အခန်း၇၈
Viewers 8k

Chapter 78

(ကြွပ်ကြွပ်ရွရွ အသားချောင်းကြော်)


လင်းယောင်ယောင် က မျက်မှောင်ကြုတ်ကာ စိတ်ဆိုးဟန်ဆောင်၍ပြောလိုက်သည်။


"အစ်ကိုကြီး ဒီလိုစားနေမယ်ဆို ညီမလေး နောက်ဆို မချက်တော့ပေးတော့ဘူးနော်....စိတ်ပျက်စရာကြီး"


လင်းရွှမ် လည်း မလွှတ်ချင်ဘဲ လွှတ်လိုက်ရသည်။ သူ့မျက်နှာအမူအရာက သန်းရာနှင့်ချီသည့်ငွေများ ဆုံးရှုံးသွားသလိုပင်။


"ဒါဆို ကိုယ်တို့စားပြီးရင် ဆက်ကိုင်ထားကြမယ်"


လင်းယောင်ယောင်: '..သူ့လက်ကို ကိုင်ထားခွင့် ပေးတာက အမြဲတမ်း ကိုင်ထားခိုင်းတာမှ မဟုတ်တာ"


ကံကောင်းစွာပင်၊ သူတို့နှစ်ယောက်လုံး အလွန်ဆာလောင်နေခဲ့ပြီးဖြစ်၍ အာရုံက ထမင်းစား စားပွဲဆီသို့ အမြန် ရောက်သွားကြသည်။


တရုတ်စတိုင် အမဲသားကင်သည် ဆော့စ်အရည်ဖြင့် နှပ်ထားပြီး နှစ်ဖက်လုံး ရွှေညိုရောင်အထိ ကြော်ထား၍ အပြင်မှာ နူးညံ့ပြီး အတွင်းထဲက ခရမ်းချဉ်သီးဆော့စ်များထွက်လာ၍ ချိုချဉ်စပ်အရသာရှိသည်။ အလွန်စားချင်စရာ ကောင်းလှ၏။ ကိုလာကြက်တောင်ပံများ၏အရောင်မှာ နီညိုရောင်ဖြစ်ပြီး တောက်ပြောင်စိုလက်နေသည်။ ကိုလာ၏ချိုမြိန်မှုနှင့် မွှေးရနံ့တို့ကြောင့် ခံတွင်းတွေ့စေမည့် အနံ့များ မွှေးကြိုင်နေတော့သည်။


ချိုချဉ်ဝက်နံရိုးများကို ဂျုံ့နှစ်ထဲနှပ်ပြီး ကြွပ်ကြွပ်ကြော်ထားကာ သကြားအရည်နှင့် ခရမ်းချဉ်သီးဆော့စ်တို့ဖြင့် ထပ်လောင်းထားသေးသည်။ အကြွပ်၊အချို၊ အငန်အရသာတို့ကို ရောစပ်ထားပြီး အရသာမှာ ပထမတန်းစားဖြစ်သည်။ တိုဟူးဝက်သားအစာသွပ်လေးက အရသာရှိပြီး ငါးအရသာရှိသည့် ထမင်းမှာ ချိုချိုလေး ဖြစ်နေပြီး ရွှေဖရုံသီးဟင်းချိုကလည်း အရသာရှိသည်။


လင်းရွှမ် သည် အချိန်အတော်ကြာ အောင် မမြည်းစမ်းရသေးသော ဤအရသာကို မြည်းစမ်းကြည့်လိုက်သည်။ အရသာရှိလွန်း၍ သူ အစားမရပ်နိုင်ဖြစ်သွားရ၏။ ကုထုံးသက်ရောက်မှုကလည်း အတော်ကောင်းမွန်သည်။သူ၏ ဝိညာဉ်ရေးနယ်ပယ်နှင့်ပေါင်းစပ်လိုက်ပါက ဘယ်လိုအဆင့်မျိုးရှိသည့် ရန်သူမဆို နှိမ်နင်းရန် အလွန်အဆင်ပြေသည်။ထို့ကြောင့် သူ့တစ်ကိုယ်လုံးကို နက်နဲသည့် ပျော်ရွှင်မှုများက၊ သူ့ဗိုက်ထဲကနေ သူ့ဝိညာဉ်ရေးနယ်ပယ်အထိ၊ ပြီးလျှင် သူ့နှလုံးသားထဲအထိ ဝန်းရံထားသလို ခံစားရသည်။


