Chapter(7)
Viewers 10k

လုစစ်မနေ့ကပြန်သွားတုန်းက သူ့စိတ်အခြေအနေပေါ်မူတည်သည်ဟုပြောသွားခဲ့ပေမဲ့ ဒီနေ့လင်းပါးပါးသူ့ကိုဖုန်းခေါ်လိုက်တော့ သူကလာဖို့သဘောတူလာဆဲပင်။


လင်ခုံးလုစွပ်ပြုတ်ကိုဗူးနှစ်ဗူးကိုယ်စီထည့်ကာ ၎င်းတို့ကိုတိကျစွာပြင်ဆင်ပြီးနောက် တစ်ဖက်လူ၏ကားကအောက်ထပ်မှာရပ်လာသည်။


လင်ပါးပါးကလင်ရွှမ်းလော့ကိစ္စများကိုဆက်ဖြေရှင်းချင်တာမို့ မနက်စာစားပြီးနောက်အပြင်ထွက်သွားပြီး အိမ်တော်ထိန်းပသာသူ့ကိုစားစရာဗူးနှစ်ဗူးကူသယ်ပေးသည်။


ဤသည်ကိုမြင်လိုက်ရသော် မောက်မောက်ကကူညီဖို့ရှေ့တိုးလိုက်ပေမဲ့ လင်ခုံးလုကသူ့ခေါင်းကိုပုတ်ကာသက်ပြင်းချလာသည်။

"မောက်မောက်၊ ဒီနေ့မသွားနဲ့တော့နော်။"


မောက်မောက်ကခေါင်းလေးစောင်းကာ သူ၏ချစ်စရာကောင်းမှုကြီးကိုဖော်ပြလို့နေသည်။


လင်ခုံးလုရှင်းပြလိုက်သည်။

"မင်းကလန့်စ်ရဲ့ပြိုင်ဘက်မဟုတ်ဘူးလေ။" သူ့ကိုသယ်သွားတာအသုံးမဝင်ဘူး။


မောက်မောက်မိန်းမောသွားရကာ အလျင်စလိုပြောမိသည်။

"ဒါပေမဲ့ သခင်၊ ကျွန်တော်သခင့်ကိုဇာတ်လမ်းတစ်ပုဒ်ကူရေးပေးလို့ရတယ်လေ။ ကျွန်တော်မနေ့ကလန့်စ်ဆီကနေစကားလုံးတွေအများကြီးရခဲ့တယ်။"


လင်ခုံးလု: "...ထားလိုက်တော့။" 

မင်းတို့နှစ်ယောက်လုံးကတုံးလွန်းလို့ ဘယ်သူကဘယ်သူ့အပေါ်လှည့်ကွက်သုံးနေမှန်းမသိကြဘူးပဲ။


ကားထဲတွင် လုစစ်ကကားနောက်ခန်းမှာထိုင်ကာ လန့်စ်ကိုကားမောင်းခိုင်းထားသည်။


အင်တာနက်နှင့်အဆက်အသွယ်ဖြတ်တောက်ထားရသည့်လန့်စ်မှာတိတ်ဆိတ်နေမိပြီး မပြောသင့်သည့်စကားများကိုမပြောတော့ပေ။


လင်ခုံးလုလက်ဦးမှုရယူကာ ဒီတစ်ခေါက်အနောက်ခန်းတွင်ဝင်ထိုင်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် သူကလုစစ်ကိုအာဟာရစွပ်ပြုတ်နှင့်"လာဘ်ထိုး"ချင်သောကြောင့်ဖြစ်သည်။


လုစစ်ခေါင်းစောင်းကာသူ့ကိုကြည့်လိုက်ပေမဲ့ အံ့သြသွားပုံမပေါ်ဘဲ အထူးသဖြင့် သူ့အမည်းကွင်းနှစ်ကွင်းကိုမြင်လိုက်ရချိန်တွင် သူကမသိမသာပင်ပြုံးလိုက်သေးသည်။


လင်ခုံးလုမမြင်ချင်ယောင်ဆောင်လိုက်သည်။


သူကား"တောင်းဆို"ရမည့်လူဖြစ်သော်လည်း သခင်လေး၏ဇာတ်ကောင်အရ သူဟာသေချာပေါက်မျက်နှာသာပေးရန်မောက်မာနေအုံးမည့ပင်။ ထို့ကြောင့် ကားစထွက်သည်နှင့် သူထူးဆန်းစွာမေးလိုက်သည်။

"မင်းထိုင်ခုံအကန့်ကိုမြှင့်ပေးလို့ရမလား။ ငါမင်းကိုပြောစရာရှိလို့။"


လုစစ်ကမျက်စိမှိတ်လျက်သူ့စိတ်ကိုအနားပေးနေပုံမှာမကြားသည့်အလား။


လင်ခုံးလုတစ်အောင့်မျှစောင့်နေပေမဲ့ သူမတုံ့ပြန်တာကိုမြင်လိုက်ရပြီး အော်ပြောလိုက်မိသည်။

"ဝေ့၊ မင်း...."


