Chapter(23)
Viewers 10k

dejavuမြင်ကွင်း၊ dejavuကမတော်တဆကြားသွားကာ dejavuကသတိထားမိသွားပြီး dejavu၊ မောက်မောက်ကသူ့ကိုယ်စားအပြစ်တင်လိုက်သည်။

"မင်းကသောက်ရမ်းကောက်ကျစ်တာပဲ၊ မြှောင်။"


(*dejavu= လက်ရှိအခြေအနေကိုတွေ့ကြုံဖူးသည့်ရင်းနှီးသောခံစားချက်)


သူ့ကံကောင်းမှုတော့သွားပြီဟုလင်ခုံးလုခံစားလိုက်ရသည်။ ခုနကသူဗီလာထဲကထွက်လာစဥ် သူထိုအကြောင်းတွေးလေလေ လုစစ်၏အ​ခြေအနေကသိပ်မမှန်ဟုပိုခံစားမိလေလေဖြစ်ရာ သူ0687ကိုမေးလိုက်မိသည်။

"မကောင်းတဲ့စိတ်တန်ဖိုးကျသွားပြီလား။"


0687ကစစ်ကြည့်ကာပြောလာသည်။

"ဟင်၊ မကျသွားတဲ့အပြင် တက်လာသေးတာလားဟ?!"


လင်ခုံးလု: "....."


ထို့နောက် သူတို့စနစ်ကျကျစမ်းစစ်ချက်လုပ်လိုက်ကြပြီး လုရန်ကျားကသူ့အရင်ဘဝကအဖြစ်မှန်ကိုမပြောပြခဲ့သည့်အပြင် သူတို့ဆက်ဆံရေးကိုပင်သွေးခွဲခဲ့တာဖြစ်လောက်သည်ဟုသူတို့နှစ်ယောက်လုံးသဘောတူလက်ခံလိုက်ကြသည်။


"အခြားသူပေါ်မှီခိုအားထားတာကငါ့ကိုယ်ငါအပေါ်မှီခိုအားထားတာထက်ပိုဆိုးမှန်းငါသိလိုက်ရပြီ။"

လင်ခုံးလုမျက်မှောင်ကြုတ်လိုက်မိသည်။

"သူကသေသွားပြီဆိုတော့ ငါဘာလုပ်သင့်လဲ။ ဇာတ်လိုက်ရဲ့မည်းနက်သွားတဲ့တန်ဖိုးကဒီလောက်မြင့်နေတာ၊ သူ့အရင်ဘဝကအထုံးကိုဖြေရှင်းလို့မရတာကြောင့်ဖြစ်လောက်မယ်။ ပြန်သွားကြစို့။"


ထို့ကြောင့်သူအနောက်လှည့်ကာပြန်လာခဲ့သည်။


သူကအခွင့်အရေးတစ်ခုရှာကာ သူ့မှတ်ဉာဏ်"ပြန်ရ"ချင်ယောင်ဆောင်ပြီး သူ့အရင်ဘဝကမှတ်ဉာဏ်ကိုပင်ရလာကာ လုစစ်ကိုအဖြစ်မှန်တန်းပြောဖို့စီစဥ်ထားလိုက်သည်။


အဆုံးတွင် လုရန်ကျားကသေသွားပြီမို့ သူ့အရင်ဘဝအကြောင်းအမှန်တရားကိုသိသည့်တစ်ဦးတည်းသောလူမှာမရှိတော့ပေ။ သူဒီကိစ္စမှာကိုယ်တိုင်ဝင်ပါရတော့မှာလား။


ကံကောင်းစွာဖြင့် သူနှင့်လုစစ်မှာအခုဆိုရင်ဆက်ဆံရေးအခြေခံအုတ်မြစ်ရှိနေပြီမို့ အတိတ်မေ့ချင်​ယောင်ဖို့မလိုအပ်တော့ပေ။ ဒါပေမဲ့သူပြန်လာတာနဲ့ ဒီလိုမြင်ကွင်းမျိုးနှင့်ကြုံရလိမ့်မည်ဟုသူလုံးဝမထင်ထားမိပေ။


"အပျော်ရွှင်ဆုံးအချိန်မှာအနာကျင်ရဆုံးမှတ်ဉာဏ်ကိုပြန်ရစေမယ်"ကဘာလဲ၊ "လက်တုံ့ပြန်တဲ့ရည်ရွယ်ချက်အောင်မြင်တယ်"ဆိုတာကဘာတုန်း၊ "ဒီလိုလုပ်ဖို့မစီစဥ်ထားတော့ဘူးမလား"ဆိုတာကကော?


