အပိုင်း၈၄
Viewers 12k

Chapter 84

Chapter 84


-----------------------


ယင်းကျောင်းက ကျင်းစစ်အားငုံ့နမ်းလိုက်သည်။ ကျင်းစစ်ခမျာ အသက်ရှုပ်ရပ်မတက်ဖြစ်တော့မှ လွှတ်ပေးလိုက်သည်။


"ကိုယ့်ကိုပဲအပြစ်တင်ပါ..."


သူက သက်ပြင်းချလိုက်သည်။


"မင်းကမှအတွေ့အကြုံမရှိတာ..."


သူက ကျင်းစစ်ကို အဓိပ္ပါယ်ပါပါနှင့် အတည်တကျကြည့်ကာ ပြောလိုက်သည်။


"ဟေ့...ကိုယ်တို့ သဘောတူညီမှုယူကြမလား...တစ်ရက်ကို ၂ကြိမ် ၃ကြိမ်လောက်နမ်းကြမလားလို့...ဘယ်မှာနမ်းချင်လဲ ခြံထဲမှာလား အခန်းထဲမှာလား ဒါမှမဟုတ် ကုတင်ပေါ်မှာလား?..."


ကျင်းစစ်၏မျက်နှာမှာနီမြန်းနေပြီး စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။


ယင်းကျောင်းက ပြုံးကာ ကျင်းစစ်ရဲ့လည်ဂုတ်ကို ဖက်ကိုင်ထားသည်။ အသားယူ၍လုံလောက်သွားသောအခါ ယင်းကျောင်းက မေးလိုက်သည်။


"ဘယ်တက္ကသိုလ်ကိုသွားချင်လဲ..."


ကျင်းစစ် ပြိုင်ပွဲဝင်နေပြီဆိုကတည်းက ယင်းကျောင်းမှာ အကုန်လုံးကိုလေ့လာနေခဲ့သည်။ ကျင်းစစ်ရဲ့ကျောင်းများနှင့်ပတ်သက်သောအရာများကိုလည်း ရှာဖွေနေခဲ့သည်။


အတည်ဖြစ်နေဟန်ဖြင့်မေးသော ယင်းကျောင်းကိုကြည့်ရင်း ကျင်းစစ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။


"အင်း...ပီကင်းကောလိပ်က သင်္ချာဌာနကို သွားမလားလို့..."


သင်္ချာဌာန...အင်း ဖြစ်သင့်ပါတယ်...


ယင်းကျောင်းက ပြုံးကာ တစ်စုံတစ်ခုကိုပြောမည်ပြင်လိုက်စဉ် ကျင်းစစ်က တိုးတိုးလေးပြောလိုက်သည်။


"မင်းရော...ဘယ်ကျောင်းကိုသွားမှာလဲ..."


"ကိုယ်လား..."


မျက်လွှာချသွားသောကျင်းစစ်အား ကြည့်ရင်း ယင်းကျောင်းနှလုံးသားထဲတွင် တစ်စုံတစ်ရာခံစားလိုက်ရသည်။


"အမ်...မှော်မြို့တော်ကြီးကိုသွားချင်တယ်...ရာသီဥတုက ပွင့်လင်းပြီးလွတ်လပ်တယ်လေ...ဒါမှမဟုတ် နတ်ဆိုးမြို့တော်ကိုသွားမယ်...အဲ့ဒီမှာ အစားကောင်းတွေရှိတယ်ပြောတယ်..."


(T/n : ယင်းကျောင်းက နောက်နေတာလား အဲ့ဒီနာမည်တွေက တကယ်ရှိတာလား မသေချာပါ )


ကျင်းစစ်က ခေါင်းငုံ့ထားသဖြင့် သူ့မျက်နှာအသွင်အပြင်ကို ယင်းကျောင်းမမြင်နိုင်ပေ။ စက္ကန့်အနည်းငယ်ကြာသောအခါမှ သူပြောလိုက်သည်။


"အင်း...ကောင်းပါတယ်..."


သူခဏတာငြိမ်သက်နေပြီးနောက် တစ်ဖက်သို့လှည့်ကာပြောလိုက်သည်။


"သွားတော့လေ...အတန်းစတော့မယ်မှတ်လား..."


