အခန်း၈၃
Viewers 8k

Chapter 83

(ဇာ့ခ်အသား ပိုင်မုန့်)


လက်တွေ့ဘဝတွင် လင်းယွင် သည် လင်းရွှမ် ၏ သီးသန့်မက်ခါ ဖြစ်ပြီး ၎င်းသည် SS အဆင့်ထက် အနည်းငယ်သာလွန်သည်။ အရှင်သခင် အင်ပါယာတွင် SSS အဆင့် မက်ခါ မရှိသောကြောင့် SS+ မက်ခါ သည် အပြင်းထန်ဆုံးသော မက်ခါ ဖြစ်နေလေပြီ။


ထို့အပြင် လင်းရွှမ် တို့အဖွဲ့သည် စိတ်ကြိုက်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။သူသည် အရှုံးမရှိစစ်နတ်ဘုရားအဖြစ် ကျော်ကြားလာသောကြောင့်၊ သူ၏ မက်ခါ ဖြစ်သော လင်းယွင် သည် မက်ခါအသုံးပြုသူများ၏ နှလုံးသားထဲတွင် အလိုချင်ဆုံးမက်ခါဖြစ်လာခဲ့သည်။ Star Network ရှိ မက်ခါပြိုင်ပွဲပလက်ဖောင်း သည် လင်းယွင် ၏ အသွင်အပြင်ကို စိတ်ကြိုက်ပြင်ဆင်ရန်အတွက် သူ့ကို ပိုက်ဆံပေးရသေးသည်။သို့သော်လည်း သူသာလျှင် လင်းယွင် ကို 100% အသုံးပြုနိုင်သူဖြစ်သည်။ အခြားသူများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ တိကျမှု 90% ကိုသာ အများဆုံး အသုံးပြုနိုင်သည်။


လင်းယွင် အမျိုးသမီး ဗားရှင်းကို လင်းယွင် ၏ ထိပ်တန်း စက်ဆရာ သုံးဦးထဲမှ တစ်ဦးဖြစ်သော ဆိုဖီယာ မှ ဒီဇိုင်းထုတ်ခဲ့သည်။ လင်းယွင် နှင့် အတိအကျနီးပါးတူသော်လည်း လင်းယွင် သည် ငွေရောင်အနားသပ်များဖြင့် အဓိကအားဖြင့် အနက်ရောင်ကိုယ်ထည်ရှိပြီး အမျိုးသမီးဗားရှင်းသည် အဓိကအားဖြင့် ငွေရောင်ဖြစ်ပီး အနားသပ်များက အနက်ရောင်ဖြစ်သည်။


လင်းရွှမ် ၏ အမျိုးသမီး ဗားရှင်းတွင် ပိုမိုသိမ်မွေ့သော ခန္ဓာကိုယ်ပုံစံ၊ မြန်နှုန်းမြင့်၊ တိုက်ခိုက်မှု ပိုမိုမြင့်မားပြီး ခုခံမှုစနစ်ကလည်း မြင့်မားသည်။ SS+ အဆင့်သို့ မရောက်သေးသော်လည်း SS အဆင့်ရှိသည်။ ထို့ကြောင့် ၎င်းကို SS အဆင့်တွင် အကောင်းဆုံး မက်ခါ အဖြစ်လည်း မှတ်ယူနိုင်သည်။


ဆိုဖီယာ က ဒီဇိုင်းထုတ်ပြီး လင်းရွှမ် ကို Star Network virtual ဗားရှင်းအဖြစ် ဦးစွာပြသခဲ့သည်။ အပြင်ပန်း သွင်ပြင်သည် လင်းယွင် နှင့် အလွန်ဆင်တူနေသောကြောင့်၊ ပိုင်ရှင်ထံမှ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်သည်။


