အခန်း၇၆
Viewers 8k

Chapter 76

(အိမ်မွေးအပင်လေး VS ဇာ့ခ်)



" သခင်၊ အရသာရှိမယ့်ပုံပဲ...ဒီလိုအကောင်ကြီးတွေက အရမ်းအစွမ်းထက်တယ်...စွမ်းအင်တွေ အများကြီးရမှာပဲ.…ကလေး အပြင်ထွက်စားချင်တယ်... ကလေး လုပ်နိုင်သလို ခံစားရတယ်…မကြာခင် ကလေးလည်း အဆင့် 5 ကိုတက်ဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်"


သူမ အံ့သြသွားသည်။


'...ဒီလောက်ကြီးပြီး ရွံမုန်းစရာကောင်းတဲ့ အင်းဆက်အုပ်စုက သွေးစပျစ်နွယ်ပင်ရဲ့ မျက်စိထဲမှာ တစ်ကယ်ကို အရသာရှိတဲ့ အစာ ဖြစ်နေတာလား'


သူမ သေသေချာချာ စဉ်းစားကြည့်လိုက်သည်။ အချို့သော ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် အင်းဆက်အသားကို မက်မက်မောမော စားတတ်ကြလေသည်။ ဥပမာ ဝါးပိုးကြော်၊ပိုးတုံးလုံးကြော် စသဖြင့်... "အင်းဆက်အသားသည် ပရိုတင်းဓာတ်များပြီး စွမ်းအင်မြင့်မားကာ နူးညံ့သောအသားဖြစ်သည် ဟူသော အယူအဆကို လက်ခံလိုက်သည်နှင့် ထိုဧရာမရှိခိုးကောင်များသည် အလွန်ရွံရှာဖွယ်ကောင်းပုံမပေါ်ပေ။


"မဟုတ်ဘူး၊ မင်းက အရမ်းငယ်သေးတယ်…အပြင်သွားရင်တောင် မင်း အင်းဆက်အကြီးတွေကို မစားနိုင်ဘူး… မင်းကို သူတို့က စားလိုက်ရင် ဘယ်လိုလုပ်မလဲ"


012 က အကိုင်းအခက်များနှင့် အရွက်များ လှုပ်လှုပ်ရွရွ လုပ်ကာ စိတ်ဆိုးသံနှင့်ပြောလေသည်။


"ဟင့်အင်း… သူတို့က သတ်သတ်လွတ် တွေ မဟုတ်ဘူး…ငါ အပြင်ထွက်ချင်တယ်၊ စားချင်တယ်... စားချင်တယ်၊ စားချင်တယ်... အသားတွေ အများကြီး စားပစ်ချင်တယ်"


လင်းယောင်ယောင်:...


012 သည် အလွန် စိတ်ဓာတ်ခိုင်မာနေကြောင်းကို မြင်ပြီးနောက် သူမလည်း လင်းရွှမ် ကို အလွန်စိုးရိမ်လာကာ သူမ၏ SS အဆင့် စိတ်စွမ်းအားကို သတိရသွားခဲ့သည်။ ဝေ့ယွမ် ပေးထားသော အမြန်ကားတွင် S-အဆင့် ကာကွယ်ရေးနစ်ပါရှိပြီး သူမ၏ သွေးစပျစ်နွယ်ပင်ကိုလည်း ခေါ်လာ၍ ဖြစ်ပေသည်။ ဧရာမပိုးမွှားများနှင့် ကြုံတွေ့ရလျှင်လည်း မိမိကိုယ်ကို ကာကွယ်ဖို့ ပြဿနာမရှိချေ။


ထို့နောက် လင်းယောင်ယောင် သည် 012 နှင့်အတူ အိမ်ထဲမှ အမြန်ထွက်လာခဲ့သည်။ အရှိန်ပြင်းပြင်းဖြင့် ကားကို မောင်းလာကာ သတင်းတွင် ဖော်ပြထားသော ဧရိယာကို သတိထားပြီး ချဉ်းကပ်ခဲ့သည်။ ဇာ့ခ် များရှိသည့်နေရာနှင့် ဝေးဝေးနေရန် လူတိုင်းအား သတိပေးထားသည့် သတင်းကို သူမ ပြောင်တင်းစွာပင် လျစ်လျူရှုလိုက်သည်။ မကြာမီ အရပ်သားများနေထိုင်ရာ ရပ်ကွက်တစ်ခုအနီးတွင် ပထမဆုံး ဧရာမအင်းဆက်ကြီးကို တွေ့လိုက်ရသည်။