"ဘာဖြစ်လို့လဲ..."


ယင်းကျောင်းက သူ့လက်ကိုဆွဲကာ မေးလိုက်သည်။


"မင်းတစ်ခုခုဖြစ်နေတယ်ဆိုတာ ကိုယ်ခံစားနေရတယ်..."


ကျင်းစစ်က နှုတ်ခမ်းကိုစူကာပြောလိုက်သည်။


"မဟုတ်ပါဘူး..."


ယင်းကျောင်းရဲ့မျက်ခုံးများက မြင့်တက်သွားပြီး"မင်းက ပီကင်းတက္ကသိုလ်ကိုသွားမယ်ဆိုတော့ ကိုယ်က မြို့တော်ကလွဲလို့ဘယ်သွားရမလဲ..."


ယင်းကျောင်းက ကျင်းစစ်ကို အုပ်မိုးလိုက်ပြီး ပြောလိုက်သည်။


"ပြီးခဲ့တဲ့လတွေအကုန် ကိုစာတွေလုပ်နေခဲ့တာက...အပျော်အတွက်မှမဟုတ်တာ..."


ကျင်းစစ်ရဲ့ရင်ဘက်က ဖောင်းတင်းလာကာ စိတ်မကောင်းစွာပြောလိုက်သည်။


"တောင်းပန်ပါတယ်..."


"ထားလိုက်ပါ..."


ယင်းကျောင်းက သူ့လက်ကိုမလွှတ်ခင် တစ်ချက်ညှစ်လိုက်သည်။


"နောက်တစ်ခါမင်းမပျော်ဘူးဆိုရင်...ကိုယ့်ကိုမပြောဘဲ မင်းဘာသာပဲထိန်းထားမယ်ဆိုရင်...နောက်ဆို ကိုယ့်ကိုတစ်ခွန်းမှမပြောနဲ့တော့..."


သူက ဟင်းချကာ အဓိပ္ပါယ်ရှိရှိပြောလိုက်သည်။


"ကိုယ့်မင်းကို သန့်စင်ပေးထားတာ ဘယ်လိုရှိလဲကြည့်ရအောင်..."


ကျင်းစစ်၏မျက်နှာမှာ ထပ်၍နီမြန်းသွားရပြန်သည်။


သူတို့၂ဦး စာသင်ဆောင်သို့ဝင်လိုက်ပြီး တံခါးဖွင့်ကာဝင်ခါနီးအချိန်တွင် ယင်းကျောင်းက ပြောလာသည်။


"မင်းအရင်သွားနှင့်...ကိုယ် လောင်လျိုကိုရှာလိုက်ဦးမယ်..."


ကျင်းစစ်က သူ့ကိုမော့ကြည့်လိုက်သည်။


"တစ်ခုခုများဖြစ်ထားလို့လား..."


ယင်းကျောင်းက ‌ဖြေလိုက်သည်။


"အမ်...ကိုယ်အဆောင်ပြောင်းဖို့ကို သူဝေ့လည်ကြောင်ပတ်လုပ်နေတာလေ...အဲ့ဒါကြောင့် သူ့ကို သေချာသွားပြောမလို့ပါ..."


သူက စိတ်ဆိုးမာန်ဆိုးဖြင့် မျက်မှောင်ကြုပ်လိုက်ပြီး "လောင်လျိုက ဘာမှန်းကိုမသိပါဘူး...သူများကိစ္စကိုအရမ်းဝင်ဝင်ရှုပ်တယ်..."


အတန်းပြီးချိန်ဖြစ်သည့်အတွက် စင်္ကြံလမ်းပေါ်တွင် လူများသွားလာနေကြသည်။ ကျင်းစစ်က ရှက်သွေးဖြာကာ ခေါင်းညိတ်ပြပြီး ဘာတစ်ခွန်းမှမပြောဘဲ အရင်ဆုံး၀င်သွားလိုက်သည်။


ယင်းကျောင်းက ရုံးခန်းထဲသို့ဝင်ကာ ‌တင်ပြပြီးနောက် ‌ဆရာလျိုဆီသို့တန်းသွားလိုက်သည်။


သူ့ကိုတွေ့လိုက်သောအခါ ဆရာလျိုကခေါင်းကိုက်သွားသလိုခံစားလိုက်ရသည်။ ယင်းကျောင်း ပါးစပ်မဟခင်လေးတွင်ပင် သူက​မေးလိုက်၏။


"ဘာလာထပ်လုပ်ပြန်ပြီလဲ..."


