Chapter 83
-----------------------
ရုံးခန်းတစ်ခန်းလုံးက ရေနွေးအိုးလို ဆူလောင်ပွတ်လောရိုက်သွားကြသည်။ ဆရာများက ပြုံးဖြီးပြီး လက်သီးဆုပ်များ ဆုပ်ထားကြသည်။ စိတ်လှုပ်ရှားမှုက ထိန်းချုပ်လို့မရတော့ပေ။
သူတို့စာသင်နှစ်မှာ သူတို့တုန်းဟိုင်စီရင်စုကျောင်းရဲ့ ကျောင်းသားက စံချိန်ချိုးနိုင်ခဲ့ပြီ...
ထိုအချိန်တွင် ကျင်းစစ်၏ဆရာဖြစ်ဖြစ် မဖြစ်ဖြစ် သူတို့အကုန်လုံး ဂုဏ်ယူနေကြသည်။
အရမ်းကောင်းတယ်...ကျင်းစစ်အရမ်းတော်တယ်...
ယခုရက်ပိုင်းထဲတွင် သူတို့မည်မျှမျက်နှာငယ်နေရသလဲဆိုတာကို ဘုရားအသိဆုံးပင်။ အင်တာနက်ပေါ်တွင် သူတို့ပြန်လည်ချေပချင်လျှင်တောင်မှ မည်သို့စပြောရမည်မသိဖြစ်နေခဲ့ကြသည်။
တုန်းဟိုင်စီရင်စုက မည်သူမှ နိုင်ငံလုံးဆိုင်ရာအသင်းအတွင်းသို့မဝင်ရောက်နိုင်ခဲ့သလို လူများကလည်း တုန်းဟိုင်မှဆရာများအားဆိုလျှင် ပညာရေးကို ဆုတ်ယုတ်အောင်လုပ်နေကြသည်ဟု နှိမ်ံချကြ၏။
သို့သော် ယခုပြောင်းလဲသွားပြီဖြစ်သည်။
ကျင်းစစ်၏ရမှတ်၁၀၈မှတ်က သူတို့မျက်နှာကိုပြန်ဆယ်ယူနိုင်ခဲ့ပြီ။
အမှတ်က အသင်းထဲဝင်ရုံတင်မက အမှတ်လိုင်းအရဆိုလျှင် ရှိသမျှပြိုင်ပွဲဝင်အားလုံးကို အပြီးသတ်ရိုက်ချပစ်လိုက်နိုင်သည်။
ကျောက်ဖုန်က သက်ပြင်းရှည်ကြီးချလိုက်ပြီး ပျော်လွန်း၍ စကားမပြောနိုင်ဖြစ်နေသည်။ သူက ကျင်းစစ်ကို လက်မထောင်ပြကာ စိတ်ငြိမ်အောင်လေအဝရှူရင်း အခြားရလဒ်များကိုကြည့်နေလိုက်သည်။
သို့သော် အသအချာကြည့်မည်ဆိုလျှင် သူ့လက်များ တုန်ရီနေတာကို တွေ့ရမည်ပင်။
"အကိုစစ်...မိုက်တယ်ကွာ..."
ကျိုးချောင်က ကျင်းစစ်အား တင်းကျပ်စွာဖက်လိုက်သည်။ မနာလိုမှုအလျဥ်းမရှိဘဲ ပျော်ရွှင်စွာပြောလိုက်၏။
"ပီကင်းကောလိပ်ကို ကြိုလျှောက်ထားနိုင်လို့ ဂုဏ်ယူပါတယ်..."
နိုင်ငံလုံးဆိုင်ရာအသင်းသို့ဝင်ရောက်နိုင်သည့်မည်သူမဆို တစ်နိုင်ငံလုံးရှိ ကောလိပ်များကို စိတ်ကြိုက်ရွေးချယ်နိုင်သည်။ ယခု ကျင်းစစ်၏အမှတ်က ကောလိပ်က ရွေးချယ်ခြင်းခံရမည်မဟုတ်ဘဲ ကောလိပ်များကိုရွေးချယ်နိုင်မည်ပင်။
"ကျေးဇူးပါ..."
