အခန်း၇၃
Viewers 8k

Chapter 73

(မောင်နှမထက်ပိုသော်လည်း ချစ်သူရည်းစားမကျ)


လင်းယောင်ယောင် သည် နစ်ကို နှင့်စကားပြောခဲ့သည်မှာ ရက်အနည်းငယ်ကြာညောင်းသွားခဲ့လေပြီ။


အားပိုင် သည် ဟင်းလျာနှစ်မျိုးကို ဆက်တိုက်စားပြီးနောက် ကျန်ဟင်းများကို အိမ်သို့ ယူသွားရန်ပါပြင်နေပြီး ငါးခြောက်ကြော်များ အပြည့်ထည့်ထားသော ဘူးကြီးတစ်ခုကိုလည်း ယူရန်ပြင်နေသည်။ သူ့စိတ်ထဲမှာ အတော်ကျေနပ်လွန်းသောကြောင့် ကြောင်ကလေး အားပိုင်သည် လင်းယောင်ယောင် ကိုယ်ပေါ်ကို သူ့လက်သည်းများဖြင့်တွယ်တက်ပြီး အာဘွားပေးလိုက်သည်။သူ့ကို ကြည့်ရသည်မှာ အလွန်ချစ်ဖို့ကောင်းနေလေသည်။


လင်းယောင်ယောင် ၏ အတွင်းစိတ်မှာ အားပိုင်၏ အနမ်းကြောင့် ပျော့ပျောင်းနူးညံ့နေကာ လှုပ်ခါသွားရ၏။ သူမ အားပိုင်ကို နောက်ထပ် ပွတ်သပ်ကာ စက်ရုပ်မောင်းနှင်သော အမြန်ကားဆီသို့ အားပိုင်အား ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်ပေးခဲ့သည်။ အားပိုင် စိတ်ထဲမှာတော့ အတော် စိတ်ဆိုးနေရပြီဖြစ်၏။


ငါ့ရဲ့ ဆံပင်ပုံစံကတော့ ရှုပ်ပွနေပါပီ...


သို့သော်လည်း၊ နောက်တစ်ကြိမ် ဆက်စားဖို့အတွက် သူ ခံနိုင်ရည်ရှိရမှာဖြစ်သည်။


012 သည် အားပိုင်ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ပြီးကတည်းက အနည်းငယ် စိတ်မချမ်းသာဖြစ်ခဲ့ရသည်။


"သခင်က အားပိုင် ရောက်လာပြီးကတည်းက ငါ့ကိုမချစ်တော့ဘူး..မင်းအမြဲတမ်း အားပိုင်ကိုကျ ထိတယ်၊ကိုင်တယ်... မင်းငါ့ကိုထိတာထက် အများကြီးပိုပွတ်သပ်ပေးတယ်... ငါ့ကိုယ်က ပိုကြီးလာနေလို့ မချစ်စရာ မကောင်းတော့ဘူးလားဟင်"

သွေးစပျစ်နွယ်ပင် 012 သည် မကြာသေးမီက အစားကောင်းစွာစားခဲ့ပြီး သူ၏ အဆင့်မှာလည်း အလွန်မြင့်တက်လာခဲ့သည်။ သူ့အရပ်ကလည်း တစ်မီတာထက် ပိုမြင့်နေပြီဖြစ်သည်။ ဤကဲ့သို့ ဆက်လက်ကြီးထွားနေပါက လင်းယောင်ယောင် သူ့ကို ခါးပတ်တစ်ခုအဖြစ် ပတ်၍ အပြင်ထွက်နိုင်မှာမဟုတ်တော့ပေ။ လက်ရှိတွင် 012 သည် သူ့ခန္ဓာကိုယ်ကိုတောင် အလွယ်တကူ ဆန့်ထုတ်၍မရပေ။ မဟုတ်ပါက သူ၏ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုကို ထိခိုက်စေမည်ဖြစ်သည်။ အမြင့် လေးငါးမီတာ ရှိသည့် အဆင့် 5 သို့ လုံးလုံးလျားလျား ပြောင်းလဲလာမှသာ ခန္ဓာကိုယ် ပုံသဏ္ဍာန်ကို ထိန်းချုပ်နိုင်ပြီး စင်တီမီတာ ငါးဆယ်ခန့် သေးငယ်သော အရွယ်အစားသို့ ပြန်သွားနိုင်မည်ဖြစ်သည်။သူ၏ စိတ်ခံစားမှု အသေးအမွှားများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြရန်အတွက် 012 သည် ဥပမာတစ်ခုပေးလိုက်သည်။


"သခင်...စဉ်းစားကြည့်ပါ…မင်းရဲ့သခင်က တခြားမိန်းကလေးတွေနဲ့ အရမ်းရင်းနှီးရင် ဒါမှမဟုတ် တခြားသူတွေက သူ့လက်မောင်းကို ဖက်ထားရင် မင်းပျော်မှာလား"


