Chapter(3)
Viewers 10k

"ငါကဘယ်လိုလုပ်ပြီးအဓိကဇာတ်ဆောင်ရဲ့ကံကောင်းမှုကိုရနေတာလဲ။"

လင်ခုံးလု၏မျက်နှာထားမှာ နောက်ဆုံးတွင်အက်ကွဲသွားချေသည်။


"ခုနက...မင်းသူနဲ့အရမ်းနီးကပ်သွားလို့များလား။"

0687၏အသံကားသိချင်စိတ်အပြည့်ပင်။


လင်ခုံးလု: "အဲ့ဒါကမင်းသူ့အနားသွားလိုက်တာနဲ့ရလာနိုင်တဲ့အရာမို့လို့လား။ ဒါဖြင့်ရင် သူဘယ်နေရာသွားသွား လူတိုင်းကသူ့CPဖြစ်နေမှာပေါ့။"


0687: "အာ။"


"ဒါကလည်းသေချာပေါက်ကိုဗိုင်းရပ်စ်ပဲ။"

လင်ခုံးလုကဆိုသည်။


0687: "..."


လင်ခုံးလု: "ဒါပေမဲ့ခေါင်းဆောင်ပြောခဲ့တာက ဒီမှာပြဿနာနည်းနည်းပဲရှိတာဆို၊ ဒါကနည်းနည်းလေးလား။"


အမြှောက်စာဇာတ်ကောင်က အဓိကဇာတ်ဆောင်CPရဲ့ဇာတ်ညွှန်းကိုရတော့မယ်၊ ဒါပေမဲ့ဗိုင်းရပ်စ်ကတကယ်ပဲသူကိုယ်တိုင်ဖြစ်နေတာလား။


0687: "ငါကြားခဲ့တာကတော့ ဒါရိုက်တာကတရုတ်လူမျိုးတဲ့၊ ဒီ...တရုတ်ဘာသာစကားကကျယ်ပြန့်ပြီးတော့ နက်နဲသိမ်မွေ့တယ်ဆိုပဲ။ သူပြောတာကပွိုင့်၁သိန်းလောက်ရှိလောက်မယ်တဲ့။"


လင်ခုံးလု: "..."


လူတစ်ယောက်နှင့်စနစ်တစ်ခုမှာ ရုတ်ခြည်းတိတ်ကျသွားကြသည်။ တစ်အောင့်ကြာသော် 0687ကဂရုတစိုက်အဆိုပြုလာသည်။

"ကံကောင်းမှုကမင်းအပေါ်မှာဆိုတော့ အဓိကဇာတ်ဆောင်စိတ်ဝင်စားဆုံးလူက မင်းလို့ဆိုလိုတာပဲ၊ မင်းကCPဖြစ်ဖို့အသင့်တော်ဆုံးပဲ။ မင်းဘာလို့မကြိုးစားကြည့်တာလဲ။"


ဒီနည်းလမ်းဖြင့်ဆိုလျှင် အမြှောက်စာဇာတ်ကောင်၏တာဝန်ကအလဟဿဖြစ်သွနိုင်ပေမဲ့ အဓိကမျဥ်းကိုမကျော်သရွေ့ ဒီအတိုင်းထားလိုက်လို့ရသည်။ ဒီကမ္ဘာပေါ်မှာဗိုင်းရပ်စ်တွေအရမ်းများလွန်းတာမို့ ဒီလောက်ကသိပ်မထူးခြားသွားပေ။


"ဗျူဟာလား။"

လင်းခုံးလုပြုံးလိုက်သည်။

"လုစစ်ငါ့ကိုအခုမသတ်သွားတာတောင်ကံကောင်း။"


"ဟုတ်သား၊ သူကမင်းကိုအခုမုန်းနေတာလေ၊ ငါဘာလုပ်ရမလဲ။"

0687ကသိပ်အသုံးမဝင်၊ သူကသေရေးရှင်ရေးအခိုက်အတန့်မှာဘာမှမကူညီနိုင်ပေ။


"ငါဘာလုပ်နိုင်မှာလဲ။" လင်ခုံးလုသက်ပြင်းချမိသည်။

"အရင်ဆုံးအောက်ထပ်ဆင်းသွားပြီးတော့ လိုက်လျောညီထွေဖြစ်အောင်နေရမှာပဲ။"


စကားပြောပြီးနောက် သူ့လက်ကိုမြှောက်၍ မျက်လုံးတွေကိုနီရဲလာသည်အထိပွတ်ပစ်ကာ ဒေါသအနည်းငယ်ဖြင့်တံခါးဖွင့်လိုက်သည်။


