အခန်း၈၈
Viewers 8k

Chapter 88

(အရသာမြည်းစမ်းခြင်းပွဲအတွက် စာရင်းပေးသွင်းခြင်း)



ဝူလီလီသည် သူမ၏ weiboအ‌ကောင့်မှတစ်ဆင့် ပြောပြလိုက်သည်။

"အရင်က ငါမှားခဲ့တယ်…မိန်းကလေး လင်းရဲ့ လူကြီးလူကောင်းဆန်တဲ့ နှလုံးသားကို ဓားနဲ့ထိုးပစ်နိုင်ခဲ့တယ်… သူနဲ့ အကြိမ်ပေါင်းများစွာ ရန်ဖြစ်ခဲ့ဖူးပေမယ့် အဲဒါတွေက သူမကို စ‌နောက်ခဲ့တာတွေချည်းပါပဲ… တစ်ကယ်တော့ အခုမှ ငါလည်း မှားမှန်းသိခဲ့တာပါ…ဒါပေမယ့် မိန်းကလေးလင်း က ကုထုံးအကျိုးသက်ရောက်မှုနဲ့ အရသာတွေ ကောင်းချင်တာနဲ့ပဲ ဒီလောက် ရွံစရာကောင်းတဲ့ အင်းဆက်အသားကို ချက်လိမ့်မယ်လို့ မထင်ထားဘူး"


ဝူလီလီ က တစ်ကယ်ကို ဇွတ်ဖြူစင်ချင်ယောင်ဆောင်နေတာပင်။ ပထမ၊ သူမလုပ်ခဲ့သည့် အဆိုးဆုံး အရာများကို "နောက်ပြောင်တာ" ဟု ပေါ့ပေါ့တန်တန်ပြောပြီး သူ မှားမှန်းသိပါပြီ ဟုလည်း အမှားကိုဝန်ခံခဲ့သည်။ထို့ကြောင့် လူတိုင်းက သူမအား အမြင်ကြည်စပြုလာချိန်မှာ ယောင်ယောင် ကို တစ်ချက်တည်း ပိတ်ရိုက်ပစ်လိုက်တော့သည်။


ကျန်းယန်ချောင်း သည် ပို၍ပင် ဆိုးနေတော့သည်။


"သူမက ငါ့ဘဝရဲ့ အစားအသောက်ကုထုံးနယ်ပယ်မှာ သင့်တော်တဲ့ ပြိုင်ဘက်တစ်ယောက်လို့ ထင်ခဲ့တယ်… ဒါပေမယ့် သူမက ငါ့ကို မကောင်းကြံမယ်လို့ မထင်ထားခဲ့ဘူး..."


ပထမတွင် သူမသည် လင်းယောင်ယောင် ကို အနည်းငယ် ချီးကျူးလိုက်ပြီး သူမကိုယ်သူမ လိမ္မာပါးနပ်စွာ ပြန်ချီးကျူးကာ နောက်ဆုံးတွင် ရှုတ်ချသောလေသံဖြင့် ပုတ်ခတ်လိုက်ခြင်းဖြစ်သည်။


Star Network ရှိ ဖရိုဖရဲသက်ဝင်လှုပ်ရှားနေသော မြင်ကွင်းများနှင့် ပတ်သက်၍ အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း မှ လူများ အထိတ်တလန့် မဖြစ်ခဲ့ကြပေ။ ဆန့်ကျင်ဘက်အနေနှင့်၊ ပထမတစ်ခါ စိုးရိမ်ပြီးနောက်တွင် လျင်မြန်စွာ ငြိမ်သက်သွားကြသည်။


