အခန်း၈၀
Viewers 8k

Chapter 80

(အစ်ကိုရွှမ်၏ အသဲပုံကြက်ဥကြော်)


သူမလည်း ရှက်ကိုးရှက်ကန်းနှင့်


"ဒါဆိုလည်း မပြောတော့ဘူး... ညီမလေးရဲ့ အချစ်က အင်းဆက်ခုနစ်ကောင်နဲ့ တန်ရဲ့လား"


ထိုသို့ပြောပြီးနောက် လင်းယောင်ယောင် လင်းရွှမ် ကို နှာခေါင်းရှုံ့မဲ့ကာပြောလိုက်သည်။


"ဧည့်ခန်းက ပထမထပ်မှာ ရှိတယ်နော်... Goodnight"


လင်းရွှမ် သည် ကလေးမလေး ပြန်ပြေးသွားသည်ကို ကြည့်ရင်း တခစ်ခစ်ရယ်နေတော့သည်။


နောက်နေ့မနက်စောစောတွင်…


လင်းယောင်ယောင် နိုးလာသောအခါ မီးဖိုချောင်မှ မီးများက ပွင့်နေပြီဖြစ်ပြီး အတွင်းထဲမှ လှုပ်ရှားသံများနှင့် အစားအသောက်အနံ့များကို ခံစားလိုက်ရ၍ သူမ အံ့သြသွားရသည်။


လင်းရွှမ် က အပြင်ထွက်သွားလို့များ စက်ရုပ်ကို သူမအတွက် မနက်စာ စောစောချက်ဖို့ ခိုင်းခဲ့တာဖြစ်နိုင်မလား…


ထို့‌နောက် သူမ မီးဖိုချောင်ထဲဝင်သွားလိုက်ရာ လင်းရွှမ် ကို တွေ့လိုက်ရသည်။


သူကြော်ထားဟန်တူသော အညိုရောင်အနည်းငယ် သမ်းနေသည့် ထောပတ် ပေါင်မုန့်ကြော်က ကောင်တာပေါ်တွင် တင်ထားပြီး နွားနို့နွေးနွေးလေးကလည်း အသင့် ရှိနေသည်။ ထိုလူက ကြက်ဥကို သေသေချာချာ အာရုံစိုက်၍ အသဲပုံဖြစ်အောင် ကြိုးစားနေခြင်းဖြစ်သည်။ သို့သော် သေသေချာမလုပ်တတ်သဖြင့် အများစုမှာ အသဲပုံမဖြစ်ဘဲ ပွစာကျဲနေတော့သည်။


လင်းရွှမ် သည် သူမ၏ ခြေသံကို ကြားနေရသဖြင့် ခေါင်းကိုမလှည့်လာခင် ကြက်ဥကြော်ကို ပန်းကန်တစ်ချပ်ပေါ်တင်လိုက်သည်။


"ကိုယ် လေးခုကြော်ထားတာ...ဒါက ငါးခုမြောက်ပဲ မြည်းကြည့်ပါဦး"


လင်းယောင်ယောင် သည် သူမရှေ့တွင် အလွန်ကြည့်မကောင်းသော အသဲပုံကြက်ဥကြော်ကို ကြည့်ရင်း ပြုံး၍ ပြောလိုက်၏။


"အဆင်ပြေပါတယ်…ကိစ္စမရှိပါဘူး"


ထို့နောက် သူ ကြော်နေသည်မှာမပြီးသေးသဖြင့် သူ့အနားကို လျှောက်သွား၍ မီးကိုပြန်ဖွင့်ပြီး ကြက်ဥကို ကျွမ်းကျွမ်းကျင်ကျင် မွှေ၍ ပဲငံပြာရည်နှင့် ဆားအနည်းငယ်ထည့်ကာ ထပ်ကြော်လိုက်သည်။ ခဏအကြာတွင် ပြီးပြည့်စုံသော အသဲပုံနှလုံးပုံ ကြက်ဥကြော်မှာ ပန်းကန်ပြားပေါ် ရောက်လာတော့သည်။


လင်းရွှမ် က သူ့နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး...