မက်ခါများ၏ တူနေသောပုံစံကြောင့် ဖြစ်ပေါ်လာသော၊ မလိုလားအပ်သည့် အရှုပ်တော်ပုံများကို တားဆီးရန်အတွက် လင်းရွှမ် သည်လင်းယွင် ၏ အမျိုးသမီးဗားရှင်းအတွက် အခွင့်အရေး(rights)များကို တိုက်ရိုက်ဝယ်ယူခဲ့ပြီး လက်တွေ့ကမ္ဘာရှိ ဒီဇိုင်းနှင့် ဗိသုကာဗားရှင်းနှစ်မျိုးစလုံးကို ဝယ်ယူခဲ့သည်။ ဆိုဖီယာကို လက်တွေ့ဘဝတွင် နောက်ထပ် တစ်မျိုး ဖန်တီးခွင့်လည်း မပြုခဲ့ပေ။ သူ့ဘဝတွင် လက်တွဲဖော်အဖြစ် အမျိုးသမီး တိုက်ခိုက်ရေးသမား တစ်ဦးမှ မရှိခဲ့လျှင် ဂရန်းမာစတာ ဆိုဖီယာ ၏ ဆန်းကြယ်သော လက်ရာဖြစ်သည့် လင်းယွင် ၏ အမျိုးသမီး ဗားရှင်းအား မြင်တွေ့ရန် အခွင့်အလမ်း ဘယ်တော့မှ ရှိနိုင်မည်မဟုတ်ပေ။


သို့သော်လည်း ဆိုဖီယာသည် လွန်ခဲ့သော တစ်လကျော်က သူ၏ ဆက်သွယ်ရေး မက်ဆေ့ချ်ကို လက်ခံရရှိခဲ့ပြီး လင်းယွင် ၏ အမျိုးသမီးဗားရှင်းကို တစ်ကယ့်မက်ခါအဖြစ် စတင်ဖန်တီးနိုင်ခဲ့သည်။ပထမတွင် ဆိုဖီယာ အံ့အားသင့်ခဲ့ရသည်။ လင်းရွှမ် သည် မက်ခါအဖော်အဖြစ် အမျိုးသမီးတိုက်ခိုက်ရေးသမားကို အမှန်တစ်ကယ် တွေ့ရှိခဲ့ကြောင်းကို မယုံကြည်နိုင်သေး။ ယခင်ကဆို သူ၏ အမျိုးသမီး တိုက်ခိုက်ရေး ရည်းစားကိုတွေ့လျှင်တောင် အနည်းဆုံး ဆယ်စုနှစ် အနည်းငယ်စောင့်ရမည်ဟု သူမ ထင်ခဲ့မိတာပင်။


SS-အတန်းစား မက်ခါကိုထုတ်လုပ်ရန် နှစ်လ ၊သုံးလကြာမည်ဖြစ်သည်။ လင်းယွင် ၏ လက်တွေ့ဘဝ အမျိုးသမီးဗားရှင်းသည် မပြီးသေးသော်လည်း လင်းရွှမ် ကမူ Star Network ဗားရှင်းကို မောင်းနှင်ခွင့်ပြုရန် မစောင့်နိုင်တော့ပေ။ လင်းယွင် ၏ အမျိုးသမီး ဗားရှင်းကို ထုတ်လုပ်သောအခါတွင် အရေးအကြီးဆုံးအချက်မှာ စွမ်းဆောင်ရည် ဖြစ်ပြီး အပြင်ပန်းက အရေးမကြီးဟု သူ ခံစားခဲ့ရသည်။ သို့သော်လည်း ယခုတော့ ထိုသို့ မထင်မိပေ။


မက်ခါဧည့်ခန်းထဲတွင် လင်းရွှမ် သည် လင်းယွင် ၏ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကို 90% မှ 100% သို့ ပြင်ဆင်ပြောင်းလဲခဲ့သည်။


B-အတန်းစား မက်ခါနှင့် တစ်လကျော်ကြာအောင် တိုက်ပွဲဝင်ခဲ့သော လင်းယောင်ယောင် သည် သူမ၏ကိုယ်ပိုင် SS-အတန်းစားမက်ခါရှိရန် ဆန္ဒရှိခဲ့ဖူးသည်။ "စုံတွဲမက်ခါ" ဖြစ်၊မဖြစ်ကို သူမ ဂရုမစိုက်ပေ။


