Chapter(13)
Viewers 10k

နောက်တစ်နေ့ လင်ခုံးလုမှာစုန့်ချင်းရွှီ၏ရုံးခန်းထဲရောက်သွားချိန်တွင် တစ်ဖက်လူကပြင်ဆင်ထားပြီးပြီဖြစ်သည်။


သူဝင်လာတာကိုမြင်လိုက်ရရင်း စုန့်ချင်းရွှီကစာကြည့်စားပွဲပေါ်ကခလုတ်ကိုနှိပ်လိုက်ရာ ရုံးခန်းကချက်ချင်းဆိုသလိုလုံခြုံရေးစနစ်အသက်သွင်းလိုက်ပြီး အသံလုံmodeထဲဝင်သွားသည်။


"အရင်ထိုင်အုံး။"

စုန့်ချင်းရွှီကဆိုသည်။


လင်ခုံးလုထိုင်ချလိုက်ချိန်တွင် သူကလက်သည်းခွံအရွယ်ချပ်စ်ပြားကိုတွန်းပို့ကာ သူ့ကိုပေးလာသည်။


"ဒါက?"

ဒါဘာလဲဆိုတာလင်ခုံးလုခန့်မှန်းမိပြီးဖြစ်ပေမဲ့ မသိလိုက်မသိဘာသာထုတ်မေးမိဆဲပင်။


"'Dawn'ပေါ်ကအချက်အလက်စာရင်းမန်မိုရီချပ်စ်ပြားပဲ။"

စုန့်ချင်းရွှီကရွဲ့ပြုံးပြုံးသည်။


"Dawn"ကားလင်ရွှမ်းလော့ဦးဆောင်သည့်ရေတပ်ပင်မသဘော်ဖြစ်သည်။ လွန်ခဲ့သောနှစ်လခန့်က ရန်သူဟာအစိုးရ၏ရေတပ်စခန်းကိုကျူးကျော်ဝင်ရောက်ခဲ့သည်။ လင်ရွှမ်းလော့ကရေတပ်ကိုဦးဆောင်ပြီး ၎င်းကိုရပ်တန့်ရန်အမိန့်ပေးခံခဲ့ရသည်။ ဆိုးဝါးသောအောင်နိုင်မှုအပြီးတွင် သူကတပ်ပြန်ရုတ်ခိုင်းသည့်အမိန့်ကိုလျစ်လျူရှုမှုကြောင့် မလိုအပ်သောအသေအပျောက်များစွာဖြစ်ပေါ်သွားခဲ့ရသည်ဟုတရားစွဲခံခဲ့ရသည်။


"ပင်မသဘော်ပေါ်မှာ ဒီလိုချပ်စ်ပြားနှစ်ခုရှိတယ်၊ တစ်ခုကပုံမှန်အသုံးအတွက် နောက်တစ်ခုကတစ်ခါတရံမှသုံးတဲ့အရံအနေနဲ့ပဲ။"

စုန့်ချင်းရွှီကဆိုသည်။

"မင်းကိုကြီးကြယ်မြို့တော်ကိုဆေးကုသမှုခံယူဖို့ခေါ်သွားခံရတဲ့ညတုန်းက သူကိုယ့်ကိုရုတ်တရက်ခေါ်ပြီးတော့ အရံချပ်စ်ပြားကိုသိမ်းထားဖို့ပြောခဲ့ပြီးနောက်ပိုင်း ကိုယ်တို့အဆက်အသွယ်မရှိတော့ဘူး။"


"သူ့မှာတစ်ခုခုဖြစ်သွားမှန်းကိုယ်ခန့်မှန်းမိခဲ့တယ်၊ အပိုချပ်စ်ပြားကိုယူလာပြီးနောက်ပိုင်းမှာ ကိုယ်သိပ်မသုံးတဲ့တစ်ခုနဲ့အစားထိုးခဲ့တယ်။ နောက်တစ်နေ့မှာတစ်စုံတစ်ယောက်စုံစမ်းစစ်ဆေးဖို့ရောက်လာပြီးတော့ ကိုယ်တို့အကုန်လုံးစစ်မေးခံရတယ်။"


"ချပ်စ်ပြားနဲ့ပတ်သတ်ပြီးပြဿနာတစ်ခုခုရှိနေတာလား။"