နောက်ဆိုလျှင်လည်း အလုပ်က ပြန်လာတိုင်း အိမ်မှာ သူ့ကိုစောင့်နေပြီး ဒီလိုအရသာရှိသည့် အိမ်ချက်ဟင်းလျာတွေ စားခွင့်ရပါက၊ သူ့ကြိုးစားမှုတိုင်းက ထိုက်တန်သည်ဟု သူ စိတ်ကူးထားသည်။ ဤကလေးမလေး၏လက်ရာသည် သူ့နှလုံးသားကို မသိလိုက်ဘဲ လှုပ်ရှားသွားခဲ့သည်။


ပထမ၊ သူသည် သူမကို ငေးကြည့်ပြီး ပျော်ရွှင်ခဲ့ဖူးသည်။ သူတို့နှစ်ယောက် ပိုရင်းနှီးလာသောအခါ သူ့ကို သူမအား မှီခိုအားထားနေသည့် ခံစားချက်ကို သဘောကျမိခဲ့သည်။ တစ်ဖန် သူတို့ အလွန်ရင်းနှီးလာသည့်အခါ သူမ၏ ဂျစ်ကန်ကန် အမူအကျင့်လေးတွေကို မက်မောလာခဲ့၏။ ဆင့်ကဲဖြစ်လာသည့် သူ့ခံစားချက်များထဲမှာ သူမ၏ ကျွမ်းကျင်သော ဟင်းချက်စကေးကိုလည်း တွယ်တာမြတ်နိုးမိလေ၏။ သူ အချိုပွဲတွေကို မကြိုက်ဖူးသော်လည်း သူမလုပ်ထားသည့် ကိတ်မုန့်လေးကို ကြိုက်နှစ်သက်သည်။ သူအရင်က အစားအသောက် ဇီဇာမကြောင်သော်လည်း သူမ ချက်ထားသည့်လက်ရာကို စားပြီးတိုင်း တခြားသူများ၏လက်ရာက မကောင်းသလို ခံစားရသည်။ အရသာက ပိုဆိုးနေရုံတင်မကဘဲ ပိုအရေးကြီးသည်က သူတို့ ဟင်းထဲမှာ "အချစ်" မထည့်ချက်ထားပေ။ သူ့အတွက် ခါးသီးသည့် အရွက်တစ်မျိုးထည့်ထားသည့် လက်ဖက်ရည်ကိုတောင် ချိုမြိန်သလိုခံစားရပြီး သူများကိုတောင် ကျွေးချင်စိတ်မရှိပေ။ သူ စိတ်ထဲ မသိခင်မှာပင် ဤကောင်မလေးကို သူ့ပန်းကန်ထဲထည့်ထားပြီး စားချင်စိတ်ပေါက်လာ၏။


လင်းရွှမ် က ဘာမှ မပြောဘဲ မြန်မြန်စားနေတာကို လင်းယောင်ယောင် မြင်သွားသောအခါ


"ဘာလို့ ဘာမှ မပြောတာလဲ...စား‌မကောင်းဘူးလား"


လင်းရွှမ် က သူမကို တစ်ချက်ကြည့်လိုက်ပြီး စက်ရုပ်အိမ်ထိန်းကို သူ့အတွက် စတုတ္ထမြောက်ထမင်းပန်းကန်ကို ဖြည့်ခိုင်း၍ ပြောလိုက်သည်။


"စားလို့ကောင်းတယ်"


သူမ မကျေနပ်နိုင်သေး။


"...ဒီလောက်နဲ့မရသေးဘူး....အစ်ကိုကြီး ညီမလေးကို ချီးကျူးရမယ်"