ဆင်ခြေဖုံးရပ်ကွက်ဖြစ်သောကြောင့်လား၊ မကြာသေးမီကမှ ဇာ့ခ် များက တယ်လီပို့စနစ်ဖြင့် ရောက်လာခြင်းကြောင့်လားမသိ၊ ကင်းလှည့်တပ်ဖွဲ့များက သဲကြီးမည်းကြီး တိုက်မနေပေ။ အရွယ်ရောက်ပြီးသူလူကြီးအနည်းငယ်နှင့် ကျောင်းသားတိုင်ခိုက်ရေးစစ်သည် ငါးဦး ၊ ခြောက်ဦးသာ အင်းဆက်နှင့် တိုက်နေကြသည်။ သူတို့ကြည့်ရသည်မှာ အင်အား နည်းနေပုံရ၏။


သူတို့နှင့်၊ မီတာရာနှင့်ချီဝေးနေသော်လည်း သူမသည် 7 မီတာ ၊8မီတာမြင့်သော ဧရာမရှိခိုးကောင်ကြီးကို တွေ့လိုက်ရသောအခါ တုန်လှုပ်ကြောက်ရွံ့နေရသည်။012 သည် ကားပြတင်းပေါက်၏ ဖောက်ထွင်းမြင်ရသော ကျည်ကာမှန်မှနေ၍ အတင်းချောင်းကြည့်ရင်း အပြင်ထွက်ရန် မနားတမ်း ကြိုးစားနေ၏။သူမ သူ၏ အကိုင်းအခက်များနှင့် အရွက်များကို ပုတ်ထုတ်လိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။


"မနိုင်ရင် အမြန်ဆုံး ပြန်လာရမယ်နော်"


012 သည် အစားစားချင်စိတ်များနှင့် ပြည့်နှက်နေသော်လည်း သူ့မှာ အားသာချက်များကို ရှာဖွေရန်နှင့် အားနည်းချက်များကို ရှောင်ရှားရန် အသိဉာဏ်ရှိနေသေးပြီး အခြေခံ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း ရှိသည်။


"အင်း…အစားအသောက်အတွက်တော့ အသက်အသေမခံပါဘူး… နောက်ပြီး အသားစိမ်းက မင်းလုပ်တဲ့ ဟင်းတွေလောက် အရသာမရှိဘူးလေ"


ထို့နောက် လင်းယောင်ယောင် သည် အင်းဆက် မကောင်းဆိုးဝါးကြီးနှင့် မီတာ 30၊ 40 ခန့်အကွာတွင် ရပ်ကာ 012 ကို ကားထဲမှ လွှတ်ပေးလိုက်သည်။ ထိုအခါ သွေးစပျစ်နွယ်ပင်ကလေးမှာ ပါးစပ်ထဲက သွားများကိုဖြဲထားကာ ဧရာမရှိခိုးကောင် မကောင်းဆိုးဝါးကြီးဆီ ပြေးသွားခဲ့၏။ သူအရှိန်ကြောင့် သူမတောင် အံ့သြ သွားခဲ့ရသည်။ အစာစားရန်အတွက် သွေးစပျစ်နွယ်ပင်ကလေးသည် အလွန်အမင်း ပြေးသွားကာ သူ့ကို ဘယ်သူကမှ ဘာမှ မကျွေးထားသလိုဖြစ်နေသည်။


တစ်ကယ်တမ်းတွင်၊ သူမသည် 012 အတွက် သာမာန်ပါဝင်ပစ္စည်းများကို ကျွေးလေ့ရှိသည်။ ထိုအစားအသောက်များသည် စိတ်စွမ်းအားကို တိုးပေးသော်လည်း 012 ၏ ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကိုသာ ထိန်းသိမ်းထားနိုင်သည်။ ထို့ကြောင့် သူအဆင့်မြင့်ဖို့အတွက် လုံလောက်ရုံမျှသာဖြစ်သောကြောင့် 012 ၏တိုးတက်မှုနှုန်းသည် အလွန်မြန်ဆန်ခြင်းမရှိပေ။


အင်းဆက်များအနီးတွင် တိုက်ခိုက်နေကြသော တိုက်ခိုက်ရေးသမားအနည်းငယ်ထဲမှ တစ်ဦးက သွေးစပျစ်နွယ်ပင်နှင့် အမြန်ကားပေါ်က လင်းယောင်ယောင်ကို တွေ့ရှိသွားခဲ့သည်။


"အန္တရာယ်များတယ်…ထွက်သွား"


သူမ၏ ဇိမ်ခံအမြန်ကားသည် စိတ်ကြိုက်ပြုလုပ်ထားသော အမျိုးသမီး မော်ဒယ်အသစ်ဖြစ်ကာ အထူးသိမ်မွေ့ပြီး လှပသည်။ ကားကိုကြည့်လိုက်သည်နှင့်၊ အမျိုးသမီးလက်ထောက်ကုထုံးပညာရှင်များ နှစ်သက်သည့်ပုံစံနှင့် အတော်တူပေသည်။


