အပိုင်း၈၅
Viewers 14k

Chapter 85

Chapter 85


-----------------------


သေချာပေါက်ပင် သူ့ရဲ့ယူဆချက်များက မမှားပေ။ သူအမြင့်ရောက်လေလေ ချောင်အန်းယန်၏ထိန်းချုပ်ဖိနှိပ်ထားခြင်းမှာ အထမရောက်တော့ပေ။


အရာ၂နှစ်ခုက တစ်ခုပြီးတစ်ခုဖြစ်ပျက်သွားသည်။ ကျင်းစစ်က စိတ်ခံစားချက်ကောင်းနေသဖြင့် စာသင်ဆောင်ထဲသို့ဝင်သွားသော ချောင်အန်းယန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ရှေ့ဆက်သွားမည်အလုပ်တွင် သူ့စိတ်ထဲ မရင်းနှီးသောမြင်ကွင်းတစ်ခုက ရုတ်တရက်ပေါ်လာသည်။


မှောင်နေသောလမ်းကြားထဲတွင် အဖွဲ့၂ဖွဲ့က ရန်ဖြစ်နေကြသည်။


သူနှင့်တစ်ပုံစံတည်းတူသော ကောင်လေးတစ်ယောက်က ဘေးနားရှိလူများကို တုတ်နှင့်ရိုက်နေသည်။


သူ့လှုပ်ရှားမှုတွေက အလွန်ရက်စက်‌ကြမ်းကြုတ်နေပြီး လူတစ်စုက သူ့ဆီသို့ချက်ချင်းလှည့်လာသည်။ ပရမ်းပတာအခြေအနေကြားထဲတွင် မည်သူကသူ့ကို သံတုတ်နှင့်ရိုက်သွားမှန်း မည်သူမှမသိလိုက်ပေ။


သွေးများက ရေပန်းလိုပန်းထွက်သွားကာ စကားတစ်ခွန်းမှမပြောဆိုနိုင်တော့ဘဲ လဲကျသွားသည်။ 


သူပြန်မထနိုင်တော့ပေ...။


ကျင်းစစ် နှလုံးသားက တုန်ရီမောပန်းနေပြီး အေးစက်သောချွေးများနှင့် အတွင်းဖက်ကအင်္ကျီမှာ စိုစွတ်နေသည်။


ဝတ္ထုထဲတွင် မူလခန္ဓကိုယ်သေဆုံးခဲ့သည့် အဖြစ်အပျက်မြင်ကွင်းဖြစ်၏။


မူရင်းခန္ဓကိုယ်အတွက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူ့အတွက်တော့လုံးဝမဟုတ်နိုင်ချေ။


ဒါဆို ဘာလို့ဒီမြင်ကွင်းကို မြင်နေရတာလဲ...


ကျင်းစစ် စဉ်းစားနေရင်းကနေ သူ့အရှေ့တွင် ထိုအဖြစ်အပျက်က ထပ်ကာထပ်ကာ ရုပ်ရှင်ပြသကဲ့သို့ ပေါ်နေသည်။


ဘာတွေဖြစ်နေတာလဲ...


ကျင်းစစ်က အရှေ့ကို စက်ရုပ်ကဲ့သို့လျှောက်သွားနေမိရင်း စဉ်းစားနေမိသည်။ စက္ကန့်ဝက်အကြာလျှောက်လိုက်ပြီးသောအခါ စာသင်ဆောင်၏မှန်တံခါးကို ဝင်တိုက်မိသွားသည်။


ပုံမှန်ဆိုလျှင် တံခါးတစ်ဖက်က အမြဲဖွင့်ထားလေ့ရှိသည်။ ယခုမူ ချောင်အန်းယန်က ကျင်းစစ်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ပိတ်ထားခြင်းဖြစ်သည်။


ကျင်းစစ် နိုင်ငံအဆင့်အသင်းသို့ ဝင်ရောက်နိုင်ခဲ့သောကြောင့် ပညာရေးဗျူရိုနှင့် အစိုးရခေါင်းဆောင်များက ဝမ်းမြောက်ဝမ်းသာဖြစ်ကာ စီရင်စုဆီသို့ လာရောက်လည်ပတ်ကြလိမ့်မည်ဖြစ်သည်။


