လင်ခုံးလုလည်း"ရှင်းပြ"ချင်ပေမဲ့ 0687၏ပုံကလုရန်ကျားဟာလောက်မကောင်းပေ။
သူတစ်အောင့်မျှတွေးကြည့်ကာ မထူးခြားမခြားနားဖြစ်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
"ကျွန်တော်ရှင်းပြမယ်၊ ခင်ဗျားနားထောင်မှာလား။"
"မင်းမရှင်းပြဘဲနဲ့ ကိုယ်နားထောင်မှာမဟုတ်မှန်းမင်းဘယ်လိုသိလဲ။"
"ကျွန်တော်ရှင်းပြတာနဲ့ ခင်ဗျားဖြတ်ပြောနေတာလေ။"
"မင်းလည်းကိုယ့်ကိုဖြတ်ပြောလို့ရတယ်။"
"ခင်ဗျား---"
မုန်တိုင်းပြီးသွားပုံပေါ်ကြောင်းမြင်လိုက်ရရင်း အပေါ်ထပ်မှာပုန်းနေခဲ့သည့်လန့်စ်မှာတိတ်တိတ်လေးခေါင်းပြူထွက်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"အင်း၊ လှေကားတွေရှိတယ်၊ ဆင်းသွားတော့လေ။"
ပိုဆူညံလေလေ ကလေးပိုဆန်လေလေပဲ။
"တိတ်စမ်း!"
လုစစ်နှင့်လင်ခုံးလုကပြိုင်တူမော့ကြည့်လာသည်။
လန့်စ်: "...." ဟုတ်တာပေါ့၊ အတွဲတွေရန်ဖြစ်နေချိန် အမြှောက်စာဇာတ်ကောင်လေးကသူတို့ကိုဝင်တားလို့မဖြစ်ဘူး။
"အဟွတ်၊ မင်းအခုရှင်းပြလို့ရတယ်၊ ကိုယ်နားထောင်မယ်။"
လုစစ်၏လေသံမှာအနည်းငယ်အဆင်မပြေလှ။
ထိုစဥ် 0687ကနောက်ဆုံးမှာပြောလာသည်။
"ရပြီ၊ ရပြီ၊ အဆင်သင့်ဖြစ်ပြီ၊ ရှင်းပြလိုက်တော့။"
လင်ခုံးလုနှဖူးပေါ်ရှိသွေးကြောများကျုံ့သွားရပြီး သူ့မှာ"ရှင်းပြချက်"ဆိုသောစကားလုံးကိုptsdဖြစ်လုနီးပါးပင်။
သူပင့်သက်ရှိုက်ကာ လုစစ်ကိုလှမ်းကြည့်ပြီး တည်ငြိမ်ယောင်ဆောင်လိုက်သည်။
"ခင်ဗျားကကျွန်တော့်ကိုပုံနည်းနည်းလေးကြောင့်နဲ့ဒေါသထွက်နေတာပဲ၊ ထားလိုက်တော့၊ ကျွန်တော့်မှာလည်းလုရန်ကျားပေးသွားတဲ့ပုံအနည်းငယ်ရှိတယ်။"
လုစစ်ဒါကိုကြားသော် သူ့မျက်လုံးများကရုတ်တရက်သူ့ဘက်လှည့်လာသည်။
