အခန်း(၆၁)
Viewers 12k


အခန်း(၆၁)《 သူလိမ်နေတာ 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク



“ငါတို့က G မြို့ကို အရေးပေါ်တာ၀န်ထမ်းဆောင်ဖို့သွားနေတာ။ မင်းတို့ကို ခေါ်သွားဖို့ အဆင်မပြေဘူး။ စစ်တပ်နယ်မြေတစ်ခုစီတိုင်းမှာ အသက်ရှင်ကျန်ရစ်သူအခြေစိုက်စခန်းတစ်ခုစီ တည်ထောင်ထားပြီးပြီ။ မင်းရဲ့ဆွေမျိုးတွေက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အခြေစိုက်စခန်းဆီလိုက်သွားလောက်ပြီ။ တကယ်လို့ မင်းတို့သာ အခု တောင်ပိုင်းအခြေစိုက်စခန်းကို တိုက်ရိုက်သွားမယ်ဆိုရင် တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက်ပဲကြာလိမ့်မယ်။ အခြေစိုက်စခန်းကိုရောက်မှ မင်းရဲ့ဆွေမျိုးတွေကို ဖြေးဖြေးချင်းရှာလို့ရတယ်။”


လီမင်း၏ စကားများသည် သင့်လျော်ပေသည်။ ဤအသက်ရှင်ကျန်ရစ်သူများကို သူတို့ကိုယ်တိုင်သွားခွင့်ပြုလိုက်ရန် အန္တရာယ်များသော်လည်း G မြို့တွင် ဆင့်ကဲပြောင်းလဲလာသော ဖုတ်ကောင်တစ်ကောင်ရှိပြီး ၎င်းသည် ပိုအန္တရာယ်များပါတယ်။


“ကျွန်တော့်မိဘတွေက Gမြို့အစွန်ဖျားမှာ နေကြတာ။ သူတို့က အသက်ကြီးနေကြပြီး၊ အားနည်း ရှက်ရွံ့နေကြတာ။ ကျွန်တော်သာသူတို့ကို သွားမခေါ်ရင် သူတို့ထွက်သွားလိမ့်မှာမဟုတ်ဘူး။ ”


ထိုခပ်၀၀လူသည် သူတို့စကားကိုနားထောင်ရန် ငြင်းဆန်လာလေ၏။ 


“ဆရာ၊ ကျွန်တော့်ကို အရွယ်ရောက်လာတဲ့အထိ ပျိုးထောင်ပေးဖို့ မိဘတွေအတွက်မလွယ်ခဲ့ဘူး။ ကျွန်တော်သူတို့ကို မထားခဲ့နိုင်ဘူး။ ငါတို့ မင်းတို့နောက်ကိုလိုက်နေတာ မကြိုက်ရင် ငါတို့ဘာသာ ဆက်သွားမယ်။ ဘာပဲဖြစ်ဖြစ် လမ်းက ကောင်းကင်ကို မျက်နှာမူနေတာပဲ။ တစ်လမ်းတည်း ဒါမှမဟုတ် တစ်လမ်းစီ သွားကြရအောင်။ ဒါက အလုပ်ဖြစ်မယ်လို့ မင်းထင်လား ”


“ဆက်သွားဖို့က အန္တရာယ်များတယ်။ ကျွန်တော်တို့ လမ်းကြောင်းတစ်ခုလုပ်လိုက်မယ်။ ခင်ဗျားတို့က အကွာအဝေးတစ်ခုခြားပြီး ကျွန်တော်တို့နောက်ကလိုက်ခဲ့နိုင်တယ် ”


ထိုလူ၀သည် အကုန်လုံး ဆက်ပြောနေကတည်းက လီမင်းသည် သူ့အဆိုပြုချက်ကို လက်ခံဖို့ရန် တွန်းအားပေးခဲ့ရသည်။ အဆုံးမှာတော့ လူတိုင်းသည် သူတို့သွားချင်သည့် ဆန္ဒသည် သူတို့၏ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်ပြီး သူတို့အား တားပိုင်ခွင့်မရှိပါချေ။


“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ဆရာ၊ ကျေးဇူးတင်ပါတယ် ဆရာ ”


