ကျောင်းစုံညီပွဲတော်နေ့ကစောင့်ကြည့်ကင်မရာကိုမြင်လိုက်ရသော် 0687မှာလည်းမှင်သက်သွားရကာ အလိုလိုပြောမိသည်။
"ငါဖျက်လိုက်ပါတယ်!"
"ဒါဆိုဇာတ်လိုက်ငါ့ကိုပြနေတာကသရဲကားလား။"
လင်ခုံးလုမှာအနိုင်ရခါနီးတွင်ဝုန်းခနဲပြုတ်ကျသွားခဲ့သည်။
"ငါစစ်ကြည့်လိုက်မယ်။"
0687အလျင်စလိုပြောလိုက်ပြီး တစ်အောင့်ကြာသော်ရှော့ခ်ရသွားသည်။
"လန့်စ်ကပြန်ပြင်ခဲ့တာ၊ ဒါသိပ္ပံနည်းမကျဘူး၊ သူကကမ္ဘာသေးသေးလေးကAIပဲလေ၊ ငါကပင်မကမ္ဘာကရှေ့အပြေးဆုံးAIပဲကို၊ ဘယ်လိုဖြစ်ရတာလဲ...."
"သူ့ကိုဒီဇိုင်းဆွဲခဲ့တာဇာတ်လိုက်နော်။"
လင်းခုံးလုတည်ငြိမ်စွာအသိပေးလိုက်သည်။
"သိပ္ပံနည်းမကျဘူး။"
0687ကနားမလည်ပေ။
"ဇာတ်လိုက်ရဲ့မေဂျာကမက်ခါကွန်းဘက်၊ မက်ခါဒီဇိုင်းနဲ့နည်းပညာလေ။ သူကစနစ်ဒီဇိုင်းရဲ့အသိပညာပဲသင်ခဲ့တာကို။ သူမလုပ်နိုင်....သူကဉာဏ်ကြီးရှင်လား။ ဘုရားရေ၊ လေ့လာသင်ယူတဲ့နေရာမှာအရမ်းတော်တဲ့ငါသိတဲ့အခြားတစ်ယောက်ကငါတို့ပင်မကမ္ဘာရဲ့အရှင်ဧကရာဇ်မင်းကြီး...."
"တော်တော့၊ ငါအခုမင်းရဲ့အမှားကိုပြန်ပြင်ဖို့အခွင့်အရေးပေးမယ်။"
လင်ခုံးလုတောင့်တင်းစွာထိုင်လျက် သူ့မျက်နှာမှာအဆင်ပြေနေဆဲဖြစ်ကာ သူ့ပုံကိုမှင်သေသေထိန်းထားရင်း ဖြတ်ပြောလိုက်သည်။
"မင်းလုရန်ကျားပို့လိုက်တဲ့ပုံတွေအကုန်လုံးကိုမြင်ပြီးပြီလား။"
"အင်း၊ အင်း။"
0687ကအလျင်စလိုဆိုသည်။
"အဲ့ဒါကိုချက်ချင်းကော်ပီကူးလိုက်၊ အဲ့ဒါကအတုဆိုတာကိုလုစစ်နဲ့လန့်စ်မသိအောင်လုပ်နော်။"
လင်ခုံးလုပြောလိုက်သည်။
"နောက်တစ်ခုအတုထပ်လုပ်လိုက်၊ အကြောင်းအရာကငါနဲ့လုရန်ကျားဖြစ်ရမယ်။ ရိုက်ထားတဲ့အချိန်က...မေလ၇ရက်၊ ငါ့အစ်ကိုကြီးအတွက်စွပ်ပြုတ်သွားပို့ဖို့ လုစစ်နဲ့ငါ စစ်တပ်အထွေထွေဆေးရုံကိုသွားပြီးတော့ ငါသူနဲ့တစ်နေ့ကုန်အတူရှိနေခဲ့တဲ့နေ့ဖြစ်ရမယ်။"
သူဘာကိုဆိုလိုမှန်း0687တမဟုတ်ချင်းနားလည်သွားရကာ ခပ်သွက်သွက်ပြောလိုက်သည်။
"ဟုတ်ပြီ၊ ဟုတ်ပြီ၊ ငါအခုပဲလုပ်လိုက်မယ်၊ မင်းအရင်ဆုံးစိတ်အေးအေးထား။"
လင်ခုံးလုသက်မချလိုက်မိပြီး နောက်ဆုံးတွင်သူ၏တင်းမာနေသောအာရုံကြောများကိုအနည်းငယ်ဖြေလျှော့ရဲတော့သည်။ သူထိုဓာတ်ပုံနှင့်ဗီဒီယိုများကိုပထမဆုံးမြင်လိုက်ရတုန်းက သူချွေးစေးပြန်လုနီးပါးဖြစ်သွားရသဖြင့် သူတောင့်တင်းစွာထိုင်လျက် ထိုဗီဒိယိုနှင့်ဓာတ်ပုံများကိုကြည့်ချင်ယောင်ဆောင်လိုက်ရုံသာတတ်နိုင်သည်။
