အခန်း၈၉
Viewers 8k

Chapter 89

(အလွန်နာမည်ကြီးသွားသော အစားအသောက်မြည်းစမ်းပွဲ)


အထူးသဖြင့် Star Network တွင် အစားအသောက်ကုထုံးပညာရှင်များ သို့မဟုတ် လင်းယောင်ယောင် ကိုယ်တိုင် ဖိတ်ခေါ်သူများ (သို့မဟုတ်) အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း ၏ ဖိတ်ကြားချက်ကို လျစ်လျူရှုပြီး ရှောင်သွားခဲ့ကြသော အစားအသောက်ကုထုံးပညာရှင်များသည် သူတို့စိတ်ထဲမှာ နောင်တစိတ်က မည်မျှကြီးမားနေသည်ကိုပင် မပြောနိုင်ပေ။ ထို့ကြောင့် သူမအား အွန်လိုင်းမှာ သွားပုပ်လေလွင့် ပြောဆိုသူများက လူသိရှင်ကြား မြန်မြန်ဆန်ဆန် တောင်းပန်ခဲ့သည်။ ဖိတ်ကြားချက်ကို လျစ်လျူရှုပြီး မမြည်းချင်ဘူးဟု ပြောခဲ့သည့် အစားအသောက်ကုထုံးပညာရှင်များလည်း အစားအသောက်ကုထုံး သုတေသနအခြေစိုက်စခန်းမှ စမတ်စက်ရုပ် လက်ထောက်များဆီကိုလည်း စာတိုပေးပို့ခဲ့ကြသည်။ သူတို့မှာ အရေးပေါ်ကိစ္စများကြောင့် အကြောင်းမပြန်ခဲ့ခြင်းဟု ရှင်းပြဖို့ ကြိုးစားခဲ့ကြသော်လည်း မရတော့ပေ။

လောထောင်ဟောင် သည် ဗီဒီယိုထဲတွင် လူသိများသော အကြွပ်ကြော် ဇာ့ခ် အသားပြားများကို မြင်သောအခါ၊ ချက်ချင်းဆိုသလို ချောင်းမင်ယောင် ကို အရေးပေါ် မက်ဆေ့ချ်ပို့ပြီး မြည်းကြည့်ရန် နေရာတစ်ခု တောင်းဆိုရန် စီစဉ်လိုက်သည်။သို့သော်၊သူ့ဘက်မှလည်း အလကား မြည်းဖို့ မမျှော်လင့်ထားပေ။ မည်မျှပင် ကုန်ကျစေကာမူ၊ နေရာတစ်ခုကို ဝယ်လိုကြောင်း ပြောဆိုလိုက်သည်။


ချောင်းမင်ယောင် သည် ဆက်သွယ်ရေးချန်နယ်ကို ဖွင့်လိုက်ပြီး လောထောင်ဟောင် နှင့် လင်းယောင်ယောင် ကို တိုက်ရိုက်စကားပြောခွင့်ပေးလိုက်သည်။ လောထောင်ဟောင် သည် လင်းယောင်ယောင် အသံကိုကြားသည်နှင့် တစ်ပြိုင်နက်၊ ချိုးကျီရုံ ကို ယခင်က မကောင်းသည့်လူစားမှန်းမသိသဖြင့် ဆက်ဆံမိခဲ့ကြောင်း ပြော၍ သူမအား ကျေးဇူးတင်စကား ပြောလိုက်သည်။ သူသည် ဂြိုလ်သားရဲ အသားကို တခြားသူထံမှ ဝယ်ယူမိခဲ့သည့်အတွက် သူအရင်ကစားဖူးသည့် ဇာ့ခ်အသားတန်ဖိုးကို တစ်ကယ့် စားဖိုမှူးဖြစ်သည့် သူမအား ပေးလျော်မည်ဟု ပြောလိုက်သည်။


ချောင်းမင်ယောင် က စိတ်မရှည်စွာနှင့်အမြန်ကြားဖြတ်ပြောလိုက်သည်။


"ကောင်းပြီ သူငယ်ချင်း…စကားအများကြီး မပြောနဲ့… ငါတို့ ဒီမှာ စားနေကြတာ…ငါ့ညီမ ပြောတာကို နားထောင်လိုက်"


လင်းယောင်ယောင် ကလည်း " မနက်ဖြန် ရှင် လာမြည်းကြည့်လို့ရတယ်…ရှင် အရင်က စားခဲ့တဲ့ ဇာ့ခ် အသားက ရှင် သိပ်မကြာခင်က ရခဲ့တဲ့ ဒဏ်ရာကို အရမ်းထိရောက်သွားတယ်လို့ ကျွန်မ ထင်တယ်…ကြည့်ရတာ ရှင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကလည်း ပျက်စီးသွားတာ ဖြစ်နိုင်တယ်…ဒါကြောင့် ပိုပြီးကုသနိုင်အောင် နောက်ထပ် သုတေသနလုပ်ဖို့နဲ့ ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါတယ်… လောလောဆယ် ရှင့်အတွက် လိုအပ်ချက် နှစ်ခုရှိတယ်…ပထမ ရှင် စားပြီးရင် ကုထုံးအာနိသင်ကို လူတကာသိအောင်လုပ်ပါ…ဒုတိယ ရှင် မစ္စတာ ချိုး နဲ့ မဆက်ဆံပါတော့နဲ့..."


