Chapter 120
အိမ်ထောင်စုထိန်းသိမ်းရေးဌာန
မူလက သူသည် စကားနည်းနည်းအပြောခံရသည်အား စိတ်ထဲမထားချေ။သို့သော် သူဂရုမစိုက်ရင်တောင် ကျောက်ကျင်းကောက ဂရုစိုက်လေ၏။ဤဖုန်ချန့်လင်က သူ့အားဆူပူနေသောအခါ ကျောက်ကျင်းကောက ထပြီးရိုက်လိုက်မည့်ဟန် ဒေါသထွက်သွားပုံဖြစ်သွားသည်။
ကျောက်ကျင်းကောအတွက် လှုပ်လှုပ်ရှားရှားလုပ်လိုက်သည်က မကောင်းလှ၍ သူ့ကိုယ်တိုင်လုပ်လိုက်သည်က ပိုကောင်းပေမည်။
“ကျန်းမျိုးရိုးနဲ့ကောင်..မြို့တော်က မင်းဆရာကြီးလုပ်ချင်တိုင်းလုပ်လို့ရတဲ့နေရာမဟုတ်ဘူး...စောင့်နေလိုက်"
ဖုန်ချန့်လင်က ကျန်းကျန့်လုပ်ရပ်ကြောင့် ဒေါသထွက်သွားသော်ငြား သူက ယခုသည်းခံလိုက်ရုံသာတတ်နိုင်သည်။
သူက အခုတစ်ကြိမ်၌ သူ့လူများ ခေါ်မလာခဲ့ရပေ။ကျန်းကျန့်က သန်မာရုံမက သူ့ဘေးကလူသည်လည်း ကြည့်ရတာ....။
သူက ရှုံးမည်စိုး၍ ဖုန်ချန့်လင်က လှည့်မထွက်သွားမီ ဆူငေါက်နေခြင်းဖြစ်သည်။
ဤဆိုင်သေးသေးလေးမှလူတိုင်းက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့အား ကြည့်နေကြသည်။ကျန်းကျန့်က ထိုအကြည့်များအား သတိထားမိသည်။ကျန်းကျန့်က ထိုမျက်လုံးများအား မမြင်သည့်နှယ် ထိုင်လိုက်ရင်း ကျောက်ကျင်းကောအား ပြောလိုက်သည်:"မြန်မြန်စား"
“အို့...."ကျောက်ကျင်းကောက သူ့ပန်းကန်ထဲရှိ နံရိုးပိုင်းအား တတိတိကိုက်ဝါးရင်း ကျန်းကျန့်အား ကြည့်လိုက်သည်။
"ကျန်းကျန့်...ခင်ဗျားခုနက အရမ်းကြည့်ကောင်းတာပဲ"
“ဟုတ်တယ်လေ"ကျန်းကျန့်က တုံ့ဆိုင်းခြင်းမရှိ ဝန်ခံလာပြီး စကားလှစွာ ပြောလာသည်
:"ကိုယ်က အချောဆုံးပဲလေ..ဟုတ်တယ်ဟုတ်"
ကျောက်ကျင်းကောက စားနေသည်အား ရပ်လိုက်ပြီး သတိထားစွာ လှည့်ပတ်ကြည့်နေ၏။အခြားသူများက ကျန်းကျန့်ပြောလိုက်သည်အား မကြားလိုက်မှန်းသေချာမှ ခေါင်းညိမ့်ပြလိုက်သည်။
သူက ကျန်းကျန့်အချောဆုံးဟု ထင်လေ၏။
ကျန်းကျန့်က ချက်ချင်းပင် အော်ရယ်လာ၏။
ကျောက်ကျင်းကောက နံရိုးများအား ကိုက်ကိုက်စားနေရင်း လက်မြောက်ပြလာပြီး ကျန်းကျန့်အားကြည့်ကာ:"ကျန်းကျန့်...သူခုနက ဘာလို့ရှန်းအန်ရှင်းက အမျိုးသားတစ်ယောက်နဲ့တူတယ်လို့ ပြောခဲ့တာလဲ"
ယနေ့ ရှန်းအန်ရှင်းအား တွေ့လိုက်သည်တွင် ကျောက်ကျင်းကောက တစ်ခုခုမှားနေမှန်း မရှင်းမလင်းခံစားလိုက်ရသည်။ဤလူအခုပြောလိုက်သည့်အရာက သူ့အား ဤခံစားချက်ကိုပိုပြီးတွန်းပို့သည့်နှယ်ဖြစ်သွားသည်။
“ဘာလို့ဆို ရှန်းအန်ရှင်းက ကောလေ"ကျန်းကျန့်က ဆိုလိုက်သည်။
“ကောလား..."
