အခန်း၈၆
Viewers 8k

Chapter 86



အစားအစာကို ရွံရှာဖွယ်ကောင်းသည်ဟု ပြောဆိုခဲ့သော ဂျူနီယာ ချောင်းရို့သည် လင်းယောင်ယောင် အား လေးနက်စွာ တောင်းပန်ခဲ့ဖူးသည်။ နောက်ပိုင်း ၊အခြားသူများက ဇာ့ခ် အသားစားခြင်းကို သူလက်ခံနိုင်သော်လည်း ဇာ့ခ်များကို သူမုန်းသည့်အတွက် အသားများကို ကိုင်တွယ်ဖြေရှင်းဖို့ မကူညီချင်တာကြောင့် လူတိုင်းက သူ့ကို လျစ်လျူရှုထားကြ၏။


ပါဝင်ပစ္စည်းများက ဘယ်လောက်ပဲ အရသာရှိရှိ၊တစ်ချို့လူတွေကလည်း မကြိုက်ကြပေ။


မြို့တော်၏ အခြားတစ်ဖက်တွင် လင်းရွှမ်က လုလင်းအား လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုတည်ဆောက်ရန် တောင်းဆိုခဲ့သည်။ နယ်ခြားကြယ်တာရာတွင် တပ်စွဲထားသော ညသိမ်းငှက် ထံသို့လည်း အဝေးမှ ညွှန်ကြားချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့သည်။လာမည့်၊ လအနည်းငယ်အတွင်း ဘယ်အချိန်ကျလျှင် SSS-အတန်းစား ဇာ့ခ် ဘုရင်မကို ချေမှုန်းရန် အမိန့်ရလာမည်ကို သူ မသိသော်လည်း၊ ပြင်ဆင်ထားရမည်ဖြစ်သည်။


လင်းယောင်ယောင် ၏ စိတ်ကူးအိပ်မက်ထဲတွင်၊ SSS အတန်းအစား ဇာ့ခ်ဘုရင်မ သည် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ဧရိယာအတွင်းရှိ သက်ရှိများ တစ်ဘီလီယံခန့် နေထိုင်နိုင်သော ကြယ်တာရာတစ်ခုတွင် ရှိနေကြောင်း ယောင်ဝါးဝါးသာ သိထားခဲ့သည်။မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ တွင် ထိုကဲ့သို့ သော ကြယ်တာရာသုံးပွင့်ရှိသည်။


ထို့ကြောင့် လင်းရွှမ် ကြိုတင်စီစဉ်ထားရမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ လူနေရပ်ကွက်များရှိ အမြင့်ဆုံး အရေးပေါ်အမိုးအကာများ ဆောက်လုပ်ရန်၊ အရေးပေါ် အသက်ကယ်လှေများ အလုံအလောက်ပြင်ဆင်ရမည်ဖြစ်ပြီး၊ ဇာ့ခ် ဆင်းသက်သည့်နေရာများဖြစ်လာနိုင်သည့် ဟင်းလင်းပြင်လို နေရာများတွင် မြေပြင်အခြေအနေ စစ်တမ်းများကောက်ယူကာ အဝေးမှထိန်းချုပ်ထားသော ဇီဝနှင့် ဓာတုဗုံးများကို ပြင်ဆင်ထားရန်... အစရှိသည်တို့ဖြစ်သည်။

သူ့တွင် အချိန်အကြာကြီး အတူနေလိုသော သူမ ရှိသောကြောင့် SSS အဆင့် ဇာ့ခ်ဘုရင်မကို ချေမှုန်းရန် သူ့အသက်ကို စတေးမည်မဟုတ်ပေ။ သို့သော်လည်း SSS အဆင့် ဇာ့ခ်ဘုရင်မ ပေါ်လာပါက၊ နယ်မြေအတွင်း နေထိုင်သူများ၏ လုံခြုံရေးကို ကာကွယ်ရန်မှာလည်း သူ၏ တာဝန်ဖြစ်သည်။ သူလုပ်နိုင်သမျှမှာ SSS-အဆင့်ဇာ့ခ်များကို အနိုင်ရဖို့ အခွင့်အလမ်းပိုများကြောင်း သေချာအောင် ကြိုပြီး ဖြန့်ကျက်ထားရမည်ဖြစ်ပေသည်။


