Chapter(17)
Viewers 12k

တားဆေးမလိုဘူး? ဘာကိုဆိုလိုတာလဲ?


လင်ခုံးလု၏မျက်လုံးများမှာမိန်းမောလျက်ရှိပြီး သူတစ်ခုခုကိုတဝိုးတဝါးနားလည်သွားပေမဲ့ မဖမ်းဆုပ်နိုင်ဘဲ သူ့အတွေးများမှာဖယ်ရိုမုန်းရနံ့များဖြင့်လျင်မြန်စွာအနှောင့်ယှက်ခံလိုက်ရသည်။


"ဇီးစိမ်းဝိုင်...."

သူဇီးစိမ်းဝိုင်ရနံ့တစ်စွန်းတစရလိုက်သ​ယောင်။ ၎င်းမှာကြည်ရှင်းကာချိုမြန်ပြီး ချဥ်စူးကာအေးမြလှသဖြင့် သူမနေနိုင်ဘဲအနားကပ်သွားချင်မိသည်။


လုစစ်ကသူ့နားထဲမှာတီးတိုးဆိုလာသည်။

"ကိုယ်မင်းကိုယာယီအမှတ်အသားပေးချင်တယ်၊ မင်းလက်ခံရင်ခေါင်းငြိမ့်လိုက်၊ လက်မခံရင်ခေါင်းခါပြလို့ရတယ်။ မင်းခေါင်းငြိမ့်လိုက်ရင် မင်း...."

ဒီဘဝမှာထွက်ပြေးဖို့စိတ်တောင်မကူးနဲ့တော့။


လင်ခုံးလုမှာစဥ်းစားနိုင်စွမ်းမရှိလုနီးပါးဖြစ်နေတာမို့ အလိုလိုခေါင်းငြိမ့်လိုက်မိပြီး တိတ်တခိုးစုတ်သပ်ကာဝေဝေဝါးဝါးတွေးမိသည်: အမှတ်အသားကဘာလဲ။ ကြည့်ရတာတော့ABOကမ္ဘာကဖွဲ့စည်းတည်ဆောက်ပုံဖြစ်ပုံပဲ၊ ယာယီအမှတ်အသားပေးတာ၊ ဒီဟာကကိစ္စကြီးမဟုတ်လောက်ပါဘူး.....


လုစစ်၏မျက်လုံးများမှာတစ်ခုခုကိုဖိနှိပ်နေသည့်အလား မှင်ရည်ပမာနက်မှောင်လို့နေသည်။ သူကကောင်လေး၏ဂုတ်ပိုးကိုဖျစ်ညှစ်ကာ သူတို့နှစ်ယောက်ကြားအကွာအဝေးခြားလိုက်ပြီး ကောင်လေးစိတ်မကျေမနပ်ဖြစ်မှုမပြလာခင် သူရုတ်တရက်နမ်းရှိုက်လိုက်သည်။


"ကိုယ်မင်းကိုခွင့်လွှတ်တယ်။"

သူ့အသံမှာအက်ရှနေပေမဲ့ အနမ်းမှာနူးညံ့ညင်သာလှပြီး ဖယ်ရိုမုန်းကိုနည်းနည်းချင်းစီထုတ်ပေးကာ ကောင်ငယ်လေးကိုနှစ်သိမ့်လိုက်သည်။


"ကိုယ်အတိတ်မှာမနေချင်တော့ဘူး။"


"အစကပြန်စကြတာပေါ့။"


"မင်းဘယ်တော့မှမမှတ်မိတော့ရင် ကိုယ်တို့အမြဲချစ်နေကြလိမ့်မယ်။"


သူကသူ့ကိုယ်သူလှောင်နေသယောင်။


"မင်းတစ်နေ့ကျမှတ်မိသွားခဲ့ရင် မင်းကိုယ့်ကိုဆက်ချစ်နေရမယ်၊ မဟုတ်ရင်...."


မဟုတ်ရင်ဘာဖြစ်လဲ။


လုစစ်ရုတ်တရက်ရယ်မောလိုက်မိပြီး သူ့အသံမှာအနည်းငယ်တိုးလျသွားပုံမှာ မကြားရသလောက်ပင်။

"ဟင့်အင်း၊ မဟုတ်ရင်တောင် မင်းကိုယ့်ကိုပဲတစ်သက်လုံးချစ်နေရမှာ။"


"ကိုကိုပေါက်ကရစကားတွေအများကြီးပြောနေတာပဲ...."

