အခန်း၈၇
Viewers 8k

Chapter 87



ယနေ့ လာရောက်မကူညီသော အစားအသောက် သုတေသနစခန်းရှိ ဂျူနီယာဖြစ်သူ ချိုးကျီရုံ ကိုလည်း မစ္စတာချိုက် ၏ တပည့်အဖြစ် သတ်မှတ်ထားသည်။ မစ္စတာချိုက် က သူ့ကို ကိုယ်တိုင်ကိုယ်ကျ မသင်ပေးသော်လည်း ချိုးကျီရုံ က တစ်ခါတစ်ရံ ဖြည့်စွက်စာ ချက်ဖို့ ဆရာဖြစ်သူနောက်ကို လိုက်ကြည့်တတ်သည်။ တတ်နိုင်သလောက် သင်ယူတတ်မြောက်ဖို့ဆိုပါက ကိုယ်ပိုင်အရည်အချင်းကိုသာ အားကိုးရပေသည်။


မနေ့က ချိုးကျီရုံ သည် ‌လင်းယောင်ယောင် ၏ ဇာ့ခ် အသားဟင်းပွဲများကို စားခဲ့သည်။ အဓိကပါဝင်ပစ္စည်းမှာ ဇာ့ခ် အသားဖြစ်ကြောင်း သိပြီးနောက် သူကပါ ချုံးရို့ ပြောပြီးနောက် ရွံရှာဖွယ်ကောင်းကြောင်း လိုက်ပြောခဲ့သဖြင့် ယနေ့တွင် လူတိုင်းက သူ့ကို တမင်မခေါ်ခဲ့ကြပေ။ မနေ့က အစားအစာများကို ဇာ့ခ် အသားနှင့်ပြုလုပ်ထားမှန်း မသိခင်မှာ ပါ၀င်သည့် စွမ်းအင် နှင့် ကုသရေးအာနိသင်က သူကိုယ်တိုင်လုပ်ထားတာထက် အများကြီး ပိုကောင်းပြီး အရသာက ပိုအရသာရှိမှန်း သူခံစားမိသည်။ထို့အပြင်၊ ‌လင်းယောင်ယောင် ဖန်တီးထားတာကြောင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူများအတွက် အထူးကောင်းမွန်ကြောင်း ပြောစရာလိုမည်မထင်ပေ။ ထို့ကြောင့် ချိုးကျီရုံ သည် သူ့လက်သုတ်ပုဝါပေါ် သိမ်းဆည်း၍ ပိုအဆင်ပြေမည် အင်းဆက်အသားချောင်းအနည်းငယ်ကို ဝှက်ထားပြီး စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသည့် ဖခင်ဆီ ပြန်ယူသွားဖို့ စဉ်းစားနေခဲ့၏။


ချိုက်မူပိုင် နှင့် အခြားသူများက ချိုးကျီရုံ သည် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း၏ အများပိုင်ပစ္စည်းဖြစ်သော ပါဝင်ပစ္စည်းများမှ ထုတ်လုပ်ထားသည့် ဖြည့်စွက်အစားအစာများကို တစ်ကြိမ်ထက်ပို၍ ခိုးယူသွားတတ်ကြောင်း တွေ့ရှိခဲ့ဖူးသည်။သို့‌ေသာ်၊ သူ့မိသားစု၏ အခက်အခဲကို တွေးကြည့်ပြီး အားလုံးက မျက်လုံးမှိတ်ပြီး ဘာမှ မပြောကြတော့ပေ။


ပုံမှန်အားဖြင့်၊ ‌လင်းယောင်ယောင် သည် အစားအသောက်ကုထုံး အခြေစိုက်စခန်းမှ သူမ ပြင်ဆင်ထားသော သို့မဟုတ် ပြုပြင်ထားသော ပါဝင်ပစ္စည်းများကို အိမ်အထိ ယူဆောင်သွားတတ်သည်။ သို့သော်လည်း၊ သူမက ထိုပါဝင်ပစ္စည်းများကို ကိုယ်တိုင်အိမ်မှ ယူလာခြင်း သို့မဟုတ် အဘိုးကြီးချိုက် ၏ သဘောတူချက်ဖြင့်သာ ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင်၊ သူမသည် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းကို အခမဲ့ ပါဝင်ပစ္စည်းများ မကြာခဏ ပေးလေ့ရှိခြင်းကြောင့်ဖြစ်သည်။