လင်ခုံးလုဆက်သွယ်ရေးစက်ကိုထုတ်ချင်ပေမဲ့ သူ့လက်များမှာနက်ခ်တိုင်ဖြင်အချည်ခံထားရဆဲပင်။ ရုန်းကန်နေပြီးနောက် သူလက်လျှော့လိုက်ရပြန်သည်။ သူလုစစ်ဆီဖြည်းညှင်းစွာလျှောက်သွားကာ လက်ဆန့်ပေးလိုက်ပြီး မျက်နှာမော့ထားလျက် စကားမပြောပေမဲ့ ဆိုလိုရင်းမှာသိသာလှသည်။
လုစစ်မျက်လွှာချလိုက်ပြီး သူ့အကြည့်မှာကောင်လေး၏နီရဲနေသောလက်ကောက်ဝတ်ပေါ်မှာရှိနေပြီး သူ့မျက်လုံးများမှာမသိမသာလှုပ်ခတ်သွားသည်။ သူလက်မြှောက်ကာ နက်ခ်တိုင်ကိုနှစ်ချက်သုံးချက်နှင့်ဖြည်ပေးလိုက်ပေမဲ့ အကြည့်မလွှဲလိုက်ပေ။
လင်ခုံးလုမှာသူ့လက်ကောက်ဝတ်သူပွတ်သပ်လျက် နာကျင်မှုကြောင့်"ကျွတ်"ဟုထွက်မိသွားပေမဲ့ ဂရုမစိုက်ပေ။ သူဆက်သွယ်ရေးစက်ကိုတန်းဖွင့်ကာ ခုနက0687အတုလုပ်လိုက်သည့်ဓာတ်ပုံကိုယူပြီး သူ့ကိုပြလိုက်သည်။
"ဟင်း၊ ဒါအကုန်ပဲ။"
သူလိမ်လိုက်ပေမဲ့ သူ့မျက်နှာမှာမနီသွားဘဲ သူ့သက်ပြင်းချလိုက်မိသည်။
နည်းလမ်းမရှိပေ၊ လုစစ်ရလာသည့်ဓာတ်ပုံများမှာအစကတည်းကအတုဖြစ်ပြီး လုရန်ကျားကသူတို့ကိုတမင်သက်သက်သွေးခွဲနေသည်ပင်၊ ဘယ်လိုပြောနိုင်မှာလဲ။ ဒီတော့ အလိမ်အညာကိုအလိမ်အညာနဲ့ပဲရိုက်ချလိုက်တာပေါ့။
လုရန်ကျား၏ပုံစံမှာမတော်တဆဖြစ်ပေမဲ့ ၎င်းဟာလည်းအလှည့်အပြောင်းဖြစ်သည်။ သူကျွမ်းကျင်ပိုင်နိုင်စွာအသုံးချလိုက်သည်နှင့် တစ်ဖက်လူ၏သွေးခွဲမှုကိုအသုံးချကာ "လင်ခုံးလု"အတုကိုဖော်ထုတ်ပြီး အရင်ဘဝကသူ့အပေါ်အပြစ်ပုံချခဲ့သည့်ဇာတ်လိုက်ကိုချောက်ချခဲ့သည့်နာမည်ဆိုးကိုဖယ်ရှားပစ်လို့ရသည်။
လုစစ်မျက်လွှာချကာ ဓာတ်ပုံများကိုတစ်ပုံချင်းစီကြည့်လိုက်သည်။ ပုံတိုင်းမှာ ကောင်လေးနှင့်ထိုလူကြားရှိရင်းနှီးသောမြင်ကွင်းများဖြစ်ပြီး ၎င်းကသူ့မျက်လုံးကိုတင်းမာသွားစေသည်။ သို့သော်နောက်ဆုံးတစ်ပုံရောက်သွားချိန်တွင် သူ့လက်မှာရုတ်တရက်ရပ်သွားတော့သည်--
"ဒီပုံက?"
