Chapter 80
ဆောင်းတွင်း အားလပ်ရက်တွင် သူ့ကျောင်းလခအတွက် အလုပ်ရှာရမည် ဖြစ်ပြီး ယင်းကျောင်းနှင့် အပြင်ထွက်လည်ရန်အချိန်မရှိပေ။ ထို့အပြင် လူနှစ်ယောက်ခရီးအတွက် စရိတ်ကို ယင်းကျောင်းကို မခံစေချင်ပေ။
ဒါပေမဲ့ အခုတော့ သူ ... ပိုက်ဆံမတတ်နိုင်ပေ။
ယင်းကျောင်းက သက်ပြင်းချလိုက်ပြီး ကွေ့ပတ်မနေတော့ဘဲ မေးလိုက်၏။
" ကလေးလေး ကိုယ့်ကို ဘာတွေ ဖုံးကွယ်နေတာလဲ"
သူ့ရဲ့ ပထမဆုံးမေးခွန်းကို ဖြေလိုက်သည့် အချိန်တည်းက ကျင်းစစ်၏ အမူအရာက အနည်းငယ် ပုံမှန်မဟုတ်ပေ။ ထို့ကြောင့် သူတမင်တကာ ရည်ရွယ်၍ ခရီးထွက်သင့်တယ်လို့ ပြောလိုက်ခြင်းဖြစ်သည်။ အသေအချာပင် ကျင်းစစ်၏ အမူအရာမှာ လွဲမှားနေလေသည်။
"မရှိပါဘူး"
ကျင်းစစ်က မျက်လွှာချကာ နူးညံ့စွာ ပြောလိုက်သည်။
" အခုက အပြင်ထွက်ပြီး ကစားဖို့ မဖြစ်မနေမလိုဘူး ထင်လို့ပါ"
ထိုမတိုင်ခင်တုန်းက ကျင်းစစ်သည် ပိုက်ဆံမရှိခြင်းမှာ ရှက်စရာလို့ မမြင်ခဲ့ပေ။ သို့ရာတွင် ယင်းကျောင်းက အတူတူခရီး ထွက်ဖို့ပြောလာချိန်တွင် သူရုတ်တရက် အလွန်ရှက်ရွံ့လာမိသည်။
သူသာ ပိုပြီးတတ်နိုင်ခဲ့မယ်ဆိုလျှင် ယင်းကျောင်းဆီမှ ထိုကဲ့သို့ ရိုးရှင်းသော တောင်းဆိုမှုလေးကို လက်မခံနိုင်စရာ မလိုပေ။
" အိုး...အဲ့ဒီလိုလား"
သံက ပူနေတုန်းမမေးလျှင် ကျင်းစစ်သူ့ကို အနာဂါတ်တွင် ပို၍ နက်ရှိုင်းစွာ ဖုံးကွယ်လိမ့်မည်ကို ယင်းကျောင်းကသိနေသဖြင့် သူ့ပြတ်ပြတ်သားသားသာ ပြောလိုက်ရသည်။
" မင်းက ကိုယ်နဲ့ အပြင်ထွက်မလည်ချင်ဘူးပေါ့ မင်းက မင်းရဲ့ အစ်ကိုရှောင်းနဲ့ တိတ်တိတ်လေး ဖရဲသီးစားချင်လို့လား"
ကျင်းစစ်က အမြန် ပြောလိုက်ရသည်။
"ငါမလုပ်ပါဘူး"
"အမှန်တိုင်းပြော " ယင်းကျောင်းကသူ့ကို ကြည့်ပြီး ပေါ့ပါးစွာ မေးလိုက်၏။
" မင်းကိုယ့်ကို ဘာတွေဖုံးကွယ်နေတာလဲ"
ကျင်းစစ်က သူ့ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်ပြီး သူ့ပါးများကမူ ပူလောင်လာရသည် ။ အတော်ကြာသောအခါ အဖေကျင်းက သူ့အတွက် စရိတ်တွေကို ဖြတ်လိုက်ကြောင်း တီးတိုးပြောလိုက်သည်။
"ဖာခ့် ဒီအယုတ်တမာအဖိုးကြီး ! "
ယင်းကျောင်းက ပန်းခင်း အစွန်နေရာကို ခြေထောက်ဖြင့်ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်သည် ။ သူ့ရင်ထဲမှ မီးကို အတင်းဖိနှိပ်ထားကာ မေးလိုက်သည်။
"ဘယ်လောက်ကြာပြီလဲ"
"အရမ်းမကြာသေးဘူး ဒီလမှ"
ကျင်းစစ်က သူ့ကိုပြန်၍ ချော့မော့ပြီး ပြောလိုက်ရသည်။
" စိတ်မတိုပါနဲ့ ငါမှာ ပညာသင်ထောက်ပံ့ စရိတ်ရှိသေးတယ်"
"မင်း..."