ဥပမာအားဖြင့်၊ ယမန်နေ့က သူမသည် အဆင့်-၅ ထိပ်တန်းအဆင့်ရှိ ဂြိုလ်သားရဲသားများနှင့် နှိုင်းယှဉ်နိုင်သော ဇာ့ခ် အသားဟင်းပွဲများ တစ်ခုလုံးအတွက် အစားအသောက်ကုထုံးသုတေသနစခန်းမှ တစ်ပြားတစ်ချပ်မှ အကုန်မခံခဲ့ပေ။ အကုန် သူမ အိတ်စိုက်၍ ချက်ပြုတ်ခဲ့ခြင်းသာ။တခြားလူများကလည်း ထို့အတူပင်။


အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း သည် အလယ်အလတ်နှင့် အဆင့်မြင့် ပါဝင်ပစ္စည်းများကို အခမဲ့ ပံ့ပိုးပေးသော်လည်း လူတိုင်း အိမ်သို့ ယူဆောင်သွားပါက လုံလောက်မှာ မဟုတ်ပေ။


ချိုးကျီရုံ အတွက် ဇာ့ခ်များဖြင့် ပြုလုပ်ထားသည့် လင်းယောင်ယောင်၏ ဖြည့်စွက်စာက ရွံမုန်းပြီး အော့အန်ချင်စရာ‌ ကောင်းသော်လည်း တစ်ချိန်တည်းမှာပင် ဇာ့ခ်အသားချောင်းကြော်များကို လက်ကိုင်ပုဝါထဲမှာ ဝှက်ပြီး အိမ်ပြန်ယူလာခဲ့သည်။


ပြန်ယူလာပြီးနောက်၊ ဖခင်ဖြစ်သူ စားလိုက်လျှင် ဆိုးရွားသည့် အကျိုးဆက်များ ရှိလာမှာကြောက်မိသဖြင့် မပေးဘဲ နေလိုက်သည်။ ထို့နောက် လောလောဆယ် ဖြည့်စွက်အစားအစာ ဈေးကွက်ရှိ အဆင့်-၅ ဂြိုလ်သားသားရဲ ပေါက်ဈေးဖြင့် စစ်သည်တစ်ဦးထံ ရောင်းချခဲ့သည်။


နောက်ဆုံးအကြိမ်မှ ဇာ့ခ် တိုက်ခိုက်မှုအတွင်းတွင်၊ ကံမကောင်းခဲ့သော တိုက်ခိုက်ရေးသမား လောထောင်ဟောင် သည် သူ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်မှာ ထိခိုက်သွားခဲ့သည်။သူ သည် စစ်ပညာရေးအကယ်ဒမီ၏ မက်ခါ ဌာနမှ ဂျူနီယာကျောင်းသားဖြစ်ပြီး ချိုးကျီရုံ ၏ မိတ်ဆွေများထဲမှ တစ်ဦးဖြစ်သည်။


သူသည် ချိုးကျီရုံ ရောင်းသော ကြွပ်ကြွပ်ကြော် ဇာ့ခ် အသားတုံးများကို စားပြီးနောက်၊ သူ၏ စိတ်စွမ်းအားသည် S မှ A သို့ ကျဆင်းသွားရာမှ အမှန်တစ်ကယ် A+ သို့ အဆင့်မြှင့်တင်သွားခဲ့သည်။ထို့ကြောင့် ချိုးကျီရုံကို ဖြည့်စွက်စာ ထပ်ဝယ်ခိုင်းလိုက်သည်။ ဘယ်လိုအသားမျိုးဆိုတာကိုလည်း သူသိချင်မိသည်။


ဤအစားအစာမျိုးကို ပိုစားနိုင်လျှင် သူ တစ်သက်လုံး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေမှာမဟုတ်တော့ပေ။ သူ၏ မူလ S အဆင့် ခွန်အားကို ပြန်လည်ရရှိရန်လည်း မျှော်လင့်ထားခဲ့သည်။


ချိုးကျီရုံ သည် လင်းယောင်ယောင်ပြုလုပ်သော ဖြည့်စွက်အစားအစာများကို ထပ်မံရရှိနိုင်မည်ဟု အာမမခံနိုင်ပေ။ ထို့အပြင် ဤအစားအစာသည် ဇာ့ခ်အသားများဖြင့် ပြုလုပ်ထားသည်ကို သိသောကြောင့် ထပ်မပတ်သတ်ချင်တော့သဖြင့် မရှိတော့ကြောင်းသာ ပြောလိုက်သည်။


လောထောင်ဟောင် ငြိမ်သက်သွားပြီးနောက် သူသိလိုက်သည်။ အသားချောင်းများသည် အလွန်အရသာရှိပြီး ထိရောက်မှုရှိပြီး အလွန်အစွမ်းထက်သည်။ ချိုးကျီရုံ က ယခုလို ဖြည့်စွက်စာမျိုးကို ဘယ်တော့မှ မလုပ်နိုင်လောက်ပေ။