လင်ခုံးလုမသိလိုက်မသိဘာသာမေးမိသည်။


စုန့်ချင်းရွှီကခေါင်းငြိမ့်ကာဆိုသည်။

"သူတို့ရဲ့စစ်မေးချက်အရဆိုရင် မင်းရဲ့အစ်ကိုကြီးကအမိန့်ကိုမလိုက်နာလို့ ရေတပ်မှာအသေအပျောက်အများအပြားဖြစ်စေတယ်ဆိုပြီးကောက်ချက်ချထားကြတာ။ ဒါပေမဲ့ အပိုချပ်စ်ပြားကိုစစ်ဆေးကြည့်လိုက်တော့ 'Dawn'ကတကယ်ဘဲတပ်ပြန်ရုတ်ခိုင်းတဲ့အမိန့်ကိုရခဲ့တယ်၊ ပြီးတော့ကိုယ်လည်းပိုမြင့်တဲ့အမိန့်ကိုရခဲ့တယ်၊ အနောက်မှာမပြောင်းရွှေ့ရသေးတဲ့အရပ်သားတွေရှိတာမို့ ကိုယ်တို့သွားဖို့လိုတယ်ဆိုပဲ။"


"ဒါပေမဲ့ပင်မချပ်စ်ပြားပေါ်မှာအဲ့လိုမှတ်တမ်းမျိုးမရှိဘူး၊ မဟုတ်ရင်ကျွန်တော့်အစ်ကိုကြီးဒီလောက်ကြာအောင်စုံစမ်းစစ်ဆေးခံနေရမှာမဟုတ်ဘူး။"

လင်ခုံးလုဒါကိုကြားသော် ချက်ချင်းပြောလိုက်မိသည်။


စုန့်ချင်းရွှီပြောလိုက်သည်။

"ပင်မသဘော်ကထိန်းချုပ်ခံထားရတာဖြစ်မယ်၊ တစ်ယောက်ယောက်ကတမင်ချောက်ချခဲ့တာပဲ။"


သူကထိုသို့ဆိုကာ စားပွဲပေါ်မှာချပ်စ်ပြားတင်ပြီး လင်ခုံးလုဆီကမ်းပေးကာ အလေးအနက်ပြောလာသည်။

"ဒီဟာကမင်းအစ်ကိုကြီးရဲ့စွဲချက်တွေကိုရှင်းပေးနိုင်တဲ့တစ်ခုထဲသောသက်သေပဲ၊ ကိုယ်နဲ့အခြားသူတွေကစောင့်ကြည့်ခံနေရတာ။ အပြောင်းအလဲတစ်ခုခုရှိလာရင် ကိုယ်တို့သေချာပေါက်သံသယအဝင်ခံရလိမ့်မယ်။ ဒါကြောင့်မို့ ဒါကိုသေချာဂရုစိုက်ပြီး ကြယ်မြို့တော်ဆီယူသွားရမယ်နော်။"


လင်ခုံးလုသေချာဂရုတစိုက်လှမ်းယူကာ တည်တံ့စွာပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်တော်သေချာပေါက်လုပ်ပေးမယ်။"


လူငယ်လေးကတည်တံ့သောမျက်နှာနှင့် လေးနက်ကာသတိထားပုံပေါ်နေတာကိုမြင်လိုက်ရသော် စုန့်ချင်းရွှီရုတ်ခြည်းပြုံးလိုက်မိပြန်သည်။


ဒီလောက်လိမ်မာပြီးချစ်စရာကောင်းတာ၊ အိုမီဂါဖြစ်တဲ့သူတောင်တောင့်မခံနိုင်ဘူး။ ဒါကိုတွေးမိရင်း စုန့်ချင်းရွှီမနေနိုင်ဘဲသက်ပြင်းချမိသည်: အဲ့ဒီ့ကိုလိုနယ်လုကတကယ်ကံကောင်းတာပဲ။


"ဒါပေါ့၊ လုံလုံခြုံခြုံသိမ်းနိုင်အောင်လို့ မင်းရဲ့သတို့သားလောင်းကိုပေးလို့လည်းရတယ်။"

သူမနေနိုင်ဘဲစလိုက်မိပြန်သည်။


လင်ခုံးလု: "?" မင်းငါ့ကိုမယုံဘူးပဲ။


"သူမင်းကိုအရမ်းချစ်မှန်းကိုယ်မြင်ရတယ်။ ကိုယ်အရင်ကတအားစိတ်ပူခဲ့မိတာ။"