ဒီတစ်ခေါက်လုစစ်ကမျက်လုံးဖွင့်ကာ သူ့ကိုကြည့်၍မေးလာသည်။

"ငါ့မှာနာမည်မရှိဘူးလား။"


လင်ခုံးလုတိတ်တခိုးအံကြိတ်ကာ ထိုအကြောင်းစဥ်းစားပြီးပြောလိုက်သည်။

"လုစစ်၊ ငါမင်းကိုပြောစရာရှိလို့ ထိုင်ခုံအကန့်ကိုမြှင့်ပေးပါနော်။"


လုစစ်ကလန့်စ်ကိုအချက်ပြလိုက်သည်။


ထိုင်ခုံလက်တန်းမြှင့်ပြီးနောက် သူကသိရက်သားနှင့်မေးလာသည်။

"ဘာကိစ္စလဲ။"


"အာ။" လင်ခုံးလုကထူးဆန်းစွာပြုမူစပြုလာပြန်ကာ အချိန်အတန်ကြာတုံ့ဆိုင်းနေပြီးမှပြောလာသည်။

"မင်း....ဗိုက်ဆာလား။"


လုစစ်: "...."


သူသွေးလေခြောက်ခြားနေသည်ဟုရုတ်တရက်သံသယဝင်မိသည်။


သို့သော်လင်ခုံးလုကချက်ချင်းပြောလာသည်။

"အင်း...ငါ့စက်ရုပ်ကအာဟာရရှိတဲ့စွပ်ပြုတ်လုပ်ထားတယ်၊ မင်းစားချင်လား။"


သခင်လေးကားမောက်မာတာမို့ "ငါတစ်ဖက်လူအတွက်လုပ်ထားတာ"ဟူသောစကားမျိုးကိုသေချာပေါက်ပြောလိမ့်မည်အဟုတ်။ 


သူသွေးလေခြောက်ခြားနေသည်ဟုလုစစ်ပို၍ပင်သံသယရှိလာသည်။ သခင်ကသူ့အသံကိုပျော့ပြောင်းပြီး အကူအညီတောင်းမှာတဲ့လား။ ဟက်၊ သူ့အရင်ဘဝတုန်းကထိုကဲ့သို့ဖြစ်နေချိန်မှာတောင် တစ်ဖက်လူကသူ့ကိုလက်ထပ်ဖို့တောင်းဆိုရာတွင်အမိန့်ပေးသောလေသံကိုသုံးနေဆဲဖြစ်သည်။


လုစစ်အသစ်အဆန်းခံစားလိုက်ရကာ ကောင်လေးကိုစိတ်ဝင်တစားကြည့်လိုက်မိသည်မှာ သူနှင့်မတူတာတစ်ခုခုကိုမြင်ချင်သည့်အလား။


လင်ခုံးလုမှာထိုအကြည့်ကြောင့်စိတ်ပျက်သွားရပြီး နောက်ဆုံးဒေါသထွက်သွားကာမေးလိုက်သည်။

"မင်းစားမှာလား၊ မစားဘူးလား။"


လုစစ်နောက်ဆုံးမှာအကြည့်လွှဲကာ ဒါကပုံမှန်ပါပဲဟုတွေးမိသည်။ 


ဒါကိုမြင်လိုက်ရသော် သူဘာစဥ်းစားနေလဲဆိုတာကိုလင်ခုံးလုအရေးမစိုက်တော့ဘဲ စွပ်ပြုတ်ဗူးကိုထိုးထည့်ပေးရင်း တည်တင်းသောမျက်နှာနှင့်ပြောလိုက်သည်။

"ပါးပါးကမင်းကိုပေးခိုင်းလိုက်တာ။"

ဒီတော့ ငါကိုယ်တိုင်မင်းကိုပေးချင်လို့မဟုတ်ဘူးရယ်။


လုစစ်စားစရာဗူးကိုကြည့်လိုက်ပြီးမှ ခေါင်းမော့ကာ ခပ်စစအပြုံးနှင့်မေးလိုက်သည်။

"အဆိပ်မထည့်ထားဘူးမလား။"


