အခန်း၈၅
Viewers 8k

Chapter 85

(ဇာ့ခ်အသားဘူဖေးပွဲ)


ကံအားလျော်စွာ၊ ချိုက်မူပိုင် နှင့် ရန်နင် တို့နှစ်ဦးစလုံးသည် အရေးကြီးသောအရာကို သိရှိကြသဖြင့် အစားအစာများသည် အလွန်အရသာရှိသော်လည်း စားချင်စိတ်ကို တွန်းလှန်နိုင်ခဲ့သည်။ထို့နောက် သူတို့ကိုယ်တိုင်ပင် ချက်ပြုတ်နိုင်သော အရသာရှိသည့် ဇာ့ခ် အသားဟင်းချက်နည်းကို ပိုစဉ်းစားလိုက်ကြသည်။


စပ်သော အစားအစာများကို စွဲလမ်းသူ အဘိုးကြီးချိုက် သည် အစပ်ထည့်ထားသော ဇာ့ခ် အသားနှင့် ဇာ့ခ်အသားခြောက်များကို နောင်တရစွာဖြင့် ကြည့်လိုက်သည်။ သူ့မှာ ဗိုက်သေးသေးလေးရှိနေတာကိုတောင် မုန်းတီးနေမိသည်။


‌လင်းယောင်ယောင် သည် ဇာ့ခ် တစ်ကောင်လုံးကို ယူဆောင်လာသောကြောင့် အဘိုးကြီးချိုက် နှင့် အခြားသူများအတွက် လုံလောက်သော ပါဝင်ပစ္စည်းများဖြစ်သည်။ သူမသည် မစားရသေးသော အစိတ်အပိုင်းများမှ အသားများကို ယူကာ စားသုံးရန် နည်းလမ်းများကို ရှာဖွေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။


ကင်းလှည့်တပ်၏ သုတေသီများသည် အတောင်ပံရှိသော ဇာ့ခ်များ၏ ဦးခေါင်းများနှင့် အတွင်းအင်္ဂါများကို စွန့်ပစ်သည်။ အကြောင်းမှာ သုတေသနအတွက် ဦးခေါင်းများကို အသုံးပြုရန် လိုအပ်ပြီး အတွင်းအင်္ဂါများကမူ အဆိပ်သင့်မည်ကို စိုးရိမ်ကြတာကြောင့်ပင်။


ထို့ကြောင့် ဇာ့ခ် တစ်ကောင်ချင်းစီကို အကြမ်းဖျင်းအားဖြင့် ကြီးမားသောအပိုင်းများ ခွဲထားသည်။ မာကျောသော အခွံသည် အသားများနှင့် ပြည့်နေပြီး အရိုးများမရှိပေ။ ထို့ကြောင့်၊အစားအသောက်ကုထုံးပညာရှင်များသည် အရွတ်အတွင်းရှိ အညစ်အကြေးများနှင့် ရက်စက်ကြမ်းကြုတ်သောစွမ်းအင်များကိုသာ ဖယ်ရှားပစ်ရန် လိုအပ်သည်။

ရန်နင် က သက်ပြင်းကို ချပြီးပြောလာသည်။

"ဇာ့ခ် က တစ်ကယ်ကို အကောင်းဆုံး အစားအသောက် ပစ္စည်းတစ်ခုပဲ…သူ့မှာ အသားအများကြီး ရှိတယ်၊ဆူးက မရှိဘူး… စွမ်းအင်ကလည်း ကြွယ်ဝလိုက်တာ… ဆဲလ်ဖွဲ့စည်းပုံကလည်း ရိုးရှင်းတယ်… ဘာကြောင့်များ ဒါတွေကို အစောကတည်းက စားဖို့ မကြိုးစားရတာလဲ"


ချိုက်မူပိုင် ကပါ ဝင်ပြောလာ၏။


"အခုရှာတွေ့လည်း သိပ်နောက်မကျသေးပါဘူး… ငါ နည်းနည်းလေးတောင် ကြောက်မိတယ်… ဒီအင်းဆက်ကောင်ကြီးတွေရဲ့အသားက အရသာရှိတယ်ဆိုတာ လူတိုင်းသိသွားတဲ့အခါကျ ဇာ့ခ် ပိုးက တစ်ကောင်မှ ငါတို့ဆီ မရောက်လာရင် ငါတို့ ဘာလုပ်သင့်လဲ"


‌လင်းယောင်ယောင် တွေးလိုက်မိသည်။

'အစ်ကိုကြီး က တစ်ကယ် အမြော်အမြင်ရှိတာပဲ'


သို့သော် သူမ စကားမပြောမီ အဘိုးကြီးချိုက် က အေးဆေးတည်ငြိမ်စွာပြောလာသည်။


"...ရပါတယ်၊ နယ်ခြားကြယ်တာရာ က သားလောင်းတစ်ချို့ကို ဖမ်းပြီး ငါတို့ ကိုယ်တိုင် မွေးမြူနိုင်မှာပါ"