ဘော့စ်လုကတကယ်ကြီးသူ့ထက်လှည့်ကွက်ပိုသိတာလား။ သူတို့ရှေ့တန်းမှာရှိနေတုန်းက သူတို့အပြန်အလှန်လှည့်ကွက်သုံးနေခဲ့ကြတာလား။


ဟုတ်တာပေါ့၊ လုစစ်မှာအစကဒီလိုအစီအစဥ်မျိုးရှိပေမဲ့ နောက်ကျမေ့သွားလောက်မှန်းလင်ခုံးလုယုံကြည်သည်၊ အဆုံးတွင် နှစ်သက်မှုဒီဂရီကမလိမ်နိုင်ပေ။


သို့သော်လှပသောငတုံးတစ်ယောက်၊ "အတိတ်မေ့"ပြီးနောက်ပိုင်းအပြစ်ကင်းစင်ကာလှည့်စားရလွယ်လာသည့်ချမ်းသာသောသခင်လေးတစ်ယောက်အနေဖြင့် သူအမှန်တရားကိုပထမဆုံးသိလိုက်ရချိန်တွင် သူ၏တုံ့ပြန်မှုမှာတည်ငြိမ်အေးဆေးနေလို့မရပေ။


လင်ခုံးလုမှာလုစစ်ကိုထိတ်လန့်တကြားကြည့်လျက်၊ သူ့မျက်လုံးများမှာတဖြည်းဖြည်းချင်းနီရဲလာသည်။


သူပြန်လာလိမ့်မည်ဟုလုစစ်မထင်ထားမိပေရာ သူ့မျက်နှာထားမှာတစ်အောင့်မျှပြာယာခတ်သွားရသည်။


"ရှောင်လု၊ မင်း...."

သူအလိုလိုထရပ်ကာ ရှင်းပြဖို့ရှေ့တိုးလိုက်မိသည်။


သို့သော်လင်ခုံးလုကအလိုလိုနောက်ဆုတ်သွားကာ ခေါင်းခါလျက် သူ၏သရုပ်ဆောင်စွမ်းရည်များကိုထုတ်ပြနေပြီး ဆို့နင့်ကာပြောလိုက်သည်။

"ဒီတော့ခင်ဗျားကအဲ့လိုထင်နေတာပေါ့? ကောင်းတယ်၊ သိပ်ကောင်းတယ်။ တကယ်တော့ကျွန်တော်လည်းခင်ဗျားကိုသဘောမကျဘူး၊ ကျွန်တော်ဟန်ဆောင်----"


"အတိတ်မေ့"ဟူသောစကားလုံးမထွက်သွားခင် သူ့ခြေဖဝါးမှာရုတ်တရက်ချော်သွားပြီး သူ့ခန္ဓာကိုယ်မှာနောက်လန်ကျသွားသည်။


လုစစ်မျက်လုံးထဲခြောက်ခြားမှုတစ်ဖျတ်လက်သွားကာ သူတမဟုတ်ချင်းအပြေးအလွှားရှေ့တိုးလိုက်ပေမဲ့ သူ့လက်ချောင်းထိပ်များကကောင်လေး၏အကျီလက်ကိုသာပွတ်မိသွားသည်။


အနှေးပြကွက်အလား လူငယ်လေးလှေကားပေါ်ကကျသွားသည်ကိုသူ့မျက်နှာထက်အံ့အားသင့်သောအကြည့်ဖြင့်ရပ်ကြည့်နေမိပြီး သူ့ခန္ဓာကိုယ်ပျော့ခွေသွားရသည်။


"ရှောင်လု!"

သူချက်ချင်းတဟုန်ထိုးပြေးဆင်းသွားမိသည်။


သူခြေချော်သွားလိမ့်မည်ဟုလင်ခုံးလုမထင်ထားမိပေ၊ သူ့ခန္ဓာကိုယ်အောက်ကျသွားသည့်အခိုက် သူ့ခေါင်းထဲမှာ0687ကိုအော်ပြောလိုက်သည်။

"မြန်မြန်၊ ငါ့ခေါင်းကိုကာကွယ်ပေးဟ!"


