Chapter(14)
Viewers 10k

သူမကြာခင်ကြယ်မြို့တော်ကိုပြန်သွားလို့ရတော့မည်ကိုလင်ခုံးလုသိနေပေမဲ့ ဒီလောက်မြန်လိမ့်မည်ဟုမထင်ထားမိပေ။ သူမနက်အိပ်ရာမနိုးခင် မောက်မော​က်ကသူ့ကိုလာနှိုးကာ စစ်သဘော်ပေါ်ဆွဲခေါ်သွားသည်။


သဘော်ပေါ်ရောက်သွားပြီးနောက် သူသမ်းဝေ​ကာ လုစစ်ဆီသွားပြောမိသည်။

"ဘာလို့ဒီလောက်အလျင်လိုနေရတာလဲ။ ကျွန်တော့်မှာဒေါက်တာစုန့်ကိုနှုတ်ဆက်ဖို့အချိန်မရှိလိုက်ဘူး။"


လုစစ်သူ့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။

"ဒါဆိုမင်းအခုပြန်သွားပြီး ဒေါက်တာစုန့်ကိုမင်းမပြန်ခင် မင်းအတွက်သုံးရက်သုံးညဖျော်ဖြေခိုင်းပြီးတော့ စားသောက်ပြီးစကားပြောခိုင်းပါလား။"


လင်ခုံးလု: "....." ယင်နဲ့ယန်ကထူးဆန်းတယ်။


သခင်လေးနင်သွားသည်ကိုမြင်လိုက်ရရင်း လုစစ်အကြည့်ပြန်ရုတ်ကာ မှင်သေသေပြောလိုက်သည်။

"ကိုယ်ချပ်စ်ပြားကိုရပြီးပြီမို့ ကိုယ်အဲ့ဒါကိုသိမ်းထားလို့ရှိရင်မတော်တဆတွေဖြစ်ဖို့လွယ်တယ်။ လေ့ကျင့်ရေးတုန်းကပြဿနာရှာခဲ့တဲ့မက်ခါပိုင်းလော့တွေကိုလည်းကြယ်မြို့တော်ကိုအမြန်ဆုံးပို့ပေးရအုံးမယ်။"


"ချပ်စ်ပြား...ကိုကိုတစ်ခုခုရှာတွေ့လား။"

လင်ခုံးလုမေးလိုက်သည်။


လုစစ်ကသူ့ကိုမလိမ်ဘဲ တိုက်ရိုက်ပြောလာသည်။

"စုန့်ချင်းရွှီပြောတာမှန်တယ်၊ လင်ရွှမ်းလော့ကတပ်ပြန်ရုတ်ခိုင်းတဲ့အမိန့်ကိုရရှိပြီးနောက်မှာ တစ်ယောက်ယောက်ကပိုမြင့်တဲ့အမိန့်ပေးလာတယ်၊ အနောက်မှာမပြောင်းရွှေ့ရသေးတဲ့အရပ်သားတွေရှိနေသေးတာမို့ သူတို့ကိုကယ်တင်ပေးရမယ်တဲ့။"


"ဒါပေမဲ့တကယ်တော့ အဲ့ဒီ့တုန်းကအရပ်သားတွေအကုန်လုံးကိုပြောင်းရွှေ့ပေးပြီးသား၊ သူတို့ကိုကယ်ခိုင်းတာကလုံးဝအဓိပ္ပါယ်မရှိဘူး။"

လင်ခုံးလုမသိလိုက်မသိဘာသာပြောမိသည်။


လုစစ်: "...ဒေါက်တာစုန့်မင်းကိုပြောပြပြန်တာလား။"


လင်ခုံးလု: "အွန်း။"


"ဒါဆို မင်းသူ့ကိုပဲဘာလို့တိုက်ရိုက်မမေးလိုက်တာလဲ။"

လုစစ်ကဗလာကျင်းစွာပြောလာသည်။


လင်ခုံးလု: "...." ဇာတ်လိုက်ဒီနေ့ယမ်းမှုန့်စားခဲ့တာလား။


"အမိန့်ရဲ့အရင်းအမြစ်ကကုဒ်တွေနဲ့ဖွဲ့စည်းထားတာ၊ စစ်တပ်ရဲ့အထက်ပိုင်းဘဲသိလိမ့်မယ်။ သူမဖော်နိုင်ဘူးလေ။ ကိုကိုကဒီလောက်တော်တာကို အဲ့ဒါဘယ်သူလဲကိုကိုသိကိုသိရမယ်။"