တံခါးအပြင်ဘက်မှာ လုစစ်ကထွက်သွားပြီဖြစ်သည်။


လင်ခုံးလုအောက်ထပ်ဆင်းလာတော့ ထိုသူကဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ထိုင်ကာ အိမ်တော်ထိန်းနှင့်အတူလက်ဖက်ရည်သောက်နေတာကိုမြင်လိုက်ရသည်။


လင်ခုံးလုဧည့်ခန်းကိုဖြတ်သွားသော် သူကကျိုးကြောင်းမသင့်သည့်တောင်းဆိုမှုကိုပြုလုပ်လာသည်။

"ငါကိုယ်ရံတော်တွေခေါ်လာချင်တယ်။ တချို့လူကကိုယ်ကျင့်တရားကောင်းမွန်တာမို့ ငါစိုးရိမ်စရာမလိုတော့ဘူးပေါ့။"


သူ့စကားတို့၏ဦးတည်ရာမှာ သိပ်ကိုသိသာလွန်းလှသည်။ လုစစ်အတွက်လက်ဖက်ရည်ငှဲ့ပေးနေသည့်အိမ်တော်ထိန်းမှာ လက်ခါကာဖြင့်ခေါင်းကိုက်လာပေသည်။ ဒီတစ်ခေါက်ကိစ္စတွေကိုဘယ်လိုချောမွေ့အောင်လုပ်ရမလဲဆိုတဲ့အကြောင်းတိတ်တခိုးတွေးလိုက်မိသည်။


ဒါပေမဲ့သူမစဥ်းစားနိုင်သေးခင် လုစစ်ကခေါင်းမမော့ဘဲငြင်းပယ်လိုက်သည်။

"စစ်တပ်ကအားနေတဲ့လူတွေကိုဝင်ခွင့်မပြုဘူး။"


လင်ခုံးလုနင်သွားကာ အံကြိတ်၍ပြောလိုက်သည်။

"ဒါဆိုသူတို့ကိုအပြင်မှာစောင့်ခိုင်းလိုက်တာပေါ့။"


လုစစ်နောက်ဆုံးတွင်ခေါင်းမော့လာပြီး သူ့မျက်လုံးတစ်စုံကသူ့ကိုကြည့်နေသည့်အလား သူ့ကိုယ်ပေါ်ကျရောက်လာသည်။


လင်ခုံးလုကဥရောပစတိုင်ဝတ်စုံလဲဝတ်ထားသည်။ အနက်ရောင်ကသူ၏ဖြူဖွေးသောအသားအရည်နှင့်လိုက်ဖက်ပနံသင့်သည်။ လည်အဟိုက်နှင့်အကျီလက်ဖျားတို့မှာ ရွှေရောင်ချည်မျှင်တို့ဖြင့်တန်ဆာဆင်ထားသည်။ အကြည့်တစ်ချက်မျှဖြင့် စျေးနှုန်းကပေါပေါပဲပဲမဟုတ်မှန်းသိလိုက်သည်။


အမှန်ပင်၊ လင်မိသားစု၏မိသားစုနောက်ခံအသိုင်းအဝိုင်းဟာ သခင်လေးကိုငယ်စဥ်ကတည်းကထူးကဲသောအစားအသောက်နှင့်စျေးကြီးသောအဝတ်အစားကိုဝတ်စားရအောင်လုပ်ပေးခဲ့သည်မို့ သူကဤကဲ့သို့မောက်မာသောကိုယ်ကျင့်စရိုက်ဖြင့်ကြီးပျင်းလာသည်မှာအံ့သြစရာမရှိပေ။


ဒါပေမဲ့ဒီတစ်ကြိမ်၌ ပုံမှန်မောက်မာသောသခင်လေးကသိပ်မဝေးသောနေရာတွင်ခေါင်းမာမာဖြင့်မတ်တပ်ရပ်လျက်ရှိပြီး သူ့မျက်ဝန်းတို့ကနီစွေးနေပုံမှာ မကျေနပ်ချက်ကြီးကြီးမားမားရှိနေသည့်နှယ်။


မင်းအပေါ်ထပ်မှာငိုခဲ့တာလား။


လုစစ်၏မျက်နှာထားမှာတည်ငြိမ်နေပြီး သူ့လက်ချောင်းထိပ်တို့ကလက်ဖက်ရည်ခွက်ကိုလှည့်နေပေသည်။ အကြောင်းပြချက်တချို့ကြောင့် သူပြောလိုက်သည်။