ကျောက်ကျင်းကောက အံ့သြသွားရသည်။ရှန်းအန်ရှင်းက ကျန်းကျန့်နှင့်အတူလုပ်ငန်းလုပ်ရန် လာခဲ့သည်။ ဆိုင်ရှင်ကျူးက သူ့အားပြပေးသည့်အချိန် သူက ကျန်းကျန့်ဘေးတွင်ရှိမနေကာ နောက်ပိုင်းတွင်လည်း သူ့အား မပြောကြသည့်အတွက် ရှန်းအန်ရှင်းက ကောတစ်ယောက်မှန်းမသိချေ။
“ဟုတ်တယ်..သူက ကောလေ ကိုယ်မင်းကိုပြောဖို့မေ့သွားတယ်"
ကျန်းကျန့်က ဆိုလာသည်။သူက အမြဲတမ်း ကောလား အမျိုးသမီးလားခွဲရန် ပြဿနာရှိလေသည်။ရှန်းအန်ရှင်းက သူ့မှဲ့နီလေးအားထုတ်ထားပြီး အမျိုးသားတစ်ယောက်ဖြစ်ချင်နေသူဖြစ်၍ ကောဖြစ်ကာအမျိုးသားတစ်ယောက်မဟုတ်ကြောင်း ပြောပြလိမ့်မည်မဟုတ်ပေ။
ကျန်းကျန့်က အတည်မယူသော်ငြား ကျောက်ကျင်းကောက တုန်လှုပ်သွားသည်။
ရှန်းအန်ရှင်းက တကယ်ကြီး ကောပေါ့လေ..။
အရင်က သူ့အပြုအမူတွေထူးဆန်းတာ အံ့သြစရာမရှိပါဘူး။
ကျောက်ကျင်းကောက ရှန်းအန်ရှင်းအပေါ်ထင်မြင်ချက်ကောင်းကောင်းရှိ၍ သူက အလွန်သန်မာကာ ဗဟုသုတကြွယ်သည့်သူအဖြစ် တွေးမိသည်။ယခု ကောအဖြစ်သိသွားသော်လည်း သူ့အားပို၍ပင် လေးစားသွားသည်။သို့သော်ငြား ထိုလူ ခုနကပြောသွားသည်အား စဥ်းစားမိရင်း အနည်းငယ် မသက်မသာခံစားရသည်။
သို့သော်ငြား ရှန်းအန်ရှင်းကဲ့သို့သခင်လေးက ကျန်းကျန့်အား သူ့ထံမှခိုးရန် ကြိုးစားလာမည်ဟု မထင်ချေ။ကျန်းကျန့်ကလည်း ရှန်းအန်ရှင်းအပေါ် ထူးမခြားသည့်နှယ်ဖြစ်နေ၍ လွှတ်ထားလိုက်သည်။
သူက ကျန်းကျန့်နှင့်တစ်ချိန်လုံးရှိနေ၍ ကျန်းကျန့်က ထိုရှန်းအန်ရှင်းနှင့်သက်ဆိုင်မှုမရှိကြောင်း ကောင်းကောင်းသိလေ၏။ရှန်းအန်ရှင်းနှင့် ကျန်းကျန့်က အကြိမ်အနည်းငယ်သာ စကားပြောခဲ့သည်ပင်။
သို့ဆိုရင်တောင် ကျောက်ကျင်းကောက ရှန်းအန်ရှင်းအား မမေးချင်၍ ကျန်းကျန့်ကိုသာ မေးလိုက်သည်
:"ကျန်းကျန့် ..ခင်ဗျားအခုလေးတင်လုပ်လိုက်တဲ့ဟာအတွက်က...ခင်ဗျားအဆင်ပြေပါ့မလား"
သူတို့အား ကြိမ်းမောင်းသွားသည့်သခင်လေးက အာဏာရှိမည့်ပုံပေါ်သည်။