သခင်လေးက"အတိတ်မေ့မှု"အပြီးမှာကွေးနိုင်ဆန့်နိုင်ပြီး ချက်ချင်းဖားလိုက်သည်။


လုစစ်ခပ်ဖွဖွနှာမှုတ်လိုက်ပုံမှာ စိတ်မယိုင်သွားသည့်အလား ဒါပေမဲ့ဆက်ပြောလိုက်သည်။

"အမိန့်ထဲမှာပဋိပက္ခရှိတယ်၊ လင်ရွှမ်းလော့ကအတည်ပြုရမှာဆိုပေမဲ့ ဆက်သွယ်ရေးစနစ်ကပိတ်ကျသွားတာပဲ။ ဟုတ်တာပေါ့၊ ဒါကလူလုပ်တာဖြစ်နိုင်တယ်။ လေ့ကျင့်ရေးတုန်းကပြဿနာဖြစ်စေခဲ့တဲ့အတွင်းလူမှာသဲလွန်စရှိလောက်တယ်။"


"ပိုမြင့်တဲ့အမိန့်ပေးခဲ့တဲ့တစ်ယောက်က...."

လင်ခုံးလုမေးလိုက်ပြန်သည်။


လုစစ်ကပြုံးကာဆိုသည်။

"မင်းရဲ့အစ်ကိုကြီးကလည်းမင်းအဖေကြောင့်ဆွဲသွင်းခံလိုက်ရတာပဲ။"


ဘာကိုဆိုလိုတာလဲ။ လင်ခုံးလုတစ်အောင့်မျှကြောင်အမ်းသွားပြီးမှ ရုတ်ခြည်းနားလည်သွားရသည်။


လွန်ခဲ့သောနှစ်လခန့်က လင်ပါးပါးကဝန်ကြီးရာထူးအတွက်ရွေးကောက်ပွဲမှာရှေ့ဆုံးကဦးဆောင်နေတာမို့ သူဟာနောက်တက်မည့်ဝန်ကြီးဖြစ်လာလိမ့်မည်ဟုမီဒီယာကကြိုတင်ခန့်မှန်းခဲ့သည်။ သို့သော်သိပ်မကြာခင် လင်ရွှမ်းလော့မှာတစ်ခုခုဖြစ်သွားခဲ့ပြီး ထို့နောက်လင်ပါးပါးမှာဆွဲသွင်းခံလိုက်ရသည်။


ထိုတိုက်ပွဲမှာအသေအပျောက်များစွာရှိခဲ့ပြီး ရှေ့တန်းကစစ်သားများမှာမှာမိဘ၊ ဇနီးနဲ့ကလေးများရှိကြသည်ပင်။ ဘယ်သူ့မိသားစုဝင်ကဝမ်းမနည်းဘဲနေမလဲ။


ပုံမှန်အသေအပျောက်သာဆိုရင် လူတိုင်းဝမ်းနည်းပေမဲ့လက်ခံနိုင်သည်။ သို့သော်ကွန်မန်ဒါကတပ်ပြန်ရုပ်ခိုင်းသည့်အမိန့်ကိုလျစ်လျူရှုပြီး သူ့ကိုယ်ကျိုးအတွက်တိုက်ပွဲကိုအနိုင်ရအောင်ခေါင်းမာမာနှင့်ဆက်တိုက်ခဲ့လို့ အသေအပျောက်များစွာဖြစ်ပေါ်စေခဲ့တာသာအမှန်ဆိုရင် လူတို့လက်ခံလိမ့်မည်မဟုတ်။


နောက်ကျတော့ ဒါသာလင်ပါးပါးကရွေးကောက်ပွဲအတွက်မဲရစေရန်အလို့ငှာ သူ့သားကိုတိုက်ပွဲနိုင်အောင်တိုက်ဖို့တမင်သက်သက်ပြောခဲ့တာကြောင့်ဖြစ်သည်ဟုလူတချို့ကပင်ဆိုလာကြသည်။