လင်ခုံးလု၏အသံမှာမျက်ရည်တို့နှင့်နှာသံပေါက်နေပြီပင်။


သူလုစစ်ပြောတာကိုကြားပေမဲ့ သူ၏ဝေခွဲမရသောအတွေးတို့ကသူ့ကိုခွဲခြားနိုင်စွမ်းမရှိအောင်လုပ်လို့နေသည်။


လုစစ်ရယ်လိုက်ပုံရသည်။


သူကသူ့လည်တိုင်ကိုဆုပ်ကိုင်ထားသည်ကိုလင်ခုံးလုခံစားနေရပြီး အနမ်းတစ်ပွင့်ကငှက်မွှေးပမာကျရောက်လာကာ ထို့နောက်သူ့ဂုတ်ပိုးမှာမသိမသာနာကျင်သွားပြီး သူ့တစ်ကိုယ်လုံးတမဟုတ်ချင်းတောင့်ခဲသွားရသည်။


သန်မာသောဖယ်ရိုမုန်းများကဂလင်းထဲဖြည်းညှင်းစွာထိုးသွင်းခံလိုက်ရပြီး ဇီးစိမ်းဝိုင်သစ်သီးရနံ့ကစိမ့်ဝင်လာပြီး သန်မာကာတောင့်ခံမရပေ။ လင်ခုံးလုမှာအရက်မူးနေသောကြောင်လေးပမာ ထုံထိုင်းကာမူးဝေသွားတော့သည်။


သူထိုကဲ့သို့အံ့သြဖွယ်ရာခံစားချက်မျိုးကိုတစ်ခါမှမခံစားခဲ့ရဖူးပေ၊ အချိန်ဘယ်လောက်ကြာသွားလဲမသိလိုက်။ သူအပြည့်အဝနိုးလာချိန်တွင် သူဟာကားပေါ်မှာရောက်နေပြီဖြစ်သည်။


"ကျွန်တော်ဘာဖြစ်သွားတာလဲ။"

နိုးလာသည့်အခိုက်အတန့်မှာ သူအနည်းငယ်မိန်းမောနေမိဆဲပင်။


လုစစ်သူ့ပေါ်ကုတ်အကျီခြုံပေးလိုက်သည်နှင့် ထိုစကားများကိုကြားလိုက်ရချိန်သူတန့်သွားကာ အလိုလိုမေးလိုက်မိသည်။

"မင်းမှတ်ဉာဏ်ပျောက်သွားပြန်ပြီလား။"


"မ၊ မဟုတ်ပါဘူး။"


တစ်အောင့်ကြာစကားပြောပြီးနောက် လုစစ်မတုံ့ပြန်မှန်းသူတွေ့လိုက်ရသဖြင့် သူခေါင်းလှည့်ကြည့်မိပြန်ရာ တစ်ဖက်လူကဘာမှမဖြစ်ခဲ့သည့်အလား ထိုင်ခုံပေါ်ကျောမှီလျက် မျက်စိမှိတ်ထားသည်ကိုသာမြင်လိုက်ရပေသည်။


လင်ခုံးလု: "?!!" မင်းတကယ်အကြင်နာတရားမရှိတာပဲ၊ ကိုက်ပြီးတာနဲ့တန်ဖိုးမထားတော့ဘူးပေါ့?


"ဝေ့?" သူတစ်ဖက်လူကိုအသာကန်ကာမေးလိုက်သည်။

"ကိုကို...ကျွန်တော့်ကိုယာယီအမှတ်အသားပေးခဲ့တာလား။"


သူဒါကိုပြောလိုက်ချိန် သူ့မျက်နှာမှာအနည်းငယ်နီမြန်းသွားရဆဲ။


လုစစ်ကမျက်စိဖွင့်ကာသူ့ကိုကြည့်လာပုံမှာ 'မင်းဘာသာမင်းမခံစားရဘူးလား'ဟုမေးနေသည့်အလား။"


"ခင်ဗျားဘာလို့ဒီလိုဖြစ်နေရတာလဲ။ မွေးနေ့တုန်းကလည်းအဲ့လိုပဲ။"

သခင်လေးမှာမပျော်မရွှင်ဖြစ်လာကာ ပြောလိုက်မိသည်။

"ခင်ဗျားကအိုမီဂါတစ်ယောက်ကိုလှည့်စားပြီးရင်စွန့်ပစ်ရတာကြိုက်တဲ့ဆန်ကုန်မြေလေးလား။ ဘာလို့...." 