စုန့်ချင်းရွှီကပြောလာပြန်သည်။


လင်ခုံးလု: "??" ဒေါက်တာစုန့်၊ မျက်စိဆရာဝန်နဲ့သွားပြကြည့်ပါလား။ သူကငါ့ကိုသတ်ချင်နေတာပါနော်။


သူကြောင်အမ်းနေတာကိုမြင်လိုက်ရရင်း စုန့်ချင်းရွှီမနေနိုင်ဘဲလက်မြှောက်ကာ သူ့ခေါင်းလေးကိုပွတ်ပေးရင်း ပြောမိသည်။

"မင်းတစ်ယောက်ယောက်ကိုချစ်မိသွားတဲ့အခါကျရင် မင်းရဲ့မျက်လုံးနဲ့မသိစိတ်ကတုံ့ပြန်မှုတွေကမင်းကိုလိမ်လို့မရဘူး။"


သူချပ်စ်ပြားကိုအရင်ကမထုတ်ပေးခဲ့ရသည့်အကြောင်းရင်းမှာ ကိုလိုနယ်လုကသက်သေရယူရန်ဆက်ကျော်သက်ကောင်လေးကိုအသုံးချနေတာဖြစ်မည်ကိုစိတ်ပူနေခဲ့သောကြောင့်ပင်။ သို့သော်မနေ့ကအဖြစ်အပျက်ကသူ၏သံသယများကိုလွင့်ပြယ်သွားစေသည်။ သူကသေရေးရှင်ရေးအခိုက်အတန့်မှာသူ့အသက်ကိုကယ်တင်ပေးခဲ့သည်ပင်။


သူအရင်ကသတိထားလွန်းအားကြီးသွားသည်ဟုစုန့်ချင်းရွှီခံစားလိုက်ရသည်။ 


ထို့အပြင် ဒီအဖြစ်အပျက်ကသိသိသာသာကိုလင်ရွှမ်းလော့နှင့်နီးကပ်သူတို့ကိုရည်ရွယ်ကာ သူတို့ကိုအပြတ်ရှင်းပစ်နေခြင်းပင်။ သေချာဂရုတစိုက်တွေးတောဆင်ခြင်ပြီးနောက် သူနောက်ဆုံးမှာသက်သေကိုလင်ခုံးလုနှင့်လုစစ်တို့ထံလွှဲပေးဖို့ဆုံးဖြတ်လိုက်တော့သည်။


လင်ခုံးလုလက်မြှောက်ကာသူ့ခေါင်းသူထိကြည့်လိုက်ချိန်တွင် ခပ်ဖျော့ဖျော့သွေးနံ့ရလိုက်သဖြင့် မသိလိုက်မသိဘာသာမေးမိသည်။

"အစ်ကိုဒဏ်ရာရထားတာလား။"


စုန့်ချင်းရွှီတစ်အောင့်မျှတန့်သွားကာ လက်ပြန်ချ၍ သူ့အကျီလက်ကိုပင့်တင်ပြီးကြည့်လိုက်ရာ ပတ်တီးကသွေးစိုနေခြင်းဖြစ်ကြောင်းမြင်လိုက်ရသော် သူရယ်မောလျက်ပြောမိသည်။

"နှာခေါင်းသိပ်ကောင်းတာပဲကွာ။"


စခန်းတစ်ခုလုံးအကြိမ်ပေါင်းများစွာအရှာခံခဲ့ရမှန်းလင်ခုံးလုတမဟုတ်ချင်းနားလည်သွားသည်။ ရှာတွေ့မခံရဖို့အလို့ငှာ စုန့်ချင်းရွှီကချပ်စ်ပြားကိုသူ့လက်မောင်းထဲမှာမြုပ်ထားခဲ့သည်။


တကယ်တော့ ချပ်စ်ပြားမြှုပ်ထားသည့်လက်မောင်းဟာလည်းကိရိယာဖြင့်စစ်ဆေးခံရလိမ့်မည်ဖြစ်ပေမဲ့ စုန့်ချင်းရွှီကဆရာဝန်တစ်ယောက်ဖြစ်သည့်အပြင် သူ့လိင်အမျိုးအစားကိုပင်ဖုံးကွယ်ထားနိုင်ပေရာ ချပ်စ်ပြားကိုဖုံးကွယ်ဖို့အထူးနည်းလမ်းတချို့ရှိရမည်ပင်။