ထို့နောက် သူမသည် မက်ခါအသစ်နှင့် လင်းရွှမ် ကို ချက်ချင်းတိုက်ခိုက်ရန် ရဲဝံ့စွာနှင့် မကြောက်မရွံ့ ဖိတ်ကြားခဲ့သည်။


လင်းရွှမ် ကလည်း ထုံးစံအတိုင်း လက်ခံခဲ့သည်။ သူ့မှာ မယုံကြည်နိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားသော်လည်း အနည်းငယ် အဆင်မပြေဖြစ်ပြီး ရိုင်းစိုင်းသော သူမ၏ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရလျှင်၊ ရှောင်တိမ်းရ၍ ရံဖန်ရံခါ ဒဏ်ရာအနည်းငယ် ခံရသော်လည်း တန်ပြန်တိုက်ခိုက်ခြင်း မပြုခဲ့ပေ။မသိပါက၊သူတို့နှစ်ယောက်မှာစိတ်ဆိုးနေသည့် မက်ခါချစ်သူစုံတွဲတစ်တွဲလိုပင်။


စမ်းသပ်ကြည့်ပြီးနောက် သူမက


"ဒီ SS-အတန်းစားမက်ခါရဲ့ အမြန်နှုန်းက မိုက်လိုက်တာ ပျံသန်းနေသလို ခံစားရတယ်... အဲဒါကို တရားဝင် နာမည်ပေးတော့မယ်... လင်းပို လို့ ခေါ်ရအောင်!"


"လောရှန်းဖု" ဆိုသည့် ကဗျာတစ်ပုဒ်ထဲတွင် "လင်းပို ကို နင်းလိုက်တော့ လှိုင်းလုံးလေးတွေ ဖြစ်သွားပုံဟာ ခြေဖဝါးမှာ စိုဝင်သွားတဲ့‌ ရေစက်ကလေးတွေက ဖုန်မှုန့်လိုပါပဲ"ဟူ၍ စာသားရှိထားသည်။


အမှန်တစ်ကယ်ပင်၊လင်းပို သည် အပြာရောင်လှိုင်းစီးနေသကဲ့သို့ လှပပြီး ပေါ့ပါးသွက်လက်သော မီချာလေးနှင့် တူနေခြင်းဖြစ်သည်။


["လင်းပို" သည် လူများက ရေထဲကို ခြေထောက်နှစ်ကြည့်လိုက်သောအခါ ဖြစ်ပေါ်လာသော လှိုင်းတွန့်ရေလှိုင်းများ ဖြစ်သည်။


"လင်းယွင် နဲ့ လင်းပို ဆိုတာက အရမ်းကောင်းတာပဲ…မိသားစုတစ်စုလိုပဲ"


လင်းရွှမ် က လေးနက်စွာပြောသည်။


["လင်းယွင်" ဆိုသည်မှာ တိမ်များပေါ်က လှုပ်ရှားမှုကို ဆိုလိုသည်။]


လင်းယောင်ယောင် က သူ့ကိုယ်သူ ခုခံကာကွယ်ရင်း


"...ဟယ်.. ဒါကလည်း လင်းယွင် နဲ့ လင်းပို ဆိုတာ အမြွှာမောင်နှမတွေလိုမျိုးမလို့ နာမည်တူတာ ဘာဖြစ်လို့လဲ"


မက်ခါ၊ လင်းယွင် တွင် Star Network နှင့် ချိတ်ဆက်ထားသည့် လက်တွေ့ဘဝတွင် ဉာဏ်ရည်တူ ရှိသည်။ သူ့မှာ ကိုယ်ရည်ကိုယ်သွေးလည်းရှိသလို၊ တွေးခေါ်နိုင်သည့် အရည်အချင်းရှိ၏။ ထို့ကြောင့်၊သူက သူ့ပိုင်ရှင်ကို ခုခံကာကွယ်ရန် ထွက်လာပြီး


