"စေ့စပ်ထားရုံမဟုတ်ဘူးနော်၊ လက်ထပ်တော့မဲ့သတို့သားလောင်းလည်းဟုတ်တယ်။"
"သေစမ်း၊ ဒီအိုမီဂါလေးကဒီလောက်လှတာ၊ သူကချမ်းသာတဲ့မိသားစုကအထည်ကြီးပျက်သခင်လေးဆို? လုမျိုးရိုးရှိတာကံကောင်းတာပဲ။"
"အဲ့အကြောင်းမစဥ်းစားနဲ့တော့၊ ငါတို့သူ့ဆီကငွေအများကြီးညစ်ရမယ်။"
သည်းမခံနိုင်ဖွယ်စကားများကသူ့နားထဲဆက်တိုက်တိုးဝင်လာပေရာ လင်ခုံးလုမှာကြောက်လန့်မှုဖြင့်ဖြူဖျော့သွားရပြီး ကိုယ်ကိုကွေးကာ နောက်ဆုတ်နေမိသည်။ သူ့နောက်မှာချည်ထားသည့်လက်နှစ်ဖက်ထဲမှာ ဓားငယ်လေးရုတ်တရက်ပေါ်လာပြီး သူ့လက်ကောက်ဝတ်ရှိကြိုးကိုပြာတီးပြာယာဖြတ်နေမိသည်။
ဤသည်ကားကျောင်းမှာတုန်းကလုစစ်သူ့ကိုသင်ပေးခဲ့သည့်နည်းလမ်းဖြစ်ပြီး ဓားကလည်းလုစစ်ပေးခဲ့တာဖြစ်သည်။ သူဒေါသတကြီးလွှတ်ပစ်ခဲ့ပေမဲ့ နောက်ကျဘယ်တုန်းကမှန်းမသိပြန်ကောက်သိမ်းထားခဲ့သည်။
လုစစ်ဒါကိုမှတ်မိသည်၊ ၎င်းကတရားရုံးမှာလင်ခုံးလုအတုပေးခဲ့သည့်သက်သေခံဓားဖြစ်ကြောင်းကိုပါမှတ်မိသည်။
လုစစ်၏နှလုံးသားမှာထုံကျင်သွားရပြီး ဓားကကြိုးပေါ်မဖြတ်ဘဲ သူ့နှလုံးသားပေါ်ဖြတ်နေသည့်အလား။
"ရှောင်လု...."
သူလက်ဆန့်ကာကူညီချင်ပေမဲ့ သူ့လက်ကသခင်လေး၏ကိုယ်ကိုဖောက်ထွက်သွားသည်။ ၎င်းမှာမှတ်ဉာဏ်တစ်ခုသာသာမို့ သူလုပ်နိုင်တာဘာမှမရှိပေ။
ပြန်ပေးဆွဲသမားက"သူ့"ကိုဖုန်းခေါ်နေပေမဲ့ သူ့မှာကိုယ်ပိုင်နံပါတ်မရှိသဖြင့် စစ်ဌာနချုပ်ကိုခေါ်ရုံသာတတ်နိုင်ပြီး သူဘာမှမပြောရသေးခင် သူဟာခွင့်ပြုချက်ကိစ္စကြောင့်ဖုန်းလွှဲပေးဖို့အငြင်းခံရကာဖုန်းချခံလိုက်ရတော့သည်။
ပြန်ပေးဆွဲသမားအနက်တစ်ယောက်ကသခင်လေးဆီလျှောက်သွားပြန်ကာ သူ့မေးစေ့ကိုညှစ်ပြီး ဒေါသတကြီးမေးလာသည်။
"လုစစ်ရဲ့ကိုယ်ပိုင်အကောင့်နံပါတ်ကဘာလဲ။"
သခင်လေးမှာကြောက်ရွံ့နေပြီး သူ့မျက်လုံးများမှာမျက်ရည်တို့ပြည့်လျှံလျက် သူမဖုံးကွယ်ရဲဘဲ ထိတ်လန့်တကြားပြောလိုက်ရသည်။
"766XXX၊ သူသေချာပေါက်ငါ့ကိုလာကယ်မှာ၊ မင်း၊ သူ့ကိုကောင်းကောင်းပြောလိုက်၊ သူလာမှာ၊ သူသေချာပေါက်လာမှာ...."
"အဲ့လိုဖြစ်ရင်အကောင်းဆုံးပေါ့ကွာ။"
ပြန်ပေးဆွဲသမားကသူ့ကိုပစ်ထုတ်လိုက်သည်။
သခင်လေးမှာပစ်ပေါက်ခံရပြီး မြေကြီးပေါ်လဲကျသွားရပြန်သည်။ သဲမှုန့်ကသူ့ကိုနင်ကာချောင်းဆိုးသွားစေသည်။ လုစစ်အလိုလိုလက်လှမ်းလိုက်မိပေမဲ့ သူဘာမှမဆုပ်ကိုင်မိဆဲပင်။
ဖုန်းခေါ်ဆိုမှုထပ်လုပ်လိုက်ပြီး ဒီတစ်ခေါက်တစ်စုံတစ်ယောက်ကဖြေလာပေမဲ့ သူတို့၏တောင်းဆိုချက်ကိုကြားပြီးနောက် တစ်ဖက်လူကအေးစက်သောလေသံဖြင့်ပြောလာသည်။
"နိမ့်ကျသွားပြီးနောက်မှာအာဏာလိုချင်တဲ့အရူးတစ်ယောက်ပဲကို၊ သူ့ကိုလက်ထပ်တာကသူ့ကိုစနောက်ဖို့အတွက်ပဲလို့သူ့ကိုပြောလိုက်၊ ငါကသူ့ကိုတကယ်ရွေးချယ်ပြီးတော့ ငါ့သတို့သားလောင်းအဖြစ်ဆက်ဆံအုံးမယ်တဲ့လား။ မင်းတို့လူမှားရှာမိပြီ။"
ထိုသို့ပြောပြီးနောက် တစ်ဖက်လူကဖုန်းချသွားရာသူတို့ထပ်ခေါ်လိုက်ပေမဲ့ ဆက်မရတော့ပေ။
သခင်လေးမှာမှင်သက်သွားရပြီး သူ့မျက်လုံးများမှာမယုံကြည်နိုင်ဖြစ်မှုတို့ပြည့်လျက်။ သူမနေနိုင်ဘဲခေါင်းခါလျက် ငိုသံပါပြောမိသည်။
"ဟင့်အင်း၊ လုစစ်ငါ့ကိုလာမကယ်ဘဲနေမှာမဟုတ်ဘူး၊ သူ၊ သူကငါ့ကိုသဘောကျတယ်လေ...."