လူ၀ကြီးသည် အလွန်၀မ်းသာသွားပြီး သူတို့အား ကျေးဇူးအလွန်တင်နေခဲ့၏။ 


“အာ၊ ဒီလူ၀ကြီးက အရမ်းကို၀တ်ကြီး၀တ်ငယ်ပြုစုတဲ့သူပဲ ”


သူတို့၏စကားများကို ကြားလိုက်ရသည့် ကားထဲတွင်ထိုင်‌နေသော ကျန့်ကျားဟယ်သည်လည်း မှတ်ချက်ပြုလာ၏။ သူ့မိဘများသည် အိမ်နှင့် အဝေးကြီးရောက်နေခဲ့ကြသည်။ သူတို့နှစ်ယောက်သာ အိမ်တွင်ရှိပါက သူလည်းသူတို့အား သွားရှာတွေ့ချင်ခဲ့သည်။


နောက်ထိုင်ခုံတွင်ထိုင်နေ‌သော စုရွေ့ကျယ်သည် လူ၀ကြီးကို အမှတ်မထင် တစ်ချက်ကြည့်လိုက်၏။ လူ၀ကြီးသည် ကားထဲသို့ပြန်၀င်ရန် အဆင်သင့်‌ဖြစ်နေခဲ့သည်။ SUV ကားကြီး၏ တောက်ပသော အလင်းတန်း အလင်းရောင်အောက်တွင် သူသည် ထိုလူ၀ကြီး၏ ဘေးဘက် မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။


စုရွေ့ကျယ်သည် မတ်ခနဲထိုင်လိုက်ကာ သူ့မျက်လုံးများ အနည်းငယ်အေးစက်လာခဲ့လေသည်။


“ဘာဖြစ်လို့လဲ ”


ကျန့်ယွင် သည် စုရွေ့ကျယ်၏အမူအရာတွင် တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိပြီး အသံတိုးတိုးဖြင့်မေးလာသည်။


“သူ့ကိုသိလို့လား ”


ငါတို့ အချင်းချင်း ဘယ်လို သိနိုင်မှာလဲ။ သူ့အတိတ်ဘဝတုန်းက ဤလူထွားကြီးသည် လင်ချန်အခြေစိုက်စခန်း၏ နံပါတ်တစ် ကျော်ကြားသူဖြစ်ခဲ့၏။ သူ့နာမည်သည် လုယန် ဖြစ်ကာ သူ့နာမည်ပြောင်က လုကျစ်ရှန်းဖြစ်သည်။ သူ့ခပ်၀၏မျက်နှာသည် အမြဲတစေပြုံးနေပြီး လွန်ကြင်နာတတ်ပုံပေါ်သော်လည်း တကယ်တမ်းတွင် သူ့တွင် အဆိပ်ပြင်းသည့်စိတ်ရှိပြီး လူတွေကို လှည့်စားခြင်းတွင် တော်ခဲ့သည်။ သူမြို့ထဲက ထွက်သွားတိုင်း သူသည် ကုန်ပစ္စည်းအပြည့်နှင့် ပြန်လာလိမ့်မည်။ အကယ်၍ အခြေစိုက်စခန်းရှိလူများသည် တစ်ခုခုကို လိုချင်ပါက သူတတ်နိုင်သ၍ လုယန်သည် ၎င်းကို ရနိုင်လိမ့်မည်။ 


လုယန်သည် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားရှင်တစ်ဦးမျှသာ ဖြစ်ပုံရသော်လည်း သူ့လက်ထဲတွင် စွမ်းအားရှင်အဖွဲ့တစ်ဖွဲ့လုံးသာမက လက်နက်ခဲယမ်း အမြောက်အများလည်းရှိသည်။ သူသည်၎င်းတို့ကို စစ်တပ်မှ လုယက်ဓားမြတိုက်ခဲ့ကြောင်း သူကြားခဲ့ဖူးသည်။