သူ ခဏလောက်စဉ်းစားပြီး အမှန်တိုင်း ပြောလိုက်၏။


"အရမ်းအရသာရှိလွန်းလို့ ကိုယ် တစ်သက်လုံးတောင် စားချင်တယ်"


မမျှော်လင့်ထားသော သူ၏ ပီတိဖြစ်စွာဝန်ခံမှုကြောင့် သူမ ထိတ်လန့်သွားပြီး နားရွက်များက သံသယဖြစ်ဖွယ် နီရဲလာရသည်။


"စားတော့လေ… ဘာလို့ စကားတွေများနေရတာလဲ"


ထို့နောက် တူဖြင့်ထမင်းကို ထိုးကော်လိုက်၏။ ကလေးမလေး၏ ချစ်ဖို့ကောင်းပြီး ရှက်နေသည့် တုံ့ပြန်မှုကို သူကြည့်လိုက်ရင်း လင်းရွှမ် စိတ်ထဲမှာ ဗိုက်ပြည့်သွားသလို ခံစားရပြီး နောက်ထပ် လေးနက်သော ဆန္ဒတစ်ခု နိုးထလာခဲ့သည်။


'အာ…သူမကို ကိုက်စားချင်လာပြီ'


ထို့နောက် ကလေးမလေးအား အသားများများနှင့် ဝက်နံရိုးတစ်ချောင်းကို ပန်းကန်ထဲ ထည့်ပေးလိုက်သည်။


"အသီးအရွက်တွေချည်း မစားနဲ့...မင်းက ပိန်လွန်းတယ်… များများစား"


"ဒါဆို ညီမလေး ပေါင်နှစ်ရာဖြစ်သွားမယ်ဆိုရင်ရော ‌ကြိုက်ဦးမှာလား"


သူ ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။


"ဆက်ကြိုက်နေမှာပဲ...ဘာပဲဖြစ်ဖြစ် ကိုယ်မင်းကို ပွေ့နိုင်သေးတယ်လေ"


သူမ မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။


"အစ်ကိုကြီးကိုရော ဘယ်သူက အဖက်ခံမှာတဲ့လဲ"


'ဘုရား..ဘုရား...ဒီလူကို ထမင်းစားနေတုန်း ဘာမှ ဆက်မပြောတာပဲကောင်းတယ်...မဟုတ်ရင် ဘယ်လိုပရမ်းပတာတွေ ပြောလာဦးမလဲမသိ'


လင်းရွှမ် က ရယ်နေသည်။


"ဟဲ..."


'အရမ်းချစ်စရာကောင်းတယ်.. တစ်ကိုက်နဲ့ တော့ မရဘူး...ခဏခဏ ကိုက်ချင်နေတာပဲ'


သို့သော်၊တစ်ကယ်တမ်းတွင်၊သူမက သူ့ကို ဖက်ခွင့်လေးတောင်မပေးပေ။ ကံကောင်းထောက်မစွာနှင့်၊ သူမ လက်လေးကိုတော့ ကိုင်ခွင့်ရပေသေးသည်။သို့သော်၊ ညစာစားပြီးသောအခါ သူမ လက်ကို ဆက်ကိုင်ထားခွင့်မရတော့ပေ။


လင်းယောင်ယောင် သည် 012 က ဗိုက်မပြည့်သေးသဖြင့် မီးဖိုချောင်ထဲကို ပြန်ဝင်သွားခြင်းဖြစ်၏။ ထို့နောက် အာကာသခလုတ်ထဲက အင်းဆက်အသားကို သူ့အား ထုတ်ခိုင်းပြီး အရသာရှိအောင် မည်သို့ချက်ရမည်ကို စဉ်းစားတွေးတောနေ၏။