လောထောင်ဟောင်သည် မက်ခါ ဌာနရှိ တတိယနှစ် ကျောင်းသားများထဲမှ အကောင်းဆုံး ကျောင်းသား တစ်ဦးဖြစ်ပြီး ဥာဏ်ကောင်းသူလည်း ဖြစ်သည်။ ထို့နောက် သူသည် ချိုးကျီရုံ မနေ့က ဘယ်ကိုသွားခဲ့သလဲ ဆိုသည်ကို စတင် စုံစမ်းလေတော့သည်။ အဖြစ်အပျက်ကွင်းဆက်များကို လေ့လာဆန်းစစ်ပြီးနောက် ယမန်နေ့က ချောင်းမင်ယောင်၊ ယဲ့ရှီ နှင့် အဖွဲ့သည် "အရသာမြည်းစမ်းရန်" အစားအသောက်ကုထုံးသုတေသနစခန်းသို့ သွားသည်ကို သူ တွေ့ရှိခဲ့သည်။


လောထောင်ဟောင် နှင့် ချောင်းမင်ယောင် တို့သည် မက်ခါဌာနမှဖြစ်ပြီး အကြိမ်ပေါင်းများစွာ တိုက်ပွဲများအတူတူ လေ့ကျင့်ခဲ့ကြသည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက တော်တော်ကောင်းတာမို့ သူက ချောင်းမင်ယောင် ကို တိုက်ရိုက်မေးလိုက်သည်။


ချောင်းမင်ယောင် သည် လင်းယောင်ယောင် ၏ ကြွပ်ကြွပ်ကြော်ထားသော ဇာ့ခ် အသားများကို စားထားသဖြင့် ဘာဖြစ်နေမှန်း ရိပ်မိသလိုရှိကာ ဝေ့ယွမ်အား အခြေအနေကို စစ်ဆေးရန် တောင်းဆိုလိုက်သည်။


လောထောင်ဟောင် သည် ချိုးကျီရုံ ကို ထိုအသားက ဘယ်လိုထူးဆန်းသည့် အသားဖြစ်ကြောင်းကို မေးကြရင်း ငြင်းဆန်ရန်ဖြစ်ခဲ့ကြ၏။ များမကြာမီတွင် လောထောင်ဟောင်သည် ဤ "ထူးခြားသော အာနိသင်ရှိသည့် ဂြိုလ်သားရဲအသား" အမျိုးအစားကို ဆွေးနွေးရန် ကျောင်းဖိုရမ်တွင် ပို့စ်တစ်ခု တင်လိုက်လေသည်။


နောက်ဆုံးတွင် ဇာ့ခ်ဒီရေသည် အချိန်မရွေး ရောက်လာနိုင်သည်။ အားလုံးက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများကို ကုသပေးနိုင်သည်ဟု ပြောသူမှာ လင်းယောင်ယောင် တစ်ဦးတည်းသာ ရှိသော်လည်း သူမ၏ အစားအစာမှာ အလွန်အမင်း မှော်ဆန်မနေပေ။ ရှောင်ချီ ကိုယ်တိုင် စားသုံးနေသည်ဟု ဆိုသော်လည်း၊ လောထောင်ဟောင် ထက်ပင် များစွာ နှေးကွေးပြီး၊ D-အဆင့် မှ D+ အဆင့်သို့ တက်ရန် အချိန်အတော်ကြာခဲ့သည်။


ထို့ကြောင့် အားလုံးကလည်း လောထောင်ဟောင်၏ ပို့စ်ကြောင့် "ထူးခြားသော အာနိသင်ရှိသည့် ဂြိုလ်သားရဲအသား" အကြောင်းကို ခဏတာ သိချင်နေခဲ့သည်။


လင်းယောင်ယောင် သည် ထိုကဲ့သို့ အလှည့်အပြောင်းဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော် ဤကိစ္စရပ်၏ အထွတ်အထိပ်သည် ထို့ထက်ပို၍ ခရီးပေါက်သွားခဲ့၏။


ထို့ကြောင့် ဝေ့ယွမ်၊ ချောင်းမင်ယောင်နှင့် ယဲ့ရှီ တို့သည် ချိုးကျီရုံ ကိုရှာဖွေပြီး ထိုကိစ္စအတွက် လင်းယောင်ယောင် ကို တောင်းပန်ရန် တောင်းဆိုခဲ့သည်။ထို့အပြင် သူမ၏ ဖြည့်စွက်စာတွေကိုလည်း နောက်ဆိုခိုးဝှက်မယူဖို့ရာလည်း ကတိတောင်းလေသည်။ သို့သော်၊ ချိုးကျီရုံ သည် သူမှားသည်ဟု လုံးဝမထင်ခဲ့ဘဲ တိုက်ခိုက်ရေးသမား သုံးယောက်က သူ့ကို ဒုက္ခပေးပြီး အနိုင်ကျင့်နေသည်ဟုသာ ခံစားခဲ့ရသည်။


ချောင်းမင်ယောင်က ရိုက်လိုက်သည့်အခါ ချိုးကျီရုံက ဒေါသတကြီးနှင့်..


