အခန်း၇၉
Viewers 8k

Chapter 79

(အစားအသောက်သမားများက ကမ္ဘာကြီးကိုပြောင်းလဲခြင်း )



ဤခိုးဝင်အလစ်တိုက်ခိုက်မှုတွင် ဧရာမအင်းဆက်စုစုပေါင်း ဆယ့်ငါးကောင်ရှိပြီး အကုန်လုံး အသတ်ခံလိုက်ရ၏။ စစ်ကျောင်းဝင်းတွင် တိုက်ပွဲဝင်စစ်သည် အများအပြားရှိပြီး ခေတ်မီ ဆေးဘက်ဆိုင်ရာနည်းပညာများ ပါရှိသောကြောင့် လူအသေအပျောက်မရှိခဲ့ပေ။ သို့သော်လည်း လူအများအပြားသည် အသေးစားနှင့် ပြင်းထန်သော ဒဏ်ရာများ ကိုယ်စီကိုယ်ငှ ရရှိခဲ့ကြသည်။ လူနှစ်ယောက်သည် ဇာ့ခ် ၏ ဝိညာဉ်လှိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသဖြင့် သူတို့၏ ဝိညာဉ်နယ်မြေသည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ လောလောဆယ်တွင် ဧကရာဇ်မြို့တော်၏ အခြားနေရာများ၌၊ အင်းဆက်တိုက်ခိုက်မှုများ မတွေ့ရှိရသော်လည်း မြို့တော်တစ်ခုလုံးသည် မာရှယ်လောကို အကောင်အထည်ဖော်လျက်ရှိသည်။

ယခင်က နှစ်ယောက်သားကြည်နူးပြီး ချိုမြိန်နေခဲ့ကြရာမှ လေးနက်သော မျက်နှာများဖြစ်လာပြီး လေးလံထိုင်းမှိုင်းလာကြ၏။


လင်းယောင်ယောင် က အရင်ဆုံး စပြောလိုက်သည်။

"ဒါဟာ ဇာ့ခ် ပထမဆုံးလှိုင်းပဲ ဖြစ်မယ်နော်..."


မူရင်းဝတ္ထုအရ၊ ဧရာမအင်းဆက်များ၏ ပထမလှိုင်းသည် ရန်သူအခြေအနေကို တစ်လခန့်စမ်းသပ်ရန် ရောက်လာပြီးနောက်ပိုင်းတွင် အင်တိုက်အားတိုက် ထိုးစစ်ဆင်လာကြမည်ဖြစ်သည်။ အဓိကအားဖြင့် ၎င်းတို့သည် အကရာဇ်မြို့တော်တစ်ဝိုက်ရှိ အရေးကြီးသော စီးပွားရေးဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာနှင့် လူနေအိမ်ဂြိုလ်များဆီသို့ ဦးတည်သွားမည်ဖြစ်သည်။ ဤ ဇာ့ခ်များတွင် ဉာဏ်ပညာရှိသော ခေါင်းဆောင်တစ်ဦး ရုတ်တရက် ဖြစ်ပေါ်လာမည်ဖြစ်သည်။ ၎င်းတို့သည် ယခင်ကကဲ့သို့ နယ်စပ်မှစ၍ တိုက်ခိုက်ခြင်းမပြုတော့ဘဲ အရှင်သခင် အင်ပါယာ၏ အသက်သွေးကြောကို သိမ်းပိုက်ရန် အင်ပါယာအတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာကြပြီ ဖြစ်သည်။


ကံကောင်းထောက်မစွာပင်၊ အနီးနားရှိ အရှင်သခင် အင်ပါယာနှင့် ခင်မင်ရင်းနှီးသော Narai ဖက်ဒရေးရှင်းသည်လည်း ဉာဏ်ရည်မြင့်သော ဇာ့ခ်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထိုသို့မဟုတ်ပါက၊ အရှင်သခင် အင်ပါယာသည် ပြည်တွင်းပြဿနာသာမက ပြည်ပပြဿနာများကိုပါ ရင်ဆိုင်ရ‌လိမ့်မည်ဖြစ်၏။