ဒါကိုတွေးမိရင်း လင်ခုံးလုမှာလက်ထဲကချပ်စ်ပြားကိုပိုမိုတည်ငြိမ်သောမျက်နှာထားဖြင့်ဆုပ်လိုက်မိသည်။


သို့သော်လည်း ပတ်တီးပေါ်ကတောက်ပသောအနီရောင်နှင့်သူ့နှာဖျားထက်ရနေသည့်ခပ်ဖျော့ဖျော့သွေးနံ့ကိုရလိုက်ချိန်တွင် သူ့မျက်နှာမှာရုတ်ခြည်းဖြူရော်သွားရသည်။


တကယ်တော့ သူဟာသွေးမြင်ရင်ခေါင်းမူးတတ်တာမဟုတ်ဘဲ သွေးကိုသဘောမကျတာဖြစ်သည်။ သူသွေးထိလိုက်ချိန်တွင်လိပ်ပြာမသန့်ဖြစ်မိလိမ့်မည်ဖြစ်ရာ ထို့ကြောင့်သူ့မှာအသန့်ကြိုက်ရောဂါရှိလာခြင်းဖြစ်သည်။


လင်ခုံးလုကြာကြာမနေဘဲ ခပ်မြန်မြန်ထွက်လာခဲ့သည်။ ပြင်ပလူနာအဆောက်အအုံမှထွက်လာပြီး နေရောင်ခြည်ထဲမှာရပ်လိုက်မှသာ သူ့အသားအရောင်မှာပိုကောင်းလာပေသည်။


လုစစ်ကသူ့ကိုအောက်ထပ်မှာစောင့်နေပြီး အကြည့်တစ်ချက်တည်းနှင့်မူမမှန်ကိုမြင်သွားကာမေးလာသည်။

"ဘာဖြစ်တာလဲ။"


လင်ခုံးလုမဖုံးကွယ်ဘဲ သူ့ကိုတိုးတိုးပြောလိုက်သည်။

"ဒေါက်တာစုန့်ကချပ်စ်ပြားကိုသူ့လက်မောင်းထဲမှာဖွက်ထားတာလေ။ ကျွန်တော်ခုနကသူ့ကိုပတ်တီးလဲပေးခဲ့ရတယ်...."


"မင်းသွေးထိခဲ့တာလား။"

လုစစ်၏မျက်လုံးများမှာမသိမသာလှုပ်သွားကာမေးလိုက်မိသည်။

"တကယ်မူးတတ်တာလား။"


"ဟုတ်တယ်၊ သွေးနံ့ကမကောင်းဘူး။"

လင်ခုံးလုမှာကြက်ကလေးဆန်ဆိတ်သည့်ပမာခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်ပြီး ထို့နောက်သူ့ကိုပွေ့ဖက်ကာ သူ့ခေါင်းကိုသူ့လည်တိုင်မှာမြုပ်ထားလျက် ပြောမိသည်။

"မြန်မြန်လုပ်၊ ကျွန်တော်ကိုကို့ရဲ့ဇီးစိမ်းဝိုင်အနံ့ကိုရှူပါရစေနော်။"


လုစစ်၏မျက်နှာမှာရုတ်တရက်အမည်းစင်းများပေါ်လာသည်။


"မင်းကအိုမီဂါနော်၊ နည်းနည်းလောက်ခပ်ခွာခွာနေလို့မရဘူးလား။"

သူလက်မြှောက်ကာ ကောင်ငယ်လေး၏အနောက်ကော်လာကိုဆွဲ၍ သူ့ကိုဆွဲခွာကာ အလွန်သဘာဝမကျသောမျက်နှာထားဖြင့်လျှောက်ထွက်သွားသည်။


သူတို့နေရာကိုရောက်သွားချိန်တွင် လင်ခုံးလုမှာချက်ချင်းအိပ်ခန်းပြန်ပြီးရေချိုးချင်ပေမဲ့ ခြေနှစ်လှမ်းသာလျှောက်ရသေး၊ လုစစ်ကသူ့အနောက်ကော်လာကိုဆွဲကာ သူ့ကိုပြန်ဆွဲခေါ်သွားသည်။


"ဘာဖြစ်လို့လဲ။" သူခေါင်းမော့ကာ သံသယဖြင့်မေးမိသည်။


လုစစ်ကသူ့ရှေ့မှာလက်ဖြန့်ကာ အမူအရာမဲ့စွာပြောလာသည်။

"ကိုယ့်ကိုပြ။"


