Chapter 82
-----------------------
ကျင်းစစ်က အမှန်တကယ်ကိုပင် သူ့အား ယင်းကျောင်းပြောသော ချစ်စကားများကို နားထောင်ချင်သည်။
ယခုလိုဖြစ်တိုင်းဖြစ်တိုင်း ယင်းကျောင်းကသူ့ကိုကြိုက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းခံစားရသည်။
သူရှက်နေသော်လည်း သူပျော်တာထပ်ပိုသည့်ခံစားချက်ကိုခံစားရ၏။
သူ ထိုပျော်ရွှင်စရာလေးများကို နည်းနည်းချင်းစီသိမ်းထားပြီး သူတစ်ဦးတည်းရှိသောအချိန်တွင် ပြန်၍အမှတ်ရနေမိသည်။ သူ့နှလုံးသားတစ်ခုလုံးက ချိုမြနေသည်။
သို့သော် သူ့အမူအကျင့်အရ ယင်းကျောင်းနှင့်သူ ဘာမဆိုလုပ်နိုင်သလို မပြောနိုင်ပေ။
သူထုတ်မပြောသော်လည်း ယင်းကျောင်းအပေါ် သူကောင်းမွန်ခဲ့သမျှကိုကြည့်ခြင်းဖြင့် ယင်းကျောင်းကနားလည်သည်။
သို့သော် ယခုအချိန် ဘူတာရုံနှင့် လူထူထပ်သောနေရာတွင် ယင်းကျောင်း၏မေးခွန်းကိုကြားရသောအခါ ၎င်းအတွေးများက ရပ်တန့်သွားရသည်။
ယင်းကျောင်းကလည်း သူပြောချင်တာပြောချင်လောက်သည်။ သူသည်လည်း ချစ်စကားများကြားချင်လောက်ပေမည်။
ထို့ကြောင့် သူရှက်နေသော်လည်း ပြောလိုက်၏။
"အင်း..."
သူ့အကြောင်းမတွေးဘဲ မည်သို့နေနိုင်မည်နည်း။ ထိုသို့တွေးလိုက်မိသည်နှင့် သင်္ချာစာမေးပွဲက စိတ်ဝင်စားစရာ မကောင်းပါလားဟု ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။
ယင်းကျောင်းက အသက်ရှူရပ်သွားကာ မယုံကြည်နိုင်မှုအပြည့်ဖြင့် ကျင်းစစ်ဖက်သို့ လှည့်ကြည့်မိသည်။
သူ ငါ့ကိုလွမ်းတယ်လို့ ပြောလိုက်တာလား....
ကျင်းစစ်က...သူ့ကိုလွမ်းတယ်...
ဒါအတင်းတိုက်တွန်းတာလည်းမဟုတ်...ပုံမှန်အတိုင်းလည်းမဟုတ်...သူ့ဘာသာသူပြောတာဟ...
ယင်းကျောင်းစိတ်ထဲတွင် ချက်ချင်း ဗျောက်အိုးများ တန်းစီပေါက်သွားတော့သည်။
သူ့နားရွက်တွေကနီမြန်းနေပြီး နှုတ်ခမ်းထောင့်စွန်းလေးကမြင့်တက်နေသည်။
သူဘာပြောလိုက်လဲဆိုတာ သူ မသိလိုက်တာများလား...
"ဒီညဘာစားချင်လဲ ဂျပန်စာစားမလား ဟိုနေ့က ဆူခီရာခီ ကိုမကြိုက်ဘူးလား..."
ကျင်းစစ်ရဲ့အဖြေကိုမစောင့်တော့ဘဲ သူအမြန်ဆက်ပြောလိုက်သည်။
"မင်းတစ်ခါစားဖူးပြီပဲ...ဒုတိယအကြိမ်စားချင်သေးလား...ဒါမှမဟုတ် bbqပဲသွားစားကြမလား..."
ကျင်းစစ်က သူ့ကိုကြည့်လိုက်ပြီး "ငါ..."