မွန်းတည့်ချိန်တွင် အဘိုးကြီးချိုက် သည် သူပြုလုပ်သော ဖြည့်စွက်စာ ၄မျိုးနှင့် သာလွန်ကောင်းမွန်သော ကုထုံးအာနိသင်ရှိသည့် လင်းယောင်ယောင်၏ အဆင့်-၅ ဂြိုလ်သား သားရဲဟင်းကို ချပြနိုင်ခဲ့သည်။ ထိုကဲ့သို့ ပြင်းထန်သောပေါင်းစပ်မှုသည် ဧကရာဇ်မြို့တော်၏ အစားအသောက်သုတေသနစင်တာ နှင့် အစားအသောက်ကုထုံးကော်မတီ၏ ထိပ်တန်း အစားအစာကုထုံးပညာရှင်များကို အံ့အားသင့်စေခဲ့သည်။


သူတို့က မစ္စတာ ချိုက်ကို သိသိချင်း မေးလာကြ၏။


"ဒီဂြိုလ်သားက ဘယ်လိုမျိုးလဲ"


စူးစမ်းချင်စိတ် တမင်တကာ တိုးလာစေရန်နှင့် သူတို့၏ အစာစားချင်စိတ်ကို မြှင့်တင်လာရန်အတွက် အဘိုးကြီးချိုက် က ဘာမှမပြောပေ။


သို့သော်လည်း ယခုအချိန်တွင် ဖြည့်စွက်စာအဖြစ် ဇာ့ခ် အသားကို အသုံးပြုနေသည်ဆိုသော ‌လင်းယောင်ယောင် ၏ သတင်းများ ထွက်ပေါ်လာရသည်။ ကော်မတီထဲက လူကြီးများမှာ ရုတ်တရက် စိတ်မသက်မသာဖြစ်သွားကြပြီး အစားအသောက်ကုထုံးကော်မတီ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ချိုက်ယူဟုန် ကို အမြန်လာမေးကြသည်။


"ဟေ့ကောင်… အဲဒါတွေက တစ်ကယ်အသားတွေလား… ငါလုံးဝ မထင်ထားဘူး...အဲ့ဒီအင်းဆက်တွေက ဒီလောက်တောင် အရသာရှိနိုင်သလား…ဟားဟား...Star Network ရဲ့ အစားအသောက်ပါဝင်ပစ္စည်းတွေစာရင်းထဲကို အင်းဆက်သား ထည့်ရမှာ...ဒါမှ လူတွေလည်း စားချင်လာမယ်လေ…‌ဒါဆို ဘာကိစ္စ ဇာ့ခ် တွေကို ကြောက်စရာလိုတော့မှာလဲ"


ဤအဖြစ်အပျက်က အဘိုးကြီးချိုက် နှင့် ‌လင်းယောင်ယောင် ကို နှစ်သိမ့်အားပေးမှုများ အများကြီးပေးခဲ့သည်။ ဇာ့ခ် အသား၏ အရသာကို တစ်ကယ်မြည်းစမ်းဖူးသူတိုင်း သူတို့ မရွံရှာတော့ဘဲ ချက်ချင်းလက်ငင်း သဘောကျသွားပါလိမ့်မည်။ထိုအခါ အင်းဆက်သားသည် အစာကွင်းဆက်၏အောက်ခြေမှ အစာကွင်းဆက်၏ထိပ်ဆုံးသို့ ကူးပြောင်းလာနိုင်‌ပေသည်။


မနက်ဖြန်တွင် ကျင်းပမည့် ဇာ့ခ် အသားဘူဖေးနေ့လည်စာ စားပွဲအား တက်ရောက်လာသူများက ဖျက်ဆီးပစ်မှာစိုး၍ ‌လင်းယောင်ယောင် သည် ဖိတ်ကြားထားပြီးသော အစားအသောက်ကုထုံး ပညာရှင်များထံ တိုက်ရိုက်အကြောင်းကြားစာပေးပို့ရန် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း အား တောင်းဆိုခဲ့သည်။ ထိုစာထဲတွင် ၊ဧည့်သည်များသည် သူတို့ဘက်ကလည်း ဖွင့်ဖတ်ပြီးနောက် တစ်မိနစ်အတွင်း လက်ခံကြောင်း အတည်ပြုရန် သတိပေးစာ ထည့်ထားရမည်ဖြစ်၏။သို့မဟုတ်ပါက၊ပျက်ကွက်သည်ဟု ယူဆရပေမည်။ ဖိတ်ကြားချက်ကို လက်ခံသော်လည်း မလာသူများကို နောင်အရသာမြည်းပွဲများအတွက် မဖိတ်ကြားတော့ဘဲ blacklist စာရင်းထဲထည့်ပစ်မည်ဖြစ်၏။