အထက်ကိုဖားတတ်သော ဒါရိုက်တာဖုန့်မောင်က ထိုသတင်းကိုကြားသည်နှင့် စာသင်ဆောင်အားသန့်ရှင်းရေးပြုလုပ်ရန် ချက်ချင်းခိုင်းစေလိုက်သည်။ တံခါးမှန်များတောင်မှ ကြည်လင်ပြတ်သားနေသည်။


မှန်တံခါးက အလွန်ကြည်လင်နေသဖြင့် တွေဝေနေသောကျင်းစစ်မှာ ဝင်တိုက်မိသွား၏။


တိုက်မိခြင်းကပဲ အားပြင်းသွားလေသလား သို့မဟုတ် လေပြင်းတိုက်ခံထိသော မခိုင်ခံ့သောမှန်တံခါး၏အပြစ်ပဲလားမသိ။ မှန်တံခါးပေါ်တွင် အက်ကွဲရာကြီးတစ်ကြောင်း ပေါ်သွားသည်။


သူ့နဖူးနှင့် မှန်တံခါးကို ဝင်တိုက်လိုက်မိချိန်တွင် တုန်လှုပ်သွားမှုနှင့် နာကျင်ခြင်းက သူ့စိတ်ထဲမှ တုတ်ဖြင့်အရိုက်ခံ သေဆုံးသွားသူနှင့် ထပ်တူကျသွားစေသည်။


ကျင်းစစ်က ခေါင်းကိုကိုင်လျှက် ငုတ်တုတ်ထိုင်လိုက်ရသည်။ 


တကယ်လား ထင်ယောင်ထင်မှားလား ဆိုတာ သူဝေခွဲမရတော့ပေ။


"ခေါင်းကွဲသွားပြီလား..."


ယင်းကျောင်းက ကျင်းစစ်ဆီသို့ အလျင်အမြန်ပြေးလာပြီး မျက်နှာကိုဂရုစိုက် ကိုင်မလိုက်ကာ စိတ်လှုပ်ရှားစွာငုံ့ကြည့်လိုက်သည်။


အိမ်သာခဏသွားပြီး အခန်းဆီပြန်လာသောအခါ ကျင်းစစ်ကိုမတွေ့ရတော့၍ သူလိုက်မေးနေခဲ့သည်။


ကျင်းစစ်ဖုန်းကိုင်ကာ အပြင်သို့ထွက်သွားသည်ဟု လီကျိုးကပြောပြသည်။ ကျင်းမိသားစုမှဖြစ်မည်ဟု တွေးမိပြီး ယင်းကျောင်းချက်ချင်းပင် သူ့ကိုထွက်ရှာလိုက်သည်။


သူအောက်ဆင်းလာသည်နှင့် မှန်တံခါးကို ကျင်းစစ်ဝင်တိုက်သွားတာကို မထင်မှတ်ဘဲတွေ့လိုက်ရ၏။


ကျင်းစစ်ရဲ့ မျက်လုံးများကကြောင်အစွာ သူ့ကိုကြည့်နေသည်။


"ကလေးလေး...ဘာဖြစ်လို့လဲ..."


ယင်းကျောင်းက အေးစက်နေသောလက်တစ်စုံကိုကိုင်ကာ သူ့ကိုဘေးသို့ဆွဲလိုက်သည်။ သူ့မျက်နှာကို အသေအချာကိုင်ကာ ပုံမှန်ပြန်ဖြစ်လာအောင် ကြိုးစားလိုက်သည်။


"ကိုယ့်ကိုလန့်‌အောင်မလုပ်ပါနဲ့...ပြောပါ..."