သူမ၏ ဖြည့်စွက်စာကို ခိုးပြီး တိတ်တဆိတ်ရောင်းသူကို မတားမြစ်၍မရပေ။ နောင်တွင်၊ ချိုးကျီရုံ နှင့် ရောင်းဝယ်ဖောက်ကားသည့် တိုက်ခိုက်ရေးစစ်သည်တိုင်းသည် သူမထံမှ သို့မဟုတ် သူမ၏ ဖြည့်စွက်ကုထုံးဆိုင်များမှ အစားအစာများ ဝယ်ယူခွင့်မရှိတော့ချေ။


လောထောင်ဟောင် ချက်ချင်းပင် သဘောတူလိုက်သည်။ လင်းယောင်ယောင် က မပြောလာလျှင်တောင်၊ သူသည် ချိုးကျီရုံ ကဲ့သို့သော လူများနှင့်ဘယ်တော့မှ မဆက်ဆံတော့ပေ။


မူလက လင်းယောင်ယောင် ကို Star Network တွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ဇာ့ခ်အသားကို ဖြည့်စွက်အစားအစာများအဖြစ် အသုံးပြုသည့်အတွက် ဆဲဆိုခဲ့သူများသည် ယခုမူ လူသိရှင်ကြား တောင်းပန်ရန် ထွက်လာကြသည်။ ချိုးကျီရုံ လုပ်ခဲ့သည့် အရာများကိုလည်း ပြန်လည်မကောင်းမြင်လာကြ၏။ သူ၏ အရည်အချင်းကလည်း မမြင့်မားကြောင်း ထင်ရှားသဖြင့် အထင်မကြီးကြတော့ချေ။ သူသည် အစားအသောက်ကုထုံးဌာနတွင်ရှိနေသော်လည်း အစားအသောက်ကုထုံးဌာနရှိ အရာအားလုံးကို မုန်းတီးခဲ့သည်။ သူသည် အစားအသောက်ကုထုံးဆိုင်ရာ သုတေသနအခြေစိုက်စခန်းမှ အမြတ်ထုတ်နိုင်ခဲ့သော်လည်း သူ့ဆရာနှင့် အတန်းဖော်များကို ဆဲဆိုပုတ်ခတ်သူပင်။ မစ္စတာ ချိုက် သည် ထိုကဲ့သို့သော အကျင့်ပုပ်ကောင်ကို အစားအသောက် ကုထုံးသုတေသနအခြေစိုက်စခန်းမှ တိုက်ရိုက်ထုတ်ပယ်ပစ်ခဲ့ပြီး သူ့လို ကျောင်းသားများကို မသင်ပေးချင်ဘူးဟုလည်း ကျောင်းကို ပြောခဲ့သည်။


ယဲ့ရှီ က သူမသည် ချိုးကျီရုံ ကို အနိုင်ကျင့်ခဲ့သူဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့သည်။ အကြောင်းပြချက်မှာ၊ လင်းယောင်ယောင် ၏ အစားအစာများကို ခိုးယူပြီး သီးသန့်ရောင်းချခဲ့ကာ မတောင်းပန်သည့် အတွက်ကြောင့်ဟု ဆိုသည်။ မကျေနပ်လျှင် သူမဆီကို တိုက်ရိုက်လာရှင်းဖို့လည်း ပြောလိုက်သည်။


ချိုးကျီရုံ သည် သူ့အတန်းဖော်ထံမှ အစားအသောက်များကို ခိုးယူပြီး ဆရာနှင့် အတန်းဖော်များကို ဆဲဆိုခဲ့၍ သုတေသနရလဒ်များ ပေါက်ကြားစေခဲ့သည်။ ကျောင်းကလည်း ဤလုပ်ရပ်အားလုံးကို မှတ်တမ်းတင်ထားသည်။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော သူ့ဖခင်ထံမှ ဝီရိယရှိရှိ တောင်းပန်မှုကြောင့်သာ သူ့ကို ကျောင်းမထုတ်ခဲ့ခြင်းပင်။သူသည် ယခုအချိန်မှစ၍ နာမည်ကောင်းပြန်ရရန် အတော်ကြိုးစားရမည်ဖြစ်ပေသည်။သို့မဟုတ်ပါက၊ သူ့ကို အချိန်မရွေး ကျောင်းမှ ထုတ်ပစ်နိုင်သည်။


