဆိုင်ရှင်ကျူးက ဖြေလိုက်သည်။
“သူသာ သခင်ကြီးကျန်းမဟုတ်ရင် ဘာနာမည်လဲ..သူ့ကိုသိနေတယ်လေ"ဖုန်ချန့်လင်က ဒေါသထွက်လာ၏။
“သူ့ကိုရိုက်ဖို့ရောက်လာတဲ့သူက ကျန်းကျန့်ပါ..ရှန်းမိသားစုဆီ ကုန်တွေရောင်းလိုက်တဲ့သူ"ဆိုင်ရှင်ကျူးက ဆိုလိုက်သည်။
ဖုန်ချန့်လင်၏မျက်နှာ တင်းမာသွားသည် ဤနေ့က ကံဆိုးကြောင်း ငှားသည့်လူလည်း စိတ်မချရသည့်အကြောင်းတွေးမိသော်လည်း...ထင်မထားခဲ့သည်က သူ့ကိုဆန့်ကျင်တဲ့ကျန်းကျန့်ဆိုတာ..အဲ့ဒီလူလား..။
ဒါဆို ဆိုင်ရှင်ကျူးကို သူရှာခိုင်းထားတဲ့လူက "သခင်ကြီးကျန်း"မဟုတ်ပဲ..သူ့ပိုက်ဆံအကြွေးတင်နေတာလည်းမဟုတ်ဘူးပေါ့..။ဒီကျန်းကျန့်က ရှန်းအန်ရှင်းကိုကူဖို့သက်သက်လာခဲ့တာလား။ဖုန်ချန့်လင်၏မျက်နှာက ပို၍မည်းမှောင်သွားသည်။
သူ အောက်ထပ်တွင် ရှန်းအန်ရှင်းက ကျန်းကျန့်ကိုရယ်ရယ်မောမောပြောဆိုနေသည်အား မြင်သော်နောက်ထပ်လက်ဖက်ရည်ပန်းကန်တစ်ခွက် ပစ်ပေါက်လိုက်သည်။
"သခင်ကြီးကျန်း"အဖမ်းခံရပြီးနောက် ကျန်းကျန့်က ကျောက်ကျင်းကောထံသွားလိုက်သည်။"ကျင်းကော မင်းအဆင်ပြေရဲ့လား"
“ကျွန်တော်က ဘာလို့ အဆင်မပြေရမှာလဲ"ကျောက်ကျင်းကာက ပြောစရာမရှိဖြစ်သွားရသည်။
"ခင်ဗျားကသာ...အဆင်ပြေရဲ့လား"
ကျန်းကျန့်လက်မှာ သွေးတွေ...။ကျောက်ကျင်းကောက ကျန်းကျန်လက်အား စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်ရာ တခြားသူ၏သွေးဆိုမှသာ လွှတ်ချနိုင်၏။ထို့နောက် သူက ကျန်းကျန့်အား လေးစားသည့်အကြည့်နှင့်ကြည့်လိုက်သည်။
"ကျန်းကျန့် ခင်ဗျားတကယ်ကောင်းတာပဲ"
သူက ထိုလူလိမ်နေမှန်း မမြင်မိသော်ငြား ကျန်းကျန့်က တစ်ချက်ကြည့်ရုံနှင့် သိလေ၏။
“ဒါပဲလေ"ကျန်းကျန့်က သူ့ကိုယ်သူ ဂုဏ်ယူနေကာ သန်မာသည်ဟုလည်း ခံစားမိလေ၏။ဤသို့တွေးလိုက်ရင်း သူက ကျောက်ကျင်းကောလက်မအား အလိုလိုကုတ်ခြစ်မိသည်။
“သခင်ကြီးကျန်းနဲ့ ကျန်းကတော်တို့"ရှန်းအန်ရှင်းက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ထံ လှမ်းလာ၏။
"ဒီတစ်ကြိမ်ခင်ဗျားအကူအညီအတွက် ကျွန်တော်အရမ်းကျေးဇူးတင်မိပါတယ်"
“အသေးအဖွဲလေးပါ...ဘာမှမဟုတ်ပါဘူး"ကျန်းကျန့်က ကျောက်ကျင်းကောလက်အားလွှတ်ပေးလိုက်ပြီး ဆိုလာ၏။
“ဘယ်လိုလုပ်ပြီး အရမ်းလွယ်နိုင်မှာလဲ..သခင်ကြီးကျန်း...ခင်ဗျားသူ့ကို ထိုးပြီးကန်လိုက်တာလေ"
ရှန်းအန်ရှင်းက ပြုံးလိုက်ရာ ပါးချိုင့်နှစ်ဖက်ပေါ်လာ၏။"သခင်ကြီးကျန်းနဲ့ ကျန်းကတော်တို့..ညစာဖိတ်ကျွေးပါရစေ"
