အခန်း၇၄
Viewers 8k

Chapter 74

(ပထမပြိုင်ပွဲမှ ပထမနေရာ)


ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲ ကို Star Network ၏ ပလက်ဖောင်းခွဲသုံးခုမှ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ ပထမအကြိုပြိုင်ပွဲ၏ ပထမရက်အနည်းငယ်သည် ပြိုင်ပွဲ၏ အပေါ့လျော့ဆုံးအချိန်ဖြစ်သောကြောင့် ပြိုင်ပွဲဝင်များသည် ဒရာမာများစွာကို ဖန်တီးပြီး ပရိသတ်များကို ဆွဲဆောင်ခဲ့သည်။ အရန်ကုထုံးပြိုင်ပွဲ တရားဝင်လက်ခံကျင်းပသည့် ပလက်ဖောင်းသည် မည်သည့်ဒရာမာမှမပါဝင်ဘဲ ပရိသတ်၏အာရုံစိုက်မှုနှင့် စိတ်အားထက်သန်မှုကို ဆွဲဆောင်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။


မဲပေးကာလ၏ နောက်ဆုံးရက်များတွင်သာ ပွဲစီစဉ်သူများ တရားဝင်လာရောက်ပြီး ပါဝင်သူအားလုံး၏ အချက်အလက်များကို သေချာစွာ စုံစမ်းစစ်ဆေးမည်ဖြစ်သည်။ အစောပိုင်းကာလများမှာ ပရိသတ်နှင့် ထိတွေ့မှုပိုရသူတွေထက်၊ တစ်ကယ်အရည်အချင်းရှိသူများက အဆင့်တက်လာနိုင်ပြီး အရည်အချင်းမရှိသူတွေလည်း မကြာခင် အဆင့်ကျဆင်းသွားပါလိမ့်မည်။


အစောပိုင်း လူကြိုက်များမှုသည် ဒယ်အိုးထဲတွင်လက်ခနဲ ထတောက်လိုက်သော မီးလျှံတစ်ခုမျှသာ ဖြစ်သည်။


ပြတ်ပြတ်သားသား ပြောရလျှင် မဲလိမ်ခြင်းဆိုသည်မှာ ပွဲစီစဉ်သူကပင် တိတ်တဆိတ်သဘောတူထားသည့် ကိုယ့်ကိုယ်ကိုယ် စျေးကွက်ချဲ့ထွင်ခြင်း နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ အရန်ကုထုံးပညာရှင်များသည် သူ တို့၏ ကျွမ်းကျင်မှုအပေါ်သာ အားကိုးမရပေ။ သူတို့ကိုယ်တိုင်လည်း မီးစင်ကြည့်ကတတ်ဖို့ သင်ယူရပေမည်။ ဤလောကတွင် ဤကိစ္စကို လူတိုင်းနားလည်ထားကြသည်။


ပလက်ဖောင်းသည် တရားမျှတသော်လည်း မမျှတသော ပြိုင်ဆိုင်မှု နည်းလမ်းများစွာလည်း ရှိတတ်သည်။ အကြွင်းမဲ့ တရားမျှတမှု မရှိချေ။ အကယ်၍ အခြားသူတစ်ဦးမှ လိမ်လည်ရန် ကူညီပေးပါက၊ မဲအတုများသာ နောက်ဆုံးတွင် ရှင်းသွားမည်ဖြစ်ပြီး ပြစ်ဒဏ်ပေးမည် မဟုတ်ပေ။ သို့သော် ပြိုင်ပွဲဝင်က မဲများကို လိမ်လည်ပြီး အတုလုပ်သည်ဟု ခိုင်လုံသော အထောက်အထားများ ရှိနေလျှင် အဝါကတ် ပြပြီး မဲ ၃၀ ရာခိုင်နှုန်း နုတ်ယူမှာဖြစ်သည်။