ကျင်းစစ်က သူ့ကိုပြန်ဖက်လိုက်ပြီး ကျောကိုပုတ်ပေးလိုက်ကာ ကွန်ပြူတာကိုညွှန်ပြလိုက်သည်။
"မင်းအမှတ်ကို တူတူစောင့်ကြည့်ကြမယ်..."
ကျိုးချောင်က အားမာန်အပြည့်ဖြင့် လက်သီးဆုပ်ကာ ခေါင်းညိတ်ပြပြီး ကျောက်ဖုန်နားသို့ကပ်သွားသည်။
အချိန်ခဏကြာသောအခါ ပေ့ခ်ျကအနည်းငယ် ချောမွေ့လာသည်။ ကျောက်ဖုန်က ကျိုးချောင်၏အမှတ်ကို မရရအောင်ဝင်ကြည့်နေသည်။
ပထမစာမေးပွဲ : ၄၃
ဒုတိယစာမေးပွဲ : ၃၄
စုစုပေါင်းအမှတ် : ၇၇
"အမှတ်ပေါင်း ၇၇...ကောင်းတယ်ကွာ!..."
ကျောက်ဖုန်က စားပွဲကိုရိုက်ချလိုက်သည်။ ပျော်ရွှင်မှုများနှင့် သူပါးစပ်မပိတ်နိုင်ဘဲဖြစ်နေမိသည်။ ကျိုးချောင်ကို ချီးမွမ်းလိုက်၏။
မနှစ်က ရွှေတံဆိပ်ဆုရှင်က ၇၅မှတ်ဖြစ်သည်။ ထိုအမှတ်နှင့်ဆိုလျှင် ကျိုးချောင်သည် အမှားမပြုလုပ်ခဲ့မိပါက ရွှေတံဆိပ်ရနိုင်သည်။
ရွှေတံဆိပ်က မသေချာသော်လည်း အင်တာဗျူးသာအဆင်ပြေလျှင် ချင်းဟွာကောလိပ်နှင့် ပီကင်းကောလိပ်တို့တွင် ကျိုးချောင်၏အမှတ်က ထိပ်ဆုံးတန်းတွင် ပါဝင်နေမည်ဖြစ်သည်။
ကျိုးချောင်က ကျင်းစစ်လောက် မတည်နိုင်ပေ။ သူ့အမှတ်ကို ကျောက်ဖုန်ရွတ်ပြလိုက်သည်နှင့် သူရူးသွပ်သွားတော့သည်။
၇၇! သူ ၇၇မှတ်ရတယ်!
ကျိုးချောင်ဆိုတဲ့ ငါက ၇၇မှတ်ရတယ်တဲ့ကွ!
အာ ဟ ဟ ဟ...OMG! သူစာမေးပွဲမှာ တလွဲမလုပ်ရုံတင်မကဘူး...အမှတ်မြင့်ပါရတယ်ဟေ့!
"အကိုစစ်..."
ကျိုးချောင် စိတ်လှုပ်ရှားလွန်းကာ လက်ကိုမြှောက်ထားလိုက်သည်။ ပြီးမှ ကျင်းစစ်၏လက်မောင်းကို ကိုင်လိုက်သည်။
"ငါ...ငါ ၇၇မှတ်တဲ့!..."
ကျင်းစစ်က ခေါင်းငုံ့ကာ သူ့လက်မောင်းကို ကြည့်လိုက်သည်။ သူ့ကိုမတားဆီးဘဲ ပြုံးကာ ပြောလိုက်သည်။
"ကဲ...အခုအတူတူဖြစ်သွားပြီ..."
"တူတူဖြစ်သွားပြီ..."
