အခန်း၈၂
Viewers 8k

Chapter 82

(ယောင်ယောင်vsရှောင်မင်)


ညနေပိုင်းတွင် လင်းယောင်ယောင် သည် ကျောင်းအပြင်ဘက်ရှိ သူမ၏ နေအိမ်သို့ ပြန်ရောက်သောအခါ လင်းရွှမ်လည်း ပြန်လာခဲ့သည်။ ပထမနှစ် ကျောင်းသားများသည် ကျောင်းနှင့် အချိန်အကြာကြီး ဝေးကွာနေ၍ မရသော်လည်း ဆွေမျိုးများ၏ ခွင့်ပြုချက်နှင့် ပတ်ဝန်းကျင်က လုံခြုံသရွေ့ ကျောင်းပြင်ပတွင် ရံဖန်ရံခါ နေထိုင်နိုင်သည်။ သို့သော် ရက်အနည်းငယ်သာ ကန့်သတ်ထားသည်။ ပိတ်ရက်များမှာမူ၊ အပြင်တွင် နေနိုင်ကြ၏။


သောကြာနေ့ဖြစ်သဖြင့် သူမ မနက်ဖြန် ကျောင်းတက်စရာမလိုသော်လည်း ပါဝင်ပစ္စည်းအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သော အဘိုးကြီးချိုက် နှင့် စီနီယာအစ်ကို ချိုက်မူပိုင်၊ စီနီယာ အစ်မ ရန်နင် တို့သည် အလွန်စိတ်ဝင်စားကြ၍ သုတေသနလုပ်ပြီး ကိုယ်တိုင်ချက်ပြုတ်ဖို့ ကျောင်းဖွင့်ရက်အထိ မစောင့်နိုင်ကြတော့ပေ။ အင်းဆက်အသားများကို ချက်ပြုတ်နည်းအကြောင်းမေးမြန်းရန် သူမကို ဆက်သွယ်ပြီး ကုထုံးအာနိသင်နှင့် အရသာကိုလည်း အတူတူ ထိန်းညှိနိုင်မည်ဖြစ်သည်။ထို့ကြောင့်၊သူမ မနက်ဖြန် ကျောင်းသွားရမှာပင်။


လင်းယောင်ယောင်သည် လင်းရွှမ် ပေးခဲ့သော အာကာသခလုတ်ကို စစ်ဆေးကြည့်လိုက်သည်။ အတွင်းတွင် ကျန်ရှိသည်က အင်းဆက် ဆယ့်သုံးကောင်ရှိသည်။ သူက ပေးထားသည့်ကတိအတိုင်း သူမကို တစ်ကယ်ပေးခဲ့ပြီး သုတေသနလုပ်ရန်အတွက် ကင်းလှည့်တပ်ကို တစ်ကောင်တည်း ထားခဲ့ခြင်းဖြစ်နိုင်၏။


လင်းရွှမ် သည် သူ့အတွက် ပြန်ယူလာသည့် ညစာကို မြိန်ရေရှက်ရေ စားလိုက်သည်။ မနေ့က၊သူမ ကြော်ကျွေးသော အင်းဆက်အသားအကြွပ်ကြော်က အရသာရှိသည်ဟု ထင်ခဲ့သော်ငြား ဒါဇင်ထက်မကသည့် အစာပလာများနှင့် ချက်ထားခြင်းက ပိုမိုကောင်းမွန်နေလေသည်။ ဟင်းပွဲတိုင်းတွင် ကိုယ်ပိုင်အရသာလည်း ရှိနေသဖြင့် သူမကိုတောင် ပြောခဲ့လေသည်။


"ကိုယ်တို့ ဇာ့ခ် တော်တော်များများကို အရင်တုန်းက သတ်ပြီး ဖျက်ဆီးပစ်လိုက်ကြတာ…အဲဒါ သက်သက် ဖြုန်းတီးတာပဲ"


ဟင်းချိုသောက်နေသော လင်းယောင်ယောင် သည် ဟင်းချိုကို ထွေးထုတ်လုမတတ် ဖြစ်သွားခဲ့သည်။ ဇာ့ခ် အသား၏ အရသာသည် သူမ၏ စစ်နတ်ဘုရား အစ်ကိုကိုပင် လုံး၀ဖမ်းစားနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ဇာ့ခ်များကို တိုက်ခိုက်ရာတွင် ရှေ့တန်းမှ တိုက်ခိုက်သူများသည် အများအားဖြင့် ဖြည့်စွက်ဆေးဝါး အမျိုးမျိုးကို သောက်ကြသည်။ သူတို့၏ အစားအသောက်စနစ်ကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းထားရမည်ဖြစ်ပြီး မွေးမြူထားသည့် အဆင့်နိမ့်နှင့် အလယ်အလတ်တန်းစား တိရစ္ဆာန်အသားတွေကိုသာ နေ့စဉ်စားကြ၏။