ယင်းကျောင်းက သူ့ဘာသာသူပြောနေရင်း စကားဖြတ်ပြောလိုက်သည်။
"Bbqအများကြီးစားရင် မင်းကျန်းမာရေးအတွက်မကောင်းဘူး...ထားလိုက်တော့...ကန်တိုနီးအစာပဲစားမလား ကန်တိုနီးစာက ပေါ့ပေါ့ပါးပါးနဲ့ ညစာအတွက်သင့်တော်တယ်..."
ကျင်းစစ်က စားသောက်ဆိုင်သွားစားရန် အချိန်မရှိတော့ကြောင်းပြောချင်သည်။ မဟုတ်လျှင် သူ့တွင် စာကျက်ချိန်ရှိတော့မှာ မဟုတ်ပေ။ ထို့ကြောင့် သူတို့ရိုးရိုးဆိုင်ကလေးမှာပဲ စားလိုက်သင့်သည်။
"ဟင့်အင်း...ကန်တိုနီးစာပဲစားနေရတာ များလာပြီ...ကိုရီးယားစာ စားကြမလား..."
သူက ချက်ချင်းခေါင်းခါကာ ငြင်းဆိုလိုက်သည်။
"ကိုရီးယားစာက မင်းအတွက် မကောင်းဘူး...ဆားရည်စိမ်တွေ...ဒါမှမဟုတ် ဟိုဟာစား..."
ယင်းကျောင်းက ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားရပြီး တားမရဆီးမရ ထရယ်တော့သည်။
သူ အရယ်ရပ်လိုက်ပြီး ကြောင်ငမ်းနေသည့် ကျင်းစစ်၏မျက်လုံးအောက်မှာပင် လက်ထဲကအထုပ်ကို မြေပြင်ပေါ်သို့ပြစ်ချလိုက်ပြီး လမ်းဘေးမှသစ်ပင်ဆီသို့ သူ့ကိုအသာတွန်းလိုက်သည်။
ကျင်းစစ် ဘာမှပြန်တုံ့ပြန်လိုက်နိုင်သဖြင့် ယင်းကျောင်းအား သံသယဖြင့်မေးလိုက်မိသည်။
"မင်းဘာလုပ်တာလဲ..."
ယင်းကျောင်းက ဘာမှမပြော။
နောက်လာမည့်စက္ကန့်အတွင်းတွင် ကျင်းစစ်၏မျက်လုံးများမှာ မည်းမှောင်သွားရသည်။ ကုတ်တစ်ထည်က သူ့ခေါင်းပေါ်အုပ်မိုးသွား၏။
အခြေအနေကို နားလည်ရန်ရော တွန်းလှန်ရန်ပါ အလွန်နောက်ကျသွားချေပြီ။
အမှောင်ထုထဲတွင် ယင်းကျောင်းက သူ့မေးကို လက်ဖျားနှင့်ပင့်လိုက်ပြီး ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်သည်။
သူတို့ဘယ်ဖက်တွင် ဘူတာရုံမှလူများ သွားလာနေကြပြီး ညာဖက်တွင် လမ်းဆုံးနေပြီဖြစ်သည်။
ကလေးငယ်များ၏အော်သံ၊ သွားလာသူများ၏စကားပြောသံ ရယ်သံများ၊ ကားဟွန်းသံများက သူတို့နားထဲတွင် ပဲ့တင်ထပ်နေသည်။ အချိန်တိုင်းမှာ သူတို့အနီးအနားမှ ခြေသံများက ကြားနေရ၏။
သို့သော် ယင်းကျောင်းက ဂရုမစိုက်တော့ပေ။
သူ ကျင်းစစ်ရဲ့အရည်ပြားလေးများကို ပွတ်သပ်နေသလိုခံစားရင်း အားပါပါစုပ်နမ်းနေလိုက်သည်။
သူတစ်ခါမှ ယခုလိုသူ့ခံစားချက်အမှန်ကို ဖော်မပြခဲ့ဖူးချေ။ ယခုပွဲတွင် ပထမနေရာရခဲ့မှသာ သူအမှန်ဖြေအောင် သူအတင်းမေးမိလိမ့်မည်။ သို့သော် ယခု သူလွမ်းနေတဲ့အကြောင်းကို သူကိုင်တိုင်ထုတ်ပြောလာသည်။
ယင်းကျောင်းက ပျော်လွန်း၍ ရူးသွားတော့မလိုပင် ဖြစ်နေချေပြီ။
"ပေါင်ပေ့.."