ယင်းကျောင်းက မျက်လုံးကိုမှိတ်လိုက်ကာ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းပြီး ပြောလိုက်သည်။
" မင်းကိုယ့်ကို ဘာလို့ ဒီလောက်အရေးကြီးတဲ့ ကိစ္စကို မပြောဘဲ နေရတာလဲ"
ကျင်းစစ်က တိတ်ဆိတ်နေကာ စကားမပြောတော့ပေ။
" အဲ့ဒါက အလားအလာကောင်းတာပဲ"
ယင်းကျောင်းက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။
" ကိုယ့်ကို အပြင်လူလို့သဘောထားတယ် ဟုတ်တယ်မလား"
ကျင်းစစ်မှာ စိုးရိမ်သွားရကာ အမြန်ပြန်ဖြေလိုက်သည်။
" မဟုတ်ဘူး"
ဒီလို ကိစ္စမျိုး ... ဒီလို အရှုပ်ထုတ်ကိစ္စမျိုးကို သူ ယင်းကျောင်းကို ပြောမပြနိုင်ခဲ့ပေ။
ပြောချင်ရင်တောင် ဘာပြောရမှာလဲ...ယင်းကျောင်းဆီက ပိုက်ဆံ ချေးငှားရမှာလား...
ယင်းကျောင်း၏ စိတ်နှင့်ဆိုလျှင် သူ့ကို ပြန်ဆပ်ခိုင်းမည် မဟုတ်ပေ။ သို့သော် ကျင်းစစ်က အရှက်မရှိ မလုပ်နိုင်ပေ။
ယင်းကျောင်းက သူ့ရဲ့စရိုက်ကို ကောင်းကောင်းသိတဲ့ အတွက် သူဘာတွေးနေသလဲဆိုတာကို ခန့်မှန်းနိုင်ပြီးဖြစ်၍ စိတ်ဓါတ်ကျသွားရသည် ။ သို့ပေမဲ့ စိတ်ပိုင်းဆိုင်ရာ အကျင့်က တစ်ရက်နှစ်ရက်တည်းနှင့် မပြောင်းလဲနိုင်ပေ။ သူကသာ အနာဂါတ်တွင် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲပေးရမည် ဖြစ်သည် ။
ယင်းကျောင်းက စိတ်တည်ငြိမ်သွားပြီဖြစ်၍ နူးညံ့စွာ မေးလိုက်၏။
" ပေါင်ပေ့ ကိုယ်ကမင်းရဲ့ ဘာလဲ"
ကျင်းစစ်က သူ့နှတ်ခမ်းကို ကိုက်ပြီး တီးတိုးလေးပြောလိုက်သည်။
" ချစ်သူကောင်လေး"
" ချစ်သူကောင်လေး..."