အစားအသောက်ကုထုံးပညာရှင်များသည် အညစ်အကြေးများကို ဖယ်ရှားရန် စိတ်စွမ်းအားကို ရိုးရှင်းစွာအသုံးပြုကာ ချက်ပြုတ်ရန် ဉာဏ်ရည်ထက်မြက်သော စက်ရုပ်အား လုပ်ခိုင်းကြသည်။ထို့ကြောင့်၊ အရန်ကုထုံး၏ အကျိုးသက်ရောက်မှုသည် အလွန်နည်းသော်လည်း စစ်သည်များ၏ ခန္ဓာကိုယ်နှင့် စိတ်တို့ကို ထိခိုက်မည်မဟုတ်ကြောင်း အတိုင်းအတာတစ်ခုအထိ အာမခံနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အစားအသောက်ကုထုံး၏ အကျိုးသက်ရောက်မှုသည် အတော်လေး မ‌ေရမရာဖြစ်ပြီး အရသာမှာလည်း အမှန်တစ်ကယ်ဆိုးရွားသောကြောင့်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာ မပြည့်စုံသူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ နယ်ပယ် ပျက်စီးနေသူများသာ အချိန်ကြာမြင့်စွာ အစာစားရန် တွန်းအားပေးဖို့လိုအပ်သည်။ စိတ်ကြွရူးသွပ်သူများသည် ဆေး၏ဘေးထွက်ဆိုးကျိုးများကို မထိန်းနိုင်သောကြောင့် အစားအသောက်ကုထုံးနှင့် အသံကုထုံးများ လိုအပ်သည်။


နှစ်ပေါင်းများစွာ၊ တိုက်ပွဲဝင်သူများသည် ဇာ့ခ် အသားမှာ အရသာမရှိကြောင်း အမြဲခံစားခဲ့ရသည်။ ယခင်က လူများစွာသည် ရှေ့တန်းတွင်ရှိခဲ့ပြီး ထိုနေရာမှာ အစားအသောက်ကုထုံး ပညာရှင် အများအပြားမရှိ၍ အင်းဆက်အသားကို အနှိုင်းမဲ့အရသာဖြစ်အောင် လုပ်နိုင်သည့် လင်းယောင်ယောင် လိုမျိုး လူတစ်ယောက် မရှိခဲ့ပေ။ သာမာန် အစားအသောက် ကုထုံးပညာရှင်များပင်လျှင် ကြီးမား၍ ရွံရှာဖွယ်ကောင်းသော ဇာ့ခ်များကို အမှန်တစ်ကယ် စားနိုင်မည်ဟု မထင်မိနိုင်ပေ။


ရှေ့တန်း တိုက်ခိုက်ရေးသမားများကို ဇာ့ခ်အသား များများစားနိုင်စေရန် အင်ပါယာသည် အစားအသောက်ကုထုံးပညာရှင်များကို လေ့ကျင့်သင်ကြားပေးဖို့ နည်းစနစ်များကို တိုးမြှင့်ရမည်ဖြစ်သည်။ သို့သော် ယင်းကိစ္စက နေ့ချင်းညချင်း မအောင်မြင်နိုင်၊ ဖြည်းဖြည်းချင်း လုပ်ဆောင်ရန် လိုအပ်သည်။


လင်းရွှမ် သည် ထိုအဖြစ်အပျက်ကို သူ့ဖခင် လင်းထျန်းယွဲ့ (မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ တပ်မှူး)ထံ အစီရင်ခံခဲ့သည်။ အစားအသောက်ကုထုံးပညာရှင်များနှင့် ဘွဲ့ကြိုကျောင်းသားများကို ယခုစတင်ခေါ်ယူရန် တောင်းဆိုခဲ့သည်။ ဤအခွင့်အရေးကို ဆုပ်ကိုင်ဖို့ အရေအတွက် ကန့်သတ်ချက်မရှိဘဲ တတ်နိုင်သလောက် စုဆောင်းရမည်ဖြစ်၏။


ထို့အပြင် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့သည် နောက်ပိုင်းတွင် ဇာ့ခ်တိုက်ခိုက်မှုကို ကြုံတွေ့ရပါက ဇာ့ခ်အလောင်းများကို အစားအစာအဖြစ် စုဆောင်းရမည်ဖြစ်သည်။ ထိုအခါ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ မှာ အရည်အသွေးမြင့် ဆန်းပြားသော တိရစ္ဆာန်အသားများ ပေါများလာမည်ဖြစ်သည်။ ဤကဲ့သို့ ဖြစ်ပျက်နေပါက၊ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့၏ ကြံ့ခိုင်မှုကို သေချာပေါက် မြှင့်တင်နိုင်မည်ဖြစ်သည်။


လင်းရွှမ်က လင်းယောင်ယောင်ကို ပြောလိုက်သည်။


"မင်း သုတေသနစင်တာကို ပြန်ရောက်တဲ့အခါ မင်းနဲ့ မင်းရဲ့ဆရာက ဇာ့ခ် အသားကို Star Network ရဲ့ စားသုံးနိုင်တဲ့ အစားအစာ စာရင်းထဲကို ခွင့်ပြုဖို့ သုတေသနစင်တာကို ပြောနိုင်မလား…တစ်ကယ်တော့ အတောင်ပံပါ အင်းဆက်အသားတွေက အကန့်အသတ်ရှိတယ်… Weibo မှာ အင်းဆက်အသားဟင်းလျာဗီဒီယိုကို လွှင့်တင်ရင်တောင် လူတိုင်းက မလိုက်လုပ်နိုင်ကြဘူး…အတောင်ပံပါ အင်းဆက်တွေက Star Network မှာ ပါဝင်ပစ္စည်းတွေထဲက တစ်ခုဖြစ်လာရင် အစားအသောက်ကုထုံး ပညာရှင်တော်တော်များများအတွက် သင်ယူရတာ ပိုအဆင်ပြေလိမ့်မယ်"