“ရပါတယ်..ငါတို့က စျေးဝယ်ထွက်လာကြတာ"ကျန်းကျန့်က ငြင်းလိုက်သည်။သူနှင့်ကျောက်ကျင်းကောက အခြားသူများမပါဘဲ နှစ်ယောက်တည်း အချိန်ကုန်ဆုံးချင်၍ ဝမ်ဟိုင်ရှန်းနှင့်အခြားလူများပင် ခေါ်မလာခဲ့ချေ။မည်သည်ကြောင့် ဤရှန်းအန်ရှင်းကို ခေါ်သွားရမည်နည်း။
“သခင်ကြီးတို့ ဘာများဝယ်မလို့လဲ..ကျွန်တော်က ဒီနေရာနှင့်ရင်းနှီးတယ်..ခေါ်သွားပေးလို့ရပါတယ်"
ရှန်းအန်ရှင်းက ထပ်ပြီးတောင်းဆိုလာ၏။
“ဘာမှမဝယ်ချင်ပါဘူး...လျှောက်ကြည့်ရုံတင် လမ်းပြစရာလည်းမလိုပါဘူး"ကျန်းကျန့်က ဆိုလိုက်သည်။
ထိုအချိန် ရှန်းအန်ရှင်းက ကျန်းကျန့်သူ့အားမကြိုဆိုမှန်းမြင်သွား၍ သူကထွက်သွားရတော့မည်ဖြစ်သည်။
ကျန်းကျန့်က ကျောက်ကျင်းကောနှင့်အတူ ထွက်သွားလေသည်။ရှန်းအန်ရှင်းက နေရာမှာတင်ရပ်နေကာ အနည်းငယ်စိတ်ပျက်သွားရသည်။
သူ့အဖေသေသွားကတည်းက သူက တစ်ဦးတစ်ယောက်အပေါ်တွင်မှ မှီခိုခြင်းမပြုနိုင်တော့ကာ သူ့ဘဝက ခက်ခဲကြမ်းတမ်းခဲ့သည်။တစ်ယောက်ယောက်ကသာ သူ့အား ကာကွယ်ပေးနိုင်ပါက......။
ရှန်းအန်ရှင်းက ထပ်ပြီးခါးသက်သက်ပြုံးလိုက်သည်။သူ့အမေကလည်း သူ့အား လက်ထပ်ရန်တိုက်တွန်းဆဲပင်။သင့်တင့်သည့်အမျိုးသမီးတစ်ယောက်အား မရှာနိုင်သည့် သူ၏ထူးခြားဖြစ်စဥ်ကြောင့်သာ မဟုတ်ပါက ကလေးရနေမည်က ကြာပြီဖြစ်သည်။သူက ဘယ်လိုလုပ်ပြီး ဒီလိုတွေးနိုင်ရတာလဲ။ခေါင်းအသာယမ်းကာ ရှန်းအန်ရှင်းက ရူမော့နှင့်အတူ ပြန်သွားလေသည်။
ယခုတစ်ကြိမ်က ဝမ်လုံကုန်သည်အသင်းကလူ လုပ်သည်က ဖြစ်ဖို့များသည်....ယခင်က ကိစ္စတော်တော်များများအား သည်းခံခဲ့သော်လည်း ယခုတစ်ကြိမ်တွင်ဖြင့် .....။.သူ့အဖေ၏မိတ်ဆွေကောင်းများထံ သွားလည်ရန်လိုအပ်နေပြီလား...။
ကျန်းကျန့်က ရှန်းအန်ရှင်းလုပ်မည့်အရာအား ဂရုမစိုက်ပါချေ။သူက ရှန်းအန်ရှင်းအား ချန်ထားခဲ့ပြီးနောက် ကျောက်ကျင်းကောအား စားသောက်ဆိုင်သေးသေးလေးတစ်ခုသို့ ညစာစားရန်ခေါ်သွားလိုက်သည်။
ဟယ်ချောင်စီရင်စုက လူများက ဆောင်းရာသီတွင် ဂျုံများလည်းစိုက်ကြ၍ ကျောက်ကျင်းကောက ခေါက်ဆွဲနှင့် ရင်းနှီးနေသော်ငြား သိပ်မကြိုက်လှချေ။ထို့ကြောင့် ကျန်းကျန့်က ခေါက်ဆွဲအစားထမင်းသာ မှာလိုက်သည်။
နှစ်ဦးသား ပါးစပ်အပြည့်စားသောက်နေကြစဥ်တစ်စုံတစ်ယောက်ရောက်လာကာ စကားဆိုလာ၏:"သခင်ကြီးကျန်းပါလား....ခုနက အလှလေးကိုကယ်လိုက်တဲ့ သူရဲကောင်းကြီးပေါ့..."