0687: "ခြေတွေလက်တွေကကော?"


"ပေါက်ကရမပြောပါနဲ့လား။ ငါ့တစ်ကိုယ်လုံးကိုကာကွယ်ပေးလေ!"


0687: "...မင်းဒီပြုတ်ကျမှုနဲ့မှတ်ဉာဏ်'ပြန်ရ'ချင်ယောင်ဆောင်ရတယ်လို့ငါရုတ်တရက်ခံစားလိုက်ရတယ်။"


လင်ခုံးလု: "...."


0687: "တစ်ကိုယ်လုံးလား?"


လင်ခုံးလု: "နေအုံး၊ ခေါင်းကိုနည်းနည်းလျှော့ကာကွယ်ပေးပါလား။"


လုစစ်လှေကားအောက်ပြေးဆင်းလာချိန်တွင် သူ့ခွန်အားအကုန်လုံးယုတ်လျော့သွားသည့်အလား သူယိမ်းထိုးသွားကာ ကောင်လေး၏ဘေးမှာဒူးတစ်ဖက်ထောင်ထိုင်ပြီး သူ့ကိုတုန်ယင်နေသောလက်တို့ဖြင့်ကူညီပေးချင်ပေမဲ့ သူမလုပ်ရဲပေ။


တကယ်တော့ လင်ခုံးလုနာကျင်မှုစိုးစဥ်းမျှမခံစားရပေ။ စနစ်ကသူ့ကိုမြင့်မားသောခုခံမှုအဆင့်ပေးထားပြီး နာကျင်မှုဒိုင်းကာလည်းသုံးလို့ရသည်။ သူကခေါင်းလှည့်ကာ လုစစ်ကိုဗလာကျင်းစွာစိုက်ကြည့်ပြီး သူသတိလစ်ချင်ယောင်ဆောင်သင့်လားသိချင်နေမိသည်။


လုစစ်လက်များလှုပ်ခါလျက် ကောင်လေးကိုညင်သာစွာပင့်မလိုက်သည်။ သူ့လက်ကကောင်လေး၏နောက်စိကိုထိသွားချိန် သူတကယ်စိုစွတ်မှုကိုခံစားလိုက်ရသည်။


သူလက်မြှောက်ကြည့်လိုက်ရာ သူ့လက်ထဲမှာသွေးနီနီကိုမြင်လိုက်ရပြီး သူ့မျက်လုံးများမှာလည်းတမဟုတ်ချင်းနီမြန်းသွားရသည်။ သူခွန်အားအကုန်လျော့သွားလုနီးပါး သူ့နောက်ရှိလန့်စ်ကိုအက်ရှရှအော်ပြောလိုက်သည်။

"ကားအသင့်ပြင်ထား၊ ဆေးရုံသွားမယ်!"


လင်ခုံးလုမှာသွေးအများကြီးမြင်ရလိမ့်မည်ဟုမထင်ထားမိဘဲ သူ့မျက်နှာမှာချက်ချင်းဖြူဖျော့သွားရကာ သူဟာအလွန်အမင်းကိုယ့်ကိုယ်ကိုစက်ဆုပ်ရွံရှာမှုနှင့်အပြစ်ရှိစိတ်ထဲတွင်ပိတ်မိသွားသည့်အလား အသက်ရှုရခက်လာတော့သည်။


အခုဟန်ဆောင်နေစရာမလိုတော့ဘဲ သူတကယ်သတိလစ်သွားတော့သည်။


"Host? Host?"

0687ကြက်သေသေသွားရသည်။

"မဟုတ်ဘူးမလား။ ဒါကနည်းနည်းခြစ်မိသွားရုံပါပဲ၊ နည်းနည်းကြောက်ဖို့ကောင်းပုံပေါက်ပေမဲ့ ဘာမှမဖြစ်ဘူးလေ။"


ကားမှာဗီလာဝင်ပေါက်ရှေ့ရပ်သွားပြီး လုစစ်မှာခလုတ်တိုက်လုနီးပါးဖြစ်သွားကာ ကောင်လေးကိုကားထဲခေါ်သွားလိုက်သည်။ လမ်းတစ်လျှောက်လုံး စိတ်ပူမှုနှင့်စိုးရိမ်ပူပင်မှုတို့မှာသူ့ရင်ထဲဆက်လက်ပျံ့နှံ့နေပြီး သူထပ်တလဲလဲတိုက်တွန်းလိုက်သည်။

"မြန်မြန်မောင်း!"