ယင်းကျောင်း အခုတလော ဘာဖြစ်နေသလဲ ဆရာလျို မခန့်မှန်းနိုင်ပေ။ သူက ကိစ္စတွေကို အတည်မလုပ်တတ်သော်လည်း ရက်ပိုင်းအတွင်း သင်္ချာနှင့်ပတ်သက်သော သီအိုရီများ မေးနေသည်။


သူက ကောလိပ်ကျောင်းသားမဟုတ်သေးသဖြင့် သီအိုရီများအား နားလည်ရန်ကြိုးစားနေတာက အချိန်ဖြုန်းနေခြင်းသာဖြစ်သည်ဟု ဆရာလျိုထင်သည်။


ယင်းကျောင်းက ဆရာလျိုရဲ့အမေးကို လုံးဝဂရုမစိုက်ဘဲ လျှောက်လာကာ ပြောလိုက်သည်။


"အရင်တစ်ခါပြောထားတဲ့ သီအိုရီအကြောင်းမပြီးသေးဘူးလေ...အဲ့ဒီအကြောင်းဆက်ပြောပေးလို့ရမလား..."


ဆရာလျိုက သူ့ကို မသင်္ကာသည့်ပုံစံဖြင့်ကြည့်ကာ မေးလိုက်သည်။


"မင်း နောက်ပိုင်းသင်္ချာမေဂျာယူမလို့လား..."


"ဟင့်အင်း..."


ယင်းကျောင်းက ငြင်းလိုက်သည်။


"သိချင်ရုံပါပဲ..."


ကျင်းစစ်ရဲ့မွေးနေ့က ရောက်လာတော့မည်ဖြစ်သည်။ သူရက်ပိုင်းကြာအောင် စဉ်းစားနေသော်လည်း ဘာပေးရမှန်းမသိဖြစ်နေသည်။


မွေးနေ့ကိတ်‌ဝယ်ပေးတာကလည်း အလွန်ရိုးရှင်းလွန်း၏။


သူကြိုက်တဲ့အရာကိုပေးမည်ဆိုပါကလည်း သူကြိုက်တဲ့အရာက သင်္ချာတစ်ခုတည်းသာရှိပေသည်။


ယင်းကျောင်းက သင်္ချာကြိုက်သောသူကို ပေးရန်လက်ဆောင်ဟု အင်တာနက်ပေါ်တွင် ရှာကြည့်သောအခါ ကျလာသောအဖြေများက စာအုပ်များဖြစ်နေသည်။ သူတွက်ကြည့်လိုက်သောအခါ အလွန်ဈေးပေါလွန်းသဖြင့် သူစိတ်မကျေနပ်ချေ။


သင်္ချာတွင်အမျိုးအစားကွဲများ များစွာရှိသည်ဟု ကွန်းမန့်တွင်ဖတ်လိုက်ရပြီး သူကြိုက်နှစ်သက်သည့် အမျိုးအစားအားအရင်ဆုံး နားလည်အောင်ကြိုးစားပြီးမှ လက်ဆောင်ပေးလျှင်ပိုကောင်းသည်။ မဟုတ်လျှင် မှားပေးမိပါက ပိုဆိုးသွားပေလိမ့်မည်။


ယင်းကျောင်းက မသိမသာ ကျင်းစစ်ဆီမှ စကားများအစ်ထုတ်ပြီးနောက် သူ နံပါတ်သီအိုရီကို စိတ်ဝင်စားမှန်းသိခဲ့ရသည်။ ထို့ကြောင့် ဆရာလျိုအား မေးနေခြင်းဖြစ်သည်။