အသံအားနားထောင်ရုံနှင့်ထိုဧည့်သည်က ဆိုးဝါးမှန်းပြောနိုင်၏။
ကျန်းကျန့်က ခေါင်းမော့လိုက်ရာ အသက်နှစ်ဆယ်အရွယ်ဝဝနှင့်လူငယ်တစ်ယောက် သူ့ထံလှမ်းလာနေသည်အား တွေ့လိုက်ရသည်။
ထိုလူငယ်၏ပုံက နှစ်လိုဖွယ်ရှိသော်လည်း သင်က သူ၏မနှစ်မြို့ရွံရှာနေသည့်မျက်နှာအား ကြည့်လိုက်သည့်အချိန် သူ့အား လုံးဝသဘောကျမနေကြောင်း တွေ့လိုက်ရမည်။
ကျန်းကျန့်က ဤလူအားမသိသဖြင့် ဤလူ့စကားများကြားသည်နှင့် ချက်ချင်းမျက်မှောင်ကြုတ်မိသည်။
ဤဝဝနှင့်လူက ဖုန်ချန့်လင်ဖြစ်သည်။သူက ရှန်းအန်ရှင်းနှင့်ကစားရန် လူများအား ပိုက်ဆံနှင့်ဝယ်ခဲ့သည်။သို့သော် မမျှော်လင့်ထားစွာ ကျန်းကျန့်က နှောင့်ယှက်လာ၏။သေချာပေါက် သူက ကျန်းကျန့်အား မုန်းတီးကာဒေါသထွက်မိသည်။
ကျန်းကျန့်နှင့်ရှန်းအန်ရှင်းတို့ နှစ်ဦးသားထွက်သွားပြီးနောက် သူ့အကြောင်းတွေးလေလေ ပိုပြီးဒေါသထွက်လာလေလေဖြစ်သည်။ထပ်ပြောရသော် သူက ဆိုင်ရှင်ကျူးထံမှကြားခဲ့သည်က ကျန်းကျန့်မှာ ယန့်ကျီမြစ်တောင်ပိုင်းမှလာသည့် နောက်ခံသေးသေး စီးပွားရေးသမားပေါက်စဖြစ်သည်ဆို၍ ကျန်းကျန့်အား ပြဿနာလာရှာခြင်းပင်။
သူတို့အသင်းက မြို့တော်တွင် ကြီးကြီးမားမားမဟုတ်သည်မှန်သော်ငြား တစ်နေရာရာမှကုန်သည်ပေါက်စအား ရင်ဆိုင်ရန်က ပြဿနာမရှိချေ။
သူက ဘာမှမလုပ်နိုင်ရင်တောင် အနည်းဆုံးခြောက်လှန့်နိုင်သေး၏။အခြားဒေသမှလူများက အမြဲတစေ ခြောက်ရလွယ်သည်။
ဖုန်ချန့်လင်က ကျန်းကျန့်၏အဝတ်အစားများအားကြည့်လိုက်ရင်း မျက်လုံးထဲ အထင်တသေးဖြစ်သွားသည်။
"မင်းလိုဖားပြုပ်က ဘယ်လမ်းထောင့်ကနေ ထွက်လာမှန်းမသိပေမယ့် ထိခိုက်သေမှာမကြောက်ပဲ ပျော်ပျော်ကြီးကို ခုန်နေတာပါလား"
ကျန်းကျန့်က အစားအစာ၊ဝတ်စားဆင်ယင်၊အိမ်ရာအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးတို့အား ဂရုစိုက်သော်ငြား အဝတ်အထည်များအား ဂရုမစိုက်ပါချေ။ခေတ်သစ်တွင် သူက စစ်တပ်ထဲနေခဲ့ရပြီး ဆင်တူအဝတ်များဝတ်ကာ စိတ်လွတ်ကိုယ်လွတ်နေခဲ့သည်။စစ်တပ်မှထွက်ပြီးနောက်တွင်လည်း အတိအကျတူသည့်အဝတ်အစားများအစုံလိုက် ဝယ်ခဲ့သည်။ဤသည်ကြောင့် သူ့အား မည်သည့်အခါမှအဝတ်မလဲသောသူအဖြစ် အထင်မှားခံရဖူး၏။
ရှေးခတ်အချိန်တွင် သူက အဝတ်အစားကိစ္စအား ပို၍ပင် ဂရုမစိုက်ခဲ့ပါချေ။ထပ်ပြောရသော် သူက ပိုက်ဆံရှာပြီးနောက် အဝတ်အစားကောင်းကောင်းဝယ်ရန် အချိန်မရှိ၍ဖြစ်သည်။
ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ အခုတစ်ခါ ဝတ်ထားသည်များက ပင်လယ်ဓါးပြများထံမှကယ်တင်ထားသော အမျိုးသမီးများနှင့်ကောများထံမှရရှိသည့် ပိတ်စနှင့်ချုပ်ထားသည်များဖြစ်သည်။
ဤအဝတ်များက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ဝတ်ဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်သည်။ပိတ်စများက သူတို့လက်ထပ်စဥ်က ဝတ်သည့်အဝတ်များထက်ပင် မဆိုးပါချေ။သို့သော်ငြား ဖုန်ချန့်လင်က ချမ်းသာသည့်မိသားစုမှပေါက်ဖွားလာ၍ ဤသို့သော သာမန်ပိတ်စနှင့်လျော့တိလျော့ရဲချုပ်ထားသည့် အဝတ်အစားများအား ကြိုက်နှစ်သက်ခြင်းမရှိပါချေ။ထို့ကြောင့် ကျန်းကျန့်အား အထင်မြင်သေးစွာကြည့်နေ၏။
ကျောက်ကျင်းကောက စားသောက်နေစဥ် ပျော်ရွှင်နေရာ ဖုန်ချန့်လင်ရောက်၍ အပျော်ရပ်သွားသည်။သို့သော်ငြား ဖုန်ချန့်လင်က ကျန်းကျန့်အား ခနဲ့လိုက်ချိန် ကျောက်ကျင်းကောဒေါသထွက်သွားပြီး မော့ကြည့်လိုက်ရာ တစ်ဖက်လူ၏အထင်တသေးအကြည့်ကြောင့် မတ်တပ်ပင်ထရပ်လိုက်၏။
သို့သော်ငြား ယခုတစ်ကြိမ်၌ ကျန်းကျန့်က သူ့လက်တစ်ဖက်အားဆွဲချလိုက်ပြီး နံရိုးပိုင်းများနှင့် မျှစ်အချို့အား ထည့်ပေးလာသည်။
ကျောက်ကျင်းကောက ဝေခွဲမရဖြစ်သွားသော်ငြား မလှုပ်မယှက်ပင်။
“သခင်လေး ပြန်ဖို့သင့်ပါပြီ"
ဆိုင်ရှင်ကျူး အပြေးရောက်လာကာ ဖုန်ချန့်လင်အား ဖျောင်းဖျပြောလာ၏။သူက ကျန်းကျန့်အား မသိသော်ငြား သူတို့က စီးပွားရေးလုပ်သည့်အခါ မိတ်ဆွေဖွဲ့၍ပိုက်ဆံရှာခြင်းကိုသာ အဓိကထား၍ အခြားသူများနှင့် အာဃာတအမုန်းတရားများထားရန် မလိုအပ်ပေ။
သို့သော်ငြား ဖုန်ချန့်လင်က ထွက်သွားရန်ဆန္ဒမရှိပါချေ။
သူက ရှန်းအန်ရှင်းအား မကြိုက်သော်လည်း ရှန်းအန်ရှင်းက သူ့အားအကြိမ်ကြိမ်ငြင်းပယ်ပြီး ကျန်းကျန့်ကိုဖြင့် ပြုံးပြနေသည်က သူ့အား အလွန်ဒေါသထွက်စေ၏။
“ရှန်းအန်ရှင်းက ယောကျ်ားတစ်ယောက်လိုပဲဆိုတော့ပြောစရာသိပ်မများပေမယ့်.သူချမ်းသာတယ်ဆိုတာက အမှန်တရားပဲလေ..သူ့လက်ကြားက ငွေယိုထွက်လာရင် မင်းလိုကလိမ်ကကျစ်အတွက် တစ်ခုခုရလာမှာပေါ့"
ဖုန်ချန့်လင်က ထပ်ပြောလာ၏။
“ဝမ်လုံကုန်သည်အသင်းရဲ့ ပိုင်ရှင်ငယ်လေးပါလား..."