စုရွေ့ကျယ်သည် ဤနေရာအထိ တွေးတောရင်း သူ့မျက်လုံးများ တဖြည်းဖြည်းကျဉ်းမြောင်းလာကာ ကား၏ ရှေ့မြင်ကွင်းကို ပို၍အေးစက်စွာ ကြည့်နေလေသည်။ လုယန်သည် လင်းချန်အခြေစိုက်စခန်းတွင် အလွန်မြင့်မားသော အနေအထားရှိသည်။ အခြေစိုက်စခန်း၏ခေါင်းဆောင်ကပင် သူ့အား ကြင်နာစွာ ပြောဆိုဆက်ဆံခဲ့ရသည်။ လုကျစ်ရှန်းသည် တစ်ချိန်က အခြေစိုက်စခန်းအတွက် အလွန်များပြားသော ထောက်ပံမှုများ ပေးခဲ့ဖူးသည်ဟု ကြားဖူးခဲ့သည်။ 


သူမှတ်မိသည်မှာ မှန်ပါက ယခင်က လင်းချန်အခြေစိုက်စခန်းသို့ သွားသည့်အချိန်က အခြေစိုက်စခန်းတစ်ခုလုံး၏ ဓာတ်အားထောက်ပံ့မှုသည် အလွန်ကောင်းမွန်၏။ နေရာတိုင်းတွင် ဆိုလာစွမ်းအင်ထုတ်လုပ်သည့် စက်များရှိသည်။ သို့မဟုတ်ပါက ထိုကဲ့သို့သောသုတေသနအဖွဲ့ကြီးတစ်ခု၏ လုပ်ငန်းစဉ်ကြီးအား လည်ပတ်ဖို့ ထောက်ပံ့ပေးရန် နည်းမရှိချေ။ စုရွေ့ကျယ်သည် သူသုတေသနအဖွဲ့တွင် ရှိနေစဉ်အချိန်က လုယန်သည် သုတေသနပစ္စည်းအချို့ကို ပို့ပေးခဲ့ဖူးသည်ကိုမြင်ခဲ့ဖူးပြီး လုယန်အားအထင်ကြီးမှုတစ်ခုရှိခဲ့သည်။ ဘယ်လိုတိကျသည့် ကိရိယာမျိုးမဆို ကိစ္စမရှိဘဲ သူရနိုင်သည်ဟု တစ်ခါက ကြွားခဲ့ဖူးသည်။


ယခုမူ သူတို့၏ မစ်ရှင်နှင့် ဆက်စပ်၍ စုရွေ့ကျယ်သည် လုယန်၏ လင်ချန်းအခြေစိုက်စခန်းအတွက် ကြီးမားသော ပံ့ပိုးကူညီမှုသည် ဆိုလာစွမ်းအင် ထုတ်လုပ်ရေး ကိရိယာများ ဖြစ်နေမလားဆိုသည်ကို စတင်တွေးတောလာမိခဲ့သည်။


G မြို့သည် တစ်ခုတည်းသောစွမ်းအင်စက်ရုံနယ်‌မြေသစ်တစ်ခု မဟုတ်သော်လည်း လင်းချန်အခြေစိုက်စခန်းသည် G မြို့နှင့် သိပ်မဝေးသည့် တရုတ်နိုင်ငံတောင်ဘက်တွင် တည်ရှိသည်။ ခန့်မှန်းချက်တစ်ခုသာဖြစ်သော်လည်း ယခုမှာတော့ လုယန်ပါ၀င်ပတ်သက်နေခဲ့သည်။ စုရွေ့ကျယ်သည် ထိုယူဆချက်လမ်းဆီသို့ မမှန်းဆဘဲမနေနိုင်တော့ချေ။ 


ငါတကယ်ကို ကြောက်နေမိတယ်။


စုရွေ့ကျယ်သည် ကျန့်ယွင်၏နားသို့ ချက်ချင်းမှီလိုက်ပြီး သူမှတ်မိသမျှအားလုံးကို အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။


ကျန့်ယွင်၏မျက်နှာသည် ရုတ်တရက် နစ်မြုပ်သွားခဲ့လေသည်။ သူသည် စုရွေ့ကျယ်အပေါ် သံသယမရှိခဲ့ပေ။ ထိုလူ၀သည် အစကတည်းက အလွန်သံသယဖြစ်ဖွယ်ကောင်းသည်ဟု သူထင်ခဲ့သည်။ ယခု စုရွေ့ကျယ်၏ ယခင်ဘဝက ထိုလူနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို နားထောင်ရင်း ထိုလူ၀သည် ဤအကြံအစည်အတွက် သူတို့နောက်သို့ လိုက်နေခြင်းဖြစ်မည်ဟု သူ သံသယဖြစ်မိသည်။