012 ရှုထောင့်မှကြည့်လျှင် လူသားများတွင် လက္ခဏာများစွာရှိသည်။ သူ တော်တော်များများကို နားမလည်သော်လည်း လင်းယောင်ယောင် က သူမပိုင်ရှင်၏ "ညီမ" ဆိုတာကို သိသည်။


လင်းယောင်ယောင် သည် လင်းရွှမ်က အခြားအမျိုးသမီးတစ်ဦးကို ပွေ့ဖက်ထားပုံကို သူမ မြင်ယောင်ကြည့်သောအခါတွင်၊ ထိုမိန်းကလေးအား ချောက်ကမ်းပါးပေါ်သို့ ပစ်ချကာ သတ်ရမည်ဖြစ်သည်။ လင်းရွှမ် ကို ပိုင်ဆိုင်လိုသော သူမ ဆန္ဒသည် ဤအထိကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ့ကို သူမ အပိုင်အဖြစ် လုံးဝနီးပါး မှတ်ယူထားသည်။ သို့သော် သူမနှင့် လင်းရွှမ် ၏ အခြေအနေမှာ လုံးဝ ခြားနားဆဲဖြစ်သည်။


သို့သော်လည်း 012 သည် "အိမ်မွေးတိရစ္ဆာန်" "ညီအကိုမောင်နှမ" နှင့် "ချစ်သူများ" အကြား ဆက်ဆံရေးကို မှန်ကန်စွာ ပိုင်းခြား၍မသိပေ။ လင်းယောင်ယောင် က သူ့စိတ်ကို ဖြေသိမ့်ပေးပြီး 012 ကိုပြောလိုက်သည်။


"မင်းငါ့ကို အားပိုင် နဲ့ အရမ်းနီးစပ်တာကို မကြိုက်ဘူးဆိုရင်တော့ ငါလည်းနောက်ဆို သိပ်မနီးစပ်အောင်နေပါ့မယ်"


လင်းယောင်ယောင် သည် 012 ၏ အကိုင်းအခက်များနှင့် အရွက်များကို ညင်သာစွာ ထိတွေ့လိုက်ပြီး


"မင်းကို မကြာခဏ ထိရင် မင်းရဲ့ အရွက်တွေ အလွယ်တကူ ကြွေကျနိုင်လို့ မင်းနဲ့ သိပ်မနီးစပ်ဖြစ်တာပါ...အဲ့ဒါဆို ငါလည်း စိတ်ဆင်းရဲနေရလိမ့်မယ်... မင်းမြင်တယ်မလား အားပိုင် ရဲ့ အမွေးတွေ ကျွတ်သွားတယ်လေ..ဒါပေမယ့် ငါစိတ်မဆင်းရဲဘူး ..နောက်ဆို ငါ အားပိုင်ကို မနမ်းဘူး မင်းကိုပဲ နမ်းတော့မယ်နော်..."


အဓိပ္ပာယ်မရှိချေ၊ အားပိုင် ကဲ့သို့ ပျော့ပျောင်းသော အမွေးဘောလုံးလေးသည် ဘယ်လိုလုပ်လုပ် အမွှေးက ကျွတ်နေမှာပင်။ သူမ လုံးဝ မထိခဲ့လျှင်တောင် သူ့ဘာသာသူ ကျွတ်ကျသွားမည်ဖြစ်သည်။ သို့သော် 012 လိုချင်သည်မှာ သူမထံမှ အာရုံစူးစိုက်မှုဖြစ်ကြောင်း လင်းယောင်ယောင် သိသည်။ အားပိုင်ကြောင့် သူ့ကို မချစ်တော့မှာ ကြောက်ရွံ့နေခြင်းဖြစ်သည်။ ထို့နောက် သူမ ရှေ့သို့ ငုံ့ကာ 012၏ အရွက်များကို ညင်သာစွာ နမ်းလိုက်သည်။


012သည် နမ်းခြင်းက ထိတွေ့ခြင်းနှင့် ပွေ့ဖက်ခြင်းထက် ပိုရင်းနှီးကြောင်းကိုလည်း သိသည်။ ပိုင်ရှင်နှင့် အိမ်မွေးတိရိစ္ဆာန်လေးတွေသာ ပိုင်ဆိုင်ခွင့်ရှိသော ရင်းနှီးမှုတစ်ခုဟု မြင်မိသည်။ထို့ကြောင့် သူ ချက်ချင်း ကျေနပ်သွားသည်။ ပိုင်ရှင်က အားပိုင် ကို ထိမိနေသောကြောင့် မနာလိုဖြစ်မိခြင်းဖြစ်သည်။


"ဒါဆို သခင်က နောက်ဆို အားပိုင် ကို ထိချင်ထိပါစေ ကိစ္စမရှိပါဘူး...တစ်ကယ်တော့ အားပိုင် က သခင် ထိတွေ့တာကိုလည်း သူ လုံးဝ မကြိုက်ပါဘူး… ဟန်ဆောင်နေတာပါပဲ…သူက ငါးစားချင်လို့လေ...နောက်ဆို သခင် သူ့ကိုထိပြီး များများအမွှေးတွေကျွတ်အောင်လုပ်လို့ရတယ်နော်…ဒါပေမယ့် အားပိုင်ကို ငါတို့ငါးတွေ မစားစေနဲ့"