လူတိုင်းက သူ့ကို တမင်လျစ်လျူရှုထားသည်ဟု မူလက ထင်ခဲ့သော်လည်း အခုချိန်မှာတော့ သူ့ကို လုံးဝလျစ်လျူရှုထားခဲ့ပြီဖြစ်သည်။ ယခုဆို သူနှင့် ရောင်းဝယ်ဖောက်ကားဖို့ ဆန္ဒမရှိတော့ပေ။ သူ့အဖေကတောင် သူ့ကို အလွန် စိတ်ပျက်သွားပြီး သားဖြစ်သူ လုပ်ထားသည့် ဖြည့်စွက်အစားအစာကို စားမည့် အစား သူ့ကိုယ်တိုင် ဖြည့်စွက်အစားအစာများဝယ်ဖို့ အလုပ်ကိုသာ လုပ်နေတော့သည်။


အရင်က မဲလိမ်သည့်ဖြစ်စဉ်တွင်၊စုချင်းဟယ် ကို ဆဲဆိုခြင်းကြောင့် ကျောင်းမှာ မျက်နှာပျက်ခဲ့ရဖူးသော ဝူလီလီ သည် လင်းယောင်ယောင် ကို ထပ်မံ ‌မကောင်းပြောခဲ့ပြန်၍ ကျောင်းမှ သူမအား နောက်ထပ်သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်သည်။ ဝူလီလီ အလွန်စိတ်မကောင်းဖြစ်မိသည်။ လင်းယောင်ယောင် ကို ကျိန်ဆဲသူများမှာ Star Network တွင် များစွာရှိသည်။


ကျောင်းက သူမကိုပဲ ဘာကြောင့် အာရုံစိုက်တာလဲ...


ကျောင်းဘက်မှ၊ "မင်းရဲ့ Weibo မှာ ပရိသတ်တွေ အများကြီးရှိလို့ပဲ… မင်းရဲ့ ကောမန့်တွေက အရမ်းကို ပျံ့နှံ့သွားတဲ့အတွက် အတန်းဖော် လင်းယောင်ယောင် ကို အရှက်ရစေခဲ့တယ်"


မကြာမီ၊ သူမသည် အသရေဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီး ဒဏ်ငွေငါးသန်းပေးဆောင်ခြင်း သို့မဟုတ် ဆယ့်ငါးရက်ကြာ ထိန်းသိမ်းခံရခြင်း ပြစ်ဒဏ်များကို ရွေးချယ်ခွင့်ရှိပေသည်။ အကယ်၍ သူမသည် သုံးမိနစ်အတွင်း ရွေးချယ်မှုမပြုလုပ်ပါက တစ်ရက်အတွင်း ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပြီး ဒုတိယရွေးချယ်ခွင့်ကို ထုတ်ပယ်လိုက်မည် ဖြစ်သည်။ သူမ၏ မိသားစုမှာ ပိုက်ဆံချမ်းသာသော်လည်း သူမကိုယ်တိုင်က မချမ်းသာသဖြင့် ငါးသန်းသာ ရနိုင်ခဲ့သည်။ ထိုငါးသန်းသည် သူမအတွက် တစ်နှစ်စာ ကျောင်းလခနှင့် မုန့်ဖိုးဖြစ်သည်။ သို့သော်လည်း သူမ မဖြစ်မနေ ပထမရွေးချယ်မှုကိုသာ ရွေးချယ်ခဲ့ရသည်။ ထို့နောက်တွင် သူမသည် မိသားစုထံမှ ဤငွေကို မည်သို့ပြန်တောင်းရမည်ကို သေချာပြန်စဉ်းစားရသည်။ အကယ်၍ သူမ ဆယ့်ငါးရက်ကြာ ထိန်းသိမ်းခံရပါက ဧကရာဇ်မြို့တော်တွင် ဘယ်လိုမှ မျက်နှာပြ၍ရမှာမဟုတ်တော့ပေ။


ချိုက်ယူဟုန် နှင့် အခြားသူတို့သည်ဗီဒီယိုကို တင်ရုံသာတင်ခဲ့သော်လည်း ယခုလို ဇာ့ခ်အသား မြည်းစမ်းခြင်းကဏ္ဍအတွက် စာရင်းသွင်းရန် လူများစွာ ဆွဲဆောင်နိုင်မည်ဟု မထင်ခဲ့ပေ။နာမည်စာရင်း မပေးနိုင်ကြသူများတောင် ငိုယိုနေကြတော့သည်။ သူတို့အားလုံးအထင်မှာ မူလက ပါဝင်ပစ္စည်းများမှာ အတော်များနေပြီဟု ထင်ခဲ့ပြီး ကုန်အောင်စားနိုင်မှာမဟုတ်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခုမူ လောက်ငှမှာမဟုတ်ပေ။