နမ်းပြီး အမှတ်အသားပေးပြီးတာနဲ့ ဘာမှမဖြစ်ခဲ့သလိုနေနိုင်ရတာလဲ။


"ကိုယ့်မှာဘယ်လိုတုံ့ပြန်မှုမျိုးရှိသင့်တယ်ထင်လဲ။"

လုစစ်၏အသံမှာအက်ရှလို့နေပြီး သူ့မျက်ဝန်းထဲကစိတ်ခံစားချက်များကိုခွဲခြားရခက်လှသည်။


သခင်လေးရှက်သွေးဖြာသွားရပြန်ကာ အနည်းငယ်ခွာ၍ပြောလိုက်သည်။

"တကယ်မဟုတ်ဘူး၊ အဲ့ဒါက...ခင်ဗျား...ကျွန်တော်..."


"လက်ထပ်ကြစို့။"

လုစစ်ကရုတ်တရက်ပြောလာသည်။


"ဟင်?"

သခင်လေးမှာကြက်သေသေသွားရသည်။


"ကိုယ်ပြောတာ၊ လက်ထပ်ကြမယ်လို့။"

လုစစ်ထပ်ပြောလိုက်ပြီး သူ့မျက်လုံးများမှာအနည်းငယ်မှောင်မိုက်လျက်။


တကယ်တော့ သူဟာလူငယ်လေးထင်သလိုအေးဆေးမနေပေ၊ သူအခု...စိတ်အခြေအနေကောင်းနေပြီး သူအတိတ်နှင့်လက်ရှိမှာတစ်ခါမှမခံစားရဖူးသည့်ပျော်ရွှင်မှုမျိုးရှိနေတာမို့ သူ့စိတ်ခံစားချက်များကိုဖုံးကွယ်ရန်မျက်စိမှိတ်ထားရသည်။


သူမျက်စိဖွင့်လိုက်လို့ရှိရင် သူလူငယ်လေးကိုဆက်တိုက်စိုက်ကြည့်နေမိမှာမို့ သူ့ကိုခြောက်မိသွားမှာစိုးသည်။


"မင်းမလုပ်ချင်ဘူးလား။"

လူငယ်လေးကြက်သေသေကာ မတုံ့ပြန်လာကြောင်းမြင်လိုက်ရချိန်လုစစ်မျက်မှောင်ကြုတ်မိပြန်ကာ လက်သီးအလိုလိုဆုပ်လိုက်မိသည်။


"အာ? လုပ်မှာပေါ့၊ လက်ထပ်မှာ။"

လင်ခုံးလုအလိုလိုခေါင်းငြိမ့်လိုက်မိပေမဲ့ ခေါင်းငြိမ့်ပြီးနောက်မစစ်မှန်သယောင်ခံစားလိုက်ရသည်။


ဒါကပရိုပို့စ်လုပ်တာလား။ သူကလည်းလက်ခံလိုက်တယ်? အရမ်း အရမ်းမြန်လွန်းတယ်....


သူ့ကိုခြုံပေးထားသည့်လုစစ်၏ကုတ်အကျီကိုတိတ်တိတ်ကလေးဆွဲတင်ကာ ပူနွေးလာသည့်သူ့မျက်နှာကိုဖုံးကွယ်လိုက်ပေမဲ့ သူမနေနိုင်ဘဲလုစစ်၏တုံ့ပြန်မှုကိုမြင်ချင်မိတာမို့ ကုတ်အကျီကိုအသာလေးဆွဲလိုက်တော့ အကျီကအနည်းငယ်အောက်ကျသွားကာ တ်တ်တခိုးချောင်းကြည့်နေသည့်ကြောင်မျက်ဝန်းတစ်စုံလှစ်ခနဲပေါ်လာသည်။