"အခု ကိုယ် စောနက ဆားထည့်ရမှာကို သကြားမှားထည့်လိုက်လို့ အရသာမကောင်းတာ ဖြစ်မှာပါကွ"


"ရပါတယ်… ဒါဆိုလည်း အစ်ကိုကြီးဟာကို အစ်ကိုကြီး စားလိုက်တော့…ညီမလေးက ကိုယ် လုပ်ထားတဲ့ဟာကိုပဲ စားလိုက်မယ်"


သူက စကားခဏရပ်လိုက်ပြီး သူ၏ နက်မှောင်သော မျက်လုံးများဖြင့် သူမအား စိုက်ကြည့်ကာ တစ်ဖန် ပန်းကန်ပြားပေါ်မှ သူလုပ်ထားသည့် ရှုပ်ပွနေသော ကြက်ဥကြော်ကို ဝမ်းနည်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


လင်းယောင်ယောင် သည် သူ ဘာဖြစ်သွားမှန်း မသိလိုက်ပေ။ သူ့ပုံစံက စိတ်ဓာတ်ကျနေသည့် ခွေးကြီးလိုပင် ရယ်စရာကောင်း‌နေသေးသည်။ ဗိုလ်ချုပ်ကြီးသည် အပြောတင် ကောင်းသည်မဟုတ်ဘဲ ယခုဆို ဟင်းများတောင် ချက်ကျွေးနေပြီဖြစ်သည်။ အရသာက သိပ်ပြီးမပြည့်စုံဘူးဆိုလျှင်တောင် သူမ အသိအမှတ် ပြုမိပေသည်။


"ကဲပါ...စားမယ်... စားမယ်"


ကလေးမလေး မမြင်နိုင်သည်က၊ ထိုလူကြီး၏ နှုတ်ခမ်းထောင့်များသည် ချင်ချင်းပင် ကွေးကွေးလေး ဖြစ်သွားရာမှ မကြာမီပင် ပြန့်ကားလာပြန်သည်။


'အဖေပြောတာ မှန်တယ်…မိန်းကလေးတစ်ယောက်ကိုလိုက်ချင်ရင် နှာဘူးကျပြီး အသေအလဲကြိုက်ပြတာ မကောင်းဘူးဆိုတာလေ...ငါသိသွားပြီး သနားဖို့ကောင်းအောင်ပဲ လုပ်ရမယ်"


သူသည် လင်းထျန်းယွဲ့ "မိန်းမပိုးခြင်းအတွေ့အကြုံ" ကို အကုန်လုံး ပညာသင်ယူချင်ခဲ့သော်လည်း မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့အတွက် သားအဖနှစ်ယောက် အလုပ်ကြိုးစားခဲ့ရသဖြင့် အပြည့်အစုံသိခွင့်မရလိုက်ပေ။


လင်းရွှမ် ပြုလုပ်သော နံနက်စာသည် စက်ရုပ်၏ နံနက်စာထက် အနည်းငယ် ပိုဆိုးသော်လည်း လက်ခံနိုင်သေးသည်။ လင်းယောင်ယောင် သည် အစားအသောက်ကြိုက်သူပီပီ အရသာကို မကြိုက်သော်လည်း ဤမနက်စာထဲမှ ချိုမြိန်သည့် ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။


ထို့နောက် သူမသည် အပြင်မထွက်ခင် ရေခဲသေတ္တာထဲက အင်းဆက်ကောင်ကြီး၏ ခြေထောက်ပိုင်းထဲမှ 20 ကတ်တီခန့် တန်သည့် အပိုင်းတစ်ခုကိုယူကာ သူမ၏ အာကာသခလုတ်ထဲကို ထည့်လိုက်သည်။အကြောင်းမှာ၊ ဆရာ ချိုက်၊ စီနီယာအစ်ကို ချိုက်မူပိုင် နှင့် စီနီယာအစ်မ ရန်နင် တို့နှင့်အတူ ယနေ့ နောက်ထပ်ဟင်းပွဲများ အနည်းငယ်ကြိုးစားကြည့်ချင်မိသည်။ ထို့နောက် ဝေ့ယွမ် တို့အဖွဲ့အား အမြည်းခိုင်းရပေဦးမည်။ စမ်းသပ်မှုပြီးသွားသည်နှင့် သူမသည် အသုံးအများဆုံး အိမ်ချက်နည်းများအပြင် ပိုမိုကောင်းမွန်သည့် ကုသနိုင်သော အာနိသင်များနှင့် အရသာများအကြောင်းကို တွက်ချက်ကာ ကြော်ငြာရန်အတွက် လုပ်ငန်းစဉ်တစ်ခုလုံးကို ဗီဒီယိုထဲတွင် မှတ်တမ်းတင်ထားရမည်ဖြစ်သည်။


ထို့မျှမကသေး၊ သူမသည် အစ်မ ဖုယင်း ကိုလည်း သင်ပေးမည်ဖြစ်ပြီး ၎င်းတို့ကို "ယိုကျန့် အစားအသောက်ကုထုံး ဈေးဆိုင်" တွင် အထူးဟင်းလျာအဖြစ် ပရိုမိုးရှင်းဆင်းမည်ဖြစ်သည်။ သို့သော် အဘိုးကြီးချိုက် နှင့် အခြားလူများက “ဇာ့ခ် အသား” ဆိုပါက ကြောက်သွားပြီး မချက်ပြုတ်ဘဲ မစားတော့မှာကို စိုးရိမ်သည့်အတွက် သူမ တစ်ယောက်တည်းချက်ပြီး သူတို့ကို မြည်းခိုင်းပြီးမှသာ မည်သည့်အသားအမျိုးအစားဖြစ်ကြောင်း ပြောပြရန် ဆုံးဖြတ်ခဲ့သည်။