ပုံရိုက်ချိန်မှာမေလ၇ရက်၊ တည်နေရာကားကြယ်မြို့တော်၏ဗဟိုစင်တာဖြစ်ပေမဲ့ ထိုနေ့ကကောင်လေးမှာသိသိသာသာကိုသူနှင့်အတူရှိနေခဲ့သည်ပင်။ ကောင်လေးကလင်ရွှမ်းလော့ဆီစွပ်ပြုတ်သွားပို့ခဲ့ပြီး သူ့အတွက်ပါယူလာခဲ့သည်ပင်။
"အဲ့ဒါကကျွန်တော်ရှေ့တန်းကိုမသွားခင်တစ်ရက်အလိုကပဲ။"
လင်ခုံးလုမှားယွင်းစွပ်စွဲခံရချင်ယောင်ဆောင်လိုက်သည်။
"ကျွန်တော်အဲ့နှစ်ရက်ကိုစစ်တပ်အထွေထွေဆေးရုံမှာကျွန်တော့်ကိုကြီးနဲ့အချိန်ဖြုန်းခဲ့တယ်လို့ ကျွန်တော်ပါးပါးဆီကကြားခဲ့ရတယ်၊ ခင်ဗျားကကျွန်တော့်ကိုအထဲခေါ်လာပေးတာဆို။ ကျွန်တော်မှတ်ဉာဏ်ပျောက်သွားတာလေ၊ ခင်ဗျားမပျောက်ဘူးမလား။ မှတ်မိလား။"
ဒါပေါ့၊ လုစစ်မှတ်မိသည်၊ ငန်တူးနေသည့်ကြက်စွပ်ပြုတ်ကသူ့အပေါ်နက်ရှိုင်းသောအမြင်ကျန်ရစ်ခဲ့သည်။
ဒါပေမဲ့...လူတစ်ယောက်ကမတူညီတဲ့နေရာနှစ်ခုမှာတစ်ချိန်တည်းဘယ်လိုပေါ်လာနိုင်ရတာလဲ။
လုစစ်၏မျက်လုံးများမသိမသာလှုပ်သွားရကာ တစ်ခုခုမှားနေမှန်းသဘောပေါက်သွားသည်။ သူချက်ချင်းလုရန်ကျားသူ့ကိုပို့လာခဲ့သည့်ဓာတ်ပုံနှင့်ဗီဒီယိုကိုပြန်တွေးကြည့်ကာ ဒီတစ်ပုံနှင့်အတူစစ်ကြည့်လိုက်သည်။
ကံကောင်းစွာဖြင့် 0687မှာသူကဒီနေရာမှာအလွန်ထူးချွန်မှန်းသိထားပြီးသားမို့ ဓာတ်ပုံများကိုပေါင်းစပ်ရာတွင်အထူးဂရုစိုက်ခဲ့သည်။ အချိန်တချို့ကြားခဲ့ပေမဲ့လည်း ရလဒ်မှာကျေနပ်အားရဖွယ်ဖြစ်ကာ သူအပြစ်အနာအဆာတစ်ခုမျှရှာမတွေ့ခဲ့ပေ။
"အမှန်ပဲလား။"
လုစစ်ရှုပ်ထွေးကာရှော့ခ်ရသောမျက်နှာထားဖြင့်မျက်လုံးပင့်ကာ လင်ခုံးလုကိုကြည့်လိုက်မိသည်။
သူသိသိသာသာကိုတစ်ခုခုကိုနားလည်သဘောပေါက်သွားသည်။
ရှောင်လုနှစ်ယောက်ရှိတာလား? အရင်ဘဝက....ဟင့်အင်း၊ မဟုတ်ဘူး။
"ကျွန်တော်နှစ်ယောက်ရှိတာဖြစ်လောက်မယ်။"
လင်ခုံးလုဒေါသထွက်ချင်ယောင်ဆောင်လိုက်ပြီး ဂယက်ရိုက်မှုမှာအလွန်သိသာလှပေသည်။
လုစစ်နက်ရှိုင်းစွာမတွေးရဲပေ၊ ဒါပေမဲ့အမှန်တရားကဘာပဲဖြစ်နေပါစေ သူရှာဖွေဖော်ထုတ်ရမယ်။ ဒါပေမဲ့ လင်ခုံးလုနောက်တစ်ယောက်တကယ်ရှိတယ်ဆိုရင် ခုနက.....