သူအသံလုံးဝမထွက်ပေ၊ လုစစ်ကသူ့ကိုမတိုက်တွန်းဘဲ နှုတ်ခမ်းထက်တွင်အေးစက်သောအပြုံးတစ်ပွင့်နှင့်အတူ နံဘေးမှစိုက်ကြည့်နေပေသည်။
ဒီအပြုံးကမပြုံးတာထက်ပိုကြောက်ဖို့ကောင်းတယ်။
သူ့အကြည့်စူးစူးအောက်တွင် လင်ခုံးလုမှာစိုးရိမ်လွန်းလို့သူ့လက်ဖဝါးများမှာချွေးပြန်လျက်ရှိပေမဲ့ သူ့ကိုယ်သူအချိန်မီတည်ငြိမ်အောင်လုပ်လိုက်သည်။ 0687ကိုအမိန့်ပေးလိုက်ပြီးနောက် သူခေါင်းမော့ကာအားပျော့စွာပြုံးပြလိုက်မိသည်။
"ဘယ်လိုအကြောင်းပြချက်မျိုးမင်းစဥ်းစားထားလဲ။"
လုစစ်ကမေးလာသည်။
လင်ခုံးလုပဟေဠိဖြစ်ချင်ယောင်ဆောင်ကာပြောလိုက်ရသည်။
"ကိုကိုအားစစ်၊ ကျွန်တော့်မှာဒီဓာတ်ပုံမရှိ...."
"ရှူး---"
လုစစ်ရုတ်တရက်ခါးကိုင်းကာ သူ့နှုတ်ခမ်းများပေါ်သူ့လက်ချောင်းထိပ်များဖြင့်လှမ်းဖိပြီး ပြောလိုက်သည်။
"ခဏလောက်စဥ်းစား၊ ပြီးမှ ပြန်ပြော။"
လင်ခုံးလု: "...."
"ကိုကိုဘာပြောချင်တာလဲ။ ဒီပုံတွေဘယ်ကလာမှန်းကျွန်တော်သိတောင်မသိဘူး၊ ထောက်ပံ့ရေးစခန်းမှာတုန်းကအချိန်အပြင် ကျွန်တော်ဒီလူ့ကိုအရင်ကတစ်ခါမှမမြင်ဖူးဘူး။"
သူဒေါသတကြီးပြောချင်ယောင်ဆောင်လိုက်သည်။
"တကယ်လား။" လုစစ်သူ့မျက်လုံးထဲကအပြုံးကိုဖိနှိပ်လိုက်ရပြီး နောက်ဆုံးတံင်လေသံပြောင်းကာပြောလိုက်သည်။
"မင်းသူ့ကိုဒီနေ့မမြင်လိုက်ရဘူးလား။"
လင်ခုံးလု: "....ဒီနေ့ကလွဲရင်ပေါ့။"
"အိုး၊ အလိမ်အညာတွေအပြည့်ပဲ။"
လုစစ်၏မျက်လုံးထဲတွင်မည်းမှောင်သောအကြည့်တစ်ချက်ဖြတ်ပြေးသွားလျက်။
"မင်းသူ့ကိုအရင်ကမမြင်ဖူးဘူးဆို ဘာလို့ဒီနေ့သူနဲ့အတူသွားခဲ့တာလဲ။ မင်းတို့အခန်းထဲမှာဘာလုပ်နေကြတာလဲ။"
သူ့သတို့သားလောင်းထံမှမေးခွန်းထုတ်ခံလိုက်ရချိန်တွင် သခင်လေးမှာရှက်သွေးဖြာသွားပြီးပြောလိုက်သည်။
"သူကကျွန်တော့်ကိုသေနတ်နဲ့ထောက်ပြီးဓားစာခံလုပ်ခဲ့တာ၊ သူကကျွန်တော့်ကိုအခန်းထဲမှာပုံတချို့ပြလာခဲ့တာ၊ ကိုကိုအခုပြတဲ့ဓာတ်ပုံတွေနဲ့ဆင်တယ်၊ ပြီးတော့သူနဲ့ကျွန်တော်ကချစ်နေတာဆိုပြီးကျွန်တော့်ကိုလိမ်ပြောလာခဲ့တယ်။ ကိုကိုထိန်းချုပ်ထားတဲ့စက်ရုပ်လေးလည်းအထဲဝင်လာတယ်မလား။ ကိုကိုမမြင်လိုက်....."