လင်းရွှမ် သည် စစ်ဌာနချုပ်သို့ သွားရောက် သတင်းပို့ခဲ့ပြီး ကင်းလှည့်အဖွဲ့မှ ကျန်ခဲ့သော အင်းဆက်များကို မတော်တဆတွေ့လိုတွေ့ငြား ရှာဖွေခဲ့သေးသည်။သူ သေချာစဉ်းစားလိုက်ရာ၊ လင်းယောင်ယောင်၏ စိတ်ကူးအိပ်မက်နှင့် ပတ်သက်၍ သံသယအချို့ရှိနေသေးသည်။ ဥပမာအားဖြင့်၊ သူမသည် ရှေးခေတ်တရုတ်ဟင်းလျာများ ချက်ပြုတ်ခြင်းအတတ်ပညာကို အစမှအဆုံး မည်သို့ သင်ယူခဲ့သည့်နေရာကို ရှင်းပြခဲ့ဖူးသည်။ယခင်က သူမသည် ချောင်ကမ်းပါးမှ ပြုတ်ကျပြီးနှစ်ရက်ခန့် မေ့မြောနေခဲ့ဖူး၏။ ထို့နောက် တစ်ပတ်အကြာတွင် သူသည် လျှို့ဝှက်အလုပ်တစ်ခုကြောင့် နယ်ခြား‌ကြယ်တာရာမှ ပြန်လာခဲ့သည်။ ထိုနေ့တွင်ပင်၊ ကလေးမလေးသည် အရသာရှိသော နေ့လယ်စာကို ချက်ပြီးသားဖြစ်ပြီး အစားအသောက်ဌာနကို ရွေးချယ်ခွင့်ပေးရန် မိဘများထံ အကူအညီတောင်းရန် သူ့အား စည်းရုံးခဲ့သည်။


တစ်ခုထူးဆန်းသည်က၊ Star Network ရှိ ရှေးဟောင်း တရုတ်အစားအစာ ဖလှယ်ရေး ဖိုရမ်တွင် ထိုသို့ အသေးစိတ် တရုတ်ရှေးဟောင်း ချက်ပြုတ်နည်းများ မရှိပေ။ထို့ကြောင့်သူမသည် သူ့အား တစ်စုံတစ်ခုကို ဖုံးကွယ်ထားဆဲဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့သော် သူမသည် လင်း မိသားစုအတွက် အမှန်တစ်ကယ် စိုးရိမ်ပူပန်နေကြောင်း သူ ခံစားနိုင်သည်။ သူမ သူတို့ကို ဒုက္ခမပေးနိုင်ခြင်းမှာ သေချာသည်။ မည်သို့ပင် ဖြစ်စေ၊ ဖုံးကွယ်ထားသည့် အကြောင်းအရင်းမှာ သူ့ကို လုံလုံလောက်လောက် မယုံကြည်နိုင်သေးတာကြောင့်လည်း ဖြစ်နိုင်၏။


ထို့အပြင်၊ဤကိစ္စသည် အလျင်စလိုလုပ်စရာမလိုအပ်ဟု တွေးလိုက်မိသည်။ ကောင်မလေးကို ဖြည်းညင်းစွာ ဖွင့်ပြောရန် သူ့တွင် အချိန်ရှိသေးသည်။သူမ သူ့ကိုသတိပေးခဲ့သည့် တစ်ချို့အရာတွေအတွက်တော့ မဖြစ်ခင် ကြိုတင်ပြင်ဆင်ရမှာဖြစ်သည်။ အဆိုးဆုံးအခြေအနေ မဖြစ်ခဲ့ပါကလည်း ၊ပြင်ဆင်ထားခြင်းက အမှားမဖြစ်နိုင်ပေ။


တစ်ညသာကြာပြီးနောက် ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲကြီးသည် လတ်တလော အဟော့ဆုံးအကြောင်းအရာမဟုတ်တော့။ "ဇာ့ခ် တိုက်ခိုက်မှု" ကြောင့် အင်ပါယာ၏ ပထမဆုံး စစ်ပညာရေးအကယ်ဒမီ တစ်ခုလုံး၏ လေထုသည် ငြိမ်သက်သွားခဲ့သည်။


လင်းယောင်ယောင် သည် အခြေခံသင်တန်းများအတွက် ပြင်ဆင်ရန် စာသင်ခန်းထဲသို့ ဝင်လိုက်သောအခါတွင် အတန်းဖော်များစွာက သူမကို ပြောလာကြတော့သည်။