လင်းရွှမ် သည် နယ်ခြားကြယ်တာရာတွင် နှစ်ပေါင်းများစွာ တပ်စွဲခဲ့၍ ဇာ့ခ်များကို တိုက်ခိုက်ရာတွင် အတွေ့အကြုံ ကြွယ်ဝထားသည်။ ဤဧရာမ ရှိခိုးကောင်များသည် အဆင့်မြင့်သော ဇာ့ခ်များ ဖြစ်သည်ကို ထုံးစံအတိုင်း သူသိထားသည်။ သို့သော် လင်းယောင်ယောင် လည်း သိထားသည့်အတွက် အံ့သြမိသည်။ သို့သော် အစားအသောက်ကုထုံးကျောင်းသားအသစ်တစ်ယောက်အနေဖြင့် ဤအရာများသည် သူမစိုးရိမ်သင့်သည့်အရာမဟုတ်ပေ။


"စိတ်မပူပါနဲ့…ဧကရာဇ်မြို့တော်မှာ ကင်းလှည့်တပ်နဲ့ သူရဲကောင်း တပ်ဖွဲ့တွေလည်း ရှိပါတယ်"


ဧကရာဇ်အာဏာကို လုံးဝသစ္စာစောင့်သိသော ကင်းလှည့်တပ်အပြင်၊ တော်ဝင်မိသားစုဖြစ်သည့်၊ ရှောင် မိသားစု လက်ထဲတွင် သူရဲကောင်း တပ်ဖွဲ့ လည်းရှိသည်။ ဤစစ်တပ်နှစ်ရပ်သည် ဧကရာဇ်မင်းမြတ်၏ အမိန့်အရ ဧကရာဇ်မြို့တော်သို့ အချိန်မရွေး ဝင်ရောက်နိုင်ကြသည်။ အခြားတပ်ငါးခုကို အရှင်သခင်အင်ပါယာ၏ မိသားစုကြီးငါးစုက ဦးဆောင်ထားကြသည်။ ခွန်အားအစီအစဥ်အရ စဉ်လိုက်ပါက၊ လင်း မိသားစု၏ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ၊ ပထမမင်းသား၏ မိခင်ဘက်မှဖြစ်သော မန် မိသားစု၏ မြင့်မြတ်သောတပ်မဟာ၊ တတိယမင်းသား၏ မိခင်ဘက်မှ ဘုရင့်တပ်ဖွဲ့ မိုမိသားစု၊ ယန် မိသားစု၏ အမျိုးသမီးတပ်ဖွဲ့ ဖြစ်သော စတားလက်ရို့စ် တပ်ဖွဲ့၊ မကြာသေးမီနှစ်များအတွင်း အဆင့်နိမ့်ကျလာခဲ့သည့် ဝေ့ မိသားစု၏ ဆူးတပ်ဖွဲ့များဖြစ်သည်။


ဧကရာဇာ်မြို့တော်သည် အသက်နှင့် သေဆုံးခြင်းကြားတွင် ရှိနေသောအခြေအနေမဟုတ်ပါက၊ အဆိုပါတပ်ငါးခုသည် အင်ပါယာကို ဘယ်တော့မှ အရှုံး‌ပေးကြမည့်သူများ မဟုတ်ပေ။


မူရင်းဝတ္ထုတွင်၊ ဧကရာဇ်က ယင်းကိစ္စသည် အလေးအနက်မရှိဟု အမြဲတွေးထားပြီး ကင်းလှည့်တပ်နှင့် ရှေးသူရဲကောင်းများကိုသာ ပျံ့နှံ့ပြီး တစ်နေရာမှ တစ်နေရာကို ခုန်ကူးနိုင်နေသော ဇာ့ခ်လှိုင်းများအား ကိုင်တွယ်ခွင့်ပြုထား၏။ ထို့ကြောင့်၊ပင်မ ဇာ့ခ် စစ်တပ်ကြီးက ရုတ်တရက် နောက်ကနေ အလစ်ဝင်တိုက်သည့်အခါ တပ်ဖွဲ့ငါးခုလုံး အဝေးကို ထွက်သွားပြီး မြို့တော်ကို မကယ်နိုင်တော့ပေ။