"ရတယ်၊ ဒါပေမဲ့ ငါ့ကားမှာထိုင်ခုံအကန့်အသတ်ရှိတာမို့ မင်းတစ်ယောက်ပဲခေါ်လာလို့ရတယ်။"


သခင်လေးကနောက်ဆုံးတွင်စိတ်ကျေနပ်သွားပေမဲ့ ခပ်ဖွဖွနှာမှုတ်ကာတီးတိုးပြောလိုက်သည်။

"ဆိုးဝါးလိုက်တာ။"


အသံကသိပ်မကျယ်ပေမဲ့ အခြားနှစ်ယောက်ကတော့ကြားလိုက်ရသည်။


0687: "မင်းဘာလို့သူ့ကိုခုခံနေသေးတာလဲ။" သူမင်းကိုအရမ်းမုန်းနေတာနော်။ 


လင်ခုံးလုအနောက်လှည့်ကာ အပြင်လျှောက်ထွက်လာလိုက်ပြီး ပြန်ပြောလိုက်သည်။

"ငါရုတ်တရက်သဘောထားပြောင်းသွားရင် မထူးဆန်းဘူးလား။"


ဧည့်ခန်းထဲတွင် အိမ်တော်ထိန်းကရှက်ရွံ့နေပြီး သူ၏ဘိုးဘေးလေးအတွက်ဆေးရှာနေရင်းအလုပ်များလျက်ရှိသည်။

"ဟေ့၊ သခင်လေးကငယ်နေသေးလို့ပါ။ တစ်ခါတစ်ရံကျရင် သူကစိတ်အပြောင်းအလဲမြန်တယ်၊ ဒါပေမဲ့သိပ်တော့မဆိုး..."


လုစစ်လက်ဖက်ရည်တစ်ငုံသောက်ကာ ထွက်သွားတဲ့ကောင်လေးကျောပြင်ကိုကြည့်ရင်း တည်ငြိမ်စွာပြောလိုက်သည်။

"သိပ်မငယ်တော့ပါဘူး။"


ဒါပေမဲ့သူ့ဦးနှောက်ကသိပ်မကောင်းပေ၊ သူ၏အရင်ဘဝတုန်းက ဘယ်လိုလုပ်ပြီးတော့ ထိုလူနှင့်ပူးပေါင်းပြီးသူ့ကိုချောက်ချဖို့ကြိုးစားခဲ့လဲဆိုတာကိုသူမသိပေ။


အိမ်တော်ထိန်းကဒါကိုကြားသွားကာ မသိလိုက်မသိဘာသာပြောမိသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ လက်ထပ်ဖို့အတွက်အသက်ပြည့်နေပါပြီ။"


ဒီစကားလုံးများထွက်လာသော် နှစ်ဦးသားကြက်သေသေသွားကြသည်။


သခင်လေးကလုစစ်ကိုမကြိုက်မှန်း လင်မိသားစုနှင့်လုစစ်ပါသိသည်။ လုစစ်ဒီတစ်ခေါက်ပြန်လာတော့ သူ့သဘောထားမှာလည်းဝေဝေဝါးဝါးဖြစ်နေခဲ့သည်။ သူကလက်ထပ်ပွဲကိုမဖျက်သကဲ့သို့ လက်ထပ်စာချုပ်ချုပ်ဖို့လည်းမပြောပေ။


ဒီတော့ ခုနကအိမ်တော်ထိန်းပြောလိုက်တာက တစ်ခုခုကိုစောင်းပါးရိပ်ခြေပြောလိုက်ပုံပေါက်သွားသည်။


"ဒါက..." အိမ်တော်ထိန်းရုတ်ခြည်းရှက်ရွံ့သွားမိသည်။


လင်မိသားစုကလင်ခုံးလုနှင့်လုစစ်ကိုလက်ထပ်ပေးဖို့မရည်ရွယ်ထားပေမဲ့ လင်မိသားစု၏လက်ရှိအခြေအနေအပါအဝင် 

လင်ခုံးလုအရင်ကလုပ်ခဲ့သည့်အရာများကြောင့် လင်ပါးပါးကစကားပြောဖို့အလွန်ရှက်ရွံ့နေခဲ့သည်။


ဒါပေမဲ့မိသားစုထဲမှာ ဒီဘိုးဘေးလေးရဲ့စရိုက်ကို မသိတဲ့လူဘယ်သူရှိလို့လဲ။ သူသဘောမကျလို့ရှိရင် သူ့ကိုအတင်းသွားခိုင်းလို့မရပေ။


