အခန်း၈၁
Viewers 8k

Chapter 81

(ဇာ့ခ်အသားဟင်းလျာများ၏ အစွမ်း)


ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ နှင့် ရှောင်ချီ တို့လည်း အတူတူ ရောက်လာကြသည်။သူတို့သည် Star Network အတွက် သူမ မကြာခဏ ပြုလုပ်ခဲ့သော ဟင်းလျာများကို မကြာခဏ မြည်းစမ်းကြည့်ရန် ကူညီခဲ့ဖူးသောကြောင့် အားလုံး အလွန်ပင် ရင်းနှီးလာကြသည်။ ရှောင်ချီ သည် မှန်ကန်သောသဘောထားရှိသောကြောင့် သူ့ကိုပါ ဖိတ်ထားခဲ့တာပင်။ ထို့အပြင်၊ ကျန်းယန်ချောင်း ယခင်က မဲလိမ်ခဲ့ချိန်၌ သူ့အစ်ကိုဖြစ်သူ ယွန်လီ နှင့် ပြဿနာပြေလည်အောင် ကူညီဖြေရှင်းပေးခဲ့၍ သူမနှင့်ပို၍ နီးစပ်လာခဲ့၏။ ဝေ့ယွမ် နှင့် အခြားသူများသည်လည်း သူနှင့် သူငယ်ချင်းဖြစ်ခဲ့ကြသည်။


အားလုံးနီးပါး ရောက်နေကြချိန်မှာ၊ သူမသည် ကပ်လျက် စားပွဲနှစ်ခုပေါ် မှ လျှပ်ကာသေတ္တာထဲမှ ဟင်းပန်းကန်များကို စက်ရုပ်အား ထုတ်ခိုင်း လိုက်၏။


ထိုစဉ်၊ကျန်းရို့က နောက်ကျမှ ရောက်လာတာကြောင့်၊ လင်းယောင်ယောင် သည် သူမအား ခေါ်ရန် တံခါးဝသို့ သွားစောင့်နေပြီး သူစိမ်းများရှေ့တွင် အနည်းငယ်ရှက်ရွံ့နေသော ကလေးမလေးအား ထိုင်ခုံအနီးသို့ ခေါ်လာခဲ့သည်။ ထိုအချိန်မှာ အဘိုးကြီးချိုက် နှင့် ထိုင်နေသော အဘိုးကြီးကျန်း က ရုတ်တရက် အံ့သြနေပုံဖြင့်ပြောလာကြသည်။


"ရို့… နင်က ဘာလို့ ဒီကို ရောက်နေတာလဲ"


ကျန်းရို့ သည် လူများစွာနှင့်အတူ သူမတို့ ကျန်း မိသားစု၏ အကြီးအကဲကိုပင် တွေ့ရသောအခါ အံ့အားသင့်သွားရသည်။ သူမက တလေးတစားနှင့် တုန်လှုပ်‌ေခြာက်ချားစွာ နှုတ်ဆက်လိုက်သည်။


"အဘိုး"


ကျန်းရို့ သည် အဘိုးကြီးကျန်း ၏ မြေးတူမဖြစ်သည်။ အဘိုးကြီးကျန်း သည် သူ့မြေးနှင့် လင်းယောင်ယောင် တို့မှာ သူငယ်ချင်းဖြစ်နေမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့သလို၊ဤနေရာကိုလာလိမ့်မည်ဟုလည်း မမျှော်လင့်ထားပေ။သို့သော်လည်း၊ လင်းယောင်ယောင်၏ ဟင်းချက်စကေးကို တွေးကြည့်ပြီး ကျန်းရို့ လည်း အစားအသောက်ချက်ပြုတ်ရာမှာစိတ်ပါလာနိုင်ကြောင်းကို နားလည်သွားသည်။


လင်းယောင်ယောင် သည် မူလက ကျန်းရို့ ကို အဘိုးကြီးကျန်း ထံသို့ တိုက်ရိုက်ခေါ်ဆောင်လာရန် ဆန္ဒရှိသော်လည်း ယခုတော့ လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။