ရှောင်မိသားစု၏ သူရဲကောင်း စစ်တပ်တွင် စစ်ဘက်ဆိုင်ရာ အရည်အချင်းများကို တစ်နှစ်နီးပါး ဖြည့်ကျင့်ထားပြီးနောက် ရှောင်မင် သည် ဗိုလ်မှူးကြီး ဖြစ်လာမည်ဖြစ်သည်။ သူသည် ဧကရာဇာ်မြို့တော်မှ စစ်တက္ကသိုလ်များ၊ အရပ်ဘက် တိုက်ခိုက်ရေးသမားများနှင့် အနီးနားရှိ ကြယ်တာရာများမှ စစ်မှုထမ်းဟောင်းများအားလုံးကို စုစည်းကာ "Sky Hub" အမည်ဖြင့် အဖွဲ့တစ်ဖွဲ့ကို တည်ထောင်ခဲ့သည်။ ဤတပ်ဖွဲ့သည် ဇာ့ခ်များကို အောင်မြင်စွာ ခုခံနိုင်သည့် ယာယီအကြမ်းဖွဲ့ထားသည့် တပ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထို့အတွက်ကြောင့် သူသည် မိခင်မျိုးရိုး သို့မဟုတ် မိသားစုနှင့်မသက်ဆိုင်သော်လည်း ကရုဏာအပြည့်ဖြင့် သူ့ကိုယ်ပိုင်အဖွဲ့နှင့် အာဏာကို တရားဝင်တည်ထောင်နိုင်ခဲ့သည်။


တစ်ချိန်တည်းမှာပင်၊ နယ်စပ်ကြယ်တာရာဂြိုလ်များ အပြင်ဘက်တွင်လည်း ပြင်းထန်သော ဇာ့ခ်လှိုင်းကြီးကြောင့် လင်းရွှမ် ကို ဒုက္ခရောက်စေတော့သည်။ နောက်ဆုံးတွင် သူသည် SSS-အတန်းစား ဇာ့ခ်ဘုရင်မဆီသို့ ရောက်သွားသည်။


ထိုအဖြစ်များကို တွေးပြီး လင်းယောင်ယောင် သည် သူမစီစဉ်ထားသည့်အရာကို သတိရသွားသည်။ထိုအစီအစဉ်က၊ လင်းရွှမ် ပြန်လာသောအခါတွင် အရှင်သခင် အင်ပါယာ၏ အဓိကဇာတ်လမ်းကို ကြိုမြင်ထားခြင်းကြောင့် လင်း မိသားစု၏ ကံကြမ္မာအကြောင်း သူမ သိထားသည်များကို ပြောပြရမည်ဖြစ်၏။


ဇာ့ခ် အသားများအားလုံးကို ကြော်ပြီးသောအခါ မောင်နှမနှစ်ယောက်တို့မှာ စကားပြောသည့်နေရာကို မီးဖိုချောင်မှ ဧည့်ခန်းရှိ ဆိုဖာဆီသို့ ရွှေ့လိုက်သည်။

သိုသော်၊ အစ်ကိုရွှမ် က ပုံမှန်မဟုတ်ဘဲ ညီမဖြစ်သူ၏ လက်ကလေးကိုကိုင်ထားပြီး အငြိမ်မနေဘဲ ပွတ်သပ်လိုက်၊ဆော့ကစားလိုက် လုပ်နေတော့သည်။သို့ရာတွင်၊စကားကတော့ အကောင်းအတိုင်း လေးနက်စွာပြောနေဆဲပင်။