အဘိုးကြီးချိုက် နှင့် အခြားသူများ အံ့အားသင့်သွားသည်မှာ ‌လင်းယောင်ယောင် ၏ အတန်းဖော် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းရှိ ကျောင်းသား/သူ ၂၃ ဦးစလုံးသည် ‌ဖိတ်ကြားချက်ကို လက်ခံခဲ့ခြင်းဖြစ်သည်။ စစ်သည်တစ်ဦးစီကို ခေါ်လာ၍ရသည်ဟု ဆိုထားသော်လည်း သူတို့ သဘောဖြစ်၍ အတိအကျတွက်လို့မရသေးပေ။


ထို့နောက် ‌လင်းယောင်ယောင် သည် တစ်စုံတစ်ဦးအား ဗီဒီယိုရိုက်ခိုင်းပြီး ချက်ပြုတ်ထားသည့် အစားအစာအားလုံး နှင့် လှပစွာစီစဉ်ထားသော ပါဝင်ပစ္စည်းများကို ရိုက်ကူးခိုင်းလိုက်သည်။ ထို့အပြင် ဝေ့ယွမ်၊ ချောင်းမင်ယောင်၊ ယဲ့ရှီ နှင့် ရှောင်ချီ တို့ကိုလည်း live လွှင့်ရန် ပြောလိုက်၏။သူတို့ အစားအသောက်မြည်းနေပုံကိုလည်း မှတ်တမ်းတင်ခဲ့၏။ သူတို့အားလုံးမှာ မျက်နှာကို မဖုံးကွယ်ထားဘဲ အရာအားလုံးကို ကင်မရာရှေ့မှာ သေချာ မှတ်တမ်းတင်ထားကြ၏။ထို့အပြင်၊ အစားအသောက် ကုထုံးသုတေသနအခြေစိုက်စခန်းက လူများလည်း အတူထိုင်စားကြသည်။


‌လင်းယောင်ယောင် သည် မူလက အဘိုးကြီးချိုက်အား ဆရာတစ်ဦးအနေဖြင့် သူ့နာမည်နှင့် ဂုဏ်သတင်း မပျက်စီးစေရန် ကင်မရာထဲတွင် မပါစေချင်ခဲ့ပေ။သို့သော်၊ အဘိုးကြီးချိုက် က


"ဘာ ဂုဏ်သတင်းလဲ..အဲ့ဒါက စားလို့ရသလား.. ငါလည်း ဒီပစ္စည်းတွေကို ပြင်ထားတာနော်...မင်း ငါ့ကို ပေးမစားခိုင်းဘဲ အလကားအကူခိုင်းနေတာလား"


တစ်ဖက်တွင်၊ မစ္စတာကျန်း သည် အစားအသောက်များကို အခမဲ့စားနိုင်သောက်နိုင်ရန်အတွက် အစားအသောက်ကုထုံးအခြေစိုက်စခန်းသို့ မကြာခဏ ပြေးလာပြီး ပျော်ရွှင်စရာအစီအစဥ်များတွင် အတူတကွ ပူးပေါင်းပါဝင်ကာ စုချင်းဟယ် ကိုပင် ခေါ်လာခဲ့သည်။ ထို့ကြောင့်၊ ချိုးကျီရုံ ကလွဲလျှင် မနေ့က ဇာ့ခ် အသားပွဲကို လာစားသူတွေအားလုံးက လိုလိုလားလား စုရုံးနေကြပေသည်။ယခုဆို ဖုယင်းတောင် အစစ်ပါလာသေးသည်။