“သွေးစပျစ်နွယ်ပင်” ဟူသောအမည်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း 012 ၏ပုံသဏ္ဍန်မှာ အလွန်သေးငယ်လှသည်။ သူသည် တစ်မီတာသာမြင့်သောကြောင့် ဇာ့ခ် ၏ ခြေသည်းများကြားတွင် ညပ်နေမည့် အရုပ်လေးတစ်ရုပ်လို အနည်းငယ်ချစ်စရာကောင်းပြီး ရယ်စရာကောင်းနေသည်။ ကြည့်ရသည်က ချစ်စရာကောင်းသော်လည်း နည်းနည်းလေးမှ ကြောက်စရာမကောင်းပေ။


ထို့နောက် လင်းယောင်ယောင်သည် အရှိန်ဖြင့် ကားကို လေထဲသို့ ပျံတက်သွားလိုက်ပြီး 012 အန္တရာယ် ကျရောက်သည်နှင့် တစ်ပြိုင်နက် နောက်ပြန်ဆုတ်ရန် အဆင်သင့် လုပ်ထားသည်။ ထိုစစ်သည်က သူမအား အော်ငေါက်နေသည်နှင့် အာရုံမစိုက်နိုင်သောကြောင့် အင်းဆက်ကြီးက ခြေထောက်ဖြင့် သူ့ကိုဆောင့်ကန်လိုက်ရာ 5ထပ် အဆောက်အဦး ခေါင်မိုးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျပြီး ဒဏ်ရာ ရရှိသွားသည်။


ချက်ချင်း၊လင်းယောင်ယောင် သည် ဒဏ်ရာရသူများကို ကယ်တင်ရန် တွေးကာ ချက်ချင်းပင် ထိုစစ်သည်ဆီကို သွားလိုက်သည်။ မထင်မှတ်စွာ၊ အင်းဆက်ကောင်ကြီးက အရသာရှိသည့် လူ့သွေးကို အနံ့ခံမိပြီး သူ့ကို နှောင့်ယှက်နေသည့် စစ်သည် 6 ယောက် ၊ 7ယောက်ခန့်ကို တွန်းထုတ်ကာ အိမ်ခေါင်မိုးပေါ်ကို ပြေးသွားခဲ့လေသည်။


ဇာ့ခ်များကိုတိုက်ရာတွင်၊ အထူးသဖြင့် ဤမျှကြီးမားသော S-အဆင့် ဧရာမဆုတောင်းနေသော ဧရာမရှိခိုးကောင်ကြီးကို ရင်ဆိုင်ရသည့်အခါတွင် ဒဏ်ရာများရရှိရန် အလွန် ရာခိုင်နှုန်းများသည်။ လက်ရှိ တိုက်ခိုက်သူ 7ဦး၊8ဦးသည် သာမန်အရပ်သားများနှင့် ကျောင်းသားများ ဖြစ်ကြသောကြောင့် သူတို့မှာ တိုက်ပွဲစွမ်းရည် အလွန်ပြင်းထန်ခြင်းမရှိပေ။


လင်းယောင်ယောင် ၏ ပတ်၀န်းကျင်ရှိလူများသည် SS နှင့် S အဆင့်ရှိသူများမဟုတ်ကြပေ။ သူမ ကိုယ်တိုင်က ထိပ်တန်း ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည်။ စစ်ပညာရေးအကယ်ဒမီ သည် ထိပ်တန်းသင်တန်းကျောင်းတစ်ခု ဖြစ်သည်။ အလားတူအခြေအနေမျိုးအတွက် ကြိုတင်ပြီး လူများကို အုပ်စုများခွဲထားလေ့ရှိသည်။ သူမသည် ထူးချွန်သောကြောင့် သူမဘေးနားက လူများမှာလည်း ဉာဏ်ကြီးရှင်များပင်ဖြစ်သည်။


သို့သော်၊ အရှင်သခင် အင်ပါယာတစ်ခုလုံးနှင့်တွက်ကြည့်ပါက၊ A အဆင့်သည် တစ်သန်းတွင် လူတစ်ယောက်သာ ရှိသည်။ S အဆင့် ရှိသူသည် လူဆယ်သန်း တွင် တစ်ဦးသာရှိ၏။ SS အဆင့် ဉာဏ်ကြီးရှင်သည် သန်းရာနှင့်ချီသော လူများတွင် တစ်ဦးသာရှိတတ်သည်။ တစ်ကယ်တမ်းပြောရလျှင်၊ အရှင်သခင် အင်ပါယာမှာ ရာနှင့်ချီသည့် ဂြိုလ်ပေါင်းများစွာရှိပြီး လူပေါင်း ဘီလီယံရာနှင့်ချီရှိသည်။