လင်းရွှမ် သည် သူမ ချက်ပြုတ်ရန်အတွက် ဧရာမအင်းဆက်ကြီး၏ အခွံကိုခွာ၍ ပြုတ်ပြီးနောက် ဇာ့ခ် အရသာအကြောင်းကို သူမအား ရှင်းပြလိုက်သည်။ အသားသည် ငါးညှီနံ့လိုမျိုး စိမ်းရွှေရွှေ ဖြစ်နေပြီး မျိုရလည်းခက်သည်။ စွမ်းအင်က ကြွယ်ဝသော်လည်း၊ ဖိနှိပ်ထားသော စွမ်းအင်ဆိုင်ရာ အစိတ်အပိုင်းများစွာပါရှိသည်။ တိုက်ပွဲဝင်စစ်သည်များသည် ၎င်းကိုစားပြီးနောက် ရူးသွပ်သွားသလိုမျိုး အသိစိတ်လွတ်ကင်းခြင်းများ ဖြစ်တတ်ကြသည်။


လင်းယောင်ယောင် သည် သုံးကီလိုဂရမ်ခန့်ရှိသော အသားတစ်ပိုင်းကိုယူကာ စတင်မြည်းစမ်းကြည့်သည်။


'အမလေး အရသာမကောင်းပါလား...အဟွတ်.အဟွတ် 012 အတွက် အဟာရအဖြစ်ပဲ သုံးမှရတော့မယ်'


S-အဆင့် တောင်ပံရှိ အင်းဆက်များ၏စွမ်းအင်သည် အဆင့်-၅ရှိ ထူးခြားဆန်းပြား သားရဲတိရစ္ဆာန်အသားများနှင့် ညီမျှသည်။ သို့ရာတွင် အသားဖွဲ့စည်းပုံသည် အဆင့်မြင့်ထူးခြားဆန်းပြားသော သားရဲတိရစ္ဆာန်အသားများကဲ့သို့ မရှုပ်ထွေးပေ။အင်းဆက်ကလည်း အရိုးမပါဘဲ တစ်ကိုယ်လုံးကို ဖောက်ထွင်းမြင်ရပြီး အသားကလည်း ဖြူဖွေးကာ အလွန်နူးညံ့သည်။ ပုစွန်၊ ငါး နှင့် ကြက်သားများလိုပင် ဆင်တူနေသည်။


လင်းယောင်ယောင် သည် ယခုအခါ စိတ်စွမ်းအားဖြင့် အသားများကို ကိုင်တွယ်စီမံနိုင်ပြီဖြစ်သောကြောင့် သူမသည် စိတ်စွမ်းအင် စက်ဝန်းကို သုံး၍ စီမံကြ ည့်လိုက်၏။ထိုအခါ စိတ်မသက်မသာဖြစ်စေသော ခံစားမှုမျိုးပါရှိသည့် "အဖျက်စွမ်းအင်" အစိတ်အပိုင်းများ ဖြစ်နိုင်သော၊ သေးငယ်သော အဖြူရောင်ဖျော့ဖျော့ အရွတ်အကြောများ ကပ်လျက်ရှိသည်ကို သူမ တွေ့ရှိခဲ့သည်။ကံကောင်းစွာဖြင့်၊ အသားများသော ဆဲလ်ဖွဲ့စည်းပုံ၏ ရှုပ်ထွေးမှုသည် အဆင့်-၂အသားနှင့်သာတူညီသဖြင့် သူမ ကိုင်တွယ်ဖို့ မခက်ပေ။


ရက်စက်ကြမ်းကြုတ်သော စွမ်းအင် အစိတ်အပိုင်းများကို ထုတ်ယူပြီးနောက်၊ သူသည် အင်းဆက်အသားများကို လက်တစ်ချောင်းခန့်စာ အမြှောင်းများအဖြစ် ဖြတ်တောက်လိုက်သည်။ ထို့နောက် သူမသည် ဟင်းချက်ဝိုင်၊ ဂျင်း၊ ပဲငံပြာရည်တို့ဖြင့် ပြုတ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားလိုက်သည်။ ထို့နောက် အသားများကို ပန်းကန်လုံးတစ်ခုထဲတွင် ထည့်ပြီး ကြက်ဥ၊ ဆား၊ ငရုတ်ကောင်းတို့ကို ဂျုံမှုန့်နှစ်ဖြင့် ဖုံးအုပ်ပြီး ဒယ်အိုးထဲတွင် ထည့်ကြော်လိုက်၏။မကြာမီ အသားနံ့သင်းသင်းလေးက မီးဖိုခန်းထဲမှာ သင်းပျံ့လာကြသည်။