ကျင်းစစ်ရဲ့မျက်တောင်များ လှုပ်ခါသွားသည်။ 


ယင်းကျောင်းက ကျင်းစစ်ပိုနာကျင်သွားမည်စိုးသဖြင့် နဖူးမှအနာကိုမထိရဲပေ။ ထို့ကြောင့် အသာအယာဖက်ထားကာ ပြောလိုက်သည်။


"ကိုယ်ရှိတယ်...ကိုယ်ရှိတယ်..."


ထိုအချိန်တွင် ဒေါသနှင့်အော်သံတစ်ခုက စာသင်ဆောင်ထဲမှ ထွက်လာသည်။


"ဘယ်သူလဲ...ဘယ်သူလုပ်တာလဲ..."


ဖုန့်မောင်က တံခါးဆီသို့အမြန်ရောက်လာပြီး အက်ကွဲရာကိုကြည့်ကာ မူးမေ့မတက်ဖြစ်သွားသည်။


အထက်ကအရာရှိတွေကလာတော့မယ်...အခုမှန်က အက်နေပြီ...အရာရှိတွေအရှေ့ ဘယ်လိုမျက်နှာသာရတော့မှာလဲ...


သူ‌ ကျောင်းသားများကိုတွန်းဖယ်ကာလာရင်း ဒေါသဖြင့် ခုန်ပေါက်မတက်ဖြစ်နေသည်။


"ဘယ်သူလုပ်တာလဲ ငါ့ဆီအခုလာစမ်း ငါကိုယ်တိုင်ဖမ်းရအောင် မလုပ်နဲ့..."


"သက်သာလား..."


ယင်းကျောင်းက ကျင်းစစ်၏မျက်လုံးများကိုကြည့်ကာ ​မေးလိုက်သည်။


"နည်းနည်းပိုပြီးအဆင်ပြေသွားပြီလား..."


ယင်းကျောင်း၏အသံက ကျင်းစစ်အား လက်ရှိကမ္ဘာလောကသို့ပြန်လည်ခေါ်ဆောင်လိုက်သည်။ သူ့ခေါင်းထဲတွင် ပရမ်းပတာဖြစ်နေသည်။ ဘာဖြစ်သွားမှန်းမသိလိုက်သဖြင့် ကြောင်တောင်တောင်နှင့် ခေါင်းငြိမ့်ပြလိုက်သည်။


ယင်းကျောင်းက ထပ်မေးလိုက်သည်။


"ထနိုင်လား..."


ကျင်းစစ်က‌ ဖြေးဖြေးလေးခေါင်းငြိမ်ပြသည်။


"ခဏစောင့်...ဟယ့်ကျိုးကိုလာခေါ်ခိုင်းလိုက်မယ်..."


ကျောင်းသား၂ဦး၏ခန္ဓကိုယ်များကို အသုံးချကာ သူကွယ်နေလိုက်သည်။ ဖုန့်မောင်ကို ကျောပေးထားရင်း ဟယ့်ကျိုးဆီသို့ WeChatမှ စာလှမ်းပို့လိုက်သည်။


"ဟယ့်ကျိုးရောက်လာတဲ့အထိစောင့်နေနော်...အိုကေတယ်မလား..."


ကျင်းစစ်ရဲ့အသိဉာဏ်က အပြည့်အဝတော့ ပြန်လည်မလာသေးပေ။ သို့သော် ယင်းကျောင်းရဲ့စကားကို ထုံးစံအတိုင်းနားထောင်လိုက်သည်။


"အိုကေ..."


သူ့လက်ကို ယင်းကျောင်းလွှတ်လိုက်ပြီး အော်ဟစ်နေသောဖုန့်မောင်ကို ကြည့်လိုက်သည်။


အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကျင်းစစ်ကို သူ့အနောက်ဖက်တွင် ကွယ်ထားလိုက်ပြီး ပေါ့ပေါ့ပါးပါးသာပြောလိုက်သည်။


"ကျွန်တော်လုပ်တာ..."


သူပဲလားကွာ...