ကျန်းကျန့်က အနည်းငယ် စိုးရိမ်သွားသည်။သူက မြို့တော်နှင့်မရင်းနှီးသေးပေ ...ပိုပြီးအရေးကြီးသည်က သူ့ဘေးရှိကျောက်ကျင်းကောက ကိုယ်ဝန်နှင့်ပင်။
ဝမ်လုံကုန်သည်အသင်းက ရှန်းအန်ရှင်းအပေါ်ပြုမူသည့်အတိုင်း သူတို့အားလုပ်လာပါက ကျောက်ကျင်းကောအတွက် လူတစ်ယောက်ကိုရှာရတော့မည်ပင်။
ကျန်းကျန့်က ဤအကြောင်းတွေးနေရင်း မျက်ခုံးကျုံ့သွား၏။
“တစ်ခုခုဝယ်ပြီး ကျန့်မိသားစုဆီသွားလည်ရအောင်"ကျန်းကျန့်က ဆို၏။
ကျန်းကျန့်က ဆိပ်ကမ်းမှထွက်လာပြီး မြို့တော်သို့ပြောင်းရွှေ့နေပြီးနောက် ကျန့်ရီသည်လည်း ကျန့်မိသားစုအိမ်သို့ ပြောင်းရွှေ့နေခဲ့သည်။
လွန်ခဲ့သောနှစ်ရက်က ကျန့်ရီက လူအချို့အကြောင်းသိချင်ပါကဆိုပြီး တစ်ယောက်ယောက်အား သူ့ဆီလွှတ်ပေးလာ၏။
သူက ထိုအချိန် ဒုက္ခများနေ၍ ငြင်းပယ်ခဲ့သည်။သို့သော် ယခုအကြိမ် စဥ်းစားကြည့်မှ လူအချို့အကြောင်းသိထားခြင်းက သူ့အတွက် ကောင်းမည်ဖြစ်ကာ ကျန့်မိသားစုနှင့်ရင်းနှီးထားခြင်းကလည်း အခြားသူများ သူ့အပေါ်ဘာမျှလုပ်ရဲလာမည်မဟုတ်ချေ။
ကျန်းကျန့်က စဥ်းစားသည့်အတိုင်း လုပ်တတ်၍ စားသောက်ပြီးသည်နှင့် ကျောက်ကျင်းကောအားခေါ်ကာ တစ်ခုခုဝယ်ပြီး ကျန့်မိသားစုအိမ်သို့ သွားလိုက်သည်။
သူတို့က ကျန့်မိသားစုထံရောက်သော် ကျန်းကျန့်က သူ့နာမည်ပြောလိုက်ကာ ကျန့်ရီအားလာရှာကြောင်း ဆိုသည်။မကြာမီ သူ့အား ကျန့်ရီအိမ်ဝန်းထဲမှအစေခံတစ်ယောက် လာခေါ်သွားသည်။သို့သော် ကျန့်ရီမရှိ၍ သူက စောင့်ရန်လိုသည်ပင်။
ကျန့်ရီက အချိန်တိုအတွင်း ပြန်လာပြီး ကျန်းကျန့်အားမြင်လိုက်သည်နှင့် ပြုံးကာဆိုလာသည်:"ငါမင်းကို အရင်က အကြိမ်ကြိမ်လာရှာပေမယ့် မင်းက မရှိဘူးလေ...ဘာလို့ ဒီနေ့မှ လာခဲ့တာလဲ"
“ကျုပ်ဒီကို သခင်လေးကျန့်ကို ဒုက္ခပေးဖို့လာခဲ့ရတာပါ"ကျန်းကျန့်က တည့်တိုးပင်ပြောလာပြီး လိုရင်းသွားလေ၏။
ကျန့်ရီက ကျန်းကျန့်တိုက်ရိုက်ပြောလာသည်အား အလွန်သဘောကျသွားသည်..ယင်းကအကြောင်းအရာအချို့ပြောရန် နည်းလမ်းကောင်းပင်။သူ့အား တစ်ခုခုတောင်းဆိုမလာမီ ခင်မင်မှုသောင်းခြောက်ထောင်လောက် ဆွဲထုတ်လာသည်က သူ့အား စိတ်ပျက်သွားစေရုံသာရှိစေမည်။
