အခန်း၇၇
Viewers 8k

Chapter 77

(မောင်နှမနှစ်ယောက် လက်ချင်းတွဲထားခြင်း)


မောင်နှမနှစ်ယောက် ဆွေးနွေးပြီးသည်နှင့် တစ်ပြိုင်နက် ကင်းလှည့်တပ်၏ အမြန်ကား ရောက်ရှိလာပြီး ကားပေါ်မှ ကင်းလှည့်တပ်ဖွဲ့၏ လူဆယ်ယောက် ထွက်လာကြ၏။သူတို့၏ အသင်းခေါင်းဆောင်သည် လင်းရွှမ် နှင့် ယခုမှ တွေ့ဖူးခြင်းဟုတ်ပုံမရပေ။


"ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ကြီး လင်း....ကျွန်တော်တို့ ထပ်ပြီးဒုက္ခပေးခဲ့မိပြီ… ဒီကောင်တွေကို တစ်ကယ် ဗိုလ်ချုပ်လင်းက နှိမ်နှင်းနိုင်ခဲ့တာပဲ"

အင်းဆက်က ဉာဏ်ရည်နိမ့်ပါးနေသလို၊လင်းယောင်ယောင်၏ စိတ်စွမ်းအင်စက်ဝန်းကြောင့် အားနည်းသွားသဖြင့် သူ ခဏလေးနှင့် နိုင်လိုက်တာဖြစ်ကြောင်း လင်းရွှမ် ရှင်းပြမနေတော့ပေ။ အရေးပေါ်အခြေအနေမှာ တိုက်ခိုက်စွမ်းရည် အနည်းငယ်ပြသခဲ့သည့် ဤကလေးမလေးကို နောက်ဆိုလျှင် လူတွေက ပိုသိလာလျှင် ပိုကောင်းမည်ဖြစ်သည်။ထို့နောက် ကင်းလှည့်တပ်ဖွဲ့သည် ဧရာမအင်းဆက်ကြီးအား ရှင်းပစ်တော့မှာကို မြင်လိုက်ရသဖြင့်၊သူက အာကာသခလုတ်ကို ထုတ်ပေးပြီး ပြောလိုက်သည်


"ငါ ဒီ အင်းဆက်ကြီးကို သုတေသနလုပ်ဖို့ ပြန်ယူချင်တယ်…ဖြစ်နိုင်ရင် ခလုတ်ထဲကို ကူညီထုပ်ပိုးပေးပါဦး"


အဖွဲ့ခေါင်းဆောင်ကလည်း သဘောတူလိုက်သည်။


"ကောင်းပါပြီ"


ထို့နောက် လင်းရွှမ် က ကင်းလှည့်အဖွဲ့ခေါင်းဆောင်ကို တခြားအင်းဆက်များအား မကိုင်တွယ်နိုင်လျှင် သူ့ကိုခေါ်နိုင်ကြောင်း ပြောလိုက်သည်။ ထို့နောက် ကင်းလှည့်အဖွဲ့ဝင် အနည်းငယ်သည် ဇာ့ခ် အလောင်းကို လျင်မြန်စွာ ထုပ်ပိုးပြီး အာကာသခလုတ်ထဲကို အသေအချာထည့်၍ လင်းရွှမ်ကို ပြန်ပေးလိုက်သည်။


တစ်ဖက်တွင်၊တိုက်ခိုက်ခဲ့သော တိုက်ပွဲဝင် ၃ ဦးမှာ လင်းယောင်ယောင် ကယ်တင်ခဲ့သော ဒဏ်ရာရတိုက်ပွဲဝင် တင်းချမ် နှင့် ရင်းနှီးကြသူများဖြစ်သည်။ သူတို့သည် အနီးနားရှိ စစ်တက္ကသိုလ်မှ ကျောင်းသားများလည်း ဖြစ်ကြသည်။ သူတို့သည် လင်းယောင်ယောင် ၏ အမြန်ကားဆီသို့ ရောက်ရှိလာပြီး သူတို့ သူငယ်ချင်းကို ခေါ်သွားခဲ့သည်။