ဖုန့်မောင်က ယင်းကျောင်းကို ဒေါသတကြီးကြည့်လိုက်သည်။


ပထမဦးဆုံးအကြိမ်က သူကျောင်းယူနီဖောင်းကို စနစ်တကျမဝတ်ထားဘူး...စာမေးပွဲအခန်းထဲမှာလည်း ပြဿနာရှာတယ်...ပြီးတော့အခု တံခါးမှန်ကိုခွဲတယ်...ပိုပိုဆိုးလာပြီ...


ကျောင်းပိုင်ပစ္စည်းများက ပေါ့တန်သောအရာများမဟုတ်ပေ။ ဤတစ်ကြိမ်တွင်တော့ ပညာပေးရပေမည်။


သို့သော် မည်မျှဒေါသထွက်နေစေကာမူ ယင်းကျောင်းရဲ့နောက်ခံကိုတော့ ဖုန့်မောင်မေ့ထားလို့မရ။ သူ့စိတ်ထဲမှမီးတောက်ကိုအတက်နိုင်ဆုံး ချိုးနှိမ်ပြီး ပြောလိုက်သည်။


"မှန်ကအထူကြီးကို...မင်းဘယ်လိုလုပ်လိုက်တာလဲ..."


ယင်းကျောင်းက နဂိုပုံစံအတိုင်း အေးအေးဆေးဆေးနှင့်ပြောလိုက်သည်။


"ကျွန်တော် မတော်တဆဝင်တိုက်မိတာ..."


သူရဲ့အနေအထားကြောင့်သာမဟုတ်လျှင် ဖုန့်မောင်အကြီးအကျယ်ပြဿနာရှာမည်မှာသေချာပေါက်ပင်။


မှန်တံခါးက ဝင်တိုက်မိရုံနဲ့ကွဲမလား...ဘယ်အရူးကယုံမှာလဲ...


သူက လိမ်ညာသူမျိုးပဲ... ဆရာတစ်ဦးကိုလည်း လှည့်ဖြားတတ်သေးတယ်...။


"အမှန်အတိုင်းဖြေစမ်း..."


ဖုန့်မောင်က အရှေ့သို့တိုးလျှောက်သွားပြီး အက်ရာကိုကြည့်သည်။ ထို့နောက် ယင်းကျောင်းကိုပြန်ကြည့်ကာ အော်ပြန်သည်။


"မင်း ဒီအရှေ့မှာရန်ဖြစ်သေးလား...ဒီတစ်ပတ်ထဲမှာတင် ကျောင်းတွင်းမှာခွင့်မပြုဘူးလို့ မင်းကိုပြောထားတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲ...မင်း ငါ့စကားကိုအ‌လေးမထားဘူး မှတ်လား..."


ယင်းကျောင်းက လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ ပျင်းရိလေးတွဲစွာ ပြောလိုက်သည်။


"မဟုတ်ပါဘူး..."


"မဟုတ်ဘူး ဟုတ်လား..."


ဖုန့်မောင်က မဲ့ရွဲ့ကာဖြင့် ယင်းကျောင်းအား ဆွဲခေါ်သွားသည်။


"ဒါဆို ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ခဲ့လဲ...နောက်တစ်ခါလောက် ငါ့ကိုမင်းကိုယ်တိုင်လုပ်ပြစမ်း..."


ယင်းကျောင်းက လက်ကိုဘေးတိုက်ရှောင်လိုက်ပြီး သူ့မျက်နှာကမူ အေးစက်နေသည်။


ယနေ့မနက်စောစောက ရောက်လာမည့်သူများက တော်ရုံတန်ရုံသူများမဟုတ်ဟု ဖုန့်မောင် ရှင်းပြနေရင်း စာသင်ဆောင်ကိုသန့်ရှင်းရေးလုပ်ခိုင်းခဲ့သည်။ သူ့လက်ထက်တွင်မှ မှန်လာကွဲရလေသည်။ မျက်နှာသာရလိုသောဖုန့်မောင်က ယခုကိစ္စကို ပေါ့ပေါ့တန်တန်ထားမည်မဟုတ်ပေ။