ကျိုးချောင်က ကျင်းစစ်အားဖက်ကာ မှီလိုက်သည်။
သူက ဂွမ်းစပုံပေါ်တွင် မတ်တတ်ရပ်နေသလို ခြေထောက်များက တဖျပ်ဖျပ်ခတ်နေသည်။
ကျင်းစစ်ရော ကျိုးချောင်ပါ အမှတ်များ မြင့်နေခြင်းက ကျန်းချုံးအား စိတ်ဓါတ်ကျစေသည်။ သူက တံတွေးမြိုချကာ ပြင်းထန်သောနှလုံးခုန်သံကို ထိန်းသိမ်းရင်း ကျောက်ဖုန်၏အနောက်တွင် ရပ်လိုက်သည်။
ကျောင်းသား၂ယောက်၏အမှတ်ကိုကြည့်ပြီးနောက် အခြေအနေက အတော်ကောင်းနေပြီဖြစ်သည်။ ကျောက်ဖုန်မှာ အရင်ကလောက် စိတ်လှုပ်ရှားမှုမရှိတော့ချေ။
သူ ကျန်းချုံးအကောင့်သို့ဝင်လိုက်သည်။
နောက်စက္ကန့်အကြာတွင် ကျန်းချုံး၏အမှတ်များ ပေါ်လာသည်။
ပထမစာမေးပွဲ : ၂၁
ဒုတိယစာမေးပွဲ : ၁၇
စုစုပေါင်းအမှတ် : ၃၈
မနှစ်က ငွေတံဆိပ်ဆုရှင်အမှတ်သည် ၃၉ဖြစ်သည်။ ကျန်းချုံး၏အမှတ်က ငွေတံဆိပ်နှင့်ကြေးတံဆိပ်ကြားတွင် ရှိနေသည်။
"မဆိုးပါဘူး..."
ကျောက်ဖုန်က မောက်စ်ကိုချထားလိုက်ပြီး စာအုပ်ကိုပိတ်ကာ အားပေးစကားပြောလိုက်သည်။
"မင်း ငွေတံဆိပ်ရပြီး စာမေးပွဲနဲ့အင်တာဗျူးတို့အောင်ရင်တော့ ချင်းဟွာနဲ့ပီကင်းကောလိပ်တို့ကိုဝင်နိုင်မှာပါ..."
ဒါပေမယ့် မင်းငွေတံဆိပ်ရမှနော်...
သူရှက်ရွံ့စွာ နှုတ်ခမ်းများစေ့ကာ ခေါင်းညိတ်ပြလိုက်သည်။
သူအပြင်းအထန်ကြိုးစားမည်ဆိုလျှင် ကျိုးချောင်နှင့် ယှဉ်နိုင်သည်။ သို့သော် ကျင်းစစ်ကတော့ သူလုံးဝလိုက်မမှီနိုင်သော အမှတ်သို့ရောက်နေသည်။
ကျန်းချုံးက ပြီးခဲ့သောအရင်လများကို ပြန်တွေးကြည့်မိသည်။
ထိုအချိန်က ကျင်းစစ်က ကျောင်းကိုပြန်နေသည်။ ကစားကွင်းတွင် သူငယ်ချင်းများနှင့်အတူ သူပြိုင်ပွဲအတန်းသို့ ဝင်နိုင်မည်မဟုတ်ဟု အကြောင့်မဲ့သက်သက် လှောင်ပြောင်ခဲ့သည်။
ယခုတော့ ကျင်းစစ်က ကွာတားသို့တက်သွားသည့်သူဖြစ်နေပြီး သူက အမှတ်လိုင်းပေါ်တွင် ငွေတံဆိပ်ကဲ့သို့အရာမျိုးဖြင့် မသေချာမရေရာ ဖြစ်နေသည်။
ကျန်းချုံးက သူ့ကိုယ်သူ လှောင်ရယ်လိုက်မိသည်။ သူမည်သို့မှ မယှဉ်နိုင်ချေ။
သူဘယ်လိုမှ မယှဉ်နိုင်ဘူး...
ဆရာများအားလုံးက သူတို့ကိုဂုဏ်ပြုစကားလာပြောကြနေသည့်အချိန်တွင် ဆရာလျိုက တစ်မျိုးတစ်ဖုံဖြစ်နေသည်။ သူက ကျင်းစစ်အား မကြည့်ရုံမက သူ့နေရာသို့ သူပြန်သွားထိုင်နေလိုက်သည်။
ဓါတုဗေဒဆရာ ဆရာဝမ်က အံ့ဩတကြီး ပြောလိုက်သည်။
"လျို...ဘယ်လိုဖြစ်လို့ ဒီနေ့ သီးသန့်လိုဖြစ်နေတာလဲ...ကျင်းစစ်အမှတ်က ဒီလောက်ကောင်းတာ...ဘာတစ်ခွန်းမှသွားမပြောတော့ဘူးလား..."