ချောင်းမင်ယောင် က "မနက်ဖြန် ဘယ်သူမှ မစားရင် ကောင်းမယ်… ဒီအထုပ်ကို ငါ ပြန်ယူသွားမယ်…မကုန်နိုင်ရင်တောင် သိမ်းထားလို့ရတယ်. မနက်စာ၊ နေ့လည်စာ၊ ညစာ ဆက်တိုက်သုံးရက်လောက် စားရင်တောင် ငါ ငြီးငွေ့မှာ မဟုတ်ဘူး...ပြီး‌တော့ ငါလည်း နည်းနည်း အဆင့်တက်သွားမယ်… ဟီးဟီး"


ဘူဖေးစားနေကြသည့် လူတိုင်း၏ ဗီဒီယိုကို ကျောင်းဖိုရမ်၊ Weibo နှင့် Star Network၏ ပင်မစာမျက်နှာမှာ တင်ထားခဲ့သည်။သို့ဖြစ်၍၊ ထိုဗီဒီယိုသည် Star Network ၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဆွေးနွေးမှုကို တစ်ဖန် နှိုးဆွပေးခဲ့သည်။


‌လင်းယောင်ယောင် နှင့် လူအများသည် ဇာ့ခ် အသား ဟော့ပေါ့ကို စားနေကြသည်။ ကြော်ထားသော ဇာ့ခ် အသားပြားများ၊ ပြုတ်ထားသော ဇာ့ခ် အသားများ၊ ဇာ့ခ် အသားပိုင်မုန့်များ၊ ဇာ့ခ် အသားဖက်ထုပ်များ၊ ဇာ့ခ် အသားစွပ်ပြုတ် နှင့် ဇာ့ခ် အသားဆော့စ်တို့လည်း ရှိသည်။ ထို့အပြင် စားပွဲပေါ်တွင် အသားနှင့် ဟင်းသီးဟင်းရွက် ဟော့ပေါ့ ပါဝင်ပစ္စည်းများ နောက်ထပ် ဆယ်မျိုးကျော်ရှိသေးသည်။


ဗီဒီယိုထဲတွင်၊ ကောင်းမွန်စွာစီစဉ်ထားသော ဇာ့ခ် အသားပါဝင်ပစ္စည်းများသည် လုံးဝကြောက်စရာကောင်းသည့်ပုံမပေါ်ပေ။ ပါးပါးလှီးထားသော ဇာ့ခ် အသားတုံးများကို ရေခဲတုံးများပေါ်တွင် တင်ထား၍ မျက်စိထဲတွင် တောက်ပနေသည်။ လတ်ဆတ်သောငါး ၊ ပုစွန် တို့နှင့်တူနေလေသည်။


ဇာ့ခ် အသားလုံးများကို ဂျုံမှုန့်နှင့် မုန်လာဥနီ၊ မှို၊ သခွားသီး စသည်ဖြင့် ပါးပါးလှီးထားသော အသီးအရွက်များနှင့် ရောစပ်ထား၍ ချစ်စရာကောင်းပြီး အန္တရာယ်ရှိပုံမရချေ။ ၎င်းတို့ကို နံဘေးမှ ဝိုင်းပတ်၍ ဟင်းသီးဟင်းရွက်များဖြင့် အလှဆင်ထားသည်။ လှပစွာဖြန့်ကျက်ပြသထားပြီး ပန်းပွင့်ကလေးနှင့်တူသော ဇာ့ခ် အသားဟင်းပွဲမှာ ပို၍တောင် ဆွဲဆောင်မှုရှိနေတော့သည်။ ဗီဒီယိုက သိပ်မဆိုးသော်လည်း ဗီဒီယိုရိုက်သူများကတော့ ကြောက်စရာကောင်းသည်။သူတို့သည် ရိုးရိုးတန်းတန်း မရိုက်ဘဲ၊သူတို့ စားသောက်နေကြသည်များကို အားကျအောင် ရိုက်ပြထားသေးသည်။