သူဆေးရုံရောက်သွားချိန်တွင် သူတည်ငြိမ်မှုအကုန်ပျောက်ဆုံးသွားပြန်ကာ ဆရာဝန်ကိုမျက်လုံးနီနီတို့ဖြင့်အော်ပြောလိုက်သည်။

"မြန်မြန်၊ သူ့ကိုကယ်ပေး။"


သူသေတော့မည်ဟုဆရာဝန်ထင်သွားကာ ကယ်တင်ဖို့အတွက်အရေးပေါ်ခန်းထဲပြေးဝင်သွားမိသည်။


လင်ပါးပါးနှင့်လင်ရွှမ်းလော့မှာမောက်မောက်ဆီကသတင်းရပြီးသိပ်မကြာခင်ရောက်လာကြကာ စိုးရိမ်တကြီးမေးလာသည်။

"ရှောင်လုဘယ်မှာလဲ။ ဒေါက်တာဘာပြောလဲ။"


လုစစ်ကအရေးပေါ်ခန်းအပြင်ရှိခုံတန်းရှည်ပေါ်မှာထိုင်နေလျက် လက်သီးဆုပ်ထားကာဒူးပေါ်တင်ထားပြီး ဒီနည်းလမ်းကသာသူ့လက်များမတုန်အောင်ထိန်းချုပ်ထားလို့ရပုံပင်။


မေးခွန်းကိုကြားလိုက်ရရင်း သူဖြည်းညှင်းစွာခေါင်းမော့လိုက်ပေမဲ့ အဖြေမပေးမိပေ။ အချိန်အတော်ကြာပြီးမှ သူတုန်ရီသောအသံဖြင့်ပြောမိသည်။

"တောင်းပန်ပါတယ်။"


လင်ပါးပါးနှင့်လင်ရွှမ်းလော့မှာဒါကိုကြားလိုက်ရသော် သူတို့နှလုံးသားမှာချက်ချင်းနစ်မြုပ်သွားရသည်။


"ဘယ်လိုလုပ်ပြီးလှေကားပေါ်ကပြုတ်ကျသွားတာလဲ။"

လင်ပါးပါးကမျက်မှောင်ကြုတ်လျက်မေးလာသည်။


တစ်လျှောက်လုံးသူနှင့်အတူလာခဲ့သည့်မောက်မောက်ကချက်ချင်းတုံ့ပြန်ကာကွန်ပလိန်းတက်လာသည်။

"အကုန်သူ့အမှားတွေပဲ၊ မြှောင်။ သူကသခင့်ကိုတမင်သက်သက်လိမ်ပြီးတော့ သခင့်ကိုသူနဲ့ချစ်မိသွားအောင်လုပ်ခဲ့တာ။ တကယ်တော့ သူကသူ့အပျော်ရွှင်ဆုံးအချိန်မှာသခင့်ကိုလက်စားချေချင်တာ မြှောင် ဝူးဝူး ---"


လန့်စ်ကသူ့ပါးစပ်ကိုအလျင်စလိုအုပ်ကာလိုက်ပြီး လုစစ်ကိုမလုံမလဲတစ်ချက်ခိုးကြည့်လိုက်ကာ မောက်မောက်အမှားကိုကူဖုံးပေးလိုက်သည်။

"သူကဇာတ်လမ်းထဲကဇာတ်ကြောင်းကိုပြောနေတာရယ်၊ သူကဒရာမာဇာတ်လမ်းတွဲအကြည့်များသွားလို့ပါ၊ အာ....အားကုန်သွားပုံပဲ၊ ကျွန်တော်သူ့ကိုအားပြန်သွင်းပေးဖို့ခဏခေါ်သွားမယ်နော်။"


ထိုသို့ပြောပြီးနောက် သူကမောက်မောက်ကိုအလျင်စလိုဆွဲခေါ်သွားတော့သည်။


မောက်မောက်ကရုန်းကန်လျက်: မင်းဘာလုပ်တာလဲ။ ငါ့ကိုလွှတ်၊ ငါမင်းတို့ရဲ့အကြံအစည်ကိုဖော်ထုတ်ချင်တယ်!