ပြိုင်ပွဲဝင်တစ်ဦးကို အခြားသူများက ချောက်ချ၊သူပုပ်လေလွင့်ပြော၊မကောင်းကြံထားကြောင်း ခိုင်လုံသော အထောက်အထားများရှိပါက အနီကတ်ပြမည်ဖြစ်ပြီး မဲ ၅၀ ရာခိုင်နှုန်းကို နုတ်ယူမည်ဖြစ်သည်။ အဆုံးတွင် စေ့စေ့စပ်စပ် တရားဝင် စုံစမ်းစစ်ဆေးလိုက်ပါက အမှန်တစ်ကယ် လွတ်မြောက်သွားနိုင်သည့် မှားယွင်းသော အချက်အလက်တို့မှာ အနည်းငယ်သာ ရှိသည်။သို့သော် လူတော်တော်များများကမူ ကံကောင်းနေကြဆဲပင်။


ကျန်းယန်ချောင်း လာဘ်ထိုးခဲ့သည့် အတွင်းလူ အတုပြုလုပ်ထားသော သူမ၏ အချက်အလက်များနှင့် ပတ်သက်၍ 100% မသေချာပေ။ သူမ၏ အစားအစာကို ပရိသတ်က ပိုမိုထိတွေ့မှုရရှိရန် နံပါတ်တစ်အဆင့်ကို ရက်အနည်းငယ်ကြာမျှသာ အားကိုးမျှော်လင့်ထားခဲ့သည်။ သူမ၏ ခွန်အားဖြင့် ပထမနေရာကို မဲအစစ်များဖြင့် ရယူနိုင်ပါက၊ အတုအယောင် အချက်အလက် အထောက်အထားကို မည်သူမှ ရှာမတွေ့နိုင်ပေ။


ကျန်းယန်ချောင်း ၏ မဲအတုများသည် လင်းယောင်ယောင် ၏ အဆင့်ကို သုံးရက်ဆက်တိုက် ကျော်နိုင်ခဲ့သည်။ ယခင်က လင်းယောင်ယောင် သည် သူမကို ဂရုမစိုက်ဘဲ မာနကြီးခဲ့သူဖြစ်၏။ ယခု အချိန်နည်းနည်းလေးသာ သည်းခံနိုင်လျှင်၊ မာနကြီးသည့် မိန်းကလေး၏ အရင်က အဖြစ်များကို ပြန်ဖော်ထုတ်နိုင်ပြီး အရှက်ကွဲပေလိမ့်မည်။


လင်းယောင်ယောင်သည် အစ်ကို လုလင်း မပါဘဲ၊ အရန်ကုထုံးပြိုင်ပွဲကျင်းပရေးမှူးထံ တိုက်ရိုက်သွားခဲ့သည်။ ပြိုင်ပွဲကျင်းပရေးမှူးအား သူမ မသိသော်လည်း ရှောင်ချီ က သိထားသည်။


ရှောင်ချီ သည် Star Network ၏ကုန်သည်များထဲမှ တစ်ခုဖြစ်သော ရှင်းထောင်ကုမ္ပဏီဥက္ကဌ ယွန်ကျဲ ၏ အငယ်ဆုံးသားဖြစ်သည်။ ရှင်းထောင်၏ လက်ရှိအုပ်ချုပ်သူ ယွန်လီ သည် ရှောင်ချီ ၏ အကြီးဆုံးအစ်ကိုဖြစ်သည်။


ပြိုင်ပွဲအစမှာ ရှောင်ချီ က သူမချက်ပြုတ်သည့် အစားအသောက်များကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးနေသူများအတွက် ကြော်ငြာချင်တာလားဟု မေးခဲ့သည်။ ထိုအချိန်က လင်းယောင်ယောင် ၏ အဖြေမှာ "No" ဖြစ်ခဲ့သည်။ ရှောင်ချီလို အသက်ငယ်ရွယ်သူအတွက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဝေဒနာခံစားရသည်မှာ ရှားသည်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရသူအများစုသည် အသက်ကြီးသူများသာ ဖြစ်သည်။