"လင်းပို ရဲ့ ခန္ဓာကိုယ်က အခုထိ ပြင်ဆင်နေရတဲ့အပိုင်းတွေ ရှိနေပြီး ချစ်ပ်ကို နိုးထပြီး Star Network နဲ့ မချိတ်ဆက်ရသေးပေမယ့် မာစတာ ဆိုဖီယာ က လင်းပို ကို ကျွန်တော့်ဇနီးအဖြစ် ဒီဇိုင်းထုတ်ထားတာပါ...ကျွန်တော့် ညီမ,မဟုတ်ပါဘူး"


လင်းယောင်ယောင်: "..."


သူမ တစ်ယောက်တည်းဖြစ်နေ၍ ထိုနှစ်ယောက်ကို နိုင်အောင်မပြောနိုင်တော့‌ေပ။


B-အတန်းစားမက်ခါကို မောင်းသော်လည်း အဆင့်-၅နေရာတွင် အနိုင်ယူခဲ့သော လူသစ် "ပဲနီအုန်းနို့" ကြောင့် မက်ခါပြိုင်ပွဲပလက်ဖောင်း ဖိုရမ်ရှိ လူအများက မည်မျှထိတ်လန့်ပြီး ဆွေးနွေးနေသည်ကို သူမတို့ နှစ်ယောက် မသိခဲ့ကြပေ။


ကံကောင်းထောက်မစွာ၊ ပဲနီအုန်းနို့၏ တွဲဖမောင်းနှင်သူသည် အမှန်တစ်ကယ်ပင် သခင် "ရွှမ်" ဖြစ်မှန်း သိလိုက်ရသောကြောင့် လူအများက အနည်းငယ် စိတ်သက်သာရာရသွားကြသည်။ ဤလူသစ်သည် အလွန်အစွမ်းထက်သော်လည်း တွဲဖက်မောင်းနှင်သူနေရာတွင် သူမအား ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးပြီး ကူညီပေးခဲ့သူ သခင်ကြောင့်ဖြစ်သည်ဟု တွေးလိုက်ကြလေသည်။


ဂိမ်းကို မထင်မှတ်ဘဲရှုံးခဲ့သည့် ရှောင်မင် က "ရွှမ်" ဆိုသည့် နာမည်ကို ကြည့်လိုက်၏။ ဤလူက လင်းရွှမ် ဆိုတာကို သူ သိထားပြီးသားပင်။ သို့သော်လည်း၊ လင်းရွှမ် ကို ကိုယ်တိုင်ကိုယ်ကျ သင်ခိုင်းနိုင်သည့် အမျိုးသမီး တိုက်ခိုက်ရေးသမား အသစ်တစ်ယောက် ရှိနေပြီဆိုတာကို သူ တွေးကြည့်၍တောင် မရခဲ့ပေ။ သို့သော်၊ သူ့ညီမကိုသာ ခေါ်လိမ့်မည်ဟု ထင်မိသည်။


ဒါဆို ပဲနီအုန်းနို့က ဘယ်သူလဲ…


ဤအချိုပွဲနာမည်မှာ ရိုးရိုးဟုထင်ရသော်လည်း လင်းရွှမ် နှင့် ဆက်စပ်နေသောကြောင့် ရှောင်မင်သည် မကြာသေးမီက သူ့ကို လိုက်ကြိုက်သည့် ‌လင်းယောင်ယောင် ကို တွေးတောမနေနိုင်ဖြစ်ခဲ့သည်။သို့သော် ၊သူ အလွန်အတွေးလွန်ခြင်းလည်းဖြစ်နိုင်၏။‌လင်းယောင်ယောင် သည် အစားအသောက် လက်ထောက် ကုထုံးပညာရှင် တစ်ဦးမျှသာ ဖြစ်သည်။ ထက်မြက်သော အမျိုးသမီး တိုက်ခိုက်ရေးသမား "ပဲနီ အုန်းနို့" သည် သူမ မဖြစ်နိုင်ပေ။