G မြို့တွင် သူတို့အား ရိုက်နှက်၍ ဆိုလာစွမ်းအင်သုံး ပစ္စည်းများကို လုယက်သည်ပဲဖြစ်ဖြစ်၊ ဓားပြတိုက်သည်ပဲဖြစ်ဖြစ်၊ သူရှင်းပြခဲ့သည့်တဲ့အတိုင်း သူ့မိဘတွေကို လာခေါ်ခြင်းမဟုတ်သည်မှာ သေချာသည်။


ကျန့်ယွင်သည် ဝေါ်ကီတော်ကီကို ကောက်ကိုင်လိုက်ပြီး လီမင်းနှင့် စကားပြောလိုက်၏။ သူက တခြားဘာမှတော့ မပြောခဲ့ချေ။ ထိုလူ၀၏ ကိုယ်ရေးလက္ခဏာနှင့် ပတ်သက်ပြီး သံသယများ ရှိနေသည်ဟုသာ ပြောခဲ့သည်။ ဘေးကင်းရေးအတွက် ထိုလူ၀ကို ရှေ့သို့ဆက်မောင်းခွင့်ပေးပြီး သူ့ကားသည် သူ့နောက်မှလိုက်ကာ ထိုလူ၀ တိတ်တဆိတ် လှုပ်ရှားခြင်းမှ ကာကွယ်ရန်ဖြစ်သည်။


တကယ်တမ်း၌ လီမင်းသည်လည်း ရုတ်တရက်ပေါ်လာသည့် ထိုလူ၀သည် အနည်းငယ် သံသယဖြစ်စရာကောင်းလွန်းသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူနောက်မှလိုက်လာခြင်းကို ငြင်းဆန်ဖို့ နည်းလမ်းမရှိခဲ့ချေ။ ခိုင်လုံသည့်အထောက်အထားမရှိသည့်အတွက် သာမာန်အသက်ရှင်ကျန်ရစ်သူတစ်‌ယောက်အဖြစ်သာ ဆက်ဆံနိုင်ခဲ့သည်။ ကျန့်ယွင်၏ အကြံပြုချက်ကို လက်ခံကာ ကား၏ အနေအထားကို ပြောင်းလဲလိုက်ပြီး ထိုလူ၀သည် အမြင်မကြည်ခဲ့ချေ။


ကားကို ပြန်စမောင်းသည့်အခါ လီမင်း၏ကားသည် အရှေ့မှာပင် ရှိနေသေးပြီး ကျန့်ယွင်၏ကားသည် အနောက်မှဖြစ်ကာ လုယန်၏ကားကို အလယ်တွင် ညှပ်ထားခဲ့သည်။


ရပ်နားရန် ဝန်ဆောင်မှုဧရိယာငယ်တစ်ခုကို တွေ့ရှိသည့် မိုးသောက်ချိန်အချိန်အထိ လမ်းတစ်လျှောက်လုံး လုယန်သည် တည်ငြိမ်နေခဲ့ကာ မည့်သည့် သေးငယ်သောလုပ်ဆောင်မှုမျိုးမျှ မရှိခဲ့ချေ။ သူတို့ G မြို့သို့သွားသောအခါတွင် ဤဝန်ဆောင်မှုဧရိယာကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ရှင်းလင်းနိုင်ခဲ့ပြီး ဖုတ်ကောင်အနည်းငယ်သာကျန်ရှိခဲ့သည်။ ရိုးရိုးရှင်းရှင်း သန့်ရှင်းရေးလုပ်ပြီးနောက် သူတို့သည် နေ့ခင်းဘက်တွင် ဤနေရာ၌ အနားယူရန် အသင့်ဖြစ်နေခဲ့ကြသည်။