‌လင်းယောင်ယောင် - '... စားကောင်းသောက်ဖွယ်တွေကိုဆို အတင်း အငမ်းမရ လိုက်စားတဲ့ နေရာမှာ ဒီကြယ်တာရာခေတ်ကလူတွေကလည်း သူတို့ရဲ့ ဘိုးဘေးတွေထက် မဆိုးနေပါလား'


ကမ္ဘာခေတ်ကဲ့သို့ပင်၊ လူများသည် ကဏန်းများ၏ မာကျောသောအခွံအောက်ရှိ နူးညံ့သောအသားကို မရှာဖွေမီ ပထမဆုံးစားသောလူရှိရမည်ဖြစ်သည်။ကြယ်တာရာခေတ်ရှိ ဇာ့ခ်များအတွက်လည်း အလားတူပင်ဖြစ်သည်။အရင်တုန်းက လူသားများသည့် ဇာ့ခ်များအတွက် အစားအသောက်တစ်မျိုး ဖြစ်ခဲ့ရသည်။ လူ့အသွေးအသားသည် သူတို့အတွက် အရသာရှိပြီးစွမ်းအင် ပေါများသည်။ နောင်တွင် ဤအရာသည် ပြောင်းပြန်ဖြစ်လာပေလိမ့်မည်။ ဇာ့ခ်များသည် လူသားတို့၏ အစားအစာများထဲမှ တစ်ခုဖြစ်လာနိုင်သည်။


ဇာ့ခ်များကို ကြောက်ရွံ့သောနှလုံးသားဖြင့် သတ်ခြင်းထက် အစားသရဲများ၏ နှလုံးသားဖြင့် သတ်ခြင်းက ပိုကောင်းနိုင်သည်။


နှစ်ဖက်စလုံးက တစ်ယောက်နှင့်တစ်ယောက် စားချင်နေသောအခါ ဘယ်သူက ပိုသန်မာသလဲဆိုသည့်အပေါ်မှာ မူတည်သွားမည်ဖြစ်သည်။


ညှိနှိုင်းပြီးနောက်အဘိုးကြီးချိုက် သည် ကြွပ်ကြွပ်ကြော်ထားသော ဇာ့ခ် အသားပြားများ၊ ဇာ့ခ် အသားအစပ်ဟော့ပေါ့၊ ဇာ့ခ် အသားဟင်းချိုနှင့် ဇာ့ခ် အသားဖက်ထုပ်များ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် ဇာ့ခ် အသားရှိ အညစ်အကြေးများကို ကိုယ်တိုင်ကိုင်တွယ်ပြီး ‌လင်းယောင်ယောင် က ချက်ပြုတ်ရန် ကူညီခဲ့သည်။ ရလဒ်မှာ အဆင့်-၅ အရန်အစားအစာများဖြစ်ပြီး အလွန်အရသာရှိလှသည်။


ဤဟင်းလျာများကို အစားအစာကုထုံးကော်မတီ၏လူကြီးများအား လာဘ်ထိုးရန်အတွက်၊ ဇာ့ခ် အသားများကို ကြော်ငြာရန်နှင့် Star Network ရှိ အစားအစာပါဝင်ပစ္စည်းများထဲမှ တစ်ခုအဖြစ် ဇာ့ခ်များကို ထည့်သွင်းရန်အတွက် အစားအသောက်ကုထုံး သုတေသနစင်တာသို့ ပေးပို့မည်ဖြစ်သည်။


ချိုက်မူပိုင် နှင့် ရန်နင် တို့သည် ‌လင်းယောင်ယောင် ၏ ဟင်းပွဲတစ်ခုလုံးအား ချက်ပြုတ်သည့် ဗီဒီယိုကို ကြည့်ရှုပြီးနောက် အရသာနှင့် ကုထုံးအကျိုးသက်ရောက်မှုကို ချင့်ချိန်ပြီးနောက် စတင်လေ့ကျင့်ခဲ့ကြသည်။


‌လင်းယောင်ယောင် က သူတို့ကို လွှမ်းမိုးနိုင်တာကြောင့် သူတို့ ဟင်းချက်လည်း တော်လာကြသည်။ သူတို့သည် ‌လင်းယောင်ယောင် ထက် အနည်းငယ် နိမ့်ကျနေသေးသော်လည်း ယခုခေတ်မှ အခြေအနေအရဆို အတော်ကောင်းနေပြီဟု ဆိုရပေမည်။


ဇာ့ခ် အသားဟင်းပွဲများအပြည့်ဖြင့် အတန်းတစ်ခုလုံးကို ဖျော်ဖြေရန် သူမ၏ ဆုံးဖြတ်ချက်ကို ကြားပြီးနောက် ချိုက်မူပိုင် နှင့် ရန်နင် တို့သည် အတူတကွ ပြင်ဆင်ရန်ဆုံးဖြတ်ခဲ့ကြသည်။