နောက်ဆုံးအကြိမ်တွင် သူသည် Star Network တွင် ‌လင်းယောင်ယောင် ၏ ဖြည့်စွက်အစားအစာဆိုင်တွင် မက်ဆေ့ချ်တစ်ခု ပို့ထားခဲ့သည်။သူမက စာကိုဖတ်ပြီးမှန်း သူမြင်လိုက်သော်လည်း လုံးဝဂရုမစိုက်ဘဲ သူ့ကို ပြန်မဖြေခဲ့ချေ။ "ကမ္ဘာကျော်" ဆိုသည့်အကောင့်မှာ တစ်ကယ်တော့ သူမဘယ်တုန်းကမှ မမေ့ခဲ့ဖူးသည့် လူတစ်ယောက်မှန်းသူမကိုယ်တိုင်တောင် မသိတာကြောင့် ဖြစ်နိုင်၏။ အနာဂတ်မှာ အခွင့်ကောင်းရသည့်အခါ သူမကို ချဉ်းကပ်ဖို့ ကြိုးစားမည်ဖြစ်သည်။ သူ့အာရုံစူးစိုက်မှုကို လုံ့လဝီရိယနှင့် ပိုကြိုးစားသော သူမအား ဆုချီးမြှင့်ရန် လိုအပ်သည်။


ဇာ့ခ် လှိုင်းကြီး ရောက်ရှိလာတော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ငယ်ရွယ်ပြီး အရည်အချင်းပြည့်မီသော ဆေးဝါးပညာရှင်များနှင့် အစားအသောက်ကုထုံးပညာရှင်များကို ကြိုတင် စုစည်းထားရန် လိုအပ်သည်။သူ့အတွက်အသင့်ဆုံးမှာ ‌လင်းယောင်ယောင် တို့ဖြစ်သည်။ထို့အပြင် သူ့မှာ နောက်ထပ် စိတ်ကူးယဉ် အတွေးတစ်ခု ရှိနေသည်။


နစ်ကို သည် "ပဲနီ အုန်းနို့" ကို သီးသန့် စကားပြော၍ နတ်ဘုရား "ရွှမ်" နှင့် မိတ်ဆက်ပေးပြီး တိုက်ခွင့်ရရန်သွားပြောကြည့်နေသည်။


‌လင်းယောင်ယောင် မှာ မက်ခါအသစ် လင်းပို ရသွားပြီဖြစ်သည်။လင်းရွှမ် က သူမကို အနိုင်ရဖို့ကူညီတိုက်ပေးလိုက်တာကြောင့် စမ်းသုံးကြည့်ဖို့ ပြိုင်ဘက်တစ်ယောက်ယောက်ကို ရှာဖို့ မစောင့်နိုင်တော့ပေ။ ထို့နောက် သူမလည်း "နစ်ကို" ကိုပြန်ဖြေပြီး 2Vs2 တိုက်ပွဲတစ်ခုလုပ်ရန် အခြားလူကိုရှာခိုင်းလိုက်သည်။


"ရွှမ်" အွန်လိုင်းတက်လာတိုင်း၊ ကျောက်ချင်းယွင်သည် "ပဲနီအုန်းနို့" ကို လင်းရွှမ်နှင့် တိုက်ခွင့်ပြုရန်သွားပြောကြည့်နေသည်မှာ ကြာပြီဖြစ်၍ ထပ်မငြင်းလာနိုင်တော့ပေ။ အကယ်၍ သူနှင့်တစ်ဖက်ပါတနာတို့သည် 2Vs2 ကစားရန် ပူးပေါင်းပါက "ရွှမ်" ကို အနည်းငယ် ဟန့်တားနိုင်မည်ဖြစ်သောကြောင့် သူလည်း အနိုင်ရရန် အခွင့်အရေးအနည်းငယ်ရှိနိုင်သေးသည်။