"…သူမကို ဟိုမှာ ထိုင်ခွင့်ပြုလိုက်ပါ…ဒီစားပွဲမှာ ခုနှစ်ယောက် ရှိနေပြီဆိုတော့ ကျပ်နေမှာစိုးလို့"


စားပွဲနှစ်ခုလုံးရှိ ဟင်းပွဲများသည် တူညီသောကြောင့် ခွဲစား၍လည်း အဆင်ပြေပေသည်။


ထို့နောက် အဘိုးကျန်း၏ တစ်ပိုင်းတစ်ပိုင်းတပည့်ဖြစ်သူ စုချင်းဟယ် ပင်လျှင် လင်းယောင်ယောင် ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ စားပွဲဆီသို့ ပြေးသွားခဲ့သည်။


ထို့နောက် အဘိုးကြီးချိုက် သည် အဖုံးမဖွင့်ရသေးသော ပန်းကန်များကို ကြည့်ပြီး


"ယောင်ယောင် မိန်းကလေး…မင်းမှာ သူငယ်ချင်း မရှိတော့ဘူးမလား၊ ဒီထက်များလာရင် ငါတို့ စားပွဲကလည်း ပြည့်သွားတော့မယ်...ငါတို့ အရင်စလို့ရမလား"


စက်ရုပ်မှ ခင်းကျင်းပေးထားသော ပန်းကန်များ၏ အုပ်ဆောင်းကို မဖွင့်ရသေးသောကြောင့်၊ လူတိုင်းသည် အကြည်ရောင် အဖုံးအတွင်းမှ အရသာရှိသော အစားအစာများကိုသာ ကြည့်ရှုခွင့်ရှိနေသည်။


"ကဲ သုံးဆောင်လို့ ရပါပြီ..."


လင်းယောင်ယောင် ပြုလုပ်သော ဖြည့်စွက်စာအား သူတို့အားလုံး စားဖူးကြသော်လည်း ယခုလို အလွန်စားချင်နေမိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ လူတိုင်းက သူမ ယခုတစ်ခေါက်ချက်ထားသော ဟင်းပွဲများ၏ ထူးခြားချက်ကို အလွန် သိချင်နေကြ၏။


အဖုံးဖွင့်လိုက်၍ ၊ဇာ့ခ်ဟင်းများ၏ ရနံ့က ရုတ်တရက် ထွက်လာကြလျှင် လူတိုင်း စကားစမြည်ပြောဖို့တောင် စိတ်မ၀င်စားကြတော့ဘဲ အားလုံး တူကို မြန်မြန် ကောက်ကိုင်လိုက်ကြသည်။ထို့နောက် သူတို့နှင့် အနီးဆုံး ဟင်းပန်းကန်ဆီသို့ လျင်မြန်စွာနှင့် အမြန်ထိုးကော်လိုက်ကြတော့သည်။


"အရသာရှိတယ်"


"အရသာရှိလိုက်တာ"


"အရသာရှိတယ်နော်"


"အရမ်းအရသာရှိတယ်"


"ဘာလို့ဒီလောက်အရသာရှိနေတာလဲ"


" အရမ်းအရသာရှိတယ်…ရပ်တောင်မရပ်ချင်တော့ဘူး"


လူတိုင်း၏ ချီးမွမ်းစကားများသည် အလွန်တိုတောင်းပြီး အနှစ်သာရရှိသည်။ အသားကို ဝါးစားနေစဉ် အခွင့်ကောင်းယူပြီး အမြန်ပြော‌ချင်နေတာကြောင့် သူတို့အားလုံး စကားတစ်ခွန်းစီသာ ပြောကြခြင်းဖြစ်၏။


လင်းယောင်ယောင် က


"ဒီအသားက အရမ်းစွမ်းအင်ကြွယ်ဝတယ်…လက်ထောက်ကုထုံးသမားဆိုရင် အသားလျှော့ပြီး ခေါက်ဆွဲ ဒါမှမဟုတ် အရံဟင်းတွေ ပိုစားသင့်တယ်… အရမ်းမစားနဲ့နော်"