လင်ခုံးလုပင့်သက်ရှိုက်ကာ ဒေါသတကြီးပြောလိုက်သည်။

"မင်းစားချင်စား၊ မစားချင်နေ။"


လုစစ်အကြည့်ပြန်ရုပ်သိမ်းကာ စားစရာဗူးကိုသာမန်ကာလျှံကာဖွင့်လိုက်သည်။ သူအစကစားဖို့မကြံရွယ်ထားပေမဲ့ သခင်လေးဘာကြံစည်နေလဲမြင်ချင်နေမိသည်။


သို့သော် စားစရာဗူးကိုဖွင့်ကြည့်လိုက်ပြီးနောက် အထဲမှာဆန်ပြုတ်၊ အသီးအရွက်နှင့်ကြက်သားစွပ်ပြုတ်ရှိနေပြီး ပုံစံမှာသိပ်မဆိုးလှ၊ အထူးသဖြင့် ရနံ့မွှေးမွှေးကနှာဖျားထက်ဝေ့ဝဲသွားချိန်မှာ စားချင်စိတ်ကိုလွယ်လင့်တကူနှိုးဆွသွားသည်။ 


လုစစ်မနက်စာစားလေ့မရှိပေမဲ့ သခင်လေးကတုံးအတာမို့ သူ့ကိုဒီနည်းလမ်းသုံးပြီးလှည့်စားလိမ့်မည်မဟုတ်ဟုတွေးမိရင်း ကြက်စွပ်ပြုတ်တစ်ဇွန်းခပ်လိုက်မိသည်။


ကားမှာအလွန်တည်ငြိမ်လျက်ရှိသည်။ ဇွန်းဖြူကိုင်ထားရင်း သူကကြက်စွပ်ပြုတ်အရည်ကိုသူ့နှုတ်ခမ်းထက်တေ့ပြီး တစ်ငုံသောက်လိုက်ပြီးနောက် အချိန်မှာရပ်တန့်သွားပုံရကာ....


လူတစ်ယောက်ကကောင်းကင်ဘုံပေါ်တက်လှမ်းသွားသည့်အလား။


ဘာလို့ဒီလောက်ငန်နေရတာလဲ။ 

လုစစ်နောက်ဆုံးမှာကိုယ်တိုင်တွေ့ကြုံဖူးပြီဖြစ်သည်။ သူ့ဘဝမှာဒီလောက်ဆိုးဝါးတဲ့ကြက်စွပ်ပြုတ်မသောက်ခဲ့ဖူးပေ။


သို့သော် သူ၏ကောင်းမွန်သောသမာဓိကစွပ်ပြုတ်ကိုထွေးထုတ်ခြင်းမှကာကွယ်ပေးလိုက်တာမို့ သူမျက်မှောင်ကြုတ်ကာမျက်စိမှိတ်၍ အံကြိတ်လျက်မျိုချလိုက်ရသည်။


သူ့ဘေးရှိသခင်လေးကသူ့ကိုမျှော်လင့်တကြီးကြည့်နေဆဲဖြစ်ကာ စိတ်အားထက်သန်စွာမေးလာသည်။

"ဘယ်လိုလဲ။ ကောင်းလား။"


သူ့ပုံရိပ်ကိုထိန်းသိမ်းထားတာကြောင့်မဟုတ်ရင် လုစစ်၏မျက်နှာထားမှာငန်တူးမှုကြောင့်ပျက်ယွင်းသွားလိမ့်မည်ပင်၊ သူတည့်တိုးသနားညှာတာမှုမရှိကောမန့်ပေးလိုက်သည်။

"သောက်ရမ်းဆိုးဝါးလွန်းတယ်!"


သခင်လေးမှာမှင်သက်သွားရသည်။


"မင်းကမင်းရဲ့အစ်ကိုကြီးကိုအဆိပ်ခပ်သတ်ချင်တာလား။ မင်းရဲ့အိမ်ထိန်းစက်ရုပ်ကိုပြန်ပြင်ဖို့မြန်မြန်ပို့လိုက်ဖို့ငါအကြံပေးမယ်။ အတုံးဆုံးပထမမျိုးဆက်အိမ်ထိန်းစက်ရုပ်ကတောင်ဒီထက်ပိုကောင်းတဲ့ကြက်စွပ်ပြုတ်ချက်နိုင်တယ်။"


"မင်း----"