လုစစ်လည်းမိန်းမောနေမိသည်၊ သူထိုသို့မပြောခဲ့သည့်အပြင် ထိုဖုန်းခေါ်ဆိုမှုကိုလည်းမရရှိခဲ့ပေ။ ကောင်လေးပျောက်နေမှန်းသူသိလိုက်ရပြီးနောက် သူကိုယ်တိုင်လိုက်ရှာခဲ့ပြီး သူ့ကိုကယ်တင်ဖို့ချက်ချင်းလုပ်ဆောင်ခဲ့သည်။
သိသိသာသာကို ပြန်ပေးဆွဲသမား၏ဖုန်းခေါ်ဆိုမှုကသူ့ဆီတကယ်မရောက်လာခဲ့ပေ။ ဖုန်းခေါ်ဆိုမှုမှာကြားဖြတ်ခံရကာလမ်းကြောင်းလွဲသွားပြီး တစ်စုံတစ်ယောက်ကဒါတွေအားလုံးကိုတိတ်တခိုးကြိုးကိုင်ခြယ်လှယ်နေခဲ့သည်ပင်။
သို့သော်သခင်လေးကဒါကိုမသိသကဲ့သို့ ပြန်ပေးဆွဲသမားများလည်းမသိပေ။ ပြန်ပေးဆွဲသမားတို့၏ခေါင်းဆောင်ကစိုးရိမ်ပူပင်စွာထပ်တလဲလဲခေါ်နေရင်း ပိုမိုစိတ်မရှည်ဖြစ်လာကာ နောက်ဆုံးဆက်သွယ်ရေးစက်ကိုဒေါသတကြီးပစ်ချကာ ပြောလာသည်။
"သေစမ်း၊ အချိန်ကုန်သွားတာပဲအဖက်တင်တယ်၊ သူ့ကိုရှင်းလိုက်တော့။"
"နေပါအုံး၊ ဒီသခင်လေးကကြည့်ကောင်းတာကို ဘာလို့ကျုပ်တို့အရင်...."
တစ်စုံတစ်ယောက်ကလက်မခံဘဲ ယုတ်မာစွာအကြုံပြုလာသည်။
စက်ဆုပ်ရွံရှာဖွယ်အကြည့်အများအပြားကကောင်လေးပေါ်အမြန်ဆုံးကျရောက်လာသည်။
လုစစ်ဒေါသထွက်သွားကာ သူပို၍ပင်ပြယာခတ်သွားရပြီး အသုံးမဝင်မှန်းသိပါလျက်နှင့် သခင်လေးရှေ့မှာပိတ်ရပ်လိုက်မိသည်။ သူသူ့ကိုယ်သူမုန်းတယ်၊ သူ့အရင်ဘဝက"သူ"ကိုပိုတောင်မုန်းသေးတယ်၊ ဘာလို့သူဘာမှမလုပ်နိုင်ခဲ့တာလဲ၊ သူဘာလို့အချိန်မီမရောက်လာခဲ့တာလဲ။
တစ်စုံတစ်ယောက်ကအနားကပ်စပြုလာပြီး ကောင်လေးကကြိုးကိုဖြတ်နိုင်သွားကာ တုန်တုန်ရီရီထရပ်လျက် ကြောက်လန့်တကြားဖြင့်သူတို့ကိုဓားနှင့်ရွယ်လိုက်သည်။
"မင်း၊ မင်းတို့အနားမကပ်နဲ့၊ မင်းတို့ကပ်လာရဲရင် လုစစ်ကမင်းတို့ကိုလွှတ်ပေးမှာမဟုတ်ဘူး။"
အခုချိန်ထိ သူကသူ့ကိုလာကယ်လိမ့်မည်ဟုသခင်လေးကမျှော်လင့်ထားဆဲပင်။
လူအများအပြားရယ်မောလိုက်ကြပြီး တစ်ယောက်ကပြောလာသည်။
"မင်းဘာလို့ခက်ခက်ခဲခဲလုပ်နေတာလဲ၊ သူကအိုမီဂါလေ၊ ဖယ်ရိုမုန်းသာလွှတ်လိုက်။"
ဒါကိုကြားလိုက်ရသော် သခင်လေးလန့်သွားကာ သူ့ဂလင်းကိုဖြတ်တောက်လိုက်ပြီး သူကဖယ်ရိုမုန်းထံမှထိန်းချုပ်မခံရရင်အဆင်ပြေသွားလိမ့်မည်ဟု တုံးအစွာတွေးလျက်။
ဓားပေါ်မှာသွေးများကျန်ခဲ့ပြီး သခင်လေးကဖြူဖျော့သွားကာ မျက်စိမှိတ်ထားလျက်မကြည့်ရဲပေ။
လုစစ်၏နှလုံးသားမှာခပ်ပြင်းပြင်းထိုးနှက်ခံရပြန်ကာ သူနာကျင်လွန်းလို့အသက်ရှုမရတော့ပေ။ တရားရုံးမှာ ကောင်လေး၏သွေးနှင့်ဓားကဒီပုံစံဖြင့်ရောက်လာခြင်းပင်။
သခင်လေးမှာနူးညံ့သိမ်မွေ့ပြီး နာကျင်မှုကိုကြောက်ရွံ့သည့်အပြင် သွေးလည်းကြောက်သည့်တိုင်အောင် ဒီလိုတွန်းအားပေးခံခဲ့ရသည်။ ဒါပေမဲ့ပြန်မွေးဖွားလာပြီးနောက်ပိုင်းသူကကော? သူကလည်းတစ်ဖက်လူကသွေးကြောက်ချင်ယောင်နေသည်ဟုသံသယဝင်နေခဲ့သည်။
လုစစ်လူငယ်လေးကိုသူ့လက်မောင်းများကြားထဲမှာဆုပ်ကိုင်ထားလျက် သူ၏နှလုံးသားနာကျင်မှုနှင့်နောင်တရသူ့ကိုအသက်မရှုနိုင်အောင်ဖြစ်စေသည်။ ထိုအချိန်တုန်းကသူတကယ်အဲ့နေရာမှာရှိနေပြီး ကောင်လေးကိုတကယ်ပွေ့ဖက်ကာ ထိခိုက်မှုအကုန်လုံးကိုသူ့ကိုယ်စားပိတ်ဆို့ပေးနိုင်ဖို့ သူဘယ်လောက်ဆုတောင်းရမလဲ။
ဒါပေမဲ့သူမလုပ်နိုင်ခဲ့ပေ၊ သူဘာလို့ဒီလောက်နှေးကွေးခဲ့တာလဲ။ ဘာလို့ပိုမြန်မြန်မလာနိုင်ခဲ့တာလဲ။
ပြန်ပေးဆွဲသမားကရှေ့တိုးမရပ်ဘဲ ကောင်လေး၏လုပ်ရပ်ကိုပင်ရယ်မောလိုက်သေးသည်။ ကောင်လေးမှာလုံးဝစိတ်ဓာတ်ကျသွားပုံပေါ်ပြီး လက်ထဲတွင်ဓားကိုင်လျက်သားဖြင့်ထိုလူ့ဆီပြေးဝင်သွားကာ ဝံပုလွေအုပ်ထဲပြေးဝင်သွားသည့်ယုန်လေးတစ်ကောင်ပမာ သေဆုံးသည်အထိတိုက်ခိုက်ဖို့ကြိုးစားလို့နေသည်။
တစ်စုံတစ်ယောက်ကသေနတ်နှင့်ပစ်လိုက်ရာ သွေးများကပန်းပွင့်ပမာပွင့်အာသွားပြီး ကောင်လေးကပျော့ခွေလျက်လဲကျလာသည်။ လုစစ်လက်လှမ်းကာကူတွဲလိုက်မိပေမဲ့ တစ်ဖက်လူကသူ့လက်ကိုဖြတ်သွားကာ ဖုန်မှုန့်ထဲလဲကျသွားသည်။
