အခန်း၇၅
Viewers 8k

Chapter 75

(ဧရာမ အင်းဆက်ကြီးများ)



လင်းယောင်ယောင် ပြုလုပ်သော ဖြည့်စွက်အစားအစာကိုစားပြီးနောက် စိတ်ပိုင်းဆိုင်ရာပျက်စီးသူများ၏ အကျိုးသက်ရောက်မှုသည် အခြားဖြည့်စွက်အစားအစာများထက် ဆယ်ဆပိုကောင်းကြောင်း ရှင်းရှင်းလင်းလင်းခံစားရနိုင်သည်။ အများအားဖြင့်၊ စိတ်ပိုင်းဆိုင်ရာ နယ်ပယ် ပျက်စီးနေသူများသည် လက်တွေ့တွင်ဖြစ်စေ သို့မဟုတ် Star Network ရှိ ဖြည့်စွက်အစားအစာဖြစ်စေ အများဆုံး 1% မှ 5% အထိသာ စုပ်ယူနိုင်သည်။ အကျိုးသက်ရောက်မှုက အလွန်သေးငယ်သည်။ သို့သော် ခေါင်းကိုက်ခြင်းကို အနည်းငယ်သက်သာစေပြီး စိတ်စွမ်းရည် ယိုယွင်းလာမှုကို ပိုမိုကာကွယ်ရန်အတွက် အချိန်အကြာကြီး စားသုံးရန် လိုအပ်သေးသည်။ သူမ ပြုလုပ်သော ဖြည့်စွက်အစာများကို စားသုံးလိုက်ပါက၊ လူကို တစ်ကြိမ်တည်းဖြင့် မကုသနိုင်ပေ။


သို့သော် ဤကြော်ငြာဆောင်ပုဒ်ဖြင့် ဆွဲဆောင်ခံရသော စိတ်ပိုင်းဆိုင်ရာ ပျက်စီးနေသူများသည် ကုသနိုင်သည်ဆိုသော မျှော်လင့်ချက်ကို မြင်လာကြသည်။ တစ်ကြိမ်တည်းနှင့် ကုသနိုင်သည့် မည်သည့်ဆေးမဆို နောက်ပိုင်းမှာ သိပ်စိတ်မချရပေ။ ပြီးလျှင်၊ အရာအားလုံးကို အဆင့်ဆင့်လုပ်ဆောင်မှသာ ကောင်းပေသည်။


လူတိုင်း ရုတ်တရက် ဆူပွက်သွားပြီး လင်းယောင်ယောင် ၏ "ရှေးတရုတ်စားစရာအိမ်" တွင် ဟင်းပွဲအသစ်များထပ်ထည့်ရန် တောင်းဆိုခဲ့ကြသည်။ သူမ၏ virtual ဖြည့်စွက်အစားအစာများ၏ အကျိုးသက်ရောက်မှုများကိုသူတို့ကိုယ်တိုင်စမ်းကြည့်ချင်ကြသည်။ လက်တွေ့ဘဝမှာသာ ထိုကဲ့သို့သော ဖြည့်စွက်စာများကို စားသုံးနိုင်လျှင် အလွန်ကောင်းမည်ဖြစ်သည်။


စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများနှင့် စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပျက်စီးသူများသည် ဖြည့်စွက်စာများကို အချိန်ကြာမြင့်စွာ စားသုံးရသည်။ ထို့ကြောင့် ဖြည့်စွက်စာသည် အရသာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စားသုံးရ‌ေပမည်။ တစ်ကယ်တမ်း သူတို့အတွက် အစားအသောက်မှာ ဆေးသောက်သည်နှင့် အတူတူပင်။


သို့သော် ယနေ့တွင်၊ သာမန်အစားအစာများထက် များစွာပိုအရသာရှိသော အစားအစာများကို စားခွင့်ရကြ‌ေသာ်လည်း ဖြည့်စွက်စာအများစုထက် ဆယ်ဆပိုကောင်းသည့် ကုသရေးအာနိသင်ကို ရရှိခဲ့ကြသည်။ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူ အများအပြားသည် ငိုချင်လောက်အောင်ပင် ပျော်ရွှင်နေကြ၏။ အရသာ၏ အဆုံးစွန် ကောင်းမွန်ခြင်းကြောင့်သာမက နောက်ဆုံးတွင် ကုသနိုင်မည်ဆိုသော မျှော်လင့်ချက်ကြောင့် ပို၍အားတက်ရသည်။