လုစစ်ရုတ်တရက်ကောင်လေးကိုမကြည့်ရဲတော့ပေ၊ သူအကြည့်နိမ့်လိုက်မိပြီး နောက်ဆုံးမှာတစ်ဖက်လူ၏လက်ကောက်ဝတ်ပေါ်ကျရောက်သွားသည်။
"မင်း...မင်းလက်တွေနာနေလား။"
သူခက်ခဲသောအသံဖြင့်မေးလိုက်မိသည်။
လင်ခုံးလုတစ်အောင့်မျှမိန်းမောသွားရကာ တစ်ဖက်လူ၏မျက်လုံးထဲကစိတ်ခံစားချက်အပြောင်းအလဲကိုသတိမူမိသွားပြီး ချက်ချင်းရန်လိုစွာပြောလိုက်သည်။
"နာတာပေါ့။"
"လန့်စ်၊ ဆေး!"
လုစစ်ချက်ချင်းအပေါ်ထပ်ကိုမော့ကြည့်လိုက်သည်။
လန့်စ်: "....."
လိုရင်တော့"လန့်စ်"၊ မလိုရင်တော့"တိတ်စမ်း"။
ဆေးရောက်လာချိန် လုစစ်ကလင်ခုံးလုကိုဆိုဖာပေါ်ထိုင်စေလိုက်သည်။
သူမျက်လွှာချထားကာ လိမ်းဆေးကိုဂွမ်းနှင့်ယူပြီး ကောင်လေး၏လက်ကောက်ဝတ်ပေါ်တို့လိုက်သည်။ ၎င်းကမလုံလောက်ဟုခံစားရပုံပေါ်သဖြင့် သူ့လက်ချောင်းထိပ်တို့ဖြင့်ညင်သာစွာနှိပ်နယ်ပေးလိုက်သည်။
သူတောင်းပန်မှုပြုချိန်တွင် အသံမထွက်ဘဲတိတ်တိတ်လေးအမှားပြင်ဆင်တတ်ပုံပင်။
သို့သော်လည်း သူ့လက်ချောင်းထိပ်များမှာမသိမသာအသားမာတက်နေပြီး ၎င်းမှာနှစ်များစွာသေနတ်ကိုင်လာခဲ့ရာမှကျန်ခဲ့ခြင်းဖြစ်သည်။ သူကလူငယ်လေး၏နူးညံ့သောအသားအရည်ကိုပွတ်သပ်လိုက်ချိန်တွင် မသိမသာနာကျင်သွားရပေမဲ့ ယားယံမှုကပိုသည်။
လင်ခုံးလုအနည်းငယ်မသက်မသာဖြစ်သွားရကာ သူ့နားရွက်များမှာဖော်ပြမတတ်စွာပူနွေးလာပြီး သူ့လက်ကိုပြန်ရုတ်ချင်ပေမဲ့ ဆုပ်ကိုင်ခံထားရတာမို့ ဒီခံစားချက်ကိုတတ်နိုင်သလောက်လျစ်လျူရှုထားရုံသာတတ်နိုင်ပြီး ဆက်ရှင်းပြလိုက်သည်။
"ကျောင်းဟွိုင်အကြောင်းကလည်း ကျွန်တော်မောက်မောက်ဆီကကြားခဲ့တာပါ။"
"လျို့ဝှက်ချက်တစ်ရာမှာဟာကွက်တစ်ခုရှိနေတုန်းပဲ"အရ သူ့ကိုနောက်ပြန်လှည့်ဖို့အခွင့်အရေးရသွားစေတဲ့အတွက်ဘော့စ်လုကိုကျေးဇူးတင်ရမယ်၊ သူခုနကမောက်မောက်ကိုမေးလိုက်ပေမဲ့ လုစစ်ကသူ့ကိုလုံးဝမမေးခဲ့ဖူးဘူးဟုဆိုသည်။