"‌လင်းယောင်ယောင် က ကျွန်တော့်ကို အမည်မသိ ပါဝင်ပစ္စည်းတွေနဲ့ လှည့်စားတယ်လို့လည်း ဘယ်သူ့ကိုမှ ကျွန်တော် မပြောခဲ့ပါဘူး…ကျွန်တော် စေတနာကောင်းတာက ကျင့်သားရနေပြီလေ…ခင်ဗျားတို့ ကျွန်တော့်ကို နောက်တစ်ခါ ထပ်ရိုက်ရင် သူမက ရွံမုန်းစရာကောင်းတဲ့ ဇာ့ခ်တွေကို ဟင်းချက်ခဲ့တယ်လို့ သူများတွေကို ပြောလိုက်မယ်"


ဝေ့ယွမ် က ဒေါသတကြီး ရယ်မောရင်း


"ငါတို့ ယောင်ယောင် က မင်းကို ဘယ်တုန်းက အတင်း မြည်းခိုင်းလို့လဲ...မင်းဘာသာမင်း အတင်းပြေးလာပြီး စားတာမဟုတ်လား... နောက်တော့ ယောင်ယောင် က မင်းကို တောင်းပန်တယ်လေ..မင်း ဘာဖြစ်ချင်နေတာလဲ… အင်းဆက်အသားကို မင်း အရမ်းမုန်းတယ်ဆိုပြီး ဘာလို့ လောထောင်ဟောင် ကိုကျ အင်းဆက်အသားလို့ မပြောရတာလဲ… အဲဒီအစား၊ မင်း ခိုးလာတဲ့ ဇာ့ခ်အသား အကြွပ်ကြော်တွေကို စျေးကြီးကြီးနဲ့ ရောင်းခဲ့တာမလား…တော်သေးလို့.. လောထောင်ဟောင် မှာ ဘာပြဿနာမှ မရှိတာပေါ့... ပြဿနာရှိလာရင် ယောင်ယောင် ကို ပုံချဖို့ မင်း စီစဉ်ထားတယ်မလား"


အားလုံးအမှန်ဖြစ်နေသောကြောင့် သူ ဘယ်လိုပြောရမှန်းတောင်မသိတော့။


ယဲ့ရှီသည် ဘာစကားမှ ပြောမနေဘဲ ချိုးကျီရုံ ကို ရိုက်လိုက်သည်။ အားနည်းသူကို အနိုင်ကျင့်သည်ဟု ပြောလာမှာစိုး၍ "အမျိုးသမီးတိုက်ခိုက်ရေးသမား" ဖြစ်သည့် သူမကိုယ်တိုင် ရိုက်နှက်လိုက်ခြင်းပင်။


ချိုးကျီရုံ ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ကြောက်မက်ဖွယ်ကောင်းနေသော်လည်း ယဲ့ရှီ က ချိန်ချိန်ဆဆ ရိုက်နှက်ပေသည်။ သူမသည် သူ၏အရေပြား၊ အရိုးများ သို့မဟုတ် အတွင်းအင်္ဂါများကို တစ်ခုမှ မထိခိုက်စေခဲ့ပေ။ထိုအနာများဆိုလျှင် အနာပျောက်ဆေးကို ဖြန်း၍ နာရီအနည်းငယ်သာ အချိန်ယူလိုက်ပါက အဆင်ပြေနိုင်သလို ဆေးဘက်ဆိုင်ရာအခန်းထဲသို့ ဝင်ရန်ပင်မလိုအပ်ပေ။ ချိုးကျီရုံ က တောင်းပန်ချင်စိတ်မရှိတာကြောင့်၊ သူ့အပြုအမူကို အပြစ်ပေးဖို့ ဤနည်းလမ်းကို အသုံးပြုခြင်းပင်။


ဝေ့ယွမ်က ရှင်းရှင်းလင်းလင်းပြောလိုက်သည်။


"မင်း ဒီကိစ္စကို မှတ်ထား… နောက်တစ်ခါ ယောင်ယောင် ကို ထပ်မနှောင့်ယှက်ပါနဲ့… ရိုးရိုးသားသားနေလိုက်ရင် ဒီကိစ္စက အလိုလို ပြီးသွားလိမ့်မယ်"