အခြားသော အရန်ကုထုံးပညာရှင်များသည် သူမလိုမဟုတ်ပေ။ သူတို့သည် ဂြိုလ်သားတိရိစ္ဆာန်အသားများ၏ စွမ်းအင်အတွက် စိတ်စွမ်းအင်အခြေ‌အနေက ဂယောက်ဂယက် ဖြစ်လို့နေသည်။ထို့ကြောင့် သူတို့၏ အခြေခံစိတ်ပညာက အသားလျှော့စားသင့်ပြီး မကြာခဏလည်း မစားသင့်ပေ။ သို့သော်၊ ဤအချိန်သည်ခြွင်းချက်ဖြစ်သည်။ အဘိုးကြီးချိုက်ကတောင် ဆင်ခြေပေးလာ၏။


"ရပါတယ်၊ ငါတို့ အစားအသောက်ကုထုံး သုတေသန အခြေစိုက်စခန်းမှာ အသုံးအများဆုံး ဆေးက အစာချေဖျက်မှုနဲ့ စွမ်းအင်သုံးစွဲမှုကို မြှင့်တင်ပေးတဲ့ ဆေးပဲ"


ဖြည့်စွက်ကုသရေး ဟင်းလျာများ ပြုလုပ်ရန် သူတို့ကို ဘယ်သူက မြည်းမယ့်သူ လိုက်ရှာစရာ လိုသလဲ....


သူတို့ကိုယ်တိုင် မြည်းလျှင်လည်းရပေသည်။ ကိုယ်အလေးချိန်မတက်စေရန် အစာချေဖျက်ပေးသော စွမ်းအင်သုံးဆေးဝါးများကိုတော့ မဖြစ်မနေ လိုအပ်သည်။


အဘိုးကြီးချိုက် ပြောစကားကိုကြားပြီးနောက်၊ ခန္ဓာကိုယ်အသေးဆုံးနှင့် ပျော့ညံ့သော ကျန်းရို့ ပင်လျှင် စားချင်စိတ်ပိုပြင်းပြလာခဲ့သည်။ သူမသည် တူများကို တင်းတင်းကြပ်ကြပ်ကိုင်ထားကာ ဟင်းကို ထိုးကော်လိုက်သော်လည်း ဘေးနားရှိ ရှောင်ချီ နှင့်တောင် တူချင်းတိုက်မိပြီး လုနေရလေသည်။


ရှောင်ချီ သည် ကျိုးနွံပုံရသော်လည်း သူက အမြဲပြုံးနေသူဖြစ်ပြီး လှောင်ပြောင်နေတတ်၏။


"ကလေးမ... ဘာလို့ အများကြီးစားနေတာလဲ"


ကျန်းရို့ ရှက်သွားသည်။ ယောင်ယောင် ချက်ထားသည့် ဟင်းများက အလွန်အရသာရှိပေသည်။ သူမနှင့် လင်းယောင်ယောင် တို့သည် စမ်းသပ်ခန်းများကို သီးခြားစီယူထားသောကြောင့် သူမသည် လင်းယောင်ယောင် ၏ ဟင်းများကို စားသုံးရန် အခွင့်အလမ်းနည်းပါးခဲ့သည်။သူမ စိတ်ထဲမှာ အလွန်အကျွံစားမိလျှင် အပြစ်ရှိသည်ဟု ခံစားမိသော်လည်း တူများကို မတားဆီးနိုင်ပေ။


စားဖိုမှူးအနေဖြင့် လင်းယောင်ယောင် သည် အနည်းဆုံးစားသူဖြစ်သည်။ တစ်ချက်က ဟင်းချက်တိုင်းကို နည်းနည်းစီ မြည်းထားတာကြောင့်ဖြစ်ပြီး အင်းဆက်အသားသည် စွမ်းအင်ကြွယ်ဝပြီး သူမလည်း စားထားပြီးဖြစ်၍ အလွန်ဆာလောင်ခြင်းမရှိပေ။ ထို့အပြင် ဗိုက်ထဲတွင်နေရာလွတ်ထားချင်သည်။ ညဘက်ထမင်းစားဖို့ လင်းရွှမ် ပြန်လာသည့်အခါမှ အတူတူ စားမည်ဖြစ်သည်။အိမ်မှာလည်း