သူ့နှုတ်ခမ်းကို စုပ်နမ်းရင်း အက်ကွဲသံနှင့် ယင်းကျောင်းပြောလိုက်သည်။
"နောက်တစ်ကြိမ်လောက်..."
ကျင်းစစ် ခေါင်းထဲတွင် လုံး၀ဗလာဖြစ်နေသည်။ နှလုံးသားက ရင်ဘက်ထဲမှ ထွက်ကျလာမလားပင်ထင်ရသည်။
သူနှင့်ယင်းကျောင်း...လူလယ်ခေါင်မှာ နမ်းနေကြတယ်...။
ကုတ်အင်္ကျီခြုံထားသော်လည်း သိသည့်သူက သိနိုင်၏။
ကျင်းစစ်၏ပါးများမှာ ပူထူလာသည်။ ရှက်လွန်းသဖြင့် သူအသက်ရှူရန်မေ့နေမိသည်။
သို့ပေမယ့် ယင်းကျောင်းကဆက်မေးနေဆဲပင်။
"မေးတာဖြေလေကွာ...ထပ်ပြောစမ်းပါဦး..."
ဘာပြောရမှာလဲ...မဟုတ်သေးဘူးလေ...
ဒါက အဆင်မပြေဆုံးနဲ့ လက်မခံနိုင်စရာကိစ္စပဲ...
ကျင်းစစ်က ယင်းကျောင်းအား တွန်းထုတ်ကာ ထွက်ပြေးသွားချင်မိသည်။
သို့ပေမယ့် ယင်းကျောင်းက အလွန်ကျေနပ်ပျော်ရွှင်နေပုံရသည်။ သူအသံထဲတွင် မအောင့်အီးနိုင်သော စိတ်အားထက်သန်မှုနှင့် ပျော်ရွှင်မှုက ပါဝင်နေသည်။
ယင်းကျောင်းက သူ့ဆီမှ ထိုစကားကိုအလွန်ကြားချင်နေသည်။ သို့သော် သူက ကြားချင်နေတဲ့အကြောင်းသူ့ကိုမပြောခဲ့ပေ။
ကျင်းစစ်၏ခေါင်းထဲတွင် မီးခိုးတထောင်းထောင်းထနေပေပြီ။ ယင်းကျောင်းရဲ့ လည်စေ့က အပေါ်အောက်မြင့်တက်နေသည်။
သူ့လက်တွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အပြင်လောကကို မေ့ထားနိုင်အောင် သူ ကြိုးစားနေရသည်။ အချိန်အတော်ကြာယူပြီးမှ သူတိုးတိုးလေးပြောလိုက်၏။
"ငါ မင်းကို လွမ်းတယ်..."
ယင်းကျောင်းက သက်ပြင်းချလိုက်ရင်း လက်ကိုမြှောက်ကာ ကျင်းစစ်အားကိုင်ဆွဲကာ ရင်ဘက်ချင်းအပ်ပစ်လိုက်သည်။
_______
ထိုညက ကျင်းစစ်၏အဝတ်ထုပ်အား ယင်းကျောင်းဆီတွင်ထားပြီးသောအခါ သူတို့၂ဦး လမ်းမပေါ်ကဆိုင်တွင် ထွက်စားကြပြီး ကျောင်းသို့သွားကြသည်။
ကျင်းစစ်က စစ်ပွဲမှပြန်လာသော စစ်သူကြီးကဲ့သို့ အခန်း၇က ကြိုဆိုကြသည်။
တစ်ချို့က သကြားလုံးများလာပေးကြပြီး တစ်ချို့က သရက်ပြားများပေးကြသည်။ သို့သော် စာမေးပွဲတွင် ဖြေနိုင် မဖြေနိုင်နှင့် နိုင်ငံအဆင့်လေ့ကျင့်ရေးအသင်းသို့ဝင်ရောက်ခြင်းကိစ္စကိုမူ မည်သူမှမမေးကြပေ။