သို့သော်၊ချိုက်ယူဟုန် ကိုယ်တိုင်က အတောင်ပံပါ အင်းဆက်ကို ဖန်တီးဖို့ ကြိုးစားမည်ဟု ပြောထားသဖြင့် သူမ ဝင်ပါစရာမလိုနိုင်ဘဲ သူ့ဘာသာသူ စီစဉ်သွားနိုင်သည်။


ထုံးစံအတိုင်း အရသာရှိသော ညစာစားပြီးနောက် လင်းရွှမ် သည် စစ်ရေးသတင်းကို နာရီဝက်ကြာ စောင့်ကြည့်ခဲ့သည်။ထို့နောက် သူ့၏ ပုံမှန် ကိုယ်ကာယလေ့ကျင့်ခန်းကို စတင်တော့သည်။သို့သော် သူ့အတွက် အားလပ်ရက် ဖြစ်သဖြင့် စိတ်ထဲမှာ လေ့ကျင့်ခန်း လုပ်လိုစိတ်တော့မရှိချေ။သို့ရာတွင်၊ပျင်းမ‌ေနဘဲ လင်းယောင်ယောင် ၏ မက်ခါစစ်ဆင်ရေးကျွမ်းကျင်မှုအဆင့်ကို စစ်ဆေးရန် Star Network မက်ခါပြိုင်ပွဲပလက်ဖောင်းသို့သွားပြီး သူမအား နောက်ထပ်ကျွမ်းကျင်မှုအချို့ကို သင်ကြားပေးခဲ့သည်။


လင်းယောင်ယောင် စိတ်ထဲမှ တစ်မျိုးဖြစ်သွား၏။ နောက်ဆုံးမှာ သူတို့ချစ်သူနှင့် ပေါင်းသင်းခွင့်ရခဲ့သည့် တခြားစုံတွဲများဆိုလျှင် ချစ်ချစ်ခင်ခင် ရိုမန့်တစ်ဆန်ဆန် ချိန်းတွေ့ကြမှာ သေချာသည်။သူမတို့ နှစ်ယောက်ကလည်း တရားဝင် ဆက်ဆံရေး တစ်ခု မစခင်ဖြစ်၍ အဘိုးကြီး၊အဘွားကြီး ဇနီးမောင်နှံများလို ကြင်ကြင်နာနာနှင့် အတူတူ အချိန်ကုန်ဆုံးဖို့ လိုအပ်သည်ဟု ထင်မိသည်။သို့သော်၊သူမ တွေးသာတွေးပြီး ထုတ်မပြောဖြစ်ဘဲ သူ့အား မက်ခါကိစ္စကို ပြောလိုက်သည်။


"ညီမလေး ပိုအနိုင်ရချင်တယ်၊ ညီမလေးရဲ့ အနိုင်ရနှုန်းကို တိုးချင်တယ်...... ညီမလေးကို တွဲဖက်မောင်းနှင်သူအဖြစ် ပျံသန်းဖို့ ခေါ်သွားမယ်မလား"


ထို့နောက် သူမသည် Star Network သို့ အကောင့်ဝင်သောအခါ၊ ပုံမှန်အတိုင်း စျေးဝယ်ပလက်ဖောင်း သို့မဟုတ် မက်ခါပြိုင်ပွဲပလက်ဖောင်းသို့ ချက်ချင်းသွားမည့်အစား၊ သူမ၏ ကိုယ်ရေးကိုယ်တာ ဆက်တင်နေရာများတွင် သူမ၏ ကိုယ်ပွားမက်ခါရုပ်ပုံကို သတ်မှတ်လိုက်သည်။ သတ်မှတ်ရာတွင်၊အရင်ဘဝက သူမမျက်နှာနှင့်တူဖို့ အသေအချာပြင်ဆင်လိုက်သည်။


ယခင်မျက်နှာက ဤကမ္ဘာရှိ၊သူမ၏ ယခု ရုပ်ရည်ကဲ့သို့ သပ်ရပ်လှပခြင်းမရှိသော်လည်း လှပသော မျက်နှာသွင်ပြင်၊ တောက်ပသောမျက်လုံးများနှင့် ဖြူဖွေးသော သွားများ၊ နူးညံ့သိမ်မွေ့ပြီး ချိုမြိန်ကာ ချစ်စရာကောင်းသည်။ သူမ ပြုံးသည့်အခါ ပါးချိုင့်နှစ်ခုလည်း ရှိသည်။ အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်လုံးများဖြင့် သူမ၏ "ရှေးတရုတ်" အသွင်အပြင်သည် ပြီးပြည့်စုံလှသည်။ ကြယ်ရောင်ခေတ်တွင်၊ ခေတ်ဟောင်းအလှသည် အလွန်ရေပန်းစားသော်လည်း ယခုလိုမျိုး ဂန္ထဝင်ဆန်ဆန်ကျက်သရေမရှိပေ။