အမှတ်အတိုင်းပြောရလျှင် နံပါတ်သီအိုရီအကြောင်း ဆရာလျိုရှင်းပြသောအခါ ထိုအကြောင်းအရာအားကြိုက်နှစ်သက်သူကို သူ လုံးဝနားမလည်နိုင်ပေ။ 


သူသာဆိုလျှင် မလိုအပ်ပါက သင်္ချာစာအုပ်ကို တစ်သက်လုံးဖွင့်ဖတ်ဖြစ်မည်မဟုတ်ချေ။


သို့သော် ကျင်းစစ်က ကြိုက်နှစ်သက်၏။


သူနားမလည်နိုင်သော်ငြား ထိုအရာများကိုကြိုက်နှစ်သက်သော ကျင်းစစ်ရဲ့ဖြစ်တည်မှုကို သူ အလေးထားပေသည်။


ဆရာလျိုက သူ့ကိုစိတ်ကုန်စွာကြည့်နေမိသည်။


နိုင်ငံအဆင့်အသင်းသို့ ကျင်းစစ်ဝင်ရောက်နိုင်သွားပြီးသည်နှင့် စီရင်စုနှင့် စီရင်စုရဲ့မီဒီယာကပါ ဂုဏ်ပြုစကားဆိုကြသည်။


တုန်းဟိုင်ရဲ့မီဒီယာများက ကျင်းစစ်အား "လေ့လာခြင်း၏ဘုရင်" ဟု တင်စားကာ ပေ့ခ်ျများတွင် တင်လာကြသည်။


ကျင်းစစ်က တုန်းဟိုင်စီရင်စုတွင် အထူးကျော်ကြားလာသည်။ မိဘများကလည်း ကျင်းစစ်အား စံပြထားကာ သားသမီးများကို ဆုံးမနေကြသည်။


ယနေ့မနက် အဖေကျင်း ကုမ္ပဏီရောက်သည်နှင့် ကော်ဖီနှင့် အသားညှပ်ပေါင်မုန့်ကိုယူကာ စားနေလိုက်သည်။ စားနေစဉ် ကွန်ပြူတာကိုဖွင့်ကာကြည့်နေစဉ်တွင် ဘေးနားရှိလုပ်ဖော်ကိုင်ဖက်များ၏ပြော‌ဆိုနေကြသည်ကို ကြားလိုက်ရ၏။


"ဟေ့ အခုအိုလံပစ်ကိုပြိုင်ဖို့ နိုင်ငံအသင်းဆီဝင်သွားတဲ့ကောင်လေးကို သိလား..."


"မသိဘဲနေမလား...ငါ့အဖေတောင် သတင်းစာဖတ်ပြီး ငါ့ကိုပြောနေတာ...သူ့မြေးဖြစ်ရင်သိပ်ကောင်းမှာပဲတဲ့..."


"သူ့မိဘတွေ သူ့ကိုဘယ်လိုသင်ပြပေးလဲမသိဘူးကွာ...ဒါဆယ်စုနှစ်ကြာအပြီးမှာ ငါတို့စီရင်စုကနေ နိုင်ငံအဆင့်ကိုဝင်တာ တစ်ဦးတည်းသောသူပဲ...ငါ့ကလေးကလည်း တုန်းဟိုင်းမှာပထမနှစ်တက်နေတာဆိုတော့ သူ့ကိုအတုယူပြီးသင်ယူလို့ ပြောနေရတယ်..."


"အေး...သူ့နာမည် ဘယ်သူ...ငါမေ့သွားတယ်..."


"ကျင်းစစ်လားပဲ...ဟုတ်မယ်ထင်တယ်..."


"ဟုတ်တယ် ဟုတ်တယ်...ကျင်းစစ်...နာမည်က ကောင်းတယ်ကွာ..."


အဖေကျင်း၏လက်များ တုန်ခါသွားပြီး အသားညှပ်ပေါင်မုန့်က ကွန်ပြူတာပေါ်သို့ကျသွားသည်။ သူမတ်တတ်ရပ်ပြီး ပြောဆိုနေကြသူများအား ကြည့်ကာမေးလိုက်သည်။


"ကျင်းစစ် ဟုတ်လား..."


"အင်း..."