သူ့ရဲ့ရင်ဘက်က နွေးထွေးလွန်းတာကြောင့် ဖောင်းကားနေပြီဖြစ်သည်။ သူ့ဆီပေးပို့လာသော ဆုတောင်းမှုများနှင့်လက်ဆောင်များကို မကြောက်မရွံ့ဘဲ ပထမဦးဆုံးအကြိမ်အဖြစ်လက်ခံခြင်းဖြစ်သည်။ လူတိုင်းရဲ့ကျေးဇူးတင်မှုနှင့် အကြင်နာများကို သူကျေနပ်စွာခံယူလိုက်၏။
သို့သော် အခန်း၇အပြင်ဘက်တွင်မူ သဟဇာတ ဖြစ်မနေပေ။
ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် အမှတ်များကို သင်္ချာအိုလံပစ်မှ ပထမဦးဆုံးအကြိမ် ပယ်ချလိုက်သည့်အတွက် နှစ်စဉ်ဆောင်းတွင်းသင်္ချာစခန်းက ပြီးဆုံးသွားသော်လည်း သတင်းထောက်များ၏ သတင်းများကြောင့် နာမည်ကြီးလာခဲ့သည်။
သတင်းများကို Weibo နှင့် Niche တို့တွင်ဆွေးနွေးကြသည်။
[ဒီနှစ်ရဲ့ ဆောင်းတွင်းသင်္ချာပွဲမှာ သူငယ်ချင်းတစ်ယောက်ပါတယ်..သူပြောတယ်...သူတို့အရင်ဆုံးထွက်သွားကြတာတဲ့]
[ဟဟဟဟဟဟ....သူတို့ခြေသံတိုးတိုးလေးက အခု ကျယ်သွားပြီပေါ့]
[အခြားနိုင်ငံကိုပြန့်သွားမယ်ဆို တော်တော်တော့ ရှက်စရာကောင်းတယ်ကွာ]
[မဟုတ်ဘူး...ငါပြောပြမယ်...ပြိုင်ပွဲမှာ စင်္ကာပူရော ရုရှားရော ပါတာကိုမင်းမေ့နေတာလား...အာရှပိုင်းကိုရှုံးရမှာနော်]
[ငါကတော့ ဒါငါ့ရဲ့သီအိုရီလားတော့မသိဘူးပေါ့နော်...ငါကတော့ တုန်းဟိုင်စီရင်စုက ဂေါ်နေတယ်လို့ထင်တယ်...တမင်ကို ပန်းအိုးတစ်လုံးလိုလှပအောင်ပြနေသလိုပဲ...ပြီးတော့အဲ့ဒါက လူတိုင်းရဲ့စိတ်ကို ဆွဲဆောင်ထားနိုင်တယ်]
[ဟုတ်တယ်ဟုတ် ဆယ်လီတွေလုပ်တာပုံမှန်ပဲ...အခုက စီရင်စုတဲ့...]
[အပေါ်ကလူရေ...သိကြလား...နာမည်တစ်ခုရှိဖို့အတွက် အခြားနိုင်ငံတွေက သူတို့ရဲ့ပိုင်နက်ကိုရောင်းကြရတယ်...ဒါဟာ နိုင်ငံတကာဆွဲဆောင်ဖို့အတွက်လည်း ဖြစ်နိုင်တယ်...ဒါမှမဟုတ် သူတို့တည်ရှိနေတယ်ဆိုတာကို ပြချင်လို့လည်းဖြစ်နိုင်တာပဲလေ]
ကျင်းစစ်နှင့်အခြားသူများ ပြန်ရောက်လာကြပြီးနောက် ကျောက်ဖုန်ကချက်ချင်း အနီးအနားမှသူများအား ရှင်းပြသည်။ အတွင်းလူများက အင်တာနက်ပေါ်မှ ဝေဖန်ချက်များကိုမဖတ်ဘဲ ရှင်းပြချက်ကို ကိုယ်တိုင်ကိုယ်ကျနားထောင်ချင်ကြသည်။