လူငယ်လေးမှာမြေပြင်ပေါ်လဲကျလျက်သားဖြင့် သူ၏လှပသောမျက်ဝန်းတစ်စုံမှာပွင့်နေဆဲဖြစ်ပြီး သူဘာလို့သူ့ကိုလာမကယ်မှန်းနားမလည်သည့်အလား မိန်းမောလျက်။
အချိန်ကားရပ်နေသယောင်၊ လုစစ်၏နှလုံးသားမှာထိုဖြစ်ရပ်နှင့်အတူသေဆုံးသွားတော့သည်။
အနောက်မှထွက်လာသည့်တစ်စုံတစ်ယောက်ကလက်ခုပ်တီးလျက် အပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။
"တကယ်စိတ်လှုပ်ရှားစရာပဲ၊ ဒါပေမဲ့ ကံမကောင်းချင်တော့ ရွှေတုံးကြီးကိုမတော်တဆသတ်လိုက်မိတယ်။ လုစစ်ကသူ့ကိုအရမ်းသဘောကျတာမို့ ငါမင်းကိုမျက်နှာသာပေးလိုက်ပါ့မယ်လေ။"
လုရန်ကျား၊ တကယ်သူဖြစ်နေတာပဲ။
သူနောက်ဆုံးမှာအသိပြန်ဝင်လာသည့်အလား လုစစ်ခေါင်းဖြည်းဖြည်းချင်းလှည့်လိုက်ပြီး သူ့မျက်လုံးထဲမှာထိန်းချုပ်မရသောအမုန်းတရားနှင့်အမျက်ဒေါသတို့ရှိနေလျက်။ ဒီလူ့ကိုအလွယ်လေးပေးသေလိုက်မိသည်ဟုသူရုတ်တရက်ခံစားလိုက်ရသည်၊ သူကဒီလူ့ကိုသေတာကရှင်တာထက်ပိုကောင်းလိမ့်မည်ဟုခံစားရသည်အထိ နှိပ်စက်ညှင်းပန်းမှုမျိုးစုံပေးခံစားခဲ့သင့်သည်။
လုရန်ကျားကချောင်လော့နှင့်ဆာဂျရီလုပ်သည့်ကိရိယာများကိုပင်ယူလာကာ သိသိသာသာကိုကောင်းကောင်းပြင်ဆင်ထားခဲ့သည်ပင်။ သူ့လူများကကောင်လေးကိုလုစစ်ဆီက"လုယူ"သွားခဲ့ပြီး မျက်လုံး၊ လက်ဗွေရာ၊ သွေးနှင့်သွေးလွှတ်ကြောများကိုပါစတင်လွှဲပြောင်းပေးခဲ့သည်။
သူတို့ကကောင်လေး၏အလောင်းကိုပင်မချန်ထားခဲ့ပေ။
"အိုင်း၊ လုစစ်ကမင်းကိုအရမ်းချစ်တာ၊ မင်းကသူ့ကိုပြိုလဲကျအောင်လုပ်နိုင်တဲ့တစ်ခုတည်းသောလက်နက်ပဲ။ သနားစရာပဲ၊ သနားစရာကောင်းလိုက်တာ၊ သူဘာလို့ပူးပေါင်းဖို့ငြင်းဆန်ခဲ့တာလဲကွာ? သိပ်လှတဲ့အလှလေးရယ်။"
လုရန်ကျားအနည်းငယ်နောင်တရသွားမိသည်။
စနစ်နေရာလွတ်ထဲမှာဒီမြင်ကွင်းကိုမြင်လိုက်ရသော် လင်ခုံးလု"အာ"ဟုဆိုကာပြောမိသည်။
"ရုတ်တရက်ငါအရမ်းရက်စက်တယ်လို့ခံစားလိုက်ရတယ်။ အဲ့အချိန်တုန်းက ငါမင်းနဲ့စကားစမြည်ပြောပြီးတော့ အငြိမ်းစားယူပြီးနောက်ပိုင်းလှပတဲ့ဘဝလေးကိုအိပ်မက်မက်နေနေတာမို့ ဒီလိုရက်စက်မှုကြီးကိုသတိမထားမိလိုက်ဘူးရယ်။"
0687: "....."
ဒါပေမဲ့ ပူးပေါင်းဖို့ငြင်းဆန်မှုကကော?
လင်ခုံးလုသေချာဂရုတစိုက်တွေးကြည့်လိုက်ရာ ထိုအချိန်တုန်းကသူနှင့်အဆက်အဆံမရှိခဲ့သည့်အတန်းဖော်တချို့ကသူ့ဆီရောက်လာပြီး လုစစ်ကသူ့အစ်ကိုကြီးကိုထိခိုက်အောင်လုပ်ခဲ့သည်ဟုဆိုကာ သူလက်တုံ့ပြန်ချင်လားဟုသူ့ကိုမေးလာသည့်အကြောင်းရုတ်တရက်သတိရသွားသည်။
ထိုအချိန်တုန်းက သူ့အခန်းကဏ္ဍမှာပြီးခါနီးတဲ့အပြင် ဇာတ်ကြောင်းတာဝန်များလည်းမရှိတာမို့ သူလျစ်လျူရှုထားခဲ့သည်။
လုရန်ကျားကသူ့ကိုဆက်သွယ်ဖို့ဒီလူတွေကိုလွှတ်လိုက်တာပေါ့?
လင်ခုံးလု၏စိတ်အခြေအနေမှာအလွန်ရှုပ်ထွေးလျက်။ သူလုစစ်ကိုထပ်ကြည့်မိချိန်တွင် သက်ပြင်းချကာမေးလိုက်မိသည်။
"အမှန်တရားကိုသိလောက်နီးပါးဖြစ်သွားပြီဆိုတော့ ငါဝင်ကစားရမဲ့အချိန်မလား။"
အသိစိတ်ကမ္ဘာထဲတွင် လုစစ်ကနာကျင်စွာမျက်စိမှိတ်ထားမိသည်၊ သူဘာမှမလုပ်နိုင်ဘူး၊ သူဘာကိုမှမပြောင်းလဲနိုင်ဘူး၊ ကောင်လေးရဲ့ခန္ဓာကိုယ်...ကိုသူရပ်ကြည့်ရုံသာတတ်နိုင်.....
နေအုံး! ဒါကကောင်လေးရဲ့မှတ်ဉာဏ်လေ၊ ဘာလို့ဒီအရာတွေကသေဆုံးပြီးနောက်ပိုင်းမှဖြစ်ရတာလဲ။
ဖြစ်နိုင်တာက---
သူ့ရင်ထဲတွင်ထိတ်လန့်သွားကာ ရုတ်တရက်အနောက်လှည့်ကြည့်မိတော့ သေချာတာပေါ့၊ လင်ခုံးလုကသိပ်မဝေးသောနေရာမှာရပ်နေလျက် ထိုမြင်ကွင်းကိုမိန်းမောစွာစိုက်ကြည့်နေသည်ကိုသူမြင်လိုက်ရသည်။
သေချာတာပေါ့၊ သူ့အရင်ဘဝတုန်းကလူငယ်လေး၏သေဆုံးမှုအပြီးတွင် သူ့အသိစိတ်ကမပျောက်ပြယ်သွားဘဲ သူကဒါတွေအားလုံးကိုမြင်သွားခဲ့သည်။
လုစစ်ရုတ်တရက်မအောင့်အီးနိုင်တော့ဘဲ ရှေ့တိုးကာတုန်တုန်ရီရီလက်မြှောက်လျက် ကောင်လေး၏မျက်လုံးများကိုဖုံးအုပ်ကာပြောလိုက်သည်။
"မကြည့်နဲ့နော်၊ မကြည့်ပါနဲ့....."
