အဆုံးတွင် လင်ခုံးလုမှာလုစစ်ထံမှအရုပ်လေးပမာဆွဲထုတ်ခံလိုက်ရသည်။
လန့်စ်နှင့်မောက်မောက်မှာဘေးနားကဖြတ်သွားရာ ထိုမြင်ကွင်းကိုမြင်သွားရပြီး သူတို့၏လျှပ်စစ်မျက်လုံးကြီးများမှာသံသယနှင့်ပြည့်သွားသည်။
"အတိတ်မေ့နေသော"မောက်မောက်: ဒါကဘာရှိုးလဲ။ ငါ့သခင်ကဘာလို့ရုတ်တရက်ကြီးမင်းသခင်နဲ့ဆက်ဆံရေးကောင်းသွားတာလဲ။
လန့်စ်: အတိတ်မေ့နေတဲ့ချစ်ရသူ: ဆိုးသွမ်းတဲ့အိုမီဂါနဲ့ချစ်ကျွမ်းဝင်ခြင်းလား။
မောက်မောက်: ဟမ်? မင်းလည်းဒီဒရာမာကြည့်တယ်လား။
လန့်စ်: မင်းလည်းကြည့်တယ်လား။
မောက်မောက်: မန်ဘာဝင်ထားလား။
လန့်စ်: အင်း။
မောက်မောက်: အတူကြည့်ရအောင်လေ။
စခန်းသို့ဆိုက်ရောက်သွားချိန်တွင် လုစစ်မှာစစ်သဘော်ပေါ်မှ မှောင်မည်းသောမျက်နှာနှင့်ဆင်းလာလုနီးပါးပင်၊ လင်ခုံးလုကသူ့အနောက်မှဖြူစင်သောမျက်နှာလေးနှင့်လိုက်လာသည်ယ
0687ကသက်ပြင်းချလာသည်။
"Host၊ မင်းကရုတ်တရက်ကြီးအလုပ်ကြိုးစားနေတာပဲ။"
သူ့မှာသိသိသာသာကိုအသန့်ကြိုက်ရောဂါရှိပေမဲ့ ဇာတ်လိုက်၏အိပ်ရာပေါ်ကိုပင်တက်သွားလိုက်သေးသည်။
လင်ခုံးလု: "မဟုတ်ဘူးလေ။ တစ်သက်လုံးအတိတ်မေ့ချင်ယောင်ဆောင်နေလို့မှမရတာ၊ အချိန်မရှိဘူးဟ၊ ငါတို့ဗျူဟာကိုအရှိန်တင်မှရမယ်။"
"မင်းတကယ်အဲ့bugကိုလျစ်လျူရှုထားမလို့လား။"
"သူငါ့ဆီထပ်လာလိမ့်မယ်။"
လင်ခုံးလုပြောလိုက်သည်။
လုစစ်ဝေးဝေးရောက်သွားပြီကိုမြင်လိုက်ရရင်း သူခပ်သွက်သွက်လိုက်သွားကာပြောလိုက်သည်။
"ငါ့ကိုစောင့်ပါအုံး။"
လုစစ်မှာသူ့ကိုမစောင့်ချင်ပေမဲ့ မသိလိုက်မသိဘာသာဖြင့်နှေးချလိုက်မိသည်။
လင်ခုံးလုလိုက်မီသွားပြီးနောက် သူစိတ်ဝင်တစားမေးမိသည်။
"ဒါနဲ့စကားမစပ် ပုံမှန်ဆိုငါမင်းကိုဘယ်လိုခေါ်လဲ။ လောင်၊ လောင်...."
"ကုန်း"ဟူသည့်စကားလုံးမပြောရသေးခင် လုစစ်ရုတ်ခြည်းအနောက်လှည့်ကာ ထိုစကားလုံးမပြောအောင်သူ့ပါးများကိုဆွဲညှစ်လိုက်သည်။
လင်ခုံးလု: "???"