012 သည် သူ့စိတ်ထဲရှိသည့်ခံစားချက်များကို လျှို့ဝှက်မထားတတ်ပေ။ အခြားနည်းလမ်းမရှိတော့‌ေပ။


စိတ်ကူးယဉ်တတ်တဲ့ ကြောင်တစ်ကောင်‌နဲ့ တစ်ခါကလေး အတူတူ ကစားလိုက်တာနဲ့ သူ တစ်ချိန်လုံး အဲ့ငတုံးကောင်နဲ့ ဘယ်လိုလုပ်ပြီး သည်းခံနေနိုင်မှာလဲ…


"ကောင်းပြီ မင်းပြောတာကို ငါ နားထောင်ပါ့မယ်"


တစ်ဖက်တွင်၊ အားပိုင်သည် အိမ်ပြန်ရောက်ပြီးနောက် မစ္စတာချိုက် လည်း အိမ်ပြန်ရောက်လာသည်။ မစ္စတာချိုက် သည် အားပိုင်၏ ငါးကြော် တစ်ဝက်ကို အရှက်မဲ့စွာ လုယူသွား၍ အားပိုင် ငိုလုမတတ်ဖြစ်သွား၏။ ထို့နောက် သူ၏ အိမ်မွေးတိရစ္ဆာန် အမြင် ဦးနှောက် ဒိုင်ယာလော့ခ်ဘောက်စ်မှတစ်ဆင့် သူ့ဗီလိန်ပိုင်ရှင်အကြောင်းကို 012 အား အလွန်အမင်း ငိုကြွေးမြည်တမ်းကာ ညည်းညူနေလိုက်သည်။


ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်သလဲ…


ဆန့်ကျင်ဘက်အားဖြင့် 012 သည် ပိုင်ရှင်ကောင်းနှင့် တွေ့ဆုံခဲ့ရပြီး ပျော်ရွှင်နေရသော ဂြိုလ်သား အိမ်မွေးတိရစ္ဆာန်ကလေးဖြစ်သည်။ 012က အားပိုင်ကို စာနာနားလည်ဟန်ဆောင်ကာ ကြောင်ကို နှစ်သိမ့်ပေးနေပုံရှိ အီမိုတီကွန် အနည်းငယ်ပို့ပေးလိုက်သည်။


အခြားတစ်ဖက်တွင်လည်း အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်နှစ်ဦးသည် ဗီဒီယိုကောလ် ခေါ်နေကြသည်။ အဘိုးကြီးချိုက် သည် နေ့လည်တွင်ဖြစ်ပျက်ခဲ့သောအဖြစ်များအား လင်းယောင်ယောင် အား ပျော်ရွှင်စွာပြောပြနေသည်။ သူသည် သူမ၏ ဟင်းလျာများမှာ လက်တွေ့ဘဝတွင် အရသာရှိပြီး ကောင်းမွန်သော ကုသရေးအာနိသင်ရှိကြောင်း ပြောနေသည့် ဧကရာဇ်မြို့တော် အစားအသောက်ကုထုံး သုတေသနစင်တာအဆောက်အဦးမှ၊ လူကြီးများအကြောင်းကို ဖောက်သည်ချနေ၏။


အိုး အရင်တုန်းက သူတို့ ဘယ်လိုတောင် ပြောခဲ့တာမှတ်လဲ…


သူမ ပေးပို့သော ငါးဟင်းလျာများ၏ အရသာနှင့် ကုသရေးအာနိသင်သည် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင်ဖြစ်ပြီး အခြားပြောစရာမရှိပေ။


မစ္စတာချိုက် သည် လူအများစုက ထောက်ခံအားပေးသည့် ရှေးဟောင်း တရုတ်အစားအစာများအား အရောင်းမြှင့်တင်ရေးကို ထောက်ခံအားပေးခဲ့သည်။ ထို့နောက် "ရှေးတရုတ်အစားအစာ" ဆိုသော ခေါင်းစဉ်တပ်မည့် ဒုတိယအကျော့ ပြိုင်ပွဲအတွက် သူ၏ အဆိုပြုချက်ကို သဘောတူခဲ့ကြသည်။ သို့သော် တိကျသော စည်းမျဉ်းစည်းကမ်းများအား နောက်တစ်နေ့တွင် ဆက်လက်ဆွေးနွေးရန် လိုအပ်သည်။ သူ၏ ရန်သူဟောင်းတစ်ဦး ဖြစ်သူ ထိပ်တန်းအစာကုထုံးပညာရှင် ကျန်းသဲစုန့် ကသာ ကန့်ကွက်ခဲ့သည်။ထိုသူက ရှေးခေတ် တရုတ် ဟင်းလျာများ ချက်ပြုတ်ရန် ရှုပ်ထွေးလွန်းသည်ဟု ဆိုသည်။ သာမာန်အစားအစာများက ချက်ပြုတ်ရအဆင်ပြေသော်လည်း ဖြည့်စွက်စာလောက် ထိရောက်မှုမရှိပေ။ သို့သော်လည်း သူ၏ အတိုက်အခံသဘောထားက ပျောက်ရှသွားခဲ့သည်။