ဤအရာအားလုံးပြီးသောအခါ လင်းရွှမ် သည် အားလပ်ရက်ခရီးထွက်ခဲ့ပြီး ချန်ပင်း နှင့် လုလင်း တို့ကိုလည်း ခေါ်သွားလိုက်သည်။သူတို့သုံးဦးသည် ချန်ပင်း ၏မိခင်အမည်ပိုင် ဧကရာဇ်မြို့တော်ရှိ နာမည်ကြီး ဇိမ်ခံကလပ်အိမ်တစ်ခုသို့ သွားခဲ့ကြသည်။ တစ်ကယ်တော့၊ နောက်ကွယ်က သူဌေးမှာ လင်းရွှမ်ဖြစ်သည်။


ဤနေရာတွင် သဘာဝပတ်ဝန်းကျင် သီးသန့်စကားပြောဆိုမှုများအတွက် လုံးဝလုံခြုံသော်လည်း အချို့သောသတင်းများကို ရံဖန်ရံခါ ကြားဖြတ်ကြားရနိုင်သည်။ အားလပ်ရက်တွင် ညသိမ်းငှက်၏ စီနီယာ တိုက်ခိုက်ရေးသမားများအတွက် မကြာခဏ အပန်းဖြေရန် ဤကလပ်အိမ်ကိုလာကြသော်လည်း အများအားဖြင့် သူတို့၏ သတင်းအချက်အလက် စုဆောင်းသည့် နေရာများထဲမှ တစ်ခုအဖြစ် မှတ်ယူနိုင်သည်။


လင်းရွှမ် က လေးနက်စွာဖြင့်ပြောလိုက်သည်။


"ငါ မင်းတို့ကို ရတနာတစ်ခုပြမယ်..."


ချန်ပင်း က "ဘာလဲ… ယောင်ယောင် လေးကို ဒီကို ခေါ်လာတာလား… ဘယ်မှာလဲ၊ ဘယ်မှာလဲ… ကျွန်တော် မတွေ့ရတာ ကြာပြီ ဆိုတော့ သူမက ပိုလှလာပြန်ပြီမလား"


လင်းရွှမ် သူ့ကို ပိတ်ကန်လိုက်ခါမှ နာခံသွားတော့သည်။


"ကောင်းပါပြီ…ဘော့စ် တွန့်တိုနေတာ သိပါတယ်… ဘော့စ်ရဲ့ တန်ဖိုးကြီးတဲ့ မိန်းကလေးကို ကျွန်တော်တို့ကို ပြဖို့ မဖြစ်နိုင်ဘူးမလား...ရတနာက ဘာလဲ၊ ဘာလဲ"


လုလင်းက ဘာတစ်ခွန်းမှ ဝင်မပြောသော်လည်း သူ့စိတ်ထဲမှာတော့ အတွေးများဆူပွက်နေပြီဖြစ်သည်။ ထို့ထက် ပိုအရေးကြီးသည်မှာ သူ့လက်ထဲတွင် အချက်အလက်အချို့လည်း ရှိသဖြင့် သူ့မေးစေ့ကိုထိပြီး မှန်းဆနေပုံဖြင့်


"အမ်... ဘော့စ် မနေ့က ကင်းလှည့်အဖွဲ့ကနေ လုလာတဲ့ ဇာ့ခ် ၁၃ ကောင်နဲ့များ ဆက်စပ်နေနိုင်သလား… ဒီတစ်ခါတော့ ဇာ့ခ်တွေက ဧကရာဇ်မြို့တော် ကို တိုက်ရိုက် ခုန်ဆင်းနိုင်တယ်ဆိုတော့ တစ်ခုခု ထူးခြားနေလို့လား"


သို့သော်လည်း လင်းရွှမ် သည် ကလပ်အိမ်တွင် ထိုကဲ့သို့ အလေးအနက် မဆွေးနွေးသင့်မှန်း သိပေသည်။