သခင်လေးမှာဒေါသထွက်လွန်းလို့ ခုန်အုပ်ကာသူ့ကိုကုတ်ဆွဲပစ်ချင်ပေမဲ့ သူ့ကိုအကူအညီတောင်းရမည်ကိုတွေးမိကာ ပင့်သက်ရှိုက်၍ အတင်းသည်းခံလိုက်ရသည်။


သို့သော် သည်းခံပေမဲ့သည်းမခံလို့မရဖြစ်နေဆဲဖြစ်နေတာမို့ အံကြိတ်လိုက်မိသည်။

"တကယ်လား။ ဒါပေမဲ့ ငါ့ပါးပါးကတော့အရသာရှိတယ်လို့ထင်ပြီး နှစ်ပန်းကန်တောင်သောက်သွားတာ၊ ပြီးတော့ငါ့ကိုစားဖိုမှူးလေးလို့ချီးကျူးသွားသေးတယ်။ မင်းလျှာမှာပြဿနာရှိနေလို့များလား။"


"မင်းလုပ်ထားတာလား။" 

လုစစ်တစ်အောင့်မျှအံ့သြသွားပြီးမှနားလည်သွားသည်။

"အံ့သြစရာမရှိပါဘူး။"


"မင်း---"


"မင်းအဖေရဲ့လျှာကပြိုင်ဘက်ကင်းပဲ။"

လုစစ်ထပ်ပေါင်းပြောလိုက်သည်။


"မင်း မင်း မင်း----"

သခင်လေးမှာဒေါသထွက်လွန်းလို့ ပါးစပ်သာပိတ်ထားလိုက်တော့သည်။


လုစစ်ကကိုယ့်ကိုယ်ကိုညှင်းပန်းနှိပ်စက်ရတာမကြိုက်ပေ။ စားစရာဗူးကိုပြန်ပိတ်လိုက်ပြီးနောက် သူကဘေးမှရေတစ်ဗူးယူသောက်လိုက်သည်။


သခင်လေးကားပြတင်းပေါက်ဘက်မျက်နှာလှည့်ထားပြီး သူဟာဒေါသထွက်လွန်းလို့ သူ့ကိုစကားမပြောချင်ပေမဲ့ သူ့အစ်ကိုကြီးကိုတွေးမိလိုက်ချိန်တွင် သူခဏတုံ့ဆိုင်းသွားပြီးမှ ခေါင်းလှည့်ကာပြောလိုက်သည်။

"အဲ့ဒါ....'စားတဲ့လူတွေရဲ့ပါးစပ်ကပျော့ပြောင်းပေမဲ့ လူတွေရဲ့လက်ကတိုတယ်'လေ၊ မင်းကငါ့ကြက်စွပ်ပြုတ်ကိုသောက်ခဲ့တာမို့ ငါ့ကိုမျက်နှာသာမပေးသင့်ဘူးလား။"


လုစစ်သူ့ကိုကြည့်ကာမေးလိုက်သည်။

"မင်းတောင်းဆိုနေတဲ့ပုံစံကလူကိုအရင်ဆုံးတစ်ပိုင်းသေအောင်'အဆိပ်ခပ်'နေတာမဟုတ်ဘူးလား။"


"မင်းအခုအသက်ရှင်နေတယ်မဟုတ်ဘူးလား။"

လင်ခုံးလုဒေါသထွက်သွားသည်။


လုစစ်အသာနှာမှုတ်လိုက်ပေမဲ့ သူ့ကိုလုံလောက်စွာစနောက်ပြီးပြီဟုခံစားရတာမို့ ထပ်မပြောတော့ဘဲမျက်စိမှိတ်ကာပြောလိုက်သည်။

"အထက်ကငါ့ကိုလင်ရွှမ်းလော့ကိုယ်စား အဌမမြောက်ရေတပ်ကိုသွားဖို့အမိန့်ထုတ်လိုက်တယ်။ ငါမနက်ဖြန်ထွက်ပြီးသန်ဘက်ခါမှရောက်သွားမှာ။ တကယ်လို့ မင်းသူ့အကြောင်းရှာဖွေဖော်ထုတ်ချင်တယ်ဆိုရင် မင်းငါ့ရဲ့သီးသန့်မက်ခါအပြင်သမားတစ်ယောက်အဖြစ် ငါနဲ့အတူရှေ့တန်းကိုလိုက်ခဲ့လို့ရတယ်။"