သူတို့သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ဖြစ်စေသော စစ်မြေပြင်များနှင့် ဒဏ်ရာများ ကြုံတွေ့ခဲ့ရသည်။ သူတို့ဘဝများမှာ အတော် နိမ့်ကျသည်။ သူတို့၏နာကျင်မှုကို သက်သာစေရန် တည်ငြိမ်သည့် အစားအသောက်ကုထုံးများ သို့မဟုတ် ဖြည့်စွက်အစားအစာဆိုင်များကိုသာအားကိုးကြသည်။ ကျောင်းသားများ အသစ်လုပ်ထားသော ဖြည့်စွက်အစားအစာများကို စမ်းကြည့်ရန် Star Network သို့ သူတို့ ဘယ်သောအခါမှ မသွားဖြစ်ပေ။


ထို့ကြောင့် လင်းယောင်ယောင် ပြုလုပ်သော ဖြည့်စွက်အစားအစာ သည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိသူများအတွက် အထူး ထိရောက်မှုရှိကြောင်း၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူများအား သူတို့၏ ဝိညာဉ်ရေးအဆင့်ကို ဖြည်းဖြည်းချင်း ပြန်လည်ကျန်းမာလာစေကြောင်းကို သိပ်မသိကြပေ။ လင်းယောင်ယောင် သည်လည်း ဤအချက်ကို သူမ၏ ဖြည့်စွက်စာ၏ အဓိက ရောင်းအားအဖြစ်လညး သုံးရမှန်းမသိခဲ့ပေ။ အရင်က သူမသည် ရှေးတရုတ်အစားအစာ ပုံစံကြောင့် ကျော်ကြားခဲ့သည်။ထိုစဉ်ကလည်း သူမ၏ လက်ရှိ ခွန်အားက အလွန်နည်းနေသေးသည်ဟုခံစားခဲ့ရဖူး၏။ ယခုမူ ထိုသို့မထင်တော့ပြီ။ လူတိုင်းက marketing လုပ်နေကြသည့်အတွက်၊ သူမလည်း လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။


ကျန်းယန်ချောင်း သည် သူမ၏ အစားအစာကို ပိုမိုသပ်ရပ်စွာ တင်ဆက်ကြောင်း ကြွားနိုင်ပြီး ၎င်းကိုသုံး၍ အဓိက အရောင်းရဆုံးနေရာအဖြစ် အသုံးပြုနိုင်သည်။ သူမပြုလုပ်သည့် ဖြည့်စွက်စာသည် အရသာရှိကာ ထိရောက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများအတွက် အထူးသင့်လျော်သည်။


ဘာလို့ မကြော်ငြာရမှာလဲ...


စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူတစ်ဦးသည် အပြင်းဖျားပြီး ပျက်စီးလုနီးနီး ဖြစ်နေပါက၊သူမ၏ ဖြည့်စွက်စာကို စားပါက လုံးဝ ပျက်ဆီးသွားမည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ရူးသွပ်နေပြီး စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေပါက၊ Star Network တွင် သူမပြုလုပ်သော ဖြည့်စွက်အစားအစာအနည်းငယ်ကို စားလိုက်လျှင် သူသည် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းဖြစ်မည်မဟုတ်တော့ချေ။


သူမ၏ အရည်အချင်းများကို လူတိုင်းသိအောင် ပြောပြမှသာလျှင် လူတွေက သူမဆီ လာကြပေလိမ့်မည်။ သူမ၏ အရည်အချင်းကို ဘယ်သူမှ မမြင်ပါက၊ သူမသည် ကျန်းယန်ချောင်း အောက်တွင် ရှိနေမည်ဖြစ်သည်။ ကျန်းယန်ချောင်း ၏ မှားယွင်းသော အချက်အလက်များကို မကြာမီ မဲအစစ်အမှန်ကို ပြန်ရောက်သွားမှာဧကန်ပင်။ ကျန်းယန်ချောင်း ၏ အကျင့်ယုတ်မှုကို ခံရသူတစ်ဦးအနေဖြင့် မကြာမီအချိန်အတွင်း ထိုသို့ဖြစ်လာလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။