လုစစ်၏မျက်နှာထားမှာအတော်လေးပုံမှန်ဖြစ်ပေမဲ့ သူ့ဒူးပေါ်ကလက်နှစ်ဖက်မှာဆုပ်လိုက်ဖြန့်လိုက်၊ ဆုပ်လိုက်ဖြန့်လိုက်နှင့် သူ၏လှုပ်ရှားနေသောနှလုံးသားကိုလုံးဝဖော်ပြလျက်ရှိသည်။


ကောင်ငယ်လေး၏အကြည့်ကိုအာရုံခံမိရင်း သူအမောတကောချောင်းဟမ့်ကာဖုံးကွယ်လိုက်ရပြီး သူ့အကျီကိုကောင်ငယ်လေးပေါ်ပြန်ဆွဲတင်ပေးကာ ထိုလှပသောမျက်ဝန်းတစ်စုံကိုဖုံးအုပ်လိုက်သည်။


သို့သော် နောက်တစ်စက္ကန့်တွင် သူကသူ့အကျီကိုပြန်ဆွဲချလိုက်မိပြန်လျက် ခါးကိုင်းကာကောင်လေး၏နှဖူးကိုနမ်းရှိုက်လိုက်ပြီး တည်ငြိမ်ချင်ယောင်ဆောင်ကာပြောလိုက်သည်။

"မင်းမျက်နှာကိုဖုံးပြီးအိပ်တာကပျင်းစရာကောင်းလိမ့်မယ်။"


လင်ခုံးလု: "....." မင်းရဲ့နားရွက်တွေသာနည်းနည်းနီမနေရင် ငါယုံလိုက်မိလိမ့်မယ်။


လုစစ်ကလင်ခုံးလုကိုလင်မိသားစုဆီကိုယ်တိုင်ကိုယ်ကျမောင်းပို့ပေးသည်။


အဆုံးတွင် အခြားသူများထံမှမျက်နှာသာပေးခံထားရသည့်သခင်ငယ်လေးမှာယာယီအမှတ်အသာပေးခံထားရတာမို့ သူဘာမှပြလို့မရပေ။


သူဒီကိုရောက်လာတာက လက်ထပ်ခွင့်တောင်းဖို့ဖြစ်ပြီး သူ့သားငယ်လေးကိုမတော်တဆယာယီအမှတ်အသားပေးခဲ့မှန်းလင်ပါးပါးသိလိုက်ရချိန်တွင် သူ့မှာရောထွေးသောခံစားချက်များရှိလာသည်။


သူပျော်ရွှင်မိသည်၊ ဒီငယ်ရွယ်သောစုံတွဲကနောက်ဆုံးမှာစစ်မှန်သောရလဒ်ထွက်လာတော့မည်ပင်၊ သူတို့မလွယ်ကူခဲ့ပေ၊ သူဟာလည်းသူ၏ဆုံးပါးသွားသောဇနီးနှင့်သူ၏အတန်းဖော်ဟောင်းစုံတွဲတို့ကိုဖြေရှင်းချက်ပေးလို့ရပြီဖြစ်သည်။


ဒါပေမဲ့သူ့သားငယ်လေးဖြစ်သွားခဲ့တာကိုတွေးမိလိုက်ချိန်တွင် ထိုကလေးဂရုမစိုက်မှာကို သူတစ်အောင့်မျှစိုးရိမ်ဒေါသထွက်သွားမိသည်။


အစက လင်ပါးပါး၏တွေးခေါ်ပုံအရ  လက်ထပ်ပွဲကိစ္စကိုသူ့သားငယ်လေးမှတ်ဉာဏ်ပြန်ရလာသည်အထိစောင့်စေချင်ခဲ့သည်၊ သို့သော်ယခုမူ ယာယီအမှတ်အသားကလည်းပေးပြီးသွားပြီဖြစ်ရာ ဒီစုံတွဲမှာပိုပြီးတော့တောင်ပင်ပန်းခက်ခဲကြလိမ့်မည်။