ထိုအချိန်တွင် ဖက်တီးနှင့် သူ့မိသားစုဟု‌ခေါ်သည့်သူများသည် ကားပေါ်မှ ဆင်းလာခဲ့ကြသည်။ သူတို့လက်ထဲတွင် အစားအစာနှင့် ရေများစွာ ရှိနေခဲ့သည်။ ဖက်တီးနှင့် သူ၏ 'ဇနီး' ဆိုသူသည် သူတို့၏မျက်နှာများပေါ်တွင် အပြုံးများနှင့် လီမင်းဆီသို့ လမ်းလျှောက်လာကြလေ၏။


“ဆရာ၊ အတော်လေးခက်ခဲတဲ့ ခရီးတစ်ခုပဲ။ ဒါက ကားထဲက တစ်ခုတည်းသောအရာတွေပါပဲ။ ခင်ဗျားသဘောကျတယ်ဆိုရင် လက်ခံပေးပါ...”


လီမင်းသည် အချိန်အတော်ကြာအောင် ငြင်းဆန်ခဲ့သည်။ နောက်ဆုံး၌ သူတို့သည် ဖက်တီး၏ တောင်းဆိုမှု အောက်တွင် ထိုအရာများကို လက်ခံခဲ့ကြသည်။


ကျန့်ယွင်နှင့် သူ့အဖွဲ့သည် အခန်းထောင့်တစ်နေရာကို သိမ်းပိုက်ထားခဲ့သည်။ ဝူကျင်း နှင့် ကျန်းရှို့လျန်တို့သည် ကြမ်းပြင်ပေါ်တွင် စောင်များခင်းပြီးလဲလျောင်းနေကြသည်။ စုရွေ့ကျယ် နှင့် ကျန့်ယွင်တို့သည် နံရံကိုမှီကာ ဖက်တီးယောက်ျား၏ ကောင်းမွန်သောစွမ်းဆောင်မှုကို ကြည့်ရှုနေခဲ့ကြသည်။


ယခု ဖက်တီး၏ ပန်းပွင့်လေးများကဲ့ သမီးနှစ်ယောက်သည် လှလှပပ ရောက်လာလေသည်။ မိန်းကလေး နှစ်ယောက်သည် ငယ်ရွယ်ကြကာ အကြီးတစ်ယောက်သည် နှစ်ဆယ်လောက်နှင့် ငယ်သည့်တစ်ယောက်သည် ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်လောက်ပဲ ရှိလိမ့်မည်။ ရုပ်ရည်အရဆိုလျှင် ထိုမိန်းကလေးနှစ်ယောက်သည် ဝူကျင်းနှင့် ချန်းကျောင်းတို့လောက် မလှပကြသော်လည်း အများစုကတော့ဖြင့် သူတို့သည် ဖြူစင်ပြီး ချစ်စရာကောင်းသည့်ပုံပေါက်လေသည်။ သာမာန်ငယ်ရွယ်ခြင်းထက် ပိုကောင်းသည်မှာ သူတို့သည် ငယ်ရွယ်နုပျိုပြီး နူးညံ့သိမ်မွေ့ကြသည်။ ဤကဲ့သို့ ပျက်ကပ်ခေတ်ကြီးတွင် ဤကဲ့သို့ ဖြူစင်ပြီး တက်ကြွသည့် မိန်းကလေးများကို တွေ့ရခဲသည်။ 


ပိုအသက်ကြီးသည့် မိန်းကလေးသည် ကျန့်ယွင်၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း သူမ၏မျက်လုံးများမှ သူမအကြည့်ကို မဖယ်နိုင်တော့ချေ။ သူမသည် ကျန့်ယွင်ဆီသို့ တည့်တည့်သွားကာ ရှက်ရွံ့စွာဖြင့် ကျန့်ယွင်အားစကားပြောလိုခဲ့သည်။


သို့သော်လည်း ကျန့်ယွင်သည် သူမအား အကြည့်တစ်ချက်လေးသော်မျှ မပေးခဲ့ချေ။ သူသည် စုရွေ့ကျယ်နှင့် ဆက်၍စကားပြောနေခဲ့ပြီး သူမအား အလွန်စိတ်ဆိုးသွားစေခဲ့သည်။


ပိုငယ်သည့် ကောင်မလေးသည် ချန်းချီ ကို စိတ်ဝင်စားနေခဲ့ပြီး သူ့အား အစ်ကိုဟု နှစ်ခါလောက် ချိုချိုသာသာ ခေါ်ကာ ပျော်ရွှင်စွာဖြင့် စတင် စကားပြောလေတော့သည်။