လင်းယောင်ယောင် သည် သူမ၏ အမြန်ကားနောက်ခန်းကို အသံဖြင့်အမိန့်ပေး၍ ဖွင့်ခိုင်းလိုက်သည်။ ဆေးစက်ရုပ်က ပတ်တီးစည်းပေးပြီး ဆေးကုသခံထားရသော တင်းချမ် သည် အခြေအနေ ကောင်းလာပြီဖြစ်၏။ သူ အဆင်ပြေကြောင်း အတန်းဖော်များနှင့် သူငယ်ချင်းများကို ဦးစွာပြောပြပြီးနောက် သူမကို ပြော‌လိုက်သည်။


"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်… ငါ မင်းနာမည်ကို သိခွင့်ရနိုင်မလား…မင်းပေးခဲ့တဲ့ ဒီဖြည့်စွက်ဟင်းရည်ရဲ့ အကျိုးသက်ရောက်မှုက အရမ်းကောင်းတာပဲ…ကိုယ် ဘယ်လောက်ပေးရမလဲ… ဒီဆေးဖိုးတွေကိုလည်း ကိုယ် ပြန်ပေးပါရစေ"


တင်းချမ် လက်ထဲတွင် သူမ လုပ်ထားသော အိမ်ချက် ဇီးသီးအချဉ်ဟင်းရည်ပန်းကန်အလွတ်ကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်ကို သူမ သတိပြုမိလိုက်သည်။


"ပေးစရာ မလိုပါဘူး… ဒီဖြည့်စွက်အချိုရည်က ကျွန်မ လုပ်ထားတာပါ… ပိုက်ဆံကလည်း မတန်ပါဘူး… ဆေးဖိုးကလည်း ပေးစရာမလိုဘူး…ရှင့် ဒဏ်ရာကို ကုသရေးအခန်းမှာ အမြန်ဆုံး ကုသရမယ်... မြန်မြန်သွားတော့"


တင်းချမ် သည် အရသာရှိပြီး အံ့သြဖွယ်ကောင်းလောက်အောင် ကုသပေးနိုင်သော ဖြည့်စွက်ဆေးရည်ကို သိမ်သိမ်မွေ့မွေ့နှင့် ချဉ်းကပ်ရန် မလွယ်ကူသော ဤမိန်းကလေးက ပြုလုပ်ထားသည်ကို ကြားလိုက်ရသောအခါ အံ့သြသွားရသည်။ တင်းချမ် ၏ အတန်းဖော်တစ်ဦးသည် လုံခြုံသောနေရာတွင် ပုန်းအောင်းနေခဲ့သော်လည်း လင်းယောင်ယောင် နှင့် သူတို့ကို ကယ်တင်ခဲ့သည့် မက်ခါ တိုက်ခိုက်ရေးသမားတို့သည် တစ်ယောက်နှင့်တစ်ယောက် သိနေကြကြောင်း သတိပြုမိခဲ့သည်။ ထိုသူက လင်းယောင်ယောင် ကို စိတ်လှုပ်ရှားစွာနှင့်‌ မေးလိုက်၏။


"အလှလေး…ကျေးဇူးပြုပြီး အဲ့ဒီမက်ခါတိုက်ခိုက်ရေးသမားက စစ်နတ်ဘုရား ဗိုလ်ချုပ် လင်းရွှမ် လား… အဲ့ဒီ မက်ခါက လင်းယွင်နဲ့တူနေလို့လေ ... "


လင်းရွှမ် သည် အနီးနားရှိ လူများကို ကယ်တင်နေပြီဖြစ်ကြောင်း သူတို့၏ ဆက်သွယ်ရေးအရာရှိမှ သတင်းပေးပို့မထားပါက ယခုလို မှန်းဆဝံ့မည်မဟုတ်ပေ။


သူမ၏ အစ်ကိုအကြီးဆုံးအကြောင်းပြောသောအခါ လင်းယောင်ယောင် စိတ်ထဲမှာ ရုတ်တရက် ဂုဏ်ယူလာသည်။


"ဟုတ်ပါတယ် သူပဲလေ…တခြားသူဆို ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်မှာလဲ"


ကျောင်းသားများ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။အန္တရာယ်အရှိဆုံး နေရာဟု ညွှန်းဆိုထားသည့် ဧကရာဇ်မြို့တော်၏ စစ်တက္ကသိုလ်နားတစ်ဝိုက်မှာ ညစာစားရန် ထွက်လာစဉ် ဇာ့ခ်များ တိုက်ခိုက်ခြင်းကို ခံရလောက်အောင် ကံဆိုးလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ယခုလည်း၊ စစ်နတ်ဘုရားက ကယ်တင်နိုင်သည်အထိ ကံကောင်းဖို့ သူတို့ မမျှော်လင့်ထားပြန်ပေ။