ဒါကိုမြင်လိုက်ရချိန်လင်ပါးပါးသွားကျိန်းသွားရပြီး "ထပ်စဥ်းစားကြည့်ပါအုံး"ဟုပင်မပြောနိုင်ရှာ။


လင်ရွှမ်းလော့မှာ သူ့ညီငယ်လေး၏အတိတ်မေ့ရောဂါအကြောင်းအခုမှသိလိုက်ရပြီး လင်ခုံးလုမှတ်ဉာဏ်ပြန်မရခင်သူတို့လက်ထပ်မည့်ကိစ္စကိုသဘောမတူပေမဲ့ လင်ပါးပါးကဲ့သို့ပင် သူ့ညီငယ်လေး၏အချစ်မှာနစ်မြုပ်နေသည့်ရူးမိုက်သောပုံစံကိုမြင်လိုက်ရသော် သူသက်ပြင်းချကာလက်လျှော့အရှုံးပေးလိုက်ရသည်။


သို့သော်သူကလုစစ်ကိုလျို့ဝှက်စွာအသိပေးလာဆဲပင်။

"လက်ထပ်တာကအရေးကြီးတဲ့ကိစ္စနော်၊ မင်းသေချာစဥ်းစားကြည့်မှရမယ်၊ ညီလေးမှတ်ဉာဏ်ပြန်ရလာတဲ့အချိန်ကျရင် အခြေအနေက...."


"ဘာမှမဖြစ်ပါဘူး။"

လုစစ်သူ့ကိုကြားဖြတ်ပြောလိုက်ပြီး သူ့မျက်လုံးများမှာတည်ငြိမ်လျက်။

"ဒါကလည်းတကယ့်သူအစစ်ပဲမို့လို့ ကျွန်တော်တို့ခံစားချက်တွေကစစ်မှန်တယ်ဆိုတာကျွန်တော်ယုံတယ်၊ သူမှတ်ဉာဏ်ပြန်ရလာရင်ခဏလောက်လက်မခံနိုင်ဖြစ်သွားလို့ရှိရင်တော့ ကျွန်တော်သူနေသားကျအောင်သူ့ကိုအချိန်ပေးမှာပါ။"


"ကောင်းတယ်။"

လင်ရွှမ်းလော့နောက်ဆုံးသံသယတစ်စွန်းတစကိုလွှတ်ချလိုက်သည်။


အကြီးများသဘောတူပြီးနောက် နှစ်ယောက်သားမှာလက်ထပ်ပွဲအတွက်စတင်ပြင်ဆင်ကြပြီး လုစစ်ကစစ်ဌာနချုပ်ကိုသွားကာ အားလပ်ရက်ရှည်တောင်းလိုက်သည်။


ခေါင်းဆောင်ကသူ့ကိုထပ်တလဲလဲကြည့်နေပြီး ပဟေဠိဖြစ်သွားကာမေးလာသည်။

"မင်းအခုပဲအားလပ်ရက်ပြီးသွားတာမဟုတ်ဘူးလား။"


လုစစ်ကရှေ့တန်းမှာနှစ်အနည်းငယ်ကြာကြိုးစားအားထုတ်ခဲ့သည်မှာ ဘောစ့်ကသူ့ကိုအားလပ်ရက်အတင်းအကြပ်ပေးရသည်အထိပင်ဖြစ်ပေမဲ့ သူထပ်လာတောင်းလိမ့်မည်ဟုမထင်ထားမိပေ။


ဒါကိုကြားသော် လုစစ်ကမသိမသာနှုတ်ခမ်းကော့တက်သွားကာ သူ့မျက်ဝန်းထဲတွင်ဖုံးကွယ်မရသောအပြုံးဖြင့်ပြောလိုက်သည်။

"ဒီတစ်ခေါက်ကကျွန်တော့်လက်ထပ်ပွဲအတွက်လာတောင်းတာပါ။"


ခေါင်းဆောင်: "...." သေစမ်း၊ ခွေးစာကျွေးခံလိုက်ရပြီ။


လက်ထပ်ပွဲအတွက်ခွင့်တောင်းပြီး လုစစ်ကသခင်လေးအကြိုက် ကြယ်မြို့တော်မှာဗီလာတစ်လုံးဝယ်ကာ ၎င်းကိုမဂ်လာဥိီးအခန်းအဖြစ်အလှဆင်ဖို့စီစဥ်ထားသည်။ ဗီလာကားလင်မိသားစုစံအိမ်နှင့်အလွန်နီးပြီး သခင်လေးပြန်သွားဖို့အဆင်ပြေအောင်လုပ်ထားသည်။