လန့်စ်: မင်းအဖျက်ဆီးမခံချင်ရင် မြန်မြန်ထွက်သွားလိုက်တော့။ စိတ်မပူနဲ့၊ ငါ့သခင်ကမင်းရဲ့သခင်လေးကိုအရမ်းချစ်လွန်းလို့နာကျင်အောင်လုပ်မှာမဟုတ်ဘူး။


လင်ရွှမ်းလော့ကမောက်မောက်၏စကားများကိုအပြည့်အဝမယုံကြည်ပေ။ သူတို့နှစ်ယောက်ကြားရှိဆက်ဆံရေးကိုသူမြင်နေရပြီး ၎င်းမှာအတုအယောင်ဖြစ်ပုံမပေါ်။ အထင်လွဲတာဖြစ်လောက်မယ်။


သို့သော် ပြဿနာကညီငယ်လေးကိုလှေကားပေါ်ကပြုတ်ကျသွားစေပြီး အခြေအ​နေမှာမသိရသေးပေရာ သူမမေးဘဲမနေနိုင်ပေ။


"အားစစ်၊ မင်းလက်ထပ်ပွဲကိုအာမခံခဲ့တယ်မလား။ ရက်အနည်းငယ်ပဲရှိသေးတာကို? မင်းတို့လက်မထပ်ခင်သူကဒီလိုပြုတ်ကျသွားတယ်လား။"


လုစစ်အရှက်ရမိကာ သူ့မျက်လုံးများမှာမသိမသာတုန်ရီသွားလျက် သူဆင်ခြေမပေးဘဲ တဝိုးတဝါးလေသံဖြင့်ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော်သူ့ကိုသေချာဂရုမစိုက်လိုက်မိဘူး။"


သူ့ကိုဒီလိုမြင်လိုက်ရသော် လင်ရွှမ်းလော့ဘာ​ပြောရမယ်မှန်းမသိတော့ပေ။ တစ်အောင့်ကြာတိတ်ဆိတ်သွားပြီးမှ သူပြောလိုက်ရသည်။

"ထားလိုက်တော့၊ ရှောင်လုနိုးလာတဲ့အထိစောင့်ကြတာပေါ့။"


လင်ပါးပါးကားအမြဲတမ်းလုစစ်ကိုယုံကြည်အားကိုးခဲ့ပေမဲ့ ဒီတစ်ခေါက်သူသိသိသာသာကိုအလွန်ဒေါသထွက်သွားရကာ ပြင်းထန်စွာသက်ပြင်းချမိပေမဲ့စကားမပြောပေ။


ဆရာဝန်ကခပ်မြန်မြန်ထွက်လာပြီး မက်စ်ချွတ်ကာ ရှေ့တိုးလာသည့်လူသုံးယောက်ကိုပြောလာသည်။

"ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီးကြီးကြီးမားမားထိခိုက်တာမရှိပါဘူး၊ ဦးရေပြားခြစ်မိသွားတာမို့ ပတ်တီးစည်းပေးထားတယ်။ ဒါပေမဲ့စိတ်ဝိညာဥ်ကြည့်ရတာတော့နည်းနည်းလှုံ့ဆော်ခံလိုက်ရတဲ့ပုံပဲ၊ အသိစိတ်ကိုကိုယ့်ဘာသာကိုယ်ပိတ်လှောင်ထားတော့ လတ်တလောမနိုးလာသေးလောက်ဘူး။"


လင်ပါးပါးနှင့်လင်ရွှမ်းလော့မှာဒါကိုကြားလိုက်ရချိန် သူတို့နှလုံးသားမှာလည်ချောင်းထဲခုန်တက်လာတော့သည်။


သူ့နှလုံးသားမှာတစ်ခုခုဖြင့်ထုရိုက်ခံရလိုက်ရသကဲ့သို့ လုစစ်ခံစားလိုက်ရပြီး ထိုကဲ့သို့နာကျင်မှုမျိုးမှာသူအသက်ရှုမရတော့ပေ။ သူ့မျက်လုံးများမှာနာကျင်မှုတို့ပြည့်နေလျက်၊ သူလက်သီးတင်းတင်းဆုပ်လိုက်မိပြီး သူ့လက်သည်းများကသူ့လက်ဖဝါးထဲစိုက်ဝင်လုနီးပါးပင်။