တရားဝင်ဝဘ်ဆိုဒ်ရှိ ကြော်ငြာသည် မှားယွင်းသော စျေးကွက်ချဲ့ထွင်မှုမဟုတ်ကြောင်း အတည်ပြုရန်အတွက် လင်းယောင်ယောင် သည် "ရှေးတရုတ်စားစရာအိမ်" တွင် အရန်ကုထုံးအသစ်တစ်ခုကို ထည့်သွင်းရုံသာမက စျေးဝယ်ပလက်ဖောင်းကိုလည်း စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပျက်စီးနေသူများကိုသာ ရောင်းချရန် ကန့်သတ်ထားသည်။ ဝယ်ယူထားသော မှတ်တမ်းများပေါ်တွင် အခြေခံ၍ ပျက်စီးနေသော ဝိညာဉ်ရေးနယ်ပယ်ရှိသူ လူတစ်ဦးလျှင် တစ်ကြိမ်သာဝယ်ယူရန် ကန့်သတ်ထားသောကြောင့် လက်ဦးသူသာ အရင်ဦးဆုံး စားရပေမည်။ ရာနှင့်ချီသော စမ်းသပ်ကြည့်သူများသည် ဤအခွင့်အရေးကို ရယူနိုင်ခဲ့ကြသည်။


Star Network တွင် ကုသရေးအာနိသင်က အားနည်းခဲ့သော်လည်း၊ ကုထုံးအကျိုးသက်ရောက်မှုသည် ထွင်လုံးတစ်ခုသာမကဘဲ အမှန်တစ်ကယ်အသုံးဝင်ကြောင်း သက်သေပြခဲ့သည်။ ထို့အပြင်၊ လက်တွေ့ဘဝတွင်လည်း Star Network တွင်ထည့်သွင်းထားသော ဟင်းငါးမျိုးအပေါ်အခြေခံ၍ ဖြည့်စွက်အစားအစာများကို ထုတ်လုပ်ခဲ့သေးသည်။ စိတ်ပိုင်းဆိုင်ရာ ပျက်စီးနေသော ဧကရာဇ်မြို့တော်မှ လူအယောက်နှစ်ဆယ်အား အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်မှ ကျပန်းရွေးချယ်ခဲ့သည်။ သူတို့သည် အရသာမြည်းကြည့်ရန် ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ သို့ လာရောက်ကြပြီး ကောင်းမွန်ကြောင်း သက်သေခံချက်ပေးမည်ဖြစ်သည်။ ရွေးချယ်ခံရသူများသည် မြည်းကြည့်ပြီးသောအခါ အလွန်ကံကောင်းသလို ခံစားရသည်။


လင်းယောင်ယောင် ဖန်တီးထားသော အစားအစာသည် Star Network တွင် သူတို့ စားကြည့်သော အစားအစာများထက် လက်တွေ့တွင် ပို၍ အရသာရှိပြီး ထိရောက်ကြောင်း အားလုံးက ပြောကြသည်။ အရေးအကြီးဆုံးက၊ 100% စုပ်ယူမှု ရှိနေခြင်းပင်။


အစားအသောက်ကုထုံး သုတေသနသစခန်း မှ ထိပ်တန်း ကျွမ်းကျင် အစားအစာ ကုထုံး ပညာရှင်များသည် သူမအား တိုက်ရိုက် တပည့်အဖြစ် ကြိုတင်စာရင်းသွင်း ထားသည့် ချိုက်ယူဟုန် ကို မနာလိုမုန်းတီး ခဲ့ကြသည်။ မစ္စတာချိုက် သည် လွန်ခဲ့သည့် နှစ်ရက်အတွင်း အတော်လေး ဩဇာကြီးလာ၏။အကြောင်းမှာ၊ မာစတာအဆင့် အစားအသောက် ကုထုံးပညာရှင်တစ်ဦးအနေဖြင့် သူ၏ကိုယ်ပိုင်အောင်မြင်မှုကြောင့် မဟုတ်ဘဲ လူတိုင်းထက်သာလွန်မည်ဟု ရည်မှန်းထားသော အလုပ်သင်တစ်ဦးရှိတော့မည် ဖြစ်သောကြောင့်ပင်။


လင်းယောင်ယောင် ၏ ခိုင်မာသော မိသားစုနောက်ခံကြောင့် မဟုတ်ပါက၊ ရာထူးကြီးမြင့်သော စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများစွာသည် သူမကို သူတို့၏ သီးသန့် အစားအသောက် ကုထုံးပညာရှင်အဖြစ် လုပ်ပေးရန် အတင်းအကြပ် တွန်းအားပေးလိုကြသည်။ သူမသည် မူလက မျိုးဆက်သစ် ရှေးတရုတ် အစားအစာလက်ထောက် ကုထုံးပညာရှင် တစ်ဦးမျှသာ ဖြစ်သည်။ ယခုအချိန်တွင် သူမသည် ရာနှင့်ချီသော စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများအတွက် ကုသပေးနိုင်ရန် မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့သည်။ သူမ၏ တန်ဖိုးက အလွန်တိုးတက်မြင့်မားလာသည်။


