အခန်း(၆၂)
Viewers 12k


အခန်း(၆၂)《 မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း 》


Author: Drunken Light Song

Source: Jostena M

Editor: Dragon

Translator: オタク

 


ဤဖက်တီးသည် တကယ်ကို လုယန်ဖြစ်သည်။ ယခင် လီမင်းကို သူပြောခဲ့သည့် စကားများသည် အမှန်မဟုတ်ခဲ့ချေ။ သူသည် အချိုရည်ထဲတွင်ရောစပ်ထားသည့် အရာကို တကယ်ကို မသိပါချေ။ ကျန့်ယွင်သည် သတိလစ်မေ့မြောသွားစေနိုင် လောက်သည့် ဆေးသာဖြစ်နိုင်ချေပိုများသည်ဟု ထင်ခဲ့သော်လည်း သူတို့သည် အဆိပ်သင့် စေလောက်အောင် ရက်စက်နိုင်ခြေကို သူမငြင်းနိုင်ချေ။


ဘာပဲဖြစ်နေပါစေ ကျန့်ယွင်သည် စစ်သားများစွာ၏အသက်ကို လောင်းကြေးမထပ်နိုင်ချေ။


ဖက်တီး အဝေးသို့ထသွားချိန်တွင် ကျန့်ယွင်သည် လီမင်းနှင့် စကားစမြည်ပြောရန်သွားခဲ့သည်။ သို့သော် ဖက်တီးသည် စကားပြောပုံးတစ်ခုကဲ့သို့ လီမင်းအနားတွင် ထိုင်ကာ စကားပြောနေလေသည်။ အကယ်၍သူသာနှောင့်နှေးနေပါက စစ်သားတချို့သည် အချိုရည်ကို မတော်တဆသောက်မိလိုက်မည်ကို ကျန့်ယွင်စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် ထိုကိစ္စကို တည့်တည့်သာသွားခဲ့လေသည်။


ဖက်တီးသည် တောင်ပိုင်းအခြေစိုက်စခန်း၏အခြေအနေကို မေးမြန်းနေခဲ့သည်။ အသက်ရှင်ကျန်သူတစ်ယောက်အနေဖြင့် လွတ်မြောက်လာသူများ၏ အခြေစိုက်စခန်းအကြောင်း သိချင်သည်မှာ သာမာန်ဖြစ်သည်။ လီမင်းသည် ထိုသူသည် စိတ်အားထက်သန်လွန်းသည်ဟုတွေးခဲ့သော်လည်း အခြားသူများနှင့် တွက်ကပ်မနေဘဲ စိတ်ရှည်သည်းခံကာ သူ့မေးခွန်းများကို ဖြေဆိုပေးနေခဲ့သည်။


ကျန့်ယွင်ရောက်လာသည်ကိုမြင်သောအခါ လီမင်းသည် ရပ်တန့်လိုက်ပြီး မေးလာ၏။ 


“ခေါင်းဆောင် ကျွန်တော်ခင်ဗျားအတွက် ဘာလုပ်ပေးရလဲ ”


“ကောင်းပါပြီ၊ အဲ့ဒါက တာ၀န်အကြောင်းပါ ”


ကျန့်ယွင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ဖက်တီးအားကြည့်လိုက်ပြီးနောက် ဆက်ပြောလာ၏။ 


“စကားပြောဖို့ အပြင်ထွက်ရအောင်”


လီမင်းသည် သူ့အားသံသယမ၀င်ခဲ့ချေ။ ထို့ကြောင့် သူသည် ကျန့်ယွင်နှင့်လိုက်ထွက်လာလေ၏။ 


ဖက်တီး၏မျက်နှာသည် ပြုံးနေဆဲဖြစ်၏။ သူသည် ရင်းနှီးသောဆက်ဆံရေးကိုတည်ဆောက်ရန် တခြားစစ်သားတစ်ဦးကို ရှာဖွေခဲ့ပြီး သူ့ဇနီးကို မျက်စပစ်ပြလိုက်၏။ 