S-အတန်းစား တိုက်လေယာဉ်များမှာ S-အတန်းစား ဇာ့ခ် ကို လက်နက်မပါဘဲ ခုခံနိုင်စွမ်းမရှိသလို S-အတန်းစား တိုက်လေယာဉ်ငါးစီးတောင် လက်နက်မပါဘဲ တိုက်ခိုက်ဖို့ မဖြစ်နိုင်ပေ။ ကံမကောင်းစွာနှင့်၊ မြေပြင်ပေါ်ရှိ တိုက်ခိုက်ရေးသမားအများအပြားတွင် A အဆင့်တစ်ဦးသာရှိ၍ ကျန်လူများသည် B အဆင့်များသာဖြစ်သည်။သူတို့လည်း ကြာရှည်ခံမည်မဟုတ်သည်မှာ သေချာသည်။


လင်းယောင်ယောင် သည် စိတ်ထဲက စိုးရိမ်လာရပြီး ချက်ချင်းပင် သူမ၏ S-အတန်းစား အလိုအလျောက် ကာကွယ်ရေးစနစ်ကို အသက်သွင်းခဲ့သည်။ အမြန်ကားသည် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး ဒဏ်ရာရစစ်သည်အား ရုတ်တရက် ပိတ်ဆို့လိုက်ပြီး အင်းဆက်ကြီးသည် အရသာရှိသော လူသားလေးကို စားသုံးခြင်းမှ တားဆီးလိုက်သည်။


သတ္တုခွံတစ်ခုက သူရှာနေသည့် အစာကို ပိတ်ဆို့သွားသည်ကို ဂြိုလ်သား အင်းဆက် မြင်လိုက်၍ နင်းခြေခါနီးမှာ ပူလောင်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေသည့် တစ်စုံတစ်ခုက သူ့ကျောကုန်းထိပ်မှာတွယ်တက်ပြီး ယားယံအောင်လုပ်နေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ ထို့နောက် ဇာ့ခ်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရှုပ်ယှက်ခတ်နေသော အရာလေးကို ဖယ်ရှားရန် လှည့်ကြည့်သော်လည်း မဖယ်ရှားနိုင်ခဲ့ပေ။


သွေးစပျစ်နွယ်ပင်ကလေးသည် သူ၏ ချွန်ထက်သော ပါးစပ်ကလေးအား ဖွင့်ဟလိုက်ပြီး အင်းဆက်ကြီး၏ မာကျောသည့် အခွံကို ထိုးဖောက်ဖို့ ကြိုးစားနေစဉ် သူ ငိုချင်စိတ်ဖြစ်လာကာ တွေးမိလေသည်။


'အမလေး မာလိုက်တာ…ကလေး မကိုက်နိုင်ဘူး…သွားတွေတောင် ကျိုးတော့မယ်…ဒါပေမယ့် ဒီပိုးကောင်ကြီးကို ငါ့ပိုင်ရှင်ကို အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး'


သွေးစပျစ်နွယ်ပင်ကလေးသည် စိတ်လှုပ်ရှားလာပြီး အလွန်ပြင်းထန်သော နာကြည်းမှုဖြင့် ဆက်၍ကိုက်လိုက်ရာ သူ၏ စပျစ်နွယ်ပင်နှစ်ပင်မှာ စုတ်ပြဲသွားရသည်။ သို့သော် နောက်ဆုံးတွင် ဇာ့ခ် ၏ မာကျောသောအခွံကြားထဲက ဟနေသောနေရာမှ သူ၏ စပျစ်နွယ်ပင်တစ်ပင်သည် နူးညံ့သောအသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထို့နောက် 012 သည် ဆက်ကိုက်လိုက်ပြန်သည်။ ဇာ့ခ် ၏အသားတွင် စွမ်းအင်များ အမှန်တစ်ကယ် ပေါများသည်။ အသားက အလွန်နူးညံ့သော်လည်း ငါးနံ့ရကာ နည်းနည်း ချိုသည်။ ပိုင်ရှင်၏ စကားနှင့်ပြောရမည်ဆိုလျှင် အသားများသည် ပြုတ်လိုက်သည်ဖြစ်စေ၊ကြော်သည်ဖြစ်စေ ပိုအရသာရှိလာမည်ဖြစ်သည်။


သို့သော်လည်း အလားတူ ဆာလောင်နေသော အင်းဆက်ကောင်ကြီးသည် စိတ်ဆိုးနေ၏။ အထူးသဖြင့် ဤကမ္ဘာမြေပေါ်ရှိ အရသာရှိသော သွားရေစာများအတွက် အလင်းနှစ် သန်းရာနှင့်ချီ၍ ခရီးနှင်လာခဲ့သည်။ သို့သော်လည်း၊အခုထိ အဆာပြေတောင်မစားရသေးပေ။