"Wow…သူက တစ်ကယ့်ကို နတ်ဘုရားပဲ… အပြင်မှာ ပိုချောပြီး အစွမ်းထက်တယ်နော်"


လင်းရွှမ် သည် အင်းဆက်အလောင်းကို သိမ်းဆည်းထားသော အာကာသခလုတ်ကို ယူလာကာ ကလေးမလေးကို ဝန်းရံထားသော ကောင်လေးတစ်သိုက်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။


"မင်းတို့ရဲ့ ခွန်အားက မကောင်းဘူး...ဒါကြောင့် လျှောက်သွား မနေဘဲ အခု၊ ပြန်သွားပြီး နောက်ထပ် လေ့ကျင့်ကြတော့"


ဒဏ်ရာရသွားသော တင်းချမ် ပင်လျှင် ခေါင်းငုံ့ထားပြီး ရှက်နေ‌ေပသည်။


သူတို့ကိုကြည့်နေရင်း စစ်ရေးလေ့ကျင့်မှုအတွင်း အဆိပ်ပြင်းပြီး တင်းမာသောဤလူ၏ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ဝေဒနာကို လင်းယောင်ယောင် ပြန်သတိရမိသည်။ သူမ ကောင်လေးများကို စာနာစိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ လင်းရွှမ်က လေ့ကျင့်ပေးတာကိုသာ သူတို့တစ်ရက်ခံကြည့်လိုက်ပါက နောက်ဆိုလျှင်လည်း သူ့ကို စစ်နတ်ဘုရားတစ်ပါးအဖြစ် လေးလေးစားစား ဆက်ဆံနေမှာလား ဆိုသည်ကို သူမ သိချင်နေမိတော့သည်။


ထို့နောက် လင်းရွှမ် သည် မရင်းနှီးသော တိုက်ခိုက်ရေးသမားများနှင့် စကားပြောရင်း ရယ်မောနေသော ကလေးမလေးအား စိုက်ကြည့်နေပြီးမှ အင်္ကျီကော်လာကိုဆွဲကိုင်ကာ ကားဆီသို့ လျှောက်သွားသည်။


"ပြီးတော့ မင်း ငါနဲ့ အိမ်ပြန်လိုက်ခဲ့"


လိမ္မာပါးနပ်သော 012 သည် "အိမ်ပြန်လိုက်ခဲ့" ဟူသော စကားလုံးကို ကြားသောအခါ စိတ်ဝင်တစား လျင်မြန်စွာ လိုက်လာသည်။ မောင်နှမနှစ်ယောက်က အမြန် ကားပေါ်သို့ တက်သွားချိန်မှာ တင်းချမ် က လင်းယောင်ယောင်အား ပထမဆုံးမေးခွန်းကို မေးလိုက်တော့သည်။


"အတန်းဖော်၊ မင်းနာမည်ကို မပြောဖူးဘူးလေ... ကိုယ် မင်းကို ဘယ်လိုရှာရမှာလဲ…ကိုယ့်မှာ ကြီးကျယ်ခမ်းနားတဲ့ အရည်အချင်းတွေ လုံးဝ မရှိဘူး..ကိုယ့်မှာ နှစ်ထပ် A အဆင့်ပဲ ရှိတယ်… ဒါပေမယ့် မင်းအတွက် ကိုယ် အလုပ်တွေ အများကြီး လုပ်နိုင်ပါသေးတယ်..."


လင်းယောင်ယောင် သူ့စကားကြောင့် မာနကြီးသော ပုံစံကိုပင် ဆက်မထိန်းထားနိုင်တော့ဘဲ လှည့်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။


"ကျွန်မက စစ်ပညာရေးအကယ်ဒမီရဲ့ အစားအသောက်ကုထုံးဌာနက လင်းယောင်ယောင် လို့ ခေါ်တယ်"

ပြီးလျှင်၊ သူမ၏ အမြန်ကားကလေးသည် အရှိန်ဖြင့် အမြန်မောင်းထွက်သွားသော်လည်း တင်းချမ်သည် ဤနေရာတွင် တုံ့ဆိုင်းစွာ ရပ်နေဆဲဖြစ်သည်။


"လင်းယောင်ယောင်…ဒီနာမည်က ဘာလို့ရင်းနှီးနေတာလဲ..."