သာမာန်ပုံစံ သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် သူမ၏ ဗိုက်ကိုကာပြီး ညီးညူလေ၏။ 


“အို့ လောင်ကုန်း၊ ကျွန်မ ရုတ်တရက် ဗိုက်နည်းနည်းနာလာတယ်။ ကျွန်မ သန့်စင်ခန်းသွားလိုက်အုံးမယ်” 


“သွား၊ သွား ဒီမိန်းမတွေက ပြဿနာတွေပဲ ”


ဖက်တီးသည် စိတ်မရှည်စွာ လက်ယမ်းပြလေ၏။ 


အမျိုးသမီးသည် မတ်တပ်ရပ်လိုက်ကာ သူမ၏ဗိုက်ကိုကာထားပြီး တံခါးဆီသို့ဖြေးညင်းစွာလျှောက်သွားလေ၏။ 


“အတော်ပဲ၊ ငါလည်း သန့်စင်ခန်းသွားချင်နေတာ၊ ကျောင်းကျောင်း၊ ငါတို့လည်း အတူတူသွားသင့်လား ”


ဝူကျင်းသည် ချန်းကျောင်းအား ပြုံးလျက်ပြောလိုက်၏။ 


“ကောင်းပြီလေ၊ ငါလည်း တစ်လမ်းလုံး ထိန်းထားခဲ့ရတာ”


ချန်းကျောင်းသည် ဝူကျင်းအား တမင် မျက်စိမှိတ်ပြလိုက်ပြီး မိန်းမလှလေးနှစ်ဦးသည်လည်း တံခါးဆီသို့လျှောက်သွားခဲ့ကြလေ၏။ 


“အားရီ၊ ရှင်ဗိုက်နာနေတာလား။ ကျွန်မတို့ သန့်စင်ခန်းအထိ ကူညီပေးရမလား ”


သက်လတ်ပိုင်းအရွယ် အမျိုးသမီးကို ဖြတ်သွားချိန်တွင် ဝူကျင်းသည် သူမအား ကြင်နာစွာမေးလိုက်၏။ 


“မလို၊ မလိုပါဘူး၊ ငါ့ဘာသာသွားနိုင်ပါတယ်” 


သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏မျက်နှာသည် ပြောင်းသွားကာ အိမ်သာဆီသို့ သူမ၏အရှိန်ကိုမြှင့်လိုက်လေ၏။ 


ကံကောင်းထောက်မစွာဖြင့် ဝန်ဆောင်မှုဧရိယာရှိ အိမ်သာသည် အတော်လေးကျယ်ဝန်းပြီး အကန့်များစွာပါသည်။ အိမ်သာခန်းအကုန် ပြည့်နေမည်ကို မည်သူမှ စိုးရိမ်နေစရာမလိုတော့ချေ။ အိမ်သာများအားလုံးတွင် အနံ့အနည်းငယ် ထွက်နေသော်လည်း သည်းခံနိုင်နေဆဲဖြစ်သည်။


သက်လတ်ပိုင်း အမျိုးသမီးသည် ပထမဆုံးအခန်းထဲသို့ အမြန်ဝင်လိုက်ပြီး တံခါးကို သော့ခတ်လိုက်ကာ အသံတစ်ခုမှ ထွက်မလာတော့ချေ။


“ကျောင်းကျောင်း၊ ငါ့ဗိုက်ကနည်းနည်းနာနေတယ်။ နင်ပြီးသွားရင် အရင်သွားနှင့်လို့ရတယ်”


“ကောင်းပြီလေ ”


ဝူကျင်းသည် စကားပြီးသောအခါတွင် သူမသည် မြူခိုးများအဖြစ်အသွင်ပြောင်းကာ ကာထားသောအခန်းထဲမှ လွင့်မျောသွားလေသည်။ ပထမဆုံးအခန်းထိပ်သို့ သွားကာ အတွင်းထဲသို့ ကြည့်လိုက်ရာ မျှော်မှန်းထားသည့်အတိုင်းပင် အိမ်သာခန်းထဲတွင် မည်သူမှ မရှိတော့ချေ။ အ၀တ်အစားများသာ ကျန်ခဲ့လေသည်။ သူမသည်အပြင်ဘက်ကိုပြေးထွက်ကြည့်သော်လည်း မည်သူမှ မရှိခဲ့ပေ။