"ကျွန်တော်မောက်မောက်ကိုအရင်ကပြောခဲ့ဖူးလောက်တယ်။ ကျောင်းစုံညီပွဲတော်မသွားခင်တုန်းက ကျောင်းမှာတုန်းကကျွန်တော့်ကိုလိုက်ပိုးပန်းတဲ့ကျွန်တော်မုန်းတဲ့လူတစ်ယောက်ရှိတယ်လို့ပြောပြီးတော့ ကျွန်တော့်ကိုAIဘော်ဒီဂတ်ယူသွားချင်လားမေးလာတယ်။ နောက်တော့ကျောင်းဟွိုင်ကကျွန်တော့်ကိုလာနွယ်တယ်၊ မောက်မောက်သူ့အကြောင်းပြောထားတာကိုကျွန်တော်မှတ်မိတာမို့ သူ့ကိုမသိချင်ယောင်ဆောင်ခဲ့တာ၊ ခင်ဗျားစိတ်မကောင်းဖြစ်မှာစိုးလို့လေ။"
လုစစ်မျက်လုံးပင့်မကြည့်ဘဲ ခပ်ဖွဖွ"အမ်း"ဟုဆိုလိုက်သည်။
ကောင်လေး၏စကားများမှာတကယ်တမ်းအမှန်တစ်ဝက်၊ အမှားတစ်ဝက်ဖြစ်မှန်းသူသိသည်။ သူသာဒီလောက်ကျိုးကြောင်းသင့်နေလို့ရှိရင် စောင့်ကြည့်ကင်မရာကိုမြင်လိုက်ရတုန်းကသူမလုံမလဲဖြစ်လိမ့်မည်မဟုတ်။
အထူးသဖြင့်သူခုနကထွက်သွားတုန်းက လူငယ်လေး၏ပင်ကိုယ်စရိုက်အရဆိုရင် ပုံမှန်တုံ့ပြန်မှုမှာဒေါသထွက်လွန်းလို့ စေ့စပ်ပွဲကိုဖျက်သိမ်းချင်သင့်ပေမဲ့ ထိုအစားကသူ့ကိုအလွယ်လေးခွင့်လွှတ်ပေးကာ သူ့ဘေးမှာလိမ်လိမ်မာမာလေးပင်ထိုင်လာသေးသည်။
ကောင်လေးတကယ်လိပ်ပြာမသန့်ဖြစ်နေမှန်းသူမြင်ရသည်။
ဓာတ်ပုံနှင့်ပတ်သတ်ပြီးတစ်ခုခုထူးဆန်းတာရှိသည်ဟုလုစစ်ခန့်မှန်းမိပေမဲ့ အတိတ်မေ့ချင်ယောင်ဆောင်ခြင်းအားဖြင့်သူခန့်မှန်းတာမှန်လောက်သည်။
အစကတကယ်အတိတ်မေ့သွားပြီး နောက်တော့ပြန်ကောင်းသွားတာဖြစ်လောက်မည်။ အစကတည်းကသူအတိတ်မမေ့သွားပေမဲ့ သူ့စကားများကိုမတော်တဆကြားသွားကာ သူလက်တုံ့ပြန်မှာကြောက်ပြီး အတိတ်မေ့ချင်ယောင်ဆောင်ကာ သူ၏မျက်နှာသာပေးမှုကိုဖော်ပြခဲ့တာဖြစ်လောက်သည်။
ဒါပေမဲ့ သူ့အတွက် အဲ့ကိစ္စများကအခုအရေးမပါတော့ပေ။
တကယ်အတိတ်မေ့တာပဲဖြစ်ဖြစ်၊ အတိတ်မေ့ချင်ယောင်ဆောင်တာပဲဖြစ်ဖြစ်၊ ကောင်လေးကလုရန်ကျားနှင့်တကယ်မပတ်သတ်သရွေ့ တစ်ဖက်လူကသူ့ဘေးမှာနေချင်စိတ်ရှိသရွေ့ ကိစ္စမရှိပေ။
ဟန်ဆောင်တာဆိုရင်တောင် သူတစ်သက်လုံးဟန်ဆောင်လို့ရတယ်၊ သူကျေနပ်တင်းတိမ်ပါတယ်။
ဒါပေမဲ့ ဓာတ်ပုံက"လင်ခုံးလု"နောက်တစ်ယောက်ကတော့...."