"...." လင်ခုံးလုတစ်အောင့်ကြာကြောင်အသွားပြီးမှ လုစစ်ကချပ်စ်ပြားအကြောင်းပြောနေမှန်းသဘောပေါက်သွားကာ သူဆွံ့အသွားရသည်။


ဟုတ်တာပေါ့၊ သူကသက်သေရှာဖို့တစ်ဖက်လူရှေ့တန်းကိုခေါ်လာတဲ့အသုံးချခံလေးပဲမလား။


"ဒီမှာယူလိုက်။" သူဒေါသတကြီးပြောလိုက်သည်။

"ဒေါက်တာစုန့်ကသာခင်ဗျားကိုပေးလို့ရတယ်မပြောရင်ကျွန်တော်ပေးမှာမဟုတ်ဘူး။"


လုစစ်ကချပ်စ်ပြားကိုထိခိုက်အောင်လုပ်မှာသူစိတ်မပူပေ။ တစ်ဖက်လူသာသက်သေကိုတကယ်ဖျက်ဆီးချင်တယ်ဆိုရင် ဖြစ်ရပ်များနောက်ကွယ်ကတရားခံပမာ မတော်တဆမှုဖန်တီးကာ စုန့်ချင်းရွှီနှင့်အခြားသူတို့ကိုသတ်လိုက်လို့ရှိရင် သူ့ရည်မှန်းချက်ပန်းတိုင်အောင်မြင်နိုင်ပေသည်။


သို့သော်လုစစ်မှာသိသိသာသာကိုထိုကဲ့သို့အစီအစဥ်မျိုးမရှိပေ။


သူကသူ့အရင်ဘဝကအဖြစ်အပျက်နှင့်ပတ်သတ်ပြီးအမှန်တရားကိုဖော်ထုတ်ချင်တာဖြစ်လောက်မှန်းလင်ခုံးလုခန့်မှန်းမိသည်၊ လင်ရွှမ်းလော့ကိုကယ်ချင်လို့မဟုတ်လောက်ပေမဲ့ အဆုံးသတ်ရလဒ်မှာအတူတူပင်ဖြစ်သည်။


သူထိုသို့တွေးမိပေမဲ့ ချပ်စ်ပြားကိုထုတ်ပေးလိုက်ချိန်တွင် လင်ခုံးလုအလွန်ဂရုစိုက်မိဆဲဖြစ်ကာ သူ့ကိုထပ်တလဲလဲပြောမိသည်။

"ဒေါက်တာစုန့်ကဒါကိုဖွက်ဖို့အတော်လေးကြိုးစားအားထုတ်ခဲ့တာမို့ ကိုကိုလုံလုံခြုံခြုံသိမ်းထားရမယ်နော်။"


လုစစ်ကချပ်စ်ကိုယူကာ သူ့ကိုတစ်ချက်ကြည့်၍ ဖော်ပြမရသောလေသံဖြင့်ပြောလာသည်။

"မင်းသူ့ကိုတကယ်ဂရုစိုက်တာပဲ။"


လင်ခုံးလု: "....." ယင်နဲ့ယန်ကထူးဆန်းတယ်။


သူရေချိုးပြီးထွက်လာချိန်တွင် လုစစ်ကအခန်းထဲမှာချပ်စ်ကိုအလုပ်လုပ်အောင်လုပ်နေဆဲဖြစ်ကြောင်းလင်ခုံးလုမြင်လိုက်ရတာမို့ တစ်ခုခုရှာစားရန်မီးဖိုချောင်ထဲဝင်သွားလိုက်သည်။


သက်သေရှာတွေ့သွားပြီမို့ သူကြယ်မြို့တော်ကိုချက်ချင်းပြန်သွားလို့ရပြီမှန်းစဥ်းစားမိရင်း သူစိတ်အခြေအနေကောင်းနေပြီး အရွက်သုပ်လုပ်လိုက်ပြီးနောက် ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ကာ အစာစားရင်းဒရာမာကြည့်ဖို့စီစဥ်ထားသည်။


သူဒရာမာကြည့်တော့မည်ကိုမြင်လိုက်ရရင်း လန့်စ်နှင့်မောက်မောက်ကချက်ချင်းပေါ်လာကာသူ့တစ်ဖက်တစ်ချက်စီမှာဝင်ထိုင်လာသည်။


လင်ခုံးလု: "....."