ယင်းကျောင်းက ကျင်းစစ်ကို ဖုန့်မောင်နှင့်ပြဿနာမတက်စေလိုပေ။ ရုံးခန်းထဲတွင် ဆရာများအားလုံးအရှေ့ ကျင်းစစ်က အကျင့်မကောင်းဘူးဟုပြောခဲ့သည်ကို သူမမေ့သေးပေ။


ကျင်းစစ်၏စွမ်းဆောင်မှုကိုသိသဖြင့် အပြစ်ပေးခံရမည်မဟုတ်သော်လည်း လူလည်ခေါင်တွင် အရှက်ခွဲခံရမည်ကိုသူမလိုလားပေ။


ဘာပဲပြောပြော ယခုကိစ္စတွင် ကျင်းစစ်ပါဝင်နေသည်။ ယင်းကျောင်းက တောင့်ခံပြီး ပြီးဆုံးချင်နေသည်။ 


အခု ဖုန့်မောင်က သူ့ကိုအပြစ်ပေးမယ်တဲ့လား...


ယင်းကျောင်းက မျက်လုံးပင့်ကြည့်လိုက်ပြီး ညာဖက်လက်ကို အိတ်ကပ်ထဲမှထုတ်လိုက်သည်။


ယင်းကျောင်းအရပ်က ၁၈၈စင်တီမီတာရှိပြီး အခြားဆယ်ကျော်သက်များလို ခန္ဓာကိုယ် မဟုတ်ပေ။ ကြည့်ကောင်းချောမွတ်ပြီး ရင့်ကျက်သည့်ပုံပေါ်သည်။


သူ့လက်လှုပ်ရှားသွားတာကိုမြင်တော့ ဆရာတစ်ဦးကိုထိုးကြိတ်ခဲ့သည့်အဖြစ်အား ဖုန့်မောင်သတိရသွားပြီး အနောက်သို့ အလိုလိုဆုတ်လိုက်မိ၏။


ကျောင်းသားတစ်ယောက်ကြောင့် ကြောက်လန့်သွားသောသူ့ကိုယ်သူသတိထားမိကာ ဒေါသထွက်သွားသည်။


"ကောင်းပြီ မပြောနဲ့...မင်းအတန်းပိုင်အရှေ့မှာ ငါ့ကိုပြော..."


ယင်းကျောင်းက သရော်ပြုံးပြုံးလိုက်ပြီး အနောက်တွင် စကားနားထောင်စွာ မလှုပ်မရှပ်ရပ်နေသော ကျင်းစစ်အားကြည့်လိုက်သည်။ ထို့နောက် ဖုန့်မောင်၏နောက်သို့ ယုံကြည်မှုရှိရှိလိုက်သွားလိုက်သည်။


သူတို့၂ယောက် ပထမထပ်သို့တက်နေချိန်တွင် အနောက်မှရင်းနှီးသောအသံကိုကြားလိုက်ရသည်။


"ခဏနေပါဦး ဆရာ..."


ကျင်းစစ်၏နဖူးမှ အနာဖုက ပို၍ရောင်ကိုင်းနေသည်။ သူကနာကျင်နေသည့်ပုံစံမပေါ်ဘဲ အေးဆေးစွာပြောလိုက်သည်။


"ကျွန်တော်လုပ်မိတာပါ..."


သူ့ကို ယင်းကျောင်းစကားပြောနေချိန်တွင် ထင်ယောင်ထင်မှားဆီမှ သူပြန်လည်ရောက်ရှိလာသည်။ သို့သော် ခဏတာ ခေါင်းနောက်နေသေးသည်။


အချိန်ကြာသွားပြီးနောက်တွင် ဖြစ်ပျက်ခဲ့တာများကို သူပြန်မှတ်မိလာ၏။


မှန်တံခါးက သူ့ကြောင့်အက်သွားခြင်းဖြစ်ပြီး ယင်းကျောင်းအား သူ့အတွက်အစားထိုးအပြစ်မခံစေလိုပေ။


ဖုန့်မောင်အားမကြောက်ဘဲ ယင်းကျောင်းဖြေရှင်းနိုင်တာကိုသူသိသော်လည်း ကျင်းစစ်က ဝန်လေးနေသည်။


ဖုန့်မောင်က ကျင်းစစ်အား သတိမထားမိခဲ့ပေ။ သူ့စကားကိုကြားလိုက်မိမှပင် သူ့နဖူးပေါ်မှအနာဖုကိုကြည့်လိုက်မိသည်။


နောက်နေတာမဟုတ်ဘူးထင်တယ်...ရန်ပွဲမဖြစ်ဘဲ ဒီလောက်ထိဘယ်လိုဖြစ်သွားတာလဲ...