"မင်းသာ အရင်သွားပြောပါ..."
ဆရာလျိုနှုတ်ခမ်းက ကွေးတက်သွားပြီး ဖုန်းကိုထုတ်ရင်း အေးဆေးစွာပြောလိုက်သည်။
"ငါကအလျဥ်မလိုပါဘူး...ငါကသူ့အတန်းပိုင်ပဲကို...သူ့ကိုနေ့တိုင်းတွေ့လို့ရတယ်...အခု သူ့ကိုတွေ့ဖို့ခက်တဲ့သူတွေသာတွေ့ကြပါစေဦးကွာ..."
ဆရာဝမ် : "...."
ထိုမဖုံးကွယ်သောကြွားဝါးခြင်းကို ကြားလိုက်ရပြီးနောက် ဆရာဝမ်က သူ့မျက်မှန်ကိုနှာခေါင်းပေါ်သို့ ပင့်တင်ကာ တစ်ဖက်သို့လှည့်ပြီးထွက်သွားတော့သည်။
နိုင်ငံလုံးဆိုင်ရာလေ့ကျင့်ရေးအသင်းသို့ ကျင်းစစ်ဝင်ရောက်နိုင်သွားသည်မှာမှန်သော်လည်း သက်ဆိုင်ရာမှ တရားဝင်မကြေညာသေးသောကြောင့် စီရင်စုက အေးအေးဆေးဆေးဖြစ်နေသည်။
ကျောင်းအုပ်ကြီးက ၁၀နှစ်လောက်ငယ်ရွယ်သွားသယောင်ပျော်ရွှင်နေပြီး ကျင်းစစ်အား ဆုပေးရန် ညတွင်းချင်း ချက်ချင်း အစည်းအဝေးခေါ်ကာ ပြောတော့၏။
ကျောင်းဝန်ထမ်းများမှာလည်း စာတန်းများရေးခြင်း၊ ပြင်ဆင်ခြင်းများနှင့်အလုပ်ရှုပ်နေကြသည်။
နိုင်ငံလုံးဆိုင်ရာလေ့ကျင့်ရေးအသင်းသို့ ဝင်ရောက်နိုင်ခဲ့တာကို ထုတ်မပြောနိုင်သော်လည်း ကျင်းစစ်၏အမှတ်ကတော့ အတည်ပြုနိုင်သည်ဖြစ်သည်။
ဆရာများကလည်း အသိုင်းအဝိုင်းကြားတွင် ပြောဆိုနေကြသည်။
(T/n : စာရေးသူလည်း သေချာမသိပါ)
ညဖက်စာကျက်ချိန်အပြီးတွင် တုန်းဟိုင်စီရင်စုရှိလူအားလုံး ကျင်းစစ် အမှတ်၁၀၈မှတ်ရခဲ့သည့်အကြောင်းကို သိသွားကြ၏။
ဖိုရမ်တွင် ပြယာခက်နေကြသည်။ ပြန်စာများတက်တက်လာတာများလွန်းသဖြင့် အချိန်ကိုက်စာလိုက်မပြန်နိုင်တော့ပေ။
[ငီးပဲ! ! ! မင်းအကိုက မင်းအကိုပဲလေ! ! !]
[ဘုရားသခင်... ဘုရင်ကြီးကတော့....သောက်ရမ်းမိုက်တယ်ကွာ...ဖာ့ခ်]
[ငါဘာပြောရမှန်းမသိတော့ဘူး...ငါ လေးစားလွန်းလို့အရင်ဆုံးလှဲပြီးအိပ်လိုက်ဦးမယ်]
[မေးမနေနဲ့ ဒူးသာထောက်လိုက်တော့ ]
[အကိုစစ်က ငါတို့စီရင်စုမှာ ဆယ်စုနှစ်ကြာပထမဦးဆုံးသူပဲ...လုံးဝစံပြပါကွာ...နောက်တစ်မျိုးပြောရရင် စီရင်စုရဲ့မှတ်တမ်းထဲမှာ ပါမလားဘဲ]
[အမှန်ပဲ…စီရင်စုက ဂုဏ်ပြုတာတွေဘာတွေနဲ့ မှတ်တမ်းမတင်ဘူးလား...အကိုစစ်ကတော့ပါသင့်နေပြီ]
[ဟဟဟဟ ငါ့သွေးတွေဆူနေပြီ... အကိုစစ်ကို အလှပြပန်းအိုးလို့ပြောတဲ့ကောင်တွေ ဘယ်ရောက်ကုန်ပြီလဲ...]