အင်းဆက်အသားတွေ အများကြီးရှိနေသေးတာမို့ စားချင်သည့်အချိန်တိုင်း လုပ်စားနိုင်ပေသည်။


ပန်းကန်တွေအပြည့်နှင့် စားပွဲတစ်ခုလုံး က ဟင်းများ ကုန်သွားသောအခါ လူတိုင်းက သူတို့၏ ဗိုက်ကားကားများကို သတိပြန်ထားမိလာပြီး သူမအား ပြောလာကြသည်။


"ယောင်ယောင်၊ မင်း အဆင့်-၅အသားကို ဘယ်ကရတာလဲ… ဘယ်လို ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်အသားလဲ၊ အရသာရှိလိုက်တာ"


အဘိုးကြီးကျန်းကပါ အံ့အားသင့်သွားပုံဖြင့် ပြောသည်။


"ပါဝင်ပစ္စည်းတွေထဲက အညစ်အကြေးတွေကို ဘယ်လို သန့်စင်ထားတာလဲ"


လင်းယောင်ယောင်၏ ဟင်းလျာများသည် ကုသရေးအာနိသင်အတွက် မစမ်းသပ်ရသေးသော်လည်း စားဖူးသူတိုင်းက အဆင့်-၂ထက် ပိုနိုင်ကြောင်း ခံစားနိုင်သည်။သူမ၏ လက်ရှိစွမ်းရည်မှာ အကန့်အသတ်ရှိသည်။ အဆင့်-၅ ပါဝင်ပစ္စည်းများမှ သန့်စင်သော အညစ်အကြေးများကို ထုတ်ယူနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်အချက်များစွာကို ထိရောက်စွာ မတွဲစပ်နိုင်ပေ။ ထို့ကြောင့်၊ အရန်ကုထုံး၏ အဆင့်သည် အဆင့် ၃ နှင့် အဆင့် ၄ အကြား ဖြစ်နိုင်သည်ဟု သူတို့ ယူဆကြသည်။

သို့သော်လည်း အရန်ကုထုံးသင်တန်းကို တစ်လကျော်သာ လေ့လာခဲ့သော သူမအတွက်၊ ဤလုပ်ငန်းစဉ်သည် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။


အဘိုးကြီးချိုက် ၏မျက်နှာထားသည် အလွန်လေးနက်လာပြီး သူမကို လေးနက်စွာ ကြည့်နေသည်။ ဟင်းလျာများသည် အရသာရှိသော်လည်း သူမ၏ ပါဝင်ပစ္စည်းများ ကိုင်တွယ်ပုံနည်းလမ်းသည် မြန်ဆန်လွန်းသဖြင့် သိပ်ကောင်းမွန်သောအရာမဟုတ်ပေ။သူ စိုးရိမ်မိသည်က သူမ၏ ဝိညာဉ်ရေးနယ်ပယ်အား ပျက်စီးစေမည်ကို ဖြစ်သည်။ ဥပမာအားဖြင့်၊ သူမသည် ဝိညာဉ်ရေးနယ်ပယ်တွင် ဟင်းချက်ရန် ချက်ချင်း ဆေးရည်တစ်မျိုး ထုတ်ယူခဲ့သည်။ ၎င်းဆေးရည်ထုတ်ခြင်းသည် စိတ်စွမ်းအားကို ပေါက်ကွဲစေနိုင်သလို ဘေးထွက်ဆိုးကျိုးများသည် ဝိညာဉ်ရေးနယ်ပယ်ကို ပျက်စီးစေမည်အထိ အလွန်ကြီးမားသည်။