လင်းယောင်ယောင် ကမူ ဤသတင်းဟာ သူမအတွက် အလွန်အကျိုးရှိသည်ဆိုတာကို ဝန်ခံရမည်ဖြစ်သည်။ နောက်ဆုံး သူမသည် တရုတ်အစားအစာမှာ အကောင်းဆုံးချက်နိုင်သူလည် ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ၊ အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင် ခေါင်းစဉ်သည် မျိုးဆက်သစ် အစားအစာကုထုံးပညာရှင်များကြားတွင် ရှေးတရုတ်အစားအစာများကို လူကြိုက်များစေမည်ဖြစ်သည်။


"အရသာရှိမှု" နှင့် "ကုထုံးအကျိုးသက်ရောက်မှု" နှစ်ခုစလုံးကိုရရှိရန်လည်း သူတို့လေ့လာကြမည် ဖြစ်သည်။ ဤသည်မှာ အစားအသောက်ကုထုံးများ စစ်မှန်စွာ ထွန်းကားလာမှု၏ အရင်းအမြစ်လည်းဖြစ်သည်။ လက်ရှိတွင် ဖြည့်စွက်စာသည် ဆေးဝါးများထက် အရသာပို၍ ဆိုးရွားနေပြီး ကုသရေးအာနိသင်ကလည်း မတိကျပေ။ အစားအသောက်ကုထုံးပညာရှင်များသည် ဤအတိုင်းသာ ဆက်သွားနေပါက သူတို့ မွဲတေသွားနိုင်သည်။


မူလက အဆင့် ၆နေရာကို ရောက်သွားခဲ့သည့် ပြိုင်ပွဲဝင်မှာ စိန့်ရို့စ်စစ်ပညာရေးအကယ်ဒမီမှ အစားအသောက်ကုထုံး ဌာနှမှ ကျန်းယန်ချောင်း ဖြစ်သည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားသည် S+ ဖြစ်ပြီး B အဆင့်ရှိသော ကိုယ်လုံးကိုယ်ပေါက်လည်း ရှိသည်။ သူမသည် အစက အင်ပါယာ၏ ပထမဆုံးစစ်ပညာရေးအကယ်ဒမီသို့ ၀င်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း သူမ၏အဘိုးမှာ စိန့်ရို့စ်စစ်ပညာရေးအကယ်ဒမီ၏ အစားအသောက်ကုထုံးဌာနအဖွဲ့ဝင် ကျန်းသဲစုန့် ဖြစ်ပြီး ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ ၏အဖွဲ့ဝင်တစ်ဦးဖြစ်၍ ထိပ်တန်းအစားအစာအကူကုထုံးပညာရှင်တစ်ဦးဖြစ်သည်။ သူမ၏ ဖခင်သည် အရန်ကုထုံးနယ်ပယ်တွင် အရည်အချင်းမပြည့်မီသော်လည်း ဟင်းချက်ကျွမ်းကျင်သည်။ ကျန်းသဲစုန့် သည် မူလတန်းကျောင်းသူ ဘဝကတည်းက ဟင်းချက်တတ်သူဖြစ်သည်။ ကုသရေးအာနိသင်အပြင်၊ အရသာကိုလည်း ကောင်းစွာထိန်းချုပ်ထားနိုင်သည်။ အကယ်၍ လင်းယောင်ယောင် မရှိခဲ့ပါက၊ သူမသည် ဤကျောင်းသားသစ်ဖလားပြိုင်ပွဲတွင် အစားအသောက်ကုထုံးအဖွဲ့၏ ချန်ပီယံဖြစ်လိမ့်မည်ဟု ဆိုနိုင်သည်။ သို့သော်၊ သူမ၏အဘိုးနှင့် အဘိုးကြီးချိုက် သည် အမြဲတမ်း သဘောထားကွဲလွဲနေသောကြောင့် ပထမနေရာရခဲ့လျှင်ပင်၊ သူမသည် အဘိုးကြီးချိုက် က သူမအား သူ၏ တပည့်ဖြစ်စေရန် တောင်းဆိုခြင်းမရှိပါက၊ တပည့်ဖြစ်လာမည်မဟုတ်ပေ။


ကျန်းယန်ချောင်း နှင့် သူမ၏ အဖိုး ကျန်းသဲစုန့် ၏ အယူအဆများသည် အနည်းငယ် ကွဲပြားသည်။ ကျန်းသဲစုန့် သည် ဖြည့်စွက်စာများ၏ အရေးကြီးဆုံးအရာမှာ ကုသရေးအာနိသင်ဖြစ်ကြောင်း ယုံကြည်သည်။

သို့သော် သူ၏ တစ်ဦးတည်းသောသားသည် အရသာရှိမှုကိုသာ လိုက်စားပြီး အရန်ကုထုံး အာနိသင်ကို မလိုက်စားသူဖြစ်သည်။ သူ့မြေးမလေး ကျန်းယန်ချောင်းကမူ နှစ်ခုစလုံးကို လိုက်စားချင်သည်။ သူမ မမျှော်လင့်ထားသောအရာမှာ "ကုသခြင်း" နှင့် "အရသာရှိမှု" တို့တွင် တစ်စုံတစ်ယောက်က သူမထက် ပိုကောင်းအောင် လုပ်ဆောင်နေနိုင်သည်ကို ဖြစ်သည်။ သူမသည် လင်းယောင်ယောင် ပြုလုပ်သော ဟင်းငါးပွဲကိုလည်း မြည်းစမ်းကြည့်ခဲ့ရာ၊ အရန်ကုသမှုအကျိုးသက်ရောက်မှုနှင့် အရသာရှိမှုတို့၌ သူမ ကြိုးစားအားထုတ်ပြီး စေ့စေ့စပ်စပ် ပြီးပြည့်စုံအောင် ချက်ထားသော ဟင်းတစ်ပွဲထက် သာလွန်ကြောင်း ဝန်ခံရမည်။ သူမအနိုင်ရနိုင်သည့် တစ်ခုတည်းသော အရာက သူမ၏ ဟင်းပွဲမှာ သပ်ရပ်လှပြီး စားချင့်စဖွယ်ဖြစ်နေခြင်းပင်။


ပို၍အရေးကြီးသည်မှာ ချိုက်ယူဟုန် လင်းယောင်ယောင် ကို အတွင်းတပည့်အဖြစ် ကြိုတင်စာရင်းသွင်းထားသည်ဟု သူမ၏ အဘိုးထံမှ သိခဲ့ရသည်။ တစ်နည်းဆိုရသော် သူမ၏ မျှော်လင့်ချက်မှာ လုံးဝမဖြစ်လာနိုင်ပေ။ သူမသည် ကျန်းသဲစုန့် ၏ မြေးမလေးဖြစ်နေ၍ မစ္စတာချိုက် ၏ အတွင်းတပည့်မဖြစ်နိုင်သော်လည်း နာမည်ပျက်ပြီး မကျန်ရစ်ချင်ပေ။ ထို့ကြောင့် မဲလိမ်ပြီး ပထမနေရာကို ရရှိအောင် လုပ်ရမည်ဖြစ်၏။


လင်းယောင်ယောင် က ဟင်းငါးမျိုးချက်ပြီး တစ်ခုချင်းစီက ပြီးပြည့်စုံနေသော်လည်း စုစုပေါင်းမဲအရေအတွက်က သူမထက် များစွာ မပိုပေ။ထို့ကြောင့် သူမမှာ ရှိသမျှအားလုံးကို ဟင်းပွဲတစ်မျိုးတည်းတွင်သာ ထည့်ထားခဲ့သည်။


ယနေ့ခေတ်တွင် အရည်အချင်းသည် အရေးကြီးသောအရာမဟုတ်ဘဲ Marketing ကသာ အလွန်အရေးကြီးသည်။


စုချင်းဟယ်လည်း ဒီလိုပဲလုပ်တာမဟုတ်ဖူးလား...


လင်းယောင်ယောင် က မဲအတုပြုလုပ်ပါက သူမအား အပြစ်လာတင်နိုင်သည်ဟု ထင်မြင်ခဲ့သည်။ သို့ဆိုလျှင် သူမသည် ပျော့ညံ့ဟန်ဆောင်ပြီး မိန်းကလေး လင်း က အခြားသူများကို အလကားသက်သက် အနိုင်လာကျင့်သည်ဟု ပြောနိုင်မည်ဖြစ်သည်။ သို့သော်လည်း၊အံ့သြစရာကောင်းတာက လင်းယောင်ယောင် သည် မထင်မှတ်ဘဲ ငြိမ်သက်နေခဲ့သည်။မဲပေးနေသည့် 8ရက်မြောက်နေ့မှာ၊ ဆေးဝါးဌာနက စုချင်းဟယ်က မဲလိမ်သည်ဆိုသော အထောက်အထားများ စတင် ပေါ်ထွက်နေခဲ့ပြီ။ ထို့ကြောင့် စုချင်းဟယ် ၏ ဂုဏ်သတင်းသည် ချက်ချင်း ကျဆင်းသွားသည်။


ကျန်းယန်ချောင်း ကမူ မဲလိမ်ခြင်းအတွက် အလွန်အဆင့်မြင့်စွာ လုပ်ဆောင်ခဲ့သည်။ သူမသည် အရန်ကုထုံးပြိုင်ပွဲ၏ အတွင်းလူများထံမှ အကူအညီကို အသုံးပြု၍ ဒေတာကို မှားအောင်လုပ်ပြီး အစအနဖျောက်ထားခဲ့သည်။ သူမ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် အရန်ကုထုံးပြိုင်ပွဲ၏တရားဝင်ဝဘ်ဆိုဒ်မှ စီမံခန့်ခွဲသူက သူမ၏ ဒေတာကို တောင်းဆိုလာလျှင်လည်း ဒေတာများမှာ မည်သည့်ပြဿနာမျှမရှိကြောင်း တရားဝင်ဝဘ်ဆိုဒ်မှ အတည်ပြုနိုင်အောင်အထိ ပြုလုပ်ထားခဲ့သည်။


မဲပေးချိန်အဆုံးတွင် ထိပ်တန်းပြိုင်ပွဲဝင်များကို ရွေးချယ်ခဲ့သည်။ ဥပမာအားဖြင့်၊ စိန့်ရို့စ်စစ်ပညာရေးအကယ်ဒမီမှ ကျန်းယန်ချောင်း သည် ယခုအခါ နံပါတ်တစ်ဖြစ်သည်။ သူမသည် အထက်တန်းကျောင်းတက်ကတည်းက ဖြည့်စွက်စာကောင်းများ ချက်ပြုတ်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယမှ ဆဋ္ဌမနေရာအထိက အင်ပါယာ၏ ပထမဆုံးစစ်ပညာရေးအကယ်ဒမီမှ လင်းယောင်ယောင် ဖြစ်သည်။ သူမသည် မကြာသေးမီကမှ ပေါ်ထွက်လာခဲ့သော်လည်း နာမည်ကောင်းရရှိထားသည့် ရှေးတရုတ်အစားအစာ လက်ထောက်ကုထုံးပညာရှင်ဖြစ်သည်။ အစားအသောက်ကုထုံးဌာနရှိ ဤလူနှစ်ဦးအကြောင်း ဆွေးနွေးမှုသည် ဆေးဝါးဌာနရှိ စုချင်းဟယ် နှင့် ဂီတကုထုံးဌာနရှိ အမျိုးသား တေးသံရှင်တို့ထက် မနည်း ရေပန်းစားလာခဲ့၏။


ကျန်းယန်ချောင်းသည် မဲလိမ်လည်ခဲ့သည်ဟု တစ်ချို့က ပြောကြသော်လည်း လင်းယောင်ယောင် ၏ မဲများကို သူမ၏ ဟက်ကာအမာခံပရိသတ်က ပေးထားသည်ဟုလည်း ပြောကြသည်။


သို့သော်၊ လင်းယောင်ယောင်က မလိမ်ခဲ့ပေ။အစ်ကို လုလင်း ကသာ "Eleven စက္ကန့်" အတွက် တရားဝင်ဝဘ်ဆိုဒ်ကို ဟက်၍ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး လင်းရွှမ်က သူမ အတွက် ပထမဆုံးမဲပေးသူဖြစ်လာအောင် လုပ်ခြင်းသာဖြစ်သည်။ ကျန်းယန်ချောင်း ၏ရမှတ်များသည် အတုအယောင်များဖြစ်သော်လည်း သူမတွင် လိမ်ညာသည်ဆိုသော အထောက်အထားမရှိပေ။ အထောက်အထားမရှိလျှင် ချက်ချင်းသတင်းပို့၍ မရပေ။သို့မဟုတ်လျှင် ပို့သူ၏ အပြစ်ဖြစ်သွားပေလိမ့်မည်။


တစ်စုံတစ်ယောက်က အကြံယုတ်ခြင်းဖြစ်နိုင်သည်ကို မစ္စတာချိုက် လည်း သိသည်။သို့သော်လည်း၊ ဒိုင်လူကြီးအနေနှင့် သူသည် ဝင်ရောက်မစွက်ဖက်နိုင်ဘဲ လင်းယောင်ယောင် ကိုသာ အမြန်ရှင်းဖို့ ပြောရတော့သည်။


သက်တူရွယ်တူများထံမှ လှည့်ကွက်များကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အမှန်တစ်ကယ်ပင် ဤအရန်ကုထုံးပြိုင်ပွဲတွင် သင်ယူရမည့် လျှို့ဝှက်အကြောင်းအရာများထဲမှ တစ်ခုဖြစ်သည်။ တစ်ကယ်တမ်းတွင် ကမ္ဘာပေါ်မှာ တရားမျှတမှုဆိုတာ လုံးဝမရှိပေ။ရှိ၍လည်း လူသားများနှင့်မထိုက်တန်ပေ။ အများစုမှာ သူတို့ လိုချင်တာကို ရဖို့အတွက် တိုက်ပွဲဝင်ရမှာ ဖြစ်သည်။


သို့သော် ဤကိစ္စက လင်းယောင်ယောင် ယခုအချိန်တွင် အစိုးရိမ်ဆုံးအရာမဟုတ်ပေ။ ကျန်းယန်ချောင်း မည်မျှအဆင့်ခုန်တက်ပါစေ၊ သူမ မဲအများဆုံးရရှိထားသည့် "spicy seafood hotpot" ဟင်းလျာထက် အနည်းငယ်သာ မဲများမှာဖြစ်သည်။ အကယ်၍ ကျန်းယန်ချောင်းသည် သူမ၏ ဟင်းငါးမျိုး ပေါင်းစပ်ထားသည်ထက် မဲပိုရထားလျှင် သူမ လိမ်ထားခြင်းမှာ ထင်ရှားသွားပြီဖြစ်သည်။ တစ်နည်းဆိုရသော် ကျန်းယန်ချောင်း သည် ကျွမ်းကျင်စွာ လိမ်လည်လှည့်ဖြားခဲ့လျှင်ပင် သူမကသာ စုစုပေါင်းမဲအရေအတွက်တွင် ပထမဖြစ်နေဆဲဖြစ်သည်။


စုချင်းဟယ် ၏ လိမ်လည်လှည့်ဖြားမှုကိစ္စအား အင်တာနက်ပေါ်တွင် ထောင်ပေါင်းများစွာသော လူများက အာရုံစိုက်နေကြ၍ လင်းယောင်ယောင် ဘက်ကို အလွန်အမင်း အာရုံမစိုက်လာကြပေ။ သူမလည်း ထိတ်လန့်တုန်လှုပ်နေသည့် စုချင်းဟယ် ကို နှစ်သိမ့်ပေးရတော့သည်။


"ဒါတွေအားလုံး အဆင်ပြေသွားမှာပါ… ယုံလိုက်ပါ…နင်က နောက်ဆုံးမှာ နံပါတ်တစ်ဖြစ်မှာလေ…ဒီတစ်ခါပြိုင်ပွဲလည်း နံပါတ်တစ်ရမှ အရန်ကုထုံးပြိုင်ပွဲတစ်ခုလုံးလည်း နံပါတ်တစ် ဖြစ်မှာပါ…ဆေးဝါးကုထုံးအဖွဲ့မှလည်း ချန်ပီယံဖြစ်လာမှပါ"


လင်းယောင်ယောင် ၏ နှစ်သိမ့်စကားကို ကြားပြီးနောက်၊ စုချင်းဟယ် သည် များစွာတည်ငြိမ်လာပုံရသော်လည်း သူမ စိတ်မကောင်းဖြစ်နေဆဲဖြစ်သည်။


လင်းယောင်ယောင်ကမူ စုချင်းဟယ် ၏နောက်ကွယ်မှာ ကျောက်မိသားစုရှိ၍ ဤကိစ္စမှာ အသာအယာ အဆင်ပြေသွားမည်ဖြစ်ကြောင်း သူမ ကောင်းကောင်းသိထားသဖြင့် အများကြီး မစိုးရိမ်ခဲ့ပေ။ သူမ အကူအညီကိုလည်း မလိုအပ်နိုင်ပေ။


ထို့အပြင် သူမသည် လင်းရွှမ် ထံမှ အသံ မကြားရသည်မှာ သုံးရက်ရှိပြီဖြစ်၍ ချန်ပင်းနှင့် လုလင်း ကိုလည်း ဆက်သွယ်၍မရ၍ သူမ စိတ်ထဲမှာ ထိုကိစ္စကသာ စိုးမိုးထား၏။ လင်းရွှမ် သည် X-312 ပေါ်တွင် ရှိနေခြင်း မဖြစ်နိုင်ပေ။


သူ့မှာ တစ်ခုခု ဖြစ်နေပြီလား…


လင်းထျန်းယွဲ့ နှင့် ရှန်းယွင်ကျင်း တို့ သံသယဖြစ်သွားမှာကို မကြောက်ပါက သူမသည် ဖခင် လင်းထျန်းယွဲ့ ကိုပင် တိုက်ရိုက်မေးမြန်းလိုက်မည်ဖြစ်သည်။


အခု X-312 ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေတာလဲ...


သူမ ပို၍ပို၍ စိုးရိမ်လာသည်နှင့်အမျှ မကြာမီ ရှန်းယွင်ကျင်းက သူမထံ ဖုန်းခေါ်ဆိုလာခဲ့သည်။


"ယောင်ယောင်…X-312မှာ အရမ်းကို ကိစ္စကြီးဖြစ်နေတယ်… ဂြိုဟ်တစ်ခုလုံးကို ပိတ်ဆို့ထားပြီးတော့ ပြင်ပဆက်သွယ်ရေးကိုလည်း ပိတ်ဆို့ထားတယ်… နောက်ထပ်နှစ်ရက်စောင့်လိုက်ရအောင်…ဒါဆို X-312 ဘက်ကလည်း အချက်ပြလာမှာပါ…မပူပါနဲ့…သမီး အစ်ကို မကြာခင် အိမ်ပြန်လာနိုင်တော့မှာပါ"


ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲ၏ နောက်ဆုံးနေ့သည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ပင်မတိုက်ပွဲဝင် အာကသယာဉ်၏ စမ်းသပ်နေ့လည်းဖြစ်သည်။စမ်းသပ်မှုအောင်မြင်သရွေ့၊ လက်နက်နှင့် ကာကွယ်ရေးစနစ်အားလုံး၏ အချက်အလက်များကို အပြည့်အဝ ကုဒ်ဝှက်ထားမည်ဖြစ်သည်။ ချုပ်ဆိုထားသော အမြင့်ဆုံးလျှို့ဝှက်ရေးသဘောတူညီချက်ကို အခြေခံ၍ သုတေသနတွင်ပါဝင်သူများသည် အရေးကြီးဆုံးဒေတာများကို မှတ်ထားသည့် တစ်လကြာမှတ်ဉာဏ်ကို ဆေးကြောရန်အတွက် မှတ်ဉာဏ်သန့်ရှင်းရေးလုပ်ဆောင်မှုကို ခံယူရမည်ဖြစ်သည်။ ထိုအချိန်တွင်၊ လင်းရွှမ် ၏ တာဝန်သည် တရားဝင်ပြီးဆုံးသွားခဲ့မည်ဖြစ်သည်။


ဤအသေးစိတ်အသေးစိတ်အချက်လေးများကို လင်းယောင်ယောင် လို မိန်းကလေးတစ်ယောက်အတွက် အသေးစိတ် ပြောပြ၍ မရချေ။သူမ စိတ်ထဲက တင်းတင်းကျပ်ကျပ် ဖြစ်နေသော နှလုံးသားသည် နောက်ဆုံးတွင် ပြေလျော့သွားရသည်။ဤသည်က မတော်တဆမှုတစ်ခု မဟုတ်ပေ။ သို့သော် သေချာစဉ်းစားပြီးနောက် ရှန်းယွင်ကျင်း၏ လေသံမှာ လင်းရွှမ်အတွက် စိုးရိမ်နေသည့်ပုံပေါ်နေသဖြင့် သူမ တစ်ဖန် တုန်လှုပ်သွားခဲ့ရသည်။


" အမေ.....သမီး နားလည်ပါတယ်…အစ်ကို့ရဲ့ တာဝန်က များသောအားဖြင့် ဒီလိုပါပဲ… မကြာခဏ အဆက်အသွယ် မရဘူးမလား"


ရှန်းယွင်ကျင်း က ဆက်ပြောလာ၏။


"... သမီး အဖေတုန်းကလည်း ဒီလိုပဲ မဟုတ်လား သမီးရဲ့... သူ ဟိုးတုန်းက မစ်ရှင်တွေလုပ်ဖို့ ဂြိုလ်တွေကို သွားဖူးတယ်…တစ်ခါတလေ ဆယ်ရက်လောက်တောင် အဆက်အသွယ်မရခဲ့ဘူး…အကြာဆုံးက တစ်လကျော်တယ်…အပြင်မှာ သူ သေသွားမှာကို အမေ့မှာ အရမ်း ကြောက်နေခဲ့ရတာ"


ထို့နောက် ရှန်းယွင်ကျင်း က ပါးစပ်ကို အုပ်ထားပြီး အတော်ပင် မျက်နှာညှိုးကျသွားရှာသည်။ သူမလည်း အမေဖြစ်သူကို စိတ်ပူအောင် လုပ်မိပြီမှန်းသိသွားပြီး အမြန်ပင် ဖာထေးလိုက်ရသည်။


"အိုး...အမေ သမီးမှာ လုပ်စရာရှိတယ်...အရင်ဖုန်းချလိုက်ရအောင် ချစ်တယ်နော်...မွ"


လင်းယောင်ယောင်: '... ငါ့အမေ တစ်ခုခု ဖြစ်နေသလိုပဲ'


လင်းရွှမ် သည် နှစ်ရက်အတွင်း ပြန်လာလိမ့်မည်။ မတွေ့ရသည်မှာ တစ်လကျော်ရှိပြီဖြစ်ကာ သူမတို့ အဆက်အသွယ်မရှိတာက သုံးရက်ရှိသွားလေပြီ။သူ့ကို နည်းနည်း လွမ်းမိကြောင်း သူမ သတိထားမိလိုက်သည်။ ယခုချိန်မှာတော့ သူမတို့သည် ညီအကိုမောင်နှမတွေထက်ပိုပြီး ချစ်သူတွေ မဟုတ်ကြသေးပေ။


သူတို့ တွေ့ကြတဲ့အခါ လင်းရွှမ် ကို ဘယ်လိုသဘောထားရမလဲ…


သို့သော် ယခုတော့ လင်းရွှမ် နေကောင်းနေသည်ဆို၍ မသေသေးသဖြင့် လင်းယောင်ယောင် စိတ်သက်သာရာရသွားသည်။ ယခု လောလောဆယ် သူမအတွက် အရေးကြီးဆုံးက သူမ ပိုင်ဆိုင်သင့်သော နံပါတ်တစ်နေရာကို ပြန်လည်ရယူရန်ဖြစ်သည်။ပြန်လည်ရယူရာတွင်လည်း နည်းပညာအစ်ကို လုလင်းနှင့် လင်းရွှမ်ကို အားမကိုးဘဲ သူမ၏ကိုယ်ပိုင်ကျွမ်းကျင်မှုဖြင့်သာ ရယူချင်မိသည်။



xxxxxxx

Ei Thet Hmue