သက်လတ်ပိုင်းအရွယ်အမျိုးသမီးရဲ့ စွမ်းအားက ကိုယ်ပျောက်တာလား။ 


ဝူကျင်းသည် အလျင်စလိုဖြစ်သွားလေ၏။ ကျန့်ယွင်ကိုရှာပြီး သူ့ကိုသတိပေးရမည့်နည်းလမ်းကို တွေးနေခဲ့သည်။ ရုတ်တရက် သူမ၏ မျက်လုံးထောင့်မှနေ မြေပြင်ပေါ်ထောင့်နားတွင် တောက်တဲ့တစ်ကောင်ကို တွေ့လိုက်ရလေသည်။ ၎င်းသည် နံရံပေါ်တွင် လျင်မြန်စွာ တွားသွားနေသော်လည်း တောက်တဲ့၏အရောင်သည် အလွန်ထူးဆန်းနေကာသူမယခင်က မြင်ဖူးခဲ့သလိုပဲ အစိမ်းရင့်ရောင်မဟုတ်သော်လည်း အနီရင့်ရောင်ဖြစ်နေသည်။


တောက်တဲ့တစ်ကောင် ပုံစံကွဲလား။


ဝူကျင်း၏နှလုံးသားသည် ကြိုတင်သတိပေးချက်တစ်မျိုးကို မွေးဖွားလာခဲ့ပြီး ၎င်းနောက်မှ လျှင်မြန်စွာလိုက်သွားခဲ့လေသည်။ တောက်တဲ့သည် လျင်မြန်သော်လည်း မြူခိုးများပျံ့လွင့်မှုအရှိန်နှင့် မယှဉ်နိုင်ခဲ့ချေ။


တောက်တဲ့သည် ကျန့်ယွင်နှင့် လီမင်းတို့ အသံတိုး၍ စကားပြောနေသည့် ဝန်ဆောင်မှုဧရိယာရှိ စီးပွားရေးအဆောက်အအုံအပြင်ဘက် ကားပါကင်ပေါ်သို့ တက်သွားလေသည်။ တောက်တဲ့သည် ကားအောက်ခြေသို့ တိတ်တဆိတ် တိုး၀င်ကာ သူတို့နှစ်ဦးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့လေသည်။


ဝူကျင်းသည် တောက်တဲ့သည် လူလတ်ပိုင်းအမျိုးသမီး ဖြစ်သည်ဟူသော အချက်ကိုလှောင်ပြောင်လိုက်သည်။


ကျန့်ယွင်သည် အနားရှိ ကားမှန်ပေါ်တွင် မြူမှုန်အလွှာပါးလေးကို သတိပြုမိပြီးနောက် စကားလေးလုံး ဖြည်းညှင်းစွာ ထွက်ပေါ်လာသည် - တစ်ယောက်ယောက်က သူလျှိုလုပ်နေတယ်။ 


【T/N : တရုတ်လိုဆို လေးလုံးပဲရှိလို့ပါ။ English လိုဆို သုံးလုံးတည်း။ မြန်မာလိုကျ ကိုးလုံးရှိတယ် 😵‍💫】


“ကောင်းပြီလေ၊ ပြန်သွားကြစို့။ Gမြို့မှာ ဆင့်ကဲပြောင်းလဲလာတဲ့ ဖုတ်ကောင်တွေရှိတယ်။ လုံခြုံရေးအတွက် ငါတို့ ပိုအာရုံစိုက်သင့်တယ် ”


ကျန့်ယွင်သည် သူ့မြင်ကွင်းကို ကျောပေးလိုက်ကာ လီမင်းအား လက်ဟန်အမူအရာပြလိုက်၏။ 


“ကောင်းပြီ ”


လီမင်းသည် တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ပြလိုက်ဆဲဖြစ်သည်။