ယင်းကျောင်းက ထပ်ပြီး မေးလိုက်သည်။
" ဒါဆို ကိုယ်တို့က အခု မိသားစု ဖြစ်ပြီလား "
ကျင်းစစ်က ခေါင်းငြိမ့်လိုက်သည် ။
"မင်းက မင်းမိသားစုကို မပြောချင်ဘူးဆိုရင် ...ဒါဆို မင်းက ကိုယ့်ကို ဘယ်လိုမြင်လဲဆိုတာ ...သံသယဖြစ်မိလာပြီ "
ယင်းကျောင်းကဆက်၍ ပြောလိုက်သည်။
" ကိုယ့်ကို မင်းရဲ့ ဘဏ်ကတ် နံပါတ် ပို့ပေးလိုက် "
သူကတွေးပြီးနောက် ထပ်ပြောလိုက်သည်။
" မေ့လိုက်တော့ ကိုယ့်ဘဏ်ကတ် ကိုသာ တိုက်ရိုက်သုံးလိုက်"
ကျင်းစစ် နှုတ်ခမ်းများက ရွေ့လျားသွားပေမဲ့ ဘာမျှ မပြောနိုင်တော့ပေ။ သူ ယင်းကျောင်းကို အခွင့်အရေးမယူချင်ပေ။
ယင်းကျောင်းက သက်ပြင်းချပြီး သူ့ကို ကြည့်ကာပြောလိုက်သည်။
" ပေါင်ပေ့ ကိုယ်ပြောပြမယ် ကိုယ့်ချစ်သူရဲ့ ပိုက်ဆံကို သုံးတာက ချစ်သူကို အခွင့်ကောင်းယူတာ မဟုတ်ဘူး"
ကျင်းစစ်က မျက်လုံးများကို ပင့်ကြည့်လိုက်မိသည် ။
ယင်းကျောင်းက တခစ်ခစ် ရယ်မောပြီး ပြောလိုက်သည်။
" အဲ့ဒါက မှန်ကန်တဲ့လုပ်ရပ်မျိုးပဲ"
သူက ရပ်တန့်ပြီး ဆက်ပြောလိုက်သည်။
" နောက်ပြီး ကိုယ်က ကိုယ့်ချစ်သူအတွက် ပိုက်ဆံဖြုန်းပေးရတာကို ပျော်တယ် အဲ့ဒါက ပြသနာလည်းမဟုတ်ဘူး"
"ဒါဆို...ကိုယ့်ချစ်သူလေးက ကိုယ့်ကို ပျော်ခွင့်ပေးမှာလား"
ဖုန်းမျက်နှာပြင်ကို ယင်းကျောင်းက သူနှိပ်ချင်တိုင်း မနှိပ်နိုင်ဖြစ်နေသည်။ သူ့အသံကိုအတက်နိုင်ဆုံး နူးညံ့အောင်ပြင်ဆင်လိုက်ပြီး "မင်း ကို့ကို ငြင်းဆိုမယ်ဆိုလည်း အဆင်ပြေပါတယ်..."
သူက ပြုံးကာ ကျင်းစစ်ကိုကြည့်လိုက်သည်။
"မင်းက ကို့ကို မှတ်စုတွေရေးဖို့ရယ် စာကျက်ချိန်ချဖို့ရယ် ကို့အိမ်စာတွေကိုရယ်ပါ ဝိုင်းကူလုပ်ပေး...ပြီးရင် လိုအပ်တာတွေပါဝယ်ပေး..."
"ကျင်းရှန်ရဲ့မှတ်စုတွေက ဘယ်လောက်အရေးကြီးလဲ ကိုယ်ပြောဖို့လိုသေးလား...တစ်လုံးချင်းစီ ရွတ်ပြပေးစေချင်လား..."
ကျင်းစစ်၏နှာခေါင်းက ရှုံ့ပွနေပြီဖြစ်ပြီး သူခေါင်းခါယမ်းပြလိုက်သည်။
"ဒါမလုံလောက်ဘူး..."
"စိတ်ညစ်စရာကောင်းတဲ့ ဝန်ထုပ်လို့မထင်နဲ့...ပြီးတော့ ကိုယ့်ကိုပြန်ပေးမယ်လို့လည်း စိတ်တောင်မကူးနဲ့..."
ယင်းကျောင်းက ခတ္တရပ်လိုက်ပြီးနောက် ကျေနပ်စွာပြုံးလိုက်မိသည်။ တခြားသူအရှေ့တွင် သူ့အမေနှင့်ပတ်သက်သည့်ကိစ္စကို ပထမဦးဆုံးအကြိမ်ပြောလိုက်၏။
"စိတ်မပူပါနဲ့...ကိုတို့အဖေရဲ့ပိုက်ဆံကိုသုံးနေတာမဟုတ်ပါဘူး...ကိုယ့်အမေရဲ့အမွေတွေကိုပါ..."
ယင်းကျောင်းရဲ့အမေက ဆုံးသွားပြီလား...
ကျင်းစစ်၏မျက်စံမှာကျုံ့ဝင်သွားရသည်။ သူ့နှလုံးသားထဲတွင် ရှိနေသောမေးခွန်းအား အဖြေပေးလိုက်ခြင်းဖြစ်သည်။
ယင်းကျောင်းက ဘာလို့သူ့အဖေကိုမုန်းတာလဲ...ဘာလို့သူတစ်ယောက်တည်းနေနေတာလဲ...