"ပါးပါးရဲ့ရွေးကောက်ပွဲနဲ့တစ်ခုခုဆိုင်နေတာလား။"

လင်ခုံးလုမျက်မှောင်ကြုတ်မိသည်။


လုစစ်က"အင်း"ဟုဆိုကာပြောလာသည်။

"ဒါပေမဲ့ဒီသက်သေနဲ့ဆိုရင် တစ်ဖက်လူရဲ့အစီအစဥ်ကအလုပ်ဖြစ်မှာမဟုတ်တော့ဘူး။"


ထိုသို့ပြောရင်း သူကလင်ခုံးလုကိုရုတ်တရက်ကြည့်ကာ အဓိပ္ပါယ်ရှိရှိပြောလာသည်။

"ဂုဏ်ယူပါတယ်ကွာ၊ မင်းကအထည်ကြီးပျက်မိသားစုသခင်လေးဖြစ်လာမဲ့ကံကြမ္မာကိုရှောင်လွှဲလိုက်နိုင်ပြီပဲ။"


လင်ခုံးလု: "...." မင်းကြည့်ရတာသိပ်ကိုနောင်တရနေတဲ့ပုံပဲနော်?


လုစစ်ကသူမှတ်ဉာဏ်တကယ်ပျောက်မပျောက်စမ်းသပ်နေတာဖြစ်လောက်မည်ဟုသူခံစားလိုက်ရပေမဲ့ သူကဘယ်သူလဲ။ သိပ်တော်တဲ့သရုပ်ဆောင်ဧကရာဇတစ်ဆူပဲဟာ ဒီစကားလုံးနည်းနည်းလေးကြောင့်ဖော်ထုတ်ခံလိုက်ရမယ်တဲ့လား။


လင်ခုံးလုစိတ်ပြောင်းလိုက်ပြီး ချက်ချင်းရှေ့တိုးကာ လုစစ်၏ပါးကိုခပ်မြန်မြန်နမ်းလိုက်ပြီး ရိုးသားစစ်မှန်သောအပြုံးလေးနှင့် အလေးအနက်ပြောလိုက်သည်။

"ဒါကကိုကိုအားစစ်ကိုကျေးဇူးတင်ရမယ်၊ ကိုကိုကကျွန်တော့်အပေါ်ကောင်းတာပဲ။"


လုစစ်၏တစ်ကိုယ်လုံးတောင့်ခဲသွားရကာ သူထိုသို့လုပ်လာလိမ့်မည်ဟုလုံးဝမထင်ထားမိပေ။ သခင်လေးမှတ်ဉာဏ်ပျောက်သွားပြီးနောက်ပိုင်း သူက"ခပ်ခွာခွာနေ"ဆိုတာကိုတကယ်မသိတော့ဘူးလား။


ဒါပေမဲ့တကယ်တော့ သူ့ကိုနမ်းသွားသည့်သခင်လေးမှာစိတ်ထဲတွင်အော်ဟစ်လို့နေသည်။

"ဆုံးရှုံးမှုကြီးပဲ၊ ဆုံးရှုံးမှုကြီးပဲ၊ ငါ့first kissလေး!"


0687: "မင်းသူ့နှုတ်ခမ်းကိုမနမ်းခဲ့တာမို့ အဲ့လိုတွက်လို့မရဘူး။"


လင်ခုံးလု: "မင်းဘာလို့မကာပေးခဲ့တာလဲ။"


0687: "....." အဲ့လိုလား။ ဒီအဆင့်မှာ ဒိုင်းကာကိုသုံးလို့မရဘူးလေရော်!