"မင်းတို့နှစ်ကောင်ကတံခါးစောင့်နတ်လိုပဲ၊ ဘာလုပ်နေကြတာလဲ။"

သူ့ခေါင်းထက်တွင်အမည်းစင်းတို့နှင့်အတူသူမေးလိုက်သည်။


"ဒရာမာကြည့်နေတာ။" လန့်စ်၏အသံမှာအတက်မကျမရှိပေ။


မောက်မောက်ကကပြာကယာပြုံးကာ လန့်စ်ကိုယ်စားရှင်းပြလာသည်။

"သူ့အကောင့်မရှိတော့လို့ သူကကျွန်တော်တို့နဲ့အတူဒရာမာကြည့်ချင်လို့တဲ့။"


"ငါတို့?"

လင်ခုံးလုအထက်အောက်ကြည့်ကာပြောမိသည်။

"ငါကဘယ်တုန်းကမင်းနဲ့'ငါတို့'ဖြစ်သွားတာလဲ။ ငါအရင်တစ်ရက်ကပဲမင်းကိုပိုက်ဆံထည့်ပေးခဲ့တာလေ။"


"အဲ့ဒီ့.....ပိုက်ဆံကကြိုကြည့်ဖို့အတွက်သုံးလိုက်မိတယ်။"

ထိုသို့ပြောလိုက်ပြီးနောက် မောက်မောက်ခေါင်းငုံ့ကာ သူ့ကိုမဝံ့မရဲတစ်ချက်ခိုးကြည့်လိုက်မိသည်။


လင်ခုံးလု: "...." ထားလိုက်တော့၊ အတိတ်မေ့ချင်ယောင်ဆောင်ပြီး ငါ့အတွက်"ဖုံးကာ"ပေးထားတဲ့ကိစ္စကြောင့် ငါမင်းကိုပိုက်ဆံထပ်ထည့်ပေးလိုက်မယ်။


ဒါပေမဲ့ ကြောင်လေး၊ မင်းပိုက်ဆံချွေတာဖို့လိုတယ်နော်၊ ပါးပါးကပိုက်ဆံရှာရလွယ်တာမဟုတ်ဘူး၊ သူကသူ့ပါးစပ်ကိုဟပြီး မင်းရဲ့ဖိုးဖိုးနဲ့ဦးဦးကိုသူလိုချင်တာတောင်းဆိုလိုက်ရုံပဲ။


ပိုက်ဆံထည့်ပေးပြီးနောက် လင်ခုံးလုကလန့်စ်ကိုကြည့်လိုက်ပြန်ကာ မနေ့ကဒီငတုံးမက်ခါ၏အချိန်မီတုံ့ပြန်မှုကလူတိုင်းကကယ်လိုက်နိုင်မှန်းသတိရသွားရင်း သူ့ကိုပါဆုပေးဖို့ဆုံးဖြတ်လိုက်တာမို့ သူမေးလိုက်သည်။

"လန့်စ်၊ မင်းလိုချင်တာရှိလား။"


လန့်စ်မသိလိုက်မသိဘာသာခေါင်းခါလိုက်မိပေမဲ့ မောက်မောက်ကအရင်ပြောလာသည်။

"သူကပန်းရောင်ဆိုးချင်နေတာ။"


လန့်စ်မှာကြောက်လန့်သွားသည့်အလား ချက်ချင်းပြင်းထန်စွာခေါင်းခါပြမိသည်။


ဒါပေမဲ့လင်ခုံးလုပြောလိုက်သည်။

"ဒါကရိုးစင်းပါတယ်၊ ငါမင်းကိုဆိုးပေးလို့ရတယ်။ ဒါမှမဟုတ် ငါတစ်ယောက်ယောက်ကိုအဆင်သင့်ပြင်ခိုင်းထားလိုက်မယ်၊ ငါအခုပဲမင်းကိုဆေးဆိုးပေးမယ်လေ။"


လန့်စ်: "!!!"