ကျောင်းသားသစ်ဖလား ပြိုင်ပွဲ၏ အကြိုပထမအသုတမပြိုင်ဆိုင်မှုတွင် သူမလို နာမည်ကြီးအောင်လုပ်နိုင်သူမှာ ယခင်က မရှိခဲ့ဖူးပေ။ ဤကိစ္စသည် အင်ပါယာတစ်လျှောက်လုံးတွင် ပြင်းထန်သော ဆွေးနွေးမှုများကို နှိုးဆွခဲ့သည်။ တခြားနိုင်ငံများကတောင် သူမ၏ အစားအစာကို မြည်းစမ်းကြည့်ဖို့ လာနေကြပြီဖြစ်သည်။ထိုအစားအသောက်များက တစ်ကယ့်လက်တွေ့မှာ မှော်ဆန်သလားဆိုသည်ကို သူတို့ကိုယ်တိုင် မြင်ချင်ကြသည်။ ထိုကိစ္စမှာ စစ်မှန်ကြောင်းကို အတည်ပြုပြီးနောက်၊ နယ်စပ်ဖြတ်ကျော်လာသော နိုင်ငံခြားမိတ်ဆွေများပင်လျှင် အင်ပါယာတစ်ခုလုံးကို မနာလို ငြူစူခဲ့ကြသည်။


သူတို့နိုင်ငံမှာ ဘာကြောင့် ဒီလိုအရသာရှိတဲ့ ဖြည့်စွက်စာတွေ မရှိတာလဲ...သူတို့ရဲ့ ထက်မြက်တဲ့ အစားအသောက်ကုထုံးဆရာ ဘယ်မှာလဲ...


သူတို့လည်း ပြန်လာပြီးနောက် မိမိတို့နိုင်ငံ၌ အစားအသောက်ကုထုံးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် လျှို့ဝှက်ဆုံးဖြတ်ခဲ့ကြသည်။ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများအပြင် လင်းယောင်ယောင် ထံသို့ လာရောက်ကြသော သာမန်မြည်းစမ်းကြည့်သူ အရေအတွက်မှာလည်း အလွန်တိုးများလာသည်။ သူတို့သည် စိတ်ပိုင်းဆိုင်ရာနယ်ပယ်တွင် ပြဿနာမရှိသော်လည်း အံ့သြဖွယ်အရသာနှင့် အလွန်ကောင်းမွန်သော ကုထုံးအကျိုးသက်ရောက်မှုကြောင့် အတော်ပင် သဘောကျသွားကြသည်။


ထို့ကြောင့်၊ ပြိုင်ပွဲတွင် လင်းယောင်ယောင် ၏ ဟင်းငါးပွဲအတွက် မဲအရေအတွက်သည် ပြီးခဲ့သည့် နှစ်ရက်အတွင်း မြင့်တက်လာခဲ့ပြီး အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ မဲအရေအတွက်အနည်းဆုံးဖြစ်သော အချိုပွဲ သရက်သီးနှင့်ကျွဲကောသီး ဖျော်ရည်ကပင် ကျန်းယန်ချောင်း ကို ကျော်တက်နိုင်လောက်အောင် မဲများလွန်းခဲ့သည်။ ထို့နောက် ကျန်းယန်ချောင်း ရရှိသောမဲအရေအတွက်ထက် အဆများစွာ တိုးပွားလာတော့သည်။


ဆယ်ရက်အကြာတွင် ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲ မဲပေးခြင်းကို တရားဝင်ပိတ်သိမ်းခဲ့သည်။


လင်းယောင်ယောင် သည် အစားအသောက် ကုထုံးအဖွဲ့တွင် အံ့အားသင့်ဖွယ် ပထမနေရာကို ရရှိခဲ့လေသည်။ ကျန်းယန်ချောင်း သည် သူမ၏ မဲလိမ်လည်မှုအရှုပ်တော်ပုံကြောင့် ဂုဏ်သိက္ခာကျဆင်းခဲ့သည်။ထို့ကြောင့် လင်းယောင်ယောင်၏ ပြီးပြည့်စုံသော တန်ပြန်တိုက်စစ်က အောင်နိုင်ခဲ့ပေသည်။

ထို့နောက် ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ်သည် ဆီမီးဖိုင်နယ်အတွက် ပြိုင်ပွဲစည်းမျဉ်းများကို နှစ်ရက်အကြာတွင် ကြေညာမည်မဟုတ်သေးပေ။