လုစစ်အသိပြန်ဝင်လာဖို့အချိန်အတော်လေးကြာသွားသည်။ သူခေါင်းလှည့်ကာလူငယ်လေးကိုကြည့်ပြီး တောင့်တင်းသောလေသံဖြင့်ပြောလိုက်သည်။

"အခုကစပြီး....အဲ့လိုမလုပ်နဲ့တော့။"


"ဘာလို့လဲ။ ကိုကိုမကြိုက်ဘူးလား။"

လင်ခုံးလုဟန်ဆောင်ပန်ဆောင်မေးလိုက်သည်။


"အဟွတ်၊ ကိုယ်တို့ကစစ်သဘော်ပေါ်မှာလေ၊ အမြင်မသင့်တော်ဘူး။"

လုစစ်သူ့နှုတ်ခမ်းထက်လက်သီးတင်ကာ ခပ်ဖွဖွချောင်းဟမ့်လျက် သူ့စိတ်ခံစားချက်များကိုဖုံးကာလိုက်ရသည်။


သူကြိုက်မကြိုက်ဆိုတာကတော့ အရမ်းမြန်လွန်းတယ်၊ အရမ်းခပ်ဖွဖွလေးဖြစ်လွန်းတယ်၊ ငှက်မွှေးဖြတ်တိုက်သွားသလိုပဲ၊ သူ့မှာအချိန်မရှိလိုက်...တော်၊ တော်လိုက်တော့!


သူထိုခံစားချက်ကိုပြန်တွေးကာခံစားကြည့်မိနေမှန်းသဘောပေါက်သွားရင်း လုစစ်၏မျက်နှာထားမှာရုတ်ခြည်းအနည်းငယ်သဘာဝမကျဖြစ်လာသည်။


သူချက်ချင်းခပ်ခွာခွာနေကာ ချပ်စ်ပြားကိုထုတ်၍ လင်ခုံးလုကိုပြန်ပေးပြီးပြောလိုက်သည်။

"မင်းအဖေကိုပေးလိုက်၊ ဘာလုပ်ရမလဲသူသိတယ်။ အခြားအရာတွေကိုတော့ မင်းမပြောတာပိုကောင်းမယ်။"


သူသိသည်၊ ဒီဖြစ်ရပ်နှင့်အနာဂတ်မှာသူ့ကိုချောက်ချသည့်ကိစ္စကြားမှာဘာဆက်နွယ်မှုကိုမျှလုစစ်ရှာမတွေ့ခဲ့ပေ။ တစ်နည်းဆိုရသော် အနည်းဆုံးတော့အခုဒီကိစ္စကလုစစ်ကိုမဟုတ်ဘဲ လင်ရွှမ်းလော့နှင့်လင်ပါးပါးကိုသာရည်ရွယ်ခြင်းဖြစ်ပေသည်။


ဒါပေမဲ့အရင်ဘဝတုန်းက လင်ရွှမ်းလော့ဟာစွဲချက်ကိုမရှင်းနိုင်ခဲ့တာမို့ ဒီကိစ္စကနောက်ပိုင်းပေါ်ထွက်လာကာ လုစစ်ကိုလင်ရွှမ်းလော့ကိုချောက်ချခဲ့သည်ဟုဆိုရင်း လုစစ်ကိုဆန့်ကျင်သောသက်သေအဖြစ်အသုံးချခံခဲ့ရသည်။


ဒါပေမဲ့ ဒီကိစ္စကိုဘာလို့ရေးကြီးခွင်ကျယ်လုပ်ရတာလဲ။ ဒီအကြောင်းပြချက်ကြောင့် လုရန်ကျားတောင်လင်ခုံးလုအတုဖန်တီးဖို့တုံ့ဆိုင်းမနေခဲ့ပေ။


လင်ခုံးလုတစ်အောင့်မျှအဖြေရှာမရပေ၊ အမြှောက်စာဇာတ်ကောင်အနေနှင့် သူ့အဆင့်အတန်းနဲ့ပတ်သတ်ပြီးတစ်ခုခုထူးခြားတာရှိနေတာလား။


စစ်သဘော်ကြယ်မြို့တော်ကိုဆိုက်ရောက်သွားပြီးနောက် လင်ခုံးလုကစစ်သဘော်ထဲမှလျှောက်ထွက်လာရာ သိပ်မဝေးသောနေရာတွင်ကျားတစ်ကောင်၏မျက်နှာဖြင့်ရပ်နေသည့်လင်ပါးပါးကိုမြင်လိုက်ရသည်။


ကြည့်ရတာတော့သူရှေ့တန်းကိုသွားတာပေါ်သွားပုံပင်။


လင်ခုံးလုမှာကြောက်လွန်းလို့ လုစစ်နောက်မှာခပ်မြန်မြန်ပုန်းကာတီးတိုးပြောလိုက်သည်။

"နောက်ကျရင်ကျွန်တော့်ကိုကောင်းတာတစ်ခုခုပြောပေးနော်၊ မဟုတ်ရင်ကိုကိုရဲ့ဇနီးလေးကိုဆုံးရှုံးလိုက်ရလိမ့်မယ်။"


လုစစ်: "...."