သိပ်မကြာခင် သူကသခင်လေးကိုခေါ်သွားကာထိုလူနှင့်တွေ့စေမည်၊ ပြီးတော့ လင်ရွှမ်းလော့ဘာဖြစ်သွားလဲဆိုတာကိုပါသိချင်မိသည်။ နောက်ကွယ်မှာဘယ်သူစီစဥ်နေတာလဲ၊ နောက်ပိုင်းမှာသူ့ကိုဘာလို့ဆွဲသွင်းခဲ့တာလဲ။


အရင်ဘဝတုန်းကလုစစ်ထောင်ထဲမှလွတ်လာပြီးနောက်ပိုင်း ထိုနေရာကိုပြန်မသွားခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် အတွင်းလူအများစုသေသွားရင်သေသွား၊ မဟုတ်ရင်ပျောက်သွားခဲ့တာကြောင့်ပင်။


"ရှေ့ ရှေ့တန်းကိုသွားရမယ်?"

ဒါကိုကြားလိုက်ရသော်သခင်လေးမှာလန့်သွားသည်။


လုစစ်တခစ်ခစ်ရယ်ကာမေးလိုက်သည်။

"ကြောက်လို့လား။"


"ဘယ် ဘယ်သူကကြောက်လို့လဲ။"

သခင်လေးမှာခေါင်းမာသောအကျင့်စရိုက်ရှိတာမို့ သူ့ထံမှရန်စခံလိုက်ရချိန်မှာသူပြောလိုက်သည်။

"သွားတာပေါ့၊ ငါ့ကိုကာကွယ်ဖို့ငါ့ကြောင်ကိုခေါ်လာခဲ့မယ်။"


လုစစ်ကားသူ့ထံမှထိုကဲ့သို့တုံ့ပြန်မှုမျိုးကိုမျှော်လင့်ထားပေရာ အံ့သြစရာမဟုတ်ပေမဲ့ သူမျက်စိဖွင့်ကာ ကောင်လေးကိုကြည့်၍မေးလိုက်သည်။

"ငါကမင်းရဲ့အစ်ကိုကြီးကိုချောက်ချနေတာလို့မင်းသံသယမဝင်ဘူးလား။"


လင်ခုံးလုကြောင်အမ်းသွားရသည်၊ ဒါကတအားကြီးတည့်တိုးဆန်မနေဘူးလား။


သူတစ်အောင့်မျှတွေးကာ တုံ့ဆိုင်းမှုမရှိပြောလိုက်သည်။

"မင်းကငါ့အစ်ကိုကြီးရဲ့ပြိုင်ဘက်မဟုတ်ဘူး။"


လုစစ်တခစ်ခစ်ရယ်သွမ်းကာ မျက်စိမှိတ်၍စိတ်ကိုအနားပေးလိုက်ပြန်သည်။


သိပ်မကြာခင် ကားကစစ်တပ်နယ်မြေကိုရောက်သွားသည်။ ကားထဲမှဆင်းလညပြီးနောက် လင်ခုံးလု၏ခန္ဓာကိုယ်သေးသေးလေးကကြီးမားသောစားစရာဗူးက်ုသယ်ထားကြောင်းမြင်လိုက်ရသည်။ လုစစ်မှာကြုံတောင့်ကြုံခဲသဘောကောင်းပြကာ အသိပေးလိုက်သည်။

"မင်းရဲ့အစ်ကိုကြီးကိုစောစောမသေစေချင်ဘူးဆိုရင် မင်းအဲ့ဒါကိုကားထဲမှာထားခဲ့ဖို့ငါအကြံပေးမယ်။"


လင်ခုံးလုနှာမှုတ်လိုက်ပြီး အရသာမခံတတ်သည့်လူနှင့်စကားမများချင်တော့ပေ။


သူနားမထောင်တာကိုမြင်လိုက်ရရင်း လုစစ်ထပ်မပြောတော့ဘဲ လင်ရွှမ်းလော့၏ဆေးရုံခန်းဆီသို့ဟာသကြည့်ချင်စိတ်ဖြင့် သူနှင့်အတူသွားလိုက်သည်။


ညီအစ်ကိုများတွေ့ဆုံချိန်တွင် သူတို့ကအရင်ဆုံးစကားအနည်းငယ်ပြောဖြစ်ကြသည်။ လုစစ်သည်လည်းလင်ရွှမ်းလော့နှင့်ယဥ်ကျေးသောစကားအနည်းငယ်ပြောလိုက်ပြီးမှ ဘေးမှာရပ်ကာ ရှိုးကောင်းကောင်းကြည့်ဖို့စောင့်နေလိုက်သည်။