"ဘာများလဲ"
ကျန်းကျန့်က တစ်ခဏမျှတွေးလိုက်ရင်း ဖြစ်စဥ်အစအဆုံးပြောလိုကိသည်။
“ဝမ်လုံကုန်သည်အသင်းလား..."ကျန့်ရီက ဤစကားလုံးအား ကြားသော် ရယ်မောလိုက်သည်။
“သခင်လေးကျန့်က သူတို့အကြောင်း သိတာလား"ကျန်းကျန့်က မေးလိုက်သည်။
“သိတာပေါ့...မနက်ဖြန်ကျရင် ဝမ်လုံကုန်သည်အသင်းရဲ့အကြီးအကဲက ကျန့်မိသားစုဆီလာမှာလေ"ကျန့်ရီက ထပ်ပြုံးလိုက်သည်။
"ကျန်းကျန့်...ငါမင်းကိုပြောပါတယ် လူအချို့အကြောင်းသိချင်လားလို့လေ..ဘာလို့ဆို အိမ်ထောင်စုဝန်ကြီးဌာနက မကြာခင် လှုပ်ရှားမှုအကြီးကြီးလုပ်တော့မှာမို့.."
ကျန့်ရီက ဖြေးဖြေးချင်းပြောနေ၏။
တော်ဝင်မိသားစု၏တိုးလာသောစရိတ်ကြောင့် ငွေကြေးမလုံမလောက်ဖြစ်လာ၍ ဧကရီက ငွေကြေးစုဆောင်းရန် လာရောက်မည်ဖြစ်သည်။
လာရင်းကိစ္စက အချို့သောအင်ပါယာကုန်သည်များ ခန့်ထားရန်အတွက်ဖြစ်သည်။ဆိုလိုသည်က ကုန်သည်အချို့အား ရာထူးတစ်ခုပေးလိုက်ပြီး နန်းတော်အတွက် ပစ္စည်းများဝယ်ယူရန်အတွက် ခန့်ခြင်းဖြစ်သည်။
ဥပမာအနေနှင့် နန်းတော်က နှစ်တိုင်းပိုးထည်အများအပြားလိုအပ်သည်။ထို့ကြောင့် သူတို့က ပိုးထည်ကုန်သည်များအား ရွေးချယ်ပြီး အင်ပါယာကုန်သည်အဖြစ်ခန့်လိုက်မည်ဖြစ်၍ ဤလုပ်ငန်းအတွက် အထူးတာဝန်ရှိသူဖြစ်သွားမည်။ထိုကုန်သည်က သေချာပေါက် အခွင့်အရေးအချို့ရနိုင်ကာ အင်ပါယာမိသားစုအတွက် မတူညီသည့်ပစ္စည်းများဝယ်နိုင်သော်လည်း စျေးကမြင့်နိုင်မည်မဟုတ်။
ဧကရီက ဤနည်းလမ်းအား အချိန်အတော်ကြာ စဥ်းစားနေပြီး မကြာမီအကောင်အထည်ဖော်ရန် စီစဥ်ထား၏။အိမ်ထောင်စုထိန်းသိမ်းရေးဌာန၏ တာဝန်ရှိသူက လက်ရှိတွင် ကျန့်မိသားစု၏သခင်ကြီးကျန့်ဖြစ်သည်။
မတိုင်မီက ကျန်းကျန့်မှာ သခင်ကြီးကျန့်က ဒုတိယအမြင့်ဆုံးအရာရှိဟုသာ သိထားရာ မူလက အိမ်ထောင်စုထိန်းသိမ်းရေးဌာနအမတ်ဟု မသိခဲ့ပေ။
သို့သော်ငြား ကျန်းကျန့်က ဤအကြောင်းမသိရင်တောင် အင်ပါယာကုန်သည်များအကြောင်း တစ်စွန်းတစ်စသိထားလေ၏။.