လင်ပါးပါးကသူတို့နှစ်ယောက်ရှေ့ခြေလှမ်းကျယ်ဖြင့်လျှောက်လာပြီး သူကအရင်ဆုံးလုစစ်ကိုယဥ်ကျေးစွာနှုတ်ဆက်ပြီးမှ သူ့နောက်ကလင်ခုံးလုကိုလက်ညိုးထိုးကာပြောလာသည်။

"ထွက်ခဲ့။"


ဟုတ်တာပေါ့၊ လင်ခုံးလုမထွက်ရဲတာမို့ လုစစ်၏ခါးကိုအနောက်ကလှမ်းတို့ကာ သူ့ကိုမြန်မြန်ကူညီဖို့တိုက်တွန်းလိုက်သည်။


လုစစ်၏ခန္ဓာကိုယ်တောင့်တင်းသွားရကာ သူ့မျက်နှာထားကရုတ်တရက်အနည်းငယ်ထူးဆန်းလာသည်။


သူအစကရှိုးကောင်းကောင်းကြည့်ဖို့စီစဥ်ထားပေမဲ့ အခုတော့သူ့လက်ကိုတိတ်တိတ်လေးနောက်ပစ်ကာ လင်ခုံးလုလက်ကိုလှမ်းဆွဲပြီး ခပ်ပြင်းပြင်းဖျစ်ညှစ်ပစ်လိုက်သည်။


လင်ခုံးလုမှာဆွဲဆိတ်ခံလိုက်ရချိန်တွင်အကောင်ငယ်လေးပမာညည်းညူလိုက်မိသည်။


"အန်ကယ်စိတ်လျှော့ပါ၊ ဒီတစ်ခေါက်ရှေ့တန်းကိုသွားဖို့ကျွန်တော်ရှောင်လုကိုအကြုံပြုခဲ့တာမို့ သူ့ကိုအပြစ်မတင်ပါနဲ့။"

လုစစ်ပြုံးလိုက်ပေမဲ့ သူ့အသံမှာအံကြိတ်ထားရာမှထွက်လာသ​ယောင်။

"ဒါနဲ့စကားမစပ် ရှောင်လုကဒီတစ်ခေါက်ကြီးမားတဲ့ကိစ္စကိုလုပ်ခဲ့တယ်လေ။"


သူပြောရင်းဖြင့် သူကကောင်လေးကိုအနောက်မှဆွဲထုတ်ကာ ဆက်ပြုံးထားလိုက်သည်။

"ဟုတ်တယ်မလား၊ ရှောင်လု?"


လင်ခုံးလု: "အဟမ်း၊ ဟုတ်တယ်၊ ဒါပေမဲ့ကိုကိုအားစစ်ကလည်းကျွန်တော့်ကိုအများကြီးကူညီပေးခဲ့ပါတယ်...."


ကိုကိုအားစစ်?


လင်ပါးပါးသူတို့နှစ်ယောက်ကိုသက်ာမကင်းကြည့်လိုက်မိသည်။ သူရှေ့တန်းရက်အနည်းငယ်သွားလိုက်တာ သူတို့ဆက်ဆံရေးကဒီလောက်မြန်မြန်ကြီးတိုးတက်လာတယ်လား။


ကားထဲမှာလင်ပါးပါးကဖြစ်စဥ်တစ်ခုလုံးကိုနားထောင်ပြီး သားကြီး၏စွဲချက်ကိုရှင်းလို့ရမှန်းသဘောပေါက်သွားသည်။ သူပျော်ရမလားဝမ်းနည်းရမလားမသိလေတော့။