လုစစ်ကိုယ်တိုင်ကအစားအသောက်နှင့်အဝတ်အစားနှင့်ပတ်သတ်ပြီး သိပ်ချေးမများပေမဲ့ သခင်လေးအတွက်ကတော့ သူသူ့ကိုအကောင်းဆုံးပေးချင်မိသည်။ အထူးသဖြင့်သခင်လေးကားအလိုလိုက်ခံထားရတာမို့ သူ့ကိုလက်ထပ်ပြီးနောက်ပိုင်းမှာ လုစစ်သူ့ကိုစိတ်သောကမရောက်စေချင်ပေ။


လုစစ်ကားတကယ်တော့မဆင်းရဲပေ။ သူ့ဖခင်ဆုံးပါးသွားပြီးနောက်ပိုင်း သူနှင့်လုမာမားအတွက်အမွေများချန်ထားခဲ့သည်။ သူပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာ အရင်ဘဝကသူ့ကိုအကျဥ်းချထားခဲ့သည့်သတ္ထုကြယ်ကိုသူဝယ်ခဲ့သည်။


သတ္ထုကြယ်ကား အကျဥ်းသားများအတွက်အကျဥ်းထောင်အဖြစ် ဖယ်ဒရယ်မှဒီဇိုင်းလုပ်ထားခြင်းမဟုတ်ပေ။ ဖယ်ဒရယ်ဥပဒေအရ သတ္ထုကြယ်ပေါ်ကမတူးဖော်ရသေးသောသတ္ထုများအပါအဝင် ၎င်းကိုဘယ်သူဝယ်ဝယ်ပိုင်ဆိုင်ရလိမ့်မည်ပင်။


အရင်ဘဝလုစစ်ထိုကြယ်တွင်အကျဥ်းချခံထားရတုန်းက ပုံပျက်သတ္ထုများကိုဖန်တီးနိုင်သည့်သတ္ထုရိုင်းအသစ်ကိုမတော်တဆရှာတွေ့သွားခဲ့သည်။ ယင်းကားမမြင်ရသောချမ်းသာကြွယ်ဝမှုကြီးပင်။


ဒီတော့တကယ်တွက်ကြည့်ရင် သူ့ပိုင်ဆိုင်မှုကတကယ်တမ်းလင်မိသားစုထက်မလျော့ပေ။


သို့သော်သခင်လေးကမသိပေ။ သူထိုကဲ့သို့ကြီးမားသောဗီလာကိုဝယ်လိုက်မှန်းမြင်လိုက်ရချိန်တွင် သူချက်ချင်းစိတ်သောကရောက်သွားကာပြောလာသည်။

"ကိုကိုဘာလို့ပိုက်ဆံမဆင်မခြင်ဖြုန်းရတာလဲ။ ပါးပါးကပြောတယ်၊ ကိုကိုကရှေ့တန်းမှာပိုက်ဆံအကုန်သုံးခဲ့တာမို့ ကျွန်တော့်ကစဥ်းစားတတ်ရမယ်တဲ့။ ကိုကိုပိုက်ဆံလိုရင် အိမ်ပြန်ပြီးသူ့ဆီသွားတောင်းလို့ရတယ်လေ။"


လုစစ်၏မျက်နှာချက်ချင်းမှောင်မိုက်သွားရကာ အံကြိတ်လျက်ပြောမိသည်။

"မလိုဘူး၊ ကိုယ်ဇနီးတစ်ယောက်တော့တတ်နိုင်ပါတယ်။"


"ဟုတ်လား။"

သခင်လေးပဟေဠိဖြစ်သွားရသည်။


လုစစ်သူ့ခေါင်းကိုပွတ်ပေးကာပြောလိုက်သည်။

"အဲ့ဒီ့အကြောင်းမတွေးနဲ့တော့၊ အရင်ဆုံးတစ်ချက်ကြည့်ပြီးတော့ ဘယ်လိုစီစဥ်မလဲစဥ်းစားကြစို့။"