လင်းယောင်ယောင် သည် လင်းရွှမ် ၏ ကဏာမငြိမ်သော လက်ကို လျစ်လျူရှုရန် ကြိုးစားခဲ့သည်။ ထို့နောက် သူမသည် စုချင်းဟယ် က ကျောက် မိသားစု၏သမီးဖြစ်ကြောင်း သူမ ဘယ်လိုလုပ်ပြီး သိခဲ့ကြောင်းကို ပြတ်သားသောမျက်နှာ၊ လေးနက်သောလေသံဖြင့် ပြောဆိုခဲ့ပြီး သူမ၏ ခန့်မှန်းအိပ်မက်များကိုလည်း ပြောပြခဲ့သည်။ ထို့နောက် မကြာသေးမီကဖြစ်လာခဲ့သော ဇာ့ခ်ကျူးကျော်တိုက်ခိုက်မှု၊ ရှောင်မင် ၏အရည်အချင်းများထင်ပေါ်လာမှု၊ လင်းမိသားစု၏ ရှုံးနိမ့်မှုစသည်ဖြင့် သူမ အိပ်မက်ထဲတွင် မြင်ခဲ့ရသည့်အကြောင်းတို့အား တိုတိုတုတ်တုတ်ပြောပြလိုက်သည်။


လင်းရွှမ်: "ဒါကြောင့် မင်းက ရုတ်တရက် ရှောင်မင် ကို အရင်ကလို မကြိုက်ခဲ့တာလား"


လင်းယောင်ယောင်: '... ငါ အိမ်မက်ထဲမှာ တွေ့ခဲ့တဲ့ အတိုင်း လင်းမိသားစုက ရှုံးပြီး ပြဿနာတွေတက်ကြတယ်လို့ ပြောနေတာလေ...လင်းမိသားစု ပျက်ဆီးမယ့်ကိစ္စက အရမ်းအရေးကြီးတာလေ.. သူက ရှောင်မင်နဲ့ ငါ့ကို ဘာကြောင့် ပိုစိုးရိမ်နေတာလဲ"


"ဟုတ်တယ်…သူက ညီမလေး အိပ်မက်ထဲမှာတော့ အကြီးမားဆုံးရန်သူပဲ"


လင်းရွှမ် ၏မျက်နှာအမူအရာမှာ ကြေကွဲနေပုံရသည်။ ဇာ့ခ် များတိုက်ခိုက်လာခြင်းမရှိပါက လင်းယောင်ယောင် ၏ မှန်းဆနိုင်သောအိပ်မက်သည် အကြောင်းပြချက်တစ်ခုမျှသာဖြစ်သည်ဟု သူ ထင်ကောင်းထင်နိုင်သော်လည်း သူမက နောက်ထပ် ဇာ့ခ် များ တိုက်ခိုက်လာမည့်ပုံစံကို အကြမ်းဖျင်းပြောပြနိုင်သည်။နောက်ဆုံး ထီးနန်းရမည့် သူက တိတ်တဆိတ်နေထိုင်တတ်ပြီး လူတောသိပ်မတိုးသည့် ရှောင်မင်ပင်။ သို့သော်၊သူမ ပြောပြသည့် အခြေအနေများ၏ တိုးတက်မှုအရ ရှောင်မင် တစ်ယောက် အကောင်းဆုံး အခွင့်အရေး ရသွားနိုင်သည်။


လင်းရွှမ် သူ့လက်ကို မြှောက်ပြီး သူမ ခေါင်းကို ကိုင်လိုက်၍ လေးလေးနက်နက်ပြောလိုက်သည်။


"မင်း အိပ်မက်တွေ အားလုံး အမှန်လား တိုက်ဆိုင်မှုလားဆိုတာ ကိုယ် မသိဘူး… ဘယ်လိုပဲဖြစ်ဖြစ်၊ လက်တွေ့မှာ မင်းရဲ့ဘဝနဲ့ ကိုယ်တို့ မိသားစုရဲ့ ကံကြမ္မာက မင်းရဲ့ အိပ်မက်တွေအတိုင်း ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ဘူး… ဘာကြောင့်လဲ ဆိုတော့ ဇာ့ခ်ဘုရင်မက ဂြိုလ်တွေ ၁၀ခုစာက လူတွေကို ထိုင်စားရင်တောင် မင်းသေသွားတာလောက် ကိုယ်မစိုးရိမ်ဘူး"