အဓိကထိုင်ခုံမှာ အစားအသောက်ကုထုံးပညာရှင် ချိုက်ယူဟုန် နှင့် ဆေးဝါးကုထုံးပညာရှင် ကျန်းရှန့်ကျန်း တို့ ထိုင်နေကြသည်။သူတို့ကလည်း ဇာ့ခ် အသားများကို မြိန်ရေရှက်ရေ စားနေကြ၏။ထို့ကြောင့် အင်းဆက်အသား၏ အကျိုးကျေးဇူးများကို လျစ်လျူရှုထားလျှင်တောင်၊ အနည်းဆုံး ဤအသားသည် အဆိပ်အတောက်ကင်းပြီး အန္တရာယ်မရှိမှန်း ထင်ရှားနေပေသည်။ ထိုသို့မဟုတ်ပါက၊ ဂရန်းမာစတာဆရာ နှစ်ယောက်က ‌လင်းယောင်ယောင် ကို ပရမ်းပတာဖန်တီးခွင့်မပေးနိုင်ပေ။


ထို့နောက်တွင် ကျောင်းအချောအလှလေး ချောင်းမင်ယောင် နှင့် ယဲ့ရှီ တို့ပင်။သူတို့သည် မက်ခါကျောင်းသားများကြားတွင် အပြင်းထန်ဆုံးနှင့် အမြင့်မားဆုံးစွမ်းရည်ရှိသူများဖြစ်သည်။ထို့အပြင် ရုပ်ကလည်း ချော၊တိုက်ရေးခိုက်ရေးလည်း ကောင်းသည့် တိုက်ပွဲကွပ်ကဲရေးဌာနမှ ခေါင်းဆောင် အသစ် ဝေ့ယွမ်လည်း ရှိနေသည်။ ထို့အပြင်၊အလှဘုရင်မ ဆေးဝါးဗေဒဌာနရှိ ကျောင်းသားသစ် စုချင်းဟယ် လည်းအတူရှိနေသည်။ ထို့နောက် ဦးနှောက်အာရုံကြော ဒေတာခွဲခြမ်းစိတ်ဖြာမှုဌာန၏ ဒုတိယ ခေါင်းဆောင် ရှောင်ချီလည်း ထို့အတူပင်။


ချောမောပြီး ထက်မြက်သော အစားအသောက်ကုထုံးဌာနမှ စီနီယာအစ်ကို ချိုက်မူပိုင် နှင့် အစားအသောက်ကုထုံးဌာန၏ ဒုတိယနှစ်ကျောင်းသူ၊ တောက်ပပြီး ချစ်စရာကောင်းသော ရန်နင် လည်း ရှိသည်။ ထို့ကြောင့်၊ အစားအသောက်ကုထုံးဌာနမှာ ရေပန်းအစားဆုံးပုဂ္ဂိုလ်ဖြစ်ပြီး လှပထူးချွန်သည့် လင်းယောင်ယောင် မှာ ခေါင်းဆောင်ကြီး ဖြစ်ပေတော့သည်။ သူမ ခန္ဓာကိုယ်က အသေးဆုံးဖြစ်သော်လည်း လက်ရှိမှာ မိန်းကလေးတွေကြားတွင် အလှဆုံးဟု အသတ်မှတ်ခံရပြီး လူကြိုက်အများဆုံးလည်း ဖြစ်သည်။ ဤလူအနည်းငယ်သည် စစ်ပညာရေးအကယ်ဒမီ၏ ယောက်ျားလေးများနှင့် မိန်းကလေးများ၏ နှလုံးသားရှိ နတ်ဘုရားများနှင့် နတ်သမီးများဖြစ်ကြောင်း ဘယ်သူမဆို သိပေသည်။ထိုမျှမကသေး၊ ကျန်းရို့သည်လည်း လူတိုင်းနှင့် သိပ်မရင်းနှီးသော်ငြား ချစ်စရာကောင်းသည့် အလှလေး တစ်ယောက်ပင်။