လင်းယောင်ယောင် သည် "ပဲနီအုန်းနို့" ဟူသော အမည်ဖြင့် မက်ခါပြိုင်ပွဲပလက်ဖောင်း ဧည့်ခန်းထဲသို့ ဝင်လိုက်သောအခါ၊ သွေးပူလေ့ကျင့်မှု လုပ်နေသော လင်းရွှမ် သည် ခဏတာ အေးခဲသွားသည်။ သူသည် ကလေးမလေး၏ ပုံအသစ်ကို အေးအေးဆေးဆေး စိုက်ကြည့်ကာ


"ဒီမျက်နှာက လက်တွေ့ဆန်လွန်းတယ်…မင်းရဲ့ ပုံကို ဘာလို့ပြောင်းတာလဲ"


" ပုံသေစနစ်မျက်နှာကြီး ကြည့်ရတာ ရိုးနေမယ်ထင်လို့…ဒါပေမယ့် မက်ခါပြိုင်ပွဲပလက်ဖောင်းမှာ ညီမလေးရဲ ရုပ်အမှန်ကိုလည်း မထုတ်ဖော်ချင်ဘူး"


သူမလည်း ပြုံးလိုက်ပြီး ချစ်စဖွယ် လှုပ်ရှားနေသော ပါးချိုင့်လေးနှစ်ခုကို ထုတ်ဖော်လိုက်သည်။


"ကြည့်ကောင်းလား"


အရင်က၊ Star Network မှာ ဆက်သွယ်ကြစဥ်က လင်းရွှမ် သည် သူမ၏ အပြင်က ရုပ်ကိုသာ မြင်ချင်သော်လည်း သူမအတွက် အန္တရာယ်ဖြစ်မှာကို စိုးရိမ်ခဲ့သည်။ သူမ၏ ကိုယ်ပွားရုပ်သွင်ကို အခြားလှပသော မျက်နှာတစ်ခုသို့ ပြောင်းလဲမည်ဆိုလျှင်လည်း ရပေသည်။ သူမ ဘယ်လောက်ပင် ချောလှနေပါစေ၊ အမှတ်နှင့်လုံးဝမသက်ဆိုင်ပေ။ သို့သော် ဤကဲ့သို့ ရုပ်ပုံကို ပြောင်းလဲကာ သူ့ရှေ့တွင် ရပ်နေသောအခါ တစ်မျိုးလေး ဆန်းသစ်သွားသလို ခံစားလိုက်ရသည်။ ထိုသို့သောပုံသည် သူမနှင့် လိုက်ဖက်လှသည်၊ အထူးသဖြင့် ပြုံးလိုက်သောအခါ ထွက်လာသော သူမ၏ ပါးချိုင့်လေးတွေက သူ့ကို တစ်ကယ်စိတ်လှုပ်ရှားစေသည် ။


သူ သက်ပြင်းချရင်း


"မင်း မက်ခါပြိုင်ပွဲပလက်ဖောင်း မှာရှိနေရင် လူတွေကို video call မခေါ်ပါနဲ့… မဟုတ်ရင် ဒီမျက်နှာကြောင့် ကိုယ့်အတွက် ပြိုင်ဘက်တွေ အများကြီး ရောက်လာပါဦးမယ်"


ထိုစကားက သူမ၏ မေးခွန်းအတွက် တုံ့ပြန်မှုတစ်ခုအဖြစ် မှတ်ယူနိုင်သဖြင့် သူမ အလွန်ကျေနပ်သွားသည်။ သူမသည် တစ်နေ့တွင် ဤကမ္ဘာရှိမူလ လင်းယောင်ယောင် မဟုတ်ကြောင်း သိသွားမည်စိုး၍ သူမ၏ ယခင်ဘဝက မျက်နှာကို ဖန်တီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမကို မကြိုက်ရုံတင်မကဘဲ သူမမှာရှိသမျှ အရာအားလုံးကို သူ ရွံရှာသွားနိုင်၏။ သူမသည် သူ့ညီမဖြစ်သူ၏ အသက်ကို သတ်ခဲ့သည့် စက်ဆုပ်ရွံရှာဖွယ် မိန်းကလေးမျှသာဖြစ်သည်။


လင်းရွှမ် သည် သူမ၏ အစ်ကိုကြီးအဖြစ်သာ နေထိုင်ပါက၊ သူမ ကူးပြောင်းလာကြောင်းကို သေချာပေါက် ထုတ်ဖော်ပြောဆိုမည် မဟုတ်သော်လည်း၊ နောင်တစ်ချိန်မှာ သူမတို့ အမှန်တစ်ကယ် အတူတကွ နေထိုင်ပါက၊ သူမတို့နှစ်ယောက်မှာ စိတ်ပိုင်းစွမ်းအင်ချင်း လိုက်ဖက်ညီလာပြီး တစ်ယောက်အတွေးကိုတစ်ယောက် ဖတ်နိုင်ကြမည်ဖြစ်သည်။ထို့ကြောင့် သူမ ဤလျှို့ဝှက်ချက်ကို တစ်သက်လုံး ဖုံးကွယ်ထားရန် ယုံကြည်မှုမရှိပေ။