သူ့ စကားကိုကြားလျှင်လင်းယောင်ယောင် အံ့သြသွားသည်။


လင်းရွှမ် သည် ကလေးမလေး၏ ပြူးကျယ်ဝိုင်းစက်ပြီး အံ့မခန်း ဖြစ်နေပုံရသော မျက်လုံးများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။


"ကိုယ်က သူတော်စင်မဟုတ်ဘူး… ကိုယ်မှာလည်း ဖြစ်ချင်တဲ့ ဆန္ဒရှိပြီး တစ်ကိုယ်ကောင်းလည်း ဆန်တတ်တယ်…လက်တွေ့ဘဝကသာ မင်းအိပ်မက်ထဲကအတိုင်းဆိုရင် မင်းနဲ့အတူတူ ကိုယ် သေချင်တယ်…ကိုယ်က အရင်ကဆို ဒီကမ္ဘာကြီးကို စွဲလမ်းမှုသိပ်မရှိဘူး…သေဆို သေရဲတယ်…ဒါပေမယ့် အခုတော့ ကိုယ် ချစ်တဲ့သူနဲ့ အကြာကြီးနေချင်မိတယ်"


ယခုဆို သူသေဖို့ ဝန်လေးနေပြီဖြစ်သည်။ သူသေသွားလျှင် လင်း မိသားစု ရှုံးသွားမှာကို ကြောက်မိသလို လင်းယောင်ယောင် တစ်ယောက်တည်း အားလုံးက အနိုင်ကျင့်ခံရမှာကို ကြောက်မိသည်။သို့မဟုတ်၊ သူမ အဆင်ပြေပြေ အသက်ရှင်နေသေးသည်ဆိုလျှင်တောင် သူမနှင့်အတူရှိခွင့်မရပါက အသက်ရှင်နေရသည်မှာလည်း အဓိပ္ပါယ် မရှိတော့ချေ။သူမကသာ အခြားလူနှင့် လက်ထပ်သွားပါက သူသေသွားတာကမှ ကောင်းပေတော့မည်။


ထိုလူ၏စကားထဲတွင် "သူမနှင့် အချိန်အကြာကြီး အတူနေချင်တယ်" ဆိုသော စကားက ထင်ရှားသည်။ လင်းယောင်ယောင် သည် အဝေးကို မကြည့်ဘဲ သူ၏ နက်မှောင်သော မျက်လုံးများကို မကြည့်ဝံ့ကြည့်ဝံ့နှင့် ကြည့်လိုက်၏။


"အစ်ကိုကြီး ပြောတာကို မှတ်ထားနော်..နောက်ဆို ဇာ့ခ်ဘုရင်မနဲ့ တစ်ကယ်တွေ့ခဲ့ရင် အစ်ကိုကြီး မသေအောင်လုပ်ရမယ်"


012 သည် ကြွပ်ကြွပ်ကြော်ထားသော အင်းဆက်သားများကို အတင်းစားသောက်နေသော်လည်း ပိုင်ရှင်နှင့် သူမ၏ ပိုင်ရှင်ကြားမှ ပြောနေကြသော ဇာ့ခ် အများအပြား လူ့ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာနိုင်သည့် အကျိုးသက်ရောက်မှုကို နားလည်သဘောပေါက်လိုက်သည်။ထို့နောက် သူက အကိုင်းအခက်များတွင် ပေကျံနေသာ အင်းဆက်အသားချောင်းများကို သုတ်ကာပြောလိုက်သည်။


"အင်း၊ နောက်ဆို ကလေးအတွက် အရသာရှိတဲ့ အင်းဆက်အသားတွေ အများကြီး စားရတော့မှာပဲ... ဇာ့ခ် ဘုရင်မဆိုရင် အရမ်းအရသာရှိလောက်တယ်..."


လင်းယောင်ယောင်:...