ဒါကိုတွေးမိရင်း လုစစ်မျက်မှောင်အသာကြုတ်ကာပြောမိသည်။
"ဒီကိစ္စမှာလျို့ဝှက်ပူးပေါင်းကြံစည်မှုရှိရမယ်၊ မင်းလတ်တလောမလုံခြုံလောက်ဘူး၊ အိမ်မှာနေပြီးအပြင်မထွက်တာအကောင်းဆုံးပဲ၊ ကိုယ်စုံစမ်းစစ်ဆေးလိုက််မယ်။"
"ဒါကအစထဲကလျို့ဝှက်ပူးပေါင်းကြံစည်မှုပဲ။"
သခင်လေးသနားညှာတာမှုမရှိဘဲပြောလိုက်သည်။
"ကျွန်တော်အဲ့ပုံတွေကိုမြင်လိုက်တာနဲ့ ကြယ်သူခိုးမှာမကောင်းတဲ့ရည်ရွယ်ချက်ရှိမှန်းသိလိုက်တယ်။ သူကကျွန်တော်သူ့ကိုသဘောကျတယ်လို့တောင်ပြောလိုက်သေးတယ်။ ကျွန်တော်မယုံပါဘူး။ ဒါပေမဲ့ ခင်ဗျားကိုကြည့်လိုက်၊ ခင်ဗျားကတော့အခြားလူတွေပြောတာယုံပြီး ပြန်လာပြီးတော့ကျွန်တော့်ကိုဒေါသထွက်၊ ခြိမ်းခြောက်လာတယ်လေ။"
လုစစ်: "...."
သူနှုတ်ခမ်းတင်းတင်းစေ့ကာ ခပ်တိုးတိုးပြောလိုက်မိသည်။
"တောင်းပန်ပါတယ်။"
သူတကယ်တောင်းပန်လာသည်ကိုမြင်လိုက်ရသော် လင်ခုံးလုအပြစ်ရှိစိတ်ခံစားလိုက်ရသည်။ အဆုံးတွင် သူဟာဒီကိစ္စနှင့်ပတ်သတ်ပြီးသိပ်ကိုကျိုးကြောင်းမဆီလျော်လှ။ အရင်ဘဝကမှတ်ဉာဏ်၏လွှမ်းမိုးမှုကြောင့် လုစစ်ယုံကြည်လိုက်တာကပုံမှန်ဖြစ်ပေမဲ့---
"ဝေ့၊ ဒီလိုကိစ္စမျိုးအနာဂတ်မှာဖြစ်လာမယ်ဆိုရင်တော့ ပြန်စဥ်းစားကြည့်ရလိမ့်မယ်။ ခင်ဗျားကသူ့ထက်ပိုသာတာကို ကျွန်တော်သူ့ကိုသဘောကျပါ့မလား။"
လုရန်ကျားရန်စလာခြင်းမှကာကွယ်ရန်ပလို့ငှာ လင်ခုံးလုသူ့ကိုကာကွယ်ဆေးနောက်တစ်လုံးထိုးပေးဖို့ဆုံးဖြတ်လိုက်သည်။
ထိုစကားများကိုကြားလိုက်ရချိန် မိုးကုန်သွားသည့်အလား လုစစ်ခပ်ဖွဖွရယ်မောလိုက်မိပေမဲ့ ဘာစဥ်းစားရမယ်မှန်းမသိဘဲ ရုတ်တရက်ကောင်လေး၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်မိပြီး သူ့လေသံမှာအနည်းငယ်စိုးရိမ်ပူပင်လျက်။
"ဒါဆို ကိုယ်တို့လက်ထပ်ပွဲ...."
သူခုနကတကယ်စိတ်လွတ်သွားကာ အရမ်းကြီးဆိုးဆိုးဝါးဝါးပြုမူလိုက်မိတာမို့ ကောင်လေးလက်မထပ်ချင်မှာစိုးရိမ်နေမိသည်။
လင်ခုံးလုထိုစကားလုံးများကိုကြားကာ တုံ့ဆိုင်းစွာပြောမိသည်။
"အရင်...အတိုင်းပဲမလား?"