အကယ်၍ သူ သိသွားပါက ယနေ့မြင်ခဲ့သည့် သူမ မျက်နှာကို အားကိုးနိုင်မည်ဟု သူမ ထင်မိလေသည်။ ဤစိုးရိမ်မှုမျိုးသည် သူ့ကို အမှန်တစ်ကယ် နှစ်သက်သောကြောင့် ဖြစ်နိုင်သည်။ တစ်ကယ်တွဲမည်ဆိုလျှင် သူမတို့ကြားက ဖုံးကွယ်ထားသည့် အန္တရာယ်များအကြောင်း သူမ တွေးတောမိလာရသည်။ မိဘများနှင့် ဆွေမျိုးများကလည်း ဆန့်ကျင်မှုများရှိနိုင်ပြီး ပဋိပက္ခများ ရှိနိုင်သည်။ သို့သော်လည်း ဤပြဿနာများသည် အ‌ဝေးကြီးလိုနေသေးသည်။


မောင်နှ‌မနှစ်ယောက်သည် B-XI မက်ခါတွင်ရှိပြီး သာမန်ပွဲများကိုသာ ကစားကြသည်။ ပထမဆုံးအနေနှင့်၊ လင်းယောင်ယောင် က လင်းရွှမ် ၏ လက်ရှိအဆင့်ကို ဦးဆောင်ခဲ့၏။ သူမ တိုက်နေသည့် ဂိမ်းအနည်းငယ်ကို ကြည့်ပြီးနောက်လင်းရွှမ် သည် သူမ တစ်ကယ်ကို လျင်မြန်စွာ တိုးတက်ကြောင်း တွေ့ရှိခဲ့သည်။ သူမ၏ အနိုင်ရနှုန်းသည် အခြေခံအားဖြင့် 80 %မှ 90% မှာ သာမန်တိုက်ပွဲများတွင်ဖြစ်သည်။ သူ၏ လမ်းညွှန်မှုနှင့်အတူ အနိုင်ရနှုန်းသည် 100% အထိ မြင့်တက်လာခဲ့သည်။


ထို့နောက် သူက ထိပ်တန်း 10000 ၏ တိုက်ပွဲဝင်းထဲသို့ တိုက်ရိုက်ခေါ်သွားသည်။ အနည်းဆုံး၊ သူမသည် အဆင့် 10000 တွင် ထိပ်ဆုံးမှ နေခဲ့သော သခင်ကြီးများနှင့်သာ ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်၊ သခင်ကြီးများ၏ တိုက်ပွဲကွင်းတွင်ရှိနေခြင်း၏ အားနည်းချက်မှာ သူမအမည်ကို မသိနိုင်တော့ခြင်းဖြစ်သည်။ သခင်ကြီးများနှင့် တိုက်ပွဲကွင်းအတွင်း ရှိနေကြသူများ၏ 100%မှာ အဆင့်မြင့်သူများမဟုတ်ကြပေ။ သူမလို လူသစ်များက ပါ၀င်ပြီး လေ့ကျင့်ရန် သခင်အဆင့်များအား ခေါ်ယူထားခြင်းဖြစ်သည်။


လင်းယောင်ယောင် သည် တိုက်ပွဲပလက်ဖောင်းပေါ်တွင် အချိန်အနည်းငယ်သာ ဖြုန်းတီးလိုက်သည်။ သူမကိုယ်ပိုင် အမှတ်ကို အားကိုးပြီး ဤနေရာကို ဝင်ဖို့ အားကိုးမရချေ။ သို့သော်၊ သူမသည် အဆင့်ရှစ်နေရာဖြစ်သည့် "နစ်ကို" နှင့် တိုက်ပွဲများစွာ ချိန်းဆိုတိုက်ထားဖူးသောကြောင့် သူမ၏ တိုက်ခိုက်ရေးအသိမှာ သခင်အများစုထက် မဆိုးပေ။ ဤသခင်များနှင့်အတူ သူမ အနိုင်ရရန် ရုန်းကန်ရမည်ဖြစ်သည်။


သို့သော်၊ နတ်ဘုရားအဆင့် သခင် လင်းရွှမ်၏ လမ်းညွှန်ချက် နှင့် ရံဖန်ရံခါ သေချာ သင်ကြားပြသမှုကြောင့် သူမသည် အနိုင်ရနှုန်း 80 မှ 90% ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် သူမ၏ အမှတ်များသည်လည်း အဆများစွာ တိုးလာခဲ့သည်။


ပဲနီအုန်းနို့ ဟူသောအမည်သည် တစ်ချိန်က သခင်တိုက်ပွဲကွင်းတွင် ကျော်ကြားမှုအချို့ ရရှိခဲ့သည်။ လင်းယောင်ယောင် သည် သူ သင်ကြားခဲ့သည့် စွမ်းရည်များကို အတော်လေး ကျွမ်းကျင်စွာ အသုံးချနေသည်ကို တွေ့လိုက်ရသဖြင့် လင်းရွှမ် က သူမအား ထိပ်တန်း 100 ၏ တိုက်ပွဲကွင်းထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားသည်။ ထို့နောက် သူတို့ ကံကောင်းသည်လား၊ ကံဆိုးသည်လား မပြောတတ်၊ "ကမ္ဘာကျော်" နှင့် ထပ်တွေ့ကြပြန်၏။