လင်းယောင်ယောင် သည် ဒဏ်ရာရနေသောလူကို အမြန်ကယ်ဆယ်ရန် အခွင့်အရေးကို ချောင်းမြောင်းရင်း နောက်ကိုကြည့်လိုက်ရာ ရှိခိုးကောင်ကြီးသည် ရယ်စရာကောင်းစွာပင် ကခုန်နေသည်ကို တွေ့လိုက်ရ၏။ တစ်ကယ်ကို ပျော်ရွှင်နေပုံပင်။ထိုအခါ မသိလိုက်မသိဘာသာပင် သူမ စိတ်ထဲက ကြောက်ရွံ့မှုမှာ ပျောက်သွားရသည်။


သွေးစပျစ်နွယ််ပင်ကလေးတောင် တိုက်ပွဲကို မကြောက်တာ သူမက ဘာလို့ကြောက်ရမှာလဲ...


သူမကို ကယ်တင်ခဲ့သည့် တိုက်ခိုက်ရေးသမားမှာ အလွန်ငယ်ရွယ်ပြီး အနီးနားရှိ စစ်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ပုံရသည်။ ဇာ့ခ် က သူ့ကို ကန်လိုက် ၍ သူ့ခြေထောက်အရိုးများ ကျိုးသွားသော်လည်း သွေးမထွက်ပေ။ ဒဏ်ရာက မပြင်းထန်သော်ငြား အသေးအဖွဲလည်း မဟုတ်ပြန်ပေ။ ထို့နောက် သူမသည် ဒဏ်ရာကို ကုသရန်အတွက် ကားထဲရှိ ဆေးစက်ရုပ်ကို အသုံးပြုခဲ့သည်။


တိုက်ခိုက်ရေးသမားမှာ တင်းချမ် ဟု ခေါ်သည်။ သူသည် မိုးကြိုးစစ်တက္ကသိုလ် မက်ခါဌာနမှ ပထမနှစ် ကျောင်းသားဖြစ်သည်။ လင်းယောင်ယောင် သည် အရန်ကုထုံးပညာရှင်တစ်ဦးဖြစ်ပြီး ချမ်းသာကြွယ်ဝသူဖြစ်ကြောင်းကို သူ ချက်ချင်း သိပေသည်။ တင်းချမ် က သူမကို ကျေးဇူးတင်စွာဖြင့်


"အတန်းဖော်… မင်းဒီကနေ မြန်မြန်ထွက်သွားသင့်တယ်…အရန်ကုထုံး ပညာရှင်တစ်ယောက်အနေနဲ့ ဒီအချိန်မှာ မင်း အပြင်မထွက်သင့်ဘူး… မင်းအိမ်ထဲမှာ ပုန်းနေသင့်တယ်..."


လင်းယောင်ယောင် က သူ့ကို ဂရုမစိုက်ဘဲ သူမ၏ အာကာသခလုတ်မှ အရန်အစားအစာ အချဉ်ဇီးသီးဟင်းရည်ဗူးကို ထုတ်ကာ တင်းချမ် အား ပေးလိုက်သည်။


"ရှင့်ရဲ့ စိတ်ဓာတ်ခွန်အားကို ဖြည့်တင်းဖို့ သောက်လိုက်"


ထို့နောက် သူမသည် ကားနောက်ခန်းမှ ယာဉ်မောင်းခန်းဆီသို့ လျှောက်သွားလိုက်သည်။ အစ်ကို ဝေ့ယွမ် ပေးထားသည့် ဤအမြန်ကားမှာ တိုက်ခိုက်ရေး လုပ်ဆောင်ချက်နှင့် တိုက်ခိုက်ရေးသမားတွေအတွက် အထူးထုတ်လုပ်ထားသည့် စိတ်စွမ်းအင်သုံး ပါဝါအထွက်အဆို့ရှင် ပါဝင်ကြောင်း ပြောပြထားသည်။ထို့ကြောင့် သူမသည် လက်တွေ့ဘဝတွင် ဇာ့ခ်များကို ကိုင်တွယ်ရန် စိတ်စွမ်းအားကို အသုံးပြုကာ ရန်သူထံမှ 012 အား ကာကွယ်ရန် ကြိုးစားလိုသည်။