သူ့အတန်းဖော်က သူ့ပုခုံးကိုပုတ်ပြီး


"သူမက အရမ်းနာမည်ကြီးတဲ့ တရုတ်ရှေးဟောင်း အစားအစာ လက်ထောက်ကုထုံး ပညာရှင် မဟုတ်ဘူးလား...သိပ်မကြာသေးဘူးလေ…ကျောင်းသားသစ်ဖလား ပြိုင်ပွဲမှာ အစားအသောက်ကုထုံးအဖွဲ့ကနေ နံပါတ်တစ်နေရာ ရခဲ့တာမလား"


"တစ်ကယ့်အပြင်မှာ သူမက အရမ်းလှပြီး ချစ်ဖို့ကောင်းမယ်လို့ မမျှော်လင့်ထားဘူး… ဘာပဲဖြစ်ဖြစ်၊ သူမ အရမ်းစိတ်ထားကောင်းတာပဲ"


"ဒါကြောင့်လည်း စစ်နတ်ဘုရားကို ကောင်းကောင်းသိနေတာပေါ့ …သူမက စစ်နတ်ဘုရားရဲ့ ညီမပဲလေ…ငါလည်း သူမလို ညီမလေးမျိုးရှိချင်လိုက်တာ"


နောက်ဆုံးအတန်းဖော်က အသိဉာဏ်အရှိဆုံးပင်။


"...အဲဒါတွေ အားလုံးက ငါတို့ မျှော်ကြည့်လို့ပဲ တတ်နိုင်တဲ့ တည်ရှိမှု တွေပဲ…သူမက မင်းကို အသာအယာလေးပဲ ကယ်တင်ခဲ့တာ…မင်း ကျေးဇူး ပြန်ဆပ်ဖို့ တစ်ကယ် မျှော်လင့်ပုံမရပါဘူး"


တင်းချမ် အံ့ဩသွားသည်။


"သူမက မလိုအပ်ပေမယ့် ၊ပြီးတော့ ပြန်ဆပ်ဖို့ မဖြစ်နိုင်ဘူးဆိုလည်း ငါ အမြဲတမ်း သတိရနေမှာပါ"


ယခုအချိန်တွင် သူမ ရှောင်တခင် ကယ်တင်ခဲ့သော တင်းချမ် သည် သူမ၏ အသက်ကယ်ခြင်း ကျေးဇူးကို နောင်တွင် အမှန်တကယ် ပေးဆပ်လိမ့်မည်ဟု လင်းယောင်ယောင် ဘယ်သောအခါမှ မမျှော်လင့်ထားပေ။ လင်းရွှမ် က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်မှောင်ကြုတ်ကာ အေးစက်စွာပြောလိုက်သည်။


"မင်းကို ငါ အမြန် ခေါ်မလာဘူးဆိုရင် မင်းရဲ့ဆက်သွယ်ရေးဖုန်းနံပါတ်ကို သူနဲ့ လဲလိုက်မှာလား"


လင်းယောင်ယောင် က သူမ နဖူးကို ပြန်ပုတ်ပြီး ခေါင်းညိတ်ရင်း


"ဟုတ်တယ်..လဲခဲ့ရမှာ... အခုချက်ချင်းကြီး မြန်မြန်ထွက်လာတော့ မေ့သွားပြီ"


သူမသည် နှစ်ထပ် A အရည်အချင်းရှိသော ကလေးနှင့် ဤမျှ မခင်ကြောင်း လင်းရွှမ် သိသော်လည်း အနည်းငယ် စိတ်မသက်မသာဖြစ်နေဆဲ ဖြစ်သည်။ သူမသည် သူ့အတွက် ရတနာဖြစ်သည်။ထို့ကြောင့်၊ သူမအား စိုက်ကြည့်နေခဲ့ပြီး ထိုကောင်လေးများနှင့် စကားအနည်းငယ်ပြောသည့်အတွက် မပျော်ရွှင်ခဲ့ပေ။ အချိန်အတော်ကြာအောင် သူ့ကိုဆိုလျှင် ကောင်းကောင်းမပြောခဲ့သူက ထိုကောင်လေးများကိုမူ စကားများ ဖောင်ဖွဲ့ပြောနေတာကြောင့် စိတ်ဆိုးနေခဲ့ရ၏။


သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တမင်ငြင်းဆန်သော သူမ၏ပါးစပ်ကလေးကို နမ်းပစ်ချင်သည်။ သို့သော် သူမ သဘောမတူဘဲ သူမကို နောက်တစ်ကြိမ်ထပ်မထိတော့ဘူးဟု ကတိပေးခဲ့ဖူးကြောင်း ပြန်သတိရမိသည်။


ထို့ကြောင့် လင်းရွှမ် စကားရပ်လိုက်သည်။ သူ၏ တင်းမာသော မျက်နှာထားမှာ အရိပ်အယောင်ကင်းမဲ့နေပြီး သူမကို နက်မှောင် အေးစက်သော မျက်လုံးများဖြင့် တည့်တည့်စိုက်ကြည့်နေသည်။


လင်းယောင်ယောင် သည် ထိုလူ၏မျက်လုံးများထဲတွင် အဓိပ္ပါယ်များစွာရှိပြီး၊ နာကြည်းမှု၊ သဝန်တိုမှုနှင့် လေးနက်သော စိတ်အားထက်သန်မှုများစွာ ပါ၀င်နေသည်ဟု ခံစားမိသည်။ အရှိန်ပြင်းပြင်း မောင်းနှင်လာသော ကားပေါ်မှာ သူမ ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ လှဲနေရင်း လိုက်ပါလာခဲ့၏။ သူမသည် အိမ်နေရင်း ပေါ့ပေါ့ပါးပါး ဂါဝန်ရှည်ကိုသာ ၀တ်ဆင်ထားသော်လည်း သူမ ကိုယ်လုံးကို ထင်းထင်းရှင်းရှင်း ဖော်ပြထားလျက်ရှိပေသည်။ သူ့အကြည့်တွေက သူမမျက်နှာဆီကနေ အောက်ကို ဆင်းသွားပြီး တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်နေ၏။ နောက်ဆုံးတွင် သူ့အကြည့်များသည် အထင်ရှားဆုံးသော ယခင်ကလိုမဟုတ်ဘဲ ပြောင်းလဲလာသော နေရာတစ်နေရာပေါ် ကျရောက်သွားခဲ့သည်။ မိန်းကလေး၏ မို့မောက်နေသော အစိတ်အပိုင်းသည် အသက်ရှုနေသည့်အတွက် နိမ့်လိုက်၊မြင့်လိုက် လှိုက်ဖိုနေသည်။


သူ့အကြည့်ကို သေချာ မြင်လိုက်သောအခါ သူမ မျက်နှာသည် နီမြန်းလာရသည်။


"ဘယ်ကိုကြည့်နေတာလဲ…နှာဘူးကြီး"


လင်းရွှမ် ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အမှားလုပ်မိခဲ့သည်။


"မင်းကိုယ့်ကိုနမ်းခွင့်မပေးဘူး…ဖက်ခွင့်လည်း မပေးဘူး၊ မင်းလက်လေးကိုတောင်မှ ကိုင်ခွင့်မပေးဘူး…ဒါနဲ့များ ကိုယ့်ကို နှာဘူးလို့ ပြောနေသေးတာလား… မင်းကိုမတွေ့တာကြာပြီမလို့ နည်းနည်း လောက် ကြည့်လို့တောင်မရဘူးလား"


လင်းယောင်ယောင် သည် ဤလူကို တွေ့ရသောအခါ မျှော်လင့်ထားသလို ထိတ်လန့်မှု နှင့် ရှက်ရွံ့မှုတို့ တစ်စုံတစ်ရာ ပေါ်လာခြင်း မရှိသည်ကို သိလိုက်ရသည်။ သူမ သူ့ကို “အစ်ကိုကြီး” ဟု မကြာခဏ ခေါ်နေသေးသော်လည်း သူမ၏ အစ်ကိုမဟုတ်ဘဲ စိတ်ထဲမှ နေရာတစ်နေရာပိုင်ထားသူမှန်း ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။ သူမ သူ့အကြည့်များကို ခံနိုင်ရည်မရှိပေ။