"ဘော့စ်… အဆင်ပြေရဲ့လား…နင် မကြောက်ဖူးလား…ဧရာမအင်းဆက် တွေက တကယ်ကြောက်စရာကောင်းပြီး ရွံစရာကောင်းတယ်‌တဲ့... ဘော့စ်ကလည်း အားပျော့တဲ့ အစားအသောက်ကုထုံးပညာရှင်ဆိုတော့ အပြင်ထွက်တဲ့အခါ သတိထားသင့်တယ်နော်...အဖော်ပါမှ သွားလာသင့်တယ်"


အတန်းဖော် ကောင်လေးက လာပြောလေသည်။သို့သော်၊ လင်းယောင်ယောင် သူ့ကို စကားသိပ်မပြောဖြစ်ပေ။ သူပြောပုံက သူကလည်း အားနည်းသူ အစားအသောက်ကုထုံး ပညာရှင်မဟုတ်သည့်အလားပင်။ သို့သော်၊သူတို့က သူမကို စိတ်ပူ၍လာပြောနေကြမှန်း သူမ သတိထားမိပေသည်။


ကျန်းရို့ ကတောင် လာပြောနေ၏။


"ယောင်ယောင်…နင် အဆောင်ထဲမှာပဲ နေသင့်တယ်နော်…နင် ကြောက်ရင် အတန်းပြီးလို့ရှိရင် ငါနဲ့အတူ အိပ်ဆောင်ကို ပြန်သွားလို့ရတယ်…နင် ဓာတ်ခွဲခန်းက ပြန်လာတဲ့အခါလည်း ငါ နင့်ကို အတူလိုက်ပို့ပေးမှာပေါ့"


သူမ နှလုံးသားသည် ခဏတာ နွေးထွေးသွားသော်လည်း အနေခက်သွားသည်။အကြောင်းက သူမသည် အင်းဆက်အသားကိုတောင် စားခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင် ယခုဆို သူမသည် အတောင်ပံပိုးမွှားတွေကို လုံးဝ မကြောက်သည့်အပြင်၊ အရိုးမရှိ၊ စွမ်းအင်မြင့်ပြီး အရသာရှိသော အသားဟုတောင် မြင်လာပါတော့သည်။


နောင်တစ်ချိန်တွင် SS-အဆင့် ဇာ့ခ် များ ကျူးကျော်လာပါက၊ ၎င်းတို့သည် ready made အဆင့်-၆ပါဝင်ပစ္စည်းများ ဖြစ်လာမည်ဖြစ်သည်။သူမ ကောင်းစွာ ကိုင်တွယ်ထားနိုင်သရွေ့ အဘွားဝေ့၏ မျိုးရိုးဗီဇရောဂါများကိုလည်း ကုသပေးနိုင်မည်ဖြစ်သည်။ အဆင့်မြင့်မားသော အရန်အစားအစာတစ်ခုအနေဖြင့်၊စိတ်ပိုင်းဆိုင်ရာ နယ်ပယ်၏ ချို့ယွင်းမှုများကို ကုသရန်အတွက် မဆိုးပေ။ ၎င်းသည် သင့်အိမ်သို့ အရောက်ပို့ဆောင်ပေးလာသည့် ရိုးရှင်းသော အဆင့်မြင့်ပါဝင်ပစ္စည်းများဖြစ်သည်။ သို့သော်လည်း အစားအစာမဖန်တီးမီ၊သူတို့က ၎င်းကို ဘယ်တော့မှ စားကြမည်မဟုတ်ကြောင်း သူမ သိသည်။သို့သော်၊ သိပ်မကြာနိုင်ပေ။ လင်းရွှမ် က ကျန်ရှိသော အင်းဆက် 13 ကောင်ကို ယူဆောင်လာသောအခါ အင်းဆက်အသားစားပွဲသို့ တစ်တန်းလုံးကို ဖိတ်ကြားရန် သူမ ဆုံးဖြတ်ထားသည်။ သူမသည် အစားအသောက်ကုထုံးပညာရှင်များ၏ ဝမ်းဗိုက်ကို ဦးစွာအနိုင်ယူပြီးမှ တခြားသူများကို မြှူဆွယ်၍ ရပေမည်ဖြစ်၏။


ထို့ကြောင့်၊ ကမ္ဘာကြီးကို ပြောင်းလဲရန်နှင့် ကယ်တင်ရန် ယခုပဲ စတင်ကြပါစို့..