ထို့နောက် လင်းယောင်ယောင် သည် ရှောင်ချီ ကို တိုက်ရိုက်ဆက်သွယ်ပြီး အချက်နှစ်ချက်ပြောခဲ့သည်။ ပထမအချက်၊ သူမသည် စျေးဝယ်ပလက်ဖောင်း၏ တရားဝင်ဝဘ်ဆိုဒ်တွင် နှစ်ရက်ကြာ ထိပ်တန်းပိုင်းမှ ကြော်ငြာနေရာကို ဝယ်လိုသည့် အကြောင်းကိုဖြစ်သည်။ သူမပြုလုပ်ထားသော ဖြည့်စွက်အစားအစာသည် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများအတွက် အထူးထိရောက်ကြောင်း မြှင့်တင်ရပေမည်။ သူမကသာ နံပါတ်တစ်ဖြစ်လိုသောကြောင့် လူတိုင်းကို ဆွဲဆောင်နိုင်ရမည်။


ဒုတိယအချက်အနေနှင့်၊ အရန်ကုထုံးပြိုင်ပွဲကို စီစဉ်သူများက ကျန်းယန်ချောင်း ၏ အချက်အလက်များကို အခုစစ်ဆေးဖို့ကိစ္စပင်။ ယခုလိုသိသာထင်ရှားသည့် လိမ်လည်လှည့်ဖြားမှုက သူမကို ဆက်လက်ဖိအားပေးမည့်အစား သူမ၏ ဟင်းလျာများကို ရက်အနည်းငယ်ကြာ ကြော်ငြာဖို့ လုံလောက်ပါလိမ့်မည်။ အကယ်၍ ကျန်းယန်ချောင်း သည် နောက်ဆုံးတွင် ပထမနေရာရခဲ့ပါက၊ သူမ နောက်ထပ် ဆီမီးဖိုင်နယ်အဆင့်တွင် မပါဝင်ချင်တော့ပေ။


အကယ်၍ အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်တွင် မူမမှန်သည့်ကိစ္စတစ်ခုကို ရှာမတွေ့ပါက သူမ ရယ်နေရုံသာ ရှိတော့သည်။ နည်းပညာပံ့ပိုးမှု ထိုအဆင့်လောက်လေးမှမရှိဘဲ၊ မည်သည့်အရန်ကုထုံးပြိုင်ပွဲကိုမှ ကျင်းပဖို့မသင့်ပေ။ မည်သူမဆို အကြံဆိုးထုတ်သုံးနိုင်သော်လည်း ချန်ပီယံ မိန်းကလေးလင်း ကို ဖိနှိပ်ရန် ကြိုးစားခြင်းသည် သေချောပေါက် ဒေါသကိုမထွက်ထွက်အောင် လာဆွနေခြင်းပင်။


သူမက အနိုင်ကျင့်လွယ်သူတစ်ယောက်လို ဖြစ်နေလို့လား....


ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲတွင် သူမသည် ပထမဆုရမည်ဟု တစ်ချိန်က ပြောခဲ့ဖူးသည်။သို့သော်လည်း သူမ ပထမ မရခဲ့လျှင်ပင် အဘိုးကြီးချိုက်သည် သူမကို လက်မလွှတ်နိုင်သလို ကျန်းယန်ချောင်း ကိုလည်း တပည့်အဖြစ် သတ်မှတ်မည်ဖြစ်သည်။ မစ္စတာချိုက် က မျက်မမြင်မဟုတ်ချေ။


လင်းယောင်ယောင် သည် တစ်ကြိမ်တည်းနှင့်၊ "ရှေးတရုတ်စားစရာအိမ်" တွင် ဒါဇင် သို့မဟုတ် ရာနှင့်ချီသော virtual ဖြည့်စွက်အစားအစာများကိုအကုန် ရောင်းချနိုင်၏။ ထို့ကြောင့် သူမ၏ အစားအသောက်များရောင်းချနိုင်ဖို့ စိတ်မပူပေ။သူမကလည်း ပိုက်ဆံကိုဂရုမစိုက်ပေ။


သို့သော် ရှောင်ချီသည် လင်းယောင်ယောင် ၏ ဆိုင်ကို စျေးဝယ်ပလက်ဖောင်းပေါ်ရှိ နံပါတ်တစ်နေရာအဖြစ် သတ်မှတ်ရန် ကိစ္စကို သူ့အနေနှင့်လက်မခံစရာ အကြောင်းမရှိချေ။ သူ၏ မပြည့်စုံသော ဝိညာဉ်ရေးနယ်ပယ်ကို ကုသရာတွင် အထောက်အကူဖြစ်စေရန် သူမဆီမှရေရှည် ဖြည့်စွက်အစာများ စားနေရခြင်းနှင့်ယှဥ်လိုက်ပါက ထိုလုပ်ရပ်က မပြောပလောက်ပေ။ ထို့ကြောင့်သူမ၏ တောင်းဆိုမှုကို သူ လုံးဝသဘောတူခဲ့သည်။