ဖုန့်မောင်က ကျင်းစစ်အားကြည့်လိုက်သည်။ ထိုကျောင်းသားအား မကောင်းသောထင်မြင်ချက်နှင့် မြင်မိသည်။ သူ သူ့သူငယ်ချင်းနှင့်အတူ ဆရာကိုလိမ်နေမည်ဆိုလျှင် အသင်းထဲဝင်သွားခြင်းက ဘာထူးခြားမည်နည်း။ ရှေ့လျှောက် သူ့အတွက်ကောင်းမည်မဟုတ်ပေ။


ထို့အပြင် သူတို့နှစ်ယောက် အရူးလုပ်တမ်းကစားနေကြခြင်းပေလား။


သူက သူ့အတွက်ရှိတယ်...သူကလည်း သူ့အတွက်ရှိပေးတယ်...အတန်းဖော်ချင်း အဲ့လောက်ချစ်ခင်ရလား


"ကျင်းစစ် ဟုတ်တယ်နော်...ဆရာ မင်းကိုသိတယ်..."


ဖုန့်မောင်က ကျင်းစစ်အား ပြုံးကာပြောလိုက်သည်။


"ဒီတစ်ကြိမ်မှာ အမှတ်ကောင်းရလို့ အရမ်းဝမ်းသာနေလား...ဘာပဲဖြစ်ဖြစ် ကျောင်းစည်းကမ်းကို ငါမေ့ထားလို့မရဘူး..."


ယင်းကျောင်း၏မျက်လုံးများ ဝိုင်းသွားသည်။ သူ တစ်ခုခုပြောမည်လုပ်ချိန်တွင် ကြင်နာသောအသံတစ်သံကို ကြားလိုက်ရသည်။


"ဘာဖြစ်တာလဲ..."


လက်ကိုအနောက်ပစ်ကာ ကျောင်းအုပ်ကြီးက ဟယ့်ကျိုးနှင့်အတူ အောက်သို့ ပြုံးကာဆင်းလာသည်။


ယင်းကျောင်းက ဟယ့်ကျိုးကို ကျင်းစစ်အားလာခေါ်ပေးရန်သာ WeChatမှပြောခဲ့ခြင်းဖြစ်ပြီး ဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို မပြောခဲ့ပေ။


ဟယ့်ကျိုးက ကျောင်းအုပ်ကြီးကိုတစ်လှည့် ဖုန့်မောင်ကိုတစ်လှည့်ကြည့်ကာ ‌လှေကားအလယ်တွင် ရပ်နေသည်။ သူဆက်၍အရှေ့မတိုးရဲချေ။


ကျောင်းအုပ်ကြီးက ကျင်းစစ်အားကြည့်လိုက်သည်။


"ကျင်းစစ်..."


သူ့မျက်လုံးများက ကျင်းစစ်၏နဖူးပေါ်သို့ရောက်သွားပြီးနောက် သူ့အသံကပို၍ကျယ်သွားသည်။


"ဘာဖြစ်တာလဲ..."


သူ့ခေါင်းက ထပ်အရိုက်ခံရပြန်တာလား...