"မင်းဘာလို့ငါ့ကိုလာမကယ်ခဲ့တာလဲ။"
လင်ခုံးလုမိန်းမောစွာမေးလိုက်သည်။
"ကိုယ်ဒီမှာရှိတယ်၊ မကြောက်ပါနဲ့၊ ကိုယ်မင်းကိုလာကယ်တယ်လေ။"
လုစစ်သူ့ကိုတင်းကြပ်စွာပွေ့ဖက်လိုက်မိပြီး သူ့အသံမှာဆို့နစ်လျက်။
လင်ခုံးလုသူ့လက်ကိုဆွဲချလိုက်သည်။ သူ့ရှေ့မှာ လုရန်ကျားကထွက်သွားပြီဖြစ်ကာ လင်ခုံးလုအတုကပြန်ပေးဆွဲသမားများထံမှအချည်ခံထားချင်ယောင်ဆောင်ထားခဲ့သည်။ လုစစ်ကအမြန်ရောက်လာကာ လင်ခုံးလုအတုကို....ကယ်သွားခဲ့သည်။
လုစစ်၏နှလုံးသားမှာအလွန်အမင်းကိုနာကျင်နေရသည်မှာ သူ့အသိစိတ်ပျောက်သွားသည့်အလား။ သူကနောက်ကျမှရောက်လာပြီး အတုကိုကယ်သွားကာ အတုကြောင့်ကောင်လေးကိုအထင်လွဲခဲ့ပြီး ကောင်လေးကိုမုန်းတီးခဲ့သည်....
ထိုအချိန်တုန်းက ကောင်လေးကဒီပြန်ပေးဆွဲမှုမှာသေဆုံးခဲ့ပြီးဖြစ်ကာ သူနှင့်အတူဘယ်တုန်းကမှပြန်မလာခဲ့မှန်းသူမသိခဲ့ပေ။
မျက်ရည်ပူများကျလာကာ ကောင်လေး၏လည်ပင်းပေါ်ကျသွားသည်။ လုစစ်ကြောင်အမ်းသွားရသည်၊ အသိစိတ်ကမ္ဘာထဲမှာသူ့မှာမျက်ရည်ရှိလို့လား။
လင်ခုံးလုပြုံးလိုက်ပြီး သူ့မျက်လုံးထဲမှာလည်းမျက်ရည်တို့ဖြင့် သူ့ကိုမော့ကြည့်ကာပြောလိုက်သည်။
"ဒီတော့မင်းငါ့ကိုတကယ်လာကယ်ခဲ့တာပဲ၊ ဒါပေမဲ့သနားစရာက...."
ကံမကောင်းစွာနဲ့ ငါမစောင့်ခဲ့ဘူး။
လုစစ်သူ့ကိုတင်းကြပ်စွာပွေ့ဖက်မိပြန်ကာ နူးညံ့စွာပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ဒီတစ်ခေါက်တော့အိမ်အတူပြန်ကြတာပေါ့၊ ကိုယ်တို့အိမ်ပြန်ကြမလား။"
လင်ခုံးလုမှာသူ့ထံမှဦးဆောင်ခေါ်သွားခံရကာ အသိစိတ်ကမ္ဘာထဲကမိန်းမောစွာလျှောက်ထွက်လာခဲ့သည်။
wardထဲတွင် ကိရိယာပေါ်ရှိအလင်းရောင်မှာနောက်ဆုံးတော့အရောင်ပြောင်းသွားပြီး စုန့်ချင်းရွှီ၊ လင်ပါးပါးနှင့်လင်ရွှမ်းလော့တို့အကုန်သက်မချလိုက်မိကြသည်။
ထိုစဥ် ဆေးရုံကုတင်ပေါ်ကလူနှစ်ယောက်မှာဖြည်းညှင်းစွာမျက်လုံးပွင့်လာကြသည်။
လုစစ်ကောင်လေးကိုခေါင်းလှည့်ကြည့်လိုက်မိပြီး လင်ခုံးလုကလည်းသူ့ကိုကြည့်နေပေသည်။ သူချက်ချင်းထဖို့ပြင်လိုက်ပေမဲ့ စုန့်ချင်းရွှီကသူ့ကိုအလျင်စလိုတားလာသည်။
"နေပါအုံး၊ ခေါင်းဆောင်းမချွတ်ရသေးဘူးလေ။"
လင်ပါးပါးနှင့်လင်ရွှမ်းလော့ကသူ့ကိုစူးစိုက်ကြည့်ကာ သူ့ကိုဥပေက္ခာပြုလျက် လင်ခုံးလုအတွက်ခေါင်းဆောင်းကိုသေချာဂရုတစိုက်ချွတ်ပေးလိုက်သည်။
သူတို့ခုနကလန့်စ်နှင့်မောက်မောက်ကို"စစ်ဆေးမေးမြန်း"ပြီးပြီဖြစ်ရာ သူတို့နှစ်ယောက်ကြားဘာဖြစ်သွားလဲဆိုတာကာသူတို့အကြမ်းဖျင်းသိလိုက်ရသည်။
အစကတည်းက လုစစ်ကရှောင်လုနှင့်တကယ်အတူမရှိချင်ဘဲ လက်စားချေဖို့သာဖြစ်သည်။
သို့သော်လည်း လန့်စ်ကအကုန်ထုတ်မပြောရဲခဲ့တာမို့ သူတို့နှစ်ယောက်ကသူတို့၏အတိတ်နှင့်ပစ္စုပ္ပန်ဘဝကဗရုတ်သုတ်ခကိစ္စများအကြောင်းမသိသွားဘဲ အရင်ကလင်ခုံးလု၏သူ့အပေါ်အထင်အမြင်သေးမှုကြောင့် လုစစ်ကလက်တုံ့ပြန်ချင်သည်ဟုသာသူတို့ထင်မိကြသည်။
အဆုံးတွင် လင်ပါးပါးနှင့်လင်ရွှမ်းလော့၏နှလုံးသားမှာဘက်လိုက်ကြသည်ပင်။ သူတို့အမြင် လင်ခုံးလုကလုစစ်ကိုယခင်နှစ်များတုန်းကလွန်လွန်ကျူးကျူးဆက်ဆံခဲ့သဖြင့် လုစစ်မှာဒီလိုအစီအစဥ်ရှိလာပေမဲ့ မအောင်မြင်ခဲ့ပေ။ ဒါပေမဲ့ ဒီကိစ္စမှာ သူတို့ဟာသူတို့မိသားစုဝင်ကိုကူညီရမလားဆုံးဖြတ်မိဆဲပင်။
ထို့အပြင် သူတို့အမြင် အခုဆိုရင်လုစစ်ကကျိုးကြောင်းဆီလျော်ခြင်းမရှိလှ။
အရင်ကဖြစ်ပျက်ခဲ့တာကိုတကယ်စိတ်ရှိလို့ရှိရင် စေ့စပ်ပွဲကိုဖျက်လိုက်လို့ရတာပဲ။ လင်မိသားစုကကျိုးကြောင်းမသင့်တာမဟုတ်ပေ။ စိတ်ဆင်းရဲစရာလက်တုံ့ပြန်ဖို့လိုလို့လား။ သူကိုယ်တိုင်ကခါးသီးနေတာကို သူတို့ရှောင်လုကချိုမြိန်တယ်လို့တကယ်ထင်နေတာလား။
ဟုတ်တာပေါ့၊ လင်ပါးပါးနှင့်လင်ရွှမ်းလော့ကအိမ်မှာဘာမှမလုပ်ပေမဲ့ သူတို့ကလည်းကောင်းကင်နှင့်ပင်လယ်ကိုမုန်းတီးကြသည်။ ဒါပေမဲ့သူတို့နှစ်ယောက်လုံးဝန်ခံလိမ့်မည်မဟုတ်ဘဲ အိမ်တော်ထိန်းဦးလေးလင်းကခေါင်းမာမာဖြင့်ကြည့်ချင်နေသည်ဟုဆိုကာ သူတို့မှာရွေးချယ်စရာမရှိပါဘဲနောက်ကတောက်လျှောက်လိုက်နေရသည်။
ဤအခိုက်အတန့် လုစစ်အပေါ်လင်ပါးပါး၏မျက်လုံးများမှာထူးချွန်သောသားမက်ကိုကြည့်သည့်ယုံကြည်အားကိုးသောမျက်လုံးများမဟုတ်တော့ဘဲ ဆန်ကုန်မြေလေးအယ်ဖာအပေါ်ချိုမြန်သောပါးပါး၏မျက်လုံးများဖြစ်သွားကာ သူဟာအလွန်ဒေါသထွက်နေမိသည်။
လုစစ်ခေါင်းဆောင်းချွတ်ကာ ရှေ့တိုးပြီးလင်ခုံးလု၏လက်ကိုကိုင်ချင်ပေမဲ့ လင်ပါးပါးကသူတို့နှစ်ယောက်ကြားရုတ်တရက်ဝင်ရပ်ကာ ပြင်းထန်စွာချောင်းဆိုးလာသည်။
လင်ခုံးလုနှင့်လုစစ်: "......"