အဘယ်ကြောင့်ဆိုသော် သူ့အပေါ် မရေရာ မသေချာသော ရည်ရွယ်ချက်များ ရှိနေသောကြောင့်ပင်။သို့သော် ထိုလူက သူမစိတ်ထဲက အပြောင်းအလဲများကို လုံးဝနားမလည်ပုံရသည်။ အရင်က သူမ ပြောခဲ့သည့်စကားကို တစ်ကယ်လိုက်နာပြီး သူမကို လက်နှင့်မထိဝံ့ပေ။သို့သော် သူမကလည်း သူ့လက်ကိုကိုင်ပြီး ပွေ့ဖက်ခြင်းကို လက်ခံနိုင်သည်ဟု ပြတ်ပြတ်သားသား မပြောနိုင်သလို၊ဖြည်းဖြည်းနမ်းလျှင်ရသည်ဟုလည်း မပြောနိုင်ပြန်။


အမြန်ကားသည် ဆင်ခြေဖုံးရပ်ကွက်နယ်မြေမှ အဆင့်မြင့် လူနေရပ်ကွက်သို့ မောင်းနှင်ရန် ငါးမိနစ်သာ ကြာသည်။ ခဏကြာလျှင် ကားကလေးက နှစ်ထပ်အိမ်ဝင်းထဲမှာ ရပ်သွားသည်။ ဧည့်ခန်းရှိ မီးရောင်များနှင့် ခြံဝင်းအတွင်းရှိ ရောင်စုံ မြောလွင့်နေသော မီးရောင်များက ပိုင်ရှင် ပြန်လာခြင်းကို နားလည်စွာပင် အားလုံး မီးလင်းလာပြီး ညအရသာက နွေးထွေးပြီး ရင်ခုန်စရာ ဖြစ်စေသည်။


လင်းရွှမ် ၏ အရှိန်အဝါကို ကြောက်ရွံ့ပြီး မချဉ်းကပ်ဝံ့ သော 012 အရှိန်လွန်နေသော ကားထောင့်ထဲတွင် ငြိမ်ကုပ်နေသည်။ 012 သည် မကြာသေးမီက အားပိုင် နှင့် လူသားဒရာမာများစွာကို ကြည့်ရှုခဲ့ပြီးဖြစ်သောကြောင့် ဤလူသားနှစ်ဦးသည် ချစ်ခြင်းမေတ္တာအကြောင်း ပြောဆိုနေပုံရသည်ကို ယောင်ဝါးဝါး သိလိုက်သည်။ သို့သော် ထိုလူသည် နေရာတွင် ရှိနေသောကြောင့် သူ သိချင်သော်လည်း မမေးရဲပေ။


"သခင်… ကားရပ်သွားပြီ…အခု ညစာစားဖို့ အိမ်ထဲပြန်သွားသင့်တယ်မလား"


လင်းယောင်ယောင် က 012 ကို အသိစိတ်မကပ်စွာ ဖြေလိုက်သည်။


"အေးအေး"


လင်းရွှမ် နှင့် ပတ်သက်ပြီး သူမ ဘယ်လိုခံစားခဲ့ရလဲဆိုသည်ကို အဖြေရှာကြည့်ပြီးနောက် လင်းယောင်ယောင် မတ်တပ်ထရပ်လိုက်ပြီး သူ့လက်ဖဝါးကြီးကို ဆွဲကိုင်လိုက်သည် ။


"သွားမယ်…ထမင်းသွားစားမယ်..ဒီမှာ ‌ဗိုက်ဆာလို့ သေတော့မယ်"


သူမပြောဖို့ ရှက်လွန်းသဖြင့် ခေါင်းငုံ့ထားပြီးမှ အလွယ်တကူပြောနိုင်သွားသည်။


လင်းရွှမ် တစ်ကယ်နားလည်သွားရပြီ။ ကလေးမလေးက သူမလက်လေးကို ကိုင်ခွင့်ပြုဖို့ သဘောတူလိုက်ခြင်းဖြစ်သည်။ သူကလည်း ချက်ချင်းဆိုသလို ဖြူဖွေးနူးညံ့သည့် ကလေးမလေး၏ လက်တွေကို လှုပ်ခါလိုက်ပြီး သူ့နှုတ်ခမ်းပေါ်မှာ သာယာပုံပေါ်သည့်အပြုံးရိပ်ကလေး တစ်ခုစွန်းထင်းလာ၍ တစ်ခွန်းတည်းပြောလိုက်သည်။


"အင်း ကိုယ်လည်း အရမ်းဆာနေတယ်"