လုပ်ဖော်ကိုင်ဖက်က ပြုံးကာပြောလိုက်သည်။


"မင်းပြောလို့သတိထားမိတယ် အကိုကျင်း...တိုက်ဆိုင်တာများဗျာ...မင်းတို့၂ဦးလုံး ကျင်း ဆိုတဲ့နာမည်ရှိနေတာ...မင်းသားနာမည်က ကျင်းမြောင် မှတ်လား...သူက စီရင်စုမှာ ဂျူနီယာမှတ်လား...ကျင်းစစ်က သူနဲ့ကျောင်းတူတူပဲလေ..."


ကျင်းစစ်က ရှက်စရာကောင်းသည်ဟုထင်ကာ အရင်က သူ့အကြောင်းကိုလုံးဝမပြောဘဲ သားအငယ်၏အကြောင်းကိုသာ ပြောခဲ့သည်။ ထို့ကြောင့် နှစ်ပေါင်းများစွာ အတူလုပ်ကိုင်လျက်ရှိသော လုပ်ဖော်ကိုင်ဖက်များပင် သူ့တွင်သား၂ယောက်ရှိကြောင်းမသိကြပေ။


အဖေကျင်းရဲ့နှလုံးသားကအခုန်မြန်နေပြီး လည်ချောင်းကမူ ခြောက်ကပ်နေသည်။ သူ ပါးစပ်က ဖွင့်လိုက်ဟလိုက်ဖြစ်နေပြီး နောက်ဆုံးမှာ စကားတစ်ခွန်းထွက်လာနိုင်သည်။


"နိုင်ငံအဆင့်ကို...ဘာတွေဖြစ်..."


သူ့သားက ထိုစီရင်စု၌ ဂျူနီယာအဖြစ်တက်နေတာကို လုပ်ဖော်ကိုင်ဖက်က သတိရသွားသည်။


နိုင်ငံအဆင့်အသင်းအကြောင်းကို စိတ်ရှည်စွာသေချာရှင်းပြပြီးနောက် ကျင်းစစ်၏အကြောင်းကိုပါ အဆစ်ထည့်ကာ ပြောပြပေးလိုက်သည်။


"အဲ့ကလေးကတကယ်တော်တဲ့သူပဲကွ...မြောင်မြောင့်ကို သူနဲ့ရင်းနှီးအောင်နေပြီး သူ့ဆီကသင်ယူလို့ ပြောပါလား..."


သူ မိန်းမောနေမိပြီး သူ့လုပ်ဖော်ကိုင်ဖက်ရဲ့စကားများကို နားထဲတွင်မကြားနိုင်တော့ပေ။


သင်္ချာအိုလံပစ်အကြောင်းကိစ္စကို သူမသိခဲ့။ အရင်တစ်ခါ ကျင်းစစ်ပြောတာက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အမှတ်မပေးတော့ဟုပြောခဲ့သဖြင့် သူအရေးမလုပ်ခဲ့ပေ။


သို့သော် ယခုတွင် ကျင်းစစ်က နိုင်ငံအဆင့်အသင်းကိုဝင်ရောက်နိုင်သွားတဲ့အပြင် တုန်းဟိုင်းစီရင်စုရဲ့ ဆယ်စုနှစ်အကြာမှာ ပထမဦးဆုံးသူဖြစ်နေသေးသည်။


ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလိုက်လဲ...


အဖေကျင်းက လက်သီးဆုပ်လိုက်မိသည်။ အရင်ကကိစ္စများကို သူနောင်တရနေမိ၏။


ယခုလိုဖြစ်လာမည်မှန်းမသိခဲ့သေးချိန်က သူဘာလို့များကျင်းစစ်ကို အမွေဖြတ်ခဲ့မိတာလဲ...