သူတို့နှစ်ယောက်စလုံးအနည်းငယ်ရှက်သွားကြသည်၊ အထူးသဖြင့်လုစစ်ပင်။
အဆုံးတွင် အခုမှအပြင်ထွက်လာသည့်လင်ခုံးလုကအိပ်ချင်မူးတူးဖြစ်ချင်ယောင်ဆောင်ကာပြောလိုက်ရသည်။
"ပါးပါး၊ ကျွန်တော်သူနဲ့စကားနည်းနည်းပြောချင်တယ်။"
လင်ပါးပါးမှာမပျော်သော်ငြား သားငယ်လေး၏ခေါင်းကပတ်တီးဖြင့်ထုပ်ပိုးထားလျက် ပင်ပန်းနွမ်းနယ်သောမျက်နှာထားရှိနေသည်ကိုမြင်လိုက်ရရင်း သူမတောင့်ခံနိုင်တော့ဘဲ သားကြီး၏ဝှီးချဲကိုတွန်းကာ အပြင်ထွက်လာရင်း ပြောလိုက်သည်။
"ရတယ်လေ၊ ပါးပါးတို့အပြင်ထွက်နှင့်မယ်၊ တစ်ခုခုဆိုရင် ပါးပါးတို့ကိုအမြန်ဆုံးလှမ်းခေါ်လိုက်နော်။"
"ဟုတ်။" လင်ခုံးလုနှုတ်ခမ်းစေ့ကာပြုံးပြလိုက်သည်။
လူတိုင်းအပြင်ထွက်သွားသည်နှင့် လုစစ်ကဆေးရုံကုတင်ရှေ့မှာထိုင်ကာ လူငယ်လေး၏လက်ကိုတိတ်တဆိတ်ဆုပ်ကိုင်ထားရင်း တစ်အောင့်ကြာအောင်လွှတ်မပေးချင်ပေ။
"ရှောင်လု...."
သူပါးစပ်ဖွင့်လိုက်သည်နှင့် သူ့အသံမှာအက်ရှလာပြီး နာကျင်မှုနှင့်နက်ရှိုင်းသောနောင်တတို့အပြည့်နှင့်ပင်။
လင်ခုံးလုလက်မရုတ်ဘဲသူ့ကိုကိုင်ခွင့်ပေးထားပေမဲ့ နီရဲသောမျက်ဝန်းတို့ဖြင့်သူရန်လိုစွာပြောလိုက်သည်။
"ခင်ဗျားတကယ်....လက်စားချေဖို့အတွက်ကျွန်တော်နဲ့အတူရှိနေရုံပဲလား။"
"မဟုတ်ပါဘူး။"
လုစစ်ချက်ချင်းခေါင်းခါငြင်းလိုက်ပေမဲ့ ခေါင်းခါပြီးနောက် သူအေးခဲသွားရပြန်ကာနူးညံ့စွာပြောလိုက်မိသည်။
"ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်မင်းကိုအစကအထင်လွဲခဲ့တာ၊ ကိုယ့်မှာဒီအကြံရှိခဲ့ပေမဲ့ တကယ်အစတုန်းကပါပဲ။ ကိုယ်မင်းနဲ့အတူရှိပြီးနောက်ပိုင်း၊ ဟင့်အင်း၊ ကိုယ်မင်းနဲ့အတူမရှိခင်ကတည်းက ကိုယ်လက်လျှော့ခဲ့တာပါ။"
"အဲ့ဒီ့ကျွန်တော်အတုကြောင့်လား။"
လင်ခုံးလုမေးလိုက်သည်။
"ကိုယ်မှားသွားတယ်၊ ကိုယ်ကန်းနေခဲ့တာ။" လုစစ်သူ့လက်ကိုဆုပ်ကိုင်ထားမိပြီး သူ့မျက်နှာထားမှာနောင်တရကာဝမ်းနည်းလျက် သူ့အသံမှာအက်ရှလို့နေသည်။
"ရှောင်လု၊ ကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလား။ မင်းကိုယ့်ကိုခွင့်မလွှတ်လည်းရပါတယ်၊ မင်းကိုယ့်ကိုလက်တုံ့ပြန်လို့ရတယ်...."
အတိုချုံးပြောရရင် သူ့ကိုလျစ်လျူရှုပြီး သူ့ကိုသူစိမ်းမဆန်သွားပါနဲ့။
လင်ခုံးလုတုံ့ဆိုင်းသွားကာပြောမိသည်။
"တကယ်တော့ ကျွန်တော်လည်းခင်ဗျားကိုလိမ်ခဲ့တယ်။ ကျွန်တော်မှတ်ဉာဏ်မပျောက်ခဲ့ဖူးဘူး။ ခင်ဗျားလန့်စ်ကိုပြောတာကိုကျွန်တော်မတော်တဆကြားသွားပြီးတော့ ခင်ဗျားကျွန်တော့်ကိုသတ်မှာစိုးလို့ ကျွန်တော်အတိတ်မေ့ချင်ယောင်ဆောင်ပြီး ခင်ဗျားကိုကျွန်တော့်ကိုချစ်သွားစေချင်ခဲ့တာ။ အဲ့ဒါဆိုလက်တုံ့ပြန်ခံရမှာမဟုတ်တော့...."