ကျင်းစစ်သည်လည်း အမေမရှိခဲ့သူဖြစ်ပြီး ကျင့်သားရနေခဲ့ပြီဖြစ်သည်။ သို့သော် ယင်းကျောင်းကပါ အတူတူဖြစ်နေသောအခါ သူ သည်းမခံနိုင်ချေ။
သူ စိတ်ထဲတွင် အသေအချာစကားလုံးများစီကာ ဂရုတစိုက်မေးလိုက်သည်။
"မင်းရဲ့အမေ ဘယ်တုန်းက..."
"ကိုယ့်အသက် ၁၂နှစ်တုန်းက..."
ယင်းကျောင်းက ချက်ချင်းဖြေလိုက်သည်။ ကျင်းစစ်က တစ်ခုခုပြောတော့မည်အချိန်တွင် သူတားဆီးလိုက်သည်။
"ရှူး...ဒီနေ့ ဒီအကြောင်းမပြောဘဲနေကြရအောင်..."
"ကိုယ်အဆင်ပြေတဲ့အချိန် မင်းကိုအကုန်ပြောပြမှာပါ..."
ကျင်းစစ်က ခဏတာ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
ယင်းကျောင်းက ပြုံးလျက် နံရံကိုမှီလိုက်သည်။
"ကိုယ့်အမေက သူ့ပိုက်ဆံတွေကို ဘဏ်ထဲထည့်ခဲ့တာက အလှကြည့်နေဖို့မဟုတ်ဘူး...သူ့သား၂ယောက်အတွက်ထားခဲ့ပေးတာ ကလေးလေး...မင်းက အမှီခိုကင်းကင်းတဲ့သူဆိုတာ ကိုယ် သိပါတယ်..."
ယင်းကျောင်းက စက္ကန့်အကြာရပ်တန့်လိုက်ပြီးနောက် နူးညံ့စွာဆက်ပြောသည်။
"ဒါပေမယ့်...ကိုယ့်အပေါ်တော့ နည်းနည်းလေးဖြစ်ဖြစ် မှီခိုပေးနိုင်မလား...တကယ်တော့..."
ယင်းကျောင်းက ကျင်းစစ်မျက်လုံးကိုကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။
"ကိုယ်တို့၂ယောက်ပိုင်ဆိုင်သမျှက ကိုယ်တို့တစ်ဘဝလုံးစာအတွက်ပဲလေ..."
ကျင်းစစ်က အစခံရလျှင် ရှက်သွေးဖြာပြီး လွတ်လပ်ကာ ခုခံမှုအားနည်းတတ်တယ်ဆိုတာကို ယင်းကျောင်းကသိနှင့်ပြီးသား ဖြစ်သည်။
မင်းကိုယ်တိုင်လုပ်နိုင်တဲ့အရာကို မင်းကိုယ်တိုင်လုပ်ရမယ် ကျင်းစစ်...အကယ်၍မလုပ်နိုင်တဲ့ တစ်ချိန်ရောက်ရင်လည်း အခြားသူကို အကူအညီတောင်းမယ့်အစား မင်းကိုယ်မင်းပြန်ကူထနိုင်ရမယ်...
အားနည်းချက်တွေဖြင့် မွေးဖွားလာခဲ့ရတာကြောင့်နှင့် သူ့ကိုယ်သူ အနှိမ့်ကျမခံဘဲနေခဲ့သည်။ သို့သော် ဘာကြောင့်မှန်း သူမသိ။ သူယခုလိုဖြစ်နေလေလေ သူပို၍သနားစရာကောင်းနေလေလေဟုခံစားလိုက်ရသည်။
ကျင်းစစ်ရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့လဲ...
ယင်းကျောင်းက မသိသာစွာ စိတ်ထဲတွင် ထင်ကြေးများပေးနေမိသည်။
ကျင်းစစ်က မွန်းကြပ်သလိုခံစားလိုက်ရပြီး မျက်လုံးများ ချက်ချင်းနီရဲတက်လာသည်။
သူ ငယ်စဉ်ကတည်းက သူ့ဘဝကို သိတတ်စွာဖြတ်သန်းခဲ့ရသည်။ သူ့ရဲ့အမှိုက်လိုသွေးရင်းမိဘများက အလွန်အေးခဲသော ၁၂လမြောက်တွင် သူ့ကို အမှိုက်ပုံးထဲတွင် စွန့်ပစ်ထားခဲ့သည်။
ဒါက အခြားသူမဟုတ်တဲ့ သူ့ရဲ့သွေးရင်းမိဘတွေပါ...