ကံကောင်းချင်တော့ လုစစ်ကသိပ်အများကြီးတွေးထားပုံမပေါ်။ လက်ဖက်ရည်သောက်ပြီးနောက် သူကထရပ်ကာနှုတ်ဆက်စကားဆိုသည်။

"ကျွန်တော့်မှာအချိန်အများကြီးမရှိဘူး၊ ကျွန်တော်...ရှောင်လုကိုအရင်ခေါ်သွားလိုက်မယ်။"


သူ့ကိုကြည့်ရတာ ဒီနာမည်ကိုပြောနိုင်အုံးမည်ဟုမျှော်လင့်ထားပုံမပေါ်ပေ။ စကားလုံးများကထွက်ကျလာပြီး လျှာစုတ်သပ်လိုက်မိကာ တန့်သွားပြီးနောက် တိတ်တဆိတ်ရယ်မောလိုက်မိသည်။


အိမ်တော်ထိန်းကမူမမှန်မှုကိုသတိမထားမိဘဲ 

ထရပ်ကာပြောလိုက်သည်။

"ကောင်းပါပြီ။"


လုစစ်ကိုအပြင်လိုက်ပို့ချိန်တွင် အိမ်တော်ထိန်းကသူ့သခင်လေးအတွက်ကောင်းတာတစ်ခုခုပြောပေးလိုက်သည်။ လုစစ်ပြုံးကာနားထောင်လိုက်ပေမဲ့မတုံ့ပြန်လိုက်ပေ။


လင်ခုံးလုကအပြင်မှာစိတ်မရှည်စွာစောင့်နေခဲ့သည်။ ထိုနှစ်ယောက်အပြင်ထွက်လာတာကိုမြင်လိုက်ရတော့ သူလုစစ်ကိုပြောလိုက်သည်။

"မင်းကခရုလား။"


ထိုသို့ပြောပြီးနောက် သူကမေးငေါ့ကာ သူ့ဘေးကAIသက်တော်စောင့်ကိုအမူအယာပြ၍ ပြောလိုက်သည်။

"ငါခေါ်လာပြီ။"


လုစစ်ကသူညွှန်ပြရာအတိုင်းလိုက်ကြည့်လိုက်တော့ ၎င်းကပန်းရောင်တိုက်ခိုက်ရေးစစက်ရုပ်ကြောင်ဖြစ်ပြီး လူတစ်ဝက်စာအရွယ်ရှိပြီး ၎င်းမှာမတ်တပ်ရပ်နိုင်သကဲ့သို့ လှဲလည်းလှဲနေနိုင်ကာ ချစ်စရာကောင်းလှသည်။


"လှတယ်။" 

လုစစ်ကမှတ်ချက်ပေးကာ သူတို့မကြည့်ဘဲတိုက်ရိုက်ကျော်သွားသည်။


သခင်လေးကချက်ချင်းဆိုသလိုမျက်မှောင်ကြုတ်သွားပြီး စက်ရုပ်ကြောင်ကိုခေါ်၍လိုက်လာသည်။

"မင်းဘာသိလို့လဲ။ ဒါကအိုမီဂါတွေအတွက်အထူးဒီဇိုင်းဖော်ထားတဲ့တိုက်ခိုက်ရေးစက်ရုပ်ကြောင်ပဲ။ နောက်ဆုံးမော်ဒယ်ကစစ်တပ်စနစ်ကတပ်ဆင်ထား...."


လုစစ်ကကားဆီလျှောက်သွားကာ တံခါးဖွင့်၍အနောက်လှည့်ပြီးပြောလိုက်သည်။

"အို့၊ စနစ်ကစစ်တပ်ဖယ်ရှားတာခံလိုက်ရတာပဲ။"


"မင်း----" သခင်လေးမှာတစ်ဖန်နင်သွားရပြန်ကာ သူ့မျက်နှာမှာဒေါသအရောင်လက်သွားပြီး သူ့ကိုရိုးရှင်းစွာဖြတ်တိုက်သွားကာ စက်ရုပ်ကြောင်ကိုအနောက်ထိုင်ခုံထဲထည့်လိက်ပြီးနောက် အမိန့်ပေးလိုက်သည်။

"တံခါးပိတ်လိုက်တော့။"


စက်ရုပ်ကြောင်မှာလက်ဖဝါးမြှောက်ဖို့ပြင်လိုက်ပေမဲ့ နောက်တစ်စက္ကန့်တွင် အမိုးကရုတ်တရက်နိမ့်လာကာ ၎င်းကိုအရှေ့ထိုင်ခုံပေါ်သို့အရုပ်ကလေးပမာကန်ထုတ်လိုက်သည်။ ၎င်းမှာခုခံတိုက်ခိုက်ဖို့ပရိုဂရမ်ပင်မဖွင့်လိုက်နိုင်ပေ။