" စိတ်မပူပါနဲ့…အဲဒါတွေ အကုန် ကိုယ် ပိုင်ပါတယ်… ငွေပေးဖို့လည်း စိတ်မပူပါနဲ့...‌ ပေးစရာ မလိုဘူး...ဒါက win-win ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စလေ… မင်းအတွက် ကြော်ငြာပေးတာက ကိုယ်တို့မိသားစုရဲ့ စျေးဝယ်ပလက်ဖောင်းကို လူတွေ ပိုသ်ိလာအောင် ပိုဆွဲဆောင်နိုင်တယ်…ပြီးတော့ မင်းသာ ကိုယ့်ကို မကျေနပ်ရင် ကိုယ့်ကို ဖြည့်စွက်စာတွေ ကျွေးမှာ မဟုတ်တော့ ကိုယ် သေတဲ့အထိ ငိုသွားရဦးမယ်မလား...ဒီတော့ ကိုယ်လည်း မင်းချက်တဲ့ဖြည့်စွက်စာတွေ နောက်လည်း စိတ်ချလက်ချ စားနိုင်တာပေါ့"

ရှောင်ချီ အသုံးချခံရမှာကို မကြောက်ပေ။ သူအကြောက်ဆုံးက သူ့မှာ တန်ဖိုးမရှိ ဖြစ်နေမှာကိုပင်။ သူသည် လင်းယောင်ယောင် ဆီက ကျေးဇူးတရားကို မည်သို့ ပြန်ဆက်ရမည်ဆိုတာကို တွေးပြီး တွန့်ဆုတ်နေခဲ့ရ၏။ အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးမှသာလျှင် တည်ငြိမ်ပြီး ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ လင်းယောင်ယောင် က


"ရှင့်အစ်ကိုက ရှင့်ကို အလေးအနက်ထားရဲ့လား..ရှင် မပြောနိုင်ရင် ကျွန်မကို မိတ်ဆက်ပေးလို့ရတယ်...ကျွန်မ သူ့ကို သွားပြောလို့ရတယ်လေ"


ယွန် မိသားစုသည် ဧကရာဇ်မြို့တော်တွင် အချမ်းသာဆုံးဟု လူသိများသော်လည်း တစ်ကယ်တမ်းက အပြင်ပန်းအသွင်အပြင်သာဖြစ်သည်။


ဘယ်စစ်တပ်မိသားစုက ယွန် မိသားစုထက် ပိုအားမကြီးဘဲနေမှာလဲ…


လင်းယောင်ယောင် သည် ဤလောကသို့ ရောက်ရှိလာပြီးနောက် သူမ ဘယ်သူ့ကိုမှ အနိုင်မကျင့်ခဲ့ပေ။ သို့သော်လည်း၊ ထို့အတွက်ကြောင့် သူမကို အနိုင်ကျင့်ဖို့ လွယ်သည်ဟု မဆိုလိုဘဲ ဒေါသမရှိတတ်သူလည်း မဟုတ်ချေ။


"စိတ်မပူပါနဲ့…ကိုယ့် အဖေက အစ်ကိုထက် ကိုယ့်ကို ပိုချစ်တယ်...အစ်ကိုကလည်း သူ့ရည်းစားထက် ကိုယ့်ကို ပိုချစ်တယ်"