"ကိုယ်မမြင်ဘူး၊ ကိုယ်ကန်းနေတာ။"
'တစ်ယောက်ကိုတစ်ယောက်ချစ်နေကြတာ'ဆိုသည့်စကားလုံးကိုကြားလိုက်ရသော် လုစစ်ရုတ်တရက်ဖြတ်ပြောလိုက်သည်။
သူလက်မြှောက်ကာကောင်လေး၏မေးကိုဖျစ်ညှစ်ပြီး သူ့မျက်လုံးထဲစိုက်ကြည့်ကာတစ်လုံးချင်းပြောလိုက်သည်။
"ကိုယ်သာကန်းမနေခဲ့ရင် မင်းကသူတော်ကောင်းယောင်ဆောင်ပြီးတော့ အလိမ်အညာတွေနဲ့ပြည့်နေပြီး အတိတ်မေ့ချင်ယောင်ဆောင်ပြီး အစကနေအဆုံးထိကိုယ့်ကိုလိမ်နေခဲ့တာကိုကိုယ်မမြင်ဘဲနေမယ်တဲ့လား။ ကိုယ်မင်းအစ်ကိုကြီးအတွက်ပြေးလွှားနေတုန်း မင်းကခေါင်းမူးပြီးအသိစိတ်လွတ်ပြီးတော့ပြာယာခတ်ချင်ယောင်ဆောင်ခဲ့တယ်၊ ကိုယ်မင်းရဲ့ကိတ်ပေါ်ကပန်းလေးကြောင့်စိတ်လှုပ်ရှားသွားတုန်းက မင်းတို့တွေကျေနပ်အားရနေပြီးတော့ ငါကရယ်ချင်စရာကောင်းတယ်လို့တွေးနေခဲ့တယ်မလား။"
"ကြည့်၊ ဒီအရူးကတုံးလိုက်တာနော်? သူကလင်မိသားစုသခင်လေးကြိုးကိုင်ခြယ်လှယ်ခံနေခဲ့ရတာမဟုတ်ဘူးလား၊ သူ့ကိုစိတ်ကြိုက်လှည့်စားလို့ရတယ်လေ?"
အရင်ဘဝကမှတ်ဉာဏ်နှင့်သိပ်မကြာသေးခင်ကပုံရိပ်များမှာသူ့စိတ်ထဲတွင်ဆက်တိုက်လည်ပတ်နေပြီး နောက်ဆုံးတွင်လုစစ်သူ့စိတ်ခံစားချက်များကိုမအောင့်ထားနိုင်တော့ပေမဲ့ သူ့လေသံမှာအံ့သြဖွယ်ကောင်းလောက်အောင်မခက်ထန်ဘဲ ထိုအစားမုန်တိုင်းမလာခင်လေပြည်ပမာ နက်ရှိုင်းကာကြောက်မက်ဖွယ်ကောင်းလောက်အောင်တည်ငြိမ်လှသည်။
လင်ခုံးလုမှာတစ်လက်မချင်းစီအနောက်ဆုတ်နေရပြီး မတတ်သာစွာအနောက်လှန်လိုက်ရသည်။ နောက်ဆုံးတွင်သူ့လက်မောင်းများကသူ့ကိုမချုပ်ထားနိုင်တော့ဘဲ သူဆိုဖာပေါ်ကျသွားသည်။ သူကူကယ်ရာမဲ့စွာပြောလိုက်မိသည်။
"ကိုကိုဘာပြောနေမှန်းကျွန်တော်နားမလည်ဘူး...."
"နားမလည်ဘူး?"
လုစစ်ခပ်ခွာခွာမနေဘဲ အခြေအနေကိုဖိနှိပ်လိုက်ပြီး သူ့မျက်လုံးများမှာမုန်တိုင်းအပြည့်နှင့်ဖြစ်ကာ သူ့အသံမှာအေးစက်လျက်။
"မင်းတကယ်အတိတ်မေ့နေတာလား။ ဒါဆိုမင်းဘာလို့ကျောင်းဟွိုင်ကိုမှတ်မိနေသေးတာလဲ။"
"ကျွန်တော်....."