သခင်လေးမှာဒါကိုကြားလိုက်ရချိန်တွင် ချက်ချင်းစိတ်ဝင်စားသွားကာ အခန်းကြည့်ရန် အပေါ်ထပ်တက်သွားသည်။


လုစစ်မှာလူငယ်လေး၏ကျောပြင်ကိုကြည့်ကာ သူ့နှုတ်ခမ်းထောင့်များမှာအလိုလိုပြုံးမိသွားတော့သည်။ မင်းသဘောကျတဲ့တစ်စုံတစ်ယောက်အတွက်ပိုက်ဆံဖြုန်းရတာကမင်းကိုတကယ်စိတ်ကျေနပ်စေတာပဲ။


"သခင်? သခင်?"

လန့်စ်၏အသံကသူ့ကိုရုတ်တရက်နှောင့်ယှက်လိုက်သည်။


လုစစ်အသိပြန်ဝင်လာကာမေးလိုက်သည်။

"ဘာလဲ။"


လန့်စ်: "...." သခင်ဒီလိုမျိုးအကြာကြီးပြုံးနေတာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် နည်းနည်းရူးနေပုံပေါက်တယ်။


ဒါပေမဲ့ သူအမှန်မပြောရဲဘဲ အလေးအနက်ပြောလိုက်သည်။

"သခင်ကျွန်တော့်ကိုကျောင်းစုံညီပွဲတော်နေ့ကစောင့်ကြည့်ကင်မရာကိုပြန်ပြင်ခိုင်းထားတယ်လေ၊ ကျွန်တော်ပြင်ပြီးပြီ။"


သူသာမပြောရက် လုစစ်မေ့သွားလောက်ပြီ၊ ကျောင်းစုံညီပွဲတော်နေ့ကဖြစ်ခဲ့တာကမတော်တဆဖြစ်ပုံမပေါ်တာမို့ ဘယ်သူလုပ်ခဲ့လဲဆိုတာဖော်ထုတ်ရမယ်။


ထိုစဥ် လင်ခုံးလုအောက်ထပ်ဆင်းလာတာမို့ သူလန့်စ်ကိုပြောလိုက်သည်။

"နောက်မှကြည့်မယ်။"


လင်ခုံးလုကသိသိသာသာကိုဒီနေရာကိုသဘောကျပြီး ပျော်ရွှင်စွာပြောလာသည်။

"ကျွန်တော်ဒီဇိုင်နာနဲ့ချိန်းပြီးတော့ ကျွန်တော်တို့ကိုကူညီပေးဖို့ပြောထားပြီးပြီ၊ အခုစတူဒီယိုကိုသွားမလို့။"


"ကိုယ်မင်းကိုလိုက်ပို့ပေးမယ်။" 

လုစစ်ပြောလိုက်မိသည်။


"ဒါပေမဲ့ကျွန်တော်ကကိုကို့ကိုစပရိုက်တိုက်ချင်တာလေ။"

လင်ခုံးလုမျှော်လင့်တကြီးပြောလိုက်ပြီး သူ့မျက်လုံးများမှာတောက်ပနေသယောင်။


လုစစ်ရယ်မောလိုက်ပေမဲ့ သဘောတူခေါင်းငြိမ့်လိုက်မိဆဲပင်။


ကောင်လေးထွက်သွားတာကိုရပ်ကြည့်နေပြီးနောက် လုစစ်နှင့်လန့်စ်တို့စာကြည့်ခန်းထဲအတူသွားကာ စောင့်ကြည့်ကင်မရာကိုကြည့်လိုက်ကြသည်။


တကယ်တော့ သူအစကကျောင်းဟွိုင်၏လှည့်ကွက်ဟုသံသယဝင်မိပေမဲ့ ကျောင်းဟွိုင်ကကင်မရာကိုအရင်ဖျက်သွားပြီး နည်းလမ်းမှာအလွန်ထက်မြက်လှသည်။ လန့်စ်ကလည်းဒေတာအစိတ်အပိုင်းကိုပြန်ပြင်ဖို့အတော်လေးကြိုးစားအားထုတ်ခဲ့ရသည်။ နောက်ကွယ်မှာအခြားလက်သည်များရှိလောက်သည်။