လင်းရွှမ် သည် ကြည့်ရှုသူမျှသာဖြစ်သည်။ သို့သော် လင်းယောင်ယောင် သည် အကြော်အိုးထဲမှ အသားကြော်များအား ထုတ်ယူလိုက်သည်ကို မြင်ရသောအခါ အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်သည်။


'မျိုမရတဲ့ ဇာ့ခ် အသားက ဒီလောက်တောင်ပဲ အရမ်းမွှေးပြီး ဆွဲဆောင်မှု ရှိနိုင်သလား'


သူမသည် ရွှေဝါရောင်အကြွပ်ကြော် ပထမအသုတ်ကို ပန်းကန်ပြားပေါ်ရှိ ဆီစုပ်စက္ကူပေါ်တွင် တင်ပြီးနောက်၊ လင်းရွှမ်အား တူတစ်ချောင်းကို ပေးလိုက်သည်။


"မြန်မြန် မြည်းကြည့်စမ်းပါ"


ဤမိန်းကလေးက အရသာမကောင်းမှာကို ကြောက်နေသည့်အတွက် သူ့အား စမ်းသပ်ခံ ကြွက်တစ်ကောင်လို မြည်းစမ်းကြည့်စေချင်မှန်း သူသိလိုက်သည်။သို့သော် သူမ ကောင်းကောင်း မချက်ပြုတ်ထားလျှင်တောင် သူက ဝက်အဖြစ်ခံဖို့ ဆန္ဒရှိနေမိသည်။


ကြွပ်ကြွပ်ကြော်ထားသော အင်းဆက်အသားများကို မြည်းကြည့်လိုက်ရာ အတော်လေး ကြွပ်ရွပြီး အရသာကောင်းနေသည်ကို တွေ့လိုက်ရသည်။ စိတ်ကူးထားသည့်အတိုင်း ငါးညှီနံ့မျိုးမရှိဘဲ အသားထဲတွင် စွမ်းအင်များစွာပါရှိနေသည်။ ဇာ့ခ် ၏ ကြောက်စရာကောင်းသောပုံပန်းသွင်ပြင်နှင့်နှိုင်းယှဉ်ပါက၊ အသား၏အရသာသည်အံ့သြဖွယ် ကောင်းလှချေသည်။


လင်းရွှမ် ရိုးရိုးရှင်းရှင်းပြောလိုက်သည်။


"အရသာရှိတာပဲ...ပြီး‌တော့ အဆင့်-၅ရှိတဲ့ ဂြိုလ်သားမျိူးနွယ် သားရဲတွေရဲ့အသားနဲ့ ညီမျှမယ် ထင်တယ်…ဒါပေမယ့် မင်းညစာစားပြီးသွားပြီ ဆိုတော့ အများဆုံးမှ တစ်ခု၊နှစ်ခုလောက်ပဲစားနော်... အဲဒီထက် ပိုမစားနဲ့"


012 သည် ဟင်းနံ့ကိုခံစားလိုက်ရပြီး မီးဖိုချောင်းထဲဝင်လာသောအခါ သူ စားဖို့မစောင့်နိုင်တော့ပေ။မျက်စိရှေ့မှာတင် မြင်နေရသဖြင့် စားချင်စိတ်များဖြစ်လာတော့သည်။


012 လည်း မြည်းကြည့်ပြီး အရသာကောင်းကြောင်း ပြောလာသောအခါ လင်းယောင်ယောင် သည် အသားတစ်တုံးကို မြည်းလိုက်လျှင် တစ်ကယ်အရသာရှိနေလေသည်။