နေ့လည်ခင်းအချိန်၊ အစားအသောက်ကုထုံးသုတေသနစခန်းရှိ စမ်းသပ်ခန်းတွင်၊


အဘိုးကြီးချိုက် သည် ပထမတန်းနှင့် ဒုတိယတန်းစား အသားပါဝင်ပစ္စည်းများ၏ အညစ်အကြေးများကို ကိုင်တွယ်ရန် မနေ့ကကဲ့သို့ပင် လင်းယောင်ယောင် ကို တာဝန်ပေးခဲ့သည်။ သို့သော်လည်း လင်းယောင်ယောင် သည် သုတေသနအခြေစိုက်စခန်း၏ စားသောက်ကုန် သိုလှောင်ရုံမှ အသားပါဝင်ပစ္စည်းများကို အသုံးမပြုခဲ့ပေ။ ယင်းအစား၊ သူမ၏ကိုယ်ပိုင် အာကာသခလုတ်မှ အဖြူရောင် အသားကြီးတစ်ပိုင်းကို ထုတ်ယူလိုက်သည်။


ထိုအခါ အဘိုးကြီးချိုက် ချက်ချင်းရောက်လာတော့သည်။ သူမ ကိုယ်ပိုင် ပါဝင်ပစ္စည်းများကို ယူလာခြင်းမှာ၊ သူမကိုယ်တိုင် ယနေ့ အရသာရှိသော ဟင်းပွဲတစ်ခုခုကို လုပ်မည်ဟု ဆိုလိုခြင်းပင်။ သူမ ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများသည် ဟင်းပွဲ၏လိုအပ်ချက်များနှင့် ကိုက်ညီသည်ဟု ဆိုလျှင် ရပေသည်။


၎င်းသည် ဇာ့ခ် အသားဖြစ်ကြောင်း မစ္စတာချိုက် မြင်သွားမည်ကို ကြောက်သောကြောင့် သူမ နောက်ပြန်လှည့်ပြီး ကိုယ်လုံးနှင့် ကွယ်ထားလိုက်၍ ပြောလိုက်သည်။


"ဆရာ့ကို ဒီနေ့ အများကြီး ကျွေးပါ့မယ်နော်… ဒါပေမယ့် ကျွန်မ ချက်နေတဲ့အချိန် အဝေးကနေပဲကြည့်ပြီး အနှောင့်အယှက် မပေးပါနဲ့လား"


အစားအသောက်ကုထုံးပညာရှင်တစ်ဦး၏ အသိပညာသည် မည်မျှပင်အဆင့်မြင့်နေပါစေ အသား၏အဆင့်နှင့် အတွင်းဆဲလ်တည်ဆောက်ပုံကို လေ့လာရန်၊ အလွန်နီးကပ်စွာ ကြည့်ရှုလေ့လာနေရမည်ဖြစ်သည်။ မာစတာအဆင့် အစားအသောက်ကုထုံးပညာရှင်တစ်ဦးအနေဖြင့် မစ္စတာချိုက် သည် စူးရှသော မျက်လုံးရှိသူဖြစ်သည်။ ထို့ကြောင့် လင်းယောင်ယောင် ထုတ်ယူလိုက်သော အသားပိုင်းသည် အဆင့်မနိမ့်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ အသားပုံစံက ငါး၊ ပုဇွန် ၊ ကဏန်းများနှင့် ခပ်ဆင်ဆင်တူသော်လည်း အတော်ကြီးပေသည်။ ငါးကြီးတစ်ကောင်၏ အသားဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း အကြေးခွံများကို မတွေ့ရပေ။ထို့ကြောင့် သူသည် အသား၏ အသေးစိတ်အခြေအနေကို မပြောနိုင်ဘဲဖြစ်နေရသည်။


သူမ၏ လက်ရှိအဆင့်ကြောင့်၊ အလယ်အလတ် နှင့် အဆင့်မြင့် အသားပါဝင်ပစ္စည်းများကို ကိုင်တွယ်ရန် စောလွန်းနေသေးသည်။ သူမ အခိုင်အမာ မည်သို့ပင် ဆိုသည်ဖြစ်စေ၊ ကုသရေးအာနိသင်သည် ပထမအဆင့်နှင့် ဒုတိယအဆင့် ပါဝင်ပစ္စည်းများလောက် မကောင်းနိုင်ပေ။


ချိုက်ယူဟုန် သည် သူမ ချက်ပြုတ်သော အရသာရှိသည့် အစားအစာကိုစားချင်သော်လည်း၊ သူမ၏ အခြေခံအုတ်မြစ်အဆင့်ကို မေ့လျော့ပြီး အမြန်အောင်မြင်ဖို့အတွက် စိတ်အားထက်သန်ပြီး အဆင့်မြင့်ပါဝင်ပစ္စည်းများကို မနိုင်မနင်း ကိုင်တွယ်နေပါက သူ မျက်စိမှိတ်ပြီး ကြည့်နေမည် မဟုတ်ပေ။