အဖေကျင်းက လေတစ်ဝကြီးရှူလိုက်ပြီးနောက် ဖုန်းကိုကိုင်လိုက်သည်။ ထို့နောက်ကျင်းစစ်ထံသို့ ပိုက်ဆံလွှဲပေးလိုက်သည်။


သူလွှဲမည့်ပမာဏမှာ ၃ထောင်ဖြစ်သော်လည်း အလျှင်အမြန်ပင် ၅ထောင်သို့ပြောင်းကာလွှဲလိုက်သည်။


ထို့နောက် အသေအချာစဉ်းစားအချိန်ယူပြီး ကျင်းစစ်အား စာတိုလေးချန်ခဲ့ပေးလိုက်၏။


[နိုင်ငံအဆင့်အသင်းကို ဝင်နိုင်သွားတဲ့သတင်းကိုကြားလိုက်တယ်...ဒီကလေးကတော့...ဘာလို့ဒီကိစ္စကြီးကို မပြောဘဲနေရတာလဲ]


[မင်းအတွက် အဖေဂုဏ်ယူတယ်]


[မင်းအချိန်ရမယ်ဆို...အဖေဖုန်းခေါ်လိုက်မယ်]


ထိုသို့ပို့ပြီးနောက် သူစောင့်ဆိုင်းနေတယ်...ထပ်၍စောင့်ဆိုင်းနေလိုက်သည်။ သို့သော် ကျင်းစစ်ဆီမှ ပြန်စာမရသည့်အပြင် ပိုက်ဆံကိုလည်း လက်ခံခြင်းမရှိချေ။


နေ့လည်တွင် အဖေကျင်းဟာ နေ့လည်စာကို စိတ်မပါလက်မပါစားနေပြီး မျက်လုံးက ဖုန်းကိုပဲကြည့်နေသဖြင့် ဘေးမှသူရဲ့ပန်းကန်ထဲသို့ တူထည့်ကာနီးအထိဖြစ်သွားရသည်။


ဘေးကသူကပြောသည်။


"အကိုကျင်း ဘာဖြစ်နေတာလဲ...ပရောဂျက်အသစ်ရှိလို့လား..."


သူ မပီမပြင်သာ ပြန်တုန့်ပြန်လိုက်သည်။ နေ့လည်စာစားပြီးသည့်နောက် ဝရံတာသို့သွားကာ ဆေးလိပ်သောက်လိုက်သည်။ သူစိတ်မထိန်းနိုင်တော့သဖြင့် ဖုန်းထုတ်ကာ ကျင်းစစ်ထံခေါ်လိုက်သည်။


ထိုအချိန်တွင် ကျင်းစစ်က နေ့လည်စာစားသည့်အချိန်ဖြစ်၏။ သူလုပ်ရိုးလုပ်စဉ်အတိုင်း ဖုန်းကိုထုတ်ကာ ကြည့်လိုက်သည်။ သူ အဖေကျင်းဆီမှ စာများနှင့် ဖုန်းကောများကို တွေ့လိုက်ရသည်။


လက်ထဲတွင်ဖုန်းကိုကိုင်ကာ မတ်တတ်ရပ်နေမိသည်။


"အကိုစစ်...အစပ်ချောင်းစားဦးမလား.."


ကျိုးချောင်ကဖွင့်ထားသော အစပ်ချောင်းအိတ်ကိုကိုင်ရင်း အော်ပြောသည်။


ကျင်းစစ် ခေါင်းခါကာငြင်းလိုက်သည်။


"ဟင့်အင်း...မစားတော့ပါဘူး..."


ထို့နောက် သူတံခါးအပြင်ဘက်သို့ထွက်သွားလိုက်သည်။


သူ ပန်းခြံကို‌ဖြတ်အလျှောက်တွင် အဖေကျင်းက သဘောကောင်းမနောကောင်းနှင့် ပထမဦးဆုံးအကြိမ်အဖြစ် ဖုန်းထပ်ခေါ်သည်။


"စားပြီးပြီလား...အဖေလွှဲလိုက်တဲ့ ပိုက်ဆံရောရရဲ့လား...ဘာလို့..."


ကျင်းစစ်က ပေါ့ပေါ့ပါးပါးသာ ဖြတ်ပြောပြောလိုက်သည်။


"တစ်ခုခုဖြစ်လို့လား..."


"အဖေ ဒီအတိုင်းရောခေါ်လို့မရဘူးလားကွာ..."