ဖုယင်း သည် လူတိုင်းနှင့် အလွန်ရင်းနှီးသူဖြစ်ကာ အစားအသောက်ကုထုံးဆိုင်တစ်ခုလည်း ရှိသူဖြစ်သည်။ ဖြည့်စွက်စာ စားဖို့ လူတော်တော်များများက သူမ ဆိုင်ကို သွားကြသည်။ သူတို့နှင့် မျိုးဆက်ကွာဟမှုမရှိဘဲ အပြောအဆိုရည်မွန်သော ဤလှပသော သူမကို အဘိုး၊အဘွားများ နှစ်သက်ကြသည်။


အဘိုးကြီးချိုက် နှင့် အဘိုးကြီးကျန်း တို့၏ ရုပ်ရည်သွင်ပြင်သည် အနည်းငယ် သာမာန်မျက်နှာကျဖြစ်သော်လည်း သူတို့သည် အရန်ကုထုံးဌာနတွင် အလွန်ထက်မြက်ပြီး နာမည်ကောင်းရှိသူများဖြစ်သည်။


လှပသောလူ၊ လှပသော အစားအစာနှင့် လှပသောာဟင်းပွဲများက အားလုံးကိုဖမ်းစားထားကြသည်။အားလုံးကအဘိုးကြီးများ၊ ကောင်ချောလေးများ၊ ကောင်မလေး ချောချောလေးများက ဒဏ္ဍာရီလာ ဇာ့ခ်အသားများအား စားနေကြတာကို ကြည့်နေကြ၏။ ဘယ်သူကမှ အစားအသောက်ကို ငြင်းပယ်ခြင်း သို့မဟုတ် ရွံရှာခြင်းတို့ကို မခံစားကြရုံသာမက အတော်စားကောင်းနေကြပုံပေါ်သည်။ တိုက်ပွဲဝင်စစ်သည်အချို့သည် ဗိုက်ဝအောင် မစားနိုင်တော့မှာကို စိုးရိမ်သောကြောင့် အချင်းချင်း ရန်ဖြစ်နေကြသည်။


အလှလေးချောင်းသည် ကျန်ပါဝင်ပစ္စည်းများအားလုံး ကုန်သွားစေရန် လူတိုင်း မနက်ဖြန်လာမည်ဟု မျှော်လင့်ကြောင်း ကင်မရာကို ပြောလိုက်သည်။


ထို့နောက် ကြည့်ရှုသူများသည် Star Network ရှိ ဖြည့်စွက်ကုထုံးပြိုင်ပွဲ၏ ကျောင်းသားဖလားအသစ်တွင် ‌လင်းယောင်ယောင် ပြုလုပ်ခဲ့သော ဟင်းငါးပွဲအား မဲပေးခဲ့ကြသောအခါက မြည်းစမ်းကြည့်မိသည့်အတွက် ကံကောင်းပြီး အတော်လေး စားကောင်းခဲ့ကြောင်း သတိရမိသွားသည်။ ယခုဗီဒီယိုထဲကလည်း ထိုဟင်းများလိုပင် အတော်စားကောင်းမှာသေချာ၏။


[ဘယ်လောက်အရသာရှိလဲ သိချင်လိုက်တာ]


[အား..]