အဘိုးကြီးချိုက် က


"ယောင်ယောင်…မင်း အခုမှ အသားပါဝင်ပစ္စည်းတွေနဲ့ ကိုင်တွယ်နည်းကို သင်ယူနေတာလေ…စိတ်မပူပါနဲ့…တစ်ဆင့်ပြီးတစ်ဆင့် လုပ်သင့်တယ်…ဒါမှ မင်းရဲ့ အရည်အချင်းတွေက တည်ငြိမ်ပြီး အဆင့်မြင့်နေမှာ"


ယခုလောလောဆယ် အင်းဆက်အသားဆဲလ်များ၏ ဖွဲ့စည်းပုံမှာ ပထမတန်းနှင့် ဒုတိယတန်းပါဝင်ပစ္စည်းများကဲ့သို့ရိုးရှင်းကြောင်း အဘိုးကြီးချိုက် အား ရှင်းပြ၍မဖြစ်သေး၍ လင်းယောင်ယောင်က ပြောလိုက်သည်။


"ဆရာ… ကျွန်မ ဒီအသားကို ကိုင်တွယ်လို့ ရပါတယ်… နောက်မှ ဆရာ ကိုယ်တိုင် မြည်းကြည့်ရင် သိလိမ့်မယ်"


ထို့နောက် ဇာ့ခ် အသားဟင်းပွဲများကို ပြင်ဆင်ရန် ဓာတ်ခွဲခန်းတံခါးကို ပိတ်ထားလိုက်သည်။ လင်းရွှမ် စကားအရ ကွဲပြားသော ဇာ့ခ် အသားများသည် ချက်ပြုတ်လိုက်ပါက အရသာက ကွဲပြားမှုများရှိပေလိမ့်မည်ဖြစ်သည်။ ထိုကိစ္စကိုမူ သူမ နောက်ဆိုလျှင် ဖြည်းဖြည်းချင်း သိလာရမည်ဖြစ်၏။ ဤတောင်ပံပါသော အင်းဆက်များ၏ အရသာက ပုစွန်နှင့် ကဏန်းများလို လတ်ဆတ်ပြီး နူးညံ့နေ၏။ ပုံစံက နည်းနည်းပိုပြီး ပျော့ကျိကျိနှင့် ရော်ဘာလို ရုန်းပြန်သတ္တိရှိသော်လည်း ပုစွန်နှင့်ကဏန်းများလို လိုက်ချက်လျှင် ရပေသည်။


ပထမဦးစွာ လင်းယောင်ယောင် သည် အင်းဆက်သားအတွင်းရှိ အညစ်အကြေးများနှင့် ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များကို သန့်စင်ရန် သူမ၏ စိတ်စွမ်းအားကို အသုံးပြုလိုက်သည်။ထို့နောက် သူမသည် ဇာ့ခ်အသားဖက်ထုပ်ကြော်၊ ဇာ့ခ်အသားကြက်ဥမွှေကြော်၊ ဇာ့ခ်အသား၊ခရမ်းချဉ်သီး၊ ဟင်းသီးဟင်းရွက်များဖြင့် ခေါက်ဆွဲကြော် ပြုလုပ်ရန် စီစဉ်ထားသည်။ နောက်တစ်ခုမှာ၊ မနေ့ညက သူမ လုပ်ထားသည့် အင်းဆက် အကြွပ်ကြော်ဖြစ်ပြီး ဆား၊ ငရုတ်ကောင်း (သို့) ခရမ်းချဉ်သီးဆော့စ်တို့လည်း ပါတာမို့ ပိုမိုဆန်းသစ်သွားမည်ဖြစ်သည်။


ဦးစွာ၊ ဇာ့ခ်အသားကို ပင်လယ်စာအစပ်များလို ဖြစ်သွားအောင် နယ်ဖတ်ချက်ပြုတ်လိုက်၏။ ဤနည်းလမ်းက အလွန်ဂန္ထဝင်ဆန်ပြီး လုံးဝစပ်စပ်လေးဖြစ်၍ အရသာရှိပေ၏။ ထို့ထက် ပိုအရေးကြီးသည်မှာ ၎င်းသည် အသားချည်းဖြစ်သောကြောင့် အခွံခွာရန် မလိုအပ်ပေ။


ယခင်က သူမ ချက်ခဲ့ဖူးသည့် အမဲသားနှင့် ငါးပြုတ်များကို တုပထားသော အစပ်ဇာ့ခ်အသားပြုတ်များလည်း ချက်မှာဖြစ်သော်လည်း ငရုတ်ကောင်းများ ထည့်ထားသောကြောင့် ယခင်ချက်နည်းထက် လူအများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။ အသားက အမဲသား နှင့် ငါးထက်လည်း နည်းနည်း ပိုနူးညံ့ပါလိမ့်မည်။