လောထောင်ဟောင် အပြင် သူ၏ အသိမိတ်ဆွေများသည် ထိရောက်ပြီး စွမ်းအင်ကြွယ်ဝသော ဇာ့ခ် အသားဟော့ပေါ့အား မြည်းနိုင်ရန်အတွက် နေရာတစ်ခုရရှိရန် ဆက်လက်ကြိုးစားကြသည်။ ဗီဒီယိုထဲတွင် ပေါ်လာသူများ၏ ဆက်သွယ်ရေးကိရိယာတွင် မက်ဆေ့ချ်များဖြင့် ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။


သူတို့က ဇာ့ခ်အသားကို တန်ဖိုးမထားလျှင်တောင်မှ အစားအသောက်ကုထုံးပညာရှင် ချိုက်ယူဟုန်၊ ဉာဏ်ကြီးရှင် မျိုးဆက်သစ် အစားအသောက်ကုထုံးပညာရှင် လင်းယောင်ယောင် နှင့် သူတို့နောက်ကွယ်မှ အစားအသောက်ကုထုံး တခြားပညာရှင်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိဖို့ မျှော်လင့်နေကြခြင်းပင်။


ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ မှ ထိပ်တန်းအဆင့် အစားအသောက်ကုထုံးပညာရှင်များပင် ချိုက်ယူဟုန် ထံသို့ မက်ဆေ့ချ်ပို့ကာ ဆက်သွယ်နေကြလေ၏။ သူတို့လည်း ဇာ့ခ် အသားကို မြည်းစမ်းချင်သည်ဟု တောင်းပန်ခယစွာ ပြောဆိုနေကြပြီး မနက်ဖြန်ကျလျှင် လာချင်ကြောင်း ပြောနေကြသည်။


ချိုက်ယူဟုန် သည် လင်းယောင်ယောင်အား စူးစူးဝါးဝါးကြည့်ကာ VIP ဧည့်ခန်း သပ်သပ် ထားနိုင်မလားဟု မေးလိုက်သည်။


အစားအသောက်ကုထုံးသုတေသနအဖွဲ့ခေါင်းဆောင် ချိုက်ယူဟုန် က ဆန္ဒရှိလျှင်တောင် လင်းယောင်ယောင် သဘောမတူပေ။ဤပွဲသည် စားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းမှ စီစဉ်ကျင်းပသော အရသာမြည်းစမ်းပွဲတစ်ခုဖြစ်ကြောင်းကို သူမ သိပေသည်။ဤပွဲက အစဉ်အဆက်ကျင်းပလာခဲ့သော ပွဲများအနက် နာမည်အကြီးဆုံးဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အစားအသောက်ကုထုံးသုတေသန အခြေစိုက်စခန်းတွင် အချိန်အကြာကြီးနေခဲ့သော သူမ၏ဆရာ၊ ညီအစ်ကိုမောင်နှမများသည် အလွန်စိတ်လှုပ်ရှားနေသည်။

အစားအသောက် ကုထုံးပညာရှင်များအဖြစ် သူတို့၏ ဂုဏ်သိက္ခာကို လျင်မြန်စွာ မြှင့်တင်နိုင်စေရန် တတ်နိုင်သမျှ လူများများလာရန် မျှော်လင့်ခဲ့ကြသည်။ ဦးစွာ၊ ဇာ့ခ် အသားများကို လူသိရှင်ကြား ကြော်ငြာနိုင်ပြီး ဇာ့ခ် အသားများ၏ အရသာကို လူတိုင်း သိရှိစေနိုင်ကာ ဇာ့ခ် ဒီရေအကြောင်း လူတိုင်း၏ ကြောက်ရွံ့မှုနှင့် ခံယူချက်ကို ပြောင်းလဲပစ်နိုင်သည်။ထို့အပြင်၊ ဖြည့်စွက်အစားအစာများသည် ရွံစရာဟင်းလျာများနှင့် ညီမျှသည်ဟူသော လူတိုင်း၏ ပုံသေသဘောထားကို ပြောင်းလဲရန် ဤအခွင့်အရေးကို ယူနိုင်သည်။