သို့သော် သူက ကျောင်းဖိုရမ်မှာ "ထူးခြားသော အာနိသင်ရှိသည့် ဂြိုလ်သားရဲအသား" အကြောင်း ပို့စ်တွင် အမှန်တစ်ကယ် ရွံရှာဖွယ်ကောင်းသော ဇာ့ခ် တစ်ကောင် ဖြစ်သည်ကို ထုတ်ဖော်ပြသထားသည့် ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။ ဖြည့်စွက်စာက သူနှင့်မဆိုင်သလို၊ ‌လင်းယောင်ယောင် ကသာ ဖန်တီးခဲ့သည်ဟုလည်း ပြောဆိုထား၏။ထို့အပြင် သူမက သူ့ကို ဇာ့ခ် အသားကို စားဖို့ လှည့်စားခဲ့သည်ဟုလည်း ငိုယိုပြီး ပြောပြနေသေးသည်။ သူ၏ သူငယ်ချင်း ဖြစ်သူ လောထောင်ဟောင်ကိုလည်း တခြားရွေးချယ်စရာမရှိ၍ ကူညီပေးရကြောင်းနှင့် အစားအသောက်ကို ရောင်းချခဲ့သော်လည်း ‌လင်းယောင်ယောင် က သူ့နောက်လိုက်များအား လာအရိုက်ခိုင်းသွားကြောင်းလည်း ပြောဆိုခဲ့သည်။


‌လင်းယောင်ယောင် သည် ဇာတ်လမ်းတစ်ခုလုံးကို ကြားပြီးသောသောအခါတွင် သူမ ဆွံ့အသွားရ၏။ ဤ ချိုးကျီရုံ သည် အတော် မျက်နှာပြောင်သူပင်။ ဝေ့ယွမ် နှင့်အဖွဲ့က သူမအတွက် လက်စားချေပေးခြင်းမှာ မကောင်းသော်လည်း မက်ခါဌာနက ထိုအတိုင်းပင်။ သူတို့ ဌာနက ကျောင်းသားတစ်ယောက်နှင့်တစ်ယောက် သဘောထားမတိုက်ဆိုင်သည့်အခါတိုင်း ရန်ဖြစ်ကြသည်။ အမျိုးသမီး သို့မဟုတ် လက်ထောက်ကုထုံးပညာရှင်တစ်ဦးကို အနိုင်ကျင့်ခြင်း သို့မဟုတ် တစ်ဖက်ရန်သူကို ပြင်းပြင်းထန်ထန် နာကျင်အောင် မလုပ်သရွေ့ ကျောင်းက လုံးဝ ဂရုမစိုက်ဘဲ လွှတ်ပေးထားတတ်သည်။


သူမ အခုစိုးရိမ်ရဆုံးအရာက ' ငါအင်းဆက်အသားကို ဖြည့်စွက်စာအဖြစ် သုံးနေတာ အခုတစ်ကျောင်းလုံးသိသွားပြီလား'


မကြာမီ၊ အဘိုးကြီးချိုက် နှင့် အခြားသူများ သိရှိပြီးနောက် သူတို့အားလုံးသည် ချိုးကျီရုံ ၏အပြုအမူကို ရှုံ့ချခဲ့ကြသည်။


သို့သော်၊ သူတို့ အစိုးရိမ်ဆုံး ကိစ္စကမူ..


'ငါတို့ ဇာ့ခ် အသားပါဝင်ပစ္စည်းတွေနဲ့ ဟင်းပွဲတွေကို ပြင်ပီးသွားပြီ... မနက်ဖြန် ဘယ်သူမှ မြည်းကြည့်ချင်မှာ မဟုတ်ဘူး...ဖိတ်စာက အခု ပို့ပြီးနေပြီ'



ချိုးကျီရုံ သည် ‌လင်းယောင်ယောင် နာမည်ကို တိုက်ရိုက် ဖော်ထုတ်ခဲ့သည်။ ‌လင်းယောင်ယောင် ပြောခဲ့သည်ဟုဆို၍ မဟုတ်မမှန်သတင်းများကို ပြောခဲ့ပြီး...