လူမှုဖူလုံရေးတွင် အရွယ်နှင့်မလိုက်အောင် ကြီးပြင်းခဲ့ရသော ကလေးများအကြောင်းကို သူကောင်းကောင်းသိသည်။ ထို့ကြောင့် ကျင်းစစ်က အခြားသူများအပေါ် အလွန်အကျွံ မမှီခိုဘဲ နေခဲ့သည်။
သို့သော် သူ ယင်းကျောင်းနှင့်ဆုံတွေ့ခွင့်ရခဲ့သည်။ ယင်းကျောင်းက သူ့အပေါ်တွင် အလွန်ကောင်းမွန်လွန်းပုံက သူတစ်ဦးတည်းလမ်းလျှောက်ခဲ့ရသောနေ့များကို မေ့ပျောက်သွားစေနိုင်ရုံတင်သာမက ထိုသူနှင့်အတူ အမြဲလမ်းလျှောက်ချင်လောက်အောင်ဖြစ်သွားစေမိ၏။
"ပေါင်ပေ့..."
ကျင်းစစ်က လက်သီးကို ပြင်းပြင်းဆုပ်လိုက်ပြီး သူ့ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ အချိန်အတော်ကြာပြီးနောက်မှ သူပြောလိုက်သည်။
"ဆောင်းတွင်းအားလပ်ရက်အတွင်းလည်း ငါမင်းကို ကူညီမှာပါ..."
သူ့တွင် စာသင်ယူခြင်းမှလွဲ၍ ကျန်တဲ့ ဂုဏ်ယူစရာတစ်ခုမှ ရှိမနေပေ။
"မဟုတ်ရင်ရော..."
ယင်းကျောင်းက မျက်ခုံးများပင့်ကာ ဟင်းချလိုက်မိသည်။
"မင်းက မင်းကောင်လေးကို တစ်ယောက်တည်းပစ်ထားပြီး တခြားသူကိုကူမယ်ပေါ့...မင်းအိမ်မက်မက်နေတောင်မရဘူး..."
ကျင်းစစ်က သဘောတူပြီးကြောင်းသိသဖြင့် ယင်းကျောင်းလည်း ဆုံးဖြတ်ထားလိုက်သည်။
သူတို့၂ဦး အကြာကြီးစကားပြောပြီး လေးလံသောအရာများကို ကျင်းစစ်မေ့ပျောက်သွားစေရန် သေချာအောင်လုပ်ပြီးမှ ယင်းကျောင်းက ယုံကြည်မှုရှိရှိ ဖုန်းချလိုက်သည်။
ကျင်းစစ် အခန်းသို့ပြန်ရောက်လာသောအခါ ကျိုးချောင်က အိပ်ယာပေါ်တွင်ထိုင်ကာ စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ ယနေ့မီဒီယာတွေရဲ့ ရီပို့ကြောင့် မထင်မှတ်ဘဲ စိတ်ဓါတ်တက်ကြွလာကာ နောက်ဆုံးအကြိမ် သူ စာလေ့လာချင်နေသည်။
ကျင်းစစ်ဝင်လာသည်ကို မြင်သောအခါ သူက စာအုပ်ကိုချပြီး မေးလိုက်၏။
"အစ်ကိုစစ်...ဘယ်သူဖုန်းခေါ်တာလဲ...အစ်ကိုမိဘတွေလား..."
ကျိုးချောင်၏ ယခုလိုတဲ့တိုးပြောတတ်သည့်အကျင့်က သူနှင့်အတူတူပဲလားဟုထင်လိုက်မိသည်။ ယခုရက်ပိုင်းအတွင်း သူစိတ်ကျနေတဲ့အချိန် သူ့မိသားစုနှင့် အဆက်အသွယ်ရသည့်အချိန်အတိုင်းသူအားတက်လာရသဖြင့် ကျင်းစစ်လည်း ထိုနည်းတူလို့ထင်နေမိသည်။
ကျင်းစစ်က ကြောင်သွားပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
"ဟင့်အင်း...သူငယ်ချင်းပါ..."
ထိုစကားကိုကြားပြီးနောက် ကျိုးချောင်က သာမန်ကာလျှံကာ ပြောလိုက်သည်။
"အစ်ကို့သူငယ်ချင်းက အစ်ကို့ကို ဂရုစိုက်သားပဲ..."