"ဒါကရှေ့တန်းနော်၊ မင်းရဲ့သရုပ်ကမက်ခါအပြင်သမားပဲ၊ လျှောက်အော်မနေနဲ့။"
လုစစ်အသံနိမ့်လိုက်မိသည်။
ခပ်လှမ်းလှမ်းမှလန့်စ်မှာထိုမြင်ကွင်းကိုမြင်သွားပြီး စတင်တွေးတောပြန်သည်၊ သခင့်မှာရောဂါရှိနေတာလား။ သူ့နားရွက်တွေကဘာလို့နည်းနည်းနီနေတာလဲ။
"အိုး၊ မင်းအရင်ပြောတာနော်။"
လင်ခုံးလုကလုစစ်၏လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်သည်။
လုစစ်တစ်အောင့်မျှကြောင်အမ်းသွားရပြီးမှ ဓာတ်လိုက်သွားသည့်နှယ်ခါချလိုက်မိသည်။
"ဒါဆိုငါမင်းကိုဘယ်လိုခေါ်ရမလဲ။"
လင်ခုံးလုသိချင်စိတ်ဖြစ်စွာမေးလိုက်သည်။
"ခေါ်ချင်သလိုခေါ်။"
လုစစ်အရှေ့လှည့်ကာဆက်လျှောက်သွားသည်။
"အာ၊ ဒါဆိုငါမင်းကိုအားစစ်ကိုကိုလို့ခေါ်မယ်လေ။"
လင်ခုံးလုပြောလိုက်သည်။
ဒါကိုကြားသော် လုစစ်မှာမသိမသာတန့်သွားကာ တောင့်တင်းသွားရပြန်သည်။
သူငယ်စဥ်တုန်းက နို့စို့ကလေးအရွယ်ဖြစ်နေဆဲသခင်လေးဟာသူ့နောက်မကြာမကြာလိုက်ပြီး သူ့ကိုထိုသို့ခေါ်လိမ့်မည်ဖြစ်ကြောင်းသူသတိရသွားသည်။ သူကြီးပျင်းလာစဥ် သူနှင့်သူ့မိခင်ကမြို့တော်ကြယ်ကိုပြန်လည်ပြောင်းရွေ့လာခဲ့သည်။ သူလင်မိသားစုဆီပထမဆုံးသွားလည်တုန်းက ဆယ်ကျော်သက်အရွယ်ဖြစ်လာသည့်သခင်လေးမှာသူ့ကိုထိုသို့ခေါ်လာဆဲပင်။ ဘယ်တုန်းကပြောင်းလဲသွားခဲ့တာလဲ။
လုစစ်စဥ်းစားမရသဖြင့် ထိုအကြောင်းမစဥ်းစားချင်တော့ပေ။
သူသည်သူ့အတွေးများကိုအလျင်စလိုပြန်ရုတ်သိမ်းကာ တည်ငြိမ်သောလေသံကိုထိန်းထားလိုက်သည်။
"မင်းသဘောပဲ။"
"ဟုတ်ကဲ့၊ အားစစ်ကိုကို။"
လင်ခုံးလု၏အသံမှာအလွန်ချိုသာလှပေမဲ့ သူဒါကိုမြင်လိုက်ရချိန်တွင်သူလက်ခံလိုက်မှန်းအလွန်သေချာသွားသည်။
နောက်ကျတော့ သူနှင့်အတူလာခဲ့သည့်လန့်စ်မှာမတူပေ။ လင်ခုံးလု၏မောက်မောက်ထံလှည့်ကြည့်မှုကိုအခွင့်ကောင်းယူလျက် သူလုစစ်ကိုခပ်တိုးတိုးမေးလိုက်သည်။
"သခင်၊ နေမကောင်းဘူးလား။ ခုနကသခင့်ရဲ့နားရွက်ဖျားတွေနည်းနည်းနီနေတယ်နော်။"
"ပါးစပ်ပိတ်ထား။"
လုစစ်၏မျက်နှာမှာတမဟုတ်ချင်းမည်းမှောင်သွားသည်။
"....." လန့်စ်တစ်အောင့်မျှတွေးကာ ရှင်းလင်းပီသစွာပြောလိုက်သည်။
"သခင် သခင်လေးနဲ့ချစ်ကျွမ်းဝင်နေတာလား။ သခင်သူ့ကိုခွင့်လွှတ်လိုက်ပြီလား။"
"မင်းရဲ့ဘယ်မျက်လုံးကမြင်တာလဲ။"
လုစစ်၏လေသံမှာအန္တရာယ်များလှသည်။
လန့်စ်: "...."