သူမ စကားမပြောနိုင်ဖြစ်သွား၏။


လင်းရွှမ် သည် 012 ၏ လှပသော မျှော်လင့်ချက်များကို လင်းယောင်ယောင် မှ တစ်ဆင့် ပြန်ပြောပြသည်ကို ကြားလိုက်ရသောအခါတွင် သူလည်း စကားသံထွက်မလာတော့။သို့သော်၊ အင်းဆက်သား၏ အရသာနှင့် ကြွယ်ဝသည့် စွမ်းအင်ကို သူတွေးမိသောအခါ ဇာ့ခ် ကျူးကျော်မှုမှာ သိပ်ကြောက်စရာ မလိုတော့သလိုဖြစ်သွားသည်။


ထိုခဏဝယ် လေးလံသော လေထုသည်၊ချက်ချင်းပင် ထူးဆန်းလာသည်။ ဤအရာသည် အစားအသောက်ကြိုက်သမားများက ကမ္ဘာကြီးကို ပြောင်းလဲစေကြောင်း သက်သေပြလိုက်တာပင် ဖြစ်သည်။


လင်းယောင်ယောင် သည် သူမ၏ယခင်ဘဝအကြောင်းကို တွေးနေမိသည်။ ပင်လယ်စာများကို နိုင်ငံခြားသားများက တရုတ်နိုင်ငံသို့ စတင် မိတ်ဆက်ပေးခဲ့သည်။ မူလက၊ပင်လယ်သတ္တဝါများသည် သဘာဝရန်သူမရှိသောကြောင့် လျင်မြန်စွာမျိုးပွားနိုင်ကြသည်။ သို့သော် နောက်ဆုံးတွင် သူတို့ကို စားမလောက်တော့သဖြင့် လူတို့သည် အတုအယောင်မျိုးပွားခြင်း ဖြစ်ရပ်များကိုပင် အားကိုးခဲ့ရသည်။


အလားတူပင်၊ အရှင်သခင် အင်ပါယာတစ်ခုလုံးရှိ လူအများသည် ဇာ့ခ်မျိုးနွယ်တို့၏ အရသာကို ရှာဖွေတွေ့ရှိသွားပါက၊သူတို့လည်း ရှောင်မင်ကို ထောက်ခံအားပေးရန် မလိုအပ်ဟု သူမတွေးလိုက်မိသည်။ထိုအခါ လူသားတွေအားလုံးက စစ်သားများ ဖြစ်လာကြပြီး အရသာရှိ၍ စွမ်းအင်မြင့်မားသည့် အသားများကို အခမဲ့ သူတို့အိမ်ထဲအထိ ထည့်ထားကာ စားနိုင်ကြမည်ဖြစ်သည်။နောက်ပိုင်း ဇာ့ခ်များ နည်းလာမည်ဆိုလျှင်၊ လုယက်မှု အခြေအနေတောင် ဖြစ်သွားနိုင်သည်။တရုတ်ပြည်သားများက ကြံကြံဖန်ဖန် ပိုးလောက်ကောင်လေးများ၊သားလောင်းလေးများကို စားကြသလိုပင် နူးညံ့ပြီးအရသာရှိသည့် ဇာ့ခ်အသား အရသာကြောင့် ကိုယ်တိုင် ထွက်တိုက်ကြပေတော့မည်။ဇာ့ခ်များက စွမ်းအင်ကြွယ်ဝပြီး အရသာရှိသည့် လူသားများကို စားဖို့လာနေသော်လည်း ယခု လူတွေကတောင် သူတို့ကို ပြန်စားဖို့ ကြိုးစားလာမည်ဖြစ်၏။


လူများကို အထင်မသေးသင့်ပေ။အကယ်၍ သူတို့ကိုယ်ခန္ဓာကသေးငယ်သဖြင့် အင်းဆက်များကို တစ်ပြိုင်နက်ကုန်‌ေအာင်မစားနိုင်လျှင်တောင်မှ ဖြည်းဖြည်းချင်းစား၍ဖြစ်စေ၊သို့မဟုတ်လည်း အင်းဆက်အသားဆော့စ်များနှင့် ပိုးမွှားအသားစည်သွတ်ဘူးများအဖြစ် လုပ်နိုင်သည်။


လင်းယောင်ယောင် ထိုသို့ တွေးမိပြီး အကြံကောင်းဟု ထင်မိသွားသည်။ထို့ကြောင့် အရှင်သခင် အင်ပါယာတွင် ဧရာမအင်းဆက် အသေ ၁၅ကောင်ရှိနေလျက်နှင့်၊ သူမလက်ထဲတွင် တစ်ကောင်သာရှိသဖြင့် အလွန်စိတ်ဆင်းရဲသွားသည်။