လင်းယောင်ယောင် သည် ဤပထမပွဲစဉ်နှင့်တင် လူစုလူဝေးအား လွှမ်းမိုးနိုင်စွမ်းကို ပြသခဲ့သည်။ အံ့သြစရာမဟုတ်ပေ။ သူမ၏ ချန်ပီယံ ဖြစ်နိုင်ခြေက သံသယဖြစ်ဖွယ်မရှိ။ ကိစ္စများအားလုံး ငြိမ်သက်သွားသော်လည်း သူမ စိတ်မချနိုင်သေးပေ။ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ နောက်ဆုံးပေါ် ပင်မတိုက်ပွဲဝင် အာကာသယာဉ်ကို အောင်မြင်စွာ စမ်းသပ်မှုနှင့် ပတ်သက်၍ စစ်မက်ရေးရာသတင်းများသည် Star Network စစ်ဘက်ဆိုင်ရာ ပလက်ဖောင်းပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် လင်းရွှမ် ထွက်ခွာသည်က ငါးရက်ကြာပြီးနောက် မက်ဆေ့ချ် ရရှိခဲ့သည်။


"အဘိုးက မင်းကို ကျောင်းနဲ့နီးတဲ့ အိမ်တစ်လုံးပေးတယ်လို့ ကြားတယ်… ဒီည ညစာစားဖို့ မင်းဆီ လာမယ်...,ဟင်းချက်ထားနော်"


လင်းယောင်ယောင် က ပြန်ဖြေချင်မိသည်က...


အစ်ကိုကြီးက ညီမ ချက်ထားတဲ့ ဟင်းလျာတွေကိုပဲ စားချင်နေတာလား...


သူမ စာတစ်ဝက်ကို ရိုက်ပြီးနောက် ပြန်ဖျက်လိုက်သည်။ ထိုမေးခွန်းက ရှင်းရှင်းလင်းလင်းကြီးဖြစ်နေလွန်းသည်။ထို့နောက် သူက နောက်ထပ် မက်ဆေ့ခ်ျအသစ်တစ်ခု ပို့လာပြန်၏။


"ကိုယ်ကမင်းကိုပိုလွမ်းပါတယ်"


တစ်ဖက်က လင်းရွှမ် လည်း စာလုံးအချို့ကို ထပ်ဖျက်လိုက်ပြန်၏။


"ကိုယ့်လည်း မင်းကို ဖက်ချင်တယ်… နမ်းချင်တယ်"


သူ သည့်ထက် ပိုတွေးနေမိသော်လည်း လင်းယောင်ယောင် က သူ့ဖြစ်တည်မှုကို လက်ခံခါစဖြစ်ပြီး ရံဖန်ရံခါ ကတ်ကတ်လန်အောင် တုံ့ပြန်တတ်သည်။ ထိုကြောင့် သေးသေးကွေးကွေးနှင့် ရှက်တတ်သည့် ကလေးမလေးကို အချိန်တစ်ခု ပေးရမည်ဖြစ်သည်။


လင်းရွှမ် ပြန်ရောက်သည့်နေ့မှာ လင်းယောင်ယောင် အတန်းတက်ရမည့် နေ့ဖြစ်သည်။ ပုံမှန်အားဖြင့်၊ နေ့လည်ပိုင်း ဓာတ်ခွဲခန်းတွင် ကျောင်းမဆင်းမီ ချိုက်ယူဟုန်၊ စီနီယာအစ်ကို ချိုက်မူပိုင် နှင့် စီနီယာအစ်မ ရန်နင် တို့နှင့်အတူ ညစာစားလေ့ရှိသည်။ သို့သော် ယနေ့၊ အတန်းပြီးခါနီးတွင် သူမသည် စမ်းသပ်မှုပြုလုပ်ရာစားပွဲကို သန့်ရှင်းရေးလုပ်ကာ ခါးစည်းကို ချွတ်လိုက်သည်။


ယနေ့၊ သူမ၏ သင်တန်းသည် အဆင့်နိမ့်အသားပါဝင်ပစ္စည်းများကို စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များဖြင့် စီမံလုပ်ဆောင်ရန် ကြိုးစားခြင်းဖြစ်သည်။ အာနိသင်က သိပ်မကောင်းသော်လည်း သိပ်မဆိုးပေ။ နောက်ဆိုလျှင်၊သူမသည် အရန်ဟင်းချက်ပစ္စည်းများအဖြစ် သတ်သတ်လွတ် ဟင်းသီးဟင်းရွက်များကိုသာ အားကိုးနေရန် မလိုအပ်ပေ။ ထို့အပြင်၊အရန်ကုထုံးအကျိုးသက်ရောက်မှုနှင့် သူမ၏ ချက်ပြုတ်မှုအဆင့်ကို များစွာမြှင့်တင်နိုင်မည်ဖြစ်သည်။