"ကျွန်တော် တစ်ခုခုဖြစ်ခဲ့ရင် ‌လင်းယောင်ယောင် လုပ်လို့ပါပဲ…သူမကသာ ကျွန်တော့်ကို မကောင်းကြံချင်တဲ့တစ်ဦးတည်းသော လူပါ"


မစ္စတာချိုက် သည် သူ၏ တပည့် လင်းယောင်ယောင်အတွက် မကောင်းကြံ ကြံခဲ့သည်ဟုလည်း စွပ်စွဲပြောဆိုခဲ့သည်။ထို့အပြင်၊ မစ္စတာချိုက်ဆီမှာ အမည်ခံတပည့်အဖြစ်သာ နေခဲ့ရပြီး လက်တွေ့ကျသော မည်သည့်အရာကိုမျှ မသင်ကြားခဲ့ရကြောင်းလည်း ပါသည်။


လွန်ခဲ့သော နှစ်အနည်းငယ်က သူသည်စစ်ပညာရေးအကယ်ဒမီ၏ အစားအသောက်ကုထုံးဌာနသို့ ဝင်ခွင့်ရရှိခဲ့သည်။ သူသည် မူလက ဆေးဝါးဌာနဘက်သို့ သွားချင်ခဲ့သည်။ သို့ရာတွင် ၊ထိုအချိန်က အစားအသောက်ကုထုံးဌာနတွင် ပညာရှင် ကောင်းကောင်းမရှိခဲ့ပေ။ S အဆင့် စိတ်စွမ်းအားသာရှိသည့် သူ့အတွက် အစားအသောက်ကုထုံးဌာနတွင် အကောင်းဆုံး ကျောင်းသားဟု သတ်မှတ်ခံရနိုင်ပြီး အကောင်းဆုံးသော လေ့ကျင့်ရေးပစ္စည်းများကို ခံစားနိုင်မည်ဖြစ်သည်။ အကယ်၍ သူသည် ဆေးဝါးဌာနသို့ သွားပါက၊ မာစတာအဆင့် ကုထုံးပညာရှင်နှင့်လည်း ကိုယ်တိုင်ကိုယ်ကျ လေ့လာခွင့်ရမည်မထင်ပေ။ ဆေးဝါးဌာနတွင် သာမန်ကျောင်းသားတစ်ဦးသာ ဖြစ်သွားနိုင်သည်။


ပထမစာသင်နှစ်အဆုံးတွင်၊ သူ၏ ဖခင်သည် ဇာ့ခ် များတိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး သူ၏စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြိုလဲသွားခဲ့သည်။ သူ့မိသားစုက ငွေကြေးမချမ်းသာသဖြင့် ပညာသင်စရိတ်ကိုလည်း မတတ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် ဖခင်ဖြစ်သူသည် ဖြည့်စွက်ဆေးကို သောက်သုံးရမည်ဖြစ်သည်။ ဖြည့်စွက်အစားအစာစရိတ်စကကြောင့် သူသည်အစားအသောက်ကုထုံးဌာနတွင် နေရန်သာရွေးချယ်ခဲ့သည်။


ချိုက်မူပိုင် သည် ချိုက်ယူဟုန် ၏ တူတပည့်ဖြစ်သောကြောင့် သူ့အပေါ်ဘက်လိုက်နေပါက ချိုးကျီရုံ မှာ ပြောစရာမရှိပေ။သို့သော်၊ သူ့လိုပင် အမည်ခံတပည့် ရန်နင် က ချိုက်မူပိုင် အနားကိုချဥ်းကပ်နိုင်ကာ ချိုက်ယူဟုန်၏ တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သွားခဲ့၏။


သူက ရိုးသားတာနဲ့ပဲ အနိုင်ကျင့်ခံရရင် ငြိမ်ကုပ်နေရမှာလား...


ဓာတ်ခွဲခန်းမှ ပြန်ယူလာသော ဖြည့်စွက်အစားအစာများနှင့်ပတ်သက်၍ ချိုးကျီရုံ သည် သူ့အမှားမဟုတ်ဟု တွေးထင်မိသည်။ သူ၏ ကျူရှင်ခကို ကျောင်းသို့ ပေးထားသဖြင့် ထိုက်တန်သည်ဟု ထင်မိသည်။


အစားအသောက် ဟင်းပွဲတွေ ချက်ဖို့က သူ့အလုပ်ဖြစ်နေရက်နဲ့ ဘာလို့ မယူရမှာလဲ...