လင်ခုံးလုရော၊ ကြောင်ပါရှော့ခ်ရသွားကြသည်။


လုစစ်ကစက်ရုပ်ကြောင်ကိုဖယ်ထုတ်ကာ လင်ခုံးလုဘေးတွင်ဝင်ထိုင်ပြီး ထို့နောက်ယာဥ်မောင်းထိုင်ခုံကAIဒရိုင်ဘာကိုပြောလိုက်သည်။

"မောင်း။"


လင်ခုံးလုကြက်သေသေသွားသည်။


"လန့်စ်ကစစ်တပ်ရဲ့နောက်ဆုံးတိုက်ခိုက်ရေးစနစ်နဲ့တပ်ဆင်ထားတာ၊ မင်းရဲ့ကြောင်ထက်ပိုအဆင့်မြင့်တယ်။ ပြီးတော့ပရိုဂရမ်ကိုလည်းသုံးလို့မရအောင်လုပ်နိုင်တယ်။"

ဒါကိုမြင်တော့ လုစစ်ကစိတ်ကောင်းဝင်စွာရှင်းပြလာသည်။


သိသိသာသာကိုပင်၊ လန့်စ်ဆိုသည်မှာ ယာဥ်မောင်းထိုင်ခုံကသာမန်ဆန်သောAIဒရိုင်ဘာကိုပြောခြင်းဖြစ်သည်။


ပိုင်ရှင်ကသူ့အကြောင်းပြောလိုက်တာကိုကြားလိုက်ရရင်း ၎င်းကလည်းလင်ခုံးလုကိုလူကြီးလူကောင်းဆန်သောအပြုအမူဖြင့်နှုတ်ဆက်လာသည်။

"မဂ်လာရှိသောနေ့လယ်ခင်းပါ၊ သခင်လေး။"


ဒါပေမဲ့ လုစစ်ထောင်ကထွက်လာပြီးနောက်မှာသုံးခဲ့သည့်မက်ခါဟာလည်း လန့်စ်ဟုအမည်ရကြောင်းလင်ခုံးလုမှတ်မိသည်။


၎င်းမှာပုံစံပြောင်းရလွယ်သောသတ္ထုဖြင့်ပြုလုပ်ထားသည့်မက်ခါအနက်ရောင်ဖြစ်သည်။ ပုံစံတစ်ခုလုံးမှာကြီးမားပေမဲ့ ၎င်းကပုံစံအမျိုးမျိုးပြောင်းလို့ရပြီး ကြီးနိုင်သေးနိုင်သကဲ့သို့ ဖွက်ထားလို့ရကာသယ်ဆောင်ရလွယ်ကူပြီး ၎င်းပေါ်ရှိလက်နက်များဟာလည်းမူမမှန်တာထက်ကိုပိုသည်။


"0687။"လင်ခုံးလုစိတ်ထဲကခေါ်လိုက်သည်။


"စကန်ဖတ်ပြီးတဲ့နောက်မှာ ဒါဟာတကယ့်ကိုလန့်စ်ဖြစ်နေတာပဲ။ စနစ်ကငါးနှစ်ကြာပြီးသွားတာတောင်မှ လက်ရှိစစ်တပ်မှာဒါမျိုးမရှိဘူး။ အဓိကဇာတ်ဆောင်ကပြန်မွေးဖွားလာပြီးတော့ ဒါကိုထပ်လုပ်ထားတာပဲဖြစ်ရမယ်။"

0687ကဆိုသည်။


"ဒါဖြင့်ရင်ဒီလန့်စ်က..."


0687ကသူပြောချင်တာကိုချက်ချင်းနားလည်သွားကာ ဆက်ပြောလာသည်။

"ငါ့အထင် ဒီလန့်စ်ကအသစ်တည်ဆောင်ထားတာဖြစ်မယ်။ ဒါပေမဲ့အဓိကဇာတ်ဆောင်ကဒီစနစ်ကိုဘယ်လိုယူလာလဲဆိုတာကိုတော့ငါမသိဘူး။"