ကျန်းကျန့်က ဆိုင်ရှင်ကျူးအား တစ်ချက်ကြည့်လိုက်ပြီး သူ့ရှေ့ကလူ၏ပုံစံအမှန်အား ခန့်မှန်းမိသွားသည်။တစ်ချိန်တည်းမှာပင် သူက ကျောက်ကျင်းကော၏လက်မှ ဒေါသကြောတို့ထောင်နေကြောင်း ခံစားရ၍ သူ့အား ထိန်းလိုက်ရသည်။
ကျန်းကျန့်က သက်ပြင်းဖွဖွချမိသည်။
အစောပိုင်းတွင် ဆိုင်ရှင်ကျူးက သူ့ကုန်ပစ္စည်းများအား သူ့အားရောင်းမပေး၍ စိတ်ဆိုးလာလျှင်ဆိုပြီး သူ့လူများအား ဝမ်လုံစီးပွားရေးအကြောင်း စုံစမ်းခိုင်းထားသည်။မြို့တော်တွင် မျိုးရိုးမြင့်များစွာရှိ၍ မတော်တဆ အချို့မျိုးရိုးမြင့်များအား အမှားပြုမိမှာစိုး၍ဖြစ်သည်။
ရှာတွေ့ခဲ့သည့် သတင်းအချက်အလက်များအရ ဤဝမ်လုံကုန်သည်အသင်းက စီးပွားရေးကောင်းကောင်းလုပ်နေသည့် ကုန်သည်တစ်ယောက်သာဖြစ်သည်။နောက်ခံမရှိသဖြင့် အရေးကြီးပုဂ္ဂိုလ်များက သူ့အားတစ်ခုခုလုပ်လာမည်အား စိုးရိမ်ရန်မလိုပေ။
သူက ဤဝမ်လုံကုန်သည်အသင်းနှင့် ထပ်ပြီးပတ်သက်နိုင်ချေမရှိတော့ဟု တွေးမိကာရှိသေး ဝမ်လုံကုန်သည်အသင်း၏ပိုင်ရှင်လေးက မမျှော်လင့်စွာ သူ့အားပြဿနာလာရှာခဲ့သည်။
ကျန်းကျန့်က ဤအကြောင်းတွေးနေရင်း ရှန်းအန်ရှင်း ယခင်က ကြုံခဲ့ရသည့်ပြဿနာများက ဤလူလုပ်သည်ဖြစ်နိုင်မှန်းသိသွား၏။
ဒီလူက ရှန်းအန်ရှင်းကို ခဏခဏနှောင့်ယှက်နေရုံ အားမရပဲ အခုတော့ သူ့ကိုတောင် လာဆူနေတာလား။
“ငါပဲ.."ဖုန်ချန့်လင်က ပြန်ဖြေလိုက်ရင်း:
"မင်းက အမှန်ကိုသိသွားရင်လည်း ငါ့ကိုအခုတောင်းပန်နိုင်တယ်..မဟုတ်ရင်"
ဖုန်ချန့်လင်က ကျန်းကျန့်အား ခြိမ်းခြောက်မှုအပြည့်နှင့်ကြည့်လိုက်သည်။ဖုန်မိသားစုရှိမိန်းကလေးများစွာက အရာရှိများနှင့် လက်ထပ်ထားကြသည် ...သူ့ညီမရင်းတောင်မှ ဆိပ်ကမ်းတစ်ဖက်ကမ်းရှိ အရာရှိတစ်ယောက်နှင့်လက်ထပ်ထားသဖြင့် တခြားမြို့မှကုန်သည်များ သွားရှုပ်၍ရနိုင်မည့်သူမဟုတ်ချေ။
ဖုန်ချန့်လင်က အနည်းငယ် မာနထောင်လွှားနေသော်ငြား မကြာမီ သူ့မျက်နှာအမူအရာနှင့် မျက်လုံးထဲရှိမောက်မာမှုတို့က တစ်စွန်းတစ်စပင်မကျန် ပျောက်ကွယ်သွားသည်။