လုစစ်: "ဖောက်ထုတ်လိုက်တော့။"
လန့်စ်: "ဒါ...." မကောင်းဘူးလား။ ဒါကလျှပ်စစ်မျက်လုံးဆိုပေမဲ့ အရမ်းစျေးကြီးတယ်လေ၊ သခင့်အကောင့်ထဲကပိုက်ဆံပဲဟာ။
လုစစ်၏ရောက်ရှိလာမှုကိုကြားသိလိုက်ရရင်း ရေတပ်ကလူတို့မှာရောထွေးသောခံစားချက်များရှိလို့နေသည်။ သူတို့အများစုကလင်ရွှမ်းလော့၏သစ္စာရှိနောက်လိုက်များဖြစ်ကြပြီး လင်ရွှမ်းလော့ကိုအလွန်တရာရိုသေလေးစားကြသည်။
ယခင်ခေါင်းဆောင်ကစုံစမ်းစစ်ဆေးခံနေရပြီး သူတို့ကိုတာဝန်ယူကန်ခေါင်းဆောင်အသစ်ပို့လိုက်သည်။ သူတို့ကိုလာကြိုဆိုသည့်တပ်သားများမှာအနည်းငယ်မသက်မသာဖြစ်နေကြပြီး အထူးသဖြင့်ခေါင်းဆောင်အသစ်ကအားနည်းသောအိုမီဂါတစ်ယောက်ကိုခေါ်လာမှန်း ခပ်လှမ်းလှမ်းမှမြင်လိုက်ရချိန်တွင် သူတို့၏ခုခံမှုမှာတမဟုတ်ချင်းအထွတ်အထိပ်ရောက်ရှိသွားတော့သည်။
"ရှေ့တန်းကိုအိုမီဂါတစ်ယောက်နဲ့ရောက်လာတယ်။ သူဒီကိုအလုပ်လုပ်ဖို့လာတာလား။"
"ကြည့်ရတာရှေ့တန်းကိုရောက်လာတဲ့တစ်ယောက်ကအထက်တန်းလွှာဖြစ်ပုံပဲ?"
"မဟုတ်ဘူးလို့ကြားတယ်၊ သူကအရှေ့ပိုင်းခံတပ်ကပြောင်းရွှေ့လာတာဆိုပဲ။"
"ထားလိုက်တော့၊ ဘာပဲဖြစ်ဖြစ် ယာယီတာဝန်ယူရုံပဲလေ၊ လင်ခေါင်းဆောင်ပြန်လာရင်အဆင်ပြေသွားလိမ့်မယ်။"
"ဒီအိုမီဂါကဖျော်ဖြေရမကောင်းမှာစိုးတယ်။"
"ကျစ်၊ ငိုတတ်တဲ့အိုမီဂါကိုငါအမုန်းဆုံးပဲ။ ဒီကလေးကဒီမှာပြဿနာရှာရဲရင်တော့ ငါသူ့ကိုအရင်ဆုံးခုတ်ပစ်မယ်၊ သူကခေါင်းဆောင်အပိုင်ဟုတ်မဟုတ်ငါအရေးမစိုက်ဘူး။"
လူအများအပြားကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချက်ချင်းနားလည်သွားကြသည်။
သို့သော်လည်း လုစစ်ကလူကိုအနီးကပ်ခေါ်လာချိန်တွင်-
"ဘာလဲ။ ဒါကကိုလိုနယ်လုပါလား။ မဂ်လာပါ၊ မဂ်လာပါဗျ၊ ကိုလိုနယ်လုကခေါင်းဆောင်အသစ်ဖြစ်မယ်မထင်ထားဘူး။ ဒါကတကယ်ကောင်းတာပဲ။"
"ကျွန်တော်တို့ကိုလိုနယ်လုရဲ့အရှေ့ပိုင်းခံတပ်ကလုပ်ရပ်တွေကိုမကြာမကြာကြားခဲ့ရပါတယ်၊ အားလုံးကကိုလိုနယ်လုကိုအရမ်းလေးစားနေကြတာ၊ ဒီနေ့တကယ့်လူအစစ်ကိုတွေ့ရမယ်မထင်ထားမိဘူးဗျာ။"
"အာ? ဒီတော့ဒါကလင်ခေါင်းဆောင်ရဲ့ညီငယ်လေးလား။"
"ညီလေးကတအားချစ်ဖို့ကောင်းတာပဲ။"
"ညီလေးလမ်းတစ်လျှောက်လုံးပင်ပန်းခဲ့မှာပဲ။"
"ညီလေး အရင်နားဖို့လိုအပ်လား။ ဘယ်မှာနေချင်လဲပြောလေ?"