အသက်ပိုကြီးသည့်ကောင်မလေးသည် ကျန့်ယွင်နှင့် နံရံကို ပြေးတိုက်မိပြီး စုန့်ချန်ရှုကို ရှာတွေ့ခဲ့သည်။ စုန့်ချန်ရှုကလည်း သိသိသာသာပင် သူမအား အေးစက်သည့်ပုခုံးအားပေးလိုက်၏။ ၎င်းသည် သူမ၏ပျော့ပျောင်းသည့် နေရာကို ထိမိသွားလေသည်။ ကောင်မလေး၏ မကျေနပ်ချက်ကိုတွေ့လိုက်ရပြီး နောက်ဆုံးမှာတော့ သူမသည် ငိုလုနီးဖြစ်နေခဲ့ကာ ကျန့်ကျားဟယ်သည် သူမကို စိတ်ထားနူးညံ့စွာ စကားပြောပေးခဲ့သည်။


ပျော်ရွှင်စွာ စကားစမြည်ပြောနေသော အဖွဲ့ကို ကြည့်လိုက်ပြီး လူငယ်အချို့သည် ထိုင်မနေနိုင်ကြတော့ချေ။ သူတို့သည် ဝူကျင်းနှင့် ချန်းကျောင်းကို စကားပြောရန်သွားခဲ့ကြသော်လည်း ကောင်မလေးနှစ်ယောက်က သူတို့အား အာရုံမစိုက်ကြချေ။ သူတို့သာ် ရှက်ရွံ့စွာဖြင့် သူတို့နှာခေါင်းကို ထိကာ ပြန် ထွက်သွားကြလေသည်။


ထို့နောက် မိန်းကလေးနှစ်ယောက်သည် အနက်ရောင်စီးပွားလုပ်ငန်းသုံးကားပေါ်သို့ တက်ပြီး သူတို့အတွက် မုန့်နှင့်ရေယူလာပေးကြသည်။ သူတို့သည် ချန်းချီနှင့် ကျန့်ကျားဟယ်ကို စိုးရိမ်တကြီးကြည့်နေခဲ့ကြသည်။ သူတို့ထွက်သွားသည်နှင့် သူတို့သည် သူတို့၏အရပ်ရှည်ရှည်နှင့် အရပ်ပုပုအစ်ကိုများဟု ခေါ်နေကြဆဲဖြစ်၏။ သူတို့သည် သူတို့၏အဖွဲ့နှင့် ပိုရင်းနှီးချင်နေကြသည်။


ဖက်တီး၏မိသားစု၏ ပကတိစီးပွားရေးဖြစ်နေသည်ကို မည်သူသိနိုင်ပါ့မလဲ...


“ဟေး လောင်တ၊ အဲ့ မိန်းကလေးနှစ်ယောက်က ကောင်းတယ်။ သူတို့ ပေးတဲ့ အချိုရည်တွေက စွမ်းအင်တွေ မြန်မြန်ပြန်ရအောင် ကူညီပေးတယ်။ ဒီလိုအချိုရည်မျိုး ဘယ်တုန်းကမှ မသောက်ဖူးဘူး။ ”


ထိုအရာများကို လက်ခံရရှိခဲ့သည့် ကျန့်ကျားဟယ်သည် သူ့ရတနာများကို ပြသချင်သကဲ့လို့ ပျော်ရွှင်စွာ ရောက်လာလေ၏။ 


“ဟားဟား ”


ချန်းချီသည် သူ့အားလှောင်လိုက်ပြီး အပြုံးတစ်ခုနှင့် ရောက်လာကာ ကျန့်ကျားဟယ် ဖွင့်လက်စဘူးအား ဆွဲယူလိုက်ပြီး “ငါလည်း ရခဲ့ပါတယ်ကွ ”


“ဟေး၊ မင်းလည်းတစ်ခုရထားတယ်ဆိုရင် ဘာလို့ ငါ့ဆီက ဓားမြတိုက်နေရသေးတာလဲလို့ ”