လင်းရွှမ် သည် ယခုအချိန်တွင် အဓိက မောင်းနှင်သူထိုင်ခုံတွင် မထိုင်သလို လင်းယောင်ယောင် ကလည်း သူမ၏ username ကို ပြောင်းထားသောကြောင့် ရှောင်မင် က သူယှဉ်ပြိုင်ခဲ့သည့် သခင် "ရွှမ်"မှန်း ချက်ချင်း မသိသေးချေ။


လင်းယောင်ယောင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ လင်းရွှမ် ၏ လမ်းညွှန်မှုအောက်တွင် သူမသည် ကျောက်ချင်းယွင် ၏ "နစ်ကို" ကို အနိုင်ယူနိုင်ခဲ့သော်လည်း ရှောင်မင် နှင့်ဆိုလျှင် တူညီမည်မဟုတ်ပေ။ ရှောင်မင် ၏ စိတ်ဓာတ်စွမ်းအားသည် သူမတို့လိုပင် မြင့်မားပြီး တိုက်ပွဲအတွေ့အကြုံများစွာ ရှိထားသူဖြစ်သည်။


သူမ လင်းရွှမ် အား စိတ်အားထက်သန်စွာပြောလိုက်သည်။


"အစ်ကိုရွှမ်…သူ့ကိုမရှုံးချင်ဘူး ဒါပေမယ့် ညီမလေး မနိုင်မှာလည်း ကြောက်တယ်..."


လင်းရွှမ် သည် သူမ၏ ခန့်မှန်းအိပ်မက်များအကြောင်းကို ကြားသိခဲ့ရပြီးဖြစ်၍ ယခုအခါ သူမသည် ရှောင်မင် ကို လုံးဝမကြိုက်ကြောင်း သိလိုက်ရသည်။ သူမသည် ရှောင်မင် ကိုပင် ကြည့်မရဖြစ်နေတော့ည်။


သူက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး


"မကြောက်နဲ့…ကိုယ် ရှိတယ်"


ရှောင်မင် သည် ဤ "ပဲနီအုန်းနို့" ၏ အမည်နှင့် အချက်အလက်ကို နှိပ်လိုက်ရာ သူမသည် လေ့ကျင့်ရန် သခင်တစ်ဦးမှ ခေါ်ဆောင်လာသူ လူသစ်တစ်ဦးသာဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။ သူ သိပ်ဂရုမစိုက်တော့ပေ။ ယခုလိုမျိုး နောက်အသစ်တွေ အများကြီးတွေ့ဖူးထားသည်။ သူမကို လမ်းပြညွှန်ကြားဖို့ အစွမ်းထက်သည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ရှိနေလျှင်တောင် သူ့ကို အချိန်အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ပေ။သူမသည် အမျိုးသမီးတိုက်ပွဲဝင်တစ်ဦးလည်းဖြစ်၍ သူ့လောက် မတော်နိုင်ချေ။ ထို့အပြင် သူမသည် B-အတန်းစား မက်ခါကို ထိပ်တန်း အဆင့် 100 နှင့် တိုက်ပွဲကို မောင်းနှင်မည်အတွက် ကိုယ့်အဆင့်ကိုမသိသူ တစ်ယောက်ပင်။


သို့သော် ရှောင်မင် စတင်လာသည်နှင့် တစ်ပြိုင်နက် ထိုကောင်မလေးက အတော်လေး တိုက်ပွဲပြင်းထန်လာပြီး ခက်ခဲသည့် လှည့်ကွက်များထုတ်သုံးလာ၏။


လင်းရွှမ် ၏ အမိန့်များဖြင့် လမ်းညွှန်ခံရသော လင်းယောင်ယောင် သည် မကြုံစဖူးသော စိတ်အာရုံများ စူးစိုက်နေပြီး သူမ၏ စွမ်းဆောင်ရည်မှာ အမှားအယွင်းမရှိသလောက်ဖြစ်သည်။ ရံဖန်ရံခါတွင်၊ လင်းရွှမ် သည် သူမအား အချိန်မီ ကယ်တင်ရန် လက်ကိုထိန်းကိုင်ပေးထားပြီး ရှောင်မင်နှင့်အတူ တိုက်ပွဲဝင်ခဲ့သည်။ သို့သော်လည်း သူမသည် ယခင်က တိုက်ပွဲများစွာကို ကစားခဲ့ပြီး စိတ်စွမ်းအင်များစွာကို သုံးစွဲခဲ့သဖြင့်B-XI မက်ခါ၏ စွမ်းဆောင်ရည်သည် ရှောင်မင် ၏ SS-အတန်းစား မက်ခါထက် များစွာနိမ့်ကျသောကြောင့် သူမ မက်ခါ၏ ပျက်စီးနှုန်းသည် 75% အထိ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် သူမ သံသယဝင်လာရသည်။