"အစ်ကို ရွှမ် သတ်ခဲ့တဲ့ ဇာ့ခ် အားလုံးကို ဘာလို့ ခေါ်မလာတာလဲ.. အဲဒါ ပိုက်ဆံပဲ၊ ဘယ်နေရာမှာမှ မဝယ်နိုင်တဲ့ အဆင့်မြင့် ဟင်းလျာတွေလေ"


လင်းယောင်ယောင် ၏ တိုင်တန်းချက်ကို နားထောင်ရင်း လင်းရွှမ် ၏ အေးစက်မာကျောသော မျက်နှာသည် ထုတ်ဖော်မပြတတ်အောင် ဖြစ်သွား၏။

မူလက သူသည် ကလေးမလေးအား လှည့်စားပြီးနောက် အခွင့်ကောင်းယူကာ "အချစ်များနှင့် ထပ်တူပွေ့ဖက်ခြင်း"၊ "အချစ်များဖြင့် အနမ်းပေးခြင်း" စသည်ဖြင့် ပြုလုပ်ရန် စဉ်းစားထားခဲ့၏။


မမျှော်လင့်ဘဲ 012 သည် စကားဝိုင်းကို ဖရိုဖရဲဖြင့် ဝင်ရောက်လာခဲ့ရာ၊ အစားအသောက် သမားနှင့် အစ်ကိုဖြစ်သူတို့၏ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များဆွေးနွေးနေရာမှ အစားအသောက်ဘက် ရောက်သွားလေတော့သည်။


သို့သော် သိပ္ပံနည်းကျဖြစ်နိုင်ခြေ၏ ရှုထောင့်မှကြည့်လျှင် လင်းယောင်ယောင် စကားများသည် အတော်လေး အဓိပ္ပါယ်ရှိပေသည်။သူမ၏ ရည်ရွယ်ချက်ကလည်း အတောင်ပံပါ အင်းဆက်အသား၏ အရသာကို လူအများ ပိုမိုသိရှိအောင် မြှင့်တင်ပေးရမှာ ဖြစ်သည်။ လူများများ ကြိုက်လာလေ၊ ပိုကောင်းလေပင်။


လင်းရွှမ်အနေနှင့်လည်း၊ ကလေးမလေးက တစ်ခုခုကို တွေးနေပြီး ကြံစည်သရွေ့ သူမကို ခြွင်းချက်မရှိ စိတ်ကျေနပ်အောင် တတ်နိုင်သမျှ လုပ်ပေးမှာဖြစ်သည်။သူ့ ညီမအနေနှင့်ဖြစ်စေ၊ဇနီးလောင်းတစ်ယောက် အနေနှင့်ဖြစ်စေ၊သူ့ကို ပိုင်ဆိုင်ရခြင်း၏ အဓိပ္ပါယ်ကို သူမ သိစေချင်သည်။သူမအတွက် သူက ကမ္ဘာကြီးတစ်ခုလုံး ဆိုသည်ကို ပြသချင်မိ၏။


"ကျန်တဲ့ ခြောက်ကောင်ကိုလည်း ကိုယ် သတ်ခဲ့တာလေ... မနက်ဖြန်ကျမှ မင်းအတွက် ကိုယ် သူတို့ကို ယူလာခိုင်းလိုက်မယ်"


ကင်းလှည့်စစ်တပ်က သူ့ကို မငြင်းဝံ့။သူသတ်ခဲ့သည့် တောင်ပံပါ အင်းဆက်များသည် သူ့အတွက်သာ ဖြစ်သင့်ပေသည်။


သူမ သုံးစက္ကန့်မျှ စကားမပြောနိုင်ဘဲ ကြောင်သွားရပြီး


"အာ တစ်ကယ်လား"


ထို့နောက် သူမသည် လင်းရွှမ် ၏ ပြတ်သား ချောမောပြီး အေးစက်သော မျက်နှာကို စိတ်လှုပ်ရှားစွာဖြင့် ဖိနမ်းလိုက်သည်။