လင်းယောင်ယောင် သည် စိတ်စွမ်းအင်သုံး၍ ပြုတ်ထားသော အမဲသားကို ဖယ်ထုတ်ကာ အစားအစာသေတ္တာထဲတွင် ထည့်ထားလိုက်သည်ကို ထိုအဆင့်တွင် တွေ့ပြီး သူ ထူးဆန်းသလို ခံစားလိုက်ရ၏။


"မင်းရဲ့ သွေးစပျစ်နွယ်ပင်လေးက ဒီနေ့ ဒီမှာမစားချင်လို့ မင်း ဒီမှာ ညစာမစားတာလား... ငါ မင်းလုပ်ထားတဲ့ အမဲသား ပြုတ်ကို စားချင်သေးလို့"


ချိုက်ယူဟုန် သည် အလွန်တော်သော မာစတာတစ်ဦး ဖြစ်သော်ငြားလည်း လုံး၀ အစားကြူးသူဖြစ်သည်။ သူ၏ အလုပ်သင် မဖြစ်တဖြစ်ကလေး၏ အရသာရှိသော အစားအစာများကို လက်လွတ်မခံဘဲစားတတ်ကာ အစပ်များလည်း အတင်းစားလာတတ်၏။ လင်းယောင်ယောင် သည်လည်း သာမာန်အချိန်များတွင် အလုပ်များခြင်းမရှိသောကြောင့်ဆရာဖြစ်သူအား ပျော်ရွှင်စွာ ဂုဏ်ပြု ကျွေးမွေးတတ်သည်။ သို့သော်ယနေ့ကမူ တခြားလုပ်စရာတွေရှိနေသဖြင့် ကျွေးမွေးဖို့ မဖြစ်နိုင်တော့ပေ။


"ဒီနေ့ ကျွန်မ လုပ်စရာရှိတယ်…ဆရာက အမြဲ ကျွန်မ ဟင်းချက်ရင် ကြည့်နေတတ်တယ်ဆိုတော့ ကိုယ့်ဘာကိုယ် ချက်စားလိုက်ပါလား…မဟုတ်ရင်လည်း ကျွန်မရဲ့ အစားအသောက်ကုထုံးဆိုင်မန်နေဂျာ ဖုယင်းက အကုန်သိထားတယ်လေ…ဆရာ့က အရမ်းကို ဇီဇာကြောင်တယ်ဆိုတော့ ဆရာ့ရဲ့ ဟင်းချက်စကေးကို ပိုကောင်းအောင်လုပ်သင့်တယ်"


အဘိုးကြီးချိုက် သည် ရှုံ့မဲ့နေကာ..


"... မင်းက ငါ ဟင်းချက်တာကို အပြစ်ရှာရဲတဲ့ သူ တစ်ယောက်ပဲလေ… ငါ အခုမှ ဟင်းချက် ပိုကောင်းလာတာ မဟုတ်လား... နောက်မှပဲ အမဲသားစမ်းပြုတ်ကြည့်‌တော့မယ်"


လင်းယောင်ယောင် က သူ့ဘေးမှ စွပ်ပြုတ်အိုးထဲရှိ ငါးဟင်းကို လက်ညှိုးထိုးပြပြီး


"ဒါက အားပိုင် အတွက်ပါ… လုံးဝမစပ်ပါဘူး…ဒါကြောင့် ဆရာ လျှော့စားသင့်တယ်"


နောက်ဆုံးစကားတစ်ခွန်းက သူ့အိမ်မွေးတိရစ္ဆာန်ဆီက အမြဲလုစားတတ်သည့် ဆရာ ချိုက်ယူဟုန် ၏ အရှက်ကင်းမဲ့သော အပြုအမူကို ဖော်ထုတ်ပြခဲ့၏။အဘိုးကြီး ဒေါသတကြီးနှင့်


"...ဘာလို့ ဒီလိုပြောရတာလဲ...ငါက မင်းရဲ့ ဆရာပဲလေ..အားပိုင် ကလည်း မင်းရဲ့ အိမ်မွေးတိရစ္ဆာန်မဟုတ်ဘူး...ကလေးမစုတ်"


လင်းယောင်ယောင်ကလည်း ထိုအကြောင်းကို လေးလေးနက်နက် စဉ်းစားပြီး တွေးဆဆပြောလိုက်သည်။


"... အားပိုင် က ဆရာ့ထက် ပိုချစ်စရာကောင်းလို့များလားမသိဘူးနော်..."