"တစ်ယောက်ယောက်မင်းကိုပြောတာလို့မပြောနဲ့၊ ငါကျောင်းစုံညီပွဲတော်နေ့ကကင်မရာအကုန်ကြည့်ပြီးပြီ၊ မင်းသူနဲ့မတွေ့ခင်မင်းကိုဘယ်သူမှသူ့အကြောင်းမပြောပြခဲ့ဘူး။ ငါမင်းရဲ့အစ်ကိုကြီးနဲ့မင်းရဲ့အဖေကိုလည်းမေးပြီးပြီ၊ သူတို့ကမင်းရှေ့မှာမပြောဖူးဘူးတဲ့။"
လုစစ်ရယ်မောကာ သူ့ကိုယ်သူရယ်မောလိုက်သည်။
"အိုးဟုတ်သားပဲ၊ ကျောင်းဟွိုင်၊ ငါသူ့ကိုတောင်မေးလိုက်သေးတယ်၊ မင်း'မှတ်ဉာဏ်'ပျောက်သွားပြီးနောက်ပိုင်းမှာ သူမင်းကိုတစ်ခါမှမဆက်သွယ်ခဲ့ဖူးဘူးတဲ့။"
လင်ခုံးလုကြောင်အသွားရသည်၊ သူကသူပေးနိုင်တဲ့ဆင်ခြေတွေအကုန်လုံးကိုပိတ်ဆို့ခဲ့တာလား။
"0687၊ ဓာတ်ပုံအဆင်သင့်ဖြစ်ပြီလား။"
သူတိုက်တွန်းလိုက်သည်။
0687: "ငါလုပ်နေတယ်၊ ငါလုပ်နေတယ်၊ မကြာခင်ပြီးတော့မယ်၊ တောင့်ထားအုံး။"
လင်ခုံးလု: "...." မင်းခေါင်းကိုတောင့်ထားပါလား၊ မင်းတော့သေတော့မယ်။
"ဘာလဲ။ ဘာမှပြောစရာမရှိတော့ဘူးလား။"
လုစစ်သူ့မေးစေ့ကိုညှစ်ကာ ခပ်ထေ့ထေ့ပြောလိုက်သည်။
"ခင်ဗျား၊ ခင်ဗျားကြောက်ဖို့ကောင်းတယ်။"
လင်ခုံးလု၏မျက်လုံးများမှာနီရဲသွားပြီး သူ့တစ်သက်စာသရုပ်ဆောင်အရည်အချင်းအကုန်ထုတ်သုံးကာ "အဓိပ္ပါယ်မရှိရင်တောင်ကျိုးကြောင်းသင့်ချင်ယောင်ဆောင်"ပြီး ပြန်စွပ်စွဲလိုက်သည်။
"ခင်ဗျားကျွန်တော့်ကိုလုံးဝမယုံဘူးပဲ၊ တစ်ခုခုဆိုရင် ကျွန်တော့်ကိုတိုက်ရိုက်မမေးဘဲ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကိုပဲမေးတယ်၊ ခင်ဗျားရင်ထဲမှာကျွန်တော်ကအဲ့လောက်ဆိုးလား။ ခုနကနေအခုထိ ကျွန်တော်ရှင်းပြမယ်ဆိုရင်ဖြတ်ပြောတယ်၊ ကျွန်တော်ခင်ဗျားကိုလိမ်နေတယ်လို့ခင်ဗျားယုံကြည်ပြီးသားဆိုရင် ဘာလို့ကျွန်တော့်ကိုလာမေးနေသေးလဲ။ ခင်ဗျားကကျွန်တော့်အပေါ်ဒေါသပုံချနေတာပဲ!'