လုစစ်နှင့်လင်ခုံးလု: "......"
တပ်သားအများအပြားနှင့်အတူထွက်လာသည့်ဒေါက်တာစုန့်: "...."
ခေါင်းဆောင်အသစ်ကိုအတူမောင်းထုတ်မယ်ဆို? လက်ထောက်ကပ္ပတိန်ချူး၊ ခင်ဗျားကရေတပ်ရဲ့လူကြီးတစ်ယောက်ဖြစ်ပြီး ဖန်ဂဲလ်တစ်ယောက်ပုံစံနဲ မရှက်ဘူးလား။
တပ်သားများ: လာနောက်နေတာလား။ ဒါကသူတို့အိုင်ဒေါနဲ့အရင်ကခေါင်းဆောင်ရဲ့ညီလေးလေ။
လုစစ်ကလင်ခုံးလုကိုသူ့အနောက်မှာပိတ်ကာထားပြီး တပ်သားအများအပြားထံမှအဆွဲခံထားရသည့်လက်ကိုတည်ငြိမ်အေးဆေးစွာပြန်ရုတ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်တော်ဒီကိုအခုမှရောက်လာတာမို့ ဒီနေရာကအခြေအနေအကြောင်းသိပ်မသိဘူးရယ်။ မင်းတို့အကုန်လုံးအလုပ်များနေကြမှာပဲ။ ပြီးတော့ လင်ခုံးလုနဲ့ပတ်သတ်ပြီး ကျွန်တော်မင်းတို့ကိုတောင်းဆိုစရာတစ်ခုရှိတယ်။ ကပ္ပတိန်ဖုန့်ရှောင်း၊ လက်ထောက်ကပ္ပတိန်ချူးဝေကျုံး၊ ပြီးတော့....ဒေါက်တာစုန့်ချင်းရွှီ၊ မနက်ဖြန်ကျွန်တော့်ကိုတစ်ယောက်ချင်းစီလာတွေ့ပေးကြပါ။"
သူကားအခြေအနေကိုနားမလည်ဟုပြောသွားခဲ့ပေမဲ့ လင်ရွှမ်းလော့နှင့်အနီးကပ်ဆုံးဆက်ဆံရေးရှိခဲ့သည့်လူသုံးယောက်၏နာမည်များကိုတိကျစွာပြောသွားပေသည်။ ဒါကိုကြားလိုက်ရသော် လက်ရှိလူတိုင်းမှာမနေနိုင်ဘဲနှလုံးသားတင်းကြပ်သွားရကာတွေးမိကြသည်: အရှေ့ပိုင်းခံစစ်နဲ့ပတ်သတ်တဲ့ကောလဟာတွေကအလိမ်အညာမဟုတ်ဘူးပဲ၊ ဒီလူကတကယ်ကြောက်ဖို့ကောင်းတယ်။
လုစစ်ကရေတပ်ကိုကာလကြာပြောင်းရွှေ့ဖို့မစီစဥ်ထားသကဲ့သို့ လင်ရွှမ်းလော့ချန်ထားခဲ့သည့်အဖွဲ့ကိုခွဲဖို့လည်းမရည်ရွယ်ထားပေ။
သူကားသခင်လေးကိုလက်စားချေချင်ပေမဲ့ လင်ရွှမ်းလော့ကထူးချွန်သောစစ်သားတစ်ယောက်ဖြစ်တာမို့ သူ့ကိုဆွဲသွင်းလိုသည့်ရည်ရွယ်ချက်မရှိ။
နောက်တစ်နေ့ လုစစ်ကလင်ရွှမ်းလော့၏အရင်ကငယ်သားများကိုခေါ်ကာ တစ်ယောက်ချင်းစီမေးမြန်းစစ်ဆေးတော့သည်။