"အင်း…အဲဒါ နည်းနည်းတော့ ဆက်စပ်နေတယ်… ဇာ့ခ်တွေအားလုံးက S+ အဆင့်တွေဖြစ်ပြီး သူတို့တွေ အခုဆို ဗီဇပြောင်းသွားပြီတဲ့… ကင်းလှည့်အဖွဲ့ရဲ့ နောက်ထပ် သုတေသန ရလဒ်တွေ ထွက်လာတဲ့အထိ စောင့်ရမှာဆိုတော့ မနက်ဖြန် မင်းတို့ကို ငါပြောပြမယ်"


ထို့နောက် သူတို့အတွက် ပြင်ဆင်ထားသောဟင်းဘူးများကို လင်းယောင်ယောင် ၏ အာကာသခလုတ်ထဲမှ ထုတ်ယူလိုက်သည်။


ချန်ပင်း သည် ဤဟင်းဘူးကြီးများအား တစ်ကြိမ်ထက်မကမြင်ဖူး၍ ရင်းနှီးနေသည်။ အားလုံးက လင်းယောင်ယောင်၏ လက်ရာများဖြစ်၍ စိတ်လှုပ်ရှားပြီး မျှော်လင့်ချက်အပြည့်နှင့် မေးလိုက်သည်။


"ဒါက ညီမလေး ယောင်ယောင် ချက်ထားတဲ့ ဖြည့်စွက်စာလား"


သူဖွင့်ချင်သော်လည်း သတိနှင့် သံသယဖြင့် ကြည့်ရင်း သူ့လက်ကို တစ်ချက်ပြန်ရုတ်လိုက်သည်။


"မဟုတ်ဘူးနော်… ယောင်ယောင် ချက်ထားတာဆိုရင် ဘော့စ်က ဘယ်လိုလုပ် ကျွန်တော်တို့ကို ကျွေးဖို့ယူလာမှာလဲ"

လင်းရွှမ် သည် ချန်ပင်း ကို စက်ဆုပ်စွာ စိုက်ကြည့်ကာ သူ့မျက်လုံးများက စကားပြောနေသည်။


'မင်းကို ငါကျွေးချင်တယ်လို့ မင်းထင်နေတာလား"


ထို့နောက် ဟင်းဘူးကြီးကို ဖွင့်ပြလိုက်ရာ အရသာရှိသော ဇာ့ခ် အသားပိုင်မုန့်များ၊ အသားနှပ်များနှင့် ဇာ့ခ်အသားခြောက်တို့သည် အရောင်များတောက်ပနေတော့သည်။ အနံ့က သိပ်မပြင်းသော်လည်း ကြည့်လိုက်ရုံနှင့်ပင် အတော်စားကောင်းမည့်ပုံပင်။


ချန်ပင်းသည် အစပ်ဇာ့်အသားခြောက်တစ်ခုကို ကောက်ဝါးလိုက်ပြီးနောက်


" ယောင်ယောင် ရဲ့ လက်ရာက အရမ်းကောင်းတာပဲ...ဒီဂြိုလ်သား တိရစ္ဆာန် အရွတ်တွေက အရသာကလည်း ရှိ၊စွမ်းအင်ကလည်း ပြည့်နေတာပဲ..."


ထိုအခါ ၊လုလင်း မျက်လုံးများကလည်း တောက်ပလာပြီး သူလည်း စားကြည့်ရန် တွေးနေသော်လည်း လင်းရွှမ် က ပြောလိုက်တော့သည်။


"ဒါက ဇာ့ခ် အသားလေ"


လင်းရွှမ် ၏ စကားများကို ကြားလိုက်ရပြီးနောက် ချန်ပင်း ပါးစပ်ကို အလျင်အမြန်အုပ်ထားလိုက်သည်။ထို့နောက် သူ့ပါးစပ်ထဲမှ မျိုမချရသေးသော ဇာ့ခ်အသားခြောက်ကို ထွေးထုတ်လုနီးပါးပင်။