"ညီမလေး အစ်ကိုရွှမ့်ကိုသေတဲ့အထိချစ်သွားမယ်"


လင်းယောင်ယောင် ၏ ရုတ်တရတ် စိတ်အားထက်သန်မှုနှင့် တက်ကြွသော အနမ်းကို ရင်ဆိုင်ရင်း လင်းရွှမ် မှာလည်း ခဏတာ ငြိမ်သက်သွားခဲ့သည်။ ထို့နောက် သူ့နားရွက်များပူလာပြီး ချောမောသည့် မျက်နှာလေးက နီရဲသွားသော်လည်း တည်တည်ငြိမ်ငြိမ်နှင့် ပြောလာသည်။


"ကျန်တဲ့ ကင်းလှည့်အဖွဲ့ဝင်တွေကို ရအောင်ကြိုးစားပြီး သုတေသနလုပ်ဖို့ ချန်ထားခိုင်းလိုက်မယ်…ဒါပေမယ့်"


ကင်းလှည့်တပ်နှင့် ညှိနှိုင်းရာတွင် အနည်းငယ်အခက်အခဲရှိမည်ဖြစ်သော်လည်း သူ့ကလေးမလေးကို ပျော်ရွှင်စေမည်ဆိုပါက၊ ထိုက်တန်ပါသည်။


လင်းယောင်ယောင် သည် အရသာရှိသော အင်းဆက်အသားကြောင့် အံ့အားသင့်သွားခဲ့ပြီး ၎င်းအသားသည် သူမအတွက် ရွှေငွေတောင်ကြီးကဲ့သို့ အဖိုးတန်သည်ဟု ထင်မိ‌ေသာကြောင့် လုပ်မိလုပ်ရာ သူ့ကို နမ်းလိုက်မိခြင်းပင်။ ဤအခိုက်အတန့်တွင် သူမသည် လင်းရွှမ် နှင့် အလွန်နီးကပ်နေပြီဆိုတာကို နောက်ဆုံးသိလိုက်ရပြီး မသိစိတ်ကအလိုလို ဆိုဖာဆီသို့ နောက်ပြန်ဆုတ်သွား၍ လုံခြုံသည့်အကွာအဝေးကျမှ ထိုင်လိုက်၏။


"ဒါပေမယ့် ဘာဖြစ်လဲ"


'သူက သူမကို အတင်းထပ်နမ်းဖို့ အခွင့်အရေးယူလာမှာလား"


ဇာ့ခ်အသားများလေလေ ပိုကောင်းလေ၊ ဖြစ်သော်လည်း သူက အရင်ကလို အတင်းနမ်းလာမည်ကို သူမ စိုးရွံ့နေသေးသည်။ သူ၏ ကြီးစိုးပြီး ပြင်းထန်သော အနမ်းသည် သူမကို အကြီးအကျယ်ထိတ်လန့်သွားစေခဲ့၏။

ခဏကြာမှ၊ သူ့အသံသည် တိုးလျသွားကာ အေးစက်သော မျက်လုံးများဖြင့် သူမကို စူးစူးစိုက်စိုက် ကြည့်ပြီး


"မင်းပြောသမျှကို နောက်တစ်ကြိမ် ပြန်ပြော…'သေတဲ့အထိ' ဆိုတဲ့ နောက်ဆုံးစကားလုံးနှစ်လုံးကို ဖယ်လိုက်"


ထိုအခါမှ၊ လင်းယောင်ယောင် သည် ယခုလေးတင် စိတ်လှုပ်ရှားစွာဖြင့် သူမပြောခဲ့သည့်စကားကို အမြန်ပြန်သတိရမိသည်။


"အစ်ကိုရွှမ့်ကို သေတဲ့အထိချစ်မယ်"


ချက်ချင်းပင်၊ မိန်းကလေး၏ ချစ်စရာကောင်းသော မျက်နှာသည် ရုတ်တရက် နီရဲသွားသည်။



xxxxxx

Ei Thet Hmue