လင်ခုံးလုကစားစရာဗူးကိုဖွင့်ကာရတနာပမာဆက်သလိုက်ချိန်တွင် သူမသိလိုက်မသိဘာသာခပ်မတ်မတ်ရပ်လိုက်မိပြီး သူ့မျက်လုံးများမှာစိတ်လှုပ်ရှားမှုကိုကြည့်ရာတွင်ပိုမိုစိတ်ဝင်စားလာသည်။


သူ့အကြည့်မှာသိသာလွန်းတာမို့ဖြစ်လောက်မည်၊ ကြက်စွပ်ပြုတ်ကိုလှမ်းယူကာသောက်ဖို့ပြင်နေသည့်လင်ရွှမ်းလော့မှာရုတ်ခြည်းတန့်သွားပြီး သူ့ကိုမော့ကြည့်ကာ ပြုံး၍မေးလာသည်။

"အားစစ်မစားရသေးဘူးလား။ အတူစားကြရင်ကော?"


လုစစ်မသိလိုက်မသိဘာသာခြေတစ်လှမ်းဆုတ်လိုက်မိပြီးမှ သူအိုဗာဖြစ်သွားမှန်းသဘောပေါက်သွားကာ သူ့ဘေးရှိနံရံပေါ်ချက်ချင်းမှီလိုက်ပုံမှာ သူခုနကနောက်ဆုတ်လိုက်တာကမှီစရာနေရာရှာဖို့ဖြစ်သည့်အလား။


"မလိုပါဘူး။" သူအပြုံးလေးနှင့်ခေါင်းခါလိုက်ပြီးမှလင်ခုံးလုကိုကြည့်ကာ အပြုံးမဟုတ်သည့်အပြုံးနှင့်ပြောလိုက်သည်။

"ရှောင်လုကဒါကိုအစ်ကိုကြီးအတွက်အထူးသီးသန့်လုပ်ခဲ့တာလေ။"


လင်ခုံးလုတိတ်တခိုးမျက်လုံးလှိမ့်လိုက်မိပြီး လင်ရွှမ်းလော့ကိုတိုက်တွန်းလိုက်သည်။

"သူ့အတွက်စိတ်ပူမနေနဲ့၊ မြန်မြန်သောက်လိုက်တော့၊ သူ့ကိုလည်းပေးပြီးပြီ။"


ဒီငယ်ရွယ်သောစုံတွဲကဖလစ်နေကြသည်ဟုလင်ရွှမ်းလော့ထင်သွားကာ သူတို့အတွက်ပျော်ရွှင်မိပြီး ပြုံးကာခေါင်းငုံ့၍စွပ်ပြုတ်သောက်လိုက်သည်။


လုစစ်၏မျက်လုံးများမှာမနေနိုင်ဘဲစွပ်ပြုတ်ဇွန်းထံရွေ့သွားရပြန်သည်၊ သို့သော်လည်း တစ်ဇွန်း၊ နှစ်ဇွန်း၊ သုံးဇွန်း.....


တစ်အောင့်ကြာသော် လင်ရွှမ်းလော့မှာတစ်ပန်းကန်သောက်ပြီးသွားပြီး မျက်မှောင်မကြုတ်ရုံတင်သာမက ပြုံးကာပင်ချီးကျူးလာပေသည်။

"ရှောင်လုရဲ့အချက်အပြုတ်လက်ရာကသိပ်ကောင်းတာပဲကွာ၊ ကိုယ်တို့မိသားစုမှာဘယ်အချိန်ကတည်းကစားဖိုမှူးလေးရှိသွားတာတုန်းကွ?"


ကြည့်လေ၊ ချီးကျူးစကားတွေကတောင်လင်ပါးပါးနဲ့တစ်ထပ်တည်းပဲ။


လင်ခုံးလုကြားလိုက်ရချိန်တွင် ချက်ချင်းပျော်ရွှင်စွာပြောမိသည်။

"အဲ့လိုလား၊ အကောင်းမသိတဲ့လူတွေကရှိသေးတယ်နော်။"


လုစစ်: "?"