လင်ခုံးလုနှုတ်ခမ်းတင်းတင်းစေ့ကာ ထပ်ပေါင်းပြောလိုက်သည်။

"ဦးနှောက်ကဂဏန်းတွေပဲ။ ဦးနှောက်ကမှတ်ဉာဏ်အဖြစ်တိုးတက်သွားပြီးတော့ လန့်စ်ရဲ့စနစ်ကအဲ့ဒီ့ထဲမှာသိုလှောင်ထားတာမို့ လူနဲ့မက်ခါကတစ်သားတည်းဖြစ်လာတာ။ သူပြန်မွေးဖွားလာတော့ အဲ့ဒီ့ဒေတာအစိတ်အပိုင်းကလည်းပြန်မွေးဖွားလာတယ်။"


"ဒါဆို သူကAIဖြစ်လာတာလား။"

0687ရှော့ခ်ရသွားသည်။

"သူရူးသွားတာများလား။"


"မဟုတ်ဘူး၊ ဒါကတိုးတက်လာတဲ့အစိတ်အပိုင်းပဲ။ တကယ်လို့ဦးနှောက်မှာသာသိုလှောင်ထားလို့ရှိရင် သူတကယ်ရူးသွားနိုင်တယ်။"

လင်းခုံးလုလည်းအလွန်အံ့အားသင့်သွားသည်။


လုစစ်အရင်ဘဝမှာဒီလိုမျိုးထောင်ချောက်မိသွားမှာမဆန်းပါဘူး၊ သူကပြန်တိုက်ခိုက်နိုင်စွမ်းရှိတယ်။ ကံကောင်းမှုအပြင် ဉာဏ်ပညာ၊ သူရသတ္တိဟာလည်း အကြောင်းပြချက်၏အကြီးမားဆုံးအပိုင်းဟုယူဆ၍ရသည်။


"သူအခုငါနဲ့ကစားနေတယ်လို့ထင်တယ်။"

လင်ခုံးလုရုတ်တရက်သက်ပြင်းချလိုက်သည်။


0687: "?"


"မင်းကြွက်လိုက်ဖမ်းတဲ့ကြောင်ကိုမြင်ဖူးလား။"လင်ခုံးလုကဆိုသည်။

"တချို့ကြောင်တွေကကြွက်တွေကိုဖမ်းပြီးနောက်မှာချက်ချင်းမသတ်ပစ်ဘဲ ပစ်ပေါက်ရင်းကစားပြီးတော့ ကြွက်ကိုလွတ်မြောက်ဖို့အခွင့်အရေးပေးပြီး ကြွက်ထွက်ပြေးသွားတာနဲ့ပြန်ဖမ်းပြီးတော့ ဆက်ကစားတယ်... ကြွက်မောပန်းလာပြီးထွက်မပြေးနိုင်တော့တဲ့အချိန်ကျမှ ကြောင်ကကိုက်သတ်ပြီးတော့ ဖြည်းဖြည်းချင်းအရသာခံစားတယ်။"


"သူ့အတွက်ငါ့ကိုသတ်လိုက်တာက ပုရွက်ဆိတ်တစ်ကောင်ကိုသတ်ပစ်လိုက်သလိုမျိုး အလွယ်လေးပဲ၊ သူငါ့ကိုဘာမှမလုပ်သေးတာ ဘာလို့လို့ထင်လဲ။"

လင်ခုံးလုမေးလိုက်သည်။


0687: "..." တုန်ယင်လျက်။


လင်ခုံးလု: "မင်းအရင်ကပြောတာမှန်တယ်လို့ငါထင်တယ်၊ ငါသူ့ကိုတစ်ခုခုလုပ်ကြည့်သင့်တယ်။"


0687: "ဟမ်။"


လင်ခုံးလု: "မဟုတ်ရင် မစ်ရှင်မပြီးဘဲလူတွေသေသွားလိမ့်မယ်။"


သူပြောရင်းဖြင့် လုစစ်ကိုလှည့်ကြည့်ကာ သူ့ပါးစပ်ကိုဖွင့်၍သေတွင်းတူးလိုက်သည်။


"ဟေ့၊ ငါ့အစ်ကိုကြီးကဘာဖြစ်တာလဲ။ ငါသူ့ဆီအရင်ကသွားလည်တာကျတော့မရဘဲ အခုကျတော့မင်းနဲ့အတူလာရတယ်။ သူတိုက်ပွဲနိုင်ခဲ့တယ်မလား။ မင်းငါ့ကိုနောက်နေတာလား။"


သခင်လေး၏အကျင့်စရိုက်အရ သူကဒါကိုသေချာပေါက်ပြောလိမ့်မည်ပင်။ ဤသို့ဖြင့် လုစစ်ကသူ့ဆီချဥ်းကပ်ဖို့ လင်ရွှမ်းလော့ကိုအသုံးချနေသည်ဟု သူသံသယဝင်နေခဲ့သည်။