လုစစ်ကမော်နီတာကိုစိတ်ရှည်လက်ရှည်လှန်လှောကြည့်နေပေမဲ့ ကျောင်းဟွိုင်နှင့်လင်ခုံးလုကြားရှိဒုတိယစကားဝိုင်းကိုမြင်လိုက်ရချိန် သူ့မျက်နှာထားရုတ်ခြည်းအေးခဲသွားရကာ လန့်စ်ကိုပြောလိုက်မိသည်။

"နောက်ပြန်ဆုတ်ပြီး အသံနဲ့ပုံပါချဲ့လိုက်။"


ထို့နောက်အရာအားလုံးမှာအချဲ့ခံလိုက်ရပြီး မော်နီတာမှာကျောင်းဟွိုင်ကလင်ခုံးလုကိုသူ့အကြောင်းရှင်းပြလိုက်ချိန်တွင် လင်ခုံးလုမှာရုတ်တရက်သိသွားသောမျက်နှာထားရှိလာပြီး "ဒီတော့မင်းပဲ"ဟုပြောချင်ပေမဲ့ "မင်း"ဟုပြောမပြီးသေးခင် သူကသူ့မျက်လုံးထောင့်မှတဆင့်သူလာနေပုံကိုမြင်လိုက်ရကာ ရုတ်တရက်သူ့စကားလုံးများကိုပြောင်းပြီး "မမှတ်မိဘူး"ဟုပြောလိုက်ပုံကိုရှင်းလင်းစွာပြသလို့နေသည်။


လုစစ်၏နှလုံးသားရုတ်ခြည်းနစ်မြုပ်သွားရသည်။ ကျောင်းဟွိုင်ကအမှတ်(၁)အထက်တန်းကျောင်းကိုသူ့ထက်နောက်ကျမှပြောင်းလာမှန်းသူမှတ်မိသည်။ လင်ခုံးလုမှတ်ဉာဏ်ပျောက်သွားပြီးနောက်ပိုင်း သူ့မှတ်ဉာဏ်ကသူအမှတ်(၁)အထက်တန်းကျောင်းကိုပြောင်းလာခါစအချိန်မှာရပ်တန့်နေသည်။ သူ့ကိုမမှတ်မိစရာအကြောင်းမရှိပေမဲ့ နောက်မှတွေ့သည့်ကျောင်းဟွိုင်ကိုကျမှတ်မိသည်။


ပြောရရင် ကောင်လေးရဲ့အစကတုံ့ပြန်ပုံမှာရှင်းရှင်းလင်းလင်းကိုမှတ်မိပါရက်နဲ့ သူ့ကိုမြင်လိုက်ရချိန်တွင် မမှတ်မိချင်ယောင်ဆောင်လိုက်ခြင်းပင်။


မျက်စိတစ်မှိတ်အတွင်း သူ့စိတ်ထဲမှာအဓိပ္ပါယ်မရှိသောအတွေးပေါ်လာသည်---


"သူငါ့ကိုလိမ်နေတာလား။"

လုစစ်၏လက်ချောင်းထိပ်များမှာမသိမသာတုန်ယင်လျက်။

"သူမှတ်ဉာဏ်မပျောက်ခဲ့ဘူးပဲ....."


____________________________________


မူရင်းစာရေးသူမှာပြောစရာရှ်ိတယ်:


အဟမ်း၊ ခံစားချက်တွေပေါ်ထွက်လာပြီဆိုတော့ ခွေးသွေးစလို့ရပြီရော်~


လုစစ်: ...သူငါ့ကိုလိမ်ခဲ့တာ?


စာရေးသူ: ယုံကြည်မှုရှိစမ်းပါ၊ question markကိုဖြုတ်လိုက်။


လင်ခုံးလု: ငါအဖမ်းခံရပြီးတော့အခန်းကျဥ်းလေးထဲမှာဖျက်ဆီးခံရတော့မှာလား။


စာရေးသူ: မင်းဘာတွေတွေးနေတာတုန်း? ဒီမှာအဲ့လိုအခန်းမပါဘူး။


___________________________________