"အတိတ်မေ့"နေသောလူတစ်ယောက်အနေဖြင့် လင်ခုံးလုမှာဘာမှနားမလည်ချင်ယောင်ဆောင်ရုံသာတတ်နိုင်ပြီး ဘေးမှာလိမ်လိမ်မာမာထိုင်ကာ နားထောင်နေလိုက်သည်။
လုစစ်ကလက်ထဲရှိအချက်အလက်ကိုတစ်ချက်ကြည့်ကာ အထဲဝင်လာဖို့ခေါ်ထားခဲ့သည့်ပထမဆုံးလူကိုကြည့်လိုက်သည်။
"မင်းကပင်မသဘော်ရဲ့ကပ္ပတိန်နော်၊ တိုက်ပွဲပြီးကတည်းကလင်ရွှမ်းလော့နဲ့အတူရှိနေခဲ့တာလား။"
ဖုန့်ရှောင်း: "ဟုတ်ကဲ့၊ နောက်ဆုံးနှစ်နာရီအပြင် ကျွန်တော်တို့ထပ်ပြီးမတောင့်ခံနိုင်ကြတော့ဘူးလေ။ ကွန်မန်ဒါကလူတိုင်းကိုမက်ခါမောင်းပြီးတိုက်ခိုက်ဖို့အမိန့်ပေးခဲ့တာ။"
လုစစ်: "အဲ့အချိန်တုန်းက ဗိုလ်ချုပ်ကနောက်ပြန်ဆုတ်ဖို့အမိန့်ပေးခဲ့တာကို ဘာလို့တပ်ပြန်မရုတ်ခဲ့တာလဲ။"
ဖုန့်ရှောင်း: "ကျွန်တော်တို့အမိန့်မရခဲ့ဘူးဗျ၊ အထက်ကကျွန်တော်တို့ကိုချဥ်းကပ်ခိုင်းခဲ့တာ။ ကံကောင်းချင်တော့ နောက်ကျကျွန်တော်တို့လုပ်နိုင်ခဲ့တယ်လေ။"
လုစစ်: "လင်ခေါင်းဆောင်ကကိုယ့်ဘာသာကိုယ်အမိန့်ကိုပြောင်းလဲခဲ့တာမဟုတ်ဘူးပေါ့?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သေချာပေါက်မဟုတ်ဘူးပေါ့၊ ဘယ်အရူးကဒီလိုချောက်ချလိုက်တာလဲ။"
ဖုန့်ရှောင်းကစားပွဲပေါ်ချက်ချင်းရိုက်ချကာထရပ်လိုက်ပြီး ဒေါသဖြင့်နီရဲနေလေသည်။
"အမှန်ပဲ! ကျွန်တော့်ကိုကြီးကသေချာပေါက်အဲ့လိုလူစားမျိုးမဟုတ်ဘူး။"
လင်ခုံးလုသဘောတူလိုက်ပြီး သူ၏မျက်နှာသေးသေးလေးမှာဒေါသဖြင့်နီစွေးလျက်ရှိသည်။
"အတိတ်မေ့"သွားပြီးနောက်ပိုင်း ဤသည်ကားသူ၏အစ်ကိုကြီးဖြစ်ပျက်ခဲ့သည့်ကိစ္စကိုသိရသည့်ပထမဆုံးအကြိမ်ဖြစ်ပေရာ သူ၏တုံ့ပြန်မှုမှာသဘာဝအလျောက်တင်းမာလှပေသည်။
"မင်းသွားလို့ရပြီ၊ နောက်တစ်ယောက်။"
လုစစ်ကဖုန့်ရှောင်းကိုပြောလိုက်ပြီး ထို့နောက်ကောင်လေးကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
"တိတ်တိတ်လေးနားထောင်နေ၊ မ..."