[ဖာခ့်...ငါအခုတစ်ခါတည်းစဉ်းစားမိတယ်...အကိုစစ်သာ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံအဆင့်မှာပါပြီးရင် နိုင်ငံတကာအဆင့်ထိပါသွားရင်ရော... အိုလံပစ်အထိရောက်သွားရင်ရော]
[အပေါ်ကသူရေ ပြောပြမယ်...လူ၆ယောက်ပဲပါလို့ရတယ်သိလား...ဘာတွေမျှော်လင့်နေတာလဲ]
[သူက ငါ့အကိုစစ်ကွ!]
တုန်းဟိုင်စီရင်စုမှသူများက အင်တာနက်ပေါ်တက်ကာ ကျင်းစစ်၏ရမှတ်အတိုင်း အပြစ်ပြောသူများကို ပြန်လည်တိုက်ခိုက်ကြသည်။
၎င်းတို့မှာလည်း မည်သို့မှမမျှော်လင့်ထားသကဲ့သို့ အင်တာနက်အသုံးပြုသူများလည်း မထင်ထားကြပေ။ ထို့နောက် သူတို့ကောလဟာလများ စပြောကြလေသည်။
[ရီစရာပဲ...တုန်းဟိုင်စီရင်စုက ကျင်းစစ်အမှတ်က ၁၀၈တဲ့...ဟဟဟဟဟ]
[ငါသရဲတွေကိုယုံတယ်...ငါပိုင်သို့စီရင်စုကပါ...ငါတို့စီရင်စုကအမှတ် မမြင့်ဘူးဆိုပေမယ့် ရလဒ်ကတော့ကောင်းတယ်...မနှစ်က အမြင့်ဆုံးအမှတ်က ၁၀၅...အခုပြော တုန်းဟိုင်စီရင်စု... ဘာမှမဟုတ်တဲ့သူက ၁၀၈မှတ်တဲ့လား...မင်းတို့တွေအကုန်တူတူပဲ...အရူးတွေ]
[တုန်းဟိုင်ကသူတွေရူးကုန်ကြပြီလား... အမှတ်၁၀၈နဲ့အမှတ်မြင့်ရတယ်ဆိုပြီး ပါးစပ်ဟရဲတယ်ပေါ့... ၁၀၈မှတ်ရအောင်လုပ်နိုင်တယ်ဆို screenshotလေးလဲရိုက်ပြတတ်မှာပေါ့]
[ဟုတ်တယ်...ပုံပြရင်ပြ မဟုတ်ရင် ပါးစပ်ပိတ်ထား]
သို့သော် တရားဝင်ထုတ်ပြန်သည့်ပေ့ခ်ျက ၁နာရီသာဖွင့်ပြပေးသည်ဖြစ်သဖြင့် ကျင်းစစ်၏အမှတ်ကိုပုံရိုက်ထားရန်မည်သူမှ မစဉ်းစားမိချေ။ ယခုဆိုလျှင်တော့ နောက်ကျသွားပေပြီ။
ထို့ကြောင့် ကျင်းစစ်နှင့်အတူ တုန်းဟိုင်စီရင်စုမှာ အပြင်သူများ၏ လှောင်ပြောင်ခြင်းကိုခံကြရသည်။
ထိုသို့နှင့် လှောင်ပြောင်ခြင်းက တဖြည်းဖြည်း ရပ်တန့်မရအောင် ကြီးထွားလာချိန်တွင် တရားဝင်ပေ့ခ်ျက ဆောင်းတွင်းသင်္ချာပွဲ၏ အနိုင်ရသူကို ကြောငြာလိုက်တော့၏။
ကျင်းစစ်
အမျိုးသား
ဒုတိယနှစ်
တုန်းဟိုင်စီရင်စုအထက်တန်းကျောင်း
လှောင်ပြောင်ရယ်မောနေကြသူများ နောက်စက္ကန့်အတွင်းမှာပင် ရပ်တန့်သွားကြသည်။ သူတို့၏ပါးစပ်များဟသွားသည်ကလွဲ၍ ကျန်သောဘယ်အစိတ်အပိုင်းမှ မလှုပ်မရှားဖြစ်နေကြသည်။
နိုင်ငံလုံးဆိုင်ရာလေ့ကျင့်ရေးအသင်းထဲကို ကျင်းစစ် တကယ်ကြီးဝင်သွားပြီ...