တက်ရောက်လာသူအများစုမှာ လင်းယောင်ယောင် နှင့် အတော်အတန် ရင်းနှီးပြီး ယုံကြည်ရသောသူများဖြစ်သည် ထို့အပြင် သူမသည် အစီအစဉ်များကို တခြားသူများအား ဖုံးကွယ်ရန် မရည်ရွယ်ခဲ့ဘဲ အကန့်အသတ်မရှိ ကြော်ငြာရန်ပင် စီစဉ်ထားသည်။


ချက်ချင်း၊ သူမ ထရပ်ပြီး ထမင်းစား စားပွဲ နှစ်ခု၏ အလယ်ကို ဦးညွှတ်လိုက်သည်။


"ဆရာ…စီနီယာအစ်ကို…စီနီယာ အစ်မ သူငယ်ချင်း အားလုံးကို ကျွန်မ အရမ်းတောင်းပန်ပါတယ်…ကျွန်မက အရေးကြီးတဲ့ အချက်တစ်ချက်ကို ဖုံးကွယ်ထားခဲ့တာပါ..."


"ဒီအသားတွေက တစ်ကယ်တော့ ဇာ့ခ် အသားတွေပါ… မနေ့ညက သတင်းတွေမှာ မြင်ခဲ့ရတဲ့ အတောင်ပံပါ အင်းဆက် အမျိုးအစားတွေပါ… အမြင့်က ခုနစ်မီတာ ရှစ်မီတာ မြင့်ပြီး ကြောက်စရာကောင်းတဲ့ ပုံပန်းသဏ္ဍာန်နဲ့ ကြောက်စရာလည်း ကောင်းတယ်လေ.. ကျွန်မ မနေ့ညက အိမ်မှာ အင်းဆက်အသားကို ချက်စားကြည့်ပါတယ်… အရမ်းကောင်းတာကို တွေ့ပြီးမှသာ ဒီကို ယူလာပေးတာပါ..."


ထို့နောက် ဇာ့ခ် အသားဆဲလ်ဖွဲ့စည်းပုံသည် အဆင့်-၂ အသားပါဝင်ပစ္စည်းများနှင့် တူညီခြင်းကိုလည်း ပြောလိုက်သည်။ ထို့နောက် ၎င်းအသားထဲတွင် ရက်စက်ကြမ်းကြုတ်သော စွမ်းအင် မပါဝင်ကြောင်း သေချာစေရန် အသားအတွင်းရှိ အညစ်အကြေးများကို သူမ လုံးလုံးထုတ်ယူနိုင်ကြောင်း ပြောပြလိုက်သည်။ အင်းဆက်အသား၏ စွမ်းအင်သည် အဆင့်-၅ ဂြိုလ်သား သားရဲအသားနှင့် ဆင်တူပြီး သူမ၏ စိတ်စွမ်းအားကလည်း ကုသထုံး အကျိုးသက်ရောက်မှု ရှိပေသည်။ တိုက်ခိုက်ရေးသမား သို့မဟုတ် အရန်ကုထုံး ပညာရှင်များဖြစ်သော၊ စားသုံးသူတို့လည်း ထိုအချက်များကို ခံစားနိုင်ကြသည်။ သူတို့လည်း မရပ်မနား စားခဲ့ရသည့်အပြင် ၊ စွမ်းအင်တွေလည်း အများကြီးရလိုက်သဖြင့် ကျေနပ်နေကြသည်။


လင်းယောင်ယောင် ရှင်းပြလိုက်သည်နှင့် တစ်ပြိုင်နက် အစားအသောက်ကုထုံးဌာနမှ တတိယနှစ် စီနီယာတစ်ယောက်က ပြောလာ၏။


"အို ဘုရား…အမလေး…အင်းဆက်အသားကို ချက်ပြုတ်ဖို့ ဘယ်လိုသုံးရမှာလဲ… ကြောက်စရာကောင်းပြီး ရွံရှာစရာကောင်းလိုက်တာ…သူတို့က လူသားကိုစားကြတာလေ…အန်ချင်လိုက်တာ"