ကျင်းစစ်၏နှုတ်ခမ်းများကွေးညွှတ်သွားသည်။
"အင်း..."
သူနှင့်ယင်းကျောင်းတို့၏ဆက်ဆံရေးက အနည်းငယ်နီးကပ်သွားသည်။ ထိုညက ကျင်းစစ် ဟောက်သံထွက်သည်အထိ အေးအေးဆေးဆေး အိပ်ပျော်သွားခဲ့သည်။ နောက်နေ့မနက်တွင် စာမေးပွဲခန်းအတွင်းသို့ စိတ်တည်ငြိမ်စွာ သူဝင်သွားလိုက်၏။
ထိုအချိန် စီရင်စုတွင် အခန်း၁၁တံခါးအရှေ့တွင် ယင်းကျောင်းက မတ်တတ်ရပ်နေသောအခါ ချောင်အန်းယန် မှာလုံးဝပြိုလဲသွားသည်။
သူ ယင်းကျောင်း စိတ်တိုအောင် ဘာလုပ်ခဲ့မိသလဲဆိုတာကို လုံးဝမသိပေ။ သူက သူ့အား နေ့တိုင်းမပျက် အနိုင်ကျင့်နေပေသည်။
ချောင်အန်းယန်က ဒီဘဝတွင် အရာအားလုံး သောက်တလွဲဖြစ်နေတယ်ဟု ခံစားလိုက်ရသည်။
သူက ပုံမှန်အတိုင်းဆိုလျှင် ပြန်လည်တိုက်ခိုက်ကာ သူ့ကိုအထင်သေးသူတွေရဲ့မျက်နှာကို ဖြတ်ရိုက်ပြီး ကောင်းသောတက္ကသိုလ်သို့သွားကာ သူ့ဘဝကို ကောင်းမွန်အောင်တည်ဆောက်ချင်သည်။ သို့ပေမယ့် သူ့ရွှေလက်ချောင်းမရှိလျှင် သူကဉာဏ်သိပ်မကောင်းပေ။ ထို့အပြင် သူပြန်လည်မမွေးဖွားခင်က သူကျောင်းပရိဝုဏ်အတွင်းမှ ထွက်ခွာခဲ့သည်မှာအချိန်အတော်ကြာခဲ့ပြီဖြစ်၍ သူမည်သို့များစာလေ့လာရမည်နည်း။
ထို့အပြင် ယင်းကျောင်းက ရှိသေးသည်။ သူ့အရင်ဘဝတုန်းကသူငယ်ချင်းတွေကိုမေးမြန်းစုံစမ်းပြီးနောက် သူက စိတ်ရှင်းပြီး ပုံမှန်လိုလူကိုသဘောကျတယ်ဟုဆိုသဖြင့် ယင်းကျောင်းအရှေ့တွင် လျစ်လျူရှူခံရသော အသွင်အပြင်ဖြစ်အောင် ဖန်တီးနေထိုင်ခဲ့သော်လည်း လုံးဝအသုံးမဝင်ပေ။
ယင်းကျောင်းက သူ့ကိုနှစ်သက်သည့်အပြုအမူ မပြသည့်အပြင် ထိုအစား သူ့ကိုရိုက်နှက်ခဲ့သည်။
"မင်းဘာသာထွက်လာမလား...ဒါမှမဟုတ် ငါကဆွဲခေါ်ရမလား..."
ယင်းကျောင်းက ချောင်အန်းယန်ကို ကြည့်ကာ ပြောလိုက်သည်။
ချောင်အန်းယန်မှာ တုန်ရီသွားရသည်။ အနောက်ပေါက်မှ အလိုလိုထွက်ပြေးချင်နေသော်လည်း ယင်းကျောင်းကိုကြောက်တာကြောင့် ထိုနေရာမှာတင် တောင့်တောင့်ကြီးရပ်နေမိသည်။
ယင်းပုံစံကိုတွေ့သောအခါ ယင်းကျောင်းက မျက်မှောင်ကြုပ်ကာ အခန်း၁၁အတွင်းသို့ ဝင်သွားလိုက်သည်။ အခန်းအပြင်ဆီသို့ ချောင်အန်းယန်ဆွဲခေါ်ခံနေရချိန်တွင် မိုးခြိမ်းသံလိုအော်သံတစ်ခု အနောက်မှထွက်လာသည်။
"ယင်းကျောင်း!...ရပ်စမ်း!..."