မည်သို့ပင်ဆိုစေ၊ အစားအသောက်ကုထုံး သုတေသနအခြေစိုက်စခန်းသည် ဖြည့်စွက်အစားအစာများနှင့် ပတ်သက်သည့်ကိစ္စများက အများစုဖြစ်သည်။ မစားဘဲချက်ပြီး ပစ်ထားလိုက်ပါက အတော် ဖြုန်းတီးရာကျပေသည်။ထို့ကြောင့် သူ့အနေနှင့် မစ္စတာချိုက် ဆီက ခွင့်ပြုချက်တောင်းစရာမလိုဟု ခံစားခဲ့ရသည်။ သူသည် ဓာတ်ခွဲခန်းတွင် သုံးနှစ်ကြာနေခဲ့သော်လည်း မစ္စတာချိုက် သည် သူ့နာမည်ကိုပင် မမှတ်မိဘဲ ရံဖန်ရံခါ အကူအညီလိုမှ သူ့ကို ခိုင်းဖို့ခေါ်တတ်သည်။


လင်းယောင်ယောင် ကဲ့သို့သော အပြင်မှ အရည်အသွေးမြင့် ပါဝင်ပစ္စည်းများကို ယူဆောင်လာသူများသည် သူတို့ မိသားစု၏ ချမ်းသာမှုကို ပြသခြင်းသာဖြစ်သည်။ သူမ ရောက်လာပြီးကတည်းက အဘိုးကြီးချိုက် သည် သူမအနားတွင် တစ်နေ့လုံးနီးပါး ရှိနေခဲ့သည်။ ဓာတ်ခွဲခန်းရှိလူတိုင်းကလည်း သူမကို ချစ်ခင်ကြသည်။


ထို့ကြောင့် သူ့စိတ်ထဲမှာ သူမက စစ်တပ်မိသားစုမှဖြစ်၍ ကောင်းမွန်စွာ ဆက်ဆံနေသလို ခံစားခဲ့ရသည်။ သူတို့အားလုံးက သူမကို အထင်ကြီးလေးစားနေကြသည်။ သူမ ချက်ထားသည့် အစားအစာက တော်တော်ကောင်းသော်လည်း သူ မြည်းခွင့်မရပေ။ သူမသည် ဟင်းလျာများအား အဘိုးကြီးချိုက်၊ ချိုက်မူပိုင် နှင့် ရန်နင် တို့ကိုသာ ပေးခဲ့သော်လည်း သူ့ကိုမူ လုံးဝလျစ်လျူရှုခဲ့သည်။ ထို့ကြောင့်၊သူ့စိတ်ထဲမှာ အတော်လေး နာကျည်းနေမိတော့သည်။


ဖြည့်စွက်စာတွေကို တခြားသူတွေကို ရောင်းချဖို့ ဓာတ်ခွဲခန်းထဲက ထုတ်ချင်တယ်လို့ သူတို့ ထင်နေကြတာလား...


သူ့မှာ ချမ်းသာသည့် မိဘတွေမရှိခြင်းက အပြစ်မဟုတ်ပေ။သူသည် ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရသည့် တာဝန်ကို ထမ်းထားရသူတစ်ဦးပင်။


လင်းယောင်ယောင်သည် ထိုဖြည့်စွက်အစားအစာကို ရွံမုန်းဖွယ် ဇာ့ခ် အသားများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ သို့သော် သူက စောဒက တက်လိုက်သည်နှင့် အစွမ်းထက်သော တိုက်ခိုက်ရေးသမား သုံးဦးက သူမကို ကူညီရန် ရောက်လာသည်။ သူတို့က သူမကို "ညီမ ယောင်ယောင်" ဟုတစ်ချိန်လုံး ခေါ်နေကြသည်။ ဖြစ်နိုင်သည်မှာ၊ သူတို့အားလုံးက လင်းမိသားစု၏ စွမ်းအား သို့မဟုတ် သူမ၏ လှပသော မျက်နှာကို မျှော်လင့်ပြီး မက်မောနေခြင်း ဖြစ်နိုင်၏။


ချိုးကျီရုံ သည် သူ့မိသားစု၊ အဘိုးကြီးချိုက်၊ အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း၊ လင်းယောင်ယောင် နှင့် တစ်ကမ္ဘာလုံးအပေါ် မကျေနပ်မှုများ စုစည်းမိပြီး အားလုံး တစ်ပြိုင်နက် ပေါက်ကွဲလာခဲ့သည်။ မနာလိုမှုနှင့် ဒေါသကြောင့်လည်း စိတ်မထိန်းနိုင်တော့။ ထို့ကြောင့်၊လင်းယောင်ယောင် ၏ ဖြည့်စွက် အစားအစာသည် ဇာ့ခ် အသားကို အသုံးပြုထားကြောင်း သူ ထုတ်ဖော်ခဲ့သည်။ အဘိုးကြီးချိုက် နှင့် အခြားသူများကလည်း ကြံရာပါများဟု ပြောခဲ့၏။ ပိုကြောက်စရာကောင်းသည်က လင်းယောင်ယောင် သည် ဇာ့ခ် အသားများကိုအင်ပါယာတစ်ခုလုံးကို ဖြန့်ဖို့ စီစဉ်နေတာကိုပါ ထုတ်ပြောလိုက်သည်။