ရောချတာမဟုတ်ဘူး...ကောလဟာလမဟုတ်ဘူး...
သူတို့ပြောတဲ့ ၁၀၈မှတ်က တကယ်ကြီးဟ !
[ငါဘာလို့ဒီမျက်နှာနဲ့ကျောင်းသွားနေလဲလို့ ငါ့အမေကဆူနေပြီ]
[တောင်းပန်ပါတယ်...ငါ သောက်တလွဲပန်းကန်ပြားပေါ်က အစာဟောင်းတွေဖြစ်ခဲ့တယ်]
[ဘောစိကိုဒူးထောက်ပြီး ဆေးလိပ်လေးပါငြှိပေးလိုက်ပါဦး...ဟဟဟဟ]
[ကဲ...ငါ့မျက်နှာကိုငါပေးမယ်ကွာ...ဘယ်ဖက်ကိုထိုးမလား ညာဖက်ကိုထိုးမလား...နှစ်ဖက်လုံးလည်းရတယ်]
[တုန်းဟိုင်ကနေတဲ့လား ငါအသက်၂၀ကျော်နဲ့ဉာဏ်က ဘယ်ရောက်နေလဲကွာ]
[တိတ်တဆိတ်လေး ငါ့ရဲ့မန့်ကိုဖြတ်လိုက်တယ်]
[လူအများစုရဲ့ ပါးအရိုက်ခံရသော နေရာ...]
[ဖာခ့်!!! ဒီကျောင်းသားက တုန်းဟိုင်ကို ပြန်မြှင့်တင်ပေးတာပဲ...ကောင်းလိုက်တာကွာ]
ထိုအချိန်တွင် အင်တာနက်ပေါ်ရှိ လူများကပြောင်းပြန်ဖြစ်ကုန်သည်။ လှောင်ပြောင်ပြောဆိုနေကြသူများက တောင်းပန်သူက တောင်းပန် ကွန်းမန့်ဖြတ်သူကဖြတ်ရင်းနှင့် ကျင်းစစ်က နာမည်ကြီးသထပ်ကြီးလာသည်။
ရွှယ်ပါ့ကို ဘယ်သူမကြိုက်ဘဲနေမလဲ...
( T/n ရွှယ်ပါ့က လေ့လာသင်ယူသောနေရာတွင် ဆရာကြီးကို ဆိုလိုသည် )
ထိုကျောင်းသားက ကြည့်ကောင်းချောမောနေတာကိုပင် ထည့်ပြောစရာမလိုတော့...
[ဖာခ့်...ကျင်းစစ်က ရှယ်ပဲကွာ...တုန်းဟိုင်က လူတိုင်းကျင်းစစ်ကို မုန့်ကျွေးသင့်တယ်]
[အပေါ်ကသူတွေ...ရလဒ်ကို တုန်းဟိုင်မှာ သွားကြည့်လို့ရတယ်နော်...စာကြိုးစားတာထပ် အစကတည်းက IQ ဉာဏ်နဲ့ပဲဆိုင်တယ်]
[ငါ့တစ်ဝမ်းကွဲအမက တုန်းဟိုင်မှာတက်နေတာ...သူပြောတာတော့ ကျင်းစစ်က တစ်ခါမှသင်္ချာအိုလံပစ်ကို မသင်ဖူးဘူးတဲ့...သူ့ဘာသာသူ လေ့လာခဲ့တာတဲ့]
[ဖာခ့်! ! ! သူ့ဟာသူလေ့လာခဲ့တာ...]