သူပြောရင်း တစ်ဖက်လူကိုအတင်းတွန်းထုတ်ကာ ငိုသံပါပါဖြင့်
"လွှတ်၊ ကျွန်တော်ခင်ဗျားကိုစကားမပြောချင်တော့ဘူး၊ ကျွန်တော်ဒီကထွက်သွားချင်တယ်။"
"ထွက်သွားမယ်"ဆိုသည့်စကားလုံးကိုကြားလိုက်ရသော် လုစစ်၏မျက်လုံးမျာမှိန်သွားကာ ရုတ်တရက်လက်ဆန့်ပြီးပိတ်တားလိုက်ပြီး ခုနကမတ်တပ်ထရပ်လိုက်သည့်သခင်လေးကို ခါးမှဆွဲကာဆိုဖာပေါ်ပြန်တွန်းချလိုက်သည်။
"သွားမယ်? ဘယ်ကိုသွားမှာလဲ။ လုရန်ကျားကိုသွားရှာမလို့လား။"
သူကဗလာကျင်းစွာမေးလာပုံမှာ ဒီစကားကိုသာကြားလိုက်သည့်အလား။
သခင်လေးငိုယိုကာပြောလိုက်မိသည်။
"ခင်ဗျားရူးနေလား၊ ကျွန်တော်သူ့ကိုလုံးဝမသိဘူး။"
"မင်းသူ့ကိုသိတာမသိတာအသုံးမဝင်ဘူး။"
လုစစ်ခန္ဓာကိုယ်နိမ့်ချကာ သူ့ကိုကြည့်လိုက်ပြီး သူတို့၏ဝင်လေထွက်လေမှာရောယှက်လုနီးပါးပင်၊ သူ့အသံမှာနိမ့်ကျကာအက်ရှလျက်။
"မင်းဒီကထွက်သွားလို့မရဘူး၊ မင်းကိုယ့်ဘေးမှာပဲနေရမယ်။"
လင်ခုံးလုသူဆိုလိုတာကိုတစ်အောင့်မျှနားမလည်ဖြစ်သွားပေမဲ့ ဇီးစိမ်းဝိုင်ဖယ်ရိုမုန်းရနံ့ကိုရလိုက်ချိန်တွင် သူ့မျက်နှာထားချက်ချင်းပြောင်းလဲသွားကာ မယုံကြည်နိုင်ဖြစ်စွာပြောမိသည်။
"ခင်ဗျားရူးသွားပြီလား။"
လုစစ်ကဖယ်ရိုမုန်းကိုသုံးပြီးတော့ သူ့ကိုHeatဝင်အောင်လုပ်ပြီး အပြီးအပိုင်အမှတ်အသားပေးချင်နေတာလား။ သူကသူ့ကိုအခန်းကျဥ်းလေးထဲမှာဖမ်းချုပ်ထားချင်နေတာဖြစ်လောက်မလား။
"ရူးတယ်?"
လုစစ်ရယ်လိုက်ပေမဲ့ သူ့မျက်ဝန်းထဲမှာနာကျင်မှုတစ်ချက်လက်သွားသည်။
သူကကောင်လေး၏နှုတ်ခမ်းကိုနမ်းရှိုက်ကာထိတွေ့လိုက်ပြီးနောက် ပိုင်စိုးပိုင်နင်းဆန်သောတတိတိကိုက်မှုအဖြစ်ပြောင်းသွားသည်။
"ဒါမကောင်းဘူးလား။ ကိုယ်မင်းကိုသိပ်ဂရုစိုက်ခဲ့တော့ မင်းကိုယုံကြည်မှုရှိသွားစေပြီး ကိုယ့်ကိုထပ်ခါတလဲလဲသစ္စာဖောက်ခဲ့တယ်။ ကိုယ်ဒါကိုအရင်ထဲကလုပ်ခဲ့သင့်တာ၊ မင်းကိုလှောင်အိမ်ထဲမှာပိတ်လှောင်ထားလိုက်မယ်ဆိုရင် မင်းသူ့ကိုတွေ့ပြီးသဘောကျသွားမှာမဟုတ်ဘူး။"
သူ့မျက်နှာထားမှာတဖြည်းဖြည်းချင်းလွန်ကဲလာသည်။
"မင်းဒီဗီလာကိုကြိုက်တယ်မလား။ ဒါဆိုဒီမှာတစ်သက်လုံးနေလိုက်။ ကိုယ်မင်းကိုယာယီအမှတ်အသားပေးခဲ့တဲ့နေ့တုန်းက မင်းမှာထွက်ပြေးဖို့အခွင့်အရေးရှိမှာမဟုတ်ဘူးလို့ပြောထားပြီးသား။ မင်းဂရုစိုက်မစိုက်ကိစ္စမရှိဘူး။ ကိုယ်မင်းကိုဒီမှာနေစေချင်ရုံတင်ပဲ။"
အဆုံးတွင် သူ့လေသံမှာပိုမိုဝေဝါးသွားသည်။
သခင်လေးမှာကြောက်သွားကာ အဆက်မပြတ်ရုန်းကန်မိသည်။
"ကျွန်တော့်ကိုလွှတ်၊ ဒါကဥပဒေကိုဆန့်ကျင်နေတာပဲ၊ ပါးပါးနဲ့တိုင်ပြောမယ်။"
"ဥပဒေချိုးဖောက်တယ်?"