ချန်းချီသည် ထိုလူများ၏ မျက်လုံးများကို ပိတ်ဆို့ရန် တံခါးဆီသို့ နောက်ပြန်လှည့်ထားကာ တစ်ချိန်တည်းတွင် သူ့လက်ထဲရှိပုလင်းကို လှည့်လိုက်ကာ ပတ်ထားသောစက္ကူကို ဆွဲချလိုက်ပြီး ဘေးဘက် အနေအထားကို ဓာတ်မီးဖြင့်ထိုးပြလိုက်၏။ သူသည် အသံကိုလျှော့ကာ ပြောလိုက်သည်။


“ဂရုတစိုက်ကြည့် ”


ကျန့်ကျားဟယ်၏ မျက်လုံးများသည် ကောင်းမွန်ပါ၏။ ချန်းချီသူ့အား သတိပေးလိုက်ပြီးနောက် မကြာခင်မှာပင် ပုလင်းပေါ်တွင် အပ်ပေါက်ရာသေးသေးလေးတစ်ခုကိုရှာတွေ့လိုက်၏။ သိသိသာသာပင် အချိုရည်ထဲတွင် တစ်စုံတစ်ခုကို ထပ်ထည့်ထားလေသည်။


“ဒါက ...”


“ဟားဟား၊ သူခိုးတွေ နဲ့ သစ္စာဖောက်တွေ ကလွဲပြီး ဘယ်သူ့ဆီကမှ ဘာမှ အလကားရမှာမဟုတ်ဘူး။ ဒီလှည့်ကွက်လေးတွေက ရိုးနေပါပြီကွာ ”


ချွန်ထက်ပုံမပေါ်သည့် ချန်းချီသည် အမှန်တကယ်ကို သတိအထားဆုံးဖြစ်နေသည်။ မဟုတ်လျှင် ကျန့်ယွင်သည် သူနှင့် သူငယ်ချင်းကောင်းဖြစ်လာလိမ့်မည် မဟုတ်ချေ။ မတော်တဆ တွေ့ဆုံမှုတစ်ခုသာဖြစ်ပြီး သူတို့အား အစားအသောက် နှင့် သောက်စရာများကို ပေးလာခဲ့ပြီဖြစ်သည်။


ပစ္စုပ္ပန်ကာလသည် ပျက်ကပ်မတိုင်ခင်ကလို မဟုတ်ချေ။ အစားအသောက်နှင့် ရေသည် အားလုံးအတွက် အဖိုးတန်ဆုံး အရင်းအမြစ်များဖြစ်သည်။ ထိုအဖွဲ့သည် တုန့်ဆိုင်းမှုမရှိဘဲ ထိုအရာမျိုးများကို ထုတ်ပေးလာခဲ့သည်။ ဖက်တီးသည် ဤသည်ကို ရပ်ပြီး စောင့်ကြည့်နေမည်မဟုတ်ချေ။ သူတို့ပြသလောက် ကြင်နာရက်ရောမှုမျိုး ရှိနေပါက ယနေ့ အထိ အသက်ရှင်သန်လာခဲ့လိမ့်မည်မဟုတ်ချေ။


မတူခြားနားသော အမြင်ရှိသည့် အမျိုးသားတစ်ဦးနှင့် သူတို့အား ပြောင်းလဲလိုက်ပါက ကောင်မလေး၏ ချိုမြိန်သော စကားကြောင့် လှည့်စားခံသွားရနိုင်သည်။ သို့သော် ချန်းချီသည် ထိုသို့သောလူတစ်ယောက်မဟုတ်ချေ။ သူသည် တမင်တကာ သူမနှင့် လှည့်ပတ်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ပြီး အရေးမကြီးသော အချက်အလက်အချို့ကို ထုတ်ဖော်ပြခဲ့သည်။ သူမထံမှ အချိုရည်ကို လက်ခံရရှိပြီးနောက် ပုလင်းကို ထပ်မံကြည့်ရှုစစ်ဆေးခဲ့သည်။ သူမျှော်လင့်ထားသကဲ့သို့ပင် ပုလင်းနှင့် ရောထားကြောင်း တွေ့ရှိခဲ့သည်။


“ချီ၊ ဖက်တီးရဲ့နာမည်က ဘာလဲဆိုတာသိလား ”