"ကောင်းပြီ ခဏစောင့်…သူငယ်ချင်းရှာလိုက်ဦးမယ်"


ထို့နောက် နစ်ကို သည် "ကြီးမြတ်သောနတ်ဘုရားနှင့် တိုက်ခိုက်ရန်အဖွဲ့တစ်ဖွဲ့ကိုရှာဖွေခြင်း" အကြောင်းကို သူ၏ သူငယ်ချင်းအသိုင်းအဝိုင်းတွင် ပို့စ်တင် လိုက်သည်။ သူ့ဘက်မှ နှစ်ယောက်သည် စစ်မြေပြင်တွင် ရန်သူများမဟုတ်သဖြင့် အဖွဲ့ထဲပါရန် ဘယ်လိုတောင်းဆိုသူကိုမဆို လက်ခံရန် စီစဉ်ထားခဲ့သည်။ သို့သော် အံ့အားသင့်စရာပင်၊ ပထမဆုံးဖြေဆိုသူမှာ "ကမ္ဘာကျော်" ဖြစ်သည်။


ရှောင်မင်: "ရွှမ် ရဲ့ ပါတနာက ပဲနီအုန်းနို့ လား…ဒါဆို ငါ့ကို ခေါ်လို့ရမလား"


နစ်ကို သည် ခိုင်မာသော လုပ်ဖော်ကိုင်ဖက်တစ်ဦးရှိရန် မျှော်လင့်ထားသဖြင့် ကမ္ဘာကျော် သည် လိုအပ်ချက်များနှင့် ကိုက်ညီမည်မှာ သေချာသည်။ သို့သော်လည်း၊ပဲနီအုန်းနို့၏ သဘောတူညီချက်ကိုလည်း တောင်းရမည်ဖြစ်သည့်အတွက် ချက်ချင်းသဘောမတူခဲ့ပေ။


"ခဏနေဦး...ပဲနီ အုန်းနို့ကို မေးလိုက်မယ်"


ရှောင်မင် သည် "ရွှမ်" က လင်းရွှမ်မှန်း သိထားတာကြောင့်မဟုတ်ဘဲ ပဲနီအုန်းနို့ က မည်သူမည်ဝါမှန်း သိချင်သောကြောင့် တိုက်ချင်ခဲ့တာပင်။


နစ်ကို ၏မေးခွန်းကိုကြားသိရသောအခါ ‌လင်းယောင်ယောင် အံ့အားသင့်သွားရသည်။ သူမသည် ရှောင်မင် နှင့် မကြာခဏ ရန်မဖြစ်ချင်သော်လည်း ငြင်းလိုက်ပါက သူ့ကို တမင်တကာ ရှောင်နေသလို ဖြစ်သွားနိုင်သည်။


"အင်း ရတယ်လေ"


ထိုအချိန်တွင် ရှောင်မင် သည် နစ်ကို ထံမှ ပဲနီအုန်းနို့အကြောင်း နောက်ထပ်အချက်အလက်များကို ရယူရန် ကြိုးစားခဲ့သည်။ ပဲနီမိန်းကလေးသည် လက်ထောက်ကုထုံးနှင့် တိုက်ခိုက်ရေးစိတ်ပိုင်းဆိုင်ရာ စွမ်းအင် နှစ်မျိုးကို အသုံးပြုနိုင်သည့် ရှားပါး အရည်အချင်းရှိသူ တစ်ဦးဖြစ်ကြောင်း နစ်ကို သတိရမိသည်။ ထို့ကြောင့် သူက အတတ်နိုင်ဆုံး အသေးစိတ်မဖြေဘဲနေလိုက်ပြီး သူနှင့် ပဲနီအုန်းနို့ သည် Star Network စစ်မြေပြင်တွင် တွေ့ဆုံဖူးပြီး သိပ်မရင်းနှီးကြောင်း ပြောလိုက်သည်။