သို့သော် လုစစ်ကသိသိသာသာကိုအတိတ်ဘဝအကြောင်းသာတွေးနေမိသည်၊ ဒါဟာလင်သခင်လေးကသူ့ကိုတရားရုံးမှာချောက်ချခဲ့သည့်အကြောင်းရင်းဖြစ်သည်။


သူသည်မျက်စိမှိတ်ကာအနားယူနေရင်းဖြင့် ထိုစကားများကိုကြားလိုက်ရတော့ သူမျက်စိဖွင့်ကာတခစ်ခစ်ရယ်လိုက်သည်။

"ဟုတ်တယ်၊ ငါလုပ်ခဲ့တာ။"


သူမငြင်းလိုက်ပေ။ သခင်လေးကသူ့ကိုရှော့ခ်ရနေသည့်မျက်နှာထားဖြင့်ကြည့်နေတာကိုမြင်လိုက်ရရင်း လုစစ်ဖြည်းဖြည်းချင်းအနားကပ်သွားကာ အသံနိမ့်ဖြင့်ပြောလိုက်သည်။

"မင်းရဲ့အစ်ကိုကြီးဘာဖြစ်နေလဲသိချင်လား။ အို့၊ အဲ့ဒါရိုးရိုးလေးပါပဲ၊ သတင်းကြည့်လေ၊ အဲ့ဒီ့မှာအကုန်ပါတယ်မလား။"


သခင်လေးကအပေါက်ဆိုးရုံသာ။ သူ့ပုံစံကပိုပိုပြီးအန္တရာယ်များလာတာကိုမြင်လိုက်ရတော့ သူချက်ချင်းအပျော့ဆွဲဆွဲကာအနောက်ဆုတ်လိုက်သည်။


ဒါပေမဲ့ကားထဲကနေရာလွတ်ဟာအရမ်းကြီးမားတာမို့ ပုန်းစရာနေရာမရှိပေ။ သူသည်ရှေ့ထိုင်ခုံကစက်ရုပ်ကြောင်ကိုအော်ခေါ်ရုံသာတတ်နိုင်လေ၏။

"ကြောင်! ကြောင်!"


စက်ရုပ်ကြောင်မှာလန့်စ်ထိန်းချုပ်တာခံထားရသည်မို့ မြှောင်ဟုပင်မအော်နိုင်ရှာ။


လုစစ်လှောင်ပြုံးပြုံးလိုက်မိပြီး သူအရမ်းကြောက်နေတာကိုမြင်လိုက်ရတော့ သူ့လည်ပင်းအနောက်ကိုလှမ်းဆွဲကာ သူ့ကိုပြန်ဆွဲခေါ်၍ ပြောလိုက်သည်။

"ထားလိုက်တော့၊ ငါမင်းကိုပြောပြမယ်။"


"မင်းရဲ့အစ်ကိုကြီးက စစ်တပ်အမိန့်ကိုဖီဆန်တယ်ဆိုပြီးတော့စွဲချက်တင်ခံထားရတယ်။ 

ကြားနာစစ်ဆေးမှုကဒီနေ့ပဲပြီးသွားတယ်။ စစ်တပ်ကလူတွေကိုဘယ်လိုအကဲဖြတ်လဲ မင်းသိချင်လား။"

လုစစ်ကသူ့ကိုကိုင်ထားရင်းဖြင့် ခေါင်းစောင်းကာမေးလာသည်။


သခင်လေးမှာနှုတ်ခမ်းကိုဖိကိုက်ထားကာ သူ့ခန္ဓာကိုယ်မှာတောင့်တင်းလျက်သားဖြင့် အသံတစ်သံပင်မထွက်ရဲပေ။


လုစစ်ကသူ့ဂလင်းကိုထိထားသည်။


လုစစ်ကဒါကိုသတိမထားမိဘဲ ကောင်လေး၏နားနားကပ်၍ခြိမ်းခြောက်နေဆဲပင်။

"စစ်တပ်မှာလူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့ကိရိယာရှိတယ်။ ကိရိယာနဲ့ဆက်သွယ်ထားတဲ့အပ်ကိုခေါင်းငယ်ထိပ်ထဲထိုးထည့်ပြီးရင် မင်းစိတ်ထဲမှာရှိတဲ့အရာတွေက ပုံရိပ်အသွင်ဖြစ်လာလိမ့်မယ်။ အဲ့ဒါကမှတ်ဉာဏ်ဖတ်တဲ့လူတွေရဲ့ဦးနှောက်ထဲမှာရှိတယ်။"


"အပ်ကဘယ်လိုပုံစံလဲသိလား။ လက််မလောက်ရှည်ပြီးတော့ ထိုးစိုက်ပြီးတဲ့နောက်မှာသွေးပေါက်နှစ်ပေါက်ကျန်နေခဲ့တော့ အရမ်းနာမှာ။ မင်းလိုအိုမီဂါ..."