ရှောင်ချီ ၏ စိတ်စွမ်းအားသည် ငယ်စဉ်ကပင် ညီအစ်ကို နှစ်ယောက်သား ပြန်ပေးဆွဲခံခဲ့ရသောကြောင့် ပြဿနာများ ရှိခဲ့သည်။ ပြန်ပေးဆွဲသူများသည် ယွန်လီ ကိုသတ်ချင်သော်လည်း အစ်ကိုအကြီးဆုံးကို ကာကွယ်ရန်အတွက် ရှောင်ချီ သည် ပြန်ပေးဆွဲသူများရှေ့တွင် သူ၏ဝိညာဉ်ရေးနယ်ပယ်ကို အတင်းအကျပ် ပေါက်ကွဲစေခဲ့သည်။ အစ်ကိုအကြီးဆုံးကို ကယ်တင်ခဲ့သော်လည်း သူကမူ စိတ်ပိုင်းဆိုင်ရာ မပြည့်စုံမှုတစ်ခုဖြစ်သွားခဲ့ပြီး သူ၏ ဝိညာဉ်ရေးနယ်ပယ်မှာ လုံးဝပြိုလဲလုနီးပါးပင်။ထို့ကြာင့်၊ ယွန်လီ သည် ညီဖြစ်သူ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအတွက် အမြဲတမ်း အပြစ်ရှိသလို ခံစားရလေတော့သည်။


အရင်က ရှောင်ချီ သည် သူ့စိတ်စွမ်းအား C အဆင့်ရောက်သည်အထိ စောင့်ပြီးမှ အစ်ကိုအကြီးဆုံးကို surprise လုပ်မည်ဟု တွေးခဲ့၏။ထို့ကြောင့်၊ သူ၏ စိတ်စွမ်းအားသည် D မှ D+ သို့ ပြောင်းလဲသွားကြောင်း မိသားစုအား တစ်ခါမှ မပြောခဲ့ပေ။ လင်းယောင်ယောင် သည် သူ၏စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကို ကုသပေးနိုင်ကြောင်း ယွန်လီ သိပါက၊ ဤကျေးဇူးလေးကို မဆိုထားနှင့်၊ သူ၏ စည်းစိမ်ဥစ္စာကို စွန့်လွှတ်ရန် ဆန္ဒရှိပေလိမ့်မည်။


ထို့ကြောင့်၊ ကျန်းယန်ချောင်း သည် အဆင့်-၁တွင် သုံးရက်ကြာနေပြီးနောက်၊ ပြိုင်ပွဲ၏ ရှစ်ရက်မြောက်နေ့ မွန်းတည့်ချိန်တွင်၊ အရာရှိများသည် အပြီးသတ်စုံစမ်းစစ်ဆေးခြင်းအဆင့်သို့ ရှင်းရှင်းလင်းလင်း မရောက်သေးသော်လည်း သူမ၏မဲများသည် ရုတ်တရက်ကျဆင်းသွားကာ မူလအဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။သို့သော် သူမသည် သုံးရက်အတွင်း ပထမနေရာကို သိမ်းပိုက်ခဲ့ကာ အများက အာရုံစိုက်လာတာကြောင့် သူမ၏ အဆင့်သည့် လင်းယောင်ယောင် ၏ အချိုပွဲကိုကျော်၍ အဆင့်-၅ ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အချိုပွဲများကို လူများစွာက မနှစ်သက်ကြသောကြောင့်ပင်။ အထူးသဖြင့် အမျိုးသားစစ်သည်များသည် မြည်းတောင်မြည်းမကြည့်ကြပေ။


တရားဝင်အကြောင်းပြချက်မှာ ဌာနတွင်းဝန်ထမ်းတစ်ဦး၏ အမှားတစ်ခုကြောင့် ပြီးခဲ့သော သုံးရက်အတွင်း ပြိုင်ပွဲဝင်တစ်ဦး၏ အချက်အလက်များကို မှားယွင်းစွာ တွက်ချက်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ မဲအသစ်အရေအတွက်ကိုသာ တွက်ချက်မည်ဖြစ်သည်။ ယခုအခါ အချက်အလက်အစစ်အမှန်ကို ပြန်လည်ရရှိပြီးဖြစ်ကာ ဝန်ထမ်းအချို့လည်း အလုပ်ထုတ်ခံရပြီး မည်သည့်အခါမျှ ပြန်လည်ခန့်အပ်မည်မဟုတ်တော့ပေ။