သူကဒီသားငယ်လေးကိုအမြဲတမ်းအလိုလိုက်ထားခဲ့ပြီး အခြားသူတို့ကိုသင်ခန်းစာပေးရန်ကျားမျက်နှာဆင်မြန်းထားခဲ့ဖူးသည်။ အခုတော့လင်ခုံးလုပေါက်ကွဲမှုကြုံကာ မှတ်ဉာဏ်ပျောက်သွားမှန်းကြားလိုက်ရသည်။ သူချက်ချင်းသားငယ်လေး၏ခေါင်းကိုစိတ်ဖိစီးစွာပုတ်ပေးကာပြောမိသည်။

"မင်းထိခိုက်ခဲ့တယ်လား။ ဝေ့၊ မင်းကိုဘယ်သူကဒီလိုလျှောက်ပြေးခိုင်းလို့လဲ။ မင်းကိုအချိန်မီကယ်ပေးခဲ့တဲ့လုစစ်ကိုကျေးဇူးတင်ရမယ်၊ မဟုတ်ရင်မင်းအဲ့ကြယ်သူခိုးဖမ်းတာခံလိုက်ရလို့ ငိုစရာနေရာမရှိဖြစ်နေမယ်။"


လင်ခုံးလု: "....." ပါးပါးသာတကယ့်အဖြစ်မှန်ကိုသိသွားလို့ရှိရင် ကျွန်တော်ဒီအမြှီးကြီးနဲ့ဝံပုလွေကိုချဲ့ကားပြောတာမဟုတ်မှန်းပါးပါးသိသွားလိမ့်မယ်။


တိကျသောသက်သေနှင့် လုစစ်ကလေ့ကျင့်ရေးအတွင်းပြဿနာဖြစ်စေခဲ့သည့်အတွင်းလူအများအပြားကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့ကသူတို့ကိုသတ်ဖို့ကြိုးစားခဲ့သည်ဟုသံသယဝင်မိသည့်အချက်ကြောင့် လင်ရွှမ်းလော့၏အမိန့်မနာခံမှုကအမြန်ဆုံးပြန်လည်စုံစမ်းစစ်ဆေးခံလိုက်ရသည်။


သူရှေ့တန်းမှာရှိနေတုန်းက လုစစ်ကသေသေခံမလိုတာမို့ ထိုလူတို့ကိုစစ်မမေးခဲ့ပေ။ သူကစစ်မေးစဥ်အတွင်းထိုလူတို့၏မျက်လုံးနှင့်တုံ့ပြန်မှုများကိုသာသေချာဂရုတစိုက်စူးစမ်းလေ့လာဖို့လိုအပ်သဖြင့် သူအကြမ်းဖျင်းခန့်မှန်းလို့ရသည်။


ဒါပေမဲ့စစ်ဆေးမေးမြန်းရေးအဖွဲ့ကသီးသန့်စစ်မေးရန်လိုအပ်ပြီး သူတို့၏စစ်မေးချက်ကအလွန်ပြင်းထန်လှပေရာ သူတို့ပါးစပ်ကိုဖွင့်အောင်လုပ်ဖို့သိပ်မကြာလိုက်ပေ။


ထို့နောက်ချက်ချင်းပင်၊ "Dawn"ပေါ်ရှိပင်မချပ်စ်ပြားဟာလည်းပြန်စစ်ဆေးခံလိုက်ရသည်။


ကြိုးကိုင်သူများမှာအလွန်ကျွမ်းကျင်လှပြီး ဖျက်ထားသည့်အရိပ်အ​ယောင်များကိုရှာရတကယ်ခက်ပေမဲ့ လင်ခုံးလုကသူ့ကိုတိတ်တခိုးကူညီပေးဖို့0687ကိုပြောပြီး အတည်ပြုဌာနကအရိပ်အယောင်များကိုရှာတွေ့သွားစေ ရုံတင်သာမက ဖျက်ထားသည့်အချက်အလက်ကိုပါတိုက်ရိုက်ပြန်ရောက်လာစေသည်။


ထိုအမိန့်ကိုလင်ပါးပါး၏ရွေးကောက်ပွဲပြိုင်ဘက်လက်ထောက်ဝန်ကြီးကပေးခဲ့တာဖြစ်ကြောင်းရှာတွေ့သွားပြီးနောက် ဖယ်ဒရယ်စစ်တပ်ဌာနနှင့်စုံစမ်းစစ်ဆေးရေးဌာနကလူတို့မှာရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။