သူမသည် အစားအသောက်ကုထုံးသုတေသန အခြေစိုက်စခန်းသို့ ဧရာမ ဇာ့ခ် တစ်ကောင်လုံးကို ချက်ချင်းပေးအပ်ခဲ့သဖြင့် ချိုက်ယူဟုန်၊ ချိုက်မူပိုင်၊ ရန်နင် နှင့် အခြားသော သုတေသနပညာရှင် နှစ်ဦးသည် ပိုမိုရိုးရှင်းပြီး အရသာရှိသော ဇာ့ခ် ဟင်းပွဲများကို ပြုလုပ်နိုင်မည်ဖြစ်သည်။ ဖောက်သည်များပိုမိုကျေနပ်စေရန်၊ ပိုမိုသာလွန်သောပါဝင်ပစ္စည်းများဖြင့် ချက်ပြုတ်ထားသော ဟင်းလျာများနှင့် အခြားဖြည့်စွက်အစားအစာများကိုလည်း ပြင်ဆင်နိုင်မည်ဖြစ်သည်။


လင်းယောင်ယောင် က ပြုံးပြီးပြောလိုက်သည်။


"စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေအတွက် အခမဲ့‌ ကျွေးတာကလွဲလို့ အစားအသောက်ကို မြည်းချင်သူတိုင်းက အဆင့်အတန်း မခွဲခြားဘဲ တန်းတူညီတူ ပိုက်ဆံပေးရမှာလေ… ဒီပွဲကနေ ဘယ်လောက် အကျိုးအမြတ်ရမယ်ဆိုတာလည်း မမှန်းထားဘူးဆို‌ေပမယ့်လည်း ပါဝင်ပစ္စည်းတွေရဲ့ စရိတ်စကတွေက အများကြီးပဲ…မဟုတ်ရင် ပွဲက အလကားဖြစ်ပြီး အဆင်မပြေနိုင်ဘူး…ကျွန်မ စခန်းကို ဒုက္ခမပေးချင်ဘူး"


ဇာ့ခ် အသားကို စားဖူးသူတစ်ဦးအနေဖြင့် သူမသည် ပွဲတစ်ခုလုံးအတွက် သေချာအာရုံစိုက်ခဲ့သည်။

ယခုအချိန်မှာ လူတိုင်းက ဇာ့ခ် အသား၏ အံ့သြဖွယ် ကုထုံးအာနိသင်ကို ကြည့်ရန် လာကြသော်လည်း နူးညံ့ပြီး အရသာရှိသည့် ဇာ့ခ်အသားကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူးဟု သူမ ယုံကြည်နေမိသည်။ သူမသည် ငွေပေးချေမှု ကိစ္စကို ဖြည့်စွက်ပြီးနောက်တွင်ပင် လူများသည် ဆက်လက်ပြီး စိတ်အားထက်သန်နေကြတော့သည်။ဟင်းပွဲများကို မြည်းခွင့်ရဖို့အတွက် လူတော်တော်များများက စျေးနှုန်း၏ နှစ်ဆ သို့မဟုတ် ဆယ်ဆခန့် ပေးဆောင်ဖို့ ဆန္ဒရှိခဲ့ကြသည်။ ကံမကောင်းစွာဖြင့်၊ အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်း မှ ထို‌ေတာင်းဆိုမှုကို ပယ်ချပြီး ငွေလွှဲပြောင်းခြင်းမပြုလိုက်ပေ။


လင်းယောင်ယောင် သတ်မှတ်ထားသောစျေးနှုန်းသည် အဆင့်-၅ ထူးခြားဆန်းပြားသော အင်းဆက်အသား တစ်ပေါင်ဝက်နှင့်ညီမျှပြီး စျေးမသက်သာသော်လည်း၊သူတို့ စားဖို့အတွက် မာစတာအဆင့် စားနပ်ရိက္ခာပညာရှင်တစ်ဦးမှ ချက်ပြုတ်ထားခြင်း ဖြစ်၏။ထို့ကြောင့်၊ ပွဲရှိ အသားဟင်းလျာများ၏ စျေးနှုန်းသည် အဆင့်-၅တခြား အသားများထက် သုံးဆ ဈေးပိုကြီးသည်။သို့သော်လည်း၊အသားဟင်းတုံးတစ်တုံးခန့် မြည်းကြည့်လိုက်ရုံနှင့် ‌ပေးရသည့်ဈေးနှင့် တန်ကြောင်း မည်သူမဆို သိပေလိမ့်မည်။


အရေးကြီးဆုံးအချက်မှာ ပွဲအပြီးတွင် လူတစ်ဦးစီသည် ဇာ့ခ် အသားကြော်၅တုံး အိမ်သို့ယူဆောင်သွားနိုင်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။ ဤကြွပ်ကြွပ်ကြော် ဇာ့ခ် အသားကြော်လေး ပါနေသဖြင့် ဈေးက‌အတော်ကိုတန်သွားပေ၏။ အတိုချုပ်ပြောရလျှင် ဘယ်သူမှ စိတ်မကျေမနပ်ဖြစ်မနေကြပေ။ သူတို့မှာ ပိုက်ဆံမရှိလျှင်လည်း ပိုက်ဆံ ချေးပြီး လာစားချင်ကြသည်။