ယခင်က လင်းရွှမ် သူမကို တောင်းဆိုခဲ့သော ပြိုင်ဘက်၏ အားနည်းချက်များအပေါ် ဖိ၍တိုက်ခိုက်ခြင်းသည် လုံးဝအကျိုးသက်ရောက်မှု မရှိပေ။ နောက်ဆုံးတွင်၊ သူမ၏ မက်ခါ ပျက်စီးမှု 95% ရောက်သွားသောအခါ သူမ ရှုံးသွားလိမ့်မည်ဖြစ်၏။ ကံကောင်းထောက်မစွာ၊ လင်းရွှမ် က သူမကို မက်ခါအားမောင်းနှင်နိုင်ရန် ကိုယ်တိုင် ကူညီပေးခဲ့ပြီး ကယ်တင်ခဲ့သည်။သူသာ မကူညီပါက သူမကို ရှောင်မင် က သိမ်းသွားလိမ့်မည်ဖြစ်သည်။


လင်းရွှမ် က သူမလက်ကို တင်းတင်းကြပ်ကြပ် ဖိထားပြီး


"မင်း နိုင်မှာပါ...ယုံပါ"


ထိုလူ၏ အသံသည် မှော်အစွမ်းများ ရှိပုံရသည်။ချက်ချင်းပင် လင်းယောင်ယောင် ၏ ထိတ်လန့်တုန်လှုပ်နေသော စိတ်သည် ပြန်လည်ခိုင်မာလာပြီး ပိုမိုမြန်ဆန်၍ ပြင်းထန်သော တိုက်ခိုက်မှုများကို နည်းလမ်းတကျ ဆက်လက်လုပ်ဆောင်နိုင်သွားသည်။ ယခုအချိန်တွင် ပျက်စီးမှု 89% အထိမြင့်တက်ခဲ့သော B-XI အတွက် သူမ မစိုးရိမ်တော့‌ေချ။


"ကမ္ဘာကျော်" သည် လူအများက သူ့ကိုချီးမွမ်းကြသဖြင့် ပရိသတ်မုဒ်ကို အမြဲဖွင့်လေ့ရှိသောကြောင့် ဤလေ့ကျင့်ရေးဂိမ်းထံမှ အာရုံစိုက်မှုများစွာရခဲ့သည်။ ပရိသတ်က "ကမ္ဘာကျော်" နိုင်ပြီဟု ထင်နေချိန်မှာ ပျက်စီးနေသည့် B-XI က ကမ္ဘာကျော် ၏ မက်ခါ ဆီကို အပူချိန်မြင့်ရောင်ခြည်လှိုင်းများ ပို့လွှတ်လိုက်သည်။ မက်ခါနှစ်ခုကြားရှိ အကွာအဝေးသည် အလွန်နီးကပ်နေပြီး အပူချိန်မြင့် ရောင်ခြည်များသည် အများဆုံး 5% သာ ထိခိုက်ပျက်စီးနိုင်သောကြောင့် ရှောင်မင် သိပ်ဂရုမထားဘဲ B-XI အနီးမှ မခွာသေးပေ။


ပရိသတ်များက အော်ဟစ်ဆူညံကာ စိတ်မရှည်စွာပြောကြသည်။


"ပျက်စီးမှုနှုန်းက 93% ရှိနေတာကို ဘာတွေကြိုးစားနေသေးတာလဲ… အရှုံးကို ဝန်ခံလိုက်တာက ပိုကောင်းပါတယ်"


"ဒီလူသစ်က အရမ်းတော်တယ်၊ ဒါပေမယ့် ကမ္ဘာကျော်လို နတ်ဘုရားကို B-XI မောင်းပြီး စိန်ခေါ်ဝံ့တယ်ပေါ့… သူကိုယ်သူ မာနကြီးတာလား၊ မိုက်မဲတာလားတော့ မသိဘူး"


"ဘာမှကို ငြင်းမရဘူး… တိုက်ပွဲရဲ့ရလဒ်က စက္ကန့် 30 အတွင်း ထွက်လာတော့မှာ…သေချာတကတော့ B-XI က အစိတ်စိတ်အမြွှာမြွှာဖြစ်သွားမှာကိုပဲ"


လင်းယောင်ယောင် သည် အာရုံစူးစိုက်မှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူမ ဘာကိုမှ မကြားနိုင်၊ မမြင်နိုင်တော့‌ေပ။ သူမရှေ့မှ 94% ပျက်စီးမှုနှုန်းကိုတောင် ဂရုမစိုက််နိုင်အားဘဲ သူမ လက်ကိုထိန်းကိုင်ပေးနေသည့် လင်းရွှမ် ကိုသာ အာရုံစိုက်ထား၏။ သူမ၏ မက်ခါ ရှိ စွမ်းအင်အားလုံး ကုန်ဆုံးလုနီးပါးဖြစ်ချိန်မှာ၊ နောက်ဆုံး " အေးခဲရောင်ခြည်" ကို ထုတ်လွှတ်ခဲ့သည်။


နောက်အခိုက်အတန့်တွင် ကမ္ဘာကျော်၏ SS-အတန်းစား မက်ခါသည် ရုတ်တရက် ပြိုကျသွားသည်ကို တွေ့ရသဖြင့် ပရိသတ်အားလုံး အံ့အားသင့်သွားကြသည်။ ပျက်စီးမှုတန်ဖိုးကလည်း 42% မှ 99% သို့ တိုးလာသည်။