စကားပြောပြီးကြပြီးနောက် ကျန့်ယွင် နှင့် လီမင်းတို့သည် ဝန်ဆောင်မှု အဆောက်အဦးသို့ ပြန်သွားကြသည်။ ၀ူကျင်းနှင့် ချန်းကျောင်းတို့သည် မကြာခင်မှာပင် အိမ်သာမှ ပြန်လာခဲ့ကြသည်။ လူလတ်ပိုင်း အမျိုးသမီးသာ နောက်ဆုံးမှ ပြန်လာခဲ့သူဖြစ်သည်။


သူတို့သည် သူတို့၏အဖွဲ့များ အသီးသီးဆီသို့ပြန်သွားကြပြီး ကျန်သည့်သူများကိုခေါ်လိုက်ကြသည်။


ဖက်တီးသည် နေထိုင်ဖို့ရန် မလွယ်ကူတော့ချေ။ သူ့'မိသားစု' ဘက်ကိုသာ ပြန်သွားရုံသာ ရှိတော့သည်။ သို့သော် သူ့မျက်လုံးများသည်စစ်သားများဘက်ကိုသာ အမြဲတစေ လွင့်မျောနေလာနေခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့ အချိုရည်ပုလင်းအဖုံးကို ဖွင့်ပြီးအထဲတွင် ပါဝင်သည့်အရာများကို သောက်လိုက်ပြီးသည်နှင့် လီမင်းသည် လှဲချရန် စိတ်သက်သာရာရသွားခဲ့လေသည်။


သူနှင့် သူ့မိသားစုတို့သည် အခန်း၏နောက်ထပ်ထောင့်ကျဉ်းကျဉ်းလေးကို ယူထားခဲ့ကြသည်။ ဖက်တီးနှင့် သူ့သမီး အိပ်ဖို့ ကုတင်တစ်ခုသာရှိသည်။ ကျန်သည့်သူများသည် သူတို့၏အဝတ်အစားများနှင့်သာ ကြမ်းပြင်ပေါ်တွင် အိပ်နေကြသည်။ ကံကောင်းထောက်မစွာနှင့် ယခုအချိန်တွင် ပူနွေးနေလေသည်။ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် လဲလျောင်းနေရင်း အေးသည်ဟုမခံစားချေ။ 


လုယန်သည် သူ့အားတိတ်တဆိတ် စောင့်ကြည့်နေပြီး သူ့လှုပ်ရှားမှုတိုင်းကို မြင်ခဲ့ရသည့် လူတစ်ယောက်ရှိသည်ဆိုသည်ကို သတိမထားမိခဲ့သည်မှာ သနားစရာပင်။


ယခုအချိန်တွင် လုယန်သည် ယခင်က လင်းချန်အခြေစိုက်စခန်းတွင် အလျားလိုက် လျှောက်လှမ်းနိုင်သည့် လုကျစ်ရှန်းမဟုတ်ပေ။ သူသည် အချိန်အတော်ကြာ အရောင်တင်ခြင်းမပြုခဲ့ဘဲ ဤအချိန်တွင် အမြော်အမြင်မရှိချေ။ လူများအပေါ်တွက်ချက်နည်းသည် ထိုအချိန်တုန်းကထက် များစွာ ကြမ်းကြုတ်ပြီး ယုတ်ညံ့သည်။ 


ဝန်ဆောင်မှုဧရိယာရှိ စီးပွားရေးခန်းမ၏ မှန်တံခါးများကို ပိတ်ထားခဲ့သည်။ သူတို့အပေါ်သို့ နေရောင်ခြည် တိုက်ရိုက်ကျရောက်ခြင်းမှ တားဆီးကာကွယ်ရန်အတွက် စစ်သားများသည် ၎င်းကို အဝတ်များဖြင့် အထူးဖုံးအုပ်ထားခဲ့ကြသည်။ အစွန်းအဖျားနားများမှ အလင်းရောင်အနည်းငယ်သာ ဝင်လာပြီး အခန်းကို မှောင်ပိတ်လုနီးပါး ထားကြသည်။