ရုတ်တရက်ဆိုသလိုပင် ဆွေမျိုးများနှင့် သူငယ်ချင်းများကြားတွင် ပုံမှန်စကားပြောဆိုမှုများသည် "လင်းယောင်ယောင် က ဇာ့ခ် အသား ဟော့ပေါ့မြည်းပွဲတစ်ခု လုပ်တယ်ဆိုတာ သိတယ်မလား" ဟူ၍ဖြစ်ကုန်ကြတော့သည်။ထိုမျှအထိ ဇာ့ခ်အသားမြည်းပွဲက ရေပန်းစားသွားခဲ့သည်။


ညနေပိုင်းတွင် လင်းယောင်ယောင် သည် စစ်ပညာရေးအကယ်ဒမီ ကျောင်းအနီးရှိ အဆင့်မြင့်အိမ်ကြီးသို့ ပြန်ရောက်သောအခါ တစ်နေ့တာလုံး ဖြည့်စွက်စာချက်ထားရ၍ မောပန်းသွားခဲ့သည်။ချိုက်ယူဟုန် ၏ လောဘကြီးမှုကိုသာ သူမ အပြစ်တင်ချင်မိသည်။ မြည်းစမ်းကြည့်ဖို့ တစ်ယောက်ယောက်က သူ့ကို လာတောင်းဆိုတိုင်း သူက သဘောတူလိုက်သည်ချည်းသာ။ နောက်ဆုံး ဧည့်သည်စာရင်းတွင်၊ ကော်မတီမှ ထိပ်တန်း အစားအသောက် ကုထုံးပညာရှင် ၁၀၀ ၊ သူတို့၏ အဓိက မိသားစုများ နှင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူများ အပါအဝင် လူ ၄၀၀ ခန့်ရှိသွား၏။သတ်မှတ်ထားသော လူ၃၀၀ ထက် များနေသည့် ၁၀၀မှာ သီးခြား VIP အခန်းကို မဖြစ်မနေစီစဉ်ပြီး ပို့လိုက်ရသည်။ VIP များအတွက် ဇာ့ခ် အသားသည် အကန့်အသတ်မရှိစားနိုင်ပြီး သူတို့ လိုချင်သလောက် စိတ်ကြိုက် ချက်ပြုတ်ထားသော ဂြိုလ်သားရဲ အသားမျိုးစုံလည်း ရှိသည်။ VIP များအတွက်၊ ချက်ပြုတ်ထားသော အစားအစာတွင် သူတို့၏ ချို့ယွင်းချက် သို့မဟုတ် ပြိုလဲပျက်စီးနေသော စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကို ကုသပေးနိုင်သည့် သူမ ပြုလုပ်သော ဟင်းလျာ တစ်မျိုး သို့မဟုတ် နှစ်မျိးခန့်ပါဝင်နိုင်သည်။ သူတို့ လာရခြင်းကလည်း ထိုဟင်းများအတွက် လာရခြင်းပင်။


အစက၊သူမသည် VIPခန်းမလုပ်ဘူးဟု ပြောထားသော်လည်း VIP အခန်း လက်မှတ်များ၏စျေးနှုန်းမှာ သာမန်ထက် ဆယ်ဆပိုများနေသည်ကိုတောင် ချိုက်ယူဟုန် က ဈေးမများကြောင်း ကာပြောထားသည်။ ချိုက်ယူဟုန် ကလည်း သူမ မငြင်းနိုင်မှန်း သိထားပြီးသားပင်။


ချိုက်ယူဟုန် တစ်ဦးတည်းကိုသာ အားကိုးခြင်းဖြင့် ဇာ့ခ် အသားကို အင်ပါယာတစ်ခုလုံးသို့ ဖြန့်ကျက်ရန်မှာ အလွန်ခက်ခဲနေသေးသည်။ သို့သော် ဤညီအစ်ကိုများ၏ ပံ့ပိုးမှုနှင့် သြဇာလွှမ်းမိုးမှုတို့သာရှိလျှင် လုံးဝကွဲပြားသွားနိုင်သည့်ကိစ္စဖြစ်သည်။


သူမသည် အိမ်ပြန်ရောက်ပြီးနောက် ပျော့ပျောင်းပြီး သက်တောင့်သက်သာရှိသော ဆိုဖာပေါ်သို့ လှဲချလိုက်ပြီး မထချင်တော့ပေ။