ဟုတ်တာပေါ့၊ ဒါကလင်ခုံးလုကိုလှည့်စားနေတာဖြစ်ပြီး စစ်တပ်မှာထိုသို့ကိရိယာမျိုးလုံးဝမရှိပေ။ သို့သော်အရင်ဘဝတွင် လုစစ်ထောင်ထဲကထွက်လာပြီးနောက်မှာ တစ်စုံတစ်ယောက်ကဒီအရာကိုတီထွင်ခဲ့ပြီး ၎င်းမှာအပ်မလိုပေ။


လုစစ်ကတမင်ရက်ရက်စက်စက်ပုံဖော်ပြလိုက်ခြင်းပင်။ သူ့ကိုကြည့်ရတာစိတ်အခြေအနေကောင်းနေပုံရသည်။ ခြိမ်းခြောက်နေစဥ်မှာ သူ့လက်ချောင်းထိပ်များကကောင်လေး၏လည်တိုင်အနောက်ကိုပျင်းရိပျင်းတွဲပွတ်သပ်နေလေသည်။


လင်ခုံးလု၏ခန္ဓာကိုယ်ကားပိုမိုတောင့်တင်းလာပြီး လုစစ်၏အနည်းငယ်သွယ်လျသောလက်ချောင်းထိပ်ဖျားတို့မှာ ဂလင်းပေါ်ရံဖန်ရံခါပွတ်သပ်သွားကာ ထူးဆန်းသောခံစားချက်ကိုဆောင်ကျဥ်းလာသည်။


ဒါဟာသူအိုမီဂါအဖြစ်ဝင်စားသည့်ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ Heatဝင်တာကတော့ပထမဆုံးဖြစ်သည်။ သူ့နားရွက်နောက်တွင်အနီရောင်အလွှာခပ်ပါးပါးဖြစ်ပေါ်နေတာကိုသူသိတောင်မသိဘဲ သူ့ခန္ဓာကိုယ်မှာမသိမသာတုန်ယင်လျက်ရှိသည်။


ဒါပေမဲ့လုစစ်ကတော့သူကြောက်နေတယ်လို့ထင်နေခဲ့သည်၊ ထို့ကြောင့်သူ့ကိုလှည့်ကြည့်လိုက်တော့ သူ့မျက်လုံးထောင့်စွန်းကနီစွေးနေတာကိုမြင်သွားကာ မနေနိုင်ဘဲရယ်မောမိချေသည်။

"ကြောက်လွန်းလို့ငိုချင်နေတာလား။ သနားစရာပဲကွာ။"


"မင်း၊ မင်းလွှတ်ပေး...." ကောင်လေးမှာသူ့ကိုစိုက်ကြည့်လာပြီး သိသိသာသာကိုဒေါသထွက်နေပုံရပေမဲ့ သူ့လေသံမှာပျော့ပြောင်းနေလေသည်။


လေထုထဲတွင်နှင်းဆီပမာ ယစ်မူးဖွယ်ကောင်းသောချိုမြမြရနံ့သင်းပျံ့နေသယောင်။


လုစစ်နောက်ဆုံးတွင်တစ်ခုခုကိုသဘောပေါက်သွားကာ ဓာတ်လိုက်သွားသည့်အလားသူ့လက်ကိုပြန်ရုတ်လိုက်မိပြီး မျက်မှောင်ကြုတ်ကာမေးမိသည်။

"မင်းတားဆေးထိုးခဲ့တဲ့နောက်ဆုံးအချိန်ကဘယ်တုန်းကလဲ။"


"လွန် လွန်ခဲ့တဲ့လဝက်က။"

လင်းခုံးလုမှာအနည်းငယ်ပူလောင်ကာ မူးဝေလာသလိုခံစားလိုက်ရသည်။


"သေစမ်း!" သူပြန်လည်မွေးဖွားလာကတည်းက ပထမဆုံးအကြိမ်အနေဖြင့် လုစစ်တည်ငြိမ်မှုပျောက်ဆုံးသွားကာ ဆဲရေးမိတော့လေသည်။


______