ကျင်းစစ် မဖြေရသေးခင်မှာပင် ဖုန့်မောင်က မှန်တံခါးကို ကျင်းစစ်ထိုးခွဲလိုက်သည့်အကြောင်း ရှင်းပြလိုက်သည်။ ထို့နောက် ဆက်ပြောသည်။


"အရာရှိတွေက ရောက်တော့မယ်...ကျောင်းအုပ်ကြီး...ကျောင်းတွင်းရန်မဖြစ်ဖို့ သူတို့ကို ကျွန်တော်ဘယ်နှစ်ကြိမ်တောင် ပြောပြီးပြီလဲမသိတော့ပါဘူးဗျာ...ကျောင်းသားတွေက စကားနားမထောင်ဘူး...ကျင်းစစ်တောင်မှ ခြွင်းချင်မဟုတ်တော့ဘူး..."


သို့သော် ကျောင်းအုပ်ကြီး၏အာရုံက အက်နေသောမှန်ပေါ်တွင်မဟုတ်။ ကျင်းစစ်အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။


"တော်တော်ထိထားတာပဲ...ကျောင်းဆေးခန်းကိုသွားဦးမလား..."


ကျင်းစစ် ကြောင်သွားသည်။ ကျောင်းအုပ်ကြီးက အခုလိုစိတ်ကောင်းဝင်နေမည်ဟု မထင်ခဲ့ပေ။ သူ နဖူးပေါ်က အနာဖုကိုကိုင်ပြီးပြောလိုက်သည်။


"ရပါတယ် ဆရာ...ရက်နည်းနည်းကြာရင် ကောင်းသွားမှာပါ..."


ဖုန့်မောင်က ကျင်းစစ်အား မသိမသာကြည့်လိုက်သည်။


"......"


ကျင်းစစ် အဆင်ပြေတာကိုသိပြီးနောက် ‌ကျောင်းအုပ်ကြီး၏အာရုံက ပုံမှန်ပြန်ဖြစ်သွားသည်။


"မှန်အက်သွားတော့လည်း အက်သွားတာပေါ့...မတော်တဆဆိုတာ ဖြစ်တတ်ပါတယ်...စိတ်မပူပါနဲ့...ကိစ္စမရှိပါဘူး..."


သူ လက်ကိုမြှောက်ကာ အချိန်ကိုကြည့်လိုက်သည်။


"နေ့လည်စာနားချိန်တောင်ရောက်တော့မှာပဲ...ပြန်အိပ်ချင် အိပ်လိုက်တော့လေ...စိတ်ထဲထားမနေနဲ့...တံခါးကိုပြောင်းခဲ့သင့်တာ..."


ဖုန့်မောင် : "....."


စာသင်ဆောင်က ဆောက်ထားတာမကြာသေးဘူးလေ တံခါးတွေကလဲသင့်တယ်လို့ သူဘာလို့မစဉ်းစားခဲ့မိပါလိမ့်...


ကျင်းစစ်က အပြစ်ရှိသလိုခံစားနေရပြီး ယဉ်ကျေးစွာပြောဆိုကာ ယင်းကျောင်း၊ ဟယ့်ကျိုးတို့နှင့် အပေါ်သို့တက်သွားသည်။


"ကျောင်းအုပ်ကြီး..."


သူတို့ထွက်သွားကြသည့်အခါ ဖုန့်မောင်က မကျေနပ်စွာဖြင့်ပြောသည်။


"အရာရှိတွေက ရောက်လာတော့မှာ...တံခါးကို ကျွန်တော်ဘယ်လိုလုပ်ရမလဲ..."


ကျောင်းအုပ်ကြီးက ပြုံးပြကာပြောလိုက်သည်။


"စိတ်မပူပါနဲ့...သူတို့က တံခါးကိုကြည့်ဖို့လာမှာမှ မဟုတ်တာ...မင်းစိတ်ထဲမသန့်ဘူးဆို သူတို့ရောက်လာရင် ကျောနဲ့ကွယ်ထားပေးလိုက်ပေါ့..."


ဖုန့်မောင် : "....."


ကျောင်းအုပ်ကြီးက မှန်အက်ကွဲရာကိုကြည့်ပြီး စိတ်ထဲတွင် သံသယရှိသွားသည်။ မှန်က အတော်ထူပြီး မာသည်။ 


ကျင်းစစ် မည်သို့များလုပ်လိုက်သတုန်း...