သို့သော် အသုံးမဝင်ခဲ့ပေ။ လူအများက အတင်းအဖျင်းသတင်းများကိုသာ စိတ်ဝင်စားကြပြီး အသေအချာဝေဖန်ချက်များက အမြင်မခံရပေ။
တုန်းဟိုင်စီရင်စုမှ ကျောင်းသားအချို့တောင်မှ အတူလှောင်ပြောင်ကြသည်။
[ငါ တကယ်က်ို စီရင်စုရဲ့စည်းရုံးခံရတယ်...ဆောင်းတွင်းစခန်းကို ဝင်တာနဲ့ သူတို့သတင်းကြီးတစ်ခုဖန်တီးတုန်းပဲ...သူတို့ရူးနေလားမသိဘူး...စီရင်စုရဲ့သူတော်ကောင်းပုံစံကို မြင်ကြလား...ညီလေးတို့ ညီမလေးတို့ တခြားဘာသာနဲ့လာတင်ပေးကြပါဦး]
[ငါလည်း ဒုတိယနှစ်ကျောင်းသားပါပဲ...ကျင်းစစ်က ပညာရှင်မဟုတ်ဘူးဆိုတာ လုံးဝသေချာတယ်...နှစ်တိုင်း ငါတို့ဆရာက မြို့ရဲ့ထိပ်ဆုံးအယောက်၂၀ကို စုံစမ်းလေ့ရှိတယ်...အဲ့ထဲမှာ ကျင်းစစ်ကို တစ်ခါမှ မမြင်ဖူးဘူး]
[ဒါပေမယ့် စာမေးပွဲမှာ သူ၂၂၆တောင်ရတယ်]
[သူဘယ်လိုရလဲ ဘယ်သူသိမလဲ...ဟီးဟီးဟီး...သတ္တိရှိရင် ရှိသလို နည်းလမ်းတွေကအများကြီးပဲကို]
[ဖာခ့်...မင်းအဲ့ဒီလိုပြောလိုက်တော့ ဒီစီရင်စုကို ကာကွယ်ပေးနေရတာ လူသေအတိုင်းပဲ]
_______
ကျင်းစစ်နှင့် တုန်းဟိုင်စီရင်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟာသတစ်ခုဖြစ်နေခဲ့သည်။
လူတိုင်းက စာမေးပွဲရလဒ်ထွက်မည့်နေ့ကို စောင့်ဆိုင်းနေကြသည်။ အရှက်တရားတစ်ခုအား ထိုးနှက်ရန် အသင့်ဖြစ်နေကြသည်။
ထိုသို့နှင့် လိုင်းပေါ်မှပြစ်တင်ရှုံ့ချမှုကြားမှ ရက်၂ရက် ကုန်လွန်သွားသည်။
ထိုညက ကျင်းစစ် ညနေစာကျက်ချိန်ပြီးသောအခါ သူ့အား ဆရာလျိုကခေါ်တွေ့၏။
ပြောရမည်ဆို မနက်တွင် စာမေးပွဲများလည်းရှိသေးသည်။
ထို့အပြင် ဆောင်းတွင်းသင်္ချာစခန်းက ထူးခြားသည်။ ရလဒ်ကိုကြည့်ရန်အချိန်က ၈နာရီနှင့် ၉နာရီကြားတွင်ဖြစ်သည်။
ရလဒ်ကိုကြည့်ရန် အချိန်၁နာရီသာရသည်။ ထို့နောက်တွင် ကြည့်မရတော့ပေ။
ကျောင်းရှိသိပ္ပံရုံခန်းအတွင်းတွင် ဆရာအားလုံးနီးပါး ထိုင်နေကြသည်။ ကျင်းစစ်ဝင်လာသောအခါ ဆရာတစ်ယောက်ချင်းစီ၏ခေါင်းများ ထောင်သွားကြသည်။ ထို့နောက် သူတို့၏မျက်လုံးများက သူ့အပေါ်တွင်အာရုံစိုက်ထားကြတော့သည်။
"ကျင်းစစ်...လာ...ဒီကိုလာခဲ့..."