ကမ္ဘာကျော်သည် ဘယ်တော့မှ မရှုံးဖူးသော်လည်း နာမည်ကြီးပြိုင်ဘက်တွေကိုသာ ရှုံးခဲ့သည်။ မမျှော်လင့်ဘဲ နောက်ဆုံးအကြိမ်ကလို နတ်ဘုရား ရွှမ်လို အစဉ်အလာရှိသူမျိုးဆိုလျှင်တောင် သည်းခံ၍ရသေးသည်။ သို့သော် သူသည် သခင်တစ်ဦးမှ လေ့ကျင့်ပေးခဲ့သော မျိုးဆက်သစ် အမျိုးသမီးဆီမှာ သူ့လို တိုက်ခိုက်ရေးသမားတစ်ဦးက မမျှော်လင့်ဘဲ ရှုံးသွားခဲ့သည်။ ပိုရှက်စရာကောင်းတာက သူ့ပြိုင်ဘက်သည် B အတန်းစား မက်ခါကိုသာ မောင်းနေခြင်းဖြစ်၏။


လူတော်တော်များများသည် ဘာဖြစ်သွားမှန်း လုံးဝနားမလည်ကြပေ။


နောက်ဆုံးစက္ကန့်မှာ ကမ္ဘာကျော် ဘယ်လိုများ ရုတ်တရက် ရှုံးသွားနိုင်တာလဲ...


"ပဲနီ အုန်းနို့" သည် မည်သူ့၏ တပည့်ဖြစ်ကြောင်း သိရှိနိုင်ရန် နစ်ကို သည် တိုက်ပွဲတစ်ဝက်မှစ၍ ကြည့်ရှုခဲ့သည်။ ပဲနီ နိုင်ရသည့် နိယာမကို သူ အပြည့်အဝ နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် "ပဲနီ" ၏ သာမန်တိုက်ခိုက်မှုတိုင်းသည် ကမ္ဘာကျော် မက်ခါ ၏ အားနည်းသော အစိတ်အပိုင်းများကို လုံးဝပျက်စီးသွားနိုင်သည်အထိ အင်အားကြီးသောကြောင့် ဖြစ်သည်။ နောက်ဆုံးသော အပူချိန်မြင့်နှင့် အေးခဲရောင်ခြည်နှစ်ခုသည် ကမ္ဘာကျော် ၏ အားနည်းသည့် နေရာများအားလုံးကို လွှမ်းခြုံထားပြီး တိုက်လိုက်သဖြင့် လုံးဝ အပြတ်အသတ်ရှုံးသွားရခြင်း ဖြစ်ပေတော့သည်။


'အရမ်းကောင်းတာပဲ… တစ်ကယ်ကို အံ့သြစရာကောင်းတယ်'


"ဒါက နတ်ဘုရား "ရွှမ်" ပြန်တိုက်လို့ဖြစ်မယ်… ဒါပေမယ့် "ပဲနီ" ကလည်း အရမ်းတော်လို့သာ သူမ ဒီအဆင့်အထိ တိုးတက်အောင် လုပ်နိုင်တာပဲ…မယုံနိုင်စရာကောင်းတဲ့ ဆရာရထားတာပဲ"


B-XI ၏ ကွဲအက်နေပြီး ပျက်စီးနေသော စနစ်အတွင်းမှ အောင်ပွဲသတိပေးချက်ကို လက်ခံရရှိသောအခါ သူမ မယုံနိုင်လောက်အောင် အံ့သြသွားသည်။


"အာ...ငါ ဘယ်လိုအနိုင်ရခဲ့တာလဲ"


မက်ခါ ပွဲပြီးသွားသော်လည်း လင်းရွှမ်က သူမ လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး


"ငါတို့ ယောင်ယောင် က အရမ်းကောင်းတာပဲ…ငါတစ်ချိန်က B-အတန်းစား မက်ခါ နဲ့ SS အဆင့် သခင် တစ်ယောက်ကို အနိုင်ယူခဲ့ရင် မင်းကို လင်းယွင် ရဲ့ အမျိုးသမီးဗားရှင်းနဲ့ ဆုချီးမြှင့်မယ်လို့ ပြောထားတယ်မလား...အခုထိ မြန်မယ်လို့တော့ မမျှော်လင့်ထားဘူး…"


ယခုတော့ ဆုအကြောင်းပြောလာ၍ သူမ မည်သို့ အနိုင်ရသွားပုံကို သေသေချာချာ မတွေးချင်တော့‌ေပ။


"အာ...လိုချင်တယ်...ပေးပါနော်"


"အင်း ကိုယ်တို့မှာ ဆင်တူ မက်ခါတွေ ရှိတော့မှာပဲ…ဒါဆို လူနှစ်ယောက်တွဲပြိုင်ပွဲတွေမှာ ဝင်ပြိုင်လို့ရတယ်"


ထိုအခါ သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် အနီရောင်ဆိုးဆေးများ စွန်းထင်းလာပြီး ရှက်သွေးဖြာလာတော့သည်။




xxxxx

Ei Thet Hmue