လုစစ်ပြုံးလိုက်ပြီး သူ၏ချောမောခန့်ညားသောဘေးတိုက်မျက်နှာမှာခပ်ဖျော့ဖျော့နီစွေးသွားပြီး သူ့မျက်လုံးများမှာရူးသွပ်မှုနှင့်အေးစက်မှုတို့ထင်ဟပ်လျက်။
သူအလျင်မလိုဘဲလှုပ်ရှားလိုက်ပြီး ကောင်လေးကိုလက်တစ်ဖက်နှင့်ချုပ်ကိုင်ကာ သူ့နက်ခ်တိုင်ကိုဖြည်းညှင်းစွာဖြည်ပြီး တစ်ဖက်လူ၏သေးသွယ်သောလက်ကောက်ဝတ်မှာချည်လိုက်ပြီးနောက် ကောင်လေး၏နားဆီကိုင်းချလိုက်ပြီး သူ့အသံမှာချစ်သူ၏တီးတိုးဆိုသံပမာ၊ သို့ပေမဲ့သူပြောလာသည့်စကားများမှာအေးစက်လှသည်။
"မင်းသိလား။ လူတွေရဲ့ခြေလက်တွေကိုအားနည်းစေပြီးတော့ စကားပြောနိုင်စွမ်းမရှိအောင်လုပ်နိုင်တဲ့ဆေးတစ်မျိုးရှိတယ်။ ကိုယ်တို့တွေခုနကအိုင်ဒီဓာတ်ပုံရိုက်ခဲ့ပြီးပြီ။ ကိုယ်တို့လက်မှတ်ထိုးလိုက်တာနဲ့ ကိုယ်တို့ကတရားဝင်လက်တွဲဖော်ဖြစ်သွားပြီ။ ခင်ပွန်းတစ်ယောက်အနေနဲ့ မင်းနေမကောင်းဖြစ်နေလို့ အနားယူဖို့လိုအပ်တယ်လို့ပြောလိုက်တာနဲ့ မင်းအဖေဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ဘယ်လိုလဲ။"
"ခင်ဗျား၊ ခင်ဗျား...."
သခင်လေးမှင်သက်သွားရပြီး သူ့မျက်လုံးများမှာအကြောက်တရားဖြင့်ပြည့်နေလျက်။
"ဝေးဝေးသွား၊ ငါ့ကိုမထိနဲ့!"
လူငယ်လေး၏အကြောက်တရားနှင့်ခုခံမှုကိုမြင်လိုက်ရရင်း လုစစ်ရင်ထဲမှာသာယာမှုစိုးစဥ်းမျှမခံစားရဘဲ နာကျင်မှုဖြင့်ဆို့နစ်သွားရသည်။ ဒီဟာကကောင်လေးကိုသူ့ဘေးမှာထားဖို့တစ်ခုတည်းသောနည်းလမ်းဟုသူ့ကိုယ်သူဆက်တိုက်ပြောနေမိသည်။ မဟုတ်ရင် အရင်ဘဝကတုန်းကလိုမျိုး၊ ဒီလူငယ်လေးက မျက်စိတစ်မှိတ်အတွင်းမှာအခြားသူနှင့်ထွက်ပြေးသွားပြီး သူ့ရင်ကိုအရက်စက်ဆုံးစကားလုံးများနှင့်ထိုးစိုက်သွားလိမ့်မည်ပင်။
သူခေါင်းငုံ့ကာ ကောင်လေးကိုနမ်းလိုက်ပေမဲ့ သူ့သွားထိပ်ကဂလင်းကိုထိသွားချိန်တွင် ကောင်လေးကရုတ်တရက်မရုန်းကန်တော့ဘဲ ခပ်ဖျော့ဖျော့သာရှိုက်နေတော့သည်။
မျက်ရည်ပူများကလုစစ်လက်ဖမိုးပေါ်ကျလာပြီး သူ့နှလုံးသားကိုတုန်ရီသွားစေသည်။ သူကောင်လေး၏မျက်နှာကိုမော့လိုက်ရာ စိတ်အားငယ်သွားရသည်အထိကြောက်လန့်နေသည့်အလား ကောင်လေး၏မျက်လုံးများမှာတင်းကြပ်စွာမှိတ်ထားပြီး မျက်တောင်များမှာမျက်ရည်တို့ဖြင့်တုန်ရီနေသည်ကိုသာမြင်လိုက်ရပေသည်။