[ရုတ်တရက် ငါဗိုက်ဆာနေပြီ]


တော်တော်များများက ညစာစားထားပြီးဖြစ်သည်။


လောလောဆယ် ညစာစားနေကြသူများသည် ဗီဒီယိုထဲက ကြွယ်ဝသည့် ပါဝင်ပစ္စည်းများကို ကြည့်ပြီး သူတို့ ပန်းကန်လုံးထဲမှ စက်ရုပ်လုပ်ထားသော သာမာန် အစားအသောက်များကို ကြည့်လိုက်ကြသည်။ ထိုအခါ သူတို့ အစာစားချင်စိတ် ပျောက်သွားသလိုရုတ်တရက် ခံစားလိုက်ရ၏။


ညစာ မစားရသေးသူများကတော့ ကမ္ဘာပျက်နေသည့်အလားပင်။


ဘာလို့ ဒီဗီဒီယိုကို နှိပ်မိတာလဲ…


သို့သော်၊ ပိုကြောက်စရာကောင်းတာက သူတို့ကြည့်တာကို မရပ်နိုင်ဖြစ်နေရခြင်းကိုပင်။ ဇာ့ခ် အသားသည် အဆိပ်မရှိသော်လည်း ဤဗီဒီယိုက အတော် အဆိပ်ပြင်းသည်။


ဗီဒီယိုထဲက ဇာ့ခ် အသားမှာ သူတို့စားလေ့ရှိသည့် အစားအစာများနှင့် မတူပေ။ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဇာ့ခ်သည် သူတို့စိတ်ကူးထဲကနှင့် ကွာခြားနေပေသည်။ ဗီဒီယိုကို ကြည့်ပြီးသွားသည့်အခါ သူတို့ရင်ထဲက ပထမဆုံးခံစားချက်က စားချင်စိတ်ဖြစ်လာခြင်းပင်။


ထို့နောက် လူတော်တော်များများက ထိုပို့စ်မှာ ဆွေးနွေးခဲ့သည့် မူရင်းအကြောင်းအရာကို ပြန်ပြောင်းပြောဆိုခဲ့ကြသည်။ လောထောင်ဟောင် ၏ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကို A အဆင့် မှ A+ အဆင့်သို့ အမှန်တစ်ကယ် မြှင့်တင်ပေးသည့် "ထူးခြားသော အာနိသင်ရှိသည့် ဂြိုလ်သားရဲအသား" က ဘယ်လိုအရာမျိုးလဲဆိုသည်ကို သိချင်နေကြသည်။အာနိသင်က အမှန်တစ်ကယ်ကောင်းနေပြီး ဇာ့ခ်အသားက အရသာလုံးဝမရှိဘူးဆိုလျှင်တောင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများက အပြေးအလွှားစားချင်နေမည်ဖြစ်သည်။


ယခုအခါတွင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများသည် သူတို့၏ ဝိညာဉ်ရေးနယ်ပယ်ရှိ ကိုက်ခဲနာကျင်မှုများကို သက်သာရာရစေပြီး ဝိညာဉ်ရေးအဆင့်ကို ဆက်လက်ကျဆင်းမသွားအောင် တားဆီးပေးနိုင်သည့် ဖြည့်စွက်အစာ အနည်းဆုံး တစ်မျိုးကို နေ့စဉ် စားသုံးရန် လိုအပ်နေပြီဖြစ်သည်။ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာနယ်ပယ် ထိခိုက်မှုများရှိသူများသည် နာကျင်မှုကို သက်သာစေရန် တစ်နေ့လျှင် ဖြည့်စွက်အစာ ၃ နပ်စားရမည်ဖြစ်၏။


တင်ထားသော ဗီဒီယို၏အဆုံးတွင် မက်ဆေ့ချ်တစ်ခု ရေးထားသည်။ မြည်းစမ်းချင်သူများအနေနှင့် လင်းယောင်ယောင် ၏ စမတ်လက်ထောက် Weibo မှာ မှတ်ပုံတင်အချက်အလက်ကိုဖြည့်သွင်းပြီး ယခုပဲ စာရင်းသွင်းနိုင်ပြီ ဆိုသည့်အကြောင်းပင်။ သို့သော် သူတို့ Weibo တွင် စာရင်းသွင်းလိုက်သောအခါ