ကျန့်ယွင်သည် ပေါ့ပေါ့ပါးပါး မေးလိုက်၏။ 


“လု ဖြစ်ပုံရတယ်။ ငါက ကောင်မလေးရဲ့ နာမည်ကိုပဲ မေးကြည့်လိုက်တာ ”


“သွားပြီး အတည်ပြုကြည့် ”


ကျန့်ယွင်သည် ချက်ချင်း ကောင်မငယ်လေး၏ဘက်သို့ မေးငေါ့ပြလိုက်၏။ 


ချန်းချီသည် နောက်ထပ်မေးခွန်းများမမေးခဲ့ချေ။ သူ့လက်များကို အိတ်ကပ်ထဲထည့်ကာ ပေါ့ပေါ့ပါးပါး သွားခဲ့လေသည်။ သူ ပြန်မလာခင် ကလေးမလေးကို ခဏလောက် ကျီစားနေလိုက်သေးသည်။


“အဲ့ဒါ လုယန်တဲ့ ”


အဲ့ဒါသူပဲ။


စာရေးသူတွင် ပြောစရာရှိပါတယ်။


【လမ်းမပေါ်က ပြဇာတ်ငယ်လေး 】


စုရှောင်ကျယ် : ဘာလုပ်ရမလဲ။ ကျန့်ရှောင်ယွင်က အခုထိ နိုးမလာသေးဘူး။


ကျန့်ကျားဟယ် : လောင်တက ခေါင်းဆောင်ရာထူးကိုပြန်ယူနိုင်ဖို့ စူပါ Saiyan ဒါမှမဟုတ် တစ်ခုခုအဖြစ် ပြောင်းလဲသွားမှာလား။ ဒါပေမယ့် သူ ဖုတ်ကောင်တစ်ကောင် ဖြစ်သွားနိုင်တယ်။ ငါသူ့ကို ရိုက်ချလိုက်လို့ ရမလား။ 


ရုတ်တရက် မျက်လုံးများပွင့်လာသော ကျန့်ရှောင်ယွင် : စုရှောင်ကျယ်၊ ကိုယ်ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်ခဲ့တယ်။ ကိုယ်မက်ခဲ့တာက မင်းကိုဘီလူးတစ်ကောင်ကဖမ်းခေါ်သွားပြီး ခေါင်းပေါ်မှာရှိနေတဲ့ အဓိကဇာတ်ဆောင်ရောင်ဝါကိုပေးဖို့ ကိုယ့်ကို ခြိမ်းခြောက်နေတာ။ ဒါပေမယ့် သူ့ခေါင်းက အရမ်းကြီးလွန်းနေတော့ ရောင်ဝါက သူ့တစ်ကိုယ်လုံးမတောက်ပနိုင်တော့ဘူးလေ။ နောက်တော့ ဘီလူးက စိတ်ဆိုးသွားတယ်။ သူက အစိမ်းရောင်မီးနဲ့ သူ့လက်သီးဝှေ့ယမ်းနေခဲ့တာ။ အဲ့ အရေးကြီးတဲ့အချိန်မှာပဲ ရှောင်ကျယ်ရဲ့ပေါင်ကနေ ရုတ်တရက်တောက်ပနေတဲ့ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာတယ်။ အစိမ်းရောင်လက်သီးနဲ့ ရွှေပေါင်ကတိုက်မိပြီး ကမ္ဘာကြီးက အရောင်‌တွေပြောင်းသွားတယ်။ တောင်တန်းတွေပြိုကျပြီး မြေကြီးက အက်ကွဲသွားသလို ... အဲဒီနောက်မှာတော့ ဘီလူးက ခွေးတစ်ကောင်ဖြစ်လာခဲ့တယ်။


စုရှောင်ကျယ် : ခင်ဗျား ဘာအကြောင်းပြောနေတာလဲ ကျွန်တော်နားမလည်ဘူး။ 


ကျန့်ကျားဟယ် : တောင်းပန်ပါတယ် လောင်တ။ကျွန်တော်မှားသွားပါတယ် လောင်တ။ 


(ကြည့်ရတာ ငါအရက်အမူးလွန်နေခဲ့ပုံရတယ်...)