နူးညံ့သိမ်မွေ့ပြီး ချောမောသော အန်ကယ်ကြီး ဖြစ်ရခြင်းအတွက် သူ့ကိုယ်သူ ဂုဏ်ယူနေသော ချိုက်ယူဟုန် သည် အလွန်ဒေါသထွက်နေတော့သည်။


သူက တစ်ကယ်ပဲ ကြောင်တစ်ကောင်ထက် ဘယ်လိုမှ ပိုချစ်စရာ မကောင်းဘူးလား...


လင်းယောင်ယောင် ထွက်သွားသောအခါ သူ ရုတ်တရက် အတွေးပေါက်လိုက်၏။ - ခဏနေဦး၊ ဟင်းချက်ကောင်းသည့် ငါ့တပည့်လေးက အိမ်မွေးကြောင် အားပိုင် နဲ့ အတူတူ ပေးမစားချင်ဘူးလား... ဒါဆို အားပိုင် ထက် ပိုချစ်စရာကောင်းအောင် ငါက ဘာသွားလုပ်ရမှာတဲ့လဲ...

လင်းယောင်ယောင် သည် သွေးစပျစ်နွယ်ပင်ကလေးကို ယူပြီးနောက် ဝေ့ယွမ် ပေးထားသော ဇိမ်ခံအမြန်ကားဖြင့် ကားကို အဘိုး လင်း ပေးခဲ့သော ကျောင်းဝင်းအပြင်ဘက်ရှိ အိမ်ဆီသို့ မောင်းသွားခဲ့သည်။ စစ်ကျောင်းဝင်းရှိ အစည်ကားဆုံး စီးပွားရေးလမ်းကို ဖြတ်၍သွားပါက ဆယ်မိနစ်သာကြာသည်။


မြို့တော်၏ ဆင်ခြေဖုံးရှိ အဆင့်မြင့်လူနေရပ်ကွက်သို့ ရောက်သောအခါတွင်၊ သူမသည် ဗို့အားမြင့်အကာအကွယ်နံရံ အပြင်ဘက်ရှိ စကန်နာတွင် မျက်နှာပြလိုက်ပြီး အိမ်ထဲကို အတားအဆီးမရှိ ဝင်ရောက်ခဲ့သည်။ မြေပုံလမ်းညွှန်ချက်အတိုင်း သွားကြည့်လိုက်ရာ ဥယျာဉ်ငယ်တစ်ခုပါရှိသည့် အနောက်တိုင်းပုံစံ နှစ်ထပ်အိမ်ငယ်လေးကို တွေ့ရသည်။ လင်းယောင်ယောင် သည် စက်ရုပ် အိမ်ထိန်းကို အဝေးမှ ကြိုဖွင့်ထားသောကြောင့် ယခု အိမ်အား သန့်ရှင်းရေးလုပ်ပြီးဖြစ်သည်။ မှာယူထားသော ပါဝင်ပစ္စည်းများကိုလည်း channel မှတစ်ဆင့် အိမ်အရောက်ပို့ဆောင်ပေးထားသည်။ ထို့နောက် သူမသည် ညစာအတွက် တရုတ်စတိုင်အကင်၊ ကိုလာကြက်တောင်ပံ၊ ချိုချဉ်ဝက်နံရိုး၊တို့ဟူးဟင်း၊ ငါးအရသာ ထမင်းဖြူနှင့် ရွှေဖရုံသီးဟင်းချိုများကို ပြင်‌ဆင်ထားလိုက်၏။ ဟင်းပွဲများ အဆင်သင့်ဖြစ်ချိန်မှာ ည ခုနစ်နာရီ ထိုးနေပြီဖြစ်သညိ။ဟင်းများအေးသွားမှာစိုး၍ အပူကာ ထမင်းဟင်းဘူးကြီးထဲတွင် ထည့်ထားခဲ့သည်။


လင်းရွှမ် က 6နာရီ၊7နာရီ ခန့်တွင် ရောက်လာနိုင်သည်။ အခုတောင် 7နာရီ ထိုးနေပေပြီ။ အရင်ကလို ဖြူစင်သည့် မောင်နှမ ဆက်ဆံရေးမျိုးဆိုလျှင် သူမ မစောင့်နိုင်တော့ဘဲ "အစ်ကိုကြီး…မြန်မြန်လာတော့…ထပ် စောင့်ရရင် ညီမလေး ဗိုက်ဆာပြီး သေတော့မယ်"ဟူ၍ အော်ပြောရင်း သူ့ဆက်သွယ်ရေးကိရိယာကို ဖုန်းခေါ်ပါလိမ့်မည်။သို့သော်၊ အခုအချိန်မှာ သူမတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ မရမရာ ဖြစ်နေလေသည်။ သူ့ကိုခေါ်လိုက်လျှင် ထိုကောင်လေးက