ကျန်းကျန့်က စားပွဲပေါ်ရှိစွပ်ပြုတ်ပန်းကန်အားကိုင်ရင်း ရပ်လိုက်ကာ ဖုန်ချန့်လင်ခေါင်းပေါ်သို့ လောင်းချလိုက်၍ပင်။
ဤစွပ်ပြုတ်က ကျောက်ဖရုံသီးစွပ်ပြုတ်ဖြစ်၍ မျှစ်ခြောက်နှင့် နံရိုးတို့ပါ၏။ကျန်းကျန့်က ကျောက်ကျင်းကောကြိုက်သည့် နံရိုးနှင့်မျှစ်ခြောက်တို့အား သူ့ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး ကျန်သည့်စွပ်ပြုတ်ရည်က ဟယ်ရှီရှိ အိမ်တိုင်းလိုလိုစိုက်ထားကြသည့် တန်ဖိုးမရှိသည့် ကျောက်ဖရုံသီးဖြစ်သည်။
ယခု ထိုကျောက်ဖရုံသီးများက ဖုန်ချန့်လင်ခေါင်းပေါ်ကျသွားရာ စွပ်ပြုတ်ရည်များက ဖုန်ချန့်လင်မျက်နှာပေါ်စီးကျသွားလေ၏။
ကျောက်ဖရုံသီးများက ဖုန်ချန့်လင်မျက်နှာပေါ် တစ်စက်စက်ကျနေပြီး ဆံပင်တစ်လျှောက်စီးကျသွားကာ မြေပေါ်ကျသွားလေ၏။ထို့နောက် ဖုန်ချန့်လင်က နောက်ဆုံးအသိဝင်လာ၏၊"မင်း မျိုးမစစ်ကောင် ငါ့ကိုဘယ်လိုလုပ်ရဲတာလဲ.."သူကြီးပြင်းလာကတည်းက တစ်ခါမှအစော်ကားမခံရဖူးချေ။
“ဘာလဲ ရန်ဖြစ်ချင်တာလား"ကျန်းကျန့်က ပန်းကန်လုံးအား စားပွဲပေါ်သို့ ဘန်းခနဲမြည်အောင်ချလိုက်သည်။
ဖုန်ချန့်လင်၏မျက်နှာက ချက်ချင်း တောင့်သွားသည်။သူက အခုလေးတင် ကျန်းကျန့်က "သခင်ကြီးကျန်း"ဆိုသူအား ပြန်မတိုက်နိုင်အောင် ရိုက်ခဲ့သည်အားမြင်ခဲ့၍ ဤလူက မရိုးရှင်းမှန်းသိလေ၏။
ဒါက ဘာလို့ ကျန်းကျန့်က သာမန်အသိစိတ်နဲ့ မလုပ်ရတာလဲဆိုတာလေးပဲ။ဒါက မြို့တော်ဖြစ်ပြီး မြို့တော်မှကုန်သည်တစ်ယောက်က မင်းရှေ့တည့်တည့်ရောက်နေသည်လေ။မင်းဘာလို့ ဟန်ဆောင်ပြီးတော့တောင်မကြောက်ရတာလဲ။သူက ဘာလိုများ စိတ်ကြီးဝင်နေသေးတာလဲ။
“မင်းလို ဝတုတ်ပြဲဝက်ကြီး ဘယ်ကရောက်လာမှန်း မသိဘူး..ဒါပေမယ့် မင်းကြောင့် စွပ်ပြုတ်တစ်ပန်းကန်ဖြုန်းလိုက်ရတယ်"
ကျန်းကျန့်က စွတ်ပြုတ်ပန်းကန်အား စိတ်မကောင်းသလိုကြည့်လိုက်ပြီး ဖုန်ချန့်လင်အား အထင်တသေးကြည့်လိုက်သည်။