"ဘယ်လို...နှိုးရမလဲ။"

သူခက်ခက်ခဲခဲမေးလိုက်ရသည်။


"ရေတပ်ကပရော်ဖက်ဆာစုန့်ချင်းရွှီကစိတ်ပိုင်းဆိုင်ရာကုသမှုမှာကျွမ်းကျင်ပညာရှင်ပဲ၊ သူ့မှာဖြေရှင်းချက်ရှိလောက်ပါတယ်။"

ဆရာဝန်ကအကြုံပြုသည်။


ဒါကအသိအကျွမ်းမဟုတ်ဘူးလား။


ဒါကိုကြားသော် လုစစ်မှာလင်ရွှမ်းလော့ကိုချက်ချင်းကြည့်လိုက်မိပြီး လင်ရွှမ်းလော့ကအလျင်စလိုပြောလာသည်။

"ငါချင်းရွှီကိုခေါ်လိုက်မယ်။"


စုန့်ချင်းရွှီကကြယ်မြို့တော်မှာရှိနေသေးတာမို့ ဖုန်းကောလ်ရရှိပြီးနောက်အမြန်ဆုံးရောက်လာသည်။


သူကထူးဆန်းသောကိရိယာတစ်စုံသယ်လာပြီး လူအနည်းစုသိချင်နေသည်ကိုမြင်လိုက်ရချိန် သူရှင်းပြလိုက်သည်။

"ကျွန်တော်အခြေအနေကိုနားလည်ပြီးပြီ။ ဒါကရှောင်လုကိုနှိုးရာမှာကူညီပေးနိုင်တဲ့ကိရိယာပဲ၊ ဒါပေမဲ့ပူးပေါင်းဆောင်ရွက်ပေးဖို့တစ်ယောက်ယောက်ကလိုတယ်။"

သူကပြောကာ လုစစ်ကိုကြည့်လာသည်။


စုန့်ချင်းရွှီ၏နည်းလမ်းမှာအလွန်ရိုးရှင်းသယောင်။ ၎င်းကကိရိယာတစ်ခုသုံးကာ လူနှစ်ယောက်၏ဦးနှောက်များကိုဆက်သွယ်ပေးလိုက်တာမို့ သူတို့ထဲကတစ်ယောက်၏အသိစိတ်ကအခြားတစ်ယောက်၏အသိစိတ်ကမ္ဘာထဲဝင်ကာ တစ်ဖက်လူကိုနိုးနိုင်မှာဖြစ်သည်။


ဤကိရိယာကိုသူတီထွင်ခဲ့ခြင်းပင်။ ၎င်းမှာနဂိုကရှေ့တန်းကအယ်ဖာတချို့ကိုစိတ်ပိုင်းဆိုင်ရာပျက်စီးမှုလျော့ကျစေရန်ကူညီပေးဖို့ရည်ရွယ်ထားခဲ့တာဖြစ်သည်။ သို့ပေမဲ့လည်း ၎င်းကိုအသုံးပြုစဥ်အတောအတွင်း စိတ်ပိုင်းဆိုင်ရာပျက်စီးမှုအလွန်ပြင်းထန်လွန်းလို့ဇဝေဇဝါဖြစ်သွားကြသည့်အယ်ဖာတချို့မှာ သူတို့အဖော်အိုမီဂါ၏အကူအညီဖြင့်နိုးထလာနိုင်ကြောင်းသူတွေ့ရှိခဲ့ရသည်။


ဒါပေမဲ့ တိုက်ရိုက်နိုးထခြင်းကားနှစ်ယောက်စလုံးကိုထိခိုက်စေလိမ့်မည်ဖြစ်သဖြင့် အိုမီဂါကသူ့အဖော်ကိုနိုးထစေရန်အသိစိတ်လောကထဲဝင်ရောက်နိုင်ဖို့အတွက် သူဒီကိရိယာတစ်စုံကိုတိုးတက်အောင်လုပ်ခဲ့သည်။