သူရှက်ရွံ့စွာလှုပ်ခတ်သွားရပေမဲ့ တုံ့ဆိုင်းနေမိဆဲပင်။

"ဒါ...မကောင်းဘူးလားလို့၊ ကျွန်တော့်သခင်ကပြောတယ်၊ ပန်းရောင်အိုမီဂါကဒေါသကြီးတယ်တဲ့၊ အယ်ဖာလောက်မကောင်းဘူးတဲ့၊ သူ...." ဒေါသထွက်သွားလိမ့်မယ်။


"သူကအယ်ဖာရူးရူးနေတာနေမှာ။"

ဒါကိုကြားသော်လင်ခုံးလုချက်ချင်းခွန်းတုံ့ပြန်မိသည်။

"ဘာဖြစ်လို့လဲ။ ပန်းရောင်ကဘာလို့ဒေါသကြီးရမှာလဲ။ အင်တာနက်ပေါ်ကလူတွေပြောတာကိုမကြားဖူးဘူးလား၊ 'မင်းပန်းရောင်ပုံပေါက်လေလေ လူတွေကိုပိုပြီးပြင်းပြင်းထန်ထန်ရိုက်နိုင်လေလေ'တဲ့လေ? ပန်းရောင်ကလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့သကေ်တပဲ။"


လန့်စ်: "အဲ့..အဲ့လိုလား။"


"ဒါပေါ့၊ AIမှာလည်းလူသားဥပဒေရှိတယ်၊ သူမင်းကိုမင်းကြိုက်တဲ့အရောင်ဆိုးခွင့်မပေးတာက 'AIတရားဥပဒေ'ကိုဖီဆန်နေတာပဲ။" 

လင်ခုံးလုပြောလိုက်သည်။

"ဒီတော့မင်းဘာဆိုးချင်တာလဲ၊ နည်းနည်းတောက်တာဆိုးလို့ရလား။"


"အွန်း...ရတယ်။"

လန့်စ်တဖြည်းဖြည်းချင်းစိတ်ပါလာချေသည်။


သခင်ကမနေ့ကလုံခြုံရေးကိုဂရုမစိုက်ဘဲ သခင်လေးကိုသွားကယ်ခဲ့တယ်။ သူသခင်လေးနဲ့ချစ်နေတာဖြစ်ရမယ်။ အနှေးနဲ့အမြန် သခင်လေးကအိမ်ရဲ့ပိုင်ရှင်အသစ်ဖြစ်လာမှာပဲ။ အနာဂတ်ပိုင်ရှင်ကသူ့ကိုဆေးဆိုးပေးချင်နေတာကို သူငြင်းဆန်လို့ရမလားနော်?


ဒါ့အပြင် ဒရာမာကြည့်ထားတဲ့သူ့အတွေ့အကြုံအရဆိုရင် သခင်လေးသာမိသားစုဝင်ဖြစ်လာတဲ့အခါကျရင် သခင်တောင်သူ့စကားနားထောင်ရမှာပဲ။ ဒါကိုဘယ်လိုခေါ်ရမလဲ.... စည်းကမ်းကြီးတဲ့ဇနီးရဲ့ထိန်းချုပ်မှုလား?


စမ်းစစ်ကြည့်ပြီးနောက် လန့်စ်နောက်ဆုံးမှာနိဂုံးချုပ်လိုက်သည်: ဒီပန်းရောင်လေးဆိုးမယ်။


သို့ဖြစ်၍ လုစစ်ချပ်စ်ပြားကိုလေ့လာပြီးနောက် ရေထွက်သောက်ချိန်တွင် အသစ်စက်စက်လန့်စ်ကိုမတော်တဆဖျတ်ခနဲမြင်လိုက်ရကာ သူရေထွေးထုတ်လို့နီးပါးဖြစ်သွားရသည်။


"ဒါဘာလဲ။"

သူမည်းမှောင်သောမျက်နှာနှင့်မေးမိသည်။

"မင်းကိုဘယ်သူဆိုးပေးတာလဲ။"


လန့်စ်: "...."


သခင်လေးဘာလို့ဒီမှာမရှိရတာလဲ။ သူဒေါသကိုတစ်ယောက်ထဲရင်ဆိုင်ရုံသာတတ်နိုင်သည်။


တကယ်တော့ လင်ခုံးလုကလက်ဖဝါးစာအစိတ်အပိုင်းနှစ်ခုနှင့်လိုင်းတချို့ကိုသာဆိုးပေးခဲ့ခြင်းပင်။ ပုံသဏ္ဍာန်မှာဒီဇိုင်းတစ်မျိုးရှိသည်။ မက်ခါတစ်ခုလုံးမှာငွေရောင်နှင့်အနက်ရောင်ဖြစ်နေဆဲပင်။ ၎င်းမှာရုပ်မဆိုးရုံတင်သာမက ဖက်ရှင်ကျလို့နေသည်။


သို့သော် လင်ခုံးလုက၎င်းကိုဆေးဆိုးပေးခဲ့မှန်းသိလိုက်ရချိန်တွင် လုစစ်မျက်နှာမှာပို၍ပင်မည်းမှောင်သွားကာမေးလာသည်။

"မင်းအခုတလောသူနဲ့အဲ့ကြောင်နဲ့ဆက်ဆံရေးကောင်းနေတာပဲ?"