"မင်းမှန်တယ်၊ ကိုယ်ကအဲ့ဒါနဲ့ထိုက်တန်တယ်၊ ကိုယ်မင်းကိုအထင်လွဲခဲ့မိတာ။"
လုစစ်စိတ်သောကရောက်စွာဖြတ်ပြောလိုက်မိသည်။
"မင်းကိုယ့်ကိုပိုလိမ်ခဲ့သင့်တာ။"
ကိုယ့်ကိုတစ်ချိန်လုံးလိမ်ရင်အကောင်းဆုံးပဲ၊ မင်းဘဝတစ်လျှောက်လုံးကိုယ့်ကိုလိမ်လို့ရတယ်၊ ထွက်သွားမယ်လို့တော့ဘယ်တော့မှမပြောပါနဲ့။
"မဟုတ်ဘူး။"
လင်ခုံးလုခေါင်းခါကာပြောလိုက်သည်။
"ဒါပေမဲ့ကျွန်တော်မလိမ်ချင်တော့ဘူး။"
လုစစ်တောင့်ခဲသွားရကာ စိတ်ပျက်အားလျော့မှုကသူ့ရင်ထဲမှာပျံ့နှံ့လာသည်။
လင်ခုံးလုထထိုင်ကာ သူ့ကိုကြည့်ပြီး အပြုံးတစ်ပွင့်နှင့်အတူပြောလိုက်သည်။
"တကယ်တော့ ခင်ဗျားကျွန်တော့်ကိုပရိုပို့စ်လုပ်တုန်းက ကျွန်တော်လည်းခင်ဗျားကိုသဘောကျမှန်းကျွန်တော်သိလိုက်ရတယ်။ ဟင့်အင်း၊ ပိုတောင်စောရင်စောမအုံးမှာ။ သေချာတာပေါ့၊ ကိုယ့်ခံစားချက်ကိုလှည့်စားသလိုမျိုးကိစ္စတွေကိုမလုပ်နိုင်ဘူးလေ။ အနှေးနဲ့အမြန် ချစ်မိသွားတော့တာပဲ။"
အလွန်အမင်းဝမ်းနည်းမှုကနေအလွန်အမင်းပျော်ရွှင်မှုကိုပြောင်းသွားတာကဘယ်လိုခံစားချက်နဲ့တူလဲ။
လုစစ်တုံ့ပြန်ဖို့မေ့သွားကာ မိန်းမောလျက်ပြောလိုက်မိသည်။
"ကိုယ်ကောပဲ။ မင်းကိုယ့်ကိုကိတ်ပေးတုန်းက ၊ မဟုတ်ဘူး၊ ကိုယ်မင်းထက်အဲ့ထက်စောပြီးသဘောကျခဲ့တာ။"
ဘာလို့လဲဆိုတော့ ကိုယ်မင်းကိုအရင်ဘဝထဲကချစ်ခဲ့တာမို့လို့ပဲ၊ ကိုယ်မင်းကိုအထင်လွဲပြီးအမြဲမုန်းနေတဲ့အချိန်မှာတောင် ကိုယ်မင်းကိုအရမ်းသဘောကျနေမိတုန်းပဲ။
0687: "တင်! နှစ်သက်မှုနှုန်းပြည့်သွားပါပြီ၊ မကောင်းတဲ့စိတ်တန်ဖိုးဗလာဖြစ်သွားပါပြီ။ ဝေ့၊ Host၊ မင်းဘာလို့ရှက်သွေးဖြာနေတာတုန်း?"
"တိတ်တိတ်လေးနေပေးပါလား။ မင်းကိုဘယ်သူကဝင်နှောင့်ခိုင်းလို့လဲ။ အရေးကြီးတဲ့ကိစ္စလည်းမဟုတ်ဘဲနဲ့၊ လေထုကိုလာဖျက်ဆီးနေတာပဲ။"
လင်ခုံးလုမသိမသာစိတ်ပျက်စွာပြောလိုက်မိသည်။
0687: "...." တာဝန်ပြီးမြောက်သွားတာက အရေးကြီးတဲ့ကိစ္စမဟုတ်ဘူးလား။ မင်းထွက်သွားလို့ရပြီလေ၊ Hostရ!
လင်ခုံးလုစနစ်ကိုဥပေက္ခာပြုထားကာ မျက်တောင်ခတ်လိုက်ပြီး သူ၏ယခင်ကမောက်မာသောပုံစံကိုပြန်သွားကာ လုစစ်ကိုပြောလိုက်သည်။
"ဒါဆိုငါတို့တွေထပ်ပြီးအလွမ်းမသယ်မသင့်တော့ဘူးလို့ထင်တယ်၊ မင်းသဘောတူရင် ငါတို့....."
"ငါသဘောမတူဘူး!"
တံခါးမှာရုတ်တရက်တွန်းဖွင့်ခံလိုက်ရပြီး အပြင်မှာပုန်းကာခိုးနားထောင်နေခဲ့သည့်လင်ပါးပါးကနောက်ဆုံးတည်ငြိမ်မှုပျောက်ဆုံးသွားကာ ခြေလှမ်းကျယ်ဖြင့်ဝင်လာသည်။
သူကသူ့သားငယ်ကိုမုန်းတီးမှုဖြင့်ကြည့်လိုက်ပြီး ထို့နောက်လုစစ်ကိုခေါင်းလှည့်ကြည့်ကာ စိတ်မကျေနပ်စွာပြောလိုက်သည်။
"မင်းကအလှည့်အပြောင်းနဲ့ ကွေ့ပတ်ရတာကိုကြိုက်တယ်ထင်တယ်နော်? အမှန်ပဲ ၊ ကောင်းတဲ့ကိစ္စတွေကအချိန်ယူရတယ်၊ ဒီတော့မင်းသေချာစဥ်းစားသင့်တယ်။"
သူကလင်ခုံးလုကိုပြောလိုက်သည်။
"အင်း၊ လှဲမနေနဲ့တော့၊ ခြစ်ရာသေးသေးလေးပဲမလား။ မြန်မြန်လုပ်၊ ဆေးရုံကနေအိမ်ကိုပြန်ရအောင်။"
သူ့သားငယ်မှာပုံမှန်ဆိုခက်ထန်ကာရက်စက်ပုံပေါ်ပေမဲ့ ယခုမူကောင်းမွန်စွာပြုမူကာ ဒေါသလုံးဝမရှိတော့ပေ။ စကားလုံးအနည်းငယ်ဖြင့်အချော့ခံလိုက်ရပြီးနောက် သူ့နှလုံးသားကပျော့ပြောင်းသွားသည်။ ဒီဆန်ကုန်မြေလေးအယ်ဖာကထရိန်နင်ဆင်းခံချင်နေတာလားမသိဘူး။
အလွယ်လေးခွင့်လွှတ်လိုက်ရင် ဘယ်လိုတန်ဖိုးထားရမလဲသိမှာမဟုတ်ဘူး၊ သူနောက်တစ်ခါထပ်လုပ်ရဲလိမ့်မယ်!
လင်ခုံးလုနှင့်လုစစ်: "....."