ထို့ကြောင့် ဝင်သွားသည့်တစ်ယောက်ကတစ်ဖက်လူ၏မှတ်ဉာဏ်တချို့ကိုမလွဲမသေမြင်ရလိမ့်မည်ပင်။


သူ့အရင်ဘဝတုန်းက လုစစ်သည်လည်းဒီကိရိယာ၏နောက်ဆုံးဗားရှင်းကိုမြင်ဖူးခဲ့တာမို့ သူလင်ခုံးလုကိုတမင်သက်သက်ခြိမ်းခြောက်တုန်းက မှတ်ဉာဏ်ဖတ်စက်အကြောင်းသူလုပ်ကြံပြောခဲ့တာဖြစ်သည်။


၎င်းကစစ်ဌာန၏ထပ်တိုးဗားရှင်းဖြစ်ပြီး အသုံးပြုဖို့အတွက်လိုအပ်ချက်များမှာသိပ်မမြင်တော့ပေမဲ့ ထိုဗားရှင်းမှာစုန့်ချင်းရွှီတီထွင်ခဲ့တာဖြစ်နေတာပင်....


"အန္တရာယ်ကင်းအောင်လို့ လူနှစ်ယောက်ကြားကဖယ်ရိုမုန်းလိုက်ဖက်ညီမှုက၈၅%ရောက်ဖို့လိုအပ်တယ်။ ယာယီအမှတ်အသားပေးထားရင်အကောင်းဆုံးပေါ့။ ဒီလိုဆိုရင် စိတ်ပိုင်းဆိုင်ရာစွမ်းအားအချိတ်အဆက်မိသွားရင် ငြင်းပယ်နိုင်ချေနိမ့်တယ်။"


ဒါကလုစစ်ပြောနေတဲ့အရာမဟုတ်ဘူးလား။


လင်ပါးပါးနှင့်လင်ရွှမ်းလော့မှာသူ့အပေါ်ထင်မြင်ချက်တချို့ရှိနေသော်လည်း သူတို့မှာရွေးချယ်စရာမရှိဘဲ ဒီအချိန်မှာသူ့ကိုစိုက်ကြည့်နေမိသည်။


လုစစ်ခေါင်းအသာငြိမ့်ကာပြောလိုက်သည်။

"အခုပဲစကြတာပေါ့။"


သိပ်မကြာခင် သူဟာwardထဲတွန်းပို့ခံလိုက်ရတော့သည်။


0687မှာကြောက်လန့်တကြားအော်ဟစ်လျက် လင်ခုံးလုနားထဲမှာအလျင်စလိုအော်ပြောလိုက်မိသည်။

"ထတော့၊ မအိပ်နဲ့တော့၊ အရေးကြီးတာတစ်ခုခုဖြစ်သွားပြီ!"


လင်ခုံးလုမှာခုနကသွေးနှင့်နီးကပ်သောအထိအတွေ့ကြောင့်အိပ်မက်ဆိုးထဲကျရောက်သွားပြီး စနစ်ကသူ့ကိုစနစ်နေရာလွတ်ထဲဆွဲခေါ်သွားတာမို့ ဆရာဝန်ကကိုယ့်ကိုယ်ကိုအသိစိတ်ပိတ်လှောင်မှုအဖြစ်အကဲဖြတ်လိုက်တာဖြစ်သည်။


နိုးလာပြီးနောက် သူအနည်းငယ်မိန်းမောနေဆဲဖြစ်ကာမေးလိုက်မိသည်။

"ဘာဖြစ်တာလဲ။"


"မမေးနဲ့၊ မြန်မြန်ပြန်သွားတော့!"

0687ကတိုက်တွန်းလာသည်။


သို့သော်သူတို့စကားပြောနေစဥ် စုန့်ချင်းရွှီကသူတို့နှစ်ယောက်ကိုခေါင်းဆောင်းတပ်ပေးကာ startခလုတ်ကိုနှိပ်လိုက်ပြီဖြစ်သည်။


"သေပြီ!"