လင်းရွှမ် သည် ချန်ပင်းကို မှုန်ကနဲ တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။


" မင်း အဲဒါကို ထွေးထုတ်ဝံ့ရင် ငါ့ရဲ့ ယောင်ယောင် လုပ်ထားတဲ့ ဟင်းကို နောက်စားဖို့တောင် တွေးမနေနဲ့"


ထိုအခါ ချန်ပင်းသည် စားပွဲပေါ်ရှိ ဝိုင်ပုလင်းကို ကောက်ယူလိုက်ပြီးအနည်းငယ် မော့သောက်လိုက်သည်။ ထို့နောက် သူက စိတ်ဓာတ်ကျသည့် လေသံဖြင့်


"မပြောခင် စားပြီးအောင် မစောင့်နိုင်ဘူးလား… အရင်တုန်းက စစ်ပွဲထဲမှာဆို အခြေအနေ ခက်ခဲခဲ့ကြတုန်းက ဇာ့ခ် အသားကို စားဖူးပေမယ့် အနံ့ရလိုက်တာနဲ့ ဖျားချင်စိတ် ဖြစ်သွားတယ်… ဒါကကျ ဘာမှမဖြစ်ဘူး… ကျွန်တော်တို့ကို လာနောက်နေတာလား"


ဤဟင်းများက ဇာ့ခ်အသားဖြစ်ကြောင်း သူသိသော်လည်း လုလင်း သည် ချန်ပင်း ၏စကားကြောင့် ပိုမိုသိချင်လာသဖြင့် ဇာ့ခ်အသားမုန့်ကို ကောက်ယူပြီး ကိုက်စားလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက တောက်ပြောင်လာပြီး


"အရမ်းကောင်းတယ်"


Star Network မှ သတင်းအချက်အလက်လုံခြုံရေးကို စောင့်ကြည့်ရန် သူ၏ ဘော့စ်နောက်လိုက်ကာ နေ့တိုင်း ခွေးစာများစားခဲ့ရသည်မှာ အချည်းနှီးမဟုတ်ပေ။ ယနေ့‌တော့ သူသည် နွေးနွေးထွေးထွေးနှင့် အရသာရှိသည့် ဇာ့ခ်အသားကို စားနိုင်ခဲ့လေသည်။


ထို့နောက် ချန်ပင်း နှင့် လုလင်း တို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်သည်။ မကြာခင်မှာဘဲ နှစ်ယောက်သား ဟင်းများကို လုယက်စားကြလေတော့သည်။


ချန်ပင်း က စားပြီး အိမ်ပြန်ယူဖို့တောင် ကြိုးစားနေသည်။


"ဘော့စ်…လောဝမ်ဟွေ့ ဆီကို အသားနှစ်တုံး ယူသွားပေးလို့ရမလား... သူမကိုလည်း အရသာရှိတဲ့ အင်းဆက်အသားကို မြည်းကြည့်စေချင်တယ်…သူမဆီကနေ ဇာ့ခ် အသားဆိုတာ အရမ်းဆိုးရွားတယ် ဆိုတာကြီးကို ဖယ်ရှားပစ်ရမယ်"


စစ်မြေပြင်မှာ အခြေအနေတွေ ခက်ခဲပြီး စားစရာမရှိသည့်အခါ ဇာ့ခ်များကို စားသုံးဖို့ ပထမဆုံး ထောက်ခံအားပေးခဲ့သော စစ်ဘက်ဆရာဝန် လောဝမ်ဟွေ့ သည် သူမကိုယ်တိုင်စားပြီးတိုင်း အန်လုနီးပါး ဖြစ်နေရ၏။


လင်းရွှမ် က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ယူလိုက်"


လုလင်း သည် ချန်ပင်း နှင့် လင်းရွှမ် ကို ကြည့်လိုက်ပြီးနောက် သူသည် ဇာ့ခ်အသားတုံးအနည်းငယ်ကို အိမ်သို့ ယူဆောင်သွားရန် ပြင်ဆင်လိုက်သည်။