သူကား"မဟုတ်ရင်အပြင်ထွက်"ဟုပြောချင်ပေမဲ့ ထိုစကားများသူ့နှုတ်ခမ်းထက်ရောက်လာချိန်တွင် သူပြောင်းပြောလိုက်သည်။
"ဆူညံမနေနဲ့၊ ကောင်းကောင်းနေ။"
သူပြောလို့ပြီးသွားသော် ဗလာမျက်နှာနှင့်တွေးလိုက်မိသည်: သူကသူနှင့်ချစ်ကျွမ်းဝင်နေသည်ဟုမတိုင်ခင်ကလိမ်ပြောခဲ့သဖြင့် အခုသူပိုမိုပါးနပ်ရပေမည်။
အင်း၊ အမှန်ပဲ၊ အဲ့လိုပဲ။
ဖုန့်ရှောင်းထွက်သွားပြီးနောက် လက်ထောက်ကပ္ပတိန်ချူးဝေကျုံးဝင်လာသည်။ သူ၏စကားမှာဖုန့်ရှောင်းနှင့်ဆင်တူပြီး သူဟာအမိန့်ရရှိခဲ့ခြင်းမရှိ။
တံခါးအပြင်ဘက်မှာ စုန့်ချင်းရွှီကခုနကထွက်လာသည့်ဖုန့်ရှောင်းကိုမေးလိုက်သည်။
"ဘာမေးတာလဲ။"
"တိုက်ပွဲနေ့တုန်းကအကြောင်းပါ။ မြို့တော်ကြယ်ကသတင်းကအမှန်ပဲ။ ငါတို့ခေါင်းဆောင်ကတကယ်ကြီးချောက်ချခံခဲ့ရတာ၊ ဖာ့ခ်!"
ဖုန့်ရှောင်းကတတ်နိုင်သမျှအသံနိမ့်ချကာ ဒေါသတကြီးပြောလိုက်သည်။
စုန့်ချင်းရွှီမျက်မှောင်အသာကြုတ်လိုက်မိသည်။
ထို့နောက်ဖုန့်ရှောင်းကဆိုသည်။
"ဒါပေမဲ့ သူမင်းကိုဘာလို့ဒီခေါ်လိုက်တာလဲ။ မင်းကဆေးကုသ...."
သူပြောလို့မပြီးသေးခင် ချူးဝေကျုံးကတူညီသောဒေါသမျက်နှာနှင့်ထွက်လာပေမဲ့ သူကစုန့်ချင်းရွှီကိုအရင်ပြောလာဆဲပင်။
"မင်းကိုဝင်ခိုင်းလိုက်တယ်။"
စုန့်ချင်းရွှီပြုံးကာ ပင့်သက်ရှိုက်လိုက်ပြီး တံခါးဖွင့်ကာဝင်သွားလိုက်သည်။
လုစစ်ကဒီတစ်ခေါက်တည့်တိုးမမေးဘဲ ဖောင်တိန်ကိုဂရုမဲ့စွာလှည့်ကာ သူ့အကြည့်ကစုန့်ချင်းရွှီအပေါ်ဖိအားအနည်းငယ်နှင့်ကျရောက်လို့နေပြီး သူကအချိန်အတန်ကြာစစ်ဆေးနေပေသည်။
လင်ခုံးလုသူ့ကိုကြည့်ကာ ထို့နောက်စုန့်ချင်းရွှီကိုကြည့်လိုက်မိပြီး သူ့မျက်လုံးများမှာသိချင်စိတ်အပြည့်နှင့်ပင်။
0687ကအသိပေးလာသည်။
"Host၊ ဒီလူ့မှာချောမောတဲ့ရုပ်ရည်ရှိပြီးတော့ ဘီတာတစ်ယောက်လည်းဖြစ်နေသေးတယ်။ ဇာတ်လိုက်ကသူ့ကိုအရမ်းစိတ်ဝင်စားနေပုံပဲ၊ ဒီတော့မင်းသတိထားရမယ်နော်။"
လင်ခုံးလုပြောလိုက်မိသည်။
"...ဇာတ်လိုက်ကစိတ်ပိုင်းဆိုင်ရာနည်းဗျူဟာသုံးပြီးတော့ တစ်ဖက်လူရဲ့စိတ်ပိုင်းဆိုင်ရာခုခံမှုကိုအရင်ချိုးဖျက်နေတာကိုမင်းမမြင်နိုင်ဘူးလား။"
0687: "အာ။"
"ဒါပေမဲ့ဒီလူကတစ်ခုခုတော့တစ်ခုခုပဲ။"
လင်ခုံးလုတွေးကြည့်မိသည်။