စနစ်က သူ့ကိုသတိပေးလာသည့်အခါ လေ့ကျင့်ရေးခန်းထဲမှာရှိနေသော လင်းရွှမ် မှာ လေ့ကျင့်မှုကို ချက်ချင်းရပ်လိုက်သည်။ ထို့နောက် ချွေးများကို လန်းဆန်းစေသော ကိရိယာဖြင့် ခြောက်သွေ့စေပြီး သူ့ထက်ပင် နောက်ကျမှ ပြန်ရောက်လာသော ကလေးမလေးကို တွေ့ရန် ထွက်လာခဲ့သည်။


လင်းယောင်ယောင် သည် အစားအသောက်ကုထုံးသုတေသန အခြေစိုက်စခန်းတွင် ညနေအထိ ဆက်နေပါက သူ သေချာပေါက် သူမကို လိုက်ခေါ်လိမ့်မည်သာ။ သဘောကျသည့် မိန်းကလေးကို လာကြိုနေသော တခြားကောင်လေးတွေလို သူလည်း ကျောင်းသွားကြိုချင်သော်ငြား သူ၏ စစ်ဘက်ဆိုင်ရာအမြန်ကားက မျက်စိကျလွန်းစရာ ကောင်းသည်။ သူတို့၏ ဆက်ဆံရေးကို တရားဝင် အတည်မပြုခင်မှာ ဤမိန်းကလေး အတော်နာမည်ကြီးသွားမှာကို သူ မကြိုက်ပေ။


ထို့ကြောင့်၊ သူ စီးသောကားမှာ တိုက်ပွဲနှင့် ကာကွယ်ရေး စွမ်းဆောင်ရည်သည် ထိပ်တန်းအဆင့်တွင် ရှိရမည်ဖြစ်သော်လည်း သာမန်အရပ်သားသုံး အမြန်ကားကို စိတ်ကြိုက်ပြင်ဆင်ရန် အရေးတကြီး အမိန့်ထုတ်ထားခဲ့သည်။ စိတ်ကြိုက်ဒီဇိုင်းဆင်ထားသော အမြန်ကားများသည် အိမ်တိုက်ရာရောက် လာပို့ဆောင်ခြင်းမပြုမီ အနည်းဆုံး နှစ်ရက်ခန့် အချိန်ယူရမည်ဖြစ်သည်။


ဆိုဖာပေါ်တွင် ထိုင်နေသော လင်းယောင်ယောင် သည် ပြင်းထန်သော ကိုယ်ကာယလေ့ကျင့်မှုများ ပြုလုပ်ထားသော သူ့ထက် များစွာပို၍ ပင်ပန်းနေသည်ကို မြင်လိုက်ရသဖြင့် ဆိုဖာပေါ်တွင် ထိုင်ကာ ကောင်မလေးကို ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။ ယခုအချိန်တွင် သူမသည် သူ၏ ရင်းနှီးလွန်းသော အပြုအမူကို ကန့်ကွက်ရန် ခွန်အားမရှိ ခြင်းကြောင့်လား၊ စိတ်က တခြားရောက်နေ၍လားမသိ၊ ဤရင်းနှီးမှုအဆင့်ကို စတင်လက်ခံနေပြီဖြစ်သည်။


လင်းရွှမ် သူမခေါင်းကို ဖက်ထားရင်း


"မင်း အရမ်းပင်ပန်းနေတာကိုမြင်ရတာ ကိုယ်လည်း စိတ်မကောင်းဘူး"


လင်းယောင်ယောင် သည် လင်းရွှမ် ၏ ခန္ဓာကိုယ်မှ ချွေးနံ့ကို ခံစားရပြီးနောက် သက်တောင့်သက်သာ ခံစားရကာ


"အစ်ကိုကြီး လေ့ကျင့်တာထက်စာရင် ဒီနေ့ ညီမလေး ပင်ပန်းတာက သိပ်မဟုတ်သေးပါဘူး…အခုဆို လေ့ကျင့်ခန်းတောင် မလုပ်ဖြစ်တော့ဘူး"


လင်းရွှမ် : "...မင်းကို ကိုယ် လေ့ကျင့်ထားပေးတာ သိပ်မကြာသေးဘူး မလား.…ဒါပေမယ့် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အဆင့်က ပိုပြီး ကောင်းလာအောင် ကိုယ် မနက်ဖြန် မင်းနဲ့ ညနေတိုင်း လေ့ကျင့်ခန်း စလုပ်ကြမယ်"


"အာ... မလုပ်နဲ့...အစ်ကိုကြီးက ညီမလေး ဆရာမဟုတ်တော့ဘူး"


လင်းယောင်ယောင် သည် ယခုမှ ကိုယ့်သေတွင်း ကိုယ်တူးမိသလို ခံစားနေရတော့သည်။ သူမ ချက်ချင်းပင် အားတက်သရော ဖြစ်လာကာ လင်းရွှမ်၏ ရင်ခွင်ထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ ရုန်းမထွက်နိုင်‌ေတာ့။