ဆရာလျိုက မျက်နှာကြီးမဲမှောင်လျက်ဖြင့် ဘေးသို့ရောက်ချလာသည်။
နောက်ဆုံးစာမေးပွဲ၏ရလဒ်များက ယနေ့ထွက်မည်ဖြစ်ပြီး ယင်းကျောင်း၏အခြေအနေက အတော်ကောင်းမွန်နေသည်။ သူ မူလကအတိုင်း ယင်းကျောင်းအား အားကျခံရသောအတုယူဖွယ်စံပြတစ်ယောက် ဖြစ်စေချင်ပြီး သူ့ကို ဂုဏ်ထူးလက်မှတ်တစ်ဆောင်ဖြစ်ဖြစ် တစ်စုံတစ်ခုပေးချင်သည်။
ဒါပေမယ့် ဒီအရူးကောင်လေး ထပ်ပြီးပြဿနာရှာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ...
ဆရာလျိုက စကားပြောနေရာမှ အမောတကော ယင်းကျောင်းဆီသို့ ပြေးလာခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် မျက်စိရှင်ရှင်ထားကာ အခန်း၁၁ဆီသို့ လျှောက်လာခဲ့မိလိုက်လို့...
ဆရာလျို၏အော်သံကို ယင်းကျောင်းက ဂရုမစိုက်သည့်အပြင် သူ မရောက်ခင် ချောင်အန်းယန်ကို ၃ချက်မြောက် ထိုးနှက်လိုက်တော့သည်။
ချောင်အန်းယန်က ကံကောင်းခြင်း၏အဓိကဇာတ်ဆောင်တစ်ဦးဖြစ်သော်လည်း အထိုးခံထားရသောကြောင့် သူ့ရွှေလက်ချောင်းက မတည်ငြိမ်သည့်အပြင် တစ်ခါတစ်လေ အလုပ်မဖြစ်ပေ။ သူ့ဟာသူ အစွမ်းပြန်တိုးကာ တောင့်တင်းလာစေရန် အခြားနေရာများမှ အဆက်မပြတ် ဆွဲယူရမည်ဖြစ်သည်။
ပထမ၂ချက်က မသိသာပေ။ ယင်းကံများက မရပ်တန့်သေးပေ။ ထို့နောက် ယင်းကျောင်းက ၃ချက်မြောက်ထိုးလိုက်သောအခါ မရပ်မနားတဲ့ကံတွေက ချုပ်ထားသောနေရာမှ လျော့ထွက်လာပြီး ချက်ချင်းပျောက်သွားကာ သူတို့၏မူလပိုင်ရှင်များထံသို့ ပြန်သွားတော့သည်။
"မင်း..."
ဆရာလျိုက ဟောဟဲလိုက်ရင်း ယင်းကျောင်းဆီသို့ ပြေးလာသည်။ သူ့မျက်နှာက ဒေါသကြောင့် ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ဘေးနားရှိ ကျောင်းသား၂ယောက်ကိုခေါ်ကာ ချောင်အန်းယန်ကို ဆွဲထူခိုင်းလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူအလွန်ဒေါသထွက်သွား၏။
"မင်းဆက်ပြီးစကားနားမထောင်ဘူးမှတ်လား...ကောင်းတယ်...ဒီနေ့ တစ်နေကုန်ဒီစင်္ကြံလမ်းမှာ မတ်တတ်ရပ်နေ..."
"မင်းအမှားမင်းသိပြီဆို အတန်းဆီပြန်သွား..."
ထိုနေရာတွင် အခြားဆရာတစ်ဦးသာဆိုလျှင် ယင်းကျောင်းက လျစ်လျူရှုထားမည်ဖြစ်သည်။ သို့သော် ဆရာလျိုကတော့ ကွဲပြားသည်။
သူ ဂရုမစိုက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ..."
.......စာရေးသူမှာ ပြောစရာရှိတယ်~
ပြဇာတ်ရုံငယ်ထဲတွင် :
ယင်းကျောင်း : ကိုယ့်ကို မိသားစုလို့မသတ်မှတ်ရင် နောက်တစ်ကြိမ် တုတ်ချောင်းကိုင်ပြီး စောင့်နေမယ်...