အချိန်ကုန်သွားပြီး လုစစ်ကတိတ်ဆိတ်နေဆဲဖြစ်ရာ စုန့်ချင်းရွှီမှာတဖြည်းဖြည်းချင်းမသက်မသာဖြစ်လာရသည်။
သူ့နှဖူးချွေးစေးစပြန်လာချိန်တွင် လုစစ်ကနောက်ဆုံးမှာတည်ကြည်သောလေသံနှင့်ပြောလာလေသည်။
"အဲ့နေ့တုန်းကမင်းပင်မသဘော်ပေါ်မှာရှိနေခဲ့လား။"
စုန့်ချင်းရွှီ: "ဟုတ်ကဲ့။"
လုစစ်: "လူတိုင်းမက်ခါကိုယ်စီနဲ့သဘော်ပေါ်ကထွက်သွားပြီးနောက်ပိုင်း မင်းဘာလုပ်နေလဲ။"
"အမိန့်ပေးစခရင်ကိုကြည့်...."
စုန့်ချင်းရွှီ၏အသံမှာအနည်းငယ်စိတ်ပူပင်လျက်ရှိသည်။
"ဘာမှလုပ်မနေဘူးပေါ့? ဥပမာ တစ်ခုခုကိုယူသွားတာတို့၊ အချက်အလင်းတချို့ကိုကော်ပီကူးနေတာတို့လေ။"
လုစစ်ပြောလိုက်သည်။
စုန့်ချင်းရွှီ၏မျက်စိသူငယ်အိမ်မှာမသိမသာကျုံ့သွားပြီး နောက်တစ်စက္ကန့်မှာပြောလိုက်သည်။
"ဟင့်အင်း။"
လုစစ်သူ့ကိုတစ်အောင့်ကြာကြည့်နေပြီးမှ ရုတ်တရက်ပြုံးကာပြောလိုက်သည်။
"မင်းသွားလို့ရပြီ။"
စုန့်ချင်းရွှီသက်မချလိုက်မိပြီး အလျင်စလိုထရပ်ကာထွက်သွားလိုက်တော့သည်။
သူထွက်သွားပြီးနောက် လင်ခုံးလုမှာစိတ်ပျက်ချင်ယောင်ဆောင်ကာပြောလိုက်မိသည်။
"အိုင်း၊ ကျွန်တော်တို့တွေတန်ဖိုးရှိတဲ့အချက်အလက်တစ်ခုမှမရလိုက်ဘူးပဲ။"
လုစစ်သူ့ကိုတစ်ချက်လှမ်းကြည့်ကာ ရုတ်ခြည်းမေးလိုက်သည်။
"မင်းခေါင်းကိုက်လား။"
"အာ? မနာပါဘူး။"
လင်ခုံးလုဆွံ့အသွားရသည်။
လုစစ်ကရုတ်တရက်ခါးကိုင်းကာ လက်မြှောက်၍ သူ့ခေါင်းနောက်ကိုအုပ်ကိုင်ကာ ဆုံလည်ကုလားထိုင်နှင့်အတူသူ့ရှေ့တိုးလာပေသည်။
လင်ခုံးလုကြောင်အမ်းသွားရပြီး အကွာအဝေးမှာရုတ်တရက်နီးကပ်လာကာ တစ်ဖက်လူ၏ကြည်လင်သောအရှိန်အဝါကိုပင်သူခံစားလို့ရသည်။ သို့သော် မပြီးသေးဘဲ လုစစ်နီးသထက်နီးသထက်နီးသထက်နီးကပ်လာပြီး...သူ့မျက်လုံးများမှာသူနှင့်အကြည့်ချင်းဆုံလျက် သူ့မျက်ဝန်းထဲမှာအမည်မသိနက်ရှိုင်းသောစိတ်ခံစားချက်တစ်ခုရှိနေပေသည်။
ဒါ၊ ဒါကဘာအတွက်လဲ။
လင်ခုံးလုကြက်သေသေနေမိပြီး သူ့ဘာသူတွေးကြည့်မိသည်: သူငါ့ကိုနမ်းချင်တာများလား။ မင်းထပ်ပြီးထလာပြန်ပြီလား။ ငါသူ့ကိုချက်ချင်းတွန်းထုတ်ပစ်လိုက်သင့်လား။
ဒါပေမဲ့အခုငါက"မှတ်ဉာဏ်ပျောက်"နေပြီးတော့ ငါသူနဲ့ချစ်နေတာလို့ထင်နေတာဆိုတော့ ငါသူ့ကိုတွန်းထုတ်လိုက်လို့ရှိရင်အလိမ်ပေါ်သွားမှာမဟုတ်ဘူးလား။ အဲ့ဒါ၊ အဲ့ဒါ.....