လုစစ်တောင့်တင်းသွားရသည်၊ ဒါကသူလိုချင်တဲ့အရာလား။ ဒါကသူ့ကိုပျော်စေရဲ့လား။
သူကောင်လေးကိုအလိုလိုလွှတ်ပေးလိုက်မိပြီး ငယ်ငယ်တုန်းကသူ့အဖေစနောက်ကာပြောဖူးသည့်အရာကိုသူ့စိတ်ထဲမှာပြန်တွေးကြည့်မိသည်။
"ယုတ်မာပြီးညံ့ဖျင်းတဲ့အယ်ဖာကသာအိုမီဂါတစ်ယောက်ကိုအားသုံးပြီးရယူလိမ့်မယ်။ အားစစ်၊ သားရဲ့ဗီဇစစ်ဆေးမှုရလဒ်ကအယ်ဖာတဲ့၊ ရှောင်လုကအိုမီဂါဖြစ်ရမယ်၊ မင်းအမေကမင်းအတွက်စီစဥ်ပေးထားပြီးပြီ၊ သူကအနာဂတ်မှာမင်းရဲ့ဇနီးလေးဖြစ်လာလိမ့်မယ်၊ မင်းကြီးလာတဲ့အခါကျရင်မင်းရဲ့ဇနီးလေးအပေါ်လူကြီးလူကောင်းဆန်ဖို့သတိရပါ၊ ဒါပေမဲ့ မင်းရဲ့ဇနီးလေးကိုကြောက်အောင်လုပ်တဲ့အဲ့ရိုင်းစိုင်းတဲ့အယ်ဖာကောင်တွေကိုတော့မောင်းထုတ်ရလိမ့်မယ်နော်၊ ဟားဟား။"
ညံ့ဖျင်းတဲ့အယ်ဖာ? သူကဒီလောက်ညံ့လား။ မင်းသဘောကျတဲ့လူကိုထိန်းသိမ်းဖို့ဒီနည်းလမ်းကိုဘဲသုံးလို့ရတာလား။
လုစစ်အနည်းငယ်နောက်ဆုတ်လိုက်မိကာ ရုတ်တရက်ကောင်လေးကိုထပ်မထိရဲတော့ပေ။ သူနာကျင်စွာမျက်စိမှိတ်လျက် သူ့ကိုယ်သူစိတ်ငြိမ်စေရန်ကြိုးစားလိုက်ရပြီး တစ်အောင့်ကြာသော်မျက်လုံးပြန်ဖွင့်လိုက်ရာ သူ့မျက်လုံးများမှာတည်ငြိမ်အေးဆေးနေပြီဖြစ််သည်။
"သွားတော့။"
သူပြောလိုက်သည။
သခင်လေးမှာမှင်သက်သွားရပြီး စိုးရိမ်ပူပန်စွာမျက်လုံးဖွင့်ကြည့်လိုက်ပုံမှာ မယုံကြည်နိုင်သည့်အလား။
"ခင်ဗျား...."
"ထွက်သွား၊ ငါ့ရှေ့မှာဘယ်တော့မှထပ်မပေါ်လာနဲ့တော့။"
သူနောင်တရမိမည်ကိုစိုးရွံ့သည့်အလား သူရုတ်တရက်လေသံမြှင့်လိုက်ပေမဲ့ "ထွက်သွား"ဆိုသည့်စကားလုံးမှာထိန်းချုပ်မရစွာတုန်ယင်သွားခဲ့သည်။
သခင်လေး၏မျက်လုံးများမှာနီရဲသွားရပြန်ကာ သူကားမာနကြီးသူမို့ ခုနကကြောက်လန့်သွားပြီး သူကထိုသို့ပြောလာပြန်ရာ သူသဘာဝအလျောက်ဆက်နေလိမ့်မည်မဟုတ်။
"သွားမယ်၊ သွားမှာပေါ့၊ ဘယ်သူကဂရုစိုက်လို့လဲ။"
သူဒေါသတကြီးပြောကာ သူ့လက်ကောက်ဝတ်များနီရဲသွားသည်အထိသူ့လက်ကောက်ဝတ်ပေါ်ကနက်ခ်တိုင်မှရုန်းဖို့ကြိုးစားလိုက်ပေမဲ့ သူရုန်းထွက်မရသေးပေရာ နောက်ဆုံးမှာနက်ခ်တိုင်ကိုဆိုဖာပေါ်ရိုက်ချလိုက်မိသည်။ တစ်အောင့်ကြာအောင် လုစစ်ကိုအကူအညီမတောင်းဘဲ ထရပ်လိုက်သည်။