သူက အနီရောင်ခန်းဆောင်လေး၏အိမ်မက်ဆိုသည့် မူလဝတ္ထုအား မဖတ်ဖူးရင်တောင်(https://en.wikipedia.org/wiki/Dream_of_the_Red_Chamber)တီဗွီဇာတ်လမ်းကြည့်ဖူးသည်။ရွှယ်မိသားစုက အင်ပါယာကုန်သည်တွေ မဟုတ်ဘူးလား။
ချင်မင်းဆက်တွင် အင်ပါယာကုန်သည်ဖြစ်ရသည်က အမြတ်ပိုရသည်။
ကျန်းကျန့်က အင်ပါယာကုန်သည်အကြောင်း ကြားဖူးသော်လည်း များများမသိ၍ ဘာမျှဝင်မပြောကာပါးစပ်ပိတ်၍သာနေပြီး "သခင်ကြီးကျန့်သာ အင်ပါယာကုန်သည်တစ်ယောက်ဖြစ်လာရင် အကျိုးအမြတ်များများရှိလာမှာပါ"ဟုသာပြောလိုက်သည်။
“ငါ့ကို အင်ပါယာကုန်သည်အဖြစ် ဆုံးဖြတ်ထားပြီးသားပါ"
ကျန့်ရီက သူ့ကိုယ်သူအလွန်ဂုဏ်ယူနေ၏။
"ဒါပေမယ့် ရွေးထားတဲ့သူအချို့တော့ရှိတယ်...သူတို့ထဲကအချို့ကို ကုန်သည်တွေထဲက ရွေးလိမ့်မယ်..မနက်ဖြန်ကျရင် ကျန့်မိသားစုက ကုန်သည်အချို့ကို လာဖို့ဖိတ်ထားတာ..မင်းသဘောကျရင် လာပြီးကြည့်လို့တယ်..ဒါပေမယ့် မင်းမှာဆန္ဒရှိပုံမရတဲ့အတွက် တွန်းအားမပေးချင်ဘူး"
ကျန့်ရီက ကျန်းကျန့်အား လာစေချင်သော်ငြား ကျန်းကျန့်က မလာချင်ပေ။သူက ကျန်းကျန့်တွင် အတည်တကျစီးပွားရေးမလုပ်ရသေး၍ အင်ပါယာကုန်သည်မဖြစ်ချင်ဟု တွေးမိလိုက်၍ သူ့အား မမေးခြင်းဖြစ်သည်။
“ဝမ်လုံကုန်သည်အသင်းကရော လာမှာလား"ကျန်းကျန့်က မေးလိုက်သည်။
“ဟုတ်တယ်လေ...သူတို့က စာရင်းထဲမှာပါပေမယ့် ကုန်သည်သေးသေးလေးပဲမို့ အင်ပါယာကုန်သည်ဖြစ်လာဖို့က မဖြစ်သလောက်နီးနီးပဲ"ကျန့်ရီက ဆိုလိုက်ပြီး "မင်း မနက်ဖြန်လာနိုင်မလား"ဟု ထပ်မေးလာ၏။
“သေချာပေါက်ပေါ့"ကျန်းကျန့်က တုံ့ဆိုင်းခြင်းမရှိသေဘာတူလိုက်သည်။
တစ်ချိန်တည်းမှာပင် ဖုန်မိသားစုတွင်......