တစ်နည်းအားဖြင့်ပြောရလျှင်၊ အဝေးက ဇာ့ခ် များနှင့် တိုက်ခိုက်နေသည့် လင်းရွှမ် နှင့် အတူ တိုက်ခိုက်ခြင်းလည်းဖြစ်သည်။ ကြောက်ရွံ့စွာဖြင့် ဇာ့ခ်မှာ ထွက်ပြေးသွားလေတော့သည်။ထို့နောက် သူ့ကျောဘက်ရှိ သွေးစုပ်ကောင် 012 ကို မဖယ်ရှားနိုင်ခဲ့သော်လည်း ပတ်ဝန်းကျင်က စိမ်းလန်းသောအပင်များနှင့် ပြည်သူပိုင် အဆောက်အဦးများကို အကြီးအကျယ် ပျက်စီးသွားစေခဲ့သည်။ထိုအခါ တိုက်ခိုက်ရေးစစ်သည်များကလည်း အတင်းရှောင်ရ၊ရှားရတော့သည်။ဤအင်းဆက်ကြီးသာ ယခုလို ရိုင်းစိုင်းစွာ ဆက်ပြေးနေမည်ဆိုလျှင် အရပ်သား ပြည်သူများနေထိုင်ရာ နေရာများကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်၏။


လင်းယောင်ယောင် သည် စိတ်စွမ်းအင်သုံး ပါဝါအထွက် အဆို့ရှင်ခလုတ်ကို မြန်မြန်ဆန်ဆန် နှိပ်လိုက်သည်။ သူမ၏ မမြင်နိုင်သော စိတ်စွမ်းအင် စက်ဝန်းများသည် အရှိန်ပြင်းပြင်းဖြင့် ကားအပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဧရာမအင်းဆက်၏ ဦးနှောက်ထဲကို ရိုက်ခတ်သွားလေ၏။


ဇာ့ခ် ၏ ခန္ဓာကိုယ်သည် မည်မျှပင် အစွမ်းထက်စေကာမူ သူ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ် ပြိုလဲသွားပါက၊သူ၏ တိုက်ခိုက်ရေး စွမ်းအားကလည်း အလွန်လျော့ကျသွားလိမ့်မည်ဖြစ်သည်။ ဧရာမအင်းဆက်သည် အလွန်ဉာဏ်မကောင်းရှာပေ။ ဤအခိုက်အတန့်တွင် သူ့အသွေးအသားများကို စုပ်ယူနေသော သွေးစပျစ်နွယ်ပင်များ၏ နှောင့်ယှက်မှုကြောင့် ရူးသွပ်စွာ ကခုန်နေဆဲဖြစ်သည်။


ပတ်ဝန်းကျင်ရှိ လူသားအားလုံးက အသုံးမကျဘဲ ပျော့ညံ့သူများဟုလည်း ဆုံးဖြတ်ထား၍ ဘယ်လိုမှ သတိမထားလိုက်ပေ။ သူမ၏ ရုတ်တရက် ပြင်းထန်သော စိတ်စွမ်းအား တိုက်ခိုက်မှုကြောင့် သူ့ဦးနှောက်မှာ ပြင်းထန်စွာ နာကျင်လာရသည်။ ထို့နောက် သူ၏ ကြီးမားသောကိုယ်ထည်သည် လွတ်နေသောလမ်းမပေါ်သို့ လဲကျကာ နာကျင်မှုနှင့်အတူ လူးလိမ့်နေရတော့သည်။ အဖျက်စွမ်းအားသည် ပိုမိုအားကောင်းလာသော်လည်း အနည်းဆုံး လူနေရပ်ကွက်များအထိ သက်ရောက်သွားခြင်းမရှိပေ။ မဟုတ်လျှင် အရပ်သားပြည်သူတွေ ဒဏ်ရာရသွားနိုင်၏။


တစ်ချိန်တည်းမှာပင် ငွေ‌နက်ရောင် မက်ခါတစ်ခု လျင်မြန်စွာ ရောက်လာပြီး အနီရောင်အလင်းတန်းကို ထုတ်လွှတ်နေသည့် ထက်မြက်သော ဧရာမလေဆာဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် အလွန်လျင်မြန်တိကျစွာပင် မြေပြင်ပေါ်တွင် လဲကျနေသော ဇာ့ခ် ၏ဦးခေါင်းကို ထိုးဖောက်ပစ်လိုက်ပြီး ချွန်ထက်သောခြေနှစ်ချောင်းနှင့် ကျန်ခြေလေးချောင်းကိုပါ အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်သည်။


လင်းယွင် ၏ ရင်းနှီးသောရုပ်သွင်ကို ကြည့်၍ လင်းယောင်ယောင် ဝမ်းသာအားရဖြစ်ကာ စိုးရိမ်သွားရလေသည်။သူမ စိုးရိမ်မိသည်က ဧရာမအင်းဆက်ကြီးဆီမှာ တွယ်ကပ်နေဆဲဖြစ်သော 012 ကို မတော်တဆ ထိခိုက်မိမည်ကို သူမ စိုးရိမ်မိခြင်းဖြစ်သည်။ ဤအရာတွေအားလုံးက စက္ကန့်ပိုင်းအတွင်းမှာပဲ ဖြစ်သွားခြင်းပင်။