ပုစွန်ကြော်၊ ကြက်သားအလွှာကြော် စသည်တို့နှင့် အတူတူအရသာရှိနေကာ ကြက်သားထက်လည်း ပိုနူးညံ့နေ၏။ ပုစွန်နှင့် ငါးတွေလောက်လည်း မညှီသလို စားလိုက်လျှင် ချော်ကျိကျိနှင့် နူးနူးအိအိကလေးပင်။ သို့သော်၊သူမသည် ရှုပ်ထွေးသော ချက်ပြုတ်နည်းများကို မသုံးခဲ့ဘဲ ငါးညှီနံ့ကို ပြေပျောက်စေရန် ရိုးရိုးပင် အဆာပလာများဖြင့်နှပ်ထားပြီး ကြော်လိုက်ခြင်းဖြစ်သည်။လင်းရွှမ်က သူမကို နှစ်ခုထက် ပိုမစားခိုင်း၍ ရပ်လိုက်ရသည်က အတော်နှမြေစရာကောင်းလှ၏။ သို့သော်လည်း သူမ နောက်ဆုံးအချိန်က အလွန်အကျွံစားခဲ့ပုံကို ပြန်တွေးလိုက်သောအခါ သူမ ဆက်မစားရဲတော့ပေ။ မကျေမချမ်းဖြစ်နေသည့် သူမကို မြင်တော့ လင်းရွှမ် က ရယ်မောပြီး ပြောလိုက်သည်။


"ကျန်တာတွေ ကိုယ် ကြော်လိုက်မယ်… မင်းအရင်ဆုံး အနားယူလိုက်ပါ"


သူမ သူ့ကို သံသယစိတ်နှင့် ကြည့်ရင်း


"အစ်ကိုကြီး မီးဖိုချောင်ကို ပေါက်ကွဲအောင် လုပ်မလို့လား"


လင်းရွှမ် : "မင်း ဒါကို လုပ်တာကို ကိုယ် ကြည့်နေတယ်လေ...ကိုယ်လည်း လုပ်တတ်မှာပါ… နောက်ဆို မင်းမချက်ပြုတ်ချင်ဘူးဆိုရင် မင်းအတွက် ကိုယ်က သာမန်အစားအစာကိုတော့ချက်ပေးနိုင်ပါသေးတယ်… ဒါမှမဟုတ် မင်းက စိတ်စွမ်းအင်နဲ့ ပြုပြင်ပေါ့...ကိုယ်က ချက်ရုံပဲချက်လိုက်မယ်လေ"


လင်းရွှမ် ချက်နိုင်သည်ဖြစ်စေ မချက်နိုင်သည်ဖြစ်စေ၊ သူပြောလိုက်သောစကားကြောင့် လင်းယောင်ယောင် အလွန်အံ့သြသွားရသည်။


ကြယ်တာရာခေတ်တွင်၊ စမတ်စက်ရုပ်များသည် ယေဘူယျအားဖြင့် အိမ်တိုင်းလိုလိုမှာ အစားအစာချက်ပြုတ်ပေးကြသည်။ စားသောက်ဆိုင်များနှင့် အစားအသောက်ကုထုံးပညာရှင်များအတွက် အထူးလေ့ကျင့်ပေးထားသည့် စားဖိုမှူးများမှလွဲ၍ လူအနည်းငယ်ကသာ ဝါသနာအရ ချက်ပြုတ်လေ့ရှိကြသည်။ လင်းရွှမ် ပုံစံက ဟင်းချက်ဝါသနာပါသူတစ်ယောက်လို မဟုတ်ပေ။


သူသည် အံ့အားသင့်နေသော သူမ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ပြီး


"မင်းကို အရမ်းကြီး မပင်ပန်းစေချင်ဘူး…နောက်ပြီး မင်းအတွက် အရမ်းစားကောင်းမယ့် မနက်စာရယ်၊ နေ့လယ်စာနဲ့ ညစာကို ကိုယ် ချက်ပေးချင်တာပါ…ပြီးတော့ ကိုယ့်ကို အစ်ကိုရွှမ်လို့ မခေါ်တာတောင်မှလေ"