အဖေကျင်းက ခြောက်ကပ်စွာပြုံးရင်း ဖြူဖျော့စွာရှင်းပြသည်။


"ပြီးခဲ့တဲ့လက ပရောချက်နဲ့အလုပ်ရှုပ်နေလို့ အဖေပိုက်ဆံလွှဲဖို့မေ့သွားတာ...ဘာလို့အဖေ့ကိုသတိမပေးတာလဲ..."


ကျင်းစစ်က အနည်းငယ်စိတ်မကောင်းဖြစ်သလိုမျိုး တစ်မျိုးတစ်ဖုံ ခံစားနေရသည်။ အဓိပ္ပါယ်အချို့နှင့် ကျင်းစစ်က တည်ငြိမ်စွာပြန်ပြောလိုက်သည်။


"ရှေ့လျှောက်မလိုတော့ပါဘူး..."


အဖေကျင်းက ကြောင်သွားသည်။


"ဘာလို့လဲ..."


"ကျွန်တော့်ဆီ ပိုက်ဆံထပ်ပြီးပို့စရာမလိုတော့ပါဘူး..."


ကျင်းစစ်က နံရံကိုမှီလိုက်ရင်း ယင်းကျောင်းပြောခဲ့သောစကားများကိုသတိရသွားသည်။ သူ့စိတ်ထဲတွင် ဘာခံစားမှုမှမရှိတော့ချေ။


"ကျင်းမြှောင်ကိုပဲ ဂရုစိုက်လိုက်ပါ...ကျွန်တော်ပြဿနာရှိလာရင် ကိုယ့်ဟာကိုယ်ပဲဖြေရှင်းတော့မယ်..."


ဆုံးဖြတ်ချက်ခိုင်မာနေသော သူ့စကားကိုကြားလိုက်ရသောအခါ အဖေကျင်းမှာ စိတ်ဆိုးဒေါသထွက်သွားသည်။


"ဘာပြောတယ်...မင်းထွက်သွားတာနဲ့ မိဘကိုတောင် ဂရုမစိုက်တော့ဘူးလား..."


မနက်က ကျင်းစစ်၏သတင်းများကို ဖတ်ရှုခဲ့ရပြီး ယခုအချိန်တွင် သူကျော်ကြားနေတာကို အဖေကျင်းသိသည်။


နိုင်ငံအဆင့်အသင်းသို့ ဝင်ရောက်သွားသော တုန်းဟိုင်စီရင်စုမှ တစ်ဦးတည်းသောသူ...


ယခု သူဟိုတယ်တွင် စားသောက်မိနေပါက သူအပေါင်းအသင်းများနှင့် ကျင်းစစ်အားလှမ်းခေါ်မိပေလိမ့်မည်။ ထို့နောက် သူဟာကျင်းစစ်၏ဖခင်ဟု ကြွား၀ါရမည့်ဖြစ်ခြင်းက မည်မျှဝမ်းသာစရာကောင်းသလဲဆိုတာကို သူသိမည်မထင်။


အဖေကျင်းက မျက်နှာများကို ကြည့်တတ်သူမျိုးဖြစ်သည်။ အရင်မိန်းမ၏မျက်နှာပေါက်က ကျင်းစစ်ဆီတွင်ရှိနေသောကြောင့် ဆယ်နှစ်ကျော်အောင် သူစိတ်အနှောက်အယှက်ဖြစ်နေခဲ့ရသည်။ သို့သော် အဘယ့်ကြောင့်အခြားသူရဲ့ မျက်နှာထားပုံစံမျိုး‌ရှိနေသေးတယ်ဆိုတာ သူမတွေးခဲ့မိတာလဲ။


သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အဓိကအကြောင်းအရာက ကျင်းစစ်အား ချော့မော့ရန်ဆိုတာကို သူ့ဘာသာသူ သတိပေးလိုက်သည်။


သူ့စိတ်ထဲရှိ မီးတောက်ကို ချိုးနှိမ်လိုက်ပြီး "၁လစာ စားရိတ်အတွက်နောက်ကျနေပြီမှတ်လား...ဘာဖြစ်လို့ မင်းရဲ့အဖေကို ဒေါသထွက်နေရတာလဲကွာ..."