ထို့နောက်တွင် ဇီယာစေ့များနှင့် ဖြူးကင်ထားသော ဇာ့ခ် အသား၊ ပြုတ်ထားသော ဇာ့ခ် အသား၊ ချိုချဉ်စပ် ဇာ့ခ်အသားပြားများ၊ ခြစ်ထားသော ငါးနှင့် ဇာ့ခ် အသား၊ ဇာ့ခ်အသားပြားချောင်းကင်နှင့်ဟင်းသီးဟင်းရွက်ကြော်၊ ဇာ့ခ်အသားလုံးများ၊ ဇာ့ခ်အသားကင်များ၊ မကျက်တကျက် ဇာ့ခ်အသားကင်၊ဇာ့ခ်အသားမီးဖုတ်၊ နောက်ဆုံးအနေနှင့် ဇာ့ခ် အသားလုံးစွပ်ပြုတ်တို့ပင်။ (ပုဇွန်အသားလုံးစွပ်ပြုတ်နှင့်ဆင်တူ)


ဇာ့ခ် အသားလုံးစွပ်ပြုတ်အတွက်၊ဒယ်အိုးထဲမှ ဆီပူလာလျှင် ဂျင်းပါးပါးလှီး၍ ကြက်သွန်နီကွင်းထည့်ကာ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ပြီးနောက်၊ အတုံးလိုက်လှီးထားသော ဆောင်းဖရဲသီးနှင့် ဇာ့ခ်အသားလုံးများထည့်လိုက်၍ နူးအိပြီး ကျက်အောင်တည်ရမည်ဖြစ်သည်။


အင်းဆက်အသား ပေါင်20ခန့်ကို ဟင်းအမည် 18 ခုခွဲပြီးသည့်တိုင် မပြည့်စုံသလို သူမ ခံစားနေရသည်။ ဟင်းပွဲအားလုံး ပြီးသောအခါ ညစာစားချိန် နီးကပ်လာပြီဖြစ်သည်။ သူမသည် ဓာတ်ခွဲခန်းကို သော့ခတ်ထားသော်လည်း မွှေးရနံ့ယိုစိမ့်မှုစနစ်ကို ဖွင့်ထားခဲ့၍ ဓာတ်ခွဲခန်းအပြင်ဘက်ရှိ လူများသည် ဆွဲဆောင်မှုရှိသောရနံ့နှင့် ထူးခြားသောရနံ့များကိုရှူရှိုက်မိ၍ ရစ်မူးပျော်ဝင်သွားကြတော့သည်။


သူမသည် ဟင်းလျာများကို ဝေစုသုံးပိုင်းခွဲထားသည်။ တစ်ပိုင်းကို အစားအသောက်ကုထုံးသုတေသနစခန်း၏ အတွင်းပိုင်းဝန်ထမ်းများအတွက် သီးသန့်ထားခဲ့သည်။ အခြားတစ်ပိုင်းကို သူမ၏ အခြားအတန်းဖော်များနှင့် သူငယ်ချင်းများအား ကျွေးမည်ဖြစ်သည်။ နောက်ဆုံးအပိုင်းသည် အလွန်သေးငယ်ပြီး လင်းရွှမ် ၏ ညစာအတွက် သီးသန့်ဖြစ်သည်။ သူက ဤညပြန်လာမည်ဟု ပြောထားသဖြင့် သူ့အတွက် တစ်ပိုင်းချန်ထားပေးရခြင်းဖြစ်သည်။ ဉာဏ်ရည်ထက်မြက်သော စက်ရုပ်များသည် အစားအသောက်နှင့် အဝတ်အစားပြဿနာကို ဖြေရှင်းပေးမည်ဖြစ်သော်လည်း လက်ရာမကောင်းသည့် ထိုဟင်းလျာများကို ဘယ်သူကမှ စားချင်မှာမဟုတ်ပေ။


012 အတွက် သူမသည် အခန်းအပြင်မထွက်မီ အင်းဆက်အသားကို ဟင်းရည်အိုးကြီးတစ်လုံးနှင့် စွပ်ပြုတ်ထည့်ချက်လိုက်သည်။ ထို့နောက် အိုးကိုဖွင့်ပြီး အေးအောင်ထားရန် စက်ရုပ်ကိုလည်း သူမ စီစဉ်ခိုင်းထားသည်။

ထို့နောက် ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ၊ ရှောင်ချီ၊ ကျန်းရို့ နှင့် စုချင်းဟယ် တို့ထံ အီလက်ထရွန်းနစ်ဖိတ်စာများ ကြိုတင်ပေးပို့ထားလိုက်သည်။


တိုက်ခိုက်ရေးသမားနှင့် အရန်ကုထုံးပညာရှင်တို့သည် အီလက်ထရွန်နစ်ဖိတ်ကြားစာဖြင့် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းအပြင်ဘက်ရှိ ထမင်းစားခန်းသို့ ဝင်ရောက်နိုင်ကြသည်။