သူက "အချစ်" ဟူသော စကားလုံးကို လေးလေးနက်နက်နှင့် ဝန်ခံလိုက်သလို ထပ်ပြောလာ၏။ သူမဆီက ခံစားခဲ့ရသည့် ကြည်နူးမှုအရသာနှင့် ပျော်ရွှင်မှုကိုလည်း ပေးချင်ခဲ့တာဖြစ်သည်။ယခုမှ စချက်မှာဖြစ်၍ သူ့ချက်ပြုတ်ပုံက သူမလောက် အရသာရှိမှာမဟုတ်သော်လည်း အရေးကြီးဆုံးက သူ့နှလုံးသားပင်။


လင်းယောင်ယောင် ရုတ်တရက် နှလုံးခုန်မြန်လာသည်ကို ခံစားလိုက်ရသည်။


'အို ဘုရား...သူ တစ်ကယ်ကို ပိုပိုပြီး ရီစရာကောင်းလာပါလား'


ထို့နောက် သူမ တည်ငြိမ်ဟန်ဆောင်ပြီး ပြောလိုက်သည်။


"အင်း …အစ်ကိုရွှမ်ဆိုတာက တစ်ခါတစ်လေမှ ခေါ်မှာ...အစ်ကိုကြီးလို့ ခေါ်နေတာ ကြာပြီဆိုတော့ အစ်ကိုရွှမ်လို့ ခေါ်ဖို့ မေ့မေ့သွားတယ်...ထားပါလေ...အင်းဆက်သား ကြော်ကြည့်မယ်ဆို ကြော်တော့လေ"


ဇာ့ခ် အသားချောင်း ကြွပ်ကြွပ်ကြော် များသည်အလွန်ရိုးရှင်းပြီး ခက်ခဲခဲမချက်ရချေ။ ဒယ်အိုးထဲတွင် ဆီများများထည့်၍ ကြွပ်လာသည်အထိ ကြော်ပြီး ဆယ်ယူထားလိုက်ရုံပင်။


သူမသည် လင်းရွှမ် အကြော်ကြော်နေပုံကို ကြည့်လိုက်သည်။ သူ၏ ပထမဆုံး ဟင်းချက်လက်ရာကို စမ်းသပ်ရန်အတွက် သူမ အစားများမှာကိုတောင် မကြောက်နိုင်ဘဲ မြည်းကြည့်ရတော့သည်။သူက ဆီထဲမှာ နည်းနည်းကြာအောင် ကြော်ထားတာကြောင့် အသားက နည်းနည်းကျက်လွန်သွားပြီး နီရဲသွားသော်လည်း ခြုံငုံပြောရလျှင် စားလို့ကောင်းနေဆဲပင်။ထို့ကြောင့် သူ့ကို လက်မထောင်ပြပြီး


"ငါ့အစ်ကိုရွှမ် က အရမ်းတော်တာပဲ၊ စစ်မြေပြင်မှာတင်မကဘူး... မီးဖိုချောင်မှာ ချက်တာကလည်း လက်ဖျားခါလောက်ပါရဲ့"


သူက သူမကို အနားယူခိုင်းထားသော်လည်း သူမကတော့ မငြိမ်နေချင်သူမဟုတ်ပေ။ ဇာ့ခ်ကို သူမက သူ့ဘက်မှနေ၍ ကူညီပြီး တိုက်ထုတ်နိုင်ခဲ့သလို၊ဟင်းချက်ပြန်တော့လည်း သူက ချက်ချင်း ကူညီချက်ပြုတ်ပေးသေးသည်။ ဟင်းချိုချက်လျှင် သူ့အတွက် ခက်ခဲသွားနိုင်သော်လည်း ဇာ့ခ်အသားချောင်းကြွပ်ကြော်ကိုတော့ အတူတူချက်ပြုတ်ဖြစ်ခဲ့သည်။