သူ့ခေါင်းပေါ်သို့ ကျန်းကျန့်က ကျောက်ဖရုံသီးဟင်းချိုအားလောင်းချပြီးနောက် ဖုန်ချန့်လင်က အိမ်အမြန်ပြေးပြန်ခဲ့သည်။ထို့နောက်တစ်ယောက်ယောက်ရှာပြီး ရေပြင်ထားရန်ပြောကာ သန့်ရှင်းသွားသည်ထိ ရှေ့ပြန်နောက်ပြန်အကြိမ်ကြိမ် ဆေးကြောသန့်စင်လိုက်သည်။
“ဒီကျန်းကျန့်ဆိုတဲ့ကောင်တော့လား...သူကောင်းကောင်းကြီးခံစားစေရမယ်"
ဖုန်ချန့်လင်က ကျိန်တွယ်ရင်း အစေခံမလေးအား သူ့ဆံပင်သုတ်ခိုင်းလိုက်သည်။သူက ကျန်းကျန့်အား ဒုက္ခပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။
“မင်းဘယ်သူ့ကို သွားရှုပ်ချင်နေတာလဲ"မကျေမနပ်သံတစ်ခုထွက်လာ၏။
ဖုန်ချန့်လင်က မော့ကြည့်လိုက်ရာ သူ့အဖေ ဖုန်ကျင်းယွမ်က အပြင်ကနေအထဲဝင်လာသည်အား တွေ့လိုက်ရသည်။
“အဖေ..."ဖုန်ချန့်လင်က ခေါ်လိုက်သည်။
“ဆိုင်ရှင်ကျူးပြောတာ ဒီနေ့မင်း ရှန်းအန်ရှင်းနဲ့တခြားကုန်သည်တစ်ယောက်ကို သွားရှုပ်ခဲ့တယ်ဆို ဟုတ်လား.."ဖုန်ကျင်းယွမ်က မေးလိုက်သည်။.
“အဖေ..ရှန်းအန်ရှင်းက တကယ်မုန်းစရာကောင်း..."
“မဖြစ်နိုင်တာ...ငါမင်းကို သူ့အပေါ်ကောင်းပေးပြီး သူမင်းကိုလက်ထပ်လာဖို့အတွက် ချော့ပြောဖို့ပြောထားတယ်လေ...ဒါပေမယ့် မင်းက စိတ်မရှည်ဘူး...အပြင်မှာမိန်းမတွေနဲ့ပျော်ပါးနေတယ်... မင်းပါးစပ်ထဲမရောက်ခင်အသားကို ဆုံးရှုံးရအောင်လုပ်မလို့လား...ဒီတစ်ကြိမ်ရော သူ့ကို ဘာသွားလုပ်လိုက်ပြန်ပြီလဲ"
ဖုန်ကျင်းယွမ်က သူ့သားစကားအား ဖြတ်ပြောလိုက်သည်။
“အဖေ...ကျွန်တော်တို့ သူ့ကိုကြောက်နေစရာမလိုဘူးလေ"
“သူ့ကိုကြောက်စရာမလိုဘူး...ဒါပေမယ့် သူ့အဖေက အဆက်အသွယ်တွေအားလုံးချန်ထားပေးခဲ့တာ..မင်းသူ့ကို အကြပ်ကိုင်ရင် သူမင်းကိုသတ်မှာမကြောက်ဘူးလား..ဒါမှမဟုတ် မင်းကိုရိုက်ဖို့တစ်ယောက်ယောက်လွှတ်လိုက်ရင်ရော"ဖုန်ကျင်းယွမ်က ဆိုလိုက်ရင်း"ယောကျ်ားတစ်ယောက်ဆိုတဲ့မျဥ်းပေါ် ဘယ်လိုရပ်တည်ရတယ်ဆိုတာ မင်းသိလား...ရှန်းမိသားစုကိုဖြိုချချင်ရင်တောင် ဖားကိုရေနွေးထဲပြုတ်ဖို့တော့လိုမယ်လေ"