လင်းရွှမ် ၏ မက်ခါ လေဆာဓားအောက်တွင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားရှိသည့် ဇာ့ခ် သည် သန်ကောင်တစ်ကောင်ကဲ့သို့ တစ်ခဏချင်း သတ်ဖြတ်ခံလိုက်ရသည်။ ကံကောင်းစွာနှင့်၊ အင်းဆက်ကောင်သေသွားပြီးနောက်မှ 012 အသက်ရှင်နေကြောင်း သူမ မြင်လိုက်ရသည်။ 012သည် အလွန်အသားမာသော ဇာ့ခ် ခြေထောက်ကို ပွေ့ဖက်ထားပြီး သူမဘက်သို့ ရွှေ့သယ်လာရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသည်။ သို့သော် 012 သည် အလွန်သေးငယ်လှပြီး ဂြိုလ်သားအင်းဆက်၏ ခြေထောက်က သူ့ခန္ဓာကိုယ်ထက် ပိုကြီးနေသည်။ 012 ခဏကြာအောင် တရွေ့ရွေ့ သယ်ယူနေသော်လည်း 2cm သာ ရွေ့လျားခဲ့သည်။ ထို့နောက် 012 ချက်ချင်း စိတ်ဆိုးသွားပြီး အင်းဆက်ခြေထောက်ကို လွှတ်ချလိုက်သည်။ထို့နောက် လင်းယောင်ယောင် ရှိရာအမြန်ကားဆီသို့ ပြေးလာရင်း စိတ်အတွေးလှိုင်းဖြင့် ပြောလိုက်သည်။


"သခင်…သခင်…မြန်မြန်လာ ဇာ့ခ် အသားကို ယူလာရအောင်… အသားစိမ်းက အရသာ မကောင်းဘူး၊ အဲဒါကို ပြန်ယူသွားပြီး ကလေးအတွက် ချက်ပါလား"


သို့သော် လင်းယောင်ယောင် သည် လင်းရွှမ် ၏ ပြစ်တင်ရှုတ်ချသံကို ဒရိုင်ဘာထိုင်ခုံတွင် ထိုင်ရင်း အသာ နားထောင်နေသည်။


"ငါ မင်းကို ပြောပါဦးမယ်… မင်းလို အရန်ကုထုံးပညာရှင်တစ်ယောက်က ဇာ့ခ်ကို တိုက်ဖို့ မင်း အိမ်ကထွက်ပြေးလာတယ် ဟုတ်လား… မင်းတစ်ခုခုဖြစ်ခဲ့ရင် ငါဘယ်လိုလုပ်မလဲ"


သူမ အမြန်ဆုံးရှင်းပြရတော့သည်။


"ညီမလည်း တိုက်ခိုက်ရေးသမားတစ်ယောက်ပါ...ပြီးတော့ အစ်ကိုကြီးလည်း ညီမ အနားမှာ ရှိနေတာပဲကို"


နောက်ဆုံးစကားက လင်းရွှမ်၏ ဒေါသကို ပြေလျော့သွားစေပြီး ယုံကြည်စိတ်များတိုးပွားလာသည်။ဇာ့ခ်ကလည်း S-အဆင့် မျှသာဖြစ်ပြီး သူမ၏ အရှိန်ကလည်း အလွန်မြန်လွန်းသည်။ ထို့အပြင်၊သူမတွင် SS အဆင့် တိုက်ခိုက်ရေး စိတ်ပိုင်းဆိုင်ရာ စွမ်းအားလည်း ရှိပြီး အချိန်မရွေး သူ့ကို အကူအညီတောင်း၍ ရပေသည်။ ထိုမျှမကသေး၊ သူမ၏ လှုပ်ရှားမှုသည် အမှန်တစ်ကယ်အန္တရာယ်များလွန်းတာလည်း မဟုတ်ပေ။ သူမဘ၀ကို သူ့ကိုယ်တိုင်က ဖန်လုံအိမ်မှ ပန်းတစ်ပွင့်လိုမျိုး သီးခြားမဖြစ်တည်စေချင်ခဲ့ပေ။