နှစ်ယောက်သားအပြန်အလှန်ကြည့်ကာ အနည်းငယ်ရှက်ရွံ့သွားကြသည်။
လုစစ်တစ်ခုခုပြောချင်ပေမဲ့ သူစကားပြောဖို့ပြင်လိုက်တိုင်း လင်ပါးပါးမှာ"ငါအလုပ်များနေတယ်၊ လာမနှောင့်ယှက်နဲ့"ဟူသည့်မျက်နှာထားရှိလျက်။ လုစစ်လက်လျှော့ကာ သူ့အပြစ်ရှိစိတ်အတွက်အမှားပြင်ဖို့ လင်ခုံးလုကိုတိတ်တိတ်လေးအထုပ်အပိုးကူပြင်ပေးရုံသာတတ်နိုင်သည်။
လင်ခုံးလုအနောက်လှည့်ကြည့်တော့လင်ပါးပါးကိုမမြင်လိုက်ရချိန်တွင် သူ့လက်ချောင်းကိုတိတ်တိတ်လေးလှမ်းချိတ်လိုက်သည်။
လုစစ်မသိမသာတောင့်တင်းသွားရကာ သူ့ကိုမော့ကြည့်လိုက်မိသည်။
လင်ခုံးလုသူ့ကိုပြုံးပြလိုက်ပြီး လုစစ်ကလည်းမျက်ဝန်းထဲတွင်မမြင်နိုင်သောနွေးထွေးမှုတို့ဖျတ်ခနဲလက်သွားလျက်ပြန်ပြုံးပြလိုက်သည်။
လင်ပါးပါးကရုတ်တရက်အနောက်လှည့်ကာ တည်တင်းသောမျက်နှာဖြင့်ချောင်းဟမ့်လာသည်။
နှစ်ယောက်သားမှာတုတ်နှင့်အရိုက်ခံလိုက်ရသည့်မယ်ဒရင်းဘဲလေးများပမာ ချက်ချင်းလက်လွှတ်လိုက်ကြသည်။
လင်ပါးပါး: "......"
သူဆေးရုံကဆင်းလာချိန် လင်ခုံးလုကလင်မိသားစုထဲဝင်လိုက်ရသည်။ လုစစ်ကကားဆီသွားရာတစ်လျှောက်လုံးလိုက်ပေးပြီး ကားမောင်းထွက်သွားချိန်တွင် သူရပ်မြဲရပ်ကာသူထွက်သွားတာကိုကြည့်နေမိသည်။
လင်ခုံးလုကားထဲမှာထိုင်လျက် ခဏခဏခေါင်းလှည့်ကြည့်နေမိသည်။
အသိစိတ်ကမ္ဘာထဲမှာ သူလုစစ်၏နာကျင်မှုကိုမြင်လိုက်ရချိန်တွင် သူ့နှလုံးသားမှာအကြောင်းမဲ့နာကျင်လာပြီး ၎င်းမှာမစ်ရှင်နှင့်ဘာမှမဆိုင်။
ကားကလျင်မြန်စွာမောင်းထွက်သွားပြီး လုစစ်၏မျက်လုံးများမှာခပ်မြန်မြန်အမည်းစက်များအဖြစ်ပြောင်းသွားကာ လင်ခုံးလုတွန့်ဆုတ်စွာခေါင်းလှည့်ကြည့်မိဆဲပင်။
လင်ပါးပါးမနေနိုင်ဘဲသူ့ကိုစူးစိုက်ကြည့်ကာ ဒေါသတကြီးပြောလိုက်ရသည်။
"ထပ်ကြည့်ပြန်ပြီလား။ ပန်းမြင်ရလို့လား။"
လင်ရွှမ်းလော့မှာလည်းနက်ရှိုင်းသောဆိုလိုရင်းရှိလို့နေသည်။
"အဲ့လိုမဟုတ်ဘူး၊ တစ်စုံတစ်ယောက်ကအမည်းစက်လေးဆိုရင်တောင် ကျွန်တော်တို့လင်သခင်လေးရဲ့မျက်လုံးထဲမှာ နှင်းဆီပန်းပုံအမည်းစက်ဖြစ်လောက်တယ်။
"သူကဇီးစိမ်းဝိုင်းနံ့ရတယ်။"
လင်ခုံးလုဒေါသတကြီးပြောလိုက်မိသည်။
လင်ရွှမ်းလော့: "အိုး။"
လင်ပါးပါး: "နှစ်ယောက်လုံးတိတ်လိုက်တော့။"
အိမ်ပြန်ရောက်လာပြီးနောက်ပိုင်း လင်ပါးပါးကလင်ခုံးလုကိုဒရာမာကြည့်ဖို့အမိန့်ပေးလာသည်။
လင်ခုံးလုမှာတီဗွီရှေ့ထိုင်ဖို့တွန်းအားပေးခံလိုက်ရပြီး တီဗွီမျက်နှာပြင်ပေါ်က"ပင်လယ်ကိုမုန်း၊ ကောင်းကင်ကိုချစ်....."ဆိုသည့်စကားလုံးများကို သူ့မျက်နှာထက်မိန်းမောသောအကြည့်ဖြင့်ကြည့်လိုက်မိသည်။
"ပါးပါး၊ ပါးပါးဘယ်တုန်းကဒီလိုဒရာမာမျိုးကြည့်ရတာကြိုက်သွားတာလဲ။"
"များများကြည့်၊ မင်းအတွက်ကောင်းတယ်။" လင်ပါးပါးကအားနည်းသည့်အတွက်သူ့ကိုမုန်းလို့နေသည်။
"ထျန်ထျန်ဆန်ကုန်မြေလေးကိုဘယ်လိုနှိပ်စက်ညှင်းပန်းလဲကြည့်၊ သူ့ဆီကသင်ယူစမ်းပါ!"
လင်ရွှမ်းလော့ကဧည့်ခန်းထဲမှာထိုင်ကာ ရေနွေးကြမ်းတစ်ငုံသောက်ရင်းပြောလာသည်။
"ပါးပါးပြောတာနားထောင်၊ များများကြည့်၊ မင်းရဲ့ဦးနှောက်ဖွံ့ဖြိုးအောင်လို့။"
လင်ခုံးလု: "....."
လုစစ်ကဒူးထောက်ပြီးခါးခါးသီးသီးငိုကြွေးပြီးတော့ သူ့ခြေထောက်ကိုဖက်ပြီး မထွက်သွားဖို့တောင်းဆိုမဲ့လူစားမျိုးလား။ ပြီးတော့ ဘယ်သူကသာစိတ်လွတ်နေတာတုန်း?
တစ်နေ့လုံးဒရာမာကြည့်ဖို့ဖိအားပေးခံလိုက်ရပြီး ညအိပ်ရာဝင်ချိန်တွင် သူလုစစ်ကိုဖုန်းခေါ်ကာကွန်ပလိန်းတက်မိသည်။
"ကျွန်တော့်အဖေကတကယ်ကြီးကျွန်တော့်ကိုဒရာမာဇာတ်လမ်းတွဲကြည့်ဖို့ဖိအားပေးနေတာ၊ ဆန်ကုန်မြေလေးကိုဘယ်လိုနှိပ်စက်ရမလဲလေ့လာဖို့လို့ပြောသေးတယ်။"
"အို? ဘာဒရာမာလဲ?"
လုစစ်တမဟုတ်ချင်းသတိချပ်လိုက်မိသည်။
"မင်းကိုပြန်ရဖို့ကိုယ်ဘာလုပ်ရမလဲ၊ ကိုယ့်အချစ်ရယ်။"
လင်ခုံးလုပြောလိုက်သည်။
"ဒီနာမည်ထင်တယ်၊ တအားရှည်တာပဲ။"
လုစစ်: "....."