သူ့ဘေးနားက ရန်နင် က ဝင်ပြောလိုက်သည်။


"နေ့လည်ခင်းတုန်းက အတင်းပဲ စားချင်တယ်လို့ ဘယ်သူပြောခဲ့တာလဲ...အခုမှ မစားချင်ဘူးလို့ ပြောနေပြန်ပြီ… အန်ချင်ရင် ရေချိုးခန်းထဲ သွားအန်"


ရန်နင် ဘေးက ချိုက်မူပိုင် ကလည်း အေးစက်စွာပြောသည်။


"မင်းမှာ အရည်အချင်းရှိတယ်ဆိုရင်လည်း နောက်ဆို ယောင်ယောင် ချက်ထားတဲ့ ဟင်းတွေကို မစားနဲ့ပေါ့"


ချက်ချင်းဆိုသလို၊ချောင်းမင်ယောင် ကပါ မတ်တပ်ထရပ်လိုက်သည်။

"Fuck…ဇာ့ခ်က ဘာလို့ လူတွေကို ဘာလို့ စားရတာလဲ…ပြီးတော့ ငါတို့လူသားတွေက ဇာ့ခ်‌တွေကို စားလို့မဘူးလို့ရော ဘယ်သူက သတ်မှတ်တာလဲ အင်းဆက်တွေက အရမ်းအရသာရှိတယ်ဆိုတာ ငါသိခဲ့ရင် မနေ့ညက ကျောင်းရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို မလိုက်နာဘဲ အပြင်ထွက်ပြီးတောင် သတ်ပစ်မိဦးမှာ"


ဝေ့ယွမ် သည် လင်းယောင်ယောင် ၏ ပိုမိုလေးနက်သော ရည်ရွယ်ချက်ကို မသိသော်လည်း သူမ၏ အပေါ်ယံ အစီအစဉ်ကို သူ ချက်ချင်း နားလည်သဘောပေါက်လိုက်သည်။ ထို့ကြောင့်လည်း၊ မကြာမီ လူတိုင်းသည် ဇာ့ခ် ကို မကြောက်သင့်ကြောင်း သူ နားလည်လိုက်သည်။ထို့အပြင်၊ဇာ့ခ်များသည် ပရီမီယံအဆင့် ပါဝင်ပစ္စည်းများ၏ အရင်းမြစ်လည်း ဖြစ်တာကြောင့် ညီမဖြစ်သူကို ထောက်ခံရန် သူ ချက်ချင်းထရပ်လိုက်၏။


"ယောင်ယောင် ရဲ့ လုပ်ရပ်က အရမ်းချီးကျူးစရာကောင်းတယ်လို့ ထင်ပါတယ်…အင်းဆက်အသားက အရသာရှိပြီး စွမ်းအင်မြင့်တယ်ဆိုတာ လူတိုင်းသိရင်၊ အဲဒါကို တခြားဂြိုဟ်သား သားရဲတွေနဲ့ ခွဲခြားထားသင့်တယ်…အခုလောလောဆယ် ကျွန်တော်တို့က ဇာ့ခ်တွေကို ကြောက်ရဆုံးရန်သူအဖြစ် စာရင်းသွင်းထားကြတယ် …ဒါကြောင့်အားလုံးက သူတို့ကို ကြောက်နေကြတာ… အခုကစပြီး အဆင့်မြင့် ဂြိုလ်သား အသားကို ရှာပြီး စားခိုင်းဖို့ အင်ပါယာတစ်ခုလုံးကိ အမိန့်ပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်"


အလွန်အကျွံစားပြီး မသက်မသာဖြစ်နေသော ကျန်းရို့ ပင်လျှင် အစာချေဖျက်ခြင်းနှင့် စွမ်းအင်သုံးဆေးကို သောက်သုံးပြီးနောက် ဆက်စားချင်နေပုံ ဖြစ်လာသည်။


"အင်းဆက်အသားက အရမ်းကောင်းတဲ့ ရတနာတစ်ခုလို့ ထင်ပါတယ်… အင်းဆက်အသားတွေကို စီမံလုပ်ဆောင်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ချက်ပြုတ်နိုင်ဖို့ ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့ ကြိုးစားရမှာပဲ"