သူဟာဇဝေဇဝါဖြစ်ခဲလှပြီး သူ့မျက်လုံးများကစွပ်ပြုတ်ပေါ်ဆက်တိုက်ကျရောက်လို့နေသည်။


လင်ခုံးလုကသူ့အစ်ကိုကြီးအတွက်ဆန်ပြုတ်နောက်တစ်ပန်းကန်ထည့်ပေးလိုက်သည်။ လင်ရွှမ်းလော့ကသောက်ကြည့်ပြီးနောက် ထပ်မံချီးကျူးလာ​ပြန်သည်။


လုစစ်: "...." ဒါမှန်မနေဘူးနော်။


လင်ရွှမ်းလော့ကိုစွပ်ပြုတ်တိုက်အပြီးတွင် လင်ခုံးလုမှာသူ့အစ်ကိုကြီးကိုပြောစရာရှိတာမို့ ဧည့်သည်ကိုစမောင်းထုန်တော့သည်။


လင်ရွှမ်းလော့ကသူ့ညီငယ်လေးကိုလက်မခံသည့်အကြည့်တစ်ချက်ပေးလိုက်ပြီး လုစစ်ကိုစကားပြောရာတွင်အရမ်းမရိုင်းဖို့ရာအချက်ပြလိုက်သည်။


လုစစ်ကဂရုစိုက်ကြောင်းမပြပေမဲ့ အပြင်ထွက်လာချိန်တွင် အလွန်သာမန်ကာလျှံကာဖြစ်စွာဖြင့်....စားစရာဗူးကိုအပြင်ယူလာခဲ့သည်။


သူအပြင်ထွက်သွားပြီးနောက်ပိုင်း လင်ခုံးလုကသူ့အစ်ကိုကြီးကိုပေါက်ကရစကားများလိမ်ပြောကာ သတိရှိရှိပြောလိုက်သည်။

"အစ်ကိုကြီး၊ ကျွန်တော်မနက်ဖြန်အစ်ကိုကြီးကိုလာမတွေ့နိုင်လောက်ဘူး၊ ကျွန်တော်ကြယ်မြို့တော်မှာနေတာကအစ်ကိုကြီးကိုဒုက္ခဖြစ်စေလိမ့်မယ်လို့လုစစ်ကပြောတယ်၊ ဒါကြောင့်မို့ သူကကျွန်တော့်ကိုခဏရှောင်ဖို့တစ်နေရာခေါ်သွားမယ်တဲ့။ ကျွန်တော့်အထင် သူပြောတာကတော်တော်လေးဆီလျော်သလားလို့လေ၊ အစ်ကိုလည်းကျွန်တော့်ကိုသူနဲ့ကြိုးစားကြည့်ချင်နေတာမဟုတ်ဘူးလား။ ကျွန်တော်လုပ်...."


လင်ရွှမ်းလော့အစကကြောင်အမ်းသွားပေမဲ့ ဒါကိုကြားလိုက်ရသော်ရယ်မောကာပြောမိသည်။

"ကောင်းတာပဲ၊ အားစစ်နဲ့အတူအပြင်သွားတာကောင်းတယ်။"


"ဒါပေမဲ့ အစ်ကိုကြီး....ကျွန်တော်ဒီတစ်ခေါက်ရှောင်ပြေးပြီး အစ်ကိုကြီးကိုဂရုစိုက်ဖို့မနေပေးတဲ့အတွက်အစ်ကိုကြီးကျွန်တော့်ကိုအပြစ်တင်မှာလားဟင်?"

လင်ခုံးလုမှာစိတ်ပူနေသယောင်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

လင်ရွှမ်းလော့လက်မြှောက်ကာသူ့ခေါင်းကိုထိ၍ပြောလိုက်သည်။

"အိမ်ကအခြေအနေကအခုမသိရသေးဘူး။ မင်းသာကြယ်မြို့တော်မှာနေနေလို့ရှိရင် ပါးပါးနဲ့အစ်ကိုကြီးတို့စိတ်ဘဲပူနေရလိမ့်မယ်။"


"အင်း။" လင်ခုံးလုအပြစ်ရှိစွာခေါင်းငုံ့လိုက်မိသည်။


ဆေးရုံခန်းအပြင်မှာ လုစစ်ကစားစရာဗူးထဲမှစွပ်ပြုတ်လက်ကျန်တစ်ပန်းကန်ထည့်ကာ တစ်ဇွန်းခပ်၍ တစ်ငုံသောက်ကြည့်လိုက်ပြီးနောက် မသိမသာမျက်မှောင်ကြုတ်ကာ နောက်တစ်ငုံထပ်သောက်ရင်း....