"တောင်းပန်ပါတယ်…မင်းက ငါ့ပိုင်ရှင်ကို အရင်က နှုတ်နဲ့ အလွဲသုံးစားလုပ်ခဲ့ဖူးတယ်...ဒါကြောင့်မင်းရဲ့လျှောက်လွှာကို လက်ခံမှာမဟုတ်ဘူး…မင်းလူသိရှင်ကြားမတောင်းပန်ဘူးဆိုရင် နောက်ဆို ငါ့ပိုင်ရှင်က မင်းရဲ့လျှောက်လွှာကို လက်ခံဖို့စဉ်းစားမှာမဟုတ်ဘူး"


"တောင်းပန်ပါတယ်...မင်းက အစားအသောက်ကုထုံးပညာရှင်မဟုတ်နေဘူး...ပြီးတော့ မင်းရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအဆင့်က စစ်ပညာရေးအကယ်ဒမီရဲ့ ပျမ်းမျှတိုက်ခိုက်ရေးအဆင့်ထက် နိမ့်နေတယ်...ဒါကြောင့် မှတ်ပုံတင်ဖို့အတွက် ဦးစားပေးသတ်မှတ်ချက်တွေနဲ့ မပြည့်မီပါဘူး"


" တောင်းပန်ပါတယ်…အစားအသောက်ကုထုံးသုတေသန အခြေစိုက်စခန်းက မင်းကို အရင်က ဖိတ်စာတစ်စောင် ပို့ထားပေမယ့်၊ ပြန်မဖြေခဲ့တော့ အခု နောက်တစ်ခါ ထပ်လျှောက်လို့ မရတော့ပါဘူး"


"တောင်းပန်ပါတယ် …နောက်ဆုံး ၁၀ နေရာပဲ ကျန်တော့တာပါ...ပိုင်ရှင် ပြောထားတာက ဒါတွေက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူတွေအတွက်ပါတဲ့"


"တောင်းပန်ပါတယ်…နေရာသုံးရာ ပြည့်သွားပြီဆိုတော့ လျှောက်လွှာတင်လို့ မရ‌တော့ဘူး"


သုံးမိနစ်ကြာ ဗီဒီယိုကို အပ်လုဒ်လုပ်ပြီးနောက် ငါးမိနစ်အတွင်း နေရာသုံးရာပြည့်သွားပြီ ဖြစ်သည်။ စိတ်ပါဝင်စားသူ၊ ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ နယ်ပယ်နှင့် ကိုယ်လုံးကိုယ်ပေါက်အဆင့်ရှိသူ၊ စစ်ပညာရေးအကယ်ဒမီ၏ အစားအသောက်ကုထုံးပညာရှင်မဟုတ်သူ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများသာ အောင်မြင်စွာစာရင်းသွင်းနိုင်သည်။ စနစ်မှတစ်ဆင့် လူတစ်ယောက်ချင်းစီကို စစ်ဆေးမှုအချို့ ပြုလုပ်ပြီး သတ်မှတ်ချက်များနှင့် မကိုက်ညီသူများကို ဖယ်ရှားပစ်မည်ဖြစ်သည်။ အစားအသောက်ကုထုံးသုတေသန အခြေစိုက်စခန်းမှ ဖိတ်စာပို့စ်ကိုတရားဝင်လက်ခံရရှိပြီး အကြောင်းပြန်၍ အတည်ပြုမှသာ နောက်ဆုံး စာရင်းသွင်းခြင်းကို အောင်မြင်သည်ဟု ယူဆနိုင်သည်။ထို့ကြောင့်၊Star Network တွင် အရွေးချယ်မခံရသူများသည် အံ့အားသင့်ပြီး ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။



xxxxxx

Ei Thet Hmue