လင်ရွှမ်းလော့ကားအကာအကွယ်မရှိသည့်တစ်စုံတစ်ယောက်မဟုတ်ပေ၊ လင်ပါးပါးမပြောနှင့်၊ သူ့အရင်ကျန်းဗိုလ်ချုပ်ကသူ့ကိုကာကွယ်ပေးနေသည်ပင်။


သူကအမိန့်မနာခံသည့်အမှားကိုလုပ်မိသွားမှန်းသူအရင်ဆုံးသိလိုက်ရစဥ်က ဗိုလ်ချုပ်အိုကြီးမှာအလွန်ဝမ်းနည်းသွားရပေမဲ့ အခုတော့သူဟာချောက်ချခံခဲ့ရမှန်းသိလိုက်ရပေရာ ဗိုလ်ချုပ်အိုကြီး၏ဒေါသမှာချက်ချင်းမြင့်တက်လာပြီး ဘာပဲဖြစ်ဖြစ်သူ့လက်အောက်ငယ်သားများအတွက်တရားမျှတမှုကိုရှာဖွေပေးရပေလိမ့်မည်ပင်။


အဆုံး၌ သူနှင့်လင်ပါးပါး၏တွန်းပို့မှုအောက်တွင် လက်ထောက်ဝန်ကြီးမှာအမြန်ဆုံးအချုပ်ချခံလိုက်ရပြီး လင်ရွှမ်းလော့မှာနောက်ဆုံးတွင်ကင်းလွတ်ခွင့်ရခဲ့သည်။


သူကားရုပ်ပိုင်းဆိုင်ရာအကြောင်းပြချက်တို့ကြောင့်စစ်မြေပြင်ကိုပြန်သွားလို့မရတော့လောက်ပေမဲ့ အခြေအနေကအရင်ကထက်ပိုကောင်းလာသည်ပင်။


"ကိုကြီး၊ စိတ်မပူနဲ့၊ အခုဆိုရင်ဆေးပညာကတိုးတက်နေပြီလေ၊ အနာဂတ်မှာကိုကြီးသေချာပေါက်ပြန်ကောင်းလာလိမ့်မယ်။"

လင်ခုံးလုနှစ်သိမ့်လိုက်သည်။


လင်ရွှမ်းလော့ကိုမနေ့ကအိမ်ပြန်ခေါ်လာခဲ့ပြီး ဒီနေ့ရာသီဥတုကောင်းနေသဖြင့် သူကသူ့ကိုခြံဝန်းထဲတွန်းသွားကာ နေပုဆာလှုံစေသည်။


နှစ်သိမ့်ရင်းချော့မော့ရင်းဖြင့် ခေါင်းစဥ်ကပြောင်းလဲသွားတော့သည်--


"ဥပမာပြောရင် ကိုကြီးရဲ့တပ်ကဒေါက်တာစုန့်ဆိုကြည့်ကောင်းပြီးတော့ အရမ်းတော်တဲ့ဆေးပညာအရည်အချင်းရှိတယ်လေ။ သူကဆေးကိရိယာအများကြီးတီထွင်ခဲ့တယ်လို့ကြားတယ်။ သူကအနာဂတ်မှာကိုကြီးကိုကူညီနိုင်လောက်တယ်။ ဒါနဲ့ ဒေါက်တာစုန့်လည်းကြယ်မြို့တော်ကိုလာတယ်ကြားတယ်၊ ကိုကြီး၊ ကိုကြီးသိလား။"


စုန့်ချင်းရွှီကစစ်တပ်အမိန့်နှင့်ကြယ်မြို့တော်ကိုလာခဲ့သည်၊ အဘယ်ကြောင့်ဆိုသော်သူကလက်ထောက်ဝန်ကြီးကိုစွဲချက်တင်ရန်တရားရုံးမှာသက်သေခံထွက်ဆိုရမည်ဖြစ်သောကြောင့်။ သူတင်မကဘဲ ကပ္ပတိန်နှစ်ယောက်ဖြစ်သည့်ဖုန့်ရှောင်းနှင့်ချူးဝေ့ကျုံးလည်းလာခဲ့သည်ပင်။