ကျောက်ဖုန်က သူ့နေရာမှ လက်ယပ်ခေါ်လိုက်သည်။
သူ့အရှေ့တွင့် ဖွင့်ထားသောlaptopတစ်လုံးရှိပြီး ရလဒ်များကိုကြည့်လို့ရသည့် ပေ့ခ်ျကိုဖွင့်ထားသည်။
ကျိုးချောင်နှင့်ကျန်းချုံးက သူ့ဘေးနားတွင်ရပ်နေကြသည်။ အချိန်နီးကပ်လာလေ သူတို့နေမထိထိုင်မသာဖြစ်လာကြ၏။
"အကိုစစ်...ငါကြောက်တယ်ကွာ..."
ကျိုးချောင်က အသံရှူသံပြင်းပြင်းနှင့် သူ၏ချွေးပြန်နေသော သူ့လက်ကို ကျင်းစစ်ဆီထိုးပြသည်။
"ကြည့်...ငါချွေးတွေထွက်နေပြီ..."
"စားဦးမလား..."
ကျင်းစစ်က အတန်းပြီးသွားချိန် သူ့ကို ချန်မြောင်မြောင်ပေးထားသည့် သကြားလုံးအား ထိုးပေးလိုက်၏။
"စား...စားမယ်...စားမယ်..."
ဘေးကဆရာတွေကို ကျိုးချောင်ဂရုမစိုက်နိုင်တော့ဘဲ သကြားလုံးကို အမြန်ဖြည်ချပြီး ပါးစပ်ထဲသို့ ဂွက်ခနဲ ကောက်ထည့်လိုက်သည်။
ကျောက်ဖုန်မှာလည်း ထိုနည်းတူစွာ စိတ်လှုပ်ရှားနေသည်။ သူ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ကျင်းစစ်အားပြောလိုက်သည်။
"မင်းရဲ့loginနာမည်နဲ့ passwordပြော...နောက်မြန်မြန်ကြည့်လို့ရအောင် ငါချရေးထားလိုက်မယ်..."
ကျင်းစစ်ရော အခြားသူတွေပါ ပြောပြလိုက်ကြသည်။
၈နာရီထိုးရန်နီးလာတာနှင့်အမျှ ရုံးခန်းအတွင်းမှ ရာသီဥတုက အေးစက်လာသည်။ အခန်းအတွင်းရှိမည်သူမှ စကားမပြော အသံမထွက်ဘဲ ငြိမ်နေကြသည်က စာရွက်လှန်သံကိုပင် အတိုင်းသားကြားနေရ၏။
မိနစ် စက္ကန့်တိုင်း၏နှိပ်စက်ခြင်းကို ခံယူပြီးနောက်ဆုံးတွင် ၈နာရီထိုးသွားချေပြီ။
ကျောက်ဖုန်က ဘာမှပြောမနေတော့ဘဲ ချက်ချင်း ကျင်းစစ်၏ပရိုဖိုင်ကိုဝင်ကြည့်လိုက်သည်။
ရိုက်စရာရှိတာ ရိုက်သွင်းပြီးသောအခါ ဆရာလျို၏အံ့ကြိတ်သံနှင့်အတူ ကျောက်ဖုန်ကအတည်မပြုရဲသေးသဖြင့် ရပ်နေမိသည်။ ပြီးမှ သူ့မျက်လုံးအစုံကိုမှိတ်ပြီး အားပြင်းပြင်းနှင့် enterကို ခေါက်ချလိုက်သည်။
ဝင်ကြည့်သူအလွန်များသဖြင့် ပေ့ခ်ျက ဝင်ရာတွင် ထစ်နေသည်။ ထို့ကြောင့် စောင့်နေသူများအားလုံးရဲ့ နှလုံးသားများက လည်ပင်းတွင်တစ်နေကြသည်။
ကျောက်ဖုန် မစောင့်နိုင်တော့သဖြင့် ပေ့ခ်ျကို ထပ်ကာထပ်ကာ ပြန်ဝင်လိုက်သည်။ မကြာခင်တွင် ကျင်းစစ်ရဲ့အမှတ်များက အားလုံး၏မျက်စိအရှေ့တွင် ပေါ်လာသည်။
ပထမစာမေးပွဲ : ၅၀
ဒုတိယစာမေးပွဲ : ၅၈
စုစုပေါင်းရမှတ် : ၁၀၈
နိုင်ငံ့သင်္ချာဆောင်းတွင်းစခန်းပွဲတွင် မေးခွန်း၃ပုဒ်သာရှိပြီး တစ်ပုဒ်ကို ၂၁မှတ်ပေးသည်။ စုစုပေါင်း ၆ပုဒ်အတွက် အမှတ်ပြည့်က ၁၂၆မှတ်ဖြစ်သည်။
မနှစ်က အမှတ်လိုင်းသည် ၈၄ဖြစ်ပြီး ရွှေတံဆိပ်ဆုရှင်က ၇၅မှတ်ဖြစ်သည်။
အခု ကျင်းစစ်က ၁၀၈မှတ် ဆိုတော့...