"မင်းကိုယ့်ကို အရမ်းတွေ့ချင်နေတာလား" ဟု ပြောလာမှာ သူမ ကြောက်မိသည်။


သူမ သည် ဆိုဖာပေါ်တွင် ထိုင်ကာ ပရိုဂျက်တာဖန်သားပြင်မှ သတင်းကို ကြည့်နေစဉ် ကွာစေ့ခွာကာ စားနေလိုက်သည်။ သွေးစပျစ်နွယ်ပင်သည် ဂြိုလ်သားအပင်များအတွက် အထူးဘီစကွတ်များကို ဖြည်းညှင်းစွာဝါးရင်း သူမဘေးရှိ ဆိုဖာပေါ်တွင် ထိုင်နေသည်။ ကလေး သိချင်နေရသည်မှာ၊စက်ရုပ်ကို ဘာကြောင့် ကွာစေ့အခွံမနွှာခိုင်းကြောင်းနှင့် စားပွဲပေါ်က ဆက်သွယ်ရေးကိရိယာနှင့် တံခါးဝကို မကြာခဏ ဘာကြောင့်ကြည့်နေရမှန်း နားမလည်နိုင်ဖြစ်နေသည်။


"အခုတင်ဆက်မှာက အရေးတကြီးသတင်းပါ…ဧကရာဇ်မြို့တော်ရဲ့ စစ်ပာာရေးအကယ်ဒမီက လူတိုင်း အထူးသတိထားရပါမယ်…သင်ကြားရေးဧရိယာနဲ့ စစ်ကျောင်းဝန်းအတွင်း နေထိုင်ရာတဝိုက်မှာ အင်းဆက်ကြီးတွေ ပေါ်လာပြီး လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်လောက်ကပဲ စီးပွားရေးလမ်းပေါ်မှာ S-အဆင့် ကနေ A-အဆင့် အထိရှိတဲ့ အင်းဆက် 8ကောင်ကို တွေ့ရှိခဲ့ပါတယ်…ဗိုလ်ချုပ် လင်းရွှမ် ဟာ အခင်းဖြစ်ပွာရာ နေရာမှာ ပြင်းထန်ဒဏ်ရာရရှိသွားခဲ့တဲ့ လူ 3 ယောက်ကို ကြည့်ရှုပေးပြီး အခြေအနေကိုထိန်းဖို့ ကြိုးစားနေပါတယ်… ဆယ်ယောက်လောက် ဒဏ်ရာရသွားတဲ့အတွက် ဆရာတွေနဲ့ ကျောင်းသားတွေ အပြင်မထွက်ကြဘဲ အိမ်ထဲမှာပဲ နေကြပါ…ဒါမှမဟုတ် အပြင်က အနားယူစရာ နေရာတစ်နေရာကို ပြန်ခိုင်းလိုက်ကြပါ…ဇာ့ခ် နဲ့တွေ့ရင် ရဲကို အမြန်ဆုံးခေါ်လိုက်ပါ..."


လင်းယောင်ယောင် သည် ခဏမျှ အေးခဲသွားပြီး အခင်းဖြစ်ပွားသည့် အသေးစိတ်ကို စစ်ဆေးရန် Reportကို အမြန်ဖွင့်လိုက်သည်။ ထို့နောက် သူမသည် မက်ခါ "လင်းယွင်" က 7မီတာ ၊ 8မီတာ ရှည်သော ဧရာမရှိခိုးကောင် များကို တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ နှလုံးသားသည် မြေပြင်ပေါ်သို့ ပြုတ်ကျမတတ် တုန်ခါသွားရသည်။ လင်းရွှမ် ၏ SSS အဆင့် ခွန်အားဖြင့် S-အဆင့် ဇာ့ခ်များကို ကိုင်တွယ်ရန် မခက်ခဲကြောင်း သူမ သိသော်လည်း၊ S-အဆင့်ထက်ပိုသော မည်သည့် ဇာ့ခ် မဆို တိုက်နိုင်မည်ဟု အာမခံရန် ခက်ခဲသည်။


ဇာ့ခ်များသည် ဧကရာဇ်မြို့တော် တစ်ဝန်းကို ခုန်ပျံကျော်လွှားပြီး သွားနိုင်ကြသည် ။ သို့သော် မူရင်းဝတ္ထုထဲတွင် ပထမ စာသင်နှစ်ဝက်ကုန်ခါနီး နှစ်လ ၊ သုံးလအကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အနှစ်တစ်ရာကျော်မှ တစ်ခါပေါ်လာတတ်သော ဇာ့အခ်ဒီရေက ပြီးဆုံးသွားပြီဟု ထင်ခဲ့သော်လည်း ဇာ့ခ် များသည် စွမ်းရည်အသစ်တွေ ဆင့်ကဲပြောင်းလဲလာကြကာ လူများစွာရှိသောနေရာများသို့ တယ်လီပို့စနစ်နှင့်သွားလာရန်လည်း သင်ယူခဲ့ကြသည်။ ဤအင်းဆက်ကြီးများသည် အဆင့်မြင့်တပ်ဖွဲ့များဖြစ်လာကြသည်။