ဟုတ်တာပေါ့၊ လင်ရွှမ်းလော့ဒီအကြောင်းသိပေမဲ့ သူ့ညီငယ်လေးကစုန့်ချင်းရွှီကိုပဲပြောသွားတာ၊ ဘာကိုဆိုလိုတာလဲ။


"မင်းရှေ့တန်းမှာတုန်းက မင်းနဲ့အားစစ်ဆက်ဆံရေးကဝုန်းခနဲခုန်တက်သွားတယ်ကြားတယ်။"

သူမဖြေဘဲမေးလိုက်သည်။


လင်ခုံးလု: "အဟွတ်၊ အဟွတ်။"


လင်ရွှမ်းလော့: "ပြော၊ ကိုကြီးကိုမပြောဘဲဘာလုပ်ခဲ့လဲ။"


"ကျွန်တော်ကိုကြီးအတွက်ယာယီပရော်ဖက်ရှင်နယ်ဒေါက်တာတစ်ယောက်ငှားခဲ့တယ်။"

လင်ခုံးလုတီးတိုးပြောမိသည်။


လင်ရွှမ်းလော့မှာတစ်ခုခုခန့်မှန်းမိသည့်အလား မသိမသာတောင့်တင်းသွားရသည်။


"အွန်း၊ ကိုကြီး၊ ကျွန်တော်ရုတ်တရက်သတိရသွားတယ်။ လုစစ်ကကျွန်တော်တို့ကိုအများကြီးကူညီပေးခဲ့တာ၊  ကျွန်တော်သူ့ကိုကျေးဇူးမတင်ရသေးဘူး၊ ကျွန်တော်အရင်သွားလိုက်အုံးမယ်နော်။"

လင်ခုံးလုကသူ့ကိုခြံဝန်းဂိတ်တံခါးဆီတွန်းပေးကာ ဆင်ခြေရှာပြီးခပ်သုတ်သုတ်လျှောထွက်သွားသည်။


လင်ရွှမ်းလော့၏အကြည့်မှာခြံဝန်းဂိတ်တံခါးဝရှိချောမောကာနူးညံ့သိမ်မွေ့သောပုံရိပ်ထံကျရောက်လို့နေပြီး စုန့်ချင်းရွှီးကလည်းဝှီးချဲပေါ်ကပိန်ပါးသောလူရွယ်ကိုစိုက်ကြည့်နေသည်။


သူတို့အချိန်အတော်ကြာသိခဲ့သည့်အလိုလိုနားလည်မှုကြောင့်ဖြစ်လောက်မည်၊ သူတို့ဘာမှမဆိုဘဲ နောက်ဆုံးအပြန်အလှန်ကြည့်ကာပြုံးလိုက်မိကြသည်။


စုန့်ချင်းရွှီကရှေ့တိုးကာဝှီးချဲကိုတွန်းပေးရင်း ရင်းနှီးစွာပြောလိုက်သည်။

"မင်းဘယ်သွားချင်လဲ။"


"ဒီနေ့ကအားစစ်မွေးနေ့ဖြစ်ပုံပဲ။"

လင်ရွှမ်းလော့တွေးလိုက်သည်။

"ကိုယ့်ညီလေးကသူ့ကိုအခုပဲသွားရှာပြန်ပြီ...."


စုန့်ချင်းရွှီ: "အဲ့ဒီ့တော့?"


"ကိုယ်တို့အားစစ်အိမ်သွားပြီးတော့ ငယ်ရွယ်တဲ့စုံတွဲကိုအဖိုးတန်တဲ့'အတားအဆီး'ရှိတဲ့အချစ်ကဘာကိုဆိုလိုလဲဆိုတာကြုံတွေ့ခိုင်းလိုက်ရအောင်။"

သူပြုံးလိုက်သည်။


စုန့်ချင်းရွှီ: "....." မီးသီးဖြစ်ရတာကိုဒီလောက်သိမ်သိမ်မွေ့မွေ့ကြီးမပြောပါနဲ့လား။


______________________________


မူရင်းစာရေးသူမှာပြောစရာရှိတယ်:


လုစစ်: ဘာလုပ်နေကြတာလဲ။


လင်ခုံးလု: အချစ်ခွေးတွေကနေရာတိုင်းမှာကြွားဝါနေတာပဲ။


___________________________________