အမှောင်ထုထဲတွင် လူအုပ်စုများသည် တီးတိုးစကားပြောနေကြပြီး တိုးတိတ်သွားရန် အချိန်အတော်ကြာခဲ့လေသည်။


လီမင်း တခြားစစ်သားများကို ဘာပြောခဲ့မှန်း ကျန့်ယွင် မသိခဲ့ချေ။ စကားတစ်ခွန်းတည်းဆိုရလျှင် လူနှစ်ယောက်သာ အစောင့်တာ၀န်ချထားခဲ့သည်။ တခြားသူများသည် အိပ်ရာဝင်သွားပြီး ကျန့်ယွင်နှင့်တခြားသူများသည် ဘယ်သူ့ကိုစောင့်ကြည့်ရန် မထားခဲ့ကြချေ။ သူတို့အားလုံးသည် အိပ်ရာ၀င်သွားကြပြီး ကျန့်ကျားဟယ်ကဲ့သို့ပင် တခြားသူအားလုံးသည် အသံကျယ်ကျယ် ဟောက်နေကြပြီဖြစ်သည်။


အချိန်ဘယ်လောက်ကြာသွားခဲ့သည်မသိ အမှောင်ထဲတွင် ချိုမြိန်သည့်မွှေးရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။ စောင့်ကြည့်ရန်တာဝန်ကျသည့် စစ်သားနှစ်ယောက်၏မျက်လုံးများသည် ခေါင်းနောက်သို့ လည်ကာ ဖြည်းညှင်းစွာ အိပ်ပျော်သွားကြလေသည်။


ကျန့်ယွင်၏ ထောင့်ဘက်တွင်သာ နူးညံ့သည့် လေညှင်းလေးတစ်ခုသည် သူတို့၏နှာခေါင်းများမှ မွှေးရနံ့ကို မှုတ်ထုတ်နေခဲ့သည်။


သို့သော် ထိုအချိန်ပြီးနောက်မှာပဲ လှုပ်ရှားမှုများမရှိတော့ချေ။ လုယန်၏ ဘက်ရှိလူများသည် သေနေသကဲ့သို့ပင် အိပ်နေကြပုံရလေသည်။


ပတ်ပတ်လည်တွင် အလွန်တိတ်ဆိတ်နေလေ၏။ ပေါ့ပါးသည့် အသက်ရှုသံများမှလွဲ၍ မည်သည့်အသံမှ မရှိခဲ့ချေ။


ကျန့်ယွင် နှင့် သူ့အဖွဲ့သည် မလှုပ်မယှက်ဘဲ သူတို့၏ခန္ဓာကိုယ်များ တောင့်တင်းလာခဲ့သည်အထိ ဘယ်လောက်ကြာကြာ လှဲလျောင်းနေခဲ့ရသည်မသိရချေ။ နောက်ဆုံးမှာတော့ အ၀တ်ပွတ်တိုက်သံ အနည်းငယ် ထွက်လာခဲ့သည်။


၎င်းသည် ထထိုင်လိုက်သော လုယန်၏ သမီးငယ်လေးပင်ဖြစ်၏။ 


ကောင်မလေးသည် သူ့မျက်လုံးများကို ပွတ်သပ်ရင်း သူ့ဘေးနားရှိ သက်လတ်ပိုင်းအမျိုးသမီးကို နှိုးလိုက်ပြီး သူမ၏အသံသည် ကြည်လင်ပြတ်သားစွာနှင့်ပြောလာလေ၏။ 


“မား၊ သမီးရေဆာတယ်။ ရေသောက်ချင်တယ်”


“အာ၊ အမေ သမီးအတွက်ပေးမယ် ”