အာကာသထဲသို့ ရွှေ့ပြောင်းလာနေသော ဇာ့ခ်လှိုင်းကြီးသည် အင်ပါယာမှာ စစ်ပွဲအသစ်တစ်ခုနှင့် ရင်ဆိုင်ရမည်ဆိုသော ရှေ့ပြေးနိမိတ်ဖြစ်သည်။ ဤ ဇာ့ခ်လှိုင်းကြောင့် ရှောင်မင် သည် စစ်တပ်ထဲသို့ ကြိုတင်ဝင်ရောက်ပြီး ထူးကဲသော စစ်ရေးစွမ်းရည်များကို စတင်ပြသခဲ့သည်။ အချိတ်အဆက်အချို့ကြောင့် ဖြစ်ပေါ်လာသော လိပ်ပြာအကျိုးသက်ရောက်မှုသည် မူရင်းဝတ္ထုနှင့် ကွဲပြားသည်ဟု ဆိုနိုင်သည်။ ဥပမာအားဖြင့်၊ ဇာ့ခ် များကို သုတ်သင်အပြီးတွင် နယ်စပ်တွင် တပ်စွဲထားရမည့် လင်းရွှမ် က စက်တင်ဘာလအစောပိုင်းတွင် ဧကရာဇ်မြို့တော်ကို ပြန်ပြောင်းလာခဲ့သည်။


လင်းယောင်ယောင် ရုတ်တရက် စိုးရိမ်လာသည်။ သူမ ရောက်လာခြင်းကြောင့် လင်း မိသားစုသည် မူရင်းဝတ္ထုကလိုပင် ကြမ္မာဆိုးနှင့်ဆက်ကြုံရမည်ကို ကြောက်ရွံ့မိသော်လည်း မူရင်းဝတ္ထုနှင့် ကွဲပြားသွားနိုင်သည်။ ကြည်နူးဖွယ်ရာ၊စိတ်ချမ်းသာစရာများကြုံနေ၍ ဤကြယ်တာရာခေတ်သည် ငြိမ်းချမ်းသောခေတ်မဟုတ်ကြောင်း သူမ မေ့လုမတတ်ဖြစ်ခဲ့ရ၏။ အန္တရာယ်များကြောင့်သာ မဟုတ်ပါက တိုက်ခိုက်ရေးသမားများနှင့် အရန်ကုထုံးပညာရှင်များ၏ အဆင့်အတန်းသည် ဤမျှလောက် ကြီးကျယ်မည်မဟုတ်ပေ။


"ဒဏ္ဍာရီထဲမှ အရှင်သခင်" ဝတ္ထုသည် ဤအကြိမ် ဇာ့ခ်တိုက်ခိုက်မှုမှာ ကြိုတင်ပြင်ဆင်ထားပြီး အတုဖြစ်ကြောင်း အကြိမ်ကြိမ် ထည့်ရေးသားထားသော်လည်း နောက်ပိုင်းတွင် စာရေးသူကိုယ်တိုင် ဇာတ်ထဲမှာစီးမြော၍ အစစ်ဖြစ်သွားအောင် ရေးလိုက်ပါက....ထို့မျှမကသေး၊ဝတ္ထု အဆုံးမထိ ဘယ်သူက စတင်လုပ်ကြံလိုက်ကြောင်းကိုလည်း မရေးထားချေ။


ရှောင်မင် သည် ပြည်သူများက သူ့ကို အကောင်းမြင်လာပြီး သူ၏သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန် ဇာ့ခ်ဒီရေကို အခွင့်ကောင်းယူထား၍ ဒီရေပြီးဆုံးပြီး လေးနှစ်အကြာတွင် ကျော်ကြားလာမည်ဟု အလေးပေးဖော်ပြခဲ့သည်။


လင်းယောင်ယောင် ထိတ်လန့်တုန်လှုပ်နေသော်လည်း သွေးစပျစ်နွယ်ပင် 012 သည် အလွန်စိတ်လှုပ်ရှားနေပြီး ချစ်စရာကောင်းသည့် ကလေးအသံနှင့်ပြောလိုက်သည်။


xxxxxx

Ei Thet Hmue