ထို့နောက် သူက ကမ္ဘာကျော်အကြောင်းကို ပဲနီ အုန်းနို့ထံ ချက်ချင်း ပြန်ပြောလိုက်သည်။


ရှောင်မင် ဘာဖြစ်နေမှန်း ‌လင်းယောင်ယောင် နားမလည်နိုင်တော့‌ေပ။ သို့သော်လည်း သူမမှာ လေးလေးနက်နက် စုံစမ်းစစ်ဆေးရန် အစီအစဉ်မရှိပေ။


တစ်ဖက်မှာ၊ ပြိုင်ဘက်၏ နာမည်ကိုမြင်ပြီးနောက် လင်းရွှမ် သည် အသင်းတိုက်ပွဲကိုဖွင့်ကာ လေးနက်စွာပြောလိုက်သည်။


"ဒါက ကိုယ်တို့ရဲ့ပထမဆုံးပွဲပဲ… ကိုယ်တို့အနိုင်ရရင် မင်းကို ဘယ်နေရာမှာမဆို ဂရုမစိုက်ဘဲ နမ်းပစ်မယ်..."


သူမ ချက်ချင်း မျက်နှာကရဲတက်လာသည်။


"ကျေးဇူးတင်ပါတယ်... အဲဒီဆုကို မယူလို့ မရဘူးလား"


"မင်းရဲ့ ငြင်းဆန်မှုက ကိုယ့်ရဲ့ တိုက်ပွဲအတွက် ထက်သန်နေတဲ့ကိုယ့်စိတ်ကို ထိခိုက်စေလိမ့်မယ် ထင်တယ်"


သူမ ရှောင်မင် ကို အရှုံးမပေးချင်ကြောင်းကို လင်းရွှမ် သဘောပေါက်သွားခြင်းဖြစ်သည်။


သူတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ သိသိသာသာ တိုးလာတာကြောင့် ထိုသို့ သောဟာသမျိုးက သဘာဝကျကျ ပျော်ရွှင်ရယ်မောနိုင်ပြီဟု ဆိုနိုင်၏။ထိုကြောင့် သူမလည်း


"ဒါဆို အစ်ကိုကြီး ကြိုးစားပြီး ညီမလေးကို အတူ ခေါ်သွားရမယ်နော်"


တစ်ကယ်တမ်းမှာ၊ သူမ အနားမှာမရှိခဲ့လျှင်တောင် သို့မဟုတ် တိုက်ပွဲတစ်လျှောက်လုံး သူမ အသာနေနေလျှင်တောင် လင်းရွှမ်လို အဆင့်ရှိသူတစ်ယောက်က ဤလူငယ် ပြိုင်ဖက် နှစ်ယောက်ကို အနိုင်ယူနိုင်မှာပင်။ သို့သော်လည်း သူသည် နောက်တစ်ကြိမ်တိုက်ပွဲတွင် သူမအား လှုပ်ရှားစရာ အချို့ပြုလုပ်ရန် တမင်တကာ ခွင့်ပြုထားပြီး အင်အားကြီးသူ ပြိုင်ဘက်တစ်ဦးထက်ပို၍ ကိုင်တွယ်ဖြေရှင်းနည်းကို သင်ကြားပေးရန် ကြိုးစားခြင်းလည်း ဖြစ်သည်။


သူမ အန္တရာယ်များသည့် အခြေအနေတွင် ကြုံလာတိုင်း၊ သူမ အရိုက်ခံရတော့မည်ကြံတိုင်း သူက အကြိမ်ကြိမ် ကယ်တင်ခဲ့သည်။ ဤလူသည် ကြီးမြတ်သော သခင်၊ စေတနာကောင်းသော လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ပြီး သူမအတွက် အခိုင်မာဆုံးသော ကျောထောက်နောက်ခံဖြစ်သည်။ ဂိမ်းအဆုံးမှာ ထုံးစံအတိုင်း မောင်နှမနှစ်ယောက်သား အနိုင်ရခဲ့သည်။