နိုင်ငံအဆင့်အသင်းကို ဝင်နိုင်ခဲ့တဲ့သူက...။


တတိယထပ်ရှိ ဆရာများအိမ်သာထဲတွင် ယင်းကျောင်းက ဘေးရှိဟယ့်ကျိုးအား ဂရုမစိုက်နိုင်ဘဲ ကျင်းစစ်၏နဖူးကို ကိုင်ကာပြောလိုက်သည်။


"မလှုပ်နဲ့...ကိုယ်ကြည့်ဦးမယ်..."


ကျင်းစစ်ဝင်တိုက်မိသည့်အားက အလွန်ပျင်းသည်။ နဖူးမှအဖုကြီးက ကြက်ဦးတစ်လုံးစာပမာဏလောက်ရှိနေ၏။


ယင်းကျောင်းက ခေါင်းငုံ့ကာ လေမှုတ်ပေးနေရင်းမှ ကြည့်မိလေ ပို၍စိတ်မကောင်းဖြစ်‌လေဖြစ်နေရသည်။


"မေးဖို့အချိန်မရှိလို့ အခုမှမေးရမယ်...ဘာဖြစ်သွားတာလဲ..."


ကျင်းစစ်က မျက်လွှာချကာ ဖွဖွလေးပြောလိုက်သည်။


"မှန်ကအရမ်းကြည်နေတော့ သတိမထားမိဘဲ ဝင်တိုက်မိတာ..."


ယင်းကျောင်းက အောက်သို့ကျဆင်းသွားသောကျင်းစစ်ရဲ့မျက်တောင်များကို ကြည့်လိုက်ပြီးနောက် အမှန်ပြောနေခြင်းမဟုတ်ကြောင်းသိသည်။ သို့သော် ဟယ့်ကျိုးရှိနေသောကြောင့် အတင်းအကျပ်မမေးတော့ဘဲ နဖူးကိုသာလေမှုတ်ပေးနေလိုက်သည်။


"ကိုယ်လုပ်တယ်လို့ပြောလိုက်တာကို ဘာလို့မင်းကဝင်ပြောတာလဲ..."


"လုပ်ခဲ့တာကငါလေ..."


ကျင်းစစ်က အရှေ့ရှိယင်းကျောင်းကိုကြည့်လိုက်ပြီး "အဲ့ဒါကို မင်းကိုငါ ဘယ်လိုလုပ်ဝင်စတေးခံခိုင်းနိုင်မှာလဲ..."


သူက ပွင့်ပွင့်လင်းလင်းမပြောသော်လည်း ယင်းကျောင်းနားလည်သည်။


ယင်းကျောင်း၏နှလုံးသားက နူးညံ့နေပြီး ကျင်းစစ်အားဖက်ထားချင်မိသည်။ သို့သော် အနာဖုကိုထိမိမှာကိုလည်း စိုးရိမ်ရပြန်သည်။ သူစိတ်ထိန်းထားပြီး အရှေ့သို့တိုးကာ တိုးတိုးလေးမေးလိုက်သည်။


"ကိုယ်အပြစ်ပေးခံရမှာကို စိုးရိမ်တယ်ပေါ့လေ..."


ဘေးနားရှိဟယ့်ကျိုးက သူတို့၏စကားများကို ဆက်၍နားမ‌ထောင်နိုင်တော့သဖြင့် ၀င်ပြောလိုက်၏။


"နှောက်ယှက်မိတာတောင်းပန်တယ်နော်...မင်းတို့အရှေ့ မှာ ၁၀၀ကီလိုဆန်တစ်အိတ်ထားထားမလား..."


ကျင်းစစ် ကြောင်သွားသည်။ ထို့နောက် အိမ်သာထဲတွင် သူတို့၂ဦးတည်းမဟုတ်ကြောင်း သတိရသွားကာ မျက်နှာရဲတက်သွားသည်။


ယင်းကျောင်းက ဟယ့်ကျိုးအားကြည့်ပြီးပြောလိုက်သည်။


"သံပုရာလိုချဉ်လား..."


____


Translated By IQ-Team.