တစ်အောင့်ကြာသော် သူခေါင်းမော့ကာလှောင်ပြုံးပြုံးမ်သည်: တစ်ခုကငန်ပြီးတစ်ခုကပေါ့တယ်။ ဒါကအကူအညီတောင်းတဲ့ရိုးသားမှုလား။


လင်ခုံးလုသူ့အစ်ကိုကြီးကိုကြည့်ပြီးသွားပြီးနောက်ပိုင်း သူဟာလုစစ်နှင့်အတူလေးလံသောနှလုံးသားဖြင့်ကားဆီပြန်လာခဲ့သည်။ ဒါပေမဲ့ ကားထဲဝင်ထိုင်ပြီးနောက် လုစစ်ကသူ့ကိုစားစရာဗူးရုတ်တရက်ကမ်းပေးလာသည်။


"ဘာလို့လဲ။" လင်ခုံးလုပဟေဠိဖြစ်သွားရသည်။


"သောက်ကြည့်လိုက်၊ မင်းလုပ်ထားတဲ့ကြက်စွပ်ပြုတ်။"


လင်ခုံးလု: "?" ကြောင်ရောဂါရှိနေတာပဲ။


ပဟေဠိဖြစ်မိပေမဲ့ သူတကယ်ဗိုက်နည်းနည်းဆာနေတာမို့ စားစရာဗူးကိုဖွင့်ကာတကယ်တစ်ပန်းကန်ဖြည့်လိုက်သည်။


သို့သော်လည်း သူစွပ်ပြုတ်ရည်တစ်ဇွန်းကိုထွေးထုတ်မိမတတ်ဖြစ်သွားရသည်။ သူ့မျက်နှာမှာရှုံ့မဲ့သွားရပြီး ခဲရာခဲဆစ်မျိုချလိုက်ရပြီးနောက် လုစစ်ကိုမယုံကြည်နိုင်ဖြစ်စွာကြည့်၍ အလန့်တကြားပြောမိသည်။

"မင်းရည်ရွယ်ချက်ရှိရှိဆားထပ်ထည့်ထားတာလား။"


လုစစ်သရော်လိုက်သည်။

"အဲ့ဒါငါသောက်ခဲ့တဲ့ဟာပဲ။"


"မဖြစ်နိုင်တာ။"

လင်ခုံးလုချက်ချင်းခွန်းတုံ့ပြန်လိုက်သည်။


လုစစ်: "ဟက်။"


"အဟမ်း၊ မင်းဒီမနက်ဆားနည်းနည်းထပ်ထည့်ရင်းနည်းနည်းထပ်ထည့်ရင်းနဲ့...."

0687ကကြင်နာစွာအသိပေးလာသည်။


လင်ခုံးလု: "...."


"မင်းငါ့ကိုဘာလို့စောစောအသိမပေးခဲ့တာလဲ။" သူအံကြိတ်လိုက်မ်သည်။


"မင်းသူ့ကိုတမင်သက်သက်လှည့်စားနေတယ်လို့ငါထင်လို့လေ။"

0687ကအပြစ်ကင်းစင်စွာဆိုသည်။


လင်ခုံးလု: "...."


သူတမင်ရည်ရွယ်ချက်ရှိရှိလုပ်ပုံမရတာကိုမြင်လိုက်ရရင်း လုစစ်နောက်ဆုံးမှာစိတ်ပြန်ငြိမ်သွားပေမဲ့ ဒါကမူမမှန်ဟုတမဟုတ်ချင်းခံစားလိုက်ရပုံမှာ သူတစ်ဖက်လူနှင့်ပတ်သတ်ပြီးဂရုစိုက်လွန်းသည့်အလား။


သူမျက်မှောင်ကြုတ်မိကာ ဒီကိစ္စကိုကျော်သွားလိုက်ပြီးအသိပေးလိုက်သည်။

"မနက်ဖြန်ရေတပ်ကိုသွားမယ်၊ အချိန်မီလာဖို့သတိရအုံး။"


____________________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


လင်ခုံးလု: အိုး၊ ငါမနက်ဖြန်သူလေးကိုသွားတွေ့ရတော့...အဟမ်း၊ bugကိုသွားတွေ့ရတော့မှာပဲ~


လုစစ်: မင်းကြည့်ရတာသိပ်ကိုစိတ်လှုပ်ရှားနေပုံပဲ?


လန့်စ်: သခင်ကောင်းကောင်းအသက်ရှင်ချင်ရင် ခေါင်းပေါ်မှာအစိမ်းရောင်တချို့တင်ထားရလိမ့်မယ်(ဒီတော့ ကျွန်တော်ကသခင်နဲ့မတူဘူး၊ သူကအစိမ်းရောင်ကြိုက်တယ်၊ ကျွန်တော်ကတော့ပန်းရောင်ဘဲကြိုက်တာလေ)


လုစစ်: အင်တာနက်အဆက်အသွယ်ဖြတ်တောက်ဖို့သတိပေးချက်။


____________________________________