လန့်စ်: "ကျွန်တော့်အထင် သခင်ကသူနဲ့ဒိတ်လုပ်နေတော့ သိပ်မကြာခင်သူကကျွန်တော့်သခင်အသစ်ဖြစ်လာ...."


"ငါသူနဲ့တွဲနေတယ်လို့ဘယ်သူပြောလဲ။"

လုစစ်၏မျက်နှာမည်းမှောင်သွားရသည်။


လန့်စ်: "အမ်၊ မဟုတ်ဘူးလား။ ဒါဆိုသခင်သူ့ကိုမနေ့ကကယ်ခဲ့တာက...."


"အဲ့ဒါက..."

လုစစ်မသိလိုက်မသိဘာသာခွန်းတုံ့ပြန်ချင်ပေမဲ့ ပြောစရာစကားပျောက်ဆုံးသွာစရသည်။ တစ်အောင့်ကြာအာစေးမိနေပြီးမှ သူမျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"ငါ...ဂိမ်းကစားနေရုံပဲ။"


လန့်စ်: "?"


လုစစ်သူ့ကိုတစ်ချက်ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"သူကအခုမှတ်ဉာဏ်ပျောက်နေပေမဲ့ သူကအတိတ်တုန်းကသူအမုန်းဆုံးလူဖြစ်တဲ့ငါနဲ့ချစ်ကျွမ်းဝင်နေတယ်လေ။ သူမှတ်ဉာဏ်ပြန်ရလာတဲ့အခါကျရင် အမှန်တရားကိုသိသွားလိမ့်မယ်။ အံ့သြစရာမကောင်းဘူးလား။"


လန့်စ်: "...." ဒါပေမဲ့ ကျွန်တော့်ရဲ့ဒရာမာကြည့်တဲ့အတွေ့အကြုံအရဆိုရင် ဒီလိုဇာတ်အိမ်မျိုးရဲ့နောက်ပိုင်းတိုးတက်မှုကယေဘုယျအားဖြင့်တော့ဂိမ်းကစားနေတဲ့လူကိုယ်တိုင်ချစ်မိသွားတာပဲ။


ဒါပေမဲ့သူဉာဏ်အမျှော်အမြင်ရှိစွာဘာမှမပြောတော့ဘဲ တွန့်ဆုတ်စွာမေးလိုက်မိသည်။

"ဒါဆိုကျွန်တော်အရောင်ပြန်ဆိုးရမှာလား။"


လုစစ်သူ့ကိုတစ်ချက်ကြည့်ကာ တစ်အောင့်မျှတွေးပြီးမှပြောလိုက်သည်။

"မလိုဘူး။"


လန့်စ်: "?"


လုစစ်: "အရမ်းကြီးတော့ရုပ်မဆိုးပါဘူး။"


လန့်စ်: "...."


"ဒါနဲ့စကားမစပ်၊ မနက်ဖြန်ကြယ်မြို့တော်ကိုပြန်သွားဖို့သခင်လေးထုပ်ပိုးတာကိုကူညီဖို့ကြောင်ကိုပြောလိုက်။ ပြီးတော့ငါ့ကိုအနာကျက်ဆေးတစ်ပုလင်းသွားဝယ်ပေးအုံး။"

လုစစ်အမိန့်ပေးလိုက်ပြန်သည်။


"သခင်ဒဏ်ရာအပြင်းအထန်ရထားလို့လား။"

လန့်စ်မသိလိုက်မသိဘာသာမေးမိသည်။


"တစ်စုံတစ်ယောက်ကသွေးမြင်ရင်ခေါင်းမူးတတ်တယ်လေ။"

လုစစ်ပတ်တီးစီးထားသည့်သူ့လက်မောင်းကဒဏ်ရာကိုတစ်ချက်ကြည့်ကာ မထူးခြားမခြားနားပြောလိုက်သည်။


_______________________________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


မောက်မောက်: မင်းဒီနေ့ဘာဒရာမာကြည့်နေတာလဲ။


လန့်စ်: "လှည့်စားခြင်း: ငါ့အယ်ဖာကTsundereပဲ"။


______________________