လင်းရွှမ် သည် စောစောက အရေးတကြီးဖြစ်နေသော လေသံကို ပြောင်းလဲလိုက်ပြီး နက်မှောင်သော မျက်လုံးများက သူမကို နူးညံ့စွာ ကြည့်ပြီး သူ့အသံက ချိုမြိန်ပျော့ပျောင်းနေလျက်။


"ဟေး.ကိုယ်နဲ့ ခဏလောက် လေ့ကျင့်ပေးပါ....မနက်နဲ့ ညနေတိုင်း နာရီဝက်စီလေ..အိုကေလား"


လင်းယောင်ယောင် : "... "


ယခုလို အေးစက်ပြီး နူးညံ့သည့် လင်းရွှမ် က သူမကို လုံးဝ စွမ်းအားမဲ့သွားစေသည်။


"မနက်နဲ့ ညနေတိုင်း မိနစ် ၂၀ "

"ကောင်းပြီ…မင်း ကျင့်သားရလာတော့ မှ အချိန်ထပ်ထည့်မလားဆိုတာ စောင့်ကြည့်ရအောင်လေ"


လင်းယောင်ယောင် :...


သူမ တစ်ကယ်ပဲ ‌ဤလူ၏ကျော့ကွင်းထဲကို ခုန်ဆင်းခဲ့သည်။ ပိုကြောက်စရာကောင်းတာက သူမကိုယ်တိုင်ကလည်း ပျော်ရွှင်နေဆဲပင်။ သူမ လက်ချောင်းများသည် လင်းရွှမ် ၏ တင်းကျပ်သော ရင်ဘတ်ပေါ်၌ စက်ဝိုင်းပုံများ ဖော်လိုက်သည် ။ သူတို့၏ ကိုယ်ခန္ဓာချင်းမှာ ထိကပ်နေပြီး သူ၏ ပေါ့ပါးသော လေ့ကျင့်ရေးဝတ်စုံများသာ ခြားထားသည်။


"မနက်ဖြန် အစားအသောက် သုတေသနစခန်းမှာ အရသာစမ်းတဲ့ ပွဲကြီးလုပ်မှာ…အစ်ကိုကြီး လာမှာလား"


လင်းရွှမ် ၏ လက်နှစ်ဖက်သည် ကောင်မလေး၏ သွယ်လျသောခါးကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ့နှလုံးသားထဲမှ နွေးထွေးပြီး လျှို့ဝှက်ထားသည့် ဂဏာမငြိမ်မှုတွေကို တွန်းလှန်ပြီး သူ့ကို ပွတ်သပ်နေသော သူမ လက်လေးကို ဆုပ်ကိုင်ရန်ပြင်လိုက်သည်။


"အင်း...ကိုယ်လာခဲ့မယ်"


ထိုသို့ အေးဆေးတည်ငြိမ်စွာ ပြောရင်း သူမလက်ကို ဖမ်းဆုပ်ပြီး လက်ချင်းပွတ်သပ်လိုက်သည်။


အရသာမြည်းစမ်းပွဲကို စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများ၊ သို့မဟုတ် ပြိုလဲသွားသည့် ချမ်းသာပြီး တန်ခိုးကြီးသူများသာ ပေါများပေသည်။ သူတို့က ချိုက်ယူဟုန် ကိုသီးသန့်ခွင့်တောင်းပြီးမှ လာကြခြင်းလည်းဖြစ်သည်။ သို့သော် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကို ကုသရာတွင် အထူးထိရောက်သော လင်းယောင်ယောင် ချက်ပြုတ်သည့် ဖြည့်စွက် အစားအစာများအတွက် အမှန်တစ်ကယ် လာကြခြင်းဖြစ်သည်။ သူတို့ကိုယ်တိုင်ကလည်းကောလာဟလများက မှန်ကန်ခြင်း ရှိ၊ မရှိ စစ်ဆေးလိုကြသည်။


ရောက်လာပြီး အမှန်ဖြစ်သည်ကို စိစစ်ပြီးနောက်တွင် ‌လင်းယောင်ယောင်၏ အထူးစွမ်းရည်ကို လူအများက လိုချင်တပ်မက်နေကြနိုင်သည်။တစ်ယောက်ယောက်ကသာ လင်းရွှမ်၏ အနာဂါတ်ဇနီးလောင်းလေးကို အတင်းအကြပ် လိုချင်သွားပါက သူ....


ထို့ကြောင့် သူသည် အိမ်မှာနေမည့်အစား ထိုပွဲသို့သွားပြီး သူမမှာ ပိုင်ရှင်ရှိကြောင်း အားလုံးသိသွားအောင်လုပ်ရပေတော့မည်။




xxxxxxxx

Ei Thet Hmue