ကျောက်ဖုန်က သူ့မျက်လုံးကိုသူပွတ်လိုက်မိသည်။ ကွန်ပြူတာမျက်နှာပြင်မှ မျက်လုံးက မခွာနိုင်သေးပေ။
ဟုတ်ပါတယ်နော်...ကျင်းစစ် ၁၀၈မှတ်ရတာ...ဟုတ်တယ်မလား!
ကွန်ပြူတာမျက်နှာပြင်က အကြီးကြီးမဟုတ်ချေ။ ယင်းကိုမှ သူက မျက်နှာကြီးတည့်တည့် ပိတ်ကာထားသဖြင့် အခြားဆရာများက ဘာမှမမြင်ရပေ။ သူတို့တွေက ကမန်းကတန်းမေးကြသည်။
"ဘယ်လောက်လဲ...ဘယ်လောက်လဲ...သူဘယ်လောက်ရလဲ?..."
"ဟေ့ ကျောက်ဖုန်...မင်းဘာဖြစ်နေတာလဲ...အမှတ်ဘယ်လောက်လဲလို့..."
ကျောက်ဖုန်က ၁မိနစ်တိတိ အသံတိတ်နေသည်။ ထို့နောက် အသံကျယ်ကြီးဖြင့် ထရယ်တော့သည်။ သူ့စိတ်ထဲတွင် ထိန်းထားသောဒေါသသံများပါ ထိုရယ်သံများတွင် ပါဝင်နေသည်။
"၁၀၈!!! ကျင်းစစ်အမှတ်က ၁၀၈ ကွ!!!"
ရုံးခန်းတစ်ခုလုံး ခဏတာ ငြိမ်သက်သွားသည်။
အချိန်တစ်ခုကြာငြိမ်သက်ပြီးနောက် အောင့်အီးသည်းခံ ခေါင်းငုံ့ခံခဲ့ကြသော ဆရာများက ခံစားချက်များကို မထိန်းထားတော့ဘဲ ထအော်ကြတော့သည်။
၁၀၈!!!
ကျင်းစစ်အမှတ်က ၁၀၈!!!
မနှစ်က အမှတ်လိုင်းထက်တောင် ၂၄မှတ်ပိုနေသေးတယ်!!!
တရားဝင်ထုတ်ပြန်မည့်အမှတ်စာရင်းကို ကြည့်စရာမလိုတော့ပေ။ ကော်မတီအဖွဲ့ဝင်တွေက အကျင့်မကောင်းစွာ အမှတ်လိုင်းကိုမြှင့်ထားမည်ဆိုလျှင်ပင် ကျင်းစစ်၏အမှတ်က ကွာတားဆီသို့တက်ရန် တည်ငြိမ်နေပြီ ဆိုတာကို အကုန်သိကြသည်။
ဆယ်စုနှစ်တွေကျော်ပြီး တုန်းဟိုင်စီရင်စုကတစ်ယောက် နိုင်ငံလုံးဆိုင်ရာအသင်းကို စံချိန်ချိုးနိုင်ခဲ့ပြီကွ !
တလွဲဖြစ်လာမယ်လို့ ဘယ်ကောင်ပြောလဲကွ ဟမ် !
ကျင်းစစ်က အလှပြပန်းအိုးပါပဲဆိုတာ ဘယ်သူပြောတာလဲ !
ဟဟဟဟဟဟ....ထွက်လာပြီး ပါးအရိုက်ခံစမ်းလေကွာ...ဟဟဟဟဟဟ...
____
Translated By IQ-Team.