အဘိုးကြီးချိုက်၊ ချိုက်မူပိုင်၊ ရန်နင်၊ နောက်ထပ် တတိယနှစ်စီနီယာနှင့် အစားအသောက်ကုထုံး သုတေသနစခန်းအတွင်းရှိ လူများမှာ သူမ ချက်ပြုတ်သော အစားအစာများ၏ အနံ့အရသာကြောင့် ဖမ်းစားခံထားရသည်မှာ ကြာပြီဖြစ်သည်။ သူတို့ အများကြီးစားနိုင်စေဖို့အတွက် ယနေ့တစ်နေ့လုံး ဟင်းပွဲတွေ မချက်သလို၊ဘာမှမစားသေးဘဲ ပါဝင်ပစ္စည်းများကို စိတ်စွမ်းအင်ဖြင့်သာ ပြုပြင်ခဲ့ကြ၏။


လင်းယောင်ယောင် ဖိတ်ခေါ်သော ဆွေမျိုးများနှင့် မိတ်ဆွေများအားလုံးကလည်း အဆိုပါ ဖိတ်ကြားမှုကို လက်ခံကြသည်။ နေ့ခင်းဘက် အတန်းပြီးသည်နှင့်၊ အားလုံး ကားစီး၍ ရောက်လာကြသည်။ ချောင်းမင်ယောင် နှင့်ယဲ့ရှီ တို့သည် မူလက ချစ်ကြည်ရေး မက်ခါ လေ့ကျင့်ရေးပွဲ ပြုလုပ်မည်ဖြစ်သော်လည်း ညနေဘက်မှာလုပ်ရန် အချိန်ကို ရွှေ့ဆိုင်းခဲ့သည်။


ဇာ့ခ် များတိုက်ခိုက်ခံရခြင်း၏ ဒဏ်ရာဒဏ်ချက်များသည် စစ်တပ်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသော်လည်း လင်းယောင်ယောင် ချက်ပြုတ်သည့် အရသာကို လူတိုင်း မစားဘဲ မနေနိုင်ကြပေ။


သူတို့ ကောင်းကောင်း မစားရင် ဇာ့ခ်တွေကို တိုက်ဖို့ ဘယ်လို အင်အားရှိနိုင်မှာလဲ…


စုချင်းဟယ် ရောက်လာသောအခါတွင် သူမသည် သူမဆရာ အဘိုးကြီးကျန်းကို ခေါ်လာခဲ့သည်။ သူမတို့၏ တည်နေရာသည် အစားအသောက်ကုထုံးသုတေသနစခန်းနှင့် အနီးဆုံးဖြစ်သောကြောင့် အစောဆုံးရောက်ရှိလာခဲ့ကြသည်။ စုချင်းဟယ် က


"ယောင်ယောင်…ငါ သူ့ကို တစ်ကယ်ပြောတာမဟုတ်ဘူးနော်…ဆရာက မစ္စတာချိုက် ဆီက သိထားပုံရတယ်"


လင်းယောင်ယောင် မရယ်နိုင်၊မငိုနိုင်ဖြစ်သွားသည်။ တရားခံမှာ အဘိုးကြီးကျန်း အား ထပ်မံကြွားဝါချင်ခဲ့သော သူမ၏ အားကိုးမရသည့် ဆရာ အဘိုးကြီးချိုက် ဖြစ်ရ‌ေပမည်။


မစ္စတာ ချိုက် ကို နှုတ်ဆက်ပြီးနောက် အဘိုးကြီးကျန်း က သူမထံ တိုက်ရိုက်ပြောလာသည်။


"ယောင်ယောင် ကောင်မလေး၊ နောင်ဆို ဒီလိုမျိုး ကောင်းတာလုပ်ထားရင် ဒီလူကြီးကို မမေ့ရဘူးနော်… မင်းရဲ့‌ဆရာနဲ့ ငါက နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့ကြတာလေ… ငါက မင်းဆရာ့ သူငယ်ချင်းမို့လို့ ငါလည်း မင်းနဲ့ဆို သူငယ်ချင်းပဲပေါ့"


လင်းယောင်ယောင် မယုံနိုင်ဖြစ်သွားသည်။ ဤ‌အဘိုးကြီးသည် သူမကို အစပိုင်းတွင် မထီမဲ့မြင်ပြုခဲ့သော်လည်း ယခုအခါ သူမ၏ ပရိတ်သတ်ဖြစ်လာခဲ့‌ေပပြီ။


"ကောင်းပါပြီ…ကျွန်မ ပေါ့ဆမိသွားပါတယ်… နောက်တစ်ကြိမ် ဆရာ့ကို ကျွန်မ သေချာပေါက် ဖုန်းဆက်လိုက်ပါ့မယ်"


xxxxx

Ei Thet Hmue