"ဒီလောက်အရသာရှိတဲ့ ဟာမျိုး တစ်ခါမှ မစားဖူးဘူး…ကျွန်တော်လည်း ကုန်းရှီဖို့ ယူသွားပေးလိုက်မယ်"


ကုန်းရှီ သည် လုလင်း မွေးမြူထားသော အဆင့်-၅ ရှိသော ဂြိုလ်သားရဲ ခွေးဖြစ်သည်။ ပုံပန်းသဏ္ဍာန်သည် ရှေးခေတ်က ဟတ်စကီးခွေးများနှင့် အလွန်ဆင်တူပြီး ကိုယ်ရည်ကိုယ်သွေးကလည်း အလွန်ဆင်တူသည်။ ကုန်းရှီ သည် လုလင်း နှင့်အတူ အထီးကျန်စွာပင် နေ့ရက်များစွာကို ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် လုလင်းသည် အရသာရှိသော အစားအစာတစ်ခုခု စားတိုင်း၊ သူ၏ ကုန်းရှီကို မမေ့နိုင်ပေ။


သို့သော် လင်းရွှမ် အနေဖြင့်၊ ဤ ဇာ့ခ်အသားဟင်းသုံးမျိုးသည် သူ့မိသားစု၏ယောင်ယောင် ပြုလုပ်ထားသော "အချစ်နေ့လည်စာ" ဖြစ်သည်။ ထိုဟင်းများကို ချန်ပင်း က သူကြိုက်သည့် လူတစ်ယောက်ဆီ ယူသွားပေး၍ရနိုင်သော်လည်း လုလင်းကမူ ခွေးကျွေးမှာဖြစ်သည်။သူ စိတ်ထဲ ကသိကအောက်တော့ ဖြစ်သွားရ၏။


ထိုအကြောင်းကို တွေးလိုက်သည့်အခါ လင်းယောင်ယောင် ၏ အိမ်မွေးအပင်က သူ့အား သိပ်မကြောက်တော့တာကို အမှတ်ရသွား၏။ 012 သည် ယခုဆို သူ့ရှေ့မှာတောင် ယောင်ယောင် ကို အစာတောင်းလိုက်၊ အဖက်ခိုင်းလိုက် လုပ်နေပြီဖြစ်သည်။ထို့အပြင် ယောင်ယောင်ကိုလည်း သူ့ထက် ဟင်းအများကြီး ထည့်ကျွေးရန် ပူဆာလိုက်သေးသည်။

ထို့မျှမကသေး၊ သူမ၏ ဆရာဖြစ်သူ၏ အိမ်မွေးကြောင်ကလေးကိုတောင် ထမင်းအတူစားဖို့ အလည်ခေါ်လာတတ်သေးသည်။သူ အတော်လေး စိတ်ဖိစီးသွားပြီးမှ ပြောလိုက်၏။


"...ယူလေ"


ထင်ရှားသည်မှာ၊ သူသည် အရသာရှိသော နေ့လယ်စာများကို ပြသပြီး သူမထံမှ ချစ်ခင်မှုကို ကြွားဝါချင်သော်လည်း ချန်ပင်း နှင့် လုလင်း တို့က ဂရုစိုက်ဟန်မတူချေ။ သူတို့ နှစ်ယောက်မှာ အရသာရှိသော ဇာ့ခ်အသားများ စားပြီးသွားပြီးနောက်


ချန်ပင်း - "မထူးဆန်းပါဘူး…ဒါကြောင့်လည်း ဘော့စ်က ဇာ့ခ်တွေကို သတ်ဖို့ ရှေ့တန်းက ညီအစ်ကိုတွေကို ခိုင်းပြီးတိုင်း အလောင်းကို မဖျက်ဆီးခိုင်းတာ နေမှာ…ဟုတ်တယ်… သူတို့ကို အအေးခန်းထဲမှာ သိမ်းထားသင့်တယ်… အရသာရှိပြီး စွမ်းအင်လည်း ကြွယ်ဝတယ်…ဖျက်ဆီးပစ်ရတာက အရမ်း နှမြောစရာကြီးနော်"


လုလင်း က ခေါင်းညိတ်ပြီး "ဘော့စ် ကျွန်တော်တို့ တခြားတပ်တွေဆီကနေ ဇာ့ခ် အလောင်းတွေ ဝယ်လို့ရတယ်လေ… အဲဒါက အရမ်းစျေးပေါတယ်... ဇာ့ခ် အသားတွေ ဈေးတက်တဲ့အခါ ကျွန်တော်တို့ စားမကုန်တဲ့ အကောင်တွေကို ရောင်းနိုင်တယ်လေ..."