“နားလည်ပါပြီ အဖေ.."ဖုန်ချန့်လင်က ဆိုလိုက်သည်။သူက ယင်းအား စဥ်းစားမိရင်း ယခင်က ကျိုးကြောင်းမစဥ်းစားမိဟု ခံစားလိုက်ရသည်။
“ပြီးတော့ ဒီမြို့ခံမဟုတ်တဲ့ ကုန်သည်....မင်းလူတွေကိုပြဿနာသွားရှာရင် ဒီလူ မင်းကို ဒုက္ခပေးဖို့လာမှာမကြောက်ဘူးလား"ဖုန်ကျင်းယွမ်က ပြန်မေးလာသည်။
“သူ့မှာ ...ဘာလုပ်နိုင်စွမ်းမှ မရှိဘူး.."
သူ့အဖေက ကျန်းကျန့်အကြောင်းပြောလာသည်အား ကြားပြီးနောက် ဖုန်ချန့်လင်၏မျက်လုံးများက မနှစ်မြို့မှုလှိုင်းများဖြတ်သွားသည်။
ဖုန်ကျင်းယွမ်က သူ့သားအား အေးစက်စက်ကြည့်လိုက်သည်။
“အဖေ...ကျွန်တော်မှားသွားပါတယ်..နောက်တစ်ကြိမ် မစဥ်းစားပဲမလုပ်တော့ပါဘူး"ဖုန်ချန့်လင်က စတင်တောင်းပန်လာ၏။
သူ့သားက တောင်းပန်လာ၍ ဖုန်ကျင်းယွမ်၏မျက်နှာ ပျော့ပျောင်းလာ၏။
"သူ့မှာ လုပ်နိုင်စွမ်းမရှိရင် ဒီရက်ထဲ ဖြေရှင်းလိုက်မယ်..ဒါပေမယ့် အခုတော့ ငါတို့ ဂရုစိုက်နေရမယ်"
“ဘာလို့.."ဖုန်ချန့်လင်က အဖြေရှာမရဖြစ်သွားသည်။
ဖုန်ကျင်းယွမ်က ရှင်းပြလာသည်:"မင်းအဖေက အင်ပါယာကုန်သည်တစ်ယောက်ဖြစ်လာဖို့ နေရာစုံသွားနေရတာ..ပြီးတော့ အခုက အရေးကြီးတဲ့ကာလပဲ..မင်းငါ့ကိုပြဿနာမရှာစမ်းနဲ့...ဘာပဲဖြစ်ဖြစ် စိတ်ထိန်းထားရမယ်"
အိမ်ထောင်စုထိန်းသိမ်းရေးဌာနမှ အင်ပါယာကုန်သည်တစ်ယောက်ရွေးတော့မည်ဟူသည့် သတင်းထွက်ပြီးပြီးချင်း သူက စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။သူက အများအပြားပေးထားပြီးဖြစ်၍ ယခုတစ်ကြိမ်တွင်ဖြင့် ပြသနာမဖြစ်ချင်တော့။
“စိတ်မပူပါနဲ့ အဖေ..ကျွန်တော် ထိန်းမှာပါ"ဖုန်ချန့်လင်က ဆိုသည်။
“အဲ့တာကောင်းတယ်...ဒါနဲ့ ဒီနေ့စောစောအိပ်ရာဝင်လိုက်တော့..မနက်ဖြန် ကျန့်မိသားစုအိမ် သွားရမှာ"ဖုန်ကျင်းယွမ်က ဆိုလိုက်သည်။