ကျင်းစစ်က မျက်လွှာချကာ အဖြေပြန်မပေးဘဲ မေးလိုက်သည်။


"အကယ်၍နိုင်ငံအဆင့်အသင်းကိုဝင်နိုင်ခဲ့တဲ့သတင်းကိုသာမသိခဲ့ရင်...ကျွန်တော့်ကိုဖုန်းခေါ်မှာလား..."


အဖေကျင်းက မခေါ်ဖြစ်စရာအကြောင်းမရှိဘူးဟုပြောလိုက်ချင်သော်လည်း သူရဲ့ပါးစပ်က ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေမိသည်။ 


ရိုးရှင်းသောစကားကြောင်းကိုပင် သူမပြောနိုင်။


ကျင်းစစ် မဲ့ကာပြုံးလိုက်ပြီး အဖေကျင်းရဲ့ဆင်ခြေများကို နားမထောင်တော့ဘဲ ဖုန်းချပစ်လိုက်သည်။


ဒီတစ်ကြိမ်တွင် စိတ်ပေါ့ပါးသွားသည်မှလွဲ၍ ကျန်တာမခံစားရ။


သူက မိဘမဲ့ဖြစ်နေသ၍ အသက်ကြီးလာသောအခါ ထောက်ပံ့စားရိတ်ပေးရသည်မှလွဲကာ ကျင်းမိသားစုနှင့် သူရှေ့လျှောက်ဆက်သွယ်စရာ မလိုတော့ပေ။


ကျင်းစစ်က ဖုန်းကိုအိတ်ကပ်ထဲသို့‌ထည့်လိုက်ကာ ပန်းခင်းအရှေ့တွင်ကြာကြာဆက်မနေတော့ဘဲ စာသင်ဆောင်သို့ တန်းတန်းလျှောက်လာလိုက်သည်။


ကစားကွင်းသို့‌သွားကာ စာသင်ဆောင်အရှေ့မှ လှေကားများဆီဆင်းသွားသည်။ လမ်းလျှောက်နေရင်း ရင်းနှီးသောနာကျင်မှုတစ်ခုက သူ၏နားသယ်ရင်းမှ ခံစားလိုက်ရသည်။


အရင်လို ပြင်းထန်စွာနာကျင်ခြင်းမဟုတ်ဘဲ အနည်းငယ်သာဖြစ်နေသည်။


ထိုအချိန်တွင် အဆောင်အရှေ့လူအများကြီးရှိမနေချေ။ ကျင်းစစ်က ဘေးဘီဝေ့ကြည့်လိုက်သောအခါ သူ့အနောက်တွင် ချောင်အန်းယန်အား တွေ့လိုက်သည်။


ချောင်အန်းယန်ကလည်း သူ့ကိုမြင်သွားပြီး အရင်ကအတိုင်း ခက်ထန်သောမျက်လုံးများနှင့်ကြည့်နေ၏။


တူညီသောအငြိုးမျိုးဖြစ်နေပေမယ့် သူ့ခေါင်းကိုက်ခြင်းက သက်သာသွားသည်။


ဘာလို့ပါလိမ့်...


ကျင်းစစ်ရဲ့ဦးနှောက်မှာ အလျှင်အမြန်လည်ပတ်နေပြီး လောလောဆယ် ခေါင်းကိုက်ခြင်းကိုပျောက်စေရန် နည်းလမ်း၂လမ်းသာရှိသည်။


တစ်နည်းက မူရင်းဝတ္ထု၏အဓိကဇာတ်ဆောင်ဖြစ်သည့် ယင်းကျောင်း၏အထိအတွေ့ဖြစ်ပြီး နောက်တစ်နည်းမှာ ယခုကမ္ဘာရှိအခြားလူများ၏အသိမှတ်ပြုခြင်းဖြစ်သည်။


လွန်ခဲ့သောရက်ပိုင်းအတွင်း အင်တာနက်ပေါ်ရှိ သူ့သတင်းများအကြောင်းကိုပြန်တွေးမိရင်း ထိုအကြောင်းအရာက အဖြေဟု ကျင်းစစ်ထင်မိ၏။


_____


Translated By IQ-Team.