နောက်ဆုံးမှာလုအစ်ကိုကြီးမည်းနက်သွားလုနီးပါးအခြေအနေမှဆွဲထုတ်လာပြီးနောက် သူပြန်မတွန်းထုတ်နိုင်တော့ပေ။
သို့သော် ဒီတုံ့ပြန်မှုကအကောင်းမြင်လွန်းသွားပုံပေါ်မည်ကိုစိတ်ပူတာမို့ ခပ်တိုးတိုးရှင်းပြလိုက်ရသည်။
"တကယ်တော့ ကျွန်တော်ခုနကလက်မှတ်ထိုးချင်စိတ်ရှိပါတယ်၊ ဒါပေမဲ့ကိုကို့မျက်နှာထားကကြောက်ဖို့လွန်းတော့ ကျွန်တော် ကျွန်တော်...."
"ကိုယ်တောင်းပန်ပါတယ်။"
လုစစ်ထပ်တောင်းပန်လိုက်ပြီး အောက်ငုံ့ကြည့်လိုက်တော့ လက်ကောက်ဝတ်များမှာနီရဲကာယောင်ယမ်းနေသေးသည်ကိုမြင်လိုက်ရပြီး သူ့မျက်လုံးများမှာစိတ်သောကရောက်မှုနှင့်အပြစ်ရှိစိတ်တို့ဖြင့်ပြည့်နှက်သွားရကာ တီးတိုးဆိုလိုက်မိသည်။
"နောက်မဖြစ်စေရပါဘူး။"
အပေါ်ယံပြန်လည်သင့်မြတ်မှုအပြီးတွင် နှစ်ယောက်သားကြားရှိလေထုမှာတစ်ဖန်လိုက်ဖက်ညီလာပြန်သည်။ ခုနကဖြစ်ရပ်ကြောင့်ဖြစ်သွားခဲ့သည့်စိတ်ဝမ်းကွဲမှုကိုတော့ဖြင့် သူတို့နှစ်ယောက်သားအလိုလိုနားလည်စွာထိုအကြောင်းမပြောကြတော့ပေ။
သို့သော် အဆုံးမှာလက်ထပ်စာချုပ်မရခဲ့ပေ။
လုစစ်ကလင်ခုံးလု၏လက်ကောက်ဝတ်ကိုဆေးကူထည့်ပေးပြီး ခုနကထောက်ကျသွားသည့်ဒူးကိုဆေးကူလိမ်းပေးသည်။ အကုန်လုပ်ပေးပြီးနောက် သူ့အထက်လူကြီးများထံမှ စစ်ဌာနချုပ်ကိုချက်ချင်းပြန်လာရန်အသိပေးစာရရှိလိုက်သည်။
လင်ခုံးလုအပြင်ကကောင်းကင်ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
"အရမ်းနောက်ကျနေပြီကို၊ လုရန်ကျားကြောင့်မဖြစ်နိုင်ဘူးမလား။"
"အခြေအနေကတကယ်အရေးကြီးနေတာ၊ မင်းသာဒီနေ့ဘယ်သူ့ကိုမှအသိမပေးဘဲ ကြယ်မြို့တော်ရဲ့လူအစည်ကားဆုံးဗဟိုစင်တာမှာပေါ်လာနိုင်လို့ရှိရင် မနက်ဖြန်ကျဖယ်ဒရယ်သမ္မတရဲ့ရုံးခန်းထဲမှာပေါ်လာနိုင်စွမ်းရှိနိုင်တယ်မလား။ သန်ဘက်ခါဆိုသူဖယ်ဒရယ်အရာရှိတွေကိုတိုက်ရိုက်ဖမ်းချုပ်နိုင်စွမ်းရှိလာနိုင်တယ်မလား။"
အထက်စီမံခန့်ခွဲမှုကဒီကိစ္စ၏လေးနက်မှုကိုသဘောပေါက်သွားကာ သူအားလပ်ရက်ယူထားသော်လည်း သူ့ကိုပြန်ခေါ်တာဖြစ်ကြောင်းလုစစ်လည်းမှန်းဆမိသည်။
သူကလည်းဒီလူကိုရှာပြီး ဓာတ်ပုံထဲက"လင်ခုံးလု"နောက်တစ်ယောက်ဘာဖြစ်သွားလဲရှာဖွေချင်နေတာမို့ သူလင်ခုံးလုကိုပြောလိုက်သည်။