နှစ်စက္ကန့်မျှရုန်းကန်နေမိပြီးနောက် သူအတိတ်မမေ့သည့်အချက်ကိုမဖော်ပြနိုင်ကြောင်းလင်ခုံးလုခံစားလိုက်ရပေရာ အံကြိတ်လျက် မျက်စိမှိတ်ပြီး သူ့ခေါင်းကိုမသိမသာမော့ထားလိုက်သည်.....
သူတွေးလိုက်သည်: နမ်းချင်လည်းနမ်းပေါ့၊ အဆိုးဆုံးမှ ပြန်သွားပြီးသွားတိုက်လိုက်ရုံပဲ။
သို့သော်လည်း-
"မင်းဘာလုပ်နေတာလဲ။"
လုစစ်ရုတ်တရက်မေးလိုက်သည်။
လင်ခုံးလု: "?"
"မျက်လုံးဖွင့်။"
လုစစ်၏မျက်နှာမှာမည်းမှောင်လျက်။
လင်ခုံးလု: "??"
"နားထောင်။"
လုစစ်ကသူ့မျက်လုံးထဲကြည့်ကာပြောလာသည်။
"အရင်ကပေါက်ကွဲမှုမှာအကျိုးဆက်ရှိနေတာမို့ အခုမင်းခေါင်းကိုက်နေပြီးတော့ စုန့်ချင်းရွှီဆီအကူအညီသွားတောင်းဖို့လိုတယ်၊ မင်းသိလား။"
လင်ခုံးလု: "......"
"စုန့်ချင်းရွှီလက်ထဲမှာတစ်ခုခုရှိကိုရှိရမယ်။ သူနဲ့နီးစပ်အောင်ကြိုးစားကြည့်။ မင်းရဲ့အစ်ကိုကြီးကိုကူညီပေးနိုင်မပေးနိုင်ကမင်းရဲ့လုပ်ဆောင်ချက်ပေါ်မှာမူတည်နေတယ်။"
လုစစ်ထပ်ပေါင်းပြောလိုက်သည်။
လင်ခုံးလု: "......"
"နားလည်လား။"
လူငယ်လေးကတိတ်ဆိတ်လျက်မတုံ့ပြန်ကြောင်းမြင်လိုက်ရရင်း လုစစ်မျက်မှောင်ကြုတ်ကာထပ်မေးလိုက်မိသည်။
လင်ခုံးလု: "....." ငါမင်းဘွားအေခြေထောက်ကိုသိတယ်! ဒီအတိုင်းပြောပေါ့၊ ဘာလို့ဒီလောက်အနားကပ်လာတာလဲဟ?
______________________
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
လင်ခုံးလု: မင်းဘဝတစ်လျှောက်လုံးဆင်ဂယ်ဖြစ်နေလိုက်တော့၊ မင်းကိုကြိုက်တဲ့သူကကန်းနေတာပဲ!
____________________________________