သူအိပ်တော့မလို့ဆိုပေမဲ့ ဖုန်းချပြီးနောက် သူရုတ်တရက်ထရပ်ကာစာကြည့်ခန်းထဲလျှောက်သွားမိသည်။
စာကြည့်ခန်းထဲတွင် အားသွင်းနေသည့်လန့်စ်မှာသူဝင်လာတာကိုမြင်လိုက်ရပြီး ရုတ်တရက်အကြောက်တရားဖြင့်တုန်ရီသွားရသည်။
သွားပြီ၊ သူနေ့ခင်းတုန်းကဘာလုပ်ခဲ့လဲဆိုတာသခင်မှတ်မိသွားပြီပဲ၊ ဆောင်းဦးအပြီးမှာစာရင်းရှင်းခံရတော့မှာလား။
လုစစ်သူ့ကိုအချိန်အတော်ကြာတိတ်ဆိတ်စွာရပ်ကြည့်နေပြီးမှ ဗလာမျက်နှာဖြင့်စကားတစ်ခွန်းထုတ်ပြောလိုက်သည်။
"မင်းနေ့ခင်းတုန်းကကြည့်တဲ့ဇာတ်လမ်းတွဲကိုယူလာခဲ့။"
လန့်စ်: "?"
လုစစ်: "မြန်မြန်လုပ်၊ အချိန်သိပ်မရှိဘူး။"
သူမနက်ဖြန်သွားရမယ်၊ ဒီတော့ သူ့ယောက္ခထီးနဲ့ယောက်ဖရဲ့နည်းဗျူဟာတွေကိုကြိုနားလည်ထားမှရမယ်။
နောက်တစ်နေ့မနက်စောစော နေရောင်ခြည်ကစံအိမ်ပေါ်ဖြာကျလာပြီး နေရာအနှံ့လှပလျက်။
လင်ရွှမ်းလော့ကဧည့်ခန်းပြတင်းပေါက်ရှေ့မှာထိုင်ကာ ရေနွေးကြမ်းခွက်ကိုင်ပြီး တစ်ငုံသောက်ကာ ပြတင်းပေါက်အပြင်ကရှုခင်းကိုသက်တောင့်သက်သာနှစ်ခြိုက်လို့နေသည်။
ခြံဝန်းထဲတွင် လုစစ်ကနှင်းဆီပင်အကိုင်းအခက်များကိုဖြတ်နေရသည်။ သူကအလွန်စိတ်ရှည်ကာသေချာဂရုတစိုက်ဖြတ်တောက်လို့နေသည်။
"ဒါကသခင်လေးအကြိုက်ဆုံးပန်းပင်ပဲ။" အိမ်တော်ထိန်းလင်းပေါ်ကသူ့ဘေးမှာရပ်ကာအပြုံးတစ်ပွင့်နှင့်ရှင်းပြလာသည်။
"ပုံမှန်ဆိုရင်တော့ သခင်လေးကိုယ်တိုင်ဂရုစိုက်လေ့ရှိတယ်၊ ကျွန်တော်ကူညီပေးမယ်လို့ပြောရင်တောင်မှပေါ့။"
ဒါကိုကြားလိုက်ရသော် လုစစ်၏မျက်နှာထားမှာအနည်းငယ်ပျော့ပြောင်းသွားပြီး ပန်းပင်ပေါ်ကပန်းပွင့်များကိုချစ်သူပမာဆက်ဆံတော့သည်။
လင်ရွှမ်းလော့: "ကျွတ်။"
လင်ခုံးလုကသူ့ဘေးမှာထိုင်ဖို့တွန်းအားပေးခံထားရသည်။ အခေါက်ပေါင်းများစွာသူထရပ်ကာအပြင်ထွက်ကူပေးချင်ပေမဲ့ သူ့အစ်ကိုကြီးကသူ့ကိုမျက်လုံးများဖြင့်တားမြစ်လာသည်။
"လုံလောက်နေပြီမလား။"
သူမနေနိုင်ဘဲတိုးတိုးပြောမိသည်။
"ပန်းကိုင်းတွေပေါ်မှာအဆူးတွေရှိတော့ လက်စူးသွားလိမ့်မယ်။"
လင်ရွှမ်းလော့သူ့ကိုတစ်ချက်ကြည့်ကာပြောလိုက်မိသည်။
"မင်းသူ့ကိုတကယ်ချစ်တာပဲ။"
လင်ခုံးလုခေါင်းငုံ့ကာ သူ့အကျီအစွန်းကိုလှမ်းဆွဲပြီး သူ့လက်ချောင်းများကိုထိုးပြလိုက်သည်။
လင်ရွှမ်းလော့သက်ပြင်းချမိလျက်။
"မျှော်လင့်ချက်မရှိတော့ဘူးပဲ။"
လင်ခုံးလုဒါကိုကြားလိုက်ရချိန် သူကလုစစ်ကိုဝင်ခွင့်ပြုလိုက်မှန်းသူချက်ချင်းသိသွားကာ ပျော်ပျော်ကြီးထရပ်ပြီးခြံဝန်းထဲသွားလိုက်သည်။
"ရပြီ၊ လုပ်စရာမလိုတော့ဘူး။"
သူပြေးသွားကာလုစစ်ကိုတားပြီးပြောလိုက်သည်။
"ကျွန်တော့်ကိုကြီးကခင်ဗျားကိုဝင်ခွင့်ပြုလိုက်ပြီ။"
လုစစ်သူ့လက်ကိုလှမ်းကိုင်ချင်ပေမဲ့ သူ့ကိုညစ်ပတ်သွားမှာစိုးလို့ ပြုံးသာပြုံးပြလိုက်သည်။
"ရပါတယ်၊ ပြီးတော့မှာပဲကို။"
"တကယ်မလိုတော့ပါဘူးဆို။"
လင်ခုံးလုထပ်စည်းရုံးလိုက်ပေမဲ့ လုစစ်ကမထင်မှတ်ထားစွာခေါင်းမာနေတာမို့ သူရိုးရှင်းစွာကူညီပေးလိုက်သည်။
အလုပ်ပြီးသွားတော့ နှစ်ယောက်သားနှင်းဆီပင်ကိုဘေးချင်းကပ်ရပ်ကာစိုက်ကြည့်လျက် သူတို့ရင်ထဲမှာသကြားပမာပျော်ရွှင်မှုကိုခံစားနေရကာ ချိုမြိန်လျက်။
လင်ရွှမ်းလော့ကသူတို့နောက်ကိုဘယ်တုန်းကဝှီးချဲတွန်းလာမှန်းမသိဘဲ အဓိပ္ပါယ်ရှိရှိပြောလာသည်။
"ဒါဘာလဲ၊ ပန်းကိုင်းကမင်းကိုချစ်တယ်ဆိုတဲ့ပုံစံဖြစ်နေပါလား။"
လင်ခုံးလု: "?"
သူနောက်ရှုထောင့်မှသေချာဂရုတစိုက်ကြည့်မိတော့ လုစစ်ကဒီပန်းပင်ကိုအသည်းပုံနှစ်ခုပုံစံထွင်ထားခြင်းပင်။
_________________________________