စုချင်းဟယ် သည် ဆေးဌာနအဖွဲ့ဝင်တစ်ဦးအနေဖြင့် အလွန်မနာလိုဖြစ်မိသည်။


"ဆေးအဖြစ်သုံးလို့ရတဲ့ ပစ္စည်းတစ်ခုခု ဇာ့ခ် ခန္ဓာကိုယ်မှာ ရှိ၊မရှိ ဆိုတာ ကျွန်မလည်း လေ့လာချင်မိတယ်..."


အဘိုးကြီးကျန်း နှင့် အဘိုးကြီးချိုက် တို့သည် ဝေ့ယွမ်ကဲ့သို့သော ငယ်ရွယ်သူများ ကြုံတွေ့နိုင်သည့် ပြဿနာများကို သူတို့ မမြင်ကြသည်မှာ အပြစ်မဟုတ်ပေ။အဘိုးကြီးချိုက်က လင်းယောင်ယောင်ကို တိုက်ရိုက်မေးသည်။


"မင်း အရမ်းရဲတင်းတာပဲ…အင်းဆက်အသားကို ဘယ်ကရတာလဲ… ဘယ်လောက်ရှိလဲ၊ မင်းရဲ့ ဆရာ့ဆီ မြန်မြန်လေး အပိုင်းတစ်ခုလောက် ပေးပါဦး ငါလေ့လာလို့ ရအောင်လို့…ငါ လုပ်နိုင်ရင် အင်ပါယာကြီးတစ်ခုလုံး အသိစိတ်ဝင်လာအောင် လုပ်ဖို့ သိပ်မလိုတော့ဘူး… ဒါမှ ဇာ့ခ်တွေ ရောက်လာတာတောင် နောက်ဆို မကြောက်ကြမှာ"


ရှောင်ချီ ကလည်း ပြုံးပြီး


" လူတွေက မကြောက်ကြမယ့်အပြင် ဇာ့ခ်တွေ နည်းလာရင် သူတို့ကို သတ်ဖို့ အပြေးထွက်လာပြီး အသားတွေကို ခွဲဝေတောင်ယူကြပါဦးမယ်.."


ယဲ့ရှီကလည်း တစ်ဖုံ...


"green Star လူမျိုးတွေနဲ့ တခြားအသားစားဂြိုလ်သားတွေဆို အင်းဆက်ပိုးမွှားတွေကို စာဖို့တောင် သပ်သပ် မွေးမြူကြတယ်...သူတို့ မွေးတဲ့အကောင်တွေက… သူတို့က ဇာ့ခ် လောက်မကြီးသလို စွမ်းအင်ကလည်း သိပ်မမြင့်ဘူး… အခုဆို ဇာ့ခ်တွေကို မွေးနေစရာတောင်မလိုဘူး... ငါတို့ အိမ်တံခါးဝအထိကို ရောက်လာကြတာပဲ… နည်းနည်းတော့ စိတ်လှုပ်ရှားမိသလိုပဲ"


ယခုဆိုလျှင်၊လင်းယောင်ယောင် မျှော်မှန်းထားသည့်အတိုင်း အရာအားလုံး တိုးတက် လာသည်။ ဇာ့ခ် အသားမှာ အရသာရှိပြီး မြင့်မားသော စွမ်းအင်သည် သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့သည်။ထိုအချိန်မှစ၍ ဇာ့ခ်များသည် လူတိုင်းကို သတ်ပစ်ရန် ကြွေးကြော်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမှ ဆင့်ကဲပြောင်းလဲလာခဲ့ပြီး လူတိုင်းက ၎င်းတို့ကို သတ်ပစ်ရန် ကြွေးကြော်ကာ အတူတူစားဖို့ ကြံနေသည်အထိ အောင်မြင်စွာ ပြောင်းလဲလာခဲ့သည်။




xxxxxx



Ei Thet Hmue