ကျန်းယန်ချောင်း သည် ဝန်ထမ်းအဖွဲ့ဝင်အား လာဘ်ထိုးခဲ့ကြောင်း အရန်ကုထုံးပြိုင်ပွဲမှ တာဝန်ရှိသူက တိုက်ရိုက်သက်သေမပြခဲ့သဖြင့် သူမကို အဝါကတ်မပေးခဲ့သည့်အပြင် တရားဝင်ကြေငြာချက်တွင်လည်း သူမနာမည်ကို မဖော်ခဲ့ပေ။ ပိုင်းခြားသိမြင်သောမျက်လုံးရှိသူတိုင်း လွန်ခဲ့သည့်သုံးရက်ခန့်က ဒေတာပေါက်ကြားလာသည်ကို မြင်နိုင်မည်ဖြစ်၍ ယနေ့ အဆင့်ပြန်ကျသွားသူမှာ အစားအသောက်ကုထုံးအဖွဲ့မှ ကျန်းယန်ချောင်း ဖြစ်ကြောင်း သိကြပေမည်။ အထောက်အထားမရှိသော်လည်း၊ ဤအရာကို သူမ ကိုယ်တိုင်ပြုလုပ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း လူတိုင်းမြင်နိုင်သည်။


ကျန်းယန်ချောင်း က သူမ၏ ဟင်းလျာများကို ကြော်ငြာဖို့အတွက် ဝယ်ယူခဲ့သော ပို့စ်များသည် ယခုအခါ ခိုင်လုံသော အထောက်အထားများ ဖြစ်လာခဲ့သည်။ သူမကို မဲလိမ်သည့်အတွက်နှင့်၊လုံအောင်ဖုံးနိုင်စွမ်းမရှိသည့်အတွက် တုံးအ,ကြောင်း အားလုံးက လှောင်ပြောင်နေကြသည်။ ဤအရာများ ဖြစ်ပျက်နေစဉ်၊ နောက်ဆုံးမဲစာရင်းမထွက်မီ ကိုယ်ပေးထားသော မဲများကို သုံးကြိမ်အထိ ပြန်နုတ်ယူခွင့်ရှိသောကြောင့် သူမ၏ မဲများသည် ဇောက်ထိုးဖြစ်သွားတော့သည်။


စုချင်းဟယ် ၏ အတုမဲများသည်လည်း ရှင်းလင်းခံရပြီဖြစ်သည်။သို့သော်လည်း၊ မဲအတုများကို ရှင်းပြီးလျှင်တောင် သူမက ပထမနေရာမှာ ရှိနေပါသေးသည်။


နောက်ကွယ်မှာ၊ ကျောက်မင်ရု သည် စုချင်းဟယ် မှာ မနာလို၍ လုပ်ကြံခံရကြောင်း အထောက်အထားကို ဖြည်းညှင်းစွာ ထုတ်ဖော်နိုင်ခဲ့သည်။ သို့သော် ယန်မိသားစုနှင့် မျက်နှာမပျက်စေရန်၊ ယန်ယိဖေး နှင့် ဝူလီလီ တို့မျက်နှာကို ထုတ်ဖော်ပြသရာတွင် ပန်းချီပုံတူများကိုသာ သုံးခဲ့သည်။ သို့သော်၊ အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်သို့ပေးပို့ခဲ့သောမိတ္တူနှင့် စစ်ပညာရေးအကယ်ဒမီ၏ စာတိုက်ပုံးကိုပို့ရာတွင်မူ တစ်ကယ့်မျက်နှာအစစ်ကိုသာ ပို့ခဲ့၏။


ယန်ယိဖေး နှင့် ဝူလီလီ တို့သည် ကြက်ကို အောင်မြင်စွာ မခိုးနိုင်ခဲ့သော်လည်း အရန်ကုထုံးပြိုင်ပွဲနှင့် စစ်ပညာရေးအကယ်ဒမီ၏ ပြစ်ဒဏ်အဖြစ် အနီကတ်ပြခံခဲ့ရသည်။