သက်လတ်ပိုင်းအမျိုးသမီးသည် သူမ၏အသံကိုလျှော့ကာ ထထိုင်လိုက်လေ၏။ 


ကောင်မငယ်လေးသည် ရေသောက်ပြီး အိပ်ယာသို့ပြန်သွားခဲ့လေသည်။


အခန်းသည် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်လေ၏။ 


ကျန့်ကျားဟယ်နှင့် တခြားသူများသည် ဤလောက် အချိန်အကြာကြီး ငြိမ်ငြိမ်မအိပ်နိုင်ကြချေ။ လက်များခြေများ လှုပ်ရှားချင်သော်လည်း သူတို့၏ ဘေးနားရှိ လူများ၏ ဖိနှိပ်မှုကို ခံလိုက်ကြရသည်။ အဆင်မပြေမှုကို သည်းခံပြီး ဆက်အိပ်နေရုံသာရှိကြတော့သည်။


သူတို့အား သူ့စိတ်ထဲမှ ဆူပူလိုက်၏။ ဘာလို့ မစသေးတာလဲဟ။ တကယ့်ကို စိတ်ညစ်စရာပဲ။ 


ရုတ်တရက်ပင် ဖန်ခွက်ကျကွဲသံကဲ့သို့ ကျယ်လောင်သည့်အသံတစ်ခုထွက်လာလေ၏။ 


“အား ”


ထို့နောက် အမျိုးသမီးတစ်ဦး၏ အော်ညည်းသံတစ်ခုထွက်လာလေ၏။ 


မင်းအိပ်ပျော်နေချိန်၌ ဤကဲ့သို့လှုပ်ရှားမှုများကို ရုတ်တရက်ကြားလိုက်ပါက သာမာန်အခြေအနေမှာဆိုလျှင် ကုတင်ပေါ်ကနေ ခုန်ချလုနီးပါးထိတ်လန့်သွားပေလိမ့်မည်။ သို့သော် ထိုစစ်သားများနှင့် ကျန့်ယွင်၏အဖွဲ့အားလုံးသည် သူတို့အားလုံး အိပ်မောကျနေဆဲသို့ပင် တိတ်ဆိတ်ငြိမ်သက်စွာ အသက်ရှူနေကြပြီး လှဲလျောင်းနေကြဆဲဖြစ်၏။


အခန်းထောင့်တွင် နောက်ဆုံး၌ လုယန်သည် ဖြည်းညှင်းစွာထထိုင်ကာ သူ့မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခုနှင့် အခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။ 


သူတို့ခုနစ်ယောက်သည် တိတ်တဆိတ် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်လာကြပြီး သူတို့တစ်ဦးစီ၏ လက်များထဲတွင် ချွန်ထက်သော ဓားမြှောင်တစ်ချောင်းစီကိုင်ထားကြလေသည်။ 


“ကျွန်မတို့ တကယ်ကြီး လုပ်မှာလား ”


ကောင်မငယ်လေးသည် မရေမရာမေးလာလေ၏။ 


“အခုမှ ရပ်ဖို့က အရမ်းနောက်ကျနေပြီ။သူတို့ပြောတာ Gမြို့မှာ ဆင့်ကဲပြောင်းလဲလာတဲ့ ဖုတ်ကောင်တစ်ကောင်ရှိတယ်တဲ့ ”


လုယန်သည် သူ့အသံကို တိုးလိုက်၏။ 


တကယ်တမ်းတွင် သူဒီလောက်စောပြီး မစတင်ချင်ခဲ့ပေ။ ၎င်းသည် အရမ်းအလျင်စလိုဖြစ်နေခဲ့သည်။ သူသည် ဤအဖွဲ့ ထမ်းဆောင်ရန် သွားနေသည့်တာဝန်နှင့် တောင်ပိုင်းအခြေစိုက်စခန်းနှင့်ပတ်သက်သည့် နောက်ထပ်အကြောင်းအရာများစွာကို သိချင်နေခဲ့သည်။ သူ ဘာကိုမှ ရှင်းရှင်းလင်းလင်းမမေးရသေးဘဲ Gမြို့တွင် ဆင့်ကဲ ပြောင်းလဲလာသည့် ဖုတ်ကောင်များ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ၎င်းသည် အန္တရာယ်များလွန်းသည်။


ယခုမူ သူတို့သည် စွန့်စားပြီး အချိန်မတိုင်ခင်စတင်ရုံသာတတ်နိုင်တော့သည်။