"ကိုယ်မင်းကိုအိမ်အရင်ပြန်ပို့ပေးမယ်။"
ဒါကိုကြားသော် လင်ခုံးလုချက်ချင်းခါးသီးသွားပုံပေါ်ကာ လက်ကောက်ဝတ်ကိုမြှောက်လျက်သူ့ကိုပြကာ ပြောလိုက်မိသည်။
"ဘယ်လိုလုပ်ပြီးဒီလိုပြန်သွားလို့ရမှာလဲ။"
"....." လုစစ်တစ်စက္ကန့်မျှရှက်သွားရပြီး ပြဿနာကိုသိသိသာသာသတိမူမိသွားသည်။
လူငယ်လေးမှာလက်ကောက်ဝတ်ပေါ်တွင်အနီရောင်အမှတ်အသားများရှိနေရုံတင်သာမက သူ့လည်တိုင်ပေါ်မှာလည်းhickeyရာများစွာရှိနေပြီး အကုန်လုံးမှာသူ့ကြောင့်ဖြစ်သွားခြင်းပင်....သူ့ယောက္ခမသာဒါကိုမြင်သွားလို့ရှိရင် ဟက်။
"ကိုကို့မှာထူးခြားတဲ့ဝါသနာတချို့ရှိတယ်လို့ ကျွန်တော့်ပါးပါးထင်သွားလောက်တယ်။"
လင်ခုံးလုသမင်လေးပမာနှာမှုတ်ကာပြောလိုက်သည်။
လုစစ်၏မျက်နှာမသိမသာပူနွေးသွားရကာ ချောင်းအသာဟမ့်ပြီး သူ၏လေးနက်တည်ကြည်မှုကိုထိန်းသိမ်းလျက်ပြောလိုက်သည်။
"ဒါဆို...မင်းဒီမှာတစ်ရက်နေလိုက်လေ၊ ဆေးပိုထည့်ဖို့သတိရနော်၊ ဒါတွေပျောက်သွားမှပြန်တော့။"
"အိုး၊ တစ်သက်လုံးမနေစေချင်တော့ဘူးလား။"
လင်ခုံးလုမှာဂုဏ်ယူဝံ့ကြွားနေပုံရကာ သူခုနကပြောခဲ့သည့်စကားကိုတုပြောလိုက်သည်။
"နှလုံးသားကဒီမှာမရှိလည်းကိစ္စမရှိဘူး၊ မင်းဒီမှာနေနေသရွေ့--"
လုစစ်မှာအလွန်အမင်းရှက်ရွံ့သောမျက်နှာထားဖြင့် သူ့ပါးစပ်ကိုအလျင်စလိုအုပ်ကာလိုက်ရပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ဟုတ်ပါပြီ၊ ကိုယ့်အမှားပါ၊ မပြောနဲ့တော့နော်။"
သူပြောလိုက်တုန်းကမခံစားမိပေမဲ့ နောက်ပိုင်းပြန်တွေးကြည့်မိချိန် လုစစ်မှာရှက်လွန်းလို့ သခင်လေးအတွက်ဗီလာနောက်တစ်လုံးဝယ်ပေးချင်မိသည်။ ဒါဘာဖြစ်တာလဲ။ လန့်စ်ကြည့်တဲ့ပေါက်ကရဇာတ်လမ်းတွေလွှမ်းမိုးတာခံလိုက်ရတာဖြစ်မယ်။
____________________________________
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
လန့်စ်: သိသိသာသာကိုသခင့်မှာသဲရုပ်တုသခင်ဗီဇရှိနေတာကို၊ ကျွန်တော့်ရဲ့ဒရာမာဇာတ်လမ်းတွဲတွေနဲ့ဘာဆိုင်လို့လဲလို့?
__________________________________