0687ရှော့ခ်ရသွားသည်။


"ဘာဖြစ်နေတာလဲ။"

လင်ခုံးလုပဟေဠိဖြစ်မိလျက်။

"ငါဘာလို့စနစ်နေရာလွတ်ထဲဆွဲသွင်းခံလိုက်ရတာလဲ။"


"ပြောမနေနဲ့တော့။"

0687အလျင်စလိုရှင်းပြလိုက်ပြီးမှမေးလိုက်သည်။

"မင်းဘာလို့ဒီလောက်သွေးကြောက်ရတာလဲ။ ငါတို့အခုဘာလုပ်ကြမလဲ။ မင်းအပြင်ထွက်သွားတာနဲ့ မင်းသေချာပေါက်အမြင်ခံရပြီးမှတ်မိခံလိုက်ရမှာ၊ မင်းဒီလောက်ကမ္ဘာတွေအများကြီးဖြတ်သန်းလာတာကို မင်းအမြင်ခံလိုက်ရရင် မင်းပေါ်သွားမှာမလား။"


"...."

လင်ခုံးလုလည်းပြောစရာစကားမဲ့သွားရကာ တစ်အောင့်မျှတွေးကြည့်ပြီးပြောလိုက်သည်။

"ဒါဆိုသူဖတ်ဖို့စာပိုဒ်တစ်ခုရွေးလိုက်လေ။"


"ဘယ်အပိုင်းရွေးလိုက်ရမလဲ။"


"အရင်ဘဝတုန်းကငါပြန်ပေးဆွဲခံရတဲ့ကိစ္စနဲ့ငါ့သေဆုံးမှုအကြောင်းအမှန်တရားပဲပေါ့။"

သူခေါင်းကိုက်စွာပြောလိုက်ရသည်။


0687: "....." ကြည့်ရတာတော့ဒီနည်းလမ်းတစ်ခုပဲရှိတော့တဲ့ပုံပဲ။


လုစစ်သူ့အသိစိတ်ကမ္ဘာထဲဝင်သွားပြီးနောက် သူအဖြူရောင်အလင်းမှအပဘာမှမမြင်ရပေ။


အချိန်ဘယ်လောက်ကြာသွားလဲမသိ၊ အဖြူရောင်အလင်းကတဖြည်းဖြည်းချင်းမှေးမှိန်သွားကာ လူသူကင်းမဲ့သောမြင်ကွင်းကသူ့မျက်လုံးရှေ့မှာပေါ်လာသည်။


ဤသည်ကားစွန့်ပစ်မိုင်းသတ္ထုကြယ်ဖြစ်ကာ ချောင်ကျပြီး ကျောက်တုံးကျောက်ခဲများကလွင့်ပျံလျက်၊ လေပြည်ကသဲဝါတို့ကိုတိုက်ခတ်သွားသည်။


လင်ခုံးလုကမြေပြင်ပေါ်ပြင်းထန်စွာပစ်ချခံလိုက်ရသည်။ အမြဲတစေအလိုလိုက်ခံထားကာသန့်ရှင်းသပ်ရပ်နေခဲ့သောသခင်လေးကယခုမူ မျက်နှာထက်သဲမှုန့်တို့ဖြင့်ကြောက်စရာကောင်းနေပုံပင်။ သူကားရွှံ့ထဲကျသွားသည့်လိပ်ပြာလေးပမာ အတိတ်ကမောက်မာမှုတို့မရှိတော့ဘဲ ရှက်ရွံ့မှုဖြင့်ထရပ်ဖို့ရုန်းကန်လျက်။


ကြမ်းတမ်းသောအသံကဘေးမှထွက်လာသည်။

"သေစမ်း၊ သူကလုစစ်ရဲ့စေ့စပ်ထားတဲ့ကောင်လေးဆို? ဒါကပိုက်ဆံတော်တော်ရလောက်မယ်။"


လုစစ်၏နှလုံးသားမှာတမဟုတ်ချင်းတင်းကြပ်သွားရပြီး အံ့အားသင့်မှု၊ ရှော့ခ်ရမှုနှင့်စိတ်သောကရောက်မှုတို့ကသူ့မျက်လုံးထဲမှာတစ်ချက်ဖြတ်ပြေးသွားသည်။


ဒါကအရင်ဘဝတုန်းကကောင်လေးပြန်ပေးဆွဲခံရတဲ့နေရာမြင်ကွင်းပဲ၊ တစ်ဖက်လူကလည်း....ပြန်မွေးဖွားလာတာလား။


______________________________________