[ငါနားလည်လွဲခဲ့တာမမှားပါဘူးကွာ...ဘုရင်နဲ့ ရိုးရိုးလူတွေကြားထဲက မျိုးရိုးစုကွာဟချက်ကလေးပါပဲ]
[နိုင်ငံအဆင့်ကိုဝင်သွားတာ ကျင်းစစ်က တုန်းဟိုင်က တစ်ဦးတည်းသောလူတင်မကဘူး သူ့ဘာသာသူလေ့လာပြီးဝင်နိုင်ခဲ့တဲ့တစ်ဦးတည်းသောသူ ဖြစ်သွားပြီကွ...ပြောလေ ပြောလေ ကြက်သီးထလေပဲကွာ]
ထိုအချိန် တုန်းဟိုင်စီရင်စု၌ နောက်ခံအနီရောင်ပေါ်တွင် အဝါရောင်စာလုံးများနှင့် စာတန်းကြီးကို တံခါးဝတွင်ချိတ်ဆွဲထားသည်။
နိုင်ငံလုံးဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲသို့တက်ရောက်သွားသော အနိုင်ရရှိသူ အခန်း၇မှ ကျင်းစစ်အား ဂုဏ်ပြုပါတယ်
သင်္ချာအိုလံပစ်ရွှေတံဆိပ်ဆုရှင် အခန်း၂မှ ကျိုးချောင်းအား ဂုဏ်ပြုပါတယ်
ကျန်းချုံးကတော့ အမှတ်တစ်မှတ်ဖြင့် ငွေတံဆိပ်ဆုကိုလွဲချော်ခဲ့သည်။
ဂုဏ်ပြုနေသော လူအများကြားတွင် ကျင်းစစ်က အရေးမကြီးသောပုံစံနှင့် တည်ငြိမ်နေသည်။ မနာလိုသူများကတော့ သက်ပြင်းချကာ မေးငေါ့နေကြ၏။
သတင်းကြီးမဟုတ်သကဲ့သို့ ဂရုမစိုက်စွာတည်ငြိမ်နေသော ကျင်းစစ်မှာ ယင်းကျောင်းကိုတွေ့သွားသည်နှင့် သူ့ရဲ့တည်ငြိမ်နေမှုကို ထိန်းမထားနိုင်တော့ပေ။
"ငါ အသင်းထဲဝင်နိုင်ခဲ့ပြီ..."
သူက ယင်းကျောင်းကို စိတ်လှုပ်ရှားစွာတောက်ပနေသောမျက်လုံးဖြင့်ကြည့်လျှက် ပြောလိုက်သည်။
"ကျင်းရှန်းက တော်လိုက်တာ..."
ယင်းကျောင်းက ကျင်းစစ်၏ခေါင်းလေးကို ချစ်စရာကလေးတစ်ယောက်ကို ပွတ်သကဲ့သို့ ပွတ်လိုက်သည်။
ကျင်းစစ်က ပျော်ရွှင်နေသလို ယင်းကျောင်းဆီမှာလည်း အကြောင်းပြချက်၂ချက်နှင့် ပျော်ရွှင်နေသည်။
ပထမတစ်ချက်က ကျင်းစစ်ရဲ့အောင်မြင်မှုကြောင့်ဖြစ်ပြီး ဒုတိယအချက်က ကျင်းစစ်ကသူ့အား စိတ်အတွင်းရှိ အရာများဖွင့်ဟပြလို့ဖြစ်သည်။
ပန်းခင်းထဲတွင် ညလေညှင်းက ဖြတ်သန်းတိုက်ခက်နေပြီး လေတိုးသံလေးများက သဲ့သဲ့ကြားနေရသည်။
ယင်းကျောင်းက ကျင်းစစ်ရဲ့မျက်နှာကို သူ့ဖက်ဆီသို့လှည့်လိုက်ပြီး နဖူးချင်းထိလျှက် ပြုံးကာပြောလိုက်၏။
"ကိုယ်လည်းအရမ်းဝမ်းသာတယ်...ဘယ်လိုဂုဏ်ပြုရမှန်းမသိတော့ဘူး...ဆိုတော့ အရင်ဆုံးအနမ်းလေးနဲ့စလိုက်ရအောင်လေ..."
____
Translated By IQ-Team.