ယခုအချိန်အထိ ပေါ်လာသည့် ဇာ့ခ်များကို သူ ရှင်းလင်းသုတ်သင်ထားပြီဖြစ်သည်။ ကင်းလှည့်တပ်ဖွဲ့များကို တပ်မတော်နယ်မြေအနှံ့ ဖြန့်ကြက်ထားသည်။ ဇာ့ခ် အသစ်တစ်ကောင် ခုန်တက်လာလျှင် သူတို့ ဂရုစိုက်လိမ့်မည်။ ဤနယ်မြေသည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ လက်အောက်ခံမဟုတ်ပေ။ ဤအရေးပေါ်အခြေအနေအား ကိုင်တွယ်ဖြေရှင်းပြီးနောက် လင်းရွှမ် အလွန်အကျွံဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ပေ။ သို့မဟုတ်ပါက၊ ကင်းလှည့်တပ်သားတွေက သူတို့၏ ရပိုင်ခွင့်ကို လုယူသည်ဟု ပြောလာန်ိုင်ပေသည်။


ထို့နောက် လင်းရွှမ် သည် မက်ခါကို ယူလာပြီး လင်းယောင်ယောင် နှင့် ပြန်သွားရန် ပြင်ဆင်ခဲ့သည်။ ကလေးသွေးစပျစ်နွယ်ပင်သည် ပိုင်ရှင်၏သခင်ဖြစ်သော ကြောက်မက်ဖွယ်ကောင်းသူမှာ သူ၏ မက်ခါ နှင့် ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထို့နောက် လင်းယောင်ယောင် သည် ကားပေါ်မှ ဆင်းကာ လမ်းလျှောက်လာသူ လင်းရွှမ် အား မူနွဲ့ကာပြောလိုက်သည်။


"012 က ဒီ ဇာ့ခ် အသားကို လိုချင်တယ်တဲ့…အဲဒါစားပြီးရင် သူ အဆင့် 5 ကို တက်နိုင်မှာလေ..အခု အစ်ကိုကြီး ဒီ ဇာ့ခ်ကို သယ်လာလို့ရမလား"


'ဇာ့ခ် အသားကို စားဖို့လား'


'လင်းယောင်ယောင် က ဒီကောင်စုတ်လေး စားချင်တယ်ဆိုလို့ အတင်းထွက်လာတာလား'


လင်းရွှမ် သည် 012 ကို အေးစက်စွာ ကြည့်လိုက်သည်။ သွေးစပျစ်နွယ်ပင်ကလေးသည် ပိုင်ရှင်နောက်တွင် ပုန်းနေပြီး အလွန်သနားစရာကောင်းလောက်အောင် တုန်လှုပ်နေရှာသည်။ စောစောက S-အတန်းစား ဇာ့ခ် ကို အတင်း သွေးဆာနေပြီး ကုပ်ကပ်စားနေပုံနှင့် မတူတော့ပေ။ နောက်ဆုံးတွင် ဤလူ၏ မက်ခါဓားအောက်တွင် S-အတန်းစား ဧရာမ ဇာ့ခ်ကြီးသည် တို့ဟူးလှီးလိုက်သလို လွယ်လွယ်ကူကူ ဖြတ်တောက်ခံခဲ့ရသည်။ လင်းယောင်ယောင် သည် လင်းရွှမ် ၏လက်မောင်းကို ပွေ့ဖက်ကာ


"အစ်ကိုကြီး… အဆင်ပြေရဲ့လား ဇာ့ခ် အသားက ဘာအရသာရှိလဲဆိုတာ ညီမလည်း သိချင်တယ်"


ရှေ့တန်းက စစ်သားများသည် စားစရာမရှိသည့်အခါ ဇာ့ခ်များကို အရင်က စားခဲ့ကြ၏။ အသားမှာ စွမ်းအင်ကြွယ်ဝသော်လည်း အညစ်အကြေးများလွန်းသည်။ အရသာမှာလည်း ငါးအရသာရှိပြီး မျိုချဖို့လည်း အဆင်မပြေပေ။ စောစောက လင်းရွှမ် သည် ဇာ့ခ် အကောင် 7ကောင် 8 ကောင်ခန့်ကို သတ်ဖြတ်နိုင်ခဲ့သည်။ထိုအကောင်ကို သုတေသနလုပ်ရန်အတွက်ဟု ပြောပြီး ယူလာလျှင် ဘာမှဖြစ်မသွားနိုင်ပေ။ထို့အပြင် သူ့လက်ကို အသာအယာ ခါယမ်းပြီး “အစ်ကို” ဟု ညင်သာစွာ ခေါ်နေသည့် မိန်းကလေးကို ကြည့်ပြီး ငြင်းမရတော့‌ေပ။ သူမ၏ စူးစမ်းလိုစိတ်နှင့် ဂြိုလ်သားအိမ်မွေးတိရစ္ဆာန်တို့ စိတ်ကျေနပ်စေရန် တစ်ကောင်ကို သယ်လာ၍ ရပေသည်။ သူ တစ်ချက်တုံ့ဆိုင်းသွားပြီး ပြန်ပြောလိုက်သည်။


"...အင်း..ယူလာခဲ့မယ်"



xxxx

Ei Thet Hmue