သို့သော် သူခုနကရုန်းကန်တုန်းကခွန်အားအများကြီးသုံးမိသွားသဖြင့် သူမတ်တပ်ထရပ်လိုက်သည်နှင့် သူယိမ်းထိုးသွားကာ သူ့ခြေထောက်များခွေကျသွားတော့သည်။
သူကြမ်းပြင်ပေါ်"ဘုန်"ခနဲကျသွားသည်ကိုမြင်လိုက်ရသော် လုစစ်သူ့ကိုကူညီဖို့အလိုလိုလက်ဆန့်လိုက်မိပေမဲ့ သူ့လက်မှာတောင့်ခဲသွားရပြီး နောက်ဆုံးချက်ချင်းပြန်ရုတ်လိုက်သည်။
သခင်လေးမှာနောက်စိတွင်မျက်လုံးမရှိတာမို့ ဒီမြင်ကွင်းကိုမမြင်လိုက်ပေ။ သူ၏ထုံကျင်သွားသောဒူးခေါင်းကိုပွတ်ကာ ခဲရာခဲဆစ်ထလိုက်ပြီး တံခါးဆီခေါင်းမာစွာလျှောက်သွားလိုက်သည်။
သို့သော်--
"0687မပြီးသေးဘူးလား။ ဘယ်လောက်ဆိုးဆိုး ငါဒီတံခါးအပြင်ထွက်လိုက်တာနဲ့ ဇာတ်လိုက်နဲ့ငါတကယ်ပြီးသွားမှာနော်!"
လင်ခုံးလုမှာဟိန်းဟောက်လုနီးပါးပင်။
0687: "နောက်တစ်မိနစ်စောင့်အုံး၊ အဆင်သင့်ဖြစ်ခါနီးပြီ၊ မင်းခြေတစ်လှမ်းအရင်လှမ်းပြီးတော့ အနောက်လှည့်ပြီး စကားလုံးအနည်းငယ်အချိန်ဆွဲပြောလိုက်လေ။"
လင်ခုံးလု: "....."
လုစစ်မှာကောင်လေး၏ထွက်သွားသောကျောပြင်ကိုကြည့်နေမိပြီး အလိုလိုလက်သီးဆုပ်မိလိုက်သည်။
သွားတော့၊ ဒီတံခါးအပြင်ရောက်သွားတာနဲ့ ငါတို့တွေဘာမှမဆိုင်တော့ဘူး......
ဘာဆက်ဆံရေးမှမရှိတော့ဘူးပေါ့?
သူ့ရင်ထဲတွင်ဆစ်ခနဲနာကျင်သွားရကာ ရုတ်တရက်ထိတ်လန့်မှုထွက်ပေါ်လာသည်။ သူ့ဦးနှောက်မတုံ့ပြန်နိုင်ခင် စကားလုံးများမှာသူ့ပါးစပ်ထဲမှထွက်သွားပြီဖြစ်သည်။
"နေအုံး!"
လင်ခုံးလု: "...." တကယ်တော့ ငါရပ်တော့မလို့ပဲ။
လုစစ်အော်ပြောလိုက်ပြီးနောက် သူမိန်းမောသွားရပေမဲ့ စကားလုံးများမှာပြောပြီးသွားပြီဖြစ်ရာ သူမထူးခြားမခြားနားနှင့်တောင့်တင်းချင်ယောင်ဆောင်ရုံသာတတ်နိုင်သည်။
"မင်းဘာလို့မရှင်းပြကြည့်တာလဲ။"
___________________________________
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
လုစစ်: ငါယုံကြည်လိုက်ရင်ကော?
လန့်စ်: နောက်တစ်ခါကျရင် ငါ့သခင်ကို"ငါ့ဇနီးလေးကိုစိတ်ဆိုးပြီး၃စက္ကန့်ကြာပြီးနောက်နောင်တ"ဆိုတဲ့ပြဇာတ်ကိုလူတိုင်းရှေ့မှာဖျော်ဖြေခိုင်းချင်တယ်။
လုစစ်: ဒါဆိုမင်းမှာဇနီးရှိမှရမှာပေါ့၊ တချို့လူတွေမှာတစ်ယောက်တောင်မရှိဘဲနဲ့၊ ဟမ့်။
____________________________________