လင်းယောင်ယောင် ၏ ယခင်ပြင်ဆင်ထားသော ညစာကို အပူကာထမင်းဟင်းဘူးကြီးထဲတွင် ထည့်ထားပြီး ပူနေသေးသောကြောင့် စက်ရုပ်အကူကို စားပွဲပေါ်တင်ပြီး ထမင်းပွဲပြင်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမသည် အစာမစားမီ လက်ဆေးရန် တွေးလိုက်မိသော်လည်း ထိုလူကြီးက သူမလက်ကို မလွှတ်သေး‌ပေ။


"အတူတူ လက်ဆေးမယ်လေ"


ရေချိုးခန်းထဲဝင်သွားသည့်အခါ လင်းရွှမ် က သူမကို ကလေးတစ်ယောက်လို တစ်ကယ်ဆက်ဆံခဲ့၏။သူမ လက်ကို ဆပ်ပြာအမြုပ်များပွက်ပွက်ထအောင် သေချာဆေးပေးသည်။ ပိုကြောက်စရာကောင်းသည်က ထိုလူသည် သူမ အနောက်မှာ ရပ်နေပြီး သူ့အရပ်ကြီးနှင့်လက်တံရှည်ကြီးကို အားကိုး၍ သူမ တစ်ကိုယ်လုံးကို အနောက်ကနေ ပွေ့ဖက်ထားခြင်းဖြစ်သည်။ လက်ကို ဆေးကြောပြီး အလိုအလျောက် လေမှုတ်စက်ကို အသုံးပြုပြီးသည့်တိုင် ရေချိုးခန်းမှ ထမင်းစားခန်းသို့သွားချိန်အထိ သူမလက်ကို ကိုင်ထားဆဲဖြစ်သည်။သူမ ကြံရာမရဖြစ်နေရလေပြီ။


"...ဗိုလ်ကြီး.. ထမင်းစားချိန်လည်း လွှတ်ဖို့ စိတ်ကူးမရှိဘူးလား…ညီမလေးက ညာလက်နဲ့ စားလို့ရပေမယ့် ဘယ်လက်ကိုတော့ လွှတ်ပေးမှရမယ်ထင်တယ်"


လင်းရွှမ် က ဖြစ်နိုင်ချေရှိသည့် စကားကြောင့် ခေါင်းညိတ်ပြပြီး


"ဘယ်လက်နဲ့ပဲ စားကြရင်မကောင်းဘူးလား"


လင်းယောင်ယောင်:…


အင်းဆက်အသားစိမ်းကို စားထားသော 012ကို တစ်ကိုယ်လုံးဆေးကြောရန် ပိုင်ရှင်က အမိန့်ပေးခဲ့သည်။သူ့ ပါးစပ်ကိုလည်း ကောင်းကောင်းဆေးရမည်ဖြစ်သည်။ သို့သော် 012 သည် သူ့ပိုင်ရှင်နှင့် သူမ၏ ပိုင်ရှင်ကြားက စကားများကို ရေချိုးခန်းထဲမှ နားထောင်နေသည်။ 012 သည် လူသားများ၏ ချစ်ခြင်းမေတ္တာအကြောင်းကို ရိုက်ပြထားသည့် ဒရာမာထဲ ရိုချက်များကို ကြည့်ရင်း အားပိုင် ပြောစကားကို ရုတ်တရက် သဘောပေါက်သွားရသည်။


"ဒီခွေးစုံတွဲကလည်း ဘာတွေ လာရိုပြနေတာလဲ"


012 စိတ်ထဲမှာ စော်ကားခံရသည်ဟု ခံစားလိုက်ရသည်။ ပိုင်ရှင်က သူမ ပိုင်ရှင်နှင့်တွေ့ပြီးကတည်းက 012 မှာ ဘယ်သူ့ဆီကမှ အချစ်မခံရတော့သည့် သနားစရာအပင်လေးတစ်ပင် ဖြစ်လာခဲ့ရ၏။ သို့သော်၊ သူစားချင်နေသည့် အင်းဆက်သားက ထိုလူ့ လက်ထဲမှာ ရှိနေဆဲပင်။ထို့ကြောင့် သူ ဘာမှပြန်မပြောဝံ့ချေ။သို့မဟုတ်ပါက၊သူ စားစရာရှိမှာမဟုတ်တော့ပေ။...အဟင့်..အဟင့်




xxxxxx

Ei Thet Hmue