လင်းရွှမ် သည် ရှည်လျားသော ခြေတံကြီးနှင့် တည်ကြည်လေးနက်သော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ မက်ခါ မောင်းနှင်ပြီး စစ်မြေပြင်မှာ ရန်သူတွေကို ခုခံကာကွယ်သည့်အခါမှာတောင် ချောမောမှုကြီးက လျော့ကျမသွားသေးပေ။ တစ်ဖန် မီးဖိုချောင်ထဲတွင် ခါးစည်းကြီးစည်းပြီး ချက်ပြုတ်ရာတွင်လည်း ချောမောနေသေး၏။


လင်းယောင်ယောင် သူ့ကိုကြည့်နေမိရင်း စိတ်ထဲမှာ အနည်းငယ် စွဲလန်းသွားရသည်။ သူသည် လူတိုင်းအပေါ်မှာ အမြဲအေးစက်နေသည်ဟု ထင်မိသော်လည်း သူမကို ကြင်ကြင်နာနာနှင့် နှိမ့်ချ၍လည်း ဆက်ဆံတတ်သေးသည်။


လင်းရွှမ် သည် ကလေးမလေး၏ အကြည့်ကို ခံစားနိုင်ပြီး သတိထားမိသော်လည်း သူမကို ကြည့်ခွင့်ပေးထား၏။ထို့နောက် သူကလည်း မီးဖိုချောင်နံရံပေါ်မှာ ရောင်ပြန်ဟပ်နေသည်ကို အသုံးချ၍ သူမကို တိတ်တဆိတ် ငေးကြည့်နေမိလေသည်။ထိုအခါ သူ့နှလုံးသားကြီးက အုန်းနို့ကျောက်ကျောဖျော်ရည် သောက်ရသလို ချိုမြိန်လာရတော့သည်။ ထို့နောက် စောစောက အသုတ်ထက်ပိုကြွပ်၊ပိုနီရဲပြီး အညိုရောင်လွန်နေသည့် အသားချောင်းများကို ဒယ်အိုးထဲမှ ခူးခပ်ထုတ်လိုက်သည်။


လင်းရွှမ်: "မင်းကိုယ့်ကိုဒီလိုကြည့်နေရင် ကိုယ့်စိတ်တွေ ဝေဝါးပြီး အသိစိတ် မကပ်ဘဲနေလိမ့်မယ်"


လင်းယောင်ယောင်: "အင်း… ဒါဆိုလည်း မကြည့်တော့ဘူး"


လင်းရွှမ်: "မင်း မကြည့်ရင် ကိုယ်က စိတ်မကောင်းဖြစ်နေမှာပေါ့"


လင်းယောင်ယောင်: ............


သူသည် ဤတခေါက်အတွက် အားလပ်ရက် သုံးရက်ယူထားသော်လည်း နောက်နေ့ရောက်သောအခါ စစ်ဌာနချုပ်သို့ သတင်းပို့ရမည်ဖြစ်သည်။ အားလပ်ရက်ပြီးနောက်တွင်၊ သူ၏ နောက်ထပ်တာဝန်အတွက် သီးခြားအစီအစဉ်များကို ဆုံးဖြတ်ရမည်ဖြစ်သည်။ သို့သော်လည်း ရုတ်တရက် ဇာ့ခ် များသည် မြို့တော်ကို အာကာသ ခုန်ပျံကျော်လွှားမှုနည်းလမ်းဖြင့် တိုက်ခိုက်ခဲ့၍ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။


လင်းယောင်ယောင် သည် မီးဖိုချောင်ရှိ အသံသတင်း ထုတ်လွှင့်မှုစနစ်မှတစ်ဆင့် ယခင်အင်းဆက်တိုက်ခိုက်မှုနှင့် ပတ်သက်သည့် သတင်းများကို ရွေးချယ်၍ ဖွင့်ထားရင်း ‌နားထောင်နေလိုက်သည်။



xxxxxx

Ei Thet Hmue