တိုက်ပွဲအတွင်း ကြည့်ရှုသူမုဒ်ကို ဖွင့်ရန်၊ နှစ်သင်းလုံး သဘောတူရမည်ဖြစ်သည်။ ရှောင်မင် သည် သူ့ပြိုင်ဘက်မှာ လင်းရွှမ် ဖြစ်သည်ကို သိပြီးဖြစ်၍ နိုင်မှာမဟုတ်မှန်း သိနေသောကြောင့် ကြည့်ရှုသူမုဒ်ကို မဖွင့်ခဲ့ချေ။ထို့ကြောင့် ဤဂိမ်း၏ရလဒ်ကို လူအများ သိပ်မသိကြချေ။


ဤပြင်းထန်မှုနှင့် မြင့်မားသောတိုက်ပွဲများကြောင့် လင်းယောင်ယောင် ၏ မက်ခါထိန်းချုပ်မှုစွမ်းရည်သည် တိုးတက်လာပြီး ကျွမ်းကျင်လာရသည်။ သူမမှာ ချို့ယွင်းချက်များစွာ ရှိနေသေးသော်လည်း သူမသည် ယခုအခါ ထိပ်တန်း အယောက် 10000ရှိ မာစတာများစွာထက် သာလွန်နေပြီဖြစ်သည်။


မက်ခါ နှင့် တစ်လကျော်သာ အဆက်အသွယ်ရှိသော အမျိုးသမီး တိုက်ခိုက်ရေးသမားဖြစ်သူ သူမအတွက် လေ့ကျင့်ချိန်ကလည်း သိပ်မများသဖြင့် အံ့ဩဖွယ်ရလဒ်တစ်ခုဖြစ်သည်။ ထို့နောက် မက်ခါတိုက်ပွဲ ပလက်ဖောင်းပေါ်ရှိ သူမ၏ အမှတ်များသည် အထက်သို့ အဆက်မပြတ် ခုန်တက်သွားပြီး နောက်ဆုံးတွင် သူမသည် ထိပ်တန်းအယောက် 10,000 ထဲသို့ တက်လှမ်းနိုင်ခဲ့သည်။သူမမှာ SS အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားရှိသော်လည်း တိုက်ခိုက်ရေး အတွေ့အကြုံက နည်းပါးလွန်းလှသည်။ သူမ၏ ကိုယ်ပိုင်အရည်အချင်းကိုသာ အားကိုးနေပါလျှင် နှစ်ပေါင်းများစွာ မက်ခါပြိုင်ပွဲပလက်ဖောင်း ပေါ်တွင် ကျင်လည်နေခဲ့သော နစ်ကို နှင့် ကမ္ဘာကျော် တို့ကိုအနိုင်ယူနိုင်မည်မဟုတ်ပေ။


ယခင်က အောင်ပွဲများသည် လင်းရွှမ် ၏ ကြီးမားသော အကူအညီကြောင့်သာဖြစ်သည်။ သို့သော် သူမ၏ ကိုယ်ပိုင်စွမ်းရည်သည် ဤထိပ်တန်းသခင်များနှင့် သိပ်မဝေးလှပေ။ နောက်ဆုံးတွင်၊ သူမ၏ မက်ခါ ထိန်းချုပ်မှုစွမ်းရည်ကို လင်းရွှမ် ကိုယ်တိုင်က ချိန်ညှိပြီး သင်ကြားပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ သူမသည် တိုက်ပွဲအတွေ့အကြုံမရှိသော်လည်း တိုက်ခိုက်ရေးဗီဇနှင့် စွမ်းရည်များမှာ သူမတူအောင် ထူးချွန်လှသည်။ အချိန်အတန်ကြာ လေ့ကျင့်ပြီးနောက်တွင် သူမ၏ ကိုယ်ပိုင်အရည်အချင်းများကိုသာ အားကိုးလျက် နစ်ကို၊ ကမ္ဘာကျော် သို့မဟုတ် အခြားသော မာစတာများကိုတောင် အနိုင်ယူနိုင်မည်ဖြစ်သည်။




xxxxxx