ထိုစဉ် အဘိုးကြီးချိုက် က "ငါတို့ ပိုကြီးတဲ့ တစ်ခုခုကို လုပ်ကြည့်ရအောင်…ဇာ့ခ် အသားဟော့ပေါ့ ဘူဖေး လုပ်လို့ ရတယ်မလား…ဒါကြောင့် ဇာ့ခ် အသားချပ်နဲ့ အသားလုံးလိုမျိုး အကြမ်းထည်တွေကို ကြိုပြီး ပြင်ဆင်ထားဖို့ပဲ လိုတယ်… အမြည်းအတွက်ကတော့ ဇာ့ခ် အသားပြား၊ ဇာ့ခ် အသား ပိုင်မုန့်၊ ဇာ့ခ် အသားစွပ်ပြုတ်၊ ဇာ့ခ် အသားဆော့စ် အဲ့တာတွေကို ပြင်ဆင်နိုင်တယ်…အစားအသောက်ကုထုံးဌာနတစ်ခုလုံးမှာ လူ ၁၃၀ ပဲ ရှိတာဆိုတော့ အကျိုးသက်ရောက်မှု ပိုကောင်းသွားဖို့ဆိုရင် အစားအသောက်ကုထုံးပညာရှင်တစ်ဦးစီက တိုက်ခိုက်ရေးစစ်သည်မိတ်ဆွေတစ်ဦးကို ခေါ်ဆောင်ခွင့်ရှိမယ်…ပြီးတော့ ဇာ့ခ်အသားအပြင်၊ အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းအတွက် တခြား ထိပ်တန်း အဆင့်-၅ ဂြိုလ်သားတိရစ္ဆာန်အသားကို ဝယ်ယူဖို့ ငါတို့ရဲ့ သုတေသနရန်ပုံငွေကို သုံးမှာလေ… ‌လင်းယောင်ယောင် မင်းဘယ်လိုထင်လဲ"


လင်းယောင်ယောင် ကမူ ဤအစီအစဉ်ကို သဘောမတူမှာ သေချာသည်။ သူမ လက်ထဲတွင် အတောင်ပံတစ်ဒါဇင်ကျော်ပါရှိပြီး ၎င်းတို့ကို ဘယ်အချိန်စားရမှန်း မသိပေ။ သူမ၏ အစားအသောက်ကုထုံး စတိုးဆိုင်များမှာ ၎င်းတို့ကို ရောင်းချရမည်ဆိုလျှင်၊ စျေးသက်သက်သာသာဖြင့် ရောင်းချရမည်ဖြစ်၍ ဖြုန်းတီးနေသလို ဖြစ်သွားနိုင်၏။


အဆင့်-၅ ထူးခြားဆန်းပြားသော တိရစ္ဆာန်အသားများ၏ စျေးနှုန်းအရ မနိမ့်သင့်သော်လည်း စားသုံးသူများသည် မည်သည့်အသားအမျိုးအစား၊ ဘယ်က ရလာသည်ကို မဝယ်မီ သိရှိထားမှသာ ဝယ်စားချင်စိတ် ပေါက်လာမည်ဖြစ်သည်။ထို့အပြင် အဆင့်-၅ ဂြိုလ်သားရဲ အသားများမှာ စျေးကွက်ထဲတွင် ထိပ်တန်းအစားအစာ ဖြစ်နေပြီး

အဆင့်-၆ ဆိုလျှင် အလွန်ရှားပါးပြီး ကြွယ်ဝပြီး အစွမ်းထက်သူများကိုသာ ထောက်ပံ့ပေးသည်။ စျေးကွက်ထဲမှာ အလွယ်တကူမရှိပေ။


လူနှစ်ရာမှ သုံးရာအထိ စားသုံးရန် ပွဲတစ်ပွဲအတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန်အတွက် အင်းဆက်အသားများနှင့် မလုံလောက်နိုင်၍ အခြားပါဝင်ပစ္စည်းများစွာကို ဝယ်ယူရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာ၊ ဉာဏ်ရည်ထက်မြက်သော စက်ရုပ်လက်ထောက်များ အလုံအလောက်ရှိနေသေးသည်။


ထို့အပြင် ချိုက်ယူဟုန် သည် ယမန်နေ့က လင်းယောင်ယောင် ပြုလုပ်ခဲ့သော ဇာ့ခ် အသားဟင်းပွဲများကို စားသုံးခဲ့သော အခြားသုတေသီနှစ်ဦးကို ခေါ်ထားခဲ့သည်။ သူမ လုံးဝယုံကြည်ရသည့် ဖုယင်း ကိုလည်း ကူညီပေးဖို့ တောင်းဆိုခဲ့သည်။


ချိုက်ယူဟုန် သည် ပါဝင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် ဉာဏ်ရည်ထက်မြက်သော စီနီယာကျောင်းသားများကို ထပ်မံမခေါ်တော့ပေ။အကြောင်းမှာ သတင်းပေါက်ကြားမည်ကို စိုးရွံ့သောကြောင့် ဖြစ်သည်။ ဇာ့ခ် အသား၏အရသာကို မမြည်းစမ်းမီ၊ ၎င်းသည် ဇာ့ခ် အသားဖြစ်ကြောင်း သိပါက လူတိုင်းက ၎င်းကို စမ်းကြည့်ရန် သတ္တိမရှိနိုင်ချေ။






xxxxxxx



Ei Thet Hmue