ချန်ပင်း က ထိတ်လန့်သွားပုံဖြင့် လုလင်း ခေါင်းကို ထိလိုက်သည်။


"ငါတို့ လုလင်းလေးတောင် တော်နေပြီပဲ"


လင်းရွှမ်က သူတို့စကားဝိုင်းထဲကို ယခုမှ ဝင်လာသည်။


"အဆင့်မြင့် အင်းဆက်အသားကို ပြန်ရောင်းဖို့ဆိုတာ ငါတို့မှာ မဖြစ်နိုင်သေးဘူး...ငါတို့ရဲ့ ရံပုံငွေက မဆိုးပေမယ့် ဇာ့ခ် အသားက ပုံမှန်မရဘူးဖြစ်နေတော့ အရင်ဆုံး တပ်သားတွေရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို မြှင့်တင်ထားတာက ပိုကောင်းမယ်… ဇာ့ခ် အသားရဲ့တန်ဖိုးကို မကြာခင် ကြေညာတော့မှာ ဆိုတော့ အင်ပါယာမြို့တော်တစ်ခုလုံးအတွက် အခွင့်အရေးက အများကြီးကျန်တော့မှာ မဟုတ်ဘူး… ချန်ပင်း နဲ့ မင်းက နယ်ခြားကြယ်တာရာကို လူကိုယ်တိုင်သွားကြည့်ရမယ်... ကံမကောင်းတာက ငါ ဧကရာဇ်မြို့တော် မှာ ခဏသွားနေရမယ်ဆိုတော့ ငါ လိုက်လို့ မရဘူး"


ချန်ပင်း က အလေးပြုပြီး ပြောလိုက်၏။


"ဟုတ်ကဲ့ပါ... ဗိုလ်ချုပ်ကြီး… နောက်ဆို ကျွန်တော်တို့ရဲ့ မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ရဲ့ အင်အားက တခြားတပ်ငါးတပ်ကို ကျော်နိုင်လိမ့်မယ်ဆိုတာ ကျွန်တော် ကြိုသိထားပြီးသားပါ"


လုလင်း ကလည်း စိတ်အားထက်သန်စွာပြောသည်။


"ဘော့စ်... နောက်ဆိုလည်း အရသာရှိတဲ့ အစားအသောက်တွေ ကျွေးဖို့ မမေ့နဲ့နော်..."


လင်းရွှမ် က သူ့ကိုတော့ ရက်ရက်စက်စက် လျစ်လျူရှုခဲ့သည်။ သူ့ကို ကျွေးရသည်မှာ အဆင်ပြေသော်လည်း သူ့ခွေးလေးကိုတော့ ဇာ့ခ် အသား သိပ် ကျွေးချင်စိတ်မပေါက်ပေ။


တစ်ဖက်တွင်၊ ‌လင်းယောင်ယောင် နှင့် သူမ၏ ဆရာ၊ စီနီယာအစ်ကိုများ၊ စီနီယာအစ်မများနှင့် သူငယ်ချင်းများသည် ဇာ့ခ် အသားပွဲပြင်ဆင်ရန် အလုပ်များနေကြသည်။ နောက်ဆုံးတွင်၊ သူမဘာသာ ကိုင်တွယ်ဖြေရှင်းရမည့်အပိုင်းကို ပြီးလုနီးပါးဖြစ်သော်လည်း အစ်ကိုဝေ့ယွမ်ထံမှ သတင်းတစ်ပုဒ်ကို ရုတ်တရက် ကြားလိုက်ရသည်။




xxxxxxx

Ei Thet Hmue