သူသည် ထိုကဲ့သို့သော ရွံမုန်းစရာကောင်းသော ဇာ့ခ်များသည် တစ်နေ့တွင် အင်ပါယာတစ်ခုလုံးအတွက် အစားအစာဖြစ်လာမည်ကို မတွေးဆနိုင်ပေ။ ထိုအခါမျိုးဆို၊သူသွားလေရာရာတိုင်း ဇာ့ခ် များကသာ သူ့ကို လွှမ်းမိုးထားပေတော့မည်။


ဘယ်လောက်ပဲ အရသာရှိရှိ ဇာ့ခ်များသည် လူသားစားထားကြသည်။ ထို့အပြင်၊ သူ့အဖေကလည်း ဇာ့ခ် တိုက်ခိုက်မှုမှာ ဒဏ်ရာရခဲ့ခြင်းပင်။ တခြားအဆင့်မြင့် ဂြိုလ်သား သားရဲများကလည်း လူသားစားကြသော်လည်း သူတို့ အချင်းချင်းတောင် ပြန်မစားကြပေ။ထို့ကြောင့်၊သူ့ကိုယ်သူ တရားမျှတမှုအတွက် လုပ်သည်ဟု ခံစားရပြီး ဘာကိုမှမကြောက်ဘဲ ‌လင်းယောင်ယောင်၏ ဆန့်ကျင်ဘက်တွင် ရပ်တည်နေလိမ့်မည်ဖြစ်သည်။ သူ့စကားများကလည်း တစ်ခုမှ အမှားမပါပေ။ ဘယ်လိုပင်ဖြစ်ဖြစ်၊ သူ လုပ်ထားသည့် ဖြည့်စွက်အစားအစာများမှာ ဖခင်ဖြစ်သူ၏ နေ့စဉ်လိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်လောက်အောင်ပါပဲ။ အစားအသောက်ကုထုံးသုတေသနစခန်းမှ နှင်ထုတ်ခံရလျှင်တောင် မကြောက်ပေ။ သူ ထိုနေရာမှာ နေရင်း နေ့တိုင်း အတင်းအကျပ် ဖိနှိပ်ခံရတာကို ငြီးငွေ့နေခဲ့သည်။


ချိုးကျီရုံ၏ ပို့စ်က အပ်ဒိတ်လုပ်ပြီးသည်နှင့် တပြိုင်နက် ကျောင်းဖိုရမ်ပို့စ်များနှင့် Weibo တို့မှာ လင်းယောင်ယောင် အား ရှုတ်ချသော မှတ်ချက်များဖြင့်သာ ပြည့်နှက်နေသည်။


ထို့အပြင်၊ အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းမှ "အရသာရှိပြီး စွမ်းအင်မြင့်မားတဲ့ဟော့ပေါ့ ဘူဖေးနေ့လယ်စာ မြည်းစမ်းရန် ဖိတ်ကြားချက်" ကို လက်ခံရရှိထားသော စစ်ပညာရေးအကယ်ဒမီမှ အစားအသောက်ကုထုံးပညာရှင်များအားလုံးသည်လည်း မေးခွန်းများ ထွက်ပေါ်လာသည်-


"ဒီဖိတ်ကြားချက်ထဲက စားဖိုမှူးရဲ့ နာမည်က တစ်ကယ်တော့ လင်းယောင်ယောင်လား...အိုး ဘုရား ဘုရား...တစ်ကယ်ပဲ ဒီပွဲက ကြောက်စရာကောင်းတဲ့ ဇာ့ခ် အသားနဲ့ လုပ်ထားနိုင်တာလား"


"ဒီပွဲကို ငါတော့ မသွားနိုင်ဘူး…နောက်လည်း အစားအသောက်ကုထုံးလုပ်ငန်းမှာ မပါချင်တော့ဘူး"


"လင်းယောင်ယောင် က အဘိုးကြီးချိုက် ကို ဘယ်လိုသွားပြီး ပြောလိုက်တာလဲတော့မသိဘူး...ဆရာကတောင် သူမဘက်ကို ပါနေပြီ"

အထူးသဖြင့် လင်းယောင်ယောင် ၏ ပြိုင်ဘက်ဟောင်း ဝူလီလီ၊ ကျန်းယန်ချောင်း နှင့် အခြားသူများသည် Star Network တွင် သူမအကြောင်းပြောဆိုနေ၍ အလွန်တက်ကြွနေကြသည်။



xxxxxxx