ယန်ယိဖေး သည် သူမ၏ မိသားစု နောက်ခံကို အားကိုးခြင်းဖြင့် ဤပြဿနာများကို ဖြေရှင်းနိုင်ဆဲဖြစ်သော်လည်း အမှန်တကယ် ရရှိသည့် မဲအရေအတွက်မှာ ထက်ဝက်ခန့် လျော့ကျသွားခဲ့သည်။ အရန်ကုထုံးပြိုင်ပွဲတွင် တရားဝင်အနီကတ်ထုတ်ခံရခြင်းအတွက် အရှက်မကွဲရန် သူမ၏မဲများကို တစ်ခြားတစ်ယောက်က အတုလုပ်ခိုင်းထားကြောင်း မိသားစုက သတင်းလွှင့်ခဲ့ကြ၏။


ဝူလီလီ မှာလည်း သိပ်ကံမကောင်းခဲ့ပေ။ အနီကဒ်သည် သူမ၏ ဇာတိရုပ်မှန်အားလုံးကို ထုတ်ဖော်ပြသခဲ့ပြီး သူမသည် အခြားသူများ၏ မဲကို အတုအယောင်ပြုလုပ်သည့် ရက်စက်ကြမ်းကြုတ်သော လူကြမ်းတစ်ဦးဖြစ်ကြောင်း အားလူံ သိသွားကြလေ၏။ထို့ကြောင့်၊ ထိပ်တန်း 20 စာရင်းဝင် သူမသည် အနီကတ်ကြောင့် မဲတစ်ဝက် ဆုံးရှုံးရုံတင်မကဘဲ မူလက သူမကို ထောက်ခံသူ အများအပြားကလည်း သူတို့ မဲများကို ပြန်နုတ်သွားကြသည်။


"ဝါး… ဉာဏ်ကြီးရှင် အစားအသောက်ကုထုံးပညာရှင် ကျန်းယန်ချောင်း က ဝန်ထမ်းတွေကို မဲအတုလုပ်ဖို့ လာဘ်ထိုး နေတယ်ထင်တယ်"

"ကျောင်းသားသစ် ဖလားမှာ စုချင်းဟယ် ကို ကောင်မလေး နှစ်ယောက်က မကောင်းကြံကြတာလေ... ဝူလီလီ ပြီးတော့ ကျန်တဲ့တစ်ယောက်က ဘယ်သူပါလိမ့်"


ယခုအချိန်မှာ လူတိုင်း ဤအကြောင်းကို ပြောနေကြသည်။ သို့သော် Star Network မှလူများသည် ထိုအရာများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိဘဲ အခြားအရာတစ်ခုကို အာရုံစိုက်နေကြ၏။ စျေးဝယ်ပလက်ဖောင်း၏ တရားဝင်ဝဘ်ဆိုဒ်နှင့် အရန်ကုထုံးပြိုင်ပွဲတွင် အထင်ရှားဆုံး အကြံပြုထားသော ကြော်ငြာတစ်ခုသည် ရင်းနှီးပြီးသားဟင်းပွဲငါးမျိုးကို ပြသနေသည်။ ကြော်ငြာဆောင်ပုဒ်မှာ-


"ဝိညာဉ်ရေးရာနယ်ပယ်ရဲ့ မပြည့်စုံမှုကို ကုစားနိုင်တဲ့ ဖြည့်စွက်အစာ...သက်သာစေဖို့မဟုတ်ဘူးနော်...ကုသပေးဖို့အတွက် အရမ်းကိုကောင်းမွန်ပါတယ်"


၎င်းသည် ချဲ့ကားထားသည့် အသုံးအနှုန်းဖြစ်သော်လည်း ရေရှည်သုံးစွဲပါက အမှန်တစ်ကယ်ပင် ကုသပေးနိုင်သည်။ ရှောင်ချီ က ၎င်းကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုခဲ့ပြီးသား ဖြစ်သည်။


အရန်ကုထုံးပြိုင်ပွဲပလက်ဖောင်း၏ တရားဝင်ဝဘ်ဆိုဒ်ရှိ အရန်အစားအစာသည် ကုထုံးအကျိုးသက်ရောက်မှုကို 99% အထိ သက်ရောက်နိုင်သည့် အဆုံးမရှိပုံတူနည